no

Font
Theme

chapter 15

အခန်း ၁၅ သဘောထား

ဝမ်ယဲ့က အခြေအနေကို မသိမသာ စမ်းသပ်ကြည့်ရန် ရည်ရွယ်ထားသေးသည်။

သို့သော် ရွှီယွဲ့ကျားက လှည့်ထွက်သွားပြီး သူ့နေရာတွင် ဝင်ထိုင်လိုက်သည်။ ဝမ်ယဲ့လည်း မဖြစ်မနေ သူ့နောက်မှ လိုက်သွားရပြီး သူ ထိုင်နေပုံကို လှမ်းကြည့်လိုက်သည်။

သူ ထိုင်နေပုံက ပခုံးများ ဖြောင့်တန်းနေပြီး တည်ကြည်လွန်းသလို အပြုံးအရိပ်အယောင်လည်း လုံးဝ မရှိချေ။

သူ့ကို ကြည့်ရသည်မှာ ထမင်းစားတော့မည့်သူနှင့်မတူဘဲ ခက်ခဲနက်နဲသည့် အစိုးရအမှုကိစ္စတစ်ခုကို ကိုင်တွယ်ဖြေရှင်းတော့မည့်လူတစ်ယောက်နှင့် ဆင်တူနေသည်။

ဝမ်ယဲ့က သူ၏နောက်ကို တစ်ချက်ကြည့်လိုက်ပြီးမှ မေးလိုက်ပြန်သည်။

"ဘာလို့ ထမင်းစားချိန်မှာ အလုပ်အကျွေးပြုပေးမယ့်သူ တစ်ယောက်မှ မရှိရတာလဲ၊ လျိုရှင်းကရော ဘယ်ရောက်နေတာလဲ"

အပြင်ဘက်သို့ ပြန်ထွက်ရန် ပြင်နေကြသည့် ယွင်ကျီနှင့် ထောင်ကျီတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

‘တကယ်ပဲ ဒုတိယသခင် ထမင်းစားချိန်မှာ အလုပ်အကျွေးပြုမယ့်သူ လိုအပ်လို့လား၊ သူမတို့ရဲ့သခင်မတောင် အဲဒီလိုမျိုး မခိုင်းစေတတ်ဘူးလေ”

"ကိုယ် ထမင်းစားတဲ့အချိန်မှာ အလုပ်အကျွေးပြုပေးမယ့်သူ မလိုဘူး"

နောက်ဆုံးတွင် ရွှီယွဲ့ကျားက ဝမ်ယဲ့ကို မော့ကြည့်ရင်း ပြောလာခဲ့သည်။

"အော်... အဲဒီလိုလား၊ ကျွန်မ နားလည်ပါပြီ"

ဝမ်ယဲ့က သူ့၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ရင်း ထပ်တောင်းပန်လိုက်သည်။

"ကျွန်မက နားလည်မှု လွဲသွားမိတယ်"

ဝမ်ယဲ့ ဝင်ထိုင်ပြီးနောက်တွင် ရွှီယွဲ့ကျားက ထပ်ပြောလာသည်။

"တစ်ခုခု မေးဖို့ လိုအပ်ရင် တွန့်ဆုတ်နေဖို့ မလိုဘူး၊ ကိုယ့်ကို ချက်ချင်း မေးလို့ရတယ်"

ဝမ်ယဲ့က တူကို ကောက်ကိုင်လိုက်ပြီး ရှင်းပြလိုက်သည်။

"ကျွန်မကလည်း ရှင်နဲ့တူတူပါပဲ၊ တခြားသူတွေ အလုပ်အကျွေးပြုတာကို သိပ်ပြီး အသားမကျဘူး"

‘စားသောက်တယ်ဆိုတာက ပျော်ရွှင်မှုအနုပညာလေ၊ တကယ်လို့ တခြားသူက အားလုံးလုပ်ပေးနေမယ်ဆိုရင် အဲ့ပျော်ရွှင်မှုက ဘယ်မှာ ရှိတော့မှာလဲ’

ရွှီယွဲ့ကျား၏ အကြိုက်က အပေါ့ဘက်သို့ ပိုတိမ်းညွှတ်ပြီး ယခင်က သူတစ်ယောက်တည်း စားသည့်အချိန်တွင် အလွန်အမင်း စပ်သော သို့မဟုတ် အငံစူးသော ဟင်းလျာများက စားပွဲပေါ်သို့ ဘယ်သောအခါမှ ရောက်မလာခဲ့ပေ။

သို့သော် ယနေ့တွင်တော့ ထိုသို့သော ဟင်းနှစ်ပွဲ ပါလာခဲ့သည်။

ဝမ်ယဲ့၏ တူကလည်း ထိုဟင်းနှစ်ပွဲဆီသို့သာ မကြာခဏ ရောက်နေလေသည်။

ထိုအရာကလည်း ရွှီယွဲ့ကျား၏ သမန်ကာလျှံကာ အကြည့်များအောက်မှ မလွတ်နိုင်ခဲ့ချေ။ ဝမ်ယဲ့က အစားအစာကို ဖြည်းဖြည်းချင်း ဝါးလိုက်ပြီးမှ သူ့ကို မော့ကြည့်ကာ ခပ်တိုးတိုး မေးလိုက်သည်။

"ဒီဟင်းတွေက ရှင့်အကြိုက်နဲ့ မတွေ့လို့လား"

"မဟုတ်ပါဘူး"

ရွှီယွဲ့ကျားက တည်ငြိမ်စွာ ပြန်ဖြေနေပြီး သူ့လေသံက ပုံမှန်အတိုင်းဖြစ်နေကာ ဘာခံစားချက်မှ ထွက်ပေါ်မလာခဲ့ပေ။

ဝမ်ယဲ့က ရွှီယွဲ့ကျားအကြောင်းကို သူမ အနည်းငယ်သာ သိသောကြောင်း တွေးမိသွားသည်။ သူမ၏ အကြည့်က ဟင်းတစ်ပွဲဆီသို့ ‌ဝေ့ဝဲသွားသည်။

ခဏအကြာတွင် ဝမ်ယဲ့က ဟင်းခပ်ဇွန်းကို အသုံးပြုပြီး အစပ်ကြော်ထားသော ကြက်သားတစ်တုံးကို ရွှီယွဲ့ကျား၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"ဒါလေး မြည်းကြည့်ပါဦး၊ တော်တော်လေး ခံတွင်းလိုက်စေတယ်"

"ကျေးဇူးတင်ပါတယ်"

ရွှီယွဲ့ကျားက ယဉ်ကျေးသော်လည်း အနည်းငယ် စိမ်းသက်နေသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။ သူက ဝမ်ယဲ့ရှေ့မှာပင် ထိုကြက်သားတုံးကို စားလိုက်ပြီး အလျန်အမြန် ပြန်ပြောလိုက်သည်။

"ကောင်းသားပဲ"

သို့သော် သူက ဝမ်ယဲ့ စားနေသည့် ထိုဟင်းနှစ်ပွဲကိုတော့ သူကိုယ်တိုင် ထပ်မထိခဲ့ပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ဝမ်ယဲ့အတွက်တော့ စဉ်းစားစရာ ဖြစ်သွားခဲ့သည်။ ခေတ္တမျှအထိ စားပွဲဝိုင်းတွင် ပန်းကန်လုံးနှင့် တူများ ထိခတ်သည့်အသံမှတပါး တိတ်ဆိတ်နေလေသည်။

ရွှီယွဲ့ကျားက ညဘက်တွင် အစားအများကြီး မစားတတ်သည့် အကျင့်ရှိသည်။ သူက ထမင်းပန်းကန်လုံးတစ်ဝက်၊ ဟင်းချိုတစ်ခွက်၊ အသားနှင့် အသီးအရွက် အနည်းငယ်ကိုသာ စားပြီး ရပ်တန့်လိုက်သည်။

ဝမ်ယဲ့ကလည်း နောင်တရသလို အမူအရာဖြင့် သူမ၏ တူများကို ပြန်ချလိုက်သည်။ အစေခံများက စားပွဲကို ရှင်းလင်းပေးပြီး လက်ဖက်ရည်နှစ်ခွက် လာချပေးပြီးနောက်တွင် သူမက ဂရုတစိုက် စကားစလိုက်သည်။

"ယောက်ျား... ဒီနေ့ ကျွန်မ အမှားတစ်ခု လုပ်ခဲ့မိတယ်"

ရွှီယွဲ့ကျားက လက်ဖက်ရည်ခွက်ကို လှမ်းယူရင်း တုံ့ခနဲဖြစ်သွားကာ ပြန်မေးလိုက်သည်။

"ဘာကိစ္စလဲ"

"နေ့လယ်စာ စားပြီးတဲ့အချိန်မှာ ပျင်းနေတာနဲ့ ရွှမ်အာရယ်၊ အစေခံမလေးတွေရယ်နဲ့ ကဒ်ကစား ဖြစ်ကြတယ်လေ၊ ရှုံးတဲ့သူက မျက်နှာမှာ စက္ကူစတွေ အကပ်ခံရမယ် ဆိုပြီး ကစားခဲ့ကြတာ၊ ကျွန်မရဲ့ ကံက သိပ်မကောင်းတာနဲ့ ရွှမ်အာရဲ့ မျက်နှာမှာ စက္ကူစတွေ တော်တော်များများ အကပ်ခံလိုက်ရတယ်"

ဝမ်ယဲ့က စကားကို ဖြည်းဖြည်းနှင့် ညင်ညင်သာသာ ပြောနေပြီး ရွှီယွဲ့ကျား၏ တုံ့ပြန်မှုကို တိတ်တဆိတ် စောင့်ကြည့်နေသေးသည်။

"အရွက်ကဒ် ကစားတာလား"

(t/n : သူတို့ရှေ့ခတ်က ကစားတဲ့ ကဒ်ပါ၊ ဝါးပြားလေးတွေ၊ သစ်သားပြားလေးတွေ ပေါ်မှာ ပုံဆွဲထားတာ)

"အဲဒီလိုမျိုးပါပဲ"

ဝမ်ယဲ့က ပေါပေါ့ပါပါး ပြန်ဖြေလိုက်သည်။

ရွှီယွဲ့ကျားက လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး ဝမ်ယဲ့ကို ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် ပြောလာခဲ့သည်။

"မင်းနဲ့ ကိုယ်က လင်မယားတွေပါ"

ဝမ်ယဲ့၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး ချက်ချင်း ပြန်မေးလိုက်သည်။

"အဲဒါကိုတော့ ကျွန်မ သိပါတယ်၊ ရှင် ဘာကို ပြောချင်တာလဲ"

ရွှီယွဲ့ကျားက ခေတ္တမျှ ငြိမ်သက်သွားသည်။ သူ၏ စိတ်ထဲတွင်တော့ မနေ့ညက သူမ၏ ပွင့်လင်းလွန်းသော တောင်းဆိုမှုများနှင့် ယခုအချိန်တွင် သူမ၏ ဟန်ဆောင်နေသော လေသံတို့က ယှဥ်တွဲထင်ဟပ်နေသည်။ သူက သူမ၏ မျက်နှာကို ခဏမျှ စိုက်ကြည့်ပြီးမှ ထပ်ပြောလိုက်သည်။

"မင်းစိတ်ထဲမှာ တစ်ခုခု ရှိနေရင် ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်"

ဝမ်ယဲ့က ခဏမျှ အံ့သြသွားပြီးမှ ချက်ချင်း တဲ့တိုး ပြောလိုက်တော့သည်။

"ကျွန်မက ဇနီးကောင်း တစ်ယောက်၊ ဒါမှမဟုတ် မိခင်ကောင်း တစ်ယောက် ဖြစ်အောင် ဘယ်လို ပြုမူရမယ်ဆိုတာကို မသိသေးဘူးလေ"

ရွှီယွဲ့ကျား၏ အကြည့်များ နက်ရှိုင်းသွားသည်။ အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ထပ်ပြောလာပြန်သည်။

"မင်း ကိုယ်ကျင့်တရားကို စောင့်ထိန်းရမယ်၊ ရွှမ်အာကို မနှိပ်စက်နဲ့၊ အဲ့လောက်ဆိုရင် လုံလောက်ပြီ"

"ဒီနေ့ကိစ္စကရော..."

ရွှီယွဲ့ကျားက တည်တည်ငြိမ်ငြိမ်သာ ပြန်ဖြေနေဆဲပင်။

"မင်းဘက်နဲ့ အတိုင်းအတာတစ်ခုကို နားလည်ရင် အဆင်ပြေပါတယ်"

ဝမ်ယဲ့၏ အပြုံးက ပို၍ စစ်မှန်လာသည်။

"ကျွန်မ နားလည်ပါပြီ၊ ‌ယောက်ျား"

"ဒါနဲ့... ယောက်ျား..."

ဝမ်ယဲ့က သူမ၏စကားကို ခဏခဏ ရပ်ထားပြီးမှ နောက်ဆုံးတွင် တိုးတိုးလေး ပြောလိုက်သည်။

"ဒီနေ့ ကျွန်မ နေလို့ သိပ်မကောင်းဘူး၊ အဲဒါကြောင့်..."

ရွှီယွဲ့ကျား : "ကိုယ် အရှေ့ခြံဝင်းမှာပဲ အနားယူလိုက်ပါ့မယ်"

ဝမ်ယဲ့ လိမ်ပြောနေခြင်း မဟုတ်ဘဲ သူမ ရာသီသွေး ဆင်းနေသောကြောင့် ဖြစ်သည်။ ထိုသိုမဟုတ်ပါက ဤမျှ ချောမောခန့်ညားသော အမျိုးသားတစ်ဦးနှင့် အတူရှိနေမည့် အခွင့်အရေးကို သူမ လက်လွတ်ခံမည် မဟုတ်ချေ။

မနေ့ညက အခြေအနေနှင့် ယခု သူမ၏ စမ်းသပ်မှုများအရ ရွှီယွဲ့ကျားက ဇနီးဖြစ်သူအပေါ် မျှော်လင့်ချက်အချို့ ထားရှိပုံရပြီး သူကလည်း ခင်ပွန်းတစ်ယောက်၏ တာဝန်ကိုလည်း ကျေပွန်မည့်သူဖြစ်ကြောင်း ထင်ရှားနေသည်။

သူက စိတ်အားထက်သန်သော ဂရုစိုက်မှုမျိုး မပေးနိုင်မှန်း သူ့ကိုယ်သူ သိထားပုံရပြီး အခြားသော နေရာများတွင် လိုက်လျောပေးနေခြင်း ဖြစ်သည်။

သူမ၏ စမ်းသပ်မှုများ ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် ဝမ်ယဲ့က သူမ၏ လွတ်လပ်ပေါ့ပါးသော လူနေမှုဘဝအား မည်သို့ ဆက်လက်ထိန်းသိမ်းသွားရမည်ကို သိရှိသွားခဲ့ချေပြီ။

ရွှီယွဲ့ကျား၏ သဘောထားက သူမ မျှော်လင့်ထားသည်ထက်ပိုသော ကောင်းမွန်နေလေသည်။

ကလေးနှင့် ပတ်သက်ပြီး တွေးမိချိန်တွင်တော့ ဝမ်ယဲ့၏ အပြုံးက ပိုနက်ရှိုင်းလာသည်။

‘အဲ့ကလေးလေး ဘေးကင်းလုံခြုံစွာနဲ့ ကြီးပြင်းလာဖို့ကလွဲပြီး ငါက ဘာမှ ထပ်မတောင့်တတော့ပါဘူးဟယ်’

ရွှီယွဲ့ကျား ထွက်သွားပြီးနောက် ယွင်ကျီနှင့် ထောင်ကျီတို့ ဝင်လာကာ ဝမ်ယဲ့ ကိုယ်လက်သန့်စင်နိုင်ရန် ကူညီပေးကြသည်။

တစ်နေ့တာလုံးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရသည့် ဝမ်ယဲ့က ပျော်ရွှင်နေပြီး ရေနွေးပူပူဖြင့် ရေချိုးချင်နေသေးသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် မဖြစ်နိုင်တော့ဘဲ တွေးရုံသာ တွေးနိုင်ခဲ့သည်။

သူမ၏ဆံပင်များ ခြောက်သွေ့သွားချိန်တွင် ဟိုင်ရှီအချိန်သို့ ရောက်နေပြီ ဖြစ်သည်။

(ဟိုင်ရှီအချိန်- ည ၉ နာရီနှင့် ၁၁ ကြား)

အချိန်စောနေသေးသဖြင့် ဝမ်ယဲ့ အိပ်မပျော်သေးပေ။ သူမက နေ့လယ်က ဖတ်လက်စ မပြီးသေးသည့် ဝတ္ထုကို ကောက်ကိုင်ကာ လှန်လှောဖတ်ရှုနေခဲ့သည်။

ထိုအချိန်တွင် ထောင်ကျီ ဝင်လာပြီး မေးမြန်းနေခဲ့သည်။

"သခင်မ... ဒီည ညလယ်စာ တစ်ခုခု စားဦးမှာလား"

ဝမ်မိသားစု အိမ်တော်တွင် ရှိနေစဥ်က ဝမ်ယဲ့က ညစာ အများကြီး မစားရသည့် နေ့များတွင် ညဉ့်လယ်စာ တစ်ခုခု စားလေ့ရှိသည်။ ထောင်ကျီတို့ကတော့ ထိုအပြုအမူကို အသားကျနေပြီ ဖြစ်သည်။

ဝမ်ယဲ့က ဝတ္ထု၏ နောက်ဆုံးစာမျက်နှာကို ဖတ်ပြီးသွားပြီ ဖြစ်ကာ ဇာတ်သိမ်းကလည်း သူမကို စိတ်တိုင်းကျစေသည်။ ထောင်ကျီ၏ အသံကို ကြားရချိန်တွင် သူမက စာအုပ်ကို ပိတ်လိုက်ရင်း ပြန်ပြောလိုက်သည်။

"ကြက်ဥထမင်းကြော် စားချင်တယ်၊ ဟုန်ရှင်းကို ပန်းကန်တစ်ဝက်စာလောက်ပဲ ကြော်ပေးဖို့ သွားပြောလိုက်"

အိမ်တော်တွင် လူကြီးသူမများ မရှိသဖြင့် နံနက်ခင်းနှင့် ညနေခင်း ဂါရဝပြုခြင်းများ လုပ်ဆောင်ရန် မလိုပေ။ ယခု ရွှီယွဲ့ကျားနှင့်လည်း အားလုံး ညှိနှိုင်းပြီးပြီဖြစ်သောကြောင့် ဝမ်ယဲ့က မနက်ဖြန်တွင် အိပ်ရေးဝဝအိပ်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။ အကယ်၍ သူမ ညလယ်စာ တစ်ခုခု မစားထားလျှင် မနက်ပိုင်း၌ ဗိုက်ဆာပြီး နိုးလာရမည်ကို ကြိုတွေးကာ ဗိုက်ဖြည့်ထားရန် ဆုံးဖြတ်လိုက်သည်။

မကြာမီမှာပင် ထမင်းကြော်ပန်ကန်းလေး ရောက်လာခဲ့သည်။ စားသောက်ပြီးနောက်တွင် ဝမ်ယဲ့က အခန်းထဲ၌ အချိန်အနည်းငယ်ကြာအောင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လိုက်ပြီးမှ ဖယောင်းတိုင်များကို ငြှိမ်းကာ အိပ်ရာဝင်သွားခဲ့သည်။

နောက်တစ်နေ့တွင် အအေးဓာတ်က ပိုပြင်းထန်လာပြီး နှင်းပွင့်လေးများပင် အနည်းငယ် ကျဆင်းနေသည်။

ဝမ်ယဲ့က မွန်းမတည့်ခင် အချိန်တစ်ခု အလိုအထိ အိပ်ပျော်နေခဲ့သည်။ သူမ နိုးလာချိန်တွင်လည်း စောင်အထူကြီးကို ပတ်ကာ နားနေခုံပေါ်တွင် ထိုင်နေခဲ့သည်။ သူမက ပြတင်းပေါက်မှတဆင့် ကျောက်ခင်းလမ်းပေါ်သို့ ဖုံးလွှမ်းနေသော နှင်းပါးပါးလေးများကို ငေးကြည့်ရင်း တိုးတိုးလေး ရေရွတ်နေသေးသည်။

"နှင်းတွေ ကျနေပြီပဲ"

‘ဒီနှစ်... နှင်းက စောစောစီးစီး ရောက်လာပုံရတယ်’

မွန်းတည့်ခါနီးတွင် ဝမ်ယဲ့က ဝမ်တန်တစ်ပွဲနှင့် ဖက်ထုတ်ကြော် အနည်းငယ်ပါဝင်သည့် ရိုးရှင်းသော မနက်စာကို စားလိုက်သည်။

အပြင်တွင် အလွန်အေးနေသဖြင့် ဝမ်ယဲ့တစ်ယောက် ဘယ်မှ မသွားချင်ပေ။ သူမက လက်နွေးအိတ်လေးကို ကိုင်ကာ စောင်အထူကြီးကို ခြုံထားပြီး ညောင်စောင်းပေါ်သို့ ပြန်ရောက်သွားသည်။ နောက်ဆုံးတွင် ဝမ်ယဲ့က ဝတ္ထုအသစ်တစ်အုပ်ကို ဖတ်နေရင်း အအေးဒဏ်ကို အန်တုရန် လက်ဖက်ရည်ပူပူကို တစ်ငုံချင်း သောက်နေခဲ့သည်။

အရာအားလုံးက အေးအေးလူလူ ရှိနေသော‌ကြောင့် ရှည်လျားလှသည့် နေ့တစ်နေ့ ဖြစ်လာပြန်သည်။

စိတ်မရှည်တတ်သူတစ်ဦးအတွက်ကတော့ ဤကဲ့သို့သော နေ့ရက်များက အမှန်တကယ့် ပျင်းရိဖွယ် ဖြစ်နေပေလိမ့်မည်။ ဝမ်ယဲ့ကတော့ ယနေ့ကဲ့သို့ ချောမွေ့သော ဘဝဖြင့် ဆက်လက်ဖြတ်သန်းနိုင်ရန် မျှော်လင့်နေသည်။

......။........။......

အဓိကခြံဝင်းတွင်...

အပြင်ဘက်၌ နှင်းများပိုမိုသည်းထန်လာသည်ကို မြင်လိုက်ရချိန်တွင် လုသခင်မက သေချာစဉ်းစားပြီးနောက် အထိန်းတော်ကျိကို ရွှီယွိရွှမ်အား ဒုတိယခြံဝင်းသို့ ခေါ်မသွားရန် တားမြစ်လိုက်သည်။

မနေ့က ဒုတိယခြံဝင်းတွင် ဖြစ်ပျက်ခဲ့သည်များကို သူမ အကြမ်းဖျင်း သိထားပြီး ဖြစ်သည်။ မိခင်နှင့်သား နှစ်ယောက်သား အစေခံမလေးနှစ်ယောက်နှင့် ကဒ်ကစားခဲ့ကြခြင်း ဖြစ်သည်။ သူတို့သားအမိ တောက်လျှောက် ရှုံးနေခဲ့ပြီး ဝမ်ယဲ့၏ မျက်နှာပေါ်တွင် စက္ကူစများ ပြည့်သွားသောကြောင့် ရွှမ်အာ၏ မျက်နှာပေါ်သို့ စတင်ကပ်ခဲ့ကြသည်ဟု သူမ သိခဲ့ရသည်။

၎င်းက ကြီးမားသည့် ကိစ္စမဟုတ်သော်လည်း ဤအိမ်တော်တွင်တော့ ပထမဆုံးအကြိမ် ကြုံဖူးသည့် ထူးခြားမှု ဖြစ်သည်။

ဝမ်သခင်မက သူမ၏ တရားမဝင်သမီးဖြစ်သည့် ဝမ်ယဲ့ကို နှိမ်ချဆက်ဆံခြင်း မရှိသော်လည်း အိမ်တွင်းမှုစီမံခန့်ခွဲရေးနှင့် ပတ်သက်ပြီး ကောင်းကောင်းမွန်မွန် သင်ကြားပေးခဲ့ပုံမရချေ။

လောလောဆယ်တွင် ညီအစ်ကိုနှစ်ယောက်က ယခင်အတိုင်း ရင်းနှီးနေကြဆဲဖြစ်သော်လည်း နောက်မျိုးဆက်များ ကြီးပြင်းလာပါက အိမ်ထောင်ခွဲကြရသည်မှာ ရှောင်လွှဲ၍ မရနိုင်တော့ပေ။ ထိုအချိန်ရောက်လာလျှင် ဝမ်ယဲ့အနေဖြင့် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရန် လိုအပ်ပေလိမ့်မည်။

ထိုကိစ္စအတွက် လုသခင်မတွင် အစီအစဉ်အချို့ ရှိသော်လည်း သူမက အလောတကြီး မလုပ်ချင်သေးပေ။ တစ်လပြည့်ပြီးမှသာ ထိုအကြောင်းကို စကားစမည်ဟု တွေးထားခဲ့သည်။

‘ဘာပဲဖြစ်ဖြစ် ဝမ်ရှီ ဒီအိမ်တော်နဲ့ အသားကျဖို့ အချိန်ပေးရဦးမှာပေါ့’

နေ့လယ်စာ ပြင်ဆင်ပြီးချိန်တွင် ရွှီယွိရွှမ်က အစားအစာကို မထိတထိသာ စားနေခဲ့သည်။

၎င်းကို သတိပြုမိသော လုသခင်မက နူးညံ့စွာ မေးလိုက်သည်။

"ရွှမ်အာ...သား ဒီဟင်းတွေကို မကြိုက်လို့လား"

ရွှီယွိရွှမ်က သူ၏ပန်းရောင်နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားသည်။ အနားတွင်ရှိနေသော အထိန်းတော်ကျိက ဖြစ်နိုင်ခြေတစ်ခုကို တင်ပြလာသည်။

"သခင်လေးက မနေ့က နေ့လယ်စာကို ဟော့ပေါ့စားခဲ့တာဆိုတော့ အဲဒါကြောင့်များလားမသိဘူး"

အထိန်းတော်ကျိ၏အတွေးက မှန်နေပြီး ဟော့ပေါ့ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် ရွှီယွိရွှမ်၏ မျက်လုံးလေးများ တောက်ပလာသည်။

စားပွဲပေါ်ရှိ ဟင်းလျာများကို လုသခင်မကိုယ်တိုင် ဂရုတစိုက် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း ရွှီယွိရွှမ်ကတော့ မနေ့က ဝမ်ယဲ့နှင့်အတူ စားခဲ့သည့် ဟော့ပေါ့ကိုသာ အာရုံရောက်နေရှာသည်။

လုသခင်မတစ်ယောက် စကားလုံးဖြင့် ဖော်ပြရန်ခက်ခဲသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဖြစ်နိုင်သည်က မနာလိုစိတ် အနည်းငယ်သာ ဖြစ်ပေလိမ့်မည်။

သို့သော် ထိုခံစားချက်ကို သူမ ဘေးဖယ်လိုက်သည်။ သူမအတွက်တော့ သူမ၏ရွှမ်အာ ဝမ်ယဲ့နှင့် ရင်းနှီးလာခြင်းက ကောင်းသည့်လက္ခဏာ ဖြစ်သည်။

ထို့ကြောင့် သူမက အစေခံများအား ညွှန်ကြားလိုက်သည်။

"ဒါတွေကို သိမ်းလိုက်ပြီး ဟော့ပေါ့ပဲ ပြင်ဆိုင်းလိုက်တော့"

ကံကောင်းထောက်မစွာဖြင့် ယနေ့ နေ့လယ်စာကို သူမတို့နှစ်ယောက်တည်း စားနေခြင်း ဖြစ်ပြီး အများကြီး မပြင်ထားခဲ့ပေ။ ကျန်ရှိသည့် ဟင်းများကို အစေခံများအား ဝေပေးလိုက်သဖြင့် ဘာမှ အလေအလွင့်မရှိခဲ့ချေ။

အစားအစာအသစ် ရောက်လာချိန်တွင် ရွှီယွိရွှမ်က မြိန်ရည်ယှက်ရည် စားသောက်တော့သည်။

လုသခင်မလည်း ထိုအချိန်မှ ပြုံးနိုင်သွားပြီး ကလေး၏နှာခေါင်းလုံးလုံးလေးကို အသာအယာ ဆွဲကာ သင်ပေးလိုက်သည်။

"နောက်တစ်ခါ သား စားချင်တာရှိရင် အကြီးဆုံးအဒေါ်ကို တိုက်ရိုက်ပြောနော်"

ရွှီယွိရွှမ်က ရှက်ကိုးရှက်ကန်းဟန်လေးဖြင့် ခေါင်းငြိမ့်ပြနေသည်။

နေ့လယ်စာစားပြီး မကြာမီမှာပင် ချင်းရွှယ်က တင်းအန်းမြို့စားမင်းအိမ်တော်မှ ပြန်ရောက်လာသည်။

ရာသီဥတု အခြေအနေကြောင့် လုသခင်မက သူမ၏ သားနှစ်ယောက်ကို အအေးမိမည်ကို စိုးရိမ်နေဖြင့် ပင်မခြံဝင်းသို့ မခေါ်ခိုင်းတော့ပေ။

ရာသီဥတု ဆိုးရွားသဖြင့် ကျောင်းတက်ရက်လည်း တစ်ရက် နောက်ဆုတ်သွားသည်။ အထိန်းတော်ရှန်း၏ အစီရင်ခံချက်အရ ရွှီကျင့်လင်းက အခန်းထဲတွင် တိတ်တဆိတ် လက်ရေးလှ လေ့ကျင့်နေပြီး မနေ့က နယ်စားမင်း၏ ကြိမ်လုံးဖြင့် တင်ပါးကို နှစ်ချက် အရိုက်ခံထားရသည့် ရွှီကျင့်ရုံကတော့ စိတ်ကောက်နေကာ အိပ်ရာထဲ၌ လဲလျောင်းနေဆဲ ဖြစ်သည်။

လုသခင်မကလည်း သူ့ကို အလေးအနက် မထားပေ။ အရှေ့ခြံဝင်းတစ်ခုလုံးတွင် သူမ၏ လူများဖြင့် ပြည့်နေသဖြင့် ထိုကောင်လေး စိတ်မကောက်ခင်ကတည်းက အိပ်ရာထဲ၌ မုန့်ထုပ်များကို ဝှက်ထားခဲ့သည်ကို သူမ သိနှင့်ပြီးသား ဖြစ်သည်။

‘ထမင်းတစ်နပ်၊ နှစ်နပ်လောက် မစားရုံနဲ့ သူ့အတွက် ဘာမှ မဖြစ်နိုင်ဘူးလေ’

အထိန်းတော်ရှန်းက အိမ်တော်ရှိ အစေခံများကို တိတ်တဆိတ် စစ်ဆေးထားပြီး ဖြစ်သော်လည်း လောလောဆယ်တွင် သံသယဖြစ်စရာ ဘာမှမတွေ့ရသေးချေ။ ထို့ကြောင့် တင်းအန်းမြို့စားမင်းအိမ်တော်မှ တစ်စုံတစ်ယောက်က ရွှီကျင့်ရုံ၏ နားထဲသို့ တစ်ခုခု သွားထားခဲ့ခြင်း ဖြစ်လိမ့်မည်ဟု လုသခင်မ သံသယဝင်လာခဲ့သည်။

ချင်းရွှယ်က ရှေ့သို့ တိုးကာ တရိုတသေ တင်ပြလာခဲ့သည်။

"သခင်မကို အစီရင်ခံပါတယ်၊ ဆက်ခံသူသခင်လေးနဲ့ ဒုတိယသခင်လေးတို့ တင်းအန်းမြို့စားမင်း အိမ်တော်မှာ နေနေတုန်းက တတိယသခင်မလေးလည်း အဲဒီမှာ ရှိနေပြီး ဆက်ဆံသူသခင်လေးနဲ့ မကြာခဏ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်"

"လုရှင်းရုံလား"

လုသခင်မ၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားပြီး ထပ်မေးလိုက်သည်။

"သူက တင်းအန်းမြို့စားမင်းအိမ်တော်မှာ ဘာလုပ်နေတာလဲ"

လုရှင်းရုံက လုသခင်မ၏ ဝမ်းကွဲညီမ ဖြစ်သည်။ လုသခင်မ၏ ဖခင်က သားကြီး ဖြစ်ပြီး သွေးရင်းညီနှစ်ယောက် ရှိသေးသည်။ လုရှင်းရုံ၏ ဖခင်က ဒုတိယသားဖြစ်ပြီး အလုပ်မရှိ အကိုင်မရှိ ဘိုးဘွားပိုင် အမွေအနှစ်များကိုသာ အမှီပြုပြီး အဆင့်နိမ့်ရာထူးလေးတစ်ခုတွင် ခိုကပ်နေသူ ဖြစ်သည်။

တင်းအန်းမြို့စားမင်း အိမ်တော်ကို ခွဲဝေပြီးနောက်တွင် လုသခင်မ၏ ဖခင်က ထိုဒုတိယညီဖြစ်သူနှင့် သိပ် ရင်းရင်းနှီးနှီး မနေတော့ဘဲ ပွဲလမ်းသဘင်များတွင်သာ လက်ဆောင် ပေးပို့လေ့ရှိသည်။

သို့သော် လုသခင်မ၏ ဒုတိယအဒေါ်က လုရှင်းရုံကို တင်းအန်းမြို့စားမင်းအိမ်တော်သို့ မကြာခဏ ခေါ်လာတတ်သည်။

လုရှင်းရုံအကြောင်း ပြောရလျှင်လည်း လုသခင်မက သူမနှင့် လုရှင်းရုံကြားတွင် အမြဲတမ်း စည်းတစ်ခု ခြားထားခဲ့သည်။ ထိုဝမ်းကွဲညီမမှာ သူမ၏မိခင်ကြောင့် ပျက်စီးနေပြီး အမြဲတစေ မကောင်းသော အကြံအစည်များ ရှိနေတတ်ကာ သူမကိုယ်သူမတော့ အားလုံးကို ကောင်းကောင်းဖုံးကွယ်နိုင်သည်ဟု ထင်မှတ်နေသူ ဖြစ်သည်။

ချင်းရွှယ်က ပြန်ဖြေလာခဲ့သည်။

"မြို့စားကတော်ကြီး ပြောတာကတော့... တတိယသခင်မလေးရဲ့ မိခင်က သူ့ကို တင်းအန်းမြို့စားမင်းအိမ်တော်မှာ ကြာကြာနေစေချင်တာပါတဲ့၊ ဒါမှ နောင်မှာ အိမ်ထောင်ရေးကိစ္စ စီစဉ်ရတာ ပိုလွယ်ကူမယ်လို့ ယူဆလို့ပါ"

လုရှင်းရုံက ယခု အသက် ၁၅ နှစ်ရှိပြီ ဖြစ်သောကြောင့် အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်နေပြီ ဖြစ်သည်။ သူမဖခင်၏ စရိုက်နှင့် ရာထူးအခြေအနေအရ အထက်တန်းလွှာ အိမ်တော်ကြီးများနှင့် ကြောင်းလမ်းရန် မည်သို့မျှ မဖြစ်နိုင်ပေ။

လုသခင်မက လုရှင်းရုံ၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိလိုက်သည်။

"သူက ဘယ်လိုတောင် သတ္တိရှိလို့ ဒီလိုမျိုး တွေးဝံ့ရတာလဲ"

မိသားစု၏ သမီးကြီးဖြစ်သည့်အလျောက် လုသခင်မက သူမ၏ တာဝန်ဝတ္တရားများကို ကောင်းစွာ သိရှိထားသည်။ သူမက ရွှီမိသားစုထဲသို့ လက်ထပ်ဝင်ရောက်လာသော်လည်း သူမ၏ ဝမ်းကွဲညီမနှစ်ယောက်ကို ပစ်ပယ်ထားရန် ဘယ်သောအခါမှ မစဉ်းစားခဲ့ပေ။

လုသခင်မက လုရှင်းရုံ၏ ပရိယာယ်များသောအကျင့်ကို သိသော်လည်း သူမက ကျင့်ရုံ၏ ဒုတိယဦးလေးအား ပစ်မှတ်ထားလိမ့်မည်ဟုတော့ လုသခင်မ တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။

ထိုမျှသာမကဘဲ သူမ၏ တူဖြစ်သူ ဝမ်ယဲ့အပေါ် ရန်လိုလာအောင် နောက်ကွယ်မှ မြှောက်ပင့်ပေးခဲ့သေးသည်။

လုသခင်မက အလွန်အမင်း ဒေါသထွက်သွားပြီး အမိန့်ပေးလိုက်သည်။

"ဆက်ခံသူသခင်လေးကို အခုချက်ချင်း ဒီကို ခေါ်ခဲ့စမ်း"

‘ငါ လုရှင်းရုံကို အခုချက်ချင်း သွားဆူပူလို့ မရသေးပေမယ့် ငါ့ရဲ့မိုက်မဲတဲ့ သားကတော့ ငါနဲ့ လက်လှမ်းမီတဲ့နေရာမှာ ရှိနေတာ မဟုတ်ဘူးလား’

.......။.............။.......

(t/n: အသုံးအနှုံးလေးတွေ နည်းနည်း ပြောချင်လို့ပါ၊ ဝမ်ယဲ့တို့ သူတို့ယောက်ျားတွေကို ခေါ်တဲ့ အခေါ်အဝေါ်က အရမ်းကို လေးလေးစားစားသုံးတဲ့ အသုံးပါ၊ တိုက်ရိုက်ဘာသာပြန်ရင်တော့ သခင်လို့ ပြောရမှာပါ၊ 郎君 ဆိုတဲ့ စကားက ဇနီးသည်ကနေ သူမရဲ့ခင်ပွန်းကို ခေါ်ဖို့သုံးတဲ့ အသုံးအနှုန်း။ အရာရှိတွေနဲ့ ချမ်းသာတဲ့မိသားစုက သားတွေအတွက် အသုံးအနှုန်း၊ လူငယ်တစ်ဦးအတွက် ရိုသေလေးစားတဲ့ အသုံးအနှုန်း၊ ယောက္ခမကနေ သားမက်ကို ရည်ညွှန်းတဲ့ အသုံးအနှုန်းအဲ့လို နေရာစုံသုံးပါတယ်။ အရှေ့ပိုင်းမှာ ဇနီးတွေကနေ ခင်ပွန်းကို ခေါ်ရင် သခင်လို့ သုံးခဲ့တယ်၊ အစေခံကနေ ခေါ်နေတယ်လို့ ခံစားမိလို့ ယောက်ျားလို့ပဲ ပြောင်းရေးပါမယ်။

နောက်တစ်ခုက ခြံဝင်းပါ ပုံမှန်ဆိုရင် အိမ်တော်ကြီးတွေက တံခါးသုံးဆင့်ပါတဲ့ အိမ်ကြီးတွေမှာ အရှေ့ခြံဝင်း၊ ပင်မခြံဝင်းနဲ့ အနောက်ခြံဝင်းဆိုပြီး ခွဲတာပါ၊ အခုကြတော့ နယ်စားအိမ်မှာက နှစ်အိမ်စာဖြစ်နေတော့ အဓိကခြံဝင်း နဲ့ ဒုတိယခြံဝင်းလို့ သုံးပါမယ်၊ တစ်ခုချင်းစီမှာ ခြံဝင်းသုံးခု ပြန်ခွဲမှာပါ)

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment