no

Font
Theme

chapter 13

အခန်း ၁၃ ကဒ်ကစားခြင်း

အနောက်ဘက်ခြံဝင်းရှိ အစေခံမလေးများက အချင်းချင်း ပြိုင်ဆိုင်ခြင်း သို့မဟုတ် ပရိယာယ်များလွန်းခြင်းမျိုး မရှိသည်ကို သိလိုက်ရပြီးနောက် ဝမ်ယဲ့က သူမ၏ ခန်းဝင်းပစ္စည်းများထဲမှ စာအုပ်သေတ္တာနှစ်လုံးကို ထုတ်ပေးရန် ထောင်ကျီကို လှမ်းပြောလိုက်သည်။

၎င်းက သေတ္တာအကြီးတစ်လုံးနှင့် အသေးတစ်လုံး ဖြစ်သည်။

ယွင်ကျီနှင့် ထောင်ကျီတို့က ထိုသေတ္တာများကို တစ်ယောက်တစ်လုံးစီ ဖွင့်လိုက်ကြသည်။

ထောင်ကျီ ဖွင့်လိုက်သည့် သေတ္တာအကြီးထဲတွင် စာအုပ်အမျိုးမျိုးနှင့် ဝတ္ထုစာအုပ်များ ပါရှိပြီး ထိုစာအုပ်များ၏ စာအုပ်မျက်နှာဖုံးများကို ကြိုတင်လဲလှယ်ထားပြီး ဖြစ်သောကြောင့် ထိတ်လန့်စရာသိပ်မရှိနေပေ။

သို့သော် ယွင်ကျီဘက်တွင်တော့ အခက်တွေ့နေရသည်။ သူမ၏ စရိုက်က အနည်းငယ် ရှေးရိုးစွဲဆန်သူဖြစ်ပြီး ဝမ်မိသားစုမှ ပဥ္စမမြောက်သခင်မလေး ဝမ်ရန် လက်ဆောင်ပေးလိုက်သည့် စာအုပ်သေတ္တာအသေးလေးက သူမကို အမှန်တကယ် အကျပ်ရိုက်သွားစေသည်။

'စွဲမက်ဖွယ် မုဆိုးမလေး' လိုမျိုး စာအုပ်ခေါင်းစဉ်များကို ကြည့်ရင်း သူမ ဘာလုပ်ရမှန်းမသိ ဖြစ်နေရှာသည်။

တစ်ချိန်တည်းမှာပင် ထောင်ကျီက ‘လေးအုပ်တွဲကျမ်းနှင့် ဂန္ထဝင်စာပေငါးမျိုး’ ကဲ့သို့သော စာအုပ်အမည်များ ရေးထိုးထားသည့် စာအုပ်များ ပြည့်နှက်နေသော သေတ္တာကို ကြည့်ကာ ခပ်ပြုံးပြုံးလေး လှမ်းမေးလိုက်သည်။

"သခင်မက အသိပညာဟောင်းတွေကို ပြန်ပြီး သုံးသပ်ချင်တာလား၊ ဒါမှမဟုတ် အသစ်အဆန်းတွေကိုပဲ လေ့လာချင်လား"

ယွင်ကျီ : "..."

'သခင်မက ထောင်ကျီကို ဘာတွေများ သင်ပေးထားပါလိမ့်'

ဆောင်းဦးအစောပိုင်း ရောက်လာပြီ ဖြစ်သောကြောင့် အအေးဓာတ်က စတင်ဝင်ရောက်နေပြီ ဖြစ်သည်။

ဝမ်ယဲ့က အတွင်းခန်းထဲရှိ နူးညံ့သော ညောင်စောင်းရှည်ပေါ်တွင် အေးအေးလူလူ လဲလျောင်းနေပြီး သူမ၏ခါးအောက်ပိုင်းကို သိုးမွှေးစောင်လေး လွှမ်းခြုံထားသည်။ သူမ ဘေးရှိ စားပွဲအသေးလေးပေါ်တွင် သူမအကြိုက်ဆုံး မုန့်နှစ်ပန်းကန်နှင့် လက်ဖက်ရည်တစ်အိုး ရှိနေသည်။

သူမက ပျင်းရိပျင်းတွဲ လေသံဖြင့် ပြန်ပြောလိုက်သည်။

"အသစ်တစ်အုပ်ပဲ ယူပေးပါတော့"

ထောင်ကျီက သေတ္တာအသေးလေးထဲမှ ဝတ္ထုအသစ်တစ်အုပ်ကို ယူကာ ဝမ်ယဲ့ထံသို့ ပေးလိုက်သည်။

မျက်နှာဖုံးပေါ်မှ အနည်းငယ် ဆွဲဆောင်နိုင်သည့် ခေါင်းစဉ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ယဲ့က စာအုပ်ကိုပင် မဖွင့်ဘဲ လှမ်းပြောလိုက်သည်။

"လျိုယာဆီကို တစ်ယောက်ယောက် လွှတ်လိုက်ဦး၊ အနောက်ဘက်က စာကြည့်ခန်းထဲကို စာအုပ်စင် နောက်တစ်စင် ထပ်ထည့်ပေးဖို့ သွားပြောခိုင်းလိုက်"

ထိုအနောက်ဘက်မှ စာကြည့်ခန်းကလည်း ရွှီယွဲ့ကျား၏ ပိုင်ဆိုင်မှု ဖြစ်သော်လည်း သူ အသုံးနည်းပုံရသည်။ နံရံတစ်လျှောက် စာအုပ်စင်များတွင် စာအုပ်များ ပြည့်နှက်နေသော်လည်း စားပွဲရှည်ကြီးတွင်တော့ အသုံးပြုထားသည့် အရိပ်အယောင် လုံးဝ မရှိသလောက်ဖြစ်နေလေသည်။

ကြည့်ရသည်မှာ သူ့၏ပထမဇနီး ကွယ်လွန်ပြီးကတည်းက ရွှီယွဲ့ကျားက အတွင်းဆောင်ထဲတွင် အိပ်စက်အနားယူခြင်း မရှိပုံရသည်။

ထိုကြောင့် စာကြည့်ခန်း၏ တစ်ဝက်ကို သူမနှင့် ခွဲဝေအသုံးပြုခြင်းက ပြဿနာရှိမည် မဟုတ်ပေ။

"အော်... နောက်ပြီး အဲဒီစာအုပ်အသစ်တွေကို မျက်နှာဖုံးလဲဖို့လည်း မမေ့နဲ့ဦး"

ဝမ်ယဲ့က ခဏမျှ စဉ်းစားပြီး ထပ်ပြောလိုက်သည်။

ထောင်ကျီက ကျွမ်းကျင်နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ၊ သခင်မ"

ထို့နောက် သူမက ယွင်ကျီကို တံတောင်ဖြင့် မသိမသာ တို့လိုက်သည်။

ယွင်ကျီကတော့ မချိပြုံးလေးဖြင့် ပြန်ဖြေနေခဲ့သည်။

"ကျွန်မ အခုချက်ချင်း ဒီစာအုပ်တွေအတွက် မျက်နှာဖုံးအသစ်တွေ သွားရှာပေးပါ့မယ်"

‘သူမတို့သခင်မက ဝတ္ထုဖတ်လွန်းတဲ့ အကျင့်တစ်ခုကလွဲရင် ကျန်တာအားလုံး ပြည့်စုံတယ်လေ’

ဝမ်ယဲ့က သူမတို့ကို ကျေနပ်စွာ ကြည့်နေရင်း ချီးကျူုးလိုက်သေးသည်။

"ငါ နင်တို့ကို အမြဲအလိုလိုက်ခဲ့တာ အလကားမဖြစ်သွားဘူးပဲ"

အနောက်ဘက်အဆောင်၏ စာကြည့်ခန်းက တော်တော်လေး ကျယ်ဝန်းပြီး ဝမ်ယဲ့ အိမ်ထောင်မပြုခင်က သူမ နေခဲ့သည့် အခန်းထက် အနည်းငယ် ပိုကြီးနေသေးသည်။

လျိုယာက အလုပ်လုပ်ရာတွင် အလွန်သွက်လက်သူ ဖြစ်ပြီး လက်ဖက်ရည်တစ်ခွက်ကုန်ချိန်အတွင်းမှာပင် သိုလှောင်ရုံထဲမှ စာအုပ်စင်အသစ်တစ်စင်ကို သယ်ယူလာခဲ့သည်။

ဝမ်ယဲ့က အစေခံများအား မူလရှိနေသည့် စာအုပ်စင်ကို ဘယ်ဘက်သို့ အနည်းငယ် ရွှေ့ရန် ညွှန်ကြားလိုက်သည်။ ထို့နောက် အသစ်ရောက်လာသည့် စင်ကို အရင်စာအုပ်စင်အဟောင်းနှင့် ဘေးချင်းယှဉ် ထားခိုင်းလိုက်သည်။

အလုပ်ပြီးသွားသည့်နှင့် ဝမ်ယဲ့က အစေခံများကို ချက်ချင်း ပြန်လွှတ်လိုက်သည်။

မကြာမီမှာပင် စာအုပ်စင်အသစ်၏ တစ်ဝက်ခန့်တွင် ယွင်ကျီနှင့် ထောင်ကျီတို့ စီထားသည့် စာအုပ်များ ပြည့်သွားခဲ့သည်။

‘လောလောဆယ်တော့ ဒီလောက်နဲ့ တော်သင့်ပြီ၊ စာအုပ်စင်ကနေ အရင်စရမယ်’

‘ရှေ့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်လေ’

ဝမ်ယဲ့က အတွင်းဆောင်ရှိ ညောင်စောင်းရှည်ပေါ်သို့ ပြန်သွားပြီး မုန့်စား၊ လက်ဖက်ရည်သောက်ရင်း ဝတ္ထုဖတ်ကာ အချိန်ဖြုန်းနေခဲ့သည်။

စောစောနိုးရခြင်း၏ တစ်ခုတည်းသော အားနည်းချက်က ဤသို့ အချိန်များ ပိုနေခြင်းပင်။

........။........။........

နယ်စားမင်းအိမ်တော်တစ်ခုလုံးတွင် အိမ်တော်၏ သခင်မကြီးဖြစ်သည့် လုသခင်မ၏ မျက်စိအောက်မှ လွတ်သွားသည့်ကိစ္စဟူ၍ မရှိသလောက်ပင်။

အနောက်ဘက်ခြံဝင်းကလည်း အလားတူဖြစ်ပြီး ခြွင်းချက် မရှိပေ။ ဝမ်ယဲ့တစ်ယောက် အဓိကခြံဝင်းမှ ပြန်လာပြီး ပြုမူခဲ့သမျှကို အရာရာတိုင်းက နာရီဝက်အတွင်း လုသခင်မနားထဲသို့ ပြန်ရောက်ရှိလာခဲ့သည်။

ပင်မအဆောင်ကြီးအတွင်းတွင် လုသခင်မက သူမ၏အထိန်းတော်ကို မေးလိုက်သည်။

"ဝမ်ရှီက စာအုပ်စင်အသစ်တစ်စင် ထပ်သွင်းခိုင်းတယ်ပေါ့၊ ဟုတ်လား"

အထိန်းတော်ရှန်းက ရိုရိုကျိုးကျိုး ပြန်ဖြေလိုက်သည်။

"ချင်းရွှယ် ပြောတာတော့ အဲဒီအတိုင်းပါပဲ"

လုသခင်မက အထိန်းတော်ရှန်းနှင့် သူမ၏သမီးဖြစ်သူ ချင်းရွှယ်ကို အလွန်ယုံကြည်သူ ဖြစ်သည်။

"ကြည့်ရတာ ဒီဝမ်ရှီက တော်တော်လေး နေထိုင်တတ်ပုံရတယ်"

လုသခင်မက ကျေနပ်သည့် အရိပ်အယောင်ဖြင့် ထပ်ပြောလိုက်ပြန်သည်။

"ကျွန်မရဲ့ ဒုတိယမောင်လေးကလည်း စာဖတ်ရတာ ဝါသနာပါတော့ သူတို့ဇနီးမောင်နှံအချင်းချင်း စကားပြောစရာ အကြောင်းအရာလေးတွေ ရှိသွားတာပေါ့"

အထိန်းတော်ရှန်းက ဆက်ပြောပြနေသည်။

"ချင်းရွှယ် ပြောတာကတော့ ဒုတိယသခင်မက အနောက်ဘက်ခြံဝင်းရဲ့ အာဏာကို မသိမ်းသေးဘဲ လျိုယာနဲ့ လျိုရှင်းတို့ကိုပဲ ဆက်ပြီး တာဝန်ပေးထားတယ်တဲ့"

ဤအချက်က လုသခင်မကို အံ့သြသွားစေသည်။

"ဝမ်ရှီက လျိုယာနဲ့ လျိုရှင်းတို့ရဲ့ နောက်ကြောင်းကို သိပြီးပြီလား"

အထိန်းတော်ရှန်းက ခေါင်းငြိမ့်ပြရင်း ပြန်ဖြေလိုက်သည်။

"ဒုတိယသခင်မက အနောက်ခြံဝင်းက အစေခံအားလုံးကို ခေါ်တွေ့ပြီး တစ်ယောက်ချင်းစီကို မေးမြန်းခဲ့ပါတယ်"

လုသခင်မက ဇဝေဇဝါ ဖြစ်နေဟန်ဖြင့် တွေးတွေးဆဆ ထပ်ပြောလိုက်သည်။

"ငါ့ကြောင့်များလား၊ လျိုယာနဲ့ လျိုရှင်းက ငါကိုယ်တိုင် အနောက်ခြံဝင်းကို လွှတ်ထားခဲ့တဲ့သူတွေလေ၊ သူတို့ကို ဖယ်ထုတ်လိုက်ရင် ငါ စိတ်ဆိုးမှာကို ဝမ်ရှီ စိုးရိမ်နေတာဖြစ်နိုင်လား"

အထိန်းတော်ရှန်းက သူမ၏ အမြင်ကို တင်ပြလာခဲ့သည်။

"ဒုတိယသခင်မက အခုမှရောက်တာဆိုတော့ အနောက်ခြံဝင်းနဲ့ သိပ်မရင်းနှီးသေးလို့ ရက်အနည်းငယ်လောက် အခြေအနေကြည့်ချင်တာလည်း ဖြစ်နိုင်ပါတယ်"

ထိုအကြောင်းပြချက်က လက်ခံနိုင်ဖွယ်ရှိသည်ဟု လုသခင်မ ယူဆလိုက်သည်။

"ဒါဆိုရင်တော့ စောင့်ကြည့်ကြတာပေါ့"

ဝမ်ယဲ့အနေဖြင့် သူမကို စိတ်ပျက်အောင် မလုပ်ရန်သာ သူမ မျှော်လင့်နေမိသည်။

"ဒါနဲ့..."

အထိန်းတော်ရှန်းက အခြားကိစ္စတစ်ခုကို တွေးမိပုံဖြင့် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ စကားစလာခဲ့သည်။

"ဒီနေ့ နေ့လယ်စာအတွက် သခင်ငယ်လေးကို အနောက်ခြံဝင်းဆီ လွှတ်ပြီး ဒုတိယသခင်မနဲ့အတူ စားခိုင်းလိုက်ရမလား၊ ဒါမှ သူတို့သားအမိ ရင်းနှီးသွားမယ်လို့ ကျွန်မ တွေးမိတယ်"

လုသခင်မက ယနေ့နံနက်တွင် ထိုသားအမိ၏ ခဏတာ တွေ့ဆုံမှုကို ပြန်လည်စဉ်းစားလိုက်ပြီး ခေတ္တမျှ ငြိမ်သက်သွားသည်။ ထို့‌နောက် သူမက ခွင့်ပြုပေးလိုက်သည်။

"ရှန်းမား၊ အကြံပြုတဲ့အတိုင်းပဲ လုပ်လိုက်ပါ"

အထိန်းတော်ရှန်းက ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ"

ထို့နောက်တွင် လုသခင်မက အပြင်ဘက်မှ တိုက်ခတ်နေသော လေအေးများကို ငေးကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်ပြန်သည်။

.......။.........။.........

ထိုအချိန်တွင် အနောက်ဘက်ခြံဝင်း၌ ရှိနေသည့် ဝမ်ယဲ့ကတော့ လုသခင်မက ကလေးငယ်ကို သူမဆီသို့ လွှတ်တော့မည်အကြောင်း လုံးဝမသိသေးပေ။

စောစောက သူမ လျိုရှင်းကို မေးမြန်းကြည့်ခဲ့ပြီး သူ့၏အစိုးရတာဝန်များရှိလျှင် ရွှီယွဲ့ကျားက မိုးလင်းကတည်းက ထွက်သွားတတ်ပြီး မိုးချုပ်မှ ပြန်လာလေ့ရှိကြောင်း သူမ သိခဲ့ရသည်။

ထို့ကြောင့် သူမက နေ့လယ်စာအတွက် ဟော့ပေါ့ပြင်ပေးရန် မီးဖိုချောင်ကို ညွှန်ကြားထားသည်။

ဆောင်းဦးအစောပိုင်း၏ အအေးဓာတ်ကို အန်တုရန်အတွက် ဟော့ပေါ့က အကောင်းဆုံးပင်။

တစ်မနက်လုံး ဝတ္ထုဖတ်ပြီး လဲလျောင်းနေခဲ့သဖြင့် ဝမ်ယဲ့၏ ခြေလက်များ တောင့်တင်းနေပြီ ဖြစ်သည်။

ကြေးအိုးကို စားပွဲပေါ် တင်ထားပြီး အောက်၌ ငွေမီးသွေးများဖြင့် မီးဖို ဖိုထားသောကြောင့် မီးခိုးမထွက်သလောက် ဖြစ်နေသည်။

သာမန်အိမ်တော်မှ အဆင့်မြင့်အိမ်တော်ကြီးသို့ ရောက်လာသည့်နှင့် အရာရာတိုင်းက ပို၍ သန့်ရှင်းသပ်ရပ်ပြီး အဆင့်မြင်လာပြီ ဖြစ်သည်။

စားပွဲပေါ်တွင် အသားမျိုးစုံ၊ အသားလုံးများနှင့် ဟင်းသီးဟင်းရွက်များ ဝေဝေဆာဆာ ရှိနေပြီး ရှာဖွေရန်ခက်ခဲသည့် အမဲသား အနည်းငယ်ပင် ရှိနေသေးသည်။

ဝမ်ယဲ့က သူမ တစ်ယောက်တည်း စားမည်ဖြစ်သဖြင့် ပမာဏကို အများကြီး မပြင်ခိုင်းဘဲ အသားတစ်မျိုးလျှင် ဆယ်ချပ်ခန့်နှင့် ဟင်းသီးဟင်းရွက် တစ်မျိုးလျှင် သုံးလေးခုစီသာ ပြင်ခိုင်းထားသည်။

ဝမ်ယဲ့က အစေခံများကိုလည်း အလုပ်အကျွေးမပြုခိုင်းဘဲ နှမ်းအနှစ်တစ်ပန်းကန်နှင့် ဆီမွှေးတစ်ပန်းကန်ကို ပြင်ဆင်ခိုင်းပြီး သူမဘာသာ အေးအေးလူလူ စားသောက်နေခဲ့သည်။

ဝမ်ယဲ့တစ်ယောက် ပထမဆုံး အသားလွှာလေးကို ကိုက်လိုက်ချိန်မှာပင် လျိုယာ ရောက်လာပြီး သခင်ငယ်လေး ရောက်ရှိလာကြောင်း သတင်းပို့လာသည်။

ဝမ်ယဲ့က ဆီမွှေးတို့ထားသည့် သိုးသားလွှာကို ဝါးစားလိုက်ပြီးမှ တုံ့ဆိုင်းသွားဟန်ဖြင့် ပြန်မေးလိုက်သည်။

"သူက ဘာလို့ ဒီကို ရောက်လာတာလဲ"

လျိုယာက ဝမ်ယဲ့ကို တစ်ချက်ကြည့်ပြီးမှ ခေါင်းငုံ့ကာ ပြန်ပြောလာခဲ့သည်။

"သခင်ငယ်လေးက ဒုတိယသခင်မကို လွမ်းနေတယ်လို့ ပြောပါတယ်၊ အဲဒါကို လုသခင်မ သိသွားတော့ အထိန်းတော်ကျိနဲ့ တခြားအစေခံကို သခင်လေးနဲ့အတူ လာခိုင်းပြီး သခင်မနဲ့အတူ နေ့လယ်စာစားဖို့ ပို့ပေးလိုက်တာပါ"

ဝမ်ယဲ့က သူမ၏ တူများကို ချလိုက်သည်။ လျိုယာက နူးညံ့သိမ်မွေ့ပြီး စကားပြောတတ်ရုံသာမကဘဲ အမှန်တရားကို လှည့်ပတ်ပြောဆိုရာတွင်လည်း တော်တော်လေး ကျွမ်းကျင်ကြောင်း သူမ နားလည်လိုက်ရသည်။

‘ငါနဲ့ အဲ့ဒီကလေးငယ်က ဒီမနက်မှ တစ်ခါပဲ တွေ့ဖူးကြသေးတာလေ။ နာရီအနည်းငယ်အကြာသွားရင် ကလေးက ငါ ရှိနေမှန်းတောင် မှတ်မိပါတော့မလား’

‘ဒါက လုသခင်မရဲ့ အစီအစဉ်ဆိုတာ တွေးနေစရာတောင် မလိုဘူး။’

‘ပြီးတော့ ရည်ရွယ်ချက်ကလည်း ဒီလောက်ရှင်းရှင်းလင်းလင်း သိသာနေတာ မဟုတ်ဘူးလား’

မည်သို့ပင်ဖြစ်စေ ကလေးကို ဤနေရာအထိ ခေါ်လာပြီးပြီ ဖြစ်သောကြောင့် ပြန်လွှတ်ရန် မဖြစ်နိုင်တော့ပေ။ ဝမ်ယဲ့က ယွင်ကျီကို တစ်ချက်ကြည့်လိုက်သည်။

ယွင်ကျီကလည်း ဝမ်ယဲ့ ဘာကိုဆိုလိုချင်မှန်း နားလည်နိုင်ပြီး သခင်လေးကို ကြိုဆိုရန် လျိုယာနှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။

ရွှီယွိရွှမ်က အနောက်ခြံဝင်းသို့ ခဏတဖြုတ်သာ လာလေ့ရှိပြီး တစ်ခါတစ်ရံမှသာ ညအိပ် နေထိုင်လေ့ရှိသောကြောင့် ဤနေရာက သူ့အတွက် စိမ်းသက်နေသည်။

အခန်းထဲသို့ ရောက်သည်နှင့် အထိန်းတော်ကျိက ရွှီယွိရွှမ်ကို အောက်ချပေးလိုက်ပြီး ဝမ်ယဲ့အနားသို့ သွားရန် တိုက်တွန်းသည်။ ဝမ်ယဲ့က သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်နေသော်လည်း ကလေးငယ်ကတော့ အထိန်းတော်ကျိ၏ ဘေးနားတွင်သာ ကပ်နေပြီး သူ၏မျက်လုံးလေးများထဲတွင် စိမ်းသက်မှုနှင့် ငြင်းဆန်မှုများ ပြည့်နှက်နေသည်။

ကလေးလေးက ဝမ်ယဲ့ကို နှုတ်ဆက်ရန်ပင် မေ့လျော့နေပုံရသည်။

ဝမ်ယဲ့ကလည်း သူမရှေ့မှ အသက်နှစ်နှစ်အရွယ် ကလေးငယ်က ဘာမှနားမလည်သေးသူ ဖြစ်သည်ဟု တွေးနေပြီး အပြစ်မတင်နေတော့ပေ။ သူမက တူဖြင့် ညှပ်ထားသော အသားလွှာလေးကို ဝှေ့ယမ်းပြပြီး ကလေးလေးကို လှမ်းမေးလိုက်သည်။

"စားချင်လား"

ဟော့ပေါ့အရည်ကို အရိုးပြုတ်ရည်ဖြင့် ချက်ထားသောကြောင့် အနံ့မွှေးပြီး အရသာပေါ့ပါးကာ ကလေးများအတွက် သင့်တော်သည်။

ဝမ်ယဲ့က ကလေးငယ်၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ သူမ၏ မျက်နှာချင်းဆိုင်တွင် ပန်းကန်နှင့် တူအသစ်တစ်စုံ ချပေးရန် ထောင်ကျီကို ညွှန်ကြားလိုက်သည်။

သခင်လေးကို ဝမ်ယဲ့ဘေးတွင် ပူးကပ်ထိုင်ခိုင်းရန် ကြံရွယ်ထားသည့် အထိန်းတော်ကျိလည်း ဆွံ့အသွားရသည်။

'ဒီဒုတိယသခင်မအသစ်ကတော့ တကယ့်ကို ခန့်မှန်းရခက်တာပဲ'

ကလေးက နယ်စားမင်းအိမ်တော်၏ သခင်လေးဖြစ်သောကြောင့် အနီးကပ်ပြုစုမည့်သူ ရှိပြီးသားဖြစ်သည်။ ဝမ်ယဲ့က အသားနှင့် ဟင်းသီးဟင်းရွက်များကို မည်မျှကြာကြာ ပြုတ်ရမည်ကိုသာ အထိန်းတော်ကျိအား သင်ပေးရန် ထောင်ကျီကို ညွှန်ကြားလိုက်ပြီး ကျန်တာကို ပစ်ထားလိုက်သည်။

ကလေးအတွက် အနှစ်များ မလိုအပ်ဘဲ သဘာဝအရသာကပင် လုံလောက်နေသောကြောင့် ရွှီယွိရွှမ်၏ရှေ့တွင် ပန်းကန်အလွတ်တစ်ခုသာ ရှိနေလေသည်။

ရွှီယွိရွှမ်က ငယ်ရွယ်နေဆဲ ဖြစ်သောကြောင့် တစ်နပ်လျှင် အနည်းငယ်စီသာ စားနိုင်ပြီး ခဏခဏ ဗိုက်ဆာတတ်သူ ဖြစ်သည်။

ယခုလည်း ပွက်ပွက်ဆူနေသော အရိုးပြုတ်ရည်နံ့ကို ရလိုက်သောကြောင့် သူ၏ ပါးစပ်လေးထဲမှ သွားရည်များ စိမ့်ထွက်လာသည်။

သူက အငွေ့တထောင်းထောင်းထနေသည့် အိုးကို လက်ညှိုးထိုးပြကာ အထိန်းတော်ကျိကို အလောတကြီး ပြောလိုက်သည်။

"ကျိမား၊ စား... စား"

အထိန်းတော်ကျိကလည်း ရှေ့သို့ တိုးလာပြီး ရွှီယွိရွှမ်အတွက် အသားနှင့် ဟင်းသီးဟင်းရွက်များကို ပြုတ်ပေးနေသည်။

ဆောင်းတွင်း၌ ဟော့ပေါ့ စားသည်မှာ အဆန်းတကြယ် မဟုတ်ဘဲ နယ်စားမင်းအိမ်တော်တွင်လည်း အကြိမ်အနည်းငယ် စားဖူးကြသည်။ သို့သော် ဤကဲ့သို့ စားသောက်ခြင်းက အလွန်အမင်း ယဉ်ကျေးသိမ်မွေ့သည်ဟု သတ်မှတ်ထားကြပြီး လုသခင်မကတော့ ခဏခဏ ပြင်ဆင်ပေးလေ့မရှိပေ။

နေ့လယ်စာစားခြင်းက တစ်ရှီးချန်၏လေးပုံတစ်ပုံအတွင်း(မိနစ်သုံးဆယ်အတွင်း) အလျင်အမြန် ပြီးဆုံးသွားခဲ့ပြီး ဝမ်ယဲ့အတွက် အရသာမတွေ့ဖြစ်ခဲ့ရသည်။

‘မသိတဲ့လူတွေနဲ့ ပြည့်နေတဲ့ အခန်းထဲမှာ ဘယ်သူက သက်တောင့်သက်သာ စားနိုင်မှာလဲ’

ရွှီယွိရွှမ်ကတော့ အထိန်းတော်ကျိ၏ ဂရုတစိုက် ကျွေးမွေးမှုအောက်တွင် မြိန်ရည်ယှက်ရည် စားသောက်နိုင်ခဲ့သည်။

သူ စားပြီးသွားသည့်အချိန်တွင် အထိန်းတော်ကျိက သူ့ကို ထိုင်ခုံပေါ်မှ ပြန်ချပေးလိုက်သည်။ ကြေးအိုးမှ အငွေ့များ မကွယ်နေတော့သဖြင့် ရွှီယွိရွှမ်က ဝမ်ယဲ့ကို ပြန်ကြည့်သည်။ သူက သူမ ဘယ်သူလဲဆိုသည်ကို မှတ်မိသွားပုံရပြီး ခွေးပေါက်လေးကဲ့သို့သော မျက်လုံးလေးများဖြင့် ခဏမျှ စိုက်ကြည့်နေပြီးနောက် ကလေးသံလေးဖြင့် ရုတ်တရက် လှမ်းခေါ်လိုက်သည်။

"မေမေ"

ဝမ်ယဲ့တစ်ယောက် ကိုင်ထားသည့် လက်ဖက်ရည်ခွက်လေးပင် တုန်သွားရသည်။ သို့သော် သူမက တည်တည်ငြိမ်ငြိမ်ဖြင့် ခွက်ကို ပြန်ချလိုက်ပြီး ကလေးကို လှမ်းမေးလိုက်သည်။

"ဗိုက်ဝရဲ့လား"

ရွှီယွိရွှမ်က စားပွဲဘေးတလျှောက်မှ ဝမ်ယဲ့ဆီသို့ တိုးကပ်လာရင်း ပြန်ဖြေလိုက်သည်။

"ဝတယ်"

ကလေးလေး သူမနှင့် လက်လှမ်းမီသည့် အကွာအဝေးသို့ ရောက်လာချိန်တွင် ဝမ်ယဲ့က စိတ်မထိန်းနိုင်ဘဲ သူ့ဆံပင်လေးများကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။

ပထမဆုံး အထိအတွေ့ကြောင့် ရွှီယွိရွှမ်က အလိုအလျောက် နောက်သို့ တစ်လှမ်းဆုတ်သွားသော်လည်း ဘေးအန္တရာယ်မရှိမှန်း သိလိုက်သည့်နှင့် ပြန်ငြိမ်သက်သွားသည်။

ဝမ်ယဲ့က စိတ်ထဲမှ ရေရွတ်လိုက်သည်။

'ဒီအကောင်ပေါက်လေးက တုံ့ပြန်မှုတော့ တော်တော်မြန်သားပဲ...'

ကလေးကို ခဏမျှ စနောက်ကျီစယ်ပြီးနောက်တွင် ဝမ်ယဲ့တစ်ယောက် ကျေနပ်သွားပြီး သူမ အရင်က ပြုလုပ်ထားသည့် ကဒ်များ ထုတ်ပေးရန် ထောင်ကျီကို လှမ်းပြောလိုက်သည်။

ရှည်လျားလှသည့် ဆောင်းတွင်းနေ့ရက်များကို ဝတ္ထုဖတ်ရုံသက်သက်ဖြင့် အချိန်ကုန်ဆုံးရန် မဖြစ်နိုင်ပေ။

ထိုကဒ်များက ခေတ်သစ်ကစားနည်းမှ ကဒ်ဂိမ်းများနှင့် ဆင်တူသည်။ ယွင်ကျီနှင့် ထောင်ကျီတို့ကို ဝမ်ယဲ့ကိုယ်တိုင် သင်ကြားပေးထားခြင်းဖြစ်ပြီး သူမတို့လည်း နှစ်အတော်ကြာ လေ့ကျင့်လာခဲ့သဖြင့် ယခုအချိန်တွင် သူမတို့၏ ကျွမ်းကျင်မှုများက ဝမ်ယဲ့နှင့် ရင်ဘောင်တန်းနိုင်နေပြီ ဖြစ်သည်။

သို့သော် သူမတို့ သုံးယောက် ငွေကြေးဖြင့် လောင်းကစားရန် မသင့်တော်သောကြောင့် ဝမ်ယဲ့က စည်းကမ်းတစ်ခု သတ်မှတ်ထားသည်။

ရှုံးသည့်သူ၏ မျက်နှာတွင် စက္ကူစများ ကပ်ရန် ဖြစ်သည်။

"မြေရှင်ကြီး" ကစားနည်းက လူသုံးယောက် ကစားရန် သင့်တော်‌သော ကစားနည်းဖြစ်သည်။

ကဒ်များကို ထုတ်လိုက်သည့်နှင့် ဝမ်ယဲ့နှင့် သူမ၏အစေခံမလေးနှစ်ယောက်မှ လွဲပြီး ကျန်သည့်သူများအားလုံးက စူးစမ်းလိုစိတ်ဖြင့် ဝိုင်းကြည့်နေကြသည်။

ဒုတိယသခင်မ ကစားနေသည့် ကစားနည်းက သူတို့ သိထားသည့် ကစားနည်းများနှင့် ကွဲပြားနေပုံရသည်။

ဝမ်ယဲ့က ရွှီယွိရွှမ်ကို အာရုံမစိုက်တော့ဘဲ ကစားပွဲအပေါ်၌သာ အာရုံနှစ်ထားလိုက်သည်။ သို့သော် ရွှီယွိရွှမ်ကတော့ သူမလက်ထဲမှ ကဒ်များကို ကြည့်နေပြီး စိတ်ဝင်စားနေသောကြောင့် ပြန်ရန် ငြင်းဆန်နေလေသည်။

ဒုတိယသခင်မဘက်မှ ထူးခြားသည့် တုံ့ပြန်မှု မရှိသည်ကို မြင်နေရသည့် အထိန်းတော်ကျိကလည်း အစေခံမလေးတစ်ယောက်ကို ထိုင်ခုံအပျော့လေးတစ်လုံးကို ယူခိုင်းလိုက်သည်။

သူမက ရွှီယွိရွှမ်ကို ဝမ်ယဲ့၏ဘေးတွင် ထိုင်ခိုင်းလိုက်သည်။

ဘေးတွင် ကလေးတစ်ယောက် ထိုင်နေ၍လားမသိနိုင်ဘဲ ယနေ့တွင် ဝမ်ယဲ့၏ကံက တော်တော်လေး ဆိုးနေခဲ့သည်။ သိပ်မကြာခင်မှာပင် သူမ၏ မျက်နှာတစ်ခုလုံး စက္ကူစများ ပြည့်နှက်သွားတော့သည်။

တဖက်တွင်လည်း ဤမျှလောက်အထိ အကြိမ်ကြိမ် နိုင်ခဲ့ဖူးခြင်း မရှိသည့် ထောင်ကျီက ကစားရင်း ပို ပိုစိတ်လှုပ်ရှားလာပုံရသည်။ အမြဲတမ်း တည်ငြိမ်နေတတ်သည့် ယွင်ကျီပင်လျှင် မကြာခဏ ရယ်မောနေလေသည်။

သူတို့နှစ်ယောက်၏ မျက်နှာပေါ်မှ စက္ကူစများက ဝမ်ယဲ့၏ တစ်ဝက်ခန့်ပင် မရှိချေ။

မျက်နှာပေါ်တွင် စက္ကူစသုံးခုသာရှိသည့် ထောင်ကျီက ပျော်ရွှင်မြူးကြွစွာ အော်ပြောလိုက်သည်။

"သခင်မ... နောက်တစ်ပွဲ ထပ်ကစားကြရအောင်"

နောက်ထပ် အကြိမ်အနည်းငယ် ကစားပြီးနောက် ဝမ်ယဲ့၏ မျက်နှာတွင် စက္ကူစများ လုံးဝ ဖုံးလွှမ်းနေပြီး ကဒ်များကိုပင် သေချာမမြင်ရတော့သည့် အခြေအနေသို့ ရောက်သွားရသည်။

ထောင်ကျီ ကဒ်များ မွှေနေသည့် အချိန်ကို အခွင့်ကောင်းယူပြီး ဝမ်ယဲ့က သူမ၏ဘေးမှ ကလေးငယ်ကို ငုံ့ကြည့်လိုက်သည်။ ကောင်လေးက စားပွဲအစွန်းကို လက်ကလေးနှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ကဒ်များကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ ဝမ်ယဲ့က နူးညံ့သော လေသံဖြင့် မေးလိုက်သည်။

“ရွှမ်အာ၊ မင်း ငါ့ကို ဘယ်လိုခေါ်ရမှာလဲ"

နောက်ဆုံးတွင် ဝမ်ယဲ့က သူ့ကို အာရုံစိုက်လာသောကြောင့် ရွှီယွိရွှမ်၏ မျက်လုံးလေးများ တောက်ပသွားသည်။ သူက ကဒ်များအပေါ် စိတ်ဝင်စားနေပြီး တက်တက်ကြွကြွ ပြန်ဖြေလိုက်သည်။

"မေမေ"

ဝမ်ယဲ့က သူ့ခေါင်းလေးကို ပုတ်ပေးရင်း အပြုံးလေးဖြင့် မေးလိုက်သည်။

"ကစားချင်လား"

ရွှီယွိရွှမ်က ဝမ်ယဲ့နှင့် သိပ်မရင်းနှီးသေးသောကြောင့် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငြိမ့်ပြလာသည်။ သူ ဘာစကားမှ မပြောသော်လည်း သူ၏မျက်လုံးလေးများထဲမှ တောင့်တမှုကတော့ သိသာနေသည်။

အထိန်းတော်ကျိက တစ်ခုခုပြောရန် ပါးစပ်ပြင်လိုက်သော်လည်း သူမတို့ မလာခင်က ချင်းရွှယ် မှာလိုက်သည့်စကားများကို သတိရသွားပြီး နောက်ဆုံးတွင် ဘာမှ မပြောဘဲ တိတ်တဆိတ်သာ ကြည့်နေလိုက်သည်။

ဒုတိယသခင်မက သခင်လေးအား စနောက်ကျီစယ်နေသည်ကို သူမ ကြည့်နေရုံသာ တတ်နိုင်သော်လည်း အံ့သြစရာကောင်းသည်က သခင်လေးကလည်း အလွန်ပျော်ရွှင်ပုံပေါ်နေခြင်းပင်။

သားအမိကြားမှ သံယောဇဉ်က ပိုမိုခိုင်မြဲလာပုံရသည်။

အထိန်းတော်ကျိက စိတ်ထဲမှ တွေးနေပြန်သည်။

'ဒါက ချင်းရွှယ် ငါ့ကို မှာလိုက်တဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နေတာပဲ ဖြစ်ရမယ်'

......။........။.......

အဓိကခြံဝင်း၏ နေ့လယ်စာစားချိန်က ပုံမှန်ထက် အနည်းငယ် နောက်ကျနေခဲ့သည်။

နယ်စားမင်းရွှီက အနောက်ဘက် ဆင်ခြေဖုံးမှ စစ်စခန်းသို့ သွားနေပြီး နေ့လယ်တွင် ပြန်လာလေ့မရှိပေ။ ထို့ကြောင့် လုသခင်မနှင့် သူမ၏ သားနှစ်ယောက်သာ အတူတူ စားသောက်နေကြသည်။

တစ်မနက်လုံး ဆောင်းပါးများ ကူးရေးနေခဲ့ရသည့် ရွှီကျင့်ရုံက နေ့လယ်စာစားရန် ရောက်လာပြီး ရွှီယွိရွှမ်ကို မတွေ့ရသဖြင့် လုသခင်မကို ချက်ချင်း မေးလိုက်သည်။

"မေမေ... ရွှမ်အာ ဘယ်ရောက်နေတာလဲ၊ သူက သားတို့နဲ့ အမြဲတူတူ စားနေကျ မဟုတ်ဘူးလား"

လုသခင်မက သူမ၏ သားငယ်အတွက် ကြက်ဥပေါင်း နှစ်ဇွန်းခပ်ပေးရင်း ပြန်ဖြေလိုက်သည်။

"သူ အနောက်ခြံဝင်းမှာ မင်းတို့ရဲ့ ဒုတိယအဒေါ်နဲ့အတူ ရှိနေတယ်လေ"

ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီကျင့်ရုံက စိတ်မအေးဖြစ်သွားဟန်ဖြင့် ထပ်ပြောလိုက်သည်။

"မေမေကလည်း... ရွှမ်အာကို အဲဒီ... ဟိုမိန်း... ဒုတိယအဒေါ်နဲ့ နှစ်ယောက်တည်း ဘယ်လိုလုပ် လွှတ်ထားနိုင်ရတာလဲ"

‘ဟူး... ငါပါ အတူလိုက်သွားရမှာ... ငါ သာရှိနေရင် အဲဒီရက်စက်တဲ့ မိထွေးက ရွှမ်အာကို ဘယ်လိုနည်းနဲ့မှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး’

ထိုအတွေးနှင့်အတူ ရွှီကျင့်ရုံက သူ့လက်သီးဆုပ်လေးများကို တင်းတင်း ဆုပ်လိုက်ပြီး အနောက်ခြံဝင်းသို့ သွားရန် ထိုင်နေရာမှ ထလိုက်သည်။

'မဖြစ်ဘူး၊ ငါ သွားကြည့်မှ ဖြစ်မယ်'

"ပြန်ထိုင်စမ်း"

လုသခင်မက တင်းမာသောလေသံဖြင့် လှမ်းပြောလိုက်သည်။

"မင်းရဲ့ တတိယညီလေးနားမှာ အထိန်းတော်ကျိ ရှိနေတယ်လေ၊ မင်းက ဘာသွားလုပ်မှာလဲ၊ လူအများကြီးရှိနေတဲ့ကြားမှာ ဝမ်ရှီက ရွှမ်အာကို ဘယ်လိုလုပ် နှိပ်စက်နိုင်ပါ့မလဲ’

ထိုသို့ တွေးလိုက်သော်လည်း လုသခင်မကိုယ်တိုင်လည်း စိတ်ထဲမှာ မစိုးရိမ်ဘဲ မနေနိုင်ချေ။

အနောက်ဘက်ခြံဝင်းမှ အစားအသောက်များအား ရွှီယွိရွှမ် အသားမကျမည်ကိုလည်း သူမ စိုးရိမ်နေသည်။ ကလေးက ဝမ်ယဲ့နှင့် မရင်းနှီးမည်ကိုလည်း သူမ စိုးရိမ်နေသည်။ ထိုထက်ပိုသည်က ဝမ်ယဲ့က ကလေးအပေါ် ကောင်းကောင်းမဆက်ဆံမည်ကိုလည်း သူမ တွေးပူနေသေးသည်။

ရွှီကျင့်ရုံကတော့ အမေဖြစ်သူကို မလွန်ဆန်ရဲသဖြင့် မကျေမနပ် ပြန်ထိုင်ပြီး ထမင်းဆက်စားနေရသည်။

သို့သော် သူ၏ စားနှုန်းက ပုံမှန်ထက် အများကြီး ပိုမြန်နေသည်။

ထမင်းနှစ်ပန်းကန် စားပြီးသွားချိန်တွင် ရွှီကျင့်ရုံက သူ့ပါးစပ်ကို အမြန်သုတ်ပြီး ပြောလာပြန်သည်။

"မေမေ... သား ဒုတိယအဒေါ်ကို ဂါရဝပြုဖို့ အနောက်ဘက်ခြံဝင်းကို သွားလိုက်ဦးမယ်"

သူက သူ့ညီလေးကို သွားကြည့်မည်ဟု မပြောဘဲ လူကြီးသူမကို သွားနှုတ်ဆက်မည်ဟု အကြောင်းပြလိုက်သည်။ ထိုသို့ဆိုလျှင်တော့ အမေဖြစ်သူက သူ့ကို တားဆီးတော့မည်မဟုတ်ပေ။

သို့သော် သူ အပြင်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် သူမသား၏ ဒေါသတကြီး အော်ဟစ်သံကို လုသခင်မ ကြားလိုက်ရသည်။

"အမေ.... အမေပြောတော့ အနိုင်မကျင့်ပါဘူးဆို၊ အခု ရွှမ်အာရဲ့ မျက်နှာကို ကြည့်ဦး၊ ဒါတွေက ဘာတွေလဲ"

လုသခင်မလည်း ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရပြီး အပြင်သို့ အပြေးထွက်ကာ မေးလိုက်ရသည်။

"ရွှမ်အာ မျက်နှာမှာ ဘာဖြစ်လို့လဲ"

သူမ မြင်လိုက်ရသည်က အထိန်းတော်ကျိ ပွေ့ချီလာသည့် ရွှီယွိရွှမ် ဖြစ်သည်။ ကလေး၏ မျက်နှာတစ်ခုလုံးတွင် စက္ကူစများ ဖုံးလွှမ်းနေသည်။ ဘေးနားရှိ အစေခံမလေးများက စိတ်ပူနေပုံရပြီး ထိုစက္ကူစများကို ဖယ်ပေးရန် အကြိမ်ကြိမ် ကြိုးစားနေသော်လည်း ရွှီယွိရွှမ်က သူ၏လက်ကလေးများဖြင့် ပုတ်ထုတ်ကာ အဖယ်မခံဘဲ ကာကွယ်နေသည်။

ရွှီကျင့်ရုံ၏ အသံကို ကြားလိုက်ရသောအခါ ရွှီယွိရွှမ်က သူ၏ မျက်ခုံးကို ကာနေသည့် စက္ကူစအရှည်နှစ်ခုကို လက်ကလေးဖြင့် ဘေးသို့တွန်းဖယ်လိုက်ပြီး ဝိုင်းစက်နေသော သူ့မျက်လုံးလေးများကို ဖော်ပြလိုက်သည်။ ထို့နောက် ကလေးလေးက ရွှီကျင့်ရုံကို ကြည့်ကာ တခိခိ ရယ်မောပြနေသည်။

ရွှီကျင့်ရုံက မကျေမနပ်ဖြစ်နေပြီး နောက်မှ လိုက်လာသည့် လုသခင်မဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။

"မေမေ... သွားပြီ ထင်တယ်၊ ရွှမ်အာ... အဲဒီရက်စက်တဲ့မိထွေးကြောင့် အရူးဖြစ်သွားပြီ ထင်တယ်"

လုသခင်မ : "..."

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment