chapter 25
အခန်း ၂၅ အားလုံး ကိုယ်အလေးချိန်တတ်လာကြတယ်
ဝမ်အိမ်တော် အနောက်ဘက်ခြံဝန်း၏ မီးဖိုချောင်လေးထဲတွင် ယခင်က ရရန်ခက်ခဲခဲ့သော ဟင်းချက်စရာ အမယ်အသစ် အစုံအလင် ပြည့်နှက်နေသည်။
ရက်အတော်ကြာအောင် ဝမ်ယဲ့တစ်ယောက် အနောက်ဘက်ခြံဝန်းထဲ၌ အောင်းနေပြီး ဟင်းလျာအမျိုးမျိုးကို စမ်းသပ်ချက်ပြုတ်နေခဲ့သည်။
တစ်နေ့က ကြွပ်ကြွပ်ရွရွဘဲကင်၊ မနေ့က ဟော့ပေါ့ဆိုလျှင် ယနေ့ကတော့ သူမကိုယ်တိုင်လုပ်သည့် ချဉ်စပ်ဆန်ပြားဟင်း ဖြစ်နိုင်သည်။ ယနေ့တွင်လည်း သူမ၏ စားချင်စိတ် အာသီသကို ဖြည့်ဆည်းပေးရန်အတွက် အဆင့်မြင့်လက်ဖက်ခြောက်များကို အသုံးပြုကာ နို့လက်ဖက်ရည်အချို့ ဖျော်စပ်ရန် စီစဉ်နေသည်။
သူမ ဝမ်အိမ်တော်ရှိ ဟမ့်ဝူခြံဝန်းတွင် နေစဉ်က သူမအတွက်ပို့ပေးသော လက်ဖက်ခြောက်များက အဆင့်နိမ့်အမျိုးအစားများသာ ဖြစ်ပြီး နို့လက်ဖက်ရည် ဖျော်သည့်အခါတိုင်း အရသာက တစ်ခုခုလိုနေသလို ခံစားရလေ့ရှိသည်။
လက်ရှိအချိန်တွင် ဟုန်ရှင်း စမ်းသပ်ဖျော်စပ်ထားသည့် နို့လက်ဖက်ရည် ပန်းကန်လုံးအသေးလေးကို မြည်းကြည့်ပြီးနောက် ဝမ်ယဲ့က သူမ၏လက်ကို ဝေ့ယမ်းကာ လူတိုင်း ဝေစုရနိုင်စေရန် နောက်ထပ် နှစ်အိုး ထပ်ဖျော်ရန် ညွှန်ကြားလိုက်သည်။
ယခုအခါ အနောက်ဘက်ခြံဝန်းရှိ အစေခံများက သူတို့၏ ဒုတိယသခင်မက ဟင်းချက်စရာများနှင့် ပတ်သက်လျှင် ထူးခြားသော စိတ်ကူးစိတ်သန်းများ ရှိပြီး သာမန်နှင့်မတူသည့် အရသာများကို ဖန်တီးနိုင်စွမ်းရှိကြောင်း ကောင်းကောင်းသိနေကြပြီ ဖြစ်သည်။
သူတို့လည်း နို့လက်ဖက်ရည် မြည်းစမ်းခွင့်ရမည်ဟု ကြားလိုက်သည်နှင့် အားလုံးက ခြံဝန်းထဲတွင် စိတ်လှုပ်ရှားစွာ စုရုံးကာ စောင့်မျှော်နေကြသည်။
ထိုလူအုပ်ထဲတွင် အနောက်ဘက်ခြံဝန်းသို့ တိတ်တဆိတ် ထပ်မံရောက်ရှိလာသော ရွှီကျင့်ရုံနှင့် ရွှီကျင့်လင်းတို့လည်း ပါဝင်သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ သင်ခန်းစာရသွားပြီး ပိုပါးနပ်လာသော ရွှီကျင့်ရုံက ရွှီယွိရွှမ်ကိုပါ တစ်ပါတည်း ခေါ်လာခဲ့သည်။ ဤသို့ဆိုလျှင် လုသခင်မအနေဖြင့်လည်း ဘာမှ အများကြီး ပြောနိုင်တော့မည်မဟုတ်ပေ။
ညီအစ်ကိုနှစ်ယောက် နှစ်ရက်ဆက်တိုက် ရောက်လာခြင်း ဖြစ်သဖြင့် ဘဲကင်ကို မမီလိုက်သည်မှလွဲ၍ ချဉ်စပ်ဆန်ပြားဟင်းနှင့် ဟော့ပေါ့ကိုတော့ မြည်းစမ်းဖူးသွားကြပြီ ဖြစ်သည်။
တစ်ယောက်လျှင် ပန်းကန်လုံးတစ်ဝက်စီသာ ရကြသော်လည်း ရွှီကျင့်ရုံကတော့ ကျေနပ်နေလေသည်။ ဒုတိယအဒေါ်၏ အနောက်ဘက်ခြံဝန်းမှ ရိုးရှင်းသော အကြော်အလှော်နှင့် ဟင်းရည်များက သူတို့၏ အရှေ့ဘက်ခြံဝန်းမှ ဟင်းများထက် သူတို့အကြိုက်နှင့် ပိုကိုက်ညီနေသည်။
ယခုလည်း ညီအစ်ကိုနှစ်ယောက် ခြံဝန်းထဲတွင် ဘေးချင်းယှဉ်ထိုင်ကာ မီးလှုံရင်း တစ်ခါတစ်ခါ မီးဖိုချောင်လေးဘက်သို့ လှမ်းလှမ်းကြည့်နေပြီး လတ်လတ်ဆတ်ဆတ် ဖျော်စပ်ထားသည့် နို့လက်ဖက်ရည်ကို စောင့်စားနေကြသည်။
ရွှီကျင့်ရုံဆိုလျှင် အနောက်ဘက်ခြံဝန်းသို့ ပြောင်းရွေ့နေထိုင်ခွင့်ရရန် ဆန္ဒရှိနေပြီ ဖြစ်သည်။
‘ဒီနေရာက အစားအသောက်တွေက တကယ့်ကို အရသာရှိလွန်းတယ်လေကွာ’
နွေဦးရောက်လျှင် အနောက်ဘက်ခြံဝန်းသို့ ပြန်လာနေရတော့မည့် ရွှီယွိရွှမ်ကိုလည်း သူ အနည်းငယ် မနာလိုဖြစ်မိသည်။
ဒုတိယဒေါ်လေးက သူ့ကို နားလည်ရခက်သော စာအုပ်နှစ်သေတ္တာ ပေးခဲ့သော်လည်း ဤကဲ့သို့ အရသာရှိသော ဟင်းလျာများကို ဖန်တီးနိုင်ပြီး သူတို့ညီအစ်ကိုကိုပါ ခွဲဝေပေးလိုစိတ်ရှိသောကြောင့် မကောင်းသည့် အဒေါ်တစ်ယောက် မဖြစ်နိုင်ဟုလည်း သူ ခံစားနေရသည်။
‘ဒုတိယဒေါ်လေးက ရွှမ်အာအပေါ်လည်း ကောင်းရှာပါတယ်လေ။ အရသာရှိတာတစ်ခုခု လုပ်တိုင်း ရွှမ်အာကို အမြဲမြည်းခိုင်းတတ်ပေမယ့် ကလေးဗိုက်က သေးတော့ တစ်ခါကျွေးရင် နှစ်လုတ်ထက် ပိုမကျွေးမိဖို့ အမြဲသတိထားတတ်တယ်’
‘ရွှမ်အာက ထပ်စားချင်လွန်းလို့ ဂျီကျပြီး ငိုယိုနေရင်တောင် ဒုတိယဒေါ်လေးကတော့ လုံးဝ စိတ်မပျော့သွားဘူး’
‘ဒုတိယဒေါ်လေးခမျာ စိတ်ထဲမှာတော့ တော်တော်လေး နာကျင်နေရှာမှာပဲ၊ စိတ်မပျော့မိသွားဖို့ ဒေါ်လေးက သူမရဲ့ ခေါင်းကို ငုံ့ပြီး စားဖို့ကို အာရုံစိုက်နေရရှာတယ်’
'ဒုတိယဒေါ်လေးက ငါတို့အတွက်တင်မကဘဲ ရွှမ်အာအတွက်ပါ တကယ့်ကို အနစ်နာခံပေးတဲ့ မိခင်ကောင်းတစ်ယောက်ပဲ'
ရွှီကျင့်ရုံ၏ စိတ်ထဲတွင် "မိခင်" ဆိုသည့် စကားလုံးကြီး စတင်ပွင့်လန်းလာချိန်မှာပင် ဝမ်ယဲ့က သူမနှင့် မလှမ်းမကမ်းတွင် ရပ်နေသော ရွှီယွိရွှမ်ဆီသို့ နှင်းလုံးဖြင့် လှမ်းပေါက်လိုက်သည်။
“ဗုန်း” ဟူသည့် အသံလေးနှင့်အတူ ရွှီယွိရွှမ်လေးက နှင်းတောထဲသို့ ပက်လက်လန် လဲကျသွားပြီး သူ့ခြေလက်တိုတိုလေးများက လေထဲတွင် လှုပ်ယမ်းနေရှာသည်။
ဝမ်ယဲ့ကတော့ သူ့အနားတွင် ရပ်နေပြီး ခါးလေးထောက်ကာ ဘာကိုမျှ ဂရုမစိုက်ဘဲ အားရပါးရ တဟားဟား ရယ်မောနေလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီကျင့်ရုံကတော့ တံတွေးကို အနိုင်နိုင် မျိုချလိုက်ရပြီး သူ့နှလုံးသားထဲက အခိုင်အမာ ယုံကြည်ချက်ကြီးကလည်း "ဖြစ်နိုင်တယ်"၊ "ဖြစ်နိုင်လောက်တယ်"၊ "အင်း... ဟုတ်မှာပါ" ဆိုသည့် အဆင့်သို့ ပြန်လည် လျော့ကျသွားတော့သည်။
........။.......။.......
နှစ်သစ်ကူးနီးလာသည်နှင့်အမျှ လုသခင်မလည်း ပို၍ အလုပ်ရှုပ်လာခဲ့သည်။
တစ်ဖက်မှ ဝမ်ယဲ့ကတော့ စာရင်းစာအုပ်များကို တွက်ချက်ရန် လျိုယာနှင့် လျိုရှင်းတို့ထံ လွှဲပြောင်းပေးအပ်ထားပြီး ဖြစ်သည်။ သူမ ကြည့်ရှုစောင့်ရှောက်ရမည့် သားသမီးလည်းမရှိသဖြင့် သူမအတွက် ဘာအလုပ်မှ မရှိဘဲ အလွန်အားလပ်နေလေသည်။
နေ့စဉ်နေ့တိုင်း သောက်စရာအသစ်အဆန်းများ ဖန်တီးလိုက်၊ စားစရာအသစ်များကို စမ်းသပ်ချက်ပြုတ်လိုက်နှင့် အေးချမ်းနေပြီး ရလဒ်အနေဖြင့် ယခုဆောင်းရာသီတွင် သူမ၏ ကိုယ်အလေးချိန် အနည်းငယ် တက်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လဆန်းတစ်ရက်နေ့သို့ ပြန်လည်ရောက်ရှိလာပြီး ဝမ်ယဲ့က ရွှီယွဲ့ကျားနှင့်အတူ ပင်မခြံဝန်းသို့ မနက်စာစားရန် လိုက်ပါသွားခဲ့သည်။
လုသခင်မက ရက်ပေါင်းများစွာ အလွန်အလုပ်ရှုပ်နေခဲ့ရပြီး ကိုယ်အလေးချိန်ပင် ကျသွားခဲ့သည်။ ယနေ့မှသာ သူမ အသက်ရှူချောင်သွားပြီး ရှီးချန်တစ်ဝက်ခန့် နားနေခွင့်ရခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် ဝမ်ယဲ့၏ အနည်းငယ် ဝိုင်းစက်လာသော မျက်နှာလေးကို မြင်လိုက်ရချိန်တွင် သူမ၏နှလုံးသားက တစ်ဖန် ပြန်လည် နာကျင်သွားရပြန်သည်။
ဝမ်ယဲ့ကလည်း လုသခင်မ၏ အကြည့်ထဲမှ ထူးခြားမှုကို သတိပြုမိနေသည်။ သို့သော် သူမအနေဖြင့် အမြဲတမ်းတော့ ဟန်ဆောင်နေရန် မဖြစ်နိုင်ချေ။ တစ်နေ့မဟုတ် တစ်နေ့ သူမ၏ ပင်ကိုယ်စရိုက်အမှန်ကို လုသခင်မ သိသွားပေလိမ့်မည်။
လုသခင်မက သူမ၏ လင်ညီမမျှသာဖြစ်ပြီး အလွန်ဆုံးရှိမှ လူကြီးတစ်ဝက်ခန့်ဟုသာ သတ်မှတ်နိုင်သည်။ သူမ၏ စရိုက်အမှန် ပေါ်သွားပြီးနောက် ဖြစ်လာနိုင်သည့် အဆိုးဆုံး အခြေအနေကိုလည်း ဝမ်ယဲ့ ကြိုတင်တွေးဆထားပြီးသားဖြစ်သည်။ ၎င်းက သူမကို သူမ၏ခြံဝန်းအတွင်း၌သာ ပိတ်လှောင်ထားခြင်းနှင့် ရွှီယွိရွှမ်ကို ပေးမတွေ့ခြင်းသာ ဖြစ်နိုင်ပေသည်။ သံယောဇဉ်အရ ပြောရလျှင် ထိုအရာများက သူမ တိတ်တဆိတ် ဆုတောင်းနေသည့် အရာများ ဖြစ်နေသဖြင့် သူမအတွက် ဘာမှ ထိခိုက်စရာမရှိပေ။
ဝမ်ယဲ့၏ မူလအစီအစဥ်က သူမ၏ ဟန်ဆောင်မှုအလွှာများကို မြေဆီလွှာထဲသို့ စိမ့်ဝင်သော မိုးရေစက်များကဲ့သို့ တဖြည်းဖြည်းချင်း ခွာချရန် စီစဉ်ထားသော်လည်း ယခုတော့ တစ်ဝက်ခန့်က တစ်ပြိုင်နက်တည်း ကွာကျသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ဤသို့ဖြစ်သွားခြင်းတွင်လည်း အားသာချက်များ ရှိနေသေးသည်။ ၎င်းက သူမ၏ အားစိုက်ထုတ်မှုကို အများကြီး သက်သာစေခဲ့သည်။
မနက်စာစားနေစဉ်တွင် ဝမ်ယဲ့က ပုံမှန်နှင့်မတူဘဲ ရိုးရိုးယာဂုဖြူကိုသာ ရွေးချယ်လိုက်ပြီး သူမ အကြိုက်ဆုံးဖြစ်သော သခွားသီးချဉ်ကိုပင် မတို့တော့ပေ။
အသားကင်များ၊ ဟော့ပေါ့များနှင့် နို့လက်ဖက်ရည်များကို နေ့တိုင်းရက်ဆက်သောက်ခဲ့မိသဖြင့် သူမ အပူကန်နေပြီး ပါးစပ်ထဲတွင် အပူဖုအချို့ ပေါက်နေသည်။ ထို့ကြောင့် ရက်အနည်းငယ်ခန့် ပေါ့ပါးသော စားစရာများကို စားရန် ဆုံးဖြတ်ထားခဲ့သည်။
သို့သော် အဆီအဆိမ့်များ စားနေရသည်ကို ငြီးငွေ့လာချိန်တွင် ဤကဲ့သို့ ရိုးရှင်းသောအစာကို ပြောင်းစားရသည်က တော်တော်လေး လန်းဆန်းစေပြီး သဘာဝအချိုဓာတ်လေးကို ခံစားရစေသည်။
ဝမ်ယဲ့ ရိုးရိုးဂျုံယာဂုကို မြိန်ရည်ယှက်ရည် စားနေသည်ကို ကြည့်ရင်း လုသခင်မ၏ စိတ်ထဲတွင် မကျေနပ်မှု အနည်းငယ် ဖြစ်ပေါ်လာသည်။ ထို့ကြောင့် သူမက စကားစလိုက်သည်။
"နှစ်သစ်ကူးဖို့က တစ်လတောင် မလိုတော့ဘူး၊ အိမ်တော်ရဲ့ အလုပ်တွေကလည်း ပို ပိုပြီး များလာပြီ၊ ငါ တစ်ယောက်တည်း စီမံရတာက တော်တော်လေး ခက်ခဲနေတယ်၊ ဒါကြောင့် နောက်ရက်တွေမှာ ဒုတိယညီမလေးလည်း ငါနဲ့အတူ လိုက်ခဲ့ပေါ့၊ ဒီလိုမှပဲ နင့်အနေနဲ့ ပိုပြီး မြင်နိုင်၊ ကြားနိုင်၊ လေ့လာနိုင်မယ်လေ၊ နယ်စားမင်း အိမ်တော်မှာက ဆွေမျိုးတွေ အများကြီး ရှိတယ်၊ တရားဝင်မိသားစုတွေရော... ကိုယ်လုပ်တော်ဖွား မိသားစုတွေရောဆိုတော့ ခဲအိုတွေ၊ ယောင်းမတွေလည်း အများကြီးရှိတယ်၊ မင်းနဲ့ ဒုတိယမောင်လေးက အသစ်စက်စက် လက်ထပ်ထားတာဆိုတော့ ဒါက လူစုံအောင် ရင်းနှီးဖို့ အခွင့်ကောင်းပဲ၊ အဲ့ဒါမှ နောက်ပိုင်း လူမှုရေးပွဲတွေ သွားတဲ့အခါ မျက်နှာမပျက်သလို၊ စည်းကမ်းတွေကိုလည်း မဖောက်ဖျက်မိမှာ"
ဝမ်ယဲ့ : "..."
‘ဟူး.... တကယ်တော့... ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်အောင် မနေသင့်ဘူး။ ငါ အသစ်ရရှိထားတဲ့ ကိုယ်အလေးချိန် နှစ်ပေါင်က အရမ်းသိသာသွားတဲ့ ပုံပါပဲ။’
နယ်စားမင်းရွှီ၏ မျိုးဆက်တွင် နယ်စားအိမ်တော်ကြီး၏တိုက်ရိုက်မျိုးဆက်အနေဖြင့် သူနဲ့ ရွှီယွဲ့ကျားသာ ရှိသော်လည်း နယ်စားမင်းအိုကြီး၏မျိုးဆက်တွင် သူ့၏တရားဝင် မောင်နှမသုံးယောက်အပြင် ကိုယ်လုပ်တော်ဖွားကလေးခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်ခန့်ရှိခဲ့သည်။ ထိုတရားဝင်နှင့် ကိုယ်လုပ်တော်ဖွား မိသားစုခွဲများမှ အိမ်ထောင်ပြုသူများကြောင့် သားသမီးများစွာရှိပြီး ယနေ့တိုင် အသက်ရှင်နေကြဆဲပင်။
‘အခုတော့ မှတ်ရမယ့် မျက်နှာပေါင်းက အနည်းဆုံး ရာဂဏန်းလောက် ရှိလိမ့်မယ်’
ဝမ်ယဲ့၏ စိတ်အခြေအနေက ချက်ချင်း ထိုးကျသွားပြီး ဇွန်းကို ချလိုက်မိသည်။ အစားအသောက်များကလည်း အရသာမရှိသလို ဖြစ်သွားတော့သည်။
ဝမ်ယဲ့၏ အပြုအမူကို မြင်လိုက်ရမှသာ လုသခင်မလည်း ကျေနပ်သွားပြီး သူမ၏ အစားစားချင်စိတ် ပိုကောင်းလာသည်။
ရွှီယွဲ့ကျားကလည်း ဝမ်ယဲ့၏ အပြုအမူကို သတိပြုမိပြီး သူမ၏ အနည်းငယ် ဝိုင်းစက်နေသော ပါးပြင်လေးကို လှမ်းကြည့်နေသည်။ ထိုအကြည့်က သူ့စိတ်ထဲသို့ အတွေးတစ်ခု တိုးဝင်လာစေသည်။
‘ငါ့စာကြည့်ခန်းရဲ့ ရှေ့မှာ စောင့်ရတဲ့ အစေခံလည်း ကိုယ်အလေးချိန် တက်လာသလိုပဲ။’
‘အတိအကျ ပြောရရင်တော့ ငါက လွဲပြီး ဒုတိယခြံဝန်းထဲက လူတွေ အထက်ကနေ အောက်အထိ အားလုံး ကိုယ်အလေးချိန် နည်းနည်းစီ တက်လာကြတာပဲ’
.......။.......။........
ညနေပိုင်းတွင် ဝမ်ယဲ့က စာအုပ်တစ်အုပ်ကို ကိုင်ကာ ကုတင်၏ အတွင်းဘက်တွင် လဲလျောင်းနေရင်း တစ်ခုခုကို အသည်းအသန် စဉ်းစားနေသည့်အလား မျက်မှောင်ကြုတ်ထားသည်။
ရွှီယွဲ့ကျား ရေချိုးသန့်စင်ပြီး ပြန်ထွက်လာချိန်တွင် ထိုမြင်ကွင်းကို မြင်လိုက်ရသည်။
သူက ကုတင်အနားသို့ တိုးသွားပြီး စောင်ကို မကာ အပြင်ဘက်တွင် ထိုင်လိုက်ရင်း မေးလိုက်သည်။
"ဘာတွေ အခက်တွေ့နေလို့လဲ"
ဝမ်ယဲ့၏ မျက်လုံးများက စာအုပ်စာမျက်နှာများပေါ်တွင်သာ ရှိနေဆဲဖြစ်ပြီး သူမက ခပ်လေးလေး ပြန်ဖြေလိုက်သည်။
"ရှင်တို့မိသားစုမှာ ဆွေမျိုးတွေ အရမ်းများလွန်းလို့ပါ"
အမှန်တကယ်တွင် ညစာမစားမီ လုသခင်မက သူမကို ပြောပြခဲ့သေးသည်။ နောက်ငါးရက်နေကြာလျှင် ချန်းနန်မြို့စားမင်း၏ အိမ်တော်၌ ပထမဆုံး မြေးဦးလေးအတွက် တစ်လပြည့်ပွဲ ရှိကြောင်းနှင့် ဖိတ်စာက ယနေ့နံနက် ရောက်ရှိလာကြောင်း ပြောပြခဲ့သည်။ ဖိတ်စာက နှစ်စောင်ဖြစ်နေသောကြောင့် ဝမ်ယဲ့အနေဖြင့် မဖြစ်မနေ တက်ရောက်ရမည် ဖြစ်သည်။
သို့သော် ရွှီမိသားစုတွင် ဆွေမျိုးများလွန်းသည်ကလည်း အမှန်တရားပင် ဖြစ်နေလေသည်။
ရွှီယွဲ့ကျားက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ပြောလိုက်သည်။
"မင်းရဲ့ မိသားစုလည်း ဖြစ်နေပြီလေ"
ဝမ်ယဲ့ကတော့ ဤကိစ္စနှင့် ပတ်သက်ပြီး သူ့ကို အငြင်းအခုန် မလုပ်ချင်တော့ပေ။ နောက်ဆုံးတွင် သူမက စာအုပ်မှ မျက်လုံးခွာကာ သူ့ဘက်သို့ လှည့်ကြည့်ရင်း ပြောလိုက်သည်။
"ဒါကြီးက အရမ်း ပျင်းစရာကောင်းနေတော့... တခြား တစ်ခုခု လုပ်ကြရင် မကောင်းဘူးလား"
ရွှီယွဲ့ကျားက သူမလက်ထဲမှ စာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ခဏမျှ နားလည်ရခက်သွားကာ ပြန်မေးလာခဲ့သည်။
"ပုံပြင်တွေ ဖတ်ရတာ အားမရသေးဘူးလား"
"ဒါက ပုံပြင်စာအုပ် မဟုတ်ပါဘူး"
ဝမ်ယဲ့က တည်တည်တံ့တံ့ ပြောလိုက်ပြီး စာအုပ်ကို သူ့ရှေ့အထိ ထိုးပြလိုက်သည်။
"ဒါက စိတ်ငြိမ်သုတ္တန် ပါ၊ ကျွန်မ အခုတလော ဒါကို လေ့လာနေတာ"
သူမအနေဖြင့် ဝတ္ထု မဟုတ်သည်ကို ဖတ်နေခြင်းက ရှားပါးလှသဖြင့် သူ သေသေချာချာ မြင်သွားအောင် ပြလိုက်သေးသည်။
သူတို့နှစ်ဦး ကြားတွင် အဆင်မပြေမှုများ ရှိနေသည်ဟူသော ကောလာဟလများကို ရှောင်ရှားရန် ရွှီယွဲ့ကျားက သူ အလုပ်မအားသည့် အချိန်မှလွဲပြီး အနောက်ဘက်ခြံဝန်းတွင်သာ အမြဲနေလေ့ရှိသည်။ သို့သော်လည်း အချိန်အတော်များများတွင် ဝမ်ယဲ့နှင့် သူက စောင်ကိုယ်စီဖြင့် စည်းခြားထားသလို အေးအေးချမ်းချမ်း အိပ်စက်လေ့ရှိကြသည်။
ဝမ်ယဲ့ဘက်မှ အစမပြုသရွေ့ ရွှီယွဲ့ကျားက အနည်းငယ်မျှပင် စည်းကျော်ခြင်း မရှိခဲ့ချေ။ သူက ဟိုင်အချိန်ရောက်တိုင်း အမြဲတမ်း တည်ငြိမ်စွာ အိပ်ပျော်သွားတတ်သည်။ ဝမ်ယဲ့ကလည်း ဤအစီအစဉ်ကို အလွန် သဘောကျနေခဲ့သည်။
ယခုအချိန်တွင် ဝမ်ယဲ့က ရွှီယွဲ့ကျားအပေါ် အများကြီး ဖုံးကွယ်ထားခြင်း မရှိတော့ပေ။ သူမတို့က သံယောဇဉ် နည်းပါးသော ဇနီးမောင်နှံ ဖြစ်နေသေးသော်လည်း နေ့စဉ် မြင်တွေ့နေရသောကြောင့် တစ်ယောက်၏ အပြောင်းအလဲကို တစ်ယောက်က ပိုမိုမြန်ဆန် လွယ်ကူစွာ သတိထားမိနိုင်ကြသည်။
ထို့ကြောင့် ရွှီယွဲ့ကျားက ဝမ်ယဲ့တစ်ယောက် ကုတင်ပေါ်တွင် လဲလျောင်းရင်း အဖုံးအတုနှင့် ဝတ္ထုစာအုပ်များအား အသည်းအသန် ဖတ်နေသည်ကို မကြာခဏ မြင်တွေ့ဖူးသည်။
' စိတ်ငြိမ်သုတ္တန်’ နှင့် ပတ်သက်လျှင်လည်း...
၎င်းကို သူ မြင်ဖူးသည်က ပထမဆုံးအကြိမ် မဟုတ်ပေ။
ထို့ကြောင့် ရွှီယွဲ့ကျား၏ လက်က လှုပ်ရှားသွားပြီး သူမ၏ ခါးဆီသို့ ဖြည်းညင်းစွာ ရောက်ရှိလာသည်။ သူ သူမအနားသို့ တိုးကပ်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ယဲ့က ဘေးသို့ အမြန်ရှောင်လိုက်သည်။ ယနေ့က သူမအတွက် စိတ်ချရသောနေ့ ဘေးကင်းသည့်နေရက် မဟုတ်ပေ။
"ယောက်ျား...ရှင်လည်း အခုတလော အပူတွေ ကန်နေလို့လား"
‘သူက "အပူဖြေပေးဖို့" ငါ့ကို လာရှာနေတာလား’
ရွှီယွဲ့ကျား၏ လှုပ်ရှားမှုများ အေးခဲသွားသည်။ သူ၏ မျက်လုံးများက ဝမ်ယဲ့လက်ထဲရှိ စိတ်ငြိမ်သုတ္တန်ဆီသို့ ကျရောက်သွားပြီး အတော်ကြာ တိတ်ဆိတ်သွားသည်။ ထို့နောက်မှ သူက လက်ကို ပြန်ရုပ်လိုက်ပြီး ထပ်မေးလိုက်သည်။
"မင်း ကို့ယ်ကို အရိပ်အယောင် ပြနေတာ မဟုတ်ဘူးလား"
ပြီးခဲ့သည့်တစ်ခေါက်က သူမ သူ့စာကြည့်ခန်းသို့ လူလွှတ်ပြီး "လျှို့ဝှက်အချက်ပြမှုများ" ပို့ခဲ့သေးသည်။ ထိုညက သူ ပြန်လာခဲ့ပြီး အခန်းထဲသို့ ပြန်လာချိန်တွင် ဤကျမ်းစာအုပ်အား သူမ၏ ကုတင်ဘေးတွင် ချထားသည်ကို သူ တွေ့ခဲ့ရဖူးသည်။
"ကျွန်မ ဘယ်တုန်းက အရိပ်အယောင် ပြလို့....."
ဝမ်ယဲ့က ငြင်းရန် စကားစလိုက်သော်လည်း စကားတစ်ဝက်မှာပင် သူ့အကြည့်နောက်သို့ လိုက်ငုံ့ကြည့်လိုက်သည်။
ထို့နောက် သူမက ချက်ချင်း ရှင်းပြနေသည်။
"ကျွန်မ အခုတလော အကင်တွေ အများကြီး စားမိလို့ အတွင်းပူတွေ ငြိမ်သွားပြီး စိတ်အေးသွားအောင် ဒီကျမ်းစာကို ဖတ်နေတာပါ"
"ယောကျ်ား... ရှင့်ရဲ့ စိတ်က ဘာလို့ အမြဲတမ်း အဲ့ဒီဘက်ကိုပဲ ရောက်နေရတာလဲ"
ဝမ်ယဲ့က သူ့ကို ပြန်အသာစီးယူကာ မေးလိုက်သည်။
"ကြည့်ရတာတော့ ရှင်လည်း ဒီကျမ်းစာတွေကို ဖတ်ဖို့ လိုနေပြီ ထင်တယ်"
ထိုသို့ပြောရင်းဖြင့် သူမက ပျင်းစရာကောင်းလှသော ကျမ်းစာအုပ်ကို သူ့ထံသို့ ပစ်ပေးလိုက်ပြီး ဘယ်က ထွက်လာမှန်းမသိသော ကဒ်ပြားများကို ကိုင်ကာ တည်တည်ကြည်ကြည် ပြောလာခဲ့သည်။
"ကျွန်မ ပြောတဲ့ 'တခြားတစ်ခုခု လုပ်ရအောင်' လို့ ပြောတာက... ဒါကို ပြောတာပါ"
"ယောကျ်ား... အချိန်ဖြုန်းဖို့ နည်းနည်း ကစားကြမယ်လေ"
ဝမ်ယဲ့က အလေးအနက် ထပ်ပြောလိုက်သေးသည်။
"ကျွန်မ ရှင့်ကို ကြောင်လေးငါးဖမ်းနည်း သင်ပေးမယ်၊ ဒါက အပူကျဖို့ အကောင်းဆုံး နည်းလမ်းပဲ"
ရွှီယွဲ့ကျား : "..."
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟