chapter 23
အခန်း ၂၃ အနောက်ဘက်ခြံဝင်းက အသားကင်
နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် လျိုယာတစ်ယောက် သူမရှေ့တွင် မျက်နှာသေဖြင့် ထိုင်နေသော လျိုရှင်းကို ကြည့်ကာ မအောင့်နိုင်ဘဲ ရယ်မောနေလေသည်။
လျိုရှင်း : "..."
အနောက်ဘက်ခြံဝန်းအတွင်းမှ ပေသီးခေါက်သံများက ရက်အတော်ကြာအောင် ပဲ့တင်ထပ်နေခဲ့သည်။ ထိုအတောအတွင်း ဝမ်ယဲ့က စာရင်းစာအုပ်များနှင့် ပတ်သက်ပြီး ရှုပ်ထွေးလှသော မေးခွန်းအချို့ကို ရွေးထုတ်ကာ လုသခင်မ အလုပ်အရှုပ်ဆုံးအချိန်များကို ရွေးချယ်ပြီးမှ တမင်တကာ သွားရောက်မေးမြန်းခဲ့သည်။
အကြိမ်အနည်းငယ်ခန့် ထိုသို့သွားရောက်ပြီးနောက်တွင် လုသခင်မက ထိုစာရင်းများကို တကယ် နားမလည်ပါက လျိုယာနှင့် လျိုရှင်းတို့ကိုသာ တွက်ချက်ခိုင်းထားရန်နှင့် သူမအနေဖြင့် ဘေးမှ သေချာကြီးကြပ်ပေးရန်သာ ဝမ်ယဲ့ကို ပြောလာခဲ့သည်။
ငါးရက်၊ ခြောက်ရက်လောက် ပေသီးခေါက်ပြီး စာရင်းတွက်နေရတဲ့ လျိုယာနဲ့ လျိုရှင်း : "..."
ဝမ်ယဲ့ကတော့ လုသခင်မ၏ စေတနာကို လေးစားနေပြီး မပစ်ပယ်လိုသောကြောင့် ကြီးကြပ်သူအဖြစ် တာဝန်ယူလိုက်သည်။
ခုနစ်ရက်၊ ရှစ်ရက်ခန့် ကြာပြီးနောက်တွင် ဝမ်ယဲ့က ထိုနှစ်ယောက်စလုံး အင်အားကုန်ခမ်းကာ နှင်းရိုက်ခံထားရသည့် ခရမ်းသီးများကဲ့သို့ နွမ်းလျနေသည်ကို သတိပြုမိသွားသည်။ သူမက ထိုနှစ်ယာက်၏ အသက်မဲ့နေသော မျက်လုံးများကို ကြည့်ကာ သူမ၏လက်ကို ဟန်ပါပါ ဝေ့ယမ်းလိုက်ပြီး သိုးနံရိုးကင်နှင့် ဝက်လက်ကင်များ ကျွေးမွေးရန် ဆုံးဖြတ်လိုက်သည်။
ပြီးခဲ့သည့်တစ်ခေါက်က သူမ ဝက်လက်ကင် စားချင်ခဲ့သေးသည်။ သို့သော် ထိုနေ့က ရွှီယွဲ့ကျား ရှိနေသောကြောင့် မလုပ်ဖြစ်ခဲ့ပေ။ နောက်ပိုင်းတွင်လည်း သူမ လုံးဝ မေ့လျော့သွားခဲ့သည်။
ယနေ့က ထိုအရာကို အစားထိုးစားသောက်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်လာချေပြီ။
ဝမ်ယဲ့က ရက်ရက်ရောရောဖြင့် သူတို့ကို နေ့တစ်ဝက်စာ အားလပ်ခွင့်ပေးလိုက်သည်။ သိုးနံရိုးများကို နာရီပေါင်းများစွာကြာအောင် နယ်ဖတ်နှပ်ထားခဲ့ပြီး ယခု ကင်ရန် စောင့်ဆိုင်းနေခြင်းပင်။
ဝက်လက်များကိုလည်း မီးဖြင့် မြှိုက်ကာ ပျားရည်သုတ်ပြီး တစ်ဖက်ပြီး တစ်ဖက် လှည့်ပေးကာ ကင်နေကြသည်။
နှင်းများရပ်သွားပြီးနောက် ကိုက်ခဲမတတ် အေးစက်သော လေပြင်းများ စတင်တိုက်ခတ်လာသည်။
သူမတို့ ခြံဝန်းထဲတွင် အသားကင်နေကြသော်လည်း ဘေးတွင် မီးသွေးဖိုများ ချထားသောကြောင့် သိပ်မအေးလှပေ။
အရှေ့ဘက်ခြံဝန်း၌ စာအုပ်များကြားထဲတွင် နစ်မြုပ်နေသော ရွှီကျင့်ရုံက ရုတ်တရက် လေထဲမှ အနံ့တစ်ခုကို ရှူရှိုက်မိသွားသည်။
‘ဒါက ဘာအနံ့လဲ... အရမ်းမွှေးတာပဲကွာ’
သူ စာအုပ်ကို ချလိုက်ပြီး အခန်းပြင်သို့ ထွက်လာခဲ့သည်။ ဘေးခန်းတွင် နေသည့် ရွှီကျင့်လင်းကလည်း ခေါင်းလေးပြူထွက်လာပြီး တိုးတိုးလေး မေးလာခဲ့သည်။
"အကြီးဆုံးအစ်ကို... အစ်ကိုလည်း အဲ့ဒီအနံ့ကို ရတယ်မလား"
ထိုအနံ့က လေထဲတွင် ခဏမျှ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသော်လည်း သူ လုံးဝမမှားနိုင်ကြောင်း သေချာနေသည်။
ရွှီကျင့်လင်းက အစားအသောက် ဝါသနာပါသူဖြစ်ပြီး အနည်းငယ်မျှသော အနံ့ကပင် သူ့နှာခေါင်းအောက်မှ မလွတ်နိုင်ခဲ့ပေ။ သူက သွားရည် ကျနေရင်း တွေးတွေးဆဆ ပြောနေရှာသည်။
"ဝက်လက်ကင်နံ့နဲ့ တူတယ်...မဟုတ်ရင်တောင် အဲ့လို ဆင်တူတာတစ်ခုခု..."
ညီအစ်ကိုနှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြပြီး အရှေ့ဘက်ခြံဝန်းမှ အစေခံများနှင့် အထိန်းတော်များကို ရှောင်ကွင်းကာ အပြင်သို့ ခိုးထွက်လာခဲ့ကြသည်။
အနံ့နောက်သို့ လိုက်လာရင်း သူတို့နှစ်ယောက် လမ်းအနည်းငယ် မှားသွားခဲ့သော်လည်း နောက်ဆုံးတွင် အနောက်ဘက်ခြံဝန်း၏ မလှမ်းမကမ်းရှိ အမိုးခုံးတံတားပေါ်သို့ ရောက်ရှိလာခဲ့သည်။ သို့သော် လခြမ်းတံခါးကို စောင့်နေသော အဘွားအိုက သူတို့ကို လှမ်းမြင်သွားခဲ့သည်။
ထိုအစေခံမကြီးကလည်း တခြားခြံဝန်းမှ အစေခံတစ်ယောက် လျှောက်သွားနေသည်ဟု ထင်လိုက်မိသောကြောင့် အနီးကပ်ကြည့်လာကြည့်လိုက်သည်။ သို့သော် အကြီးဆုံးသခင်လေးနှင့် ဒုတိယသခင်လေးတို့ ဖြစ်နေသည်ကို သူမ သိလိုက်ရသည်။
တံခါးစောင့်အဘွားအိုက သူတို့ကို ကြိုဆိုရန် အမြန်ပြေးလာပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။
လူတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်လိုက်သည်နှင့် ရွှီကျင့်ရုံက ချက်ချင်း ကိုယ်ကို မတ်လိုက်ပြီး သူ့ဖခင် ရွှီနယ်စားမင်း၏ ပုံစံကို အတုယူကာ လက်နှစ်ဖက်ကို နောက်ပစ်ရင်း ကျောကိုဆန့်ကာ ရင်ဘတ်ကို မတ်ထားလိုက်သည်။
ရွှီကျင့်လင်းကလည်း အစ်ကိုဖြစ်သူ၏ ဟန်ပန်ကို အတုခိုးပြီး လိုက်လုပ်သော်လည်း သူ့လက်တိုတိုလေးများနှင့် ဖောင်းအိနေသော ကိုယ်လုံးလေးကြောင့် သူ့လက်နှစ်ဖက်က ကျောဘက်သို့ မရောက်နိုင် ဖြစ်နေရှာသည်။
ရွှီကျင့်ရုံက တမင်တကာ အသံကို နှိမ့်လိုက်ပြီး ပြန်ပြောလိုက်သည်။
"ထပါ"
တံခါးစောင့်က တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ပြန်ရပ်လိုက်သည်။
ထို့နောက် ရွှီကျင့်ရုံက ချောင်းတစ်ချက် ဟန့်လိုက်ကာ ဟန်ပါပါ ထပ်ပြောလိုက်သည်။
"ငါ ကျင့်လင်းကို ခေါ်ပြီး ဒုတိယအဒေါ်ကို ဂါရဝပြုဖို့ လာတာ၊ သွားပြီး သတင်းပို့လိုက်"
အကြီးဆုံးသခင်လေး၏ စကားကို မငြင်းဆန်ရဲသည့် တံခါးစောင့်က အမြန်ဦးညွှတ်ပြီး သတင်းပို့ရန် ပြေးဝင်သွားသည်။
ရွှီကျင့်ရုံနှင့် သူ့ညီလေးက လခြမ်းတံခါးအပြင်တွင် ရပ်နေရင်း အသက်ကို ဝဝရှူလိုက်ကြသည်။ မွှေးရနံ့က အနောက်ဘက်ခြံဝန်းဆီမှ လာနေခြင်းပင်။
‘ညီလေးပြောခဲ့တဲ့ ဝက်လက်ကင်အပြင် သိုးနံရိုးကင်နံ့ပါ ရောပါနေသလိုပဲ’
ရွှီကျင့်ရုံက ငယ်ငယ်ကတည်းက တစ်လလျှင် အနည်းဆုံး ရက်ပေါင်းနှစ်ဆယ်ခန့်ကို ပင်မခြံဝန်းရှိ သူ့မိခင်နှင့်အတူ စားသောက်ရလေ့ရှိသည်။ သူ့မိခင်က ပေါ့သော အရသာများကိုသာ နှစ်သက်ပြီး ကလေးများအနေဖြင့်လည်း အလွန်အမင်း စပ်သော သို့မဟုတ် ငန်သော အစားအစာများကို ရှောင်ကြဉ်သင့်သည်ဟု ယုံကြည်ထားသည်။
သိုးနံရိုး သို့မဟုတ် ဝက်လက်များကို ထမင်းဝိုင်းတွင် တွေ့ရသည့်တိုင်အောင် များသောအားဖြင့် ဟင်းရည်အဖြစ်သာ တည်ခင်းလေ့ရှိသည်။ ရွှီကျင့်ရုံ ထိုဟင်းလျာများကို ငြီးငွေ့နေသည်မှာ ကြာနေပြီ ဖြစ်သော်လည်း ပင်မခြံဝန်းတွင် မစားသည့်ရက်များ၌ပင် သူ့မိခင်၏ ခွင့်ပြုချက်မပါဘဲ အရှေ့ဘက်ခြံဝန်းရှိ မီးဖိုချောင်က သူ့အတွက် ထိုသို့သောဟင်းမျိုး မချက်ပေးရဲကြပေ။
သိုးနံရိုးကင်နှင့် ဝက်လက်ကင်ဆိုသည်က သူတို့ညီအစ်ကိုနှစ်ယောက် တစ်နှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ထက်ပို၍ မစားရသော ရှားပါးစာများ ဖြစ်သည်။ ကံကောင်းပြီး စားရလျှင်လည်း တစ်ယောက်ကို နှစ်တုံးထက် ပိုမစားရန် ကန့်သတ်ခံထားရသေးသည်။
တံခါးစောင့်အဘွားအိုက အလွန် လျင်မြန်ပြီး ညီအစ်ကိုနှစ်ယောက် သိပ်ကြာကြာ မစောင့်လိုက်ရပေ။ သို့သော် သူမ၏ရှေ့တွင် အခြားတစ်ယောက်က အရင်ဦးအောင် လျှောက်လာနေသည်။
ထိုသူက ဒုတိယအဒေါ်၏ အစေခံမလေးဖြစ်သော ယွင်ကျီ ဖြစ်ကြောင်း ရွှီကျင့်ရုံ မှတ်မိလိုက်သည်။
ယွင်ကျီက သူတို့ အနားသို့ ချဉ်းကပ်လာပြီး ဒုတိယသခင်လေးယောက်ကို အရင် ဦးညွှတ်လိုက်သည်။ ထို့နောက် သူတို့ကို ဖိတ်ခေါ်လိုက်သည်။
"အကြီးဆုံးသခင်လေးနဲ့ ဒုတိယသခင်လေး... ဒီအစေခံ နောက်ကို လိုက်ခဲ့ပေးပါရှင့်"
ခြံဝန်းထဲတွင် သိုးနံရိုးနှင့် ဝက်လက်ကင်များက တစ်ဝက်ခန့် ကျက်နေပြီ ဖြစ်သည်။ တဖြဖြ မြည်အောင် ထွက်လာသော အဆီများက မီးသွေးခဲများပေါ်သို့ ကျသွားပြီး မီးတောက်များ ဝုန်းခနဲ ထလာသဖြင့် ထောင်ကျီတစ်ယောက် လန့်ဖျန့်ကာ နောက်ဆုတ်လိုက်ရသည်။
ကြောက်လည်းကြောက်၊ မီးကိုလည်း ဆွချင်နေသော ထောင်ကျီ၏ ပုံစံကိုကြည့်ကာ ဝမ်ယဲ့တစ်ယောက် မအောင့်နိုင်ဘဲ တဟားဟား အော်ဟစ်ရယ်မောနေသည်။
တည်တည်ငြိမ်ငြိမ် နေလေ့ရှိပြီး တောင့်တောင့်လေးများ ဖြစ်နေသော လျိုယာနှင့် လျိုရှင်းတို့ပင် ဝမ်ယဲ့နှင့် ထောင်ကျီတို့၏ စနောက်နေမှုကြောင့် စိတ်လက်ပေါ့ပါး သွားကြရသည်။
ဝမ်ယဲ့က အဝေးမှ ချဉ်းကပ်လာသော ပုံရိပ်လေးနှစ်ခုကို မြင်သွားပြီး ထိုင်ခုံမှ ထရပ်လိုက်သည်။ ခြံဝန်းထဲရှိ အစေခံများကလည်း ချက်ချင်း မတ်တပ်ထရပ်ကာ ရွှီကျင့်ရုံနှင့် ရွှီကျင့်လင်းတို့ကို အရိုအသေ ပေးလိုက်ကြသည်။
ဝမ်ယဲ့က သူမလက်ရှိ မီးသွေးမှုန့်များကို ခါထုတ်လိုက်ပြီး မျက်လုံးတောက်တောက်လေးများဖြင့် လှမ်းမေးလိုက်သည်။
"အကြီးဆုံးသခင်လေး... ဒုတိယအဒေါ် ပေးထားတဲ့ စာအုပ်တွေကို ဖတ်ပြီးသွားပြီလား"
ရွှီကျင့်ရုံ : "..."
'ဒုတိယအဒေါ်ကတော့ အနာကို ဆားပတ်တဲ့နေရာမှာ တော်တော်ကျွမ်းကျင်တာပဲ'
သူက သက်ပြင်းတစ်ချက်ချရင်း ပြန်ပြောလိုက်သည်။
"ဒုတိယအဒေါ်... နောက်ဆို ကျွန်တော့်ကို ကျင့်ရုံလို့ပဲ ခေါ်ပါ"
‘"အကြီးဆုံးသခင်လေး" လို့ အခေါ်ခံရတာက အရမ်း စိမ်းကားလွန်းတယ်၊ ဘယ်လိုလုပ်ပြီး သိုးနံရိုးကင် စားချင်တယ်လို့ ပြောနိုင်တော့မှာတုန်း’
ဝမ်ယဲ့က ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပါပြီ၊ မင်း ဆန္ဒအတိုင်းပဲပေါ့"
ထို့နောက် ဝမ်ယဲ့က ညီအစ်ကိုနှစ်ယောက်ကို တစ်ချက်ဝေ့ကြည့်ကာ ထပ်မေးလိုက်ပြန်သည်။
"မင်းတို့နှစ်ယောက် ဒီကို စာလာသင်တာတော့ မဟုတ်လောက်ပါဘူးနော်"
သူမ၏ ခြံဝန်းထဲက စာပေလိုက်စားရန် သင့်တော်သည့်နေရာ မဟုတ်သည်ကို ဝမ်ယဲ့ကိုယ်တိုင် အသိဆုံး ဖြစ်သည်။
ရွှီကျင့်ရုံတစ်ယောက် စကားစရန် စဉ်းစားနေဆဲမှာပင် သူ့၏ သစ္စာဖောက် ညီလေးကတော့ လွှတ်ခနဲ ပြောချလိုက်သည်။
"သိုးနံရိုးကင်"
ရွှီကျင့်လင်းက စိတ်လှုပ်ရှားစွာဖြင့် ထပ်အော်ပြောလိုက်သေးသည်။
"ပြီးတော့ ဝက်လက်ကင်လည်း ပါသေးတယ်"
ငါးနှစ်၊ ခြောက်နှစ်အရွယ်သာ ရှိသေးသော်လည်း ရွှီကျင့်လင်းက စကားကို ရှင်းရှင်းလင်းလင်း ပြောနိုင်နေပြီ ဖြစ်သည်။ သို့သော်လည်း သူ စိတ်လှုပ်ရှားနေသောကြောင့် သွားရည်တစ်စက် ထွက်ကျလာကာ အသံကလည်း အနည်းငယ် တုန်ယင်သွားရသည်။
ရွှီကျင့်ရုံက သူ့ညီ၏ပါးစပ်ကို ပိတ်ရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့ချေပြီ။
‘သွားပါပြီကွာ... ဒုတိယအဒေါ်ရဲ့ရှေ့မှာ ငါ့ရဲ့ ခန့်ညားတဲ့ ပုံရိပ်လေးလေး ပျက်စီးသွားပါပြီကွာ။’
ဝမ်ယဲ့ကတော့ အောင့်မထားနိုင်ဘဲ အားရပါးရ ရယ်မောနေသည်။ ရွှီကျင့်ရုံကလည်း တည်တည်ငြိမ်ငြိမ် ဖြစ်နေစေရန် အစွမ်းကုန် ကြိုးစားနေရှာသည်။
ဝမ်ယဲ့က ကလေးငယ်၏ ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်ရင်း စနောက်လိုက်သည်။
"အဲ့ဒီလောက် အဝေးကြီးကနေ အနံ့ရတာလား၊ မင်းမှာ ခွေးနှာခေါင်းလေး ပါလာတာလားတောင် မသိတော့ဘူး"
သူတို့ အစေခံ သို့မဟုတ် အထိန်းတော်တစ်ယောက်မှ မပါဘဲ ရောက်လာသောကြောင့် ကလေးနှစ်ယောက် ခိုးထွက်လာခဲ့ခြင်း ဖြစ်ကြောင်း ဝမ်ယဲ့ ခန့်မှန်းလိုက်သည်။
‘သူတို့ကိုယ်သူတို့တော့ တိတ်တဆိတ် ထွက်လာနိုင်တယ်လို့ ထင်နေကြပုံပဲ။’
ကံကောင်းသည်က ဝမ်ယဲ့ အလုံအလောက် ပြင်ဆင်ထားခြင်းပင်။ ခြံဝန်းအတွင်း နွေးထွေးစေရန်အတွက် သိုးနံရိုးကင်နှစ်ခြမ်း နှင့် ဝက်လက် အမြောက်အမြားကို ကင်ထားခြင်း ဖြစ်သည်။ ပိုလျှံသည်များကို အနောက်ဘက်ခြံဝန်းမှ အစေခံများအား ခွဲဝေပေးရန် သူမ ရည်ရွယ်ထားခဲ့သည်။ ယခု ထိုညီအစ်ကိုနှစ်ယောက်စားမည်ဆိုလျှင်လည်း လိုအပ်သည်ထက် ပိုလျှံနေသေးသည်။
သို့သော် ထိုနှစ်ယောက်က ဝတ်ရုံများ မပါဘဲ အလျင်စလို ပြေးထွက်လာကြခဲ့သည်။ ဝမ်ယဲ့က ယွင်ကျီအား သူမ၏ ဝတ်ရုံနှစ်ထည်ကို ယူခိုင်းလိုက်ပြီး ကလေးများအား လေတိုက်ဒဏ်မှ ကာကွယ်ပေးရန် ယာယီ ဝတ်ဆင်ခိုင်းလိုက်သည်။
ပန်းရောင်ဝတ်ရုံကြီးကို ခြုံထားရသဖြင့် ရွှီကျင့်ရုံက အနည်းငယ် အနေရခက်သလို ခံစားနေရသော်လည်း ရွှီကျင့်လင်းကတော့ သိုးနံရိုးကင်နှင့် ဝက်လက်ကင်များကိုသာ စိတ်ရောက်နေပြီး ဘာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။
ဝမ်ယဲ့က အသားကင်များ၏ အီဆိမ့်မှု ပြေပျောက်စေရန်အတွက် ဟင်းသီးဟင်းရွက် အချို့ကိုလည်း တံစို့ထိုးထားပြီး ကင်ရန် ပြင်ဆင်ထားသေးသည်။
ရွှီကျင့်လင်းတစ်ယောက် သွားရည်တမြားမြား ဖြစ်နေသည်ကို မြင်နေရသောကြောင့် ဝမ်ယဲ့က ထောင်ကျီကို ဂေါ်ဖီထုပ်တစ်ချောင်း ကင်ခိုင်းလိုက်ပြီး အရသာအကျဲလေး သုတ်ကာ ကလေးငယ်ထံ လှမ်းပေးလိုက်သည်။
၎င်းက ကလေးလေး၏ဗိုက်ကို ခဏတာ ချော့မြှူထားနိုင်မည် ဖြစ်သည်။
ရွှီကျင့်ရုံကတော့ သူ့ညီလေး စားနေသည်ကို မြင်သည်နှင့် ထောင်ကျီ၏ လှုပ်ရှားမှုများကို အတုယူကာ အရွက်သီတံနှစ်တုံးကို ဆွဲယူပြီး ကိုယ်တိုင်ကင်ရန် ကြိုးစားနေသည်။ ဝမ်ယဲ့ကလည်း ထောင်ကျီကို မကူခိုင်းဘဲ သူ့ဘာသာသူ နည်းလမ်းရှာခိုင်းရန် လွှတ်ထားလိုက်သည်။
‘တကယ်လို့ တူးသွားရင်တော့.... သူဘာသာ စားရမှာ အသေအချာပဲ’
ရွှီကျင့်ရုံနှင့် ရွှီကျင့်လင်းတို့လည်း ဟင်းသီးဟင်းရွက် မကြိုက်ကြသူများ ဖြစ်သည်။ သို့သော် ယနေ့ သူတို့ကိုယ်တိုင်ကင်သည့် ဟင်းရွက်များကတော့ ထူးထူးခြားခြား အရသာရှိနေပြီး သူတို့ မှတ်မိနေသည့် ပေါ့ပျက်ပျက်အရသာများနှင့် လုံးဝ မတူနေပေ။
သူတို့ တစ်ချောင်း စားပြီးတိုင်း နောက်တစ်ခု စားချင်လာကာ လက်မသုတ်နိုင် ဖြစ်နေကြသည်။
မကြာခင်မှာပင် သိုးနံရိုးကင်နှင့် ဝက်လက်ကင်များလည်း အဆင်သင့် ဖြစ်သွားခဲ့သည်။ ဒုတိယသခင်လေးယောက် ရှိနေသောကြောင့် လျိုယာနှင့် လျိုရှင်းတို့က ထိုနေရာတွင် ဆက်နေပြီး အတူတူ မစားရဲကြတော့ပေ။
ဝမ်ယဲ့က ထိုမိန်းကလေးနှစ်ဦး၏ စွဲမြဲနေသော အမူအကျင့်များကို မပြင်နိုင်မှန်း သိသဖြင့် ယွင်ကျီအား သိုးနံရိုးနှင့် ဝက်လက်လေးပုံတစ်ပုံခန့်ကို ထုပ်ပိုးခိုင်းလိုက်ပြီး သူမတို့၏ အခြားညီအစ်မများနှင့်အတူ ခွဲဝေစားသောက်နိုင်ရန် ပြန်လွှတ်လိုက်သည်။
ခြံဝန်းအတွင်း၌ လူနည်းသွားချိန်တွင် ရွှီကျင့်ရုံက သူ့ဗိုက်ကလေးကို ပုတ်ကာ ကြုံးဝါးလိုက်သည်။
"ကျွန်တော် စစ်သူကြီး ဖြစ်လာတဲ့အခါ ကျွန်တော့်ရဲ့ စစ်သည်တော်တွေလည်း အခုလိုမျိုး စားရအောင် လုပ်ပေးမယ်"
ဝမ်ယဲ့ကတော့ ယွင်ကျီ ကမ်းပေးသည့် ဝက်လက်ကို ခေါင်းမဖော်တမ်း အားရပါးရ ကိုက်နေရင်း ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့ မင်း စာအုပ်တွေကို သေချာဖတ်ဖို့ လိုလိမ့်မယ်"
ရွှီကျင့်ရုံက သူ့လက်သေးသေးလေးကို ဝေ့ယမ်းကာ ငြင်းဆန်လိုက်သည်။
"စာသင်တာက ပညာရှိ ဖြစ်ချင်တဲ့သူတွေအတွက်ပဲလေ၊ ကျွန်တော်ကတော့ အဖေ့လိုမျိုး နာမည်ကျော် စစ်သူကြီးတစ်ယောက် ဖြစ်လာမှာ"
ဝမ်ယဲ့က ခေါင်းညိတ်ပြပြီးမှ ထပ်ပြောလိုက်သည်။
"အင်း... အဲ့လိုဆိုရင်တော့.... မြို့တံခါးက ဆိုင်းဘုတ်ကိုတောင် မဖတ်တတ်တဲ့ စစ်သူကြီးက စာမတတ်တဲ့ စစ်သည်တွေကို ဦးဆောင်ပြီး မှားယွင်းတဲ့ မြို့ကို သွားတိုက်ခိုက်မိရင်တောင် စစ်တပ်တစ်တပ်လုံး ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူးနော်"
ရွှီကျင့်ရုံ၏ မျက်နှာလေးက ရဲခနဲ ဖြစ်သွားပြီး ဗလုံးဗထွေး ပြန်ပြောနေရှာသည်။
"ဒါဆိုလည်း စာလုံးတွေ အကုန်လုံးကို ဖတ်တတ်အောင် သင်လိုက်မှာပေါ့"
‘ငါကတော့ မြို့မှားပြီး သွားတိုက်မိတဲ့ စစ်သူကြီး အဖြစ်မခံနိုင်ဘူးကွ။ အရမ်း ရှက်စရာ ကောင်းတယ်’
ဝမ်ယဲ့က သူ့ကို တစ်ချက်ကြည့်ကာ ထပ်ဖြည့်ပြောလိုက်ပြန်သည်။
"ဟုတ်ပါပြီ... စာပဲ ဖတ်တတ်ပြီး စစ်ဗျူဟာကျမ်းတွေကို တစ်မျက်နှာတောင် နားမလည်တဲ့ စစ်သူကြီးပေါ့၊ ရန်သူက ရိုးရိုးရှင်းရှင်း စစ်ဗျူဟာလေးတစ်ခု သုံးလိုက်ရုံနဲ့ မင်းနဲ့ မင်းရဲ့စစ်တပ်တစ်ခုလုံးကို အလွယ်တကူ ထောင်ချောက်ထဲ ဖမ်းထည့်လိုက်မှာနော်"
ရွှီကျင့်ရုံ၏မျက်နှာလေးက ပိုနီလာပြီး အလောတကြီး ပြန်အော်ပြောလိုက်သည်။
"ကျွန်တော်က အဲ့ဒီလောက် မအပါဘူး"
ဝမ်ယဲ့က ဝက်လက်တစ်တုံးကို အကုန်စားလိုက်ပြီး ပန်းလက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။ ခဏကြာမှသာ သူမက အေးအေးဆေးဆေး ထပ်ပြောလိုက်သည်။
"ဟုတ်လို့လား... ဒါဆို မင်း အတန်းထဲက စာမေးပွဲတွေမှာ ဘာလို့ အမှတ်ကောင်းကောင်း မရတာလဲ၊ ဒုတိယအဒေါ် အဲ့အကြောင်းကို ကြားဖူးတယ်နော်"
သူ့၏ အားနည်းချက်ကို အထိုးခံလိုက်ရသဖြင့် ရွှီကျင့်ရုံတစ်ယောက် အရှက်လည်းရ၊ အံလည်းကြိတ်ချင် ဖြစ်သွားရသည်။ သူက ထိုဒေါသများကို အစာစားခြင်းဆီသို့ ပြောင်းလဲလိုက်ပြီး သိုးနံရိုးကင်မှ အသားတစ်ဖဲ့ကို အားရပါးရ ကိုက်ဖဲ့လိုက်သည်။
‘စစ်သူကြီး ဖြစ်ရတာ တော်တော် ခက်တာပဲ... ထားလိုက်ပါတော့လေ၊ ဒီသိုးနံရိုးကင်က တကယ် အရသာရှိတာပဲ’
.......။.......။.......
ပင်မခြံဝန်းတွင်......
တစ်နေ့လုံး အလုပ်ရှုပ်နေသော လုသခင်မက ညစာမစားမီ ခဏတာမျှ အနားယူခွင့် ရနေလေသည်။
သို့သော်လည်း သူမနှင့်အတူ ညစာစားရမည့် သားနှစ်ယောက်က အရိပ်အယောင်ကိုပင် မတွေ့ရသေးပေ။
ရွှီယွိရွှမ် တစ်ယောက်သာ သူမအနားတွင် ပတ်ချာလှည့် ဆော့ကစားနေသည်။ လုသခင်မက ချစ်စနိုးဖြင့် သူ့ခေါင်းလေးကို လှမ်းပုတ်ပေးလိုက်ရင်း အထိန်းတော်ဟန်ကို မေးလိုက်သည်။
"ကျင့်ရုံနဲ့ ကျင့်လင်းတို့ ဘယ်ရောက်နေကြလဲ"
ပုံမှန်ဆိုလျှင် ဤအချိန်၌ ညီအစ်ကိုနှစ်ယောက်လုံး ပင်မခြံဝန်းသို့ ရောက်နေကြပြီ ဖြစ်သည်။
အထိန်းတော်ဟန်က ပြန်ဖြေလိုက်သည်။
"ကျွန်မ ချင်းရွှယ်ကို အရှေ့ဘက်ခြံဝန်းဆီ လွှတ်ထားပါတယ်"
သူမတို့ စကားပြောနေစဉ်မှာပင် ချင်းရွှယ် ပြန်ရောက်လာသည်။ သူမနောက်တွင် ရွှီကျင့်ရုံကို ပြုစုရသည့် အထိန်းတော်တုန် ပါလာခဲ့သည်။
အထိန်းတော်တုန်က လုသခင်မကို ဦးညွှတ်အရိုအသေပေးပြီးမှ အစီရင်ခံလိုက်သည်။
"အကြီးဆုံးသခင်မကို သတင်းပို့ပါတယ်၊ အကြီးဆုံးသခင်လေးနဲ့ ဒုတိယသခင်လေးတို့က မွန်းလွဲပိုင်းလောက်ကတည်းက အရှေ့ဘက်ခြံဝန်းကနေ တိတ်တဆိတ် ထွက်သွားကြတာပါ။ ဒီအစေခံ လူလွှတ်ပြီး နောက်ကနေ မသိမသာ လိုက်ခိုင်းခဲ့ပါတယ်၊ သခင်လေးတို့ အနောက်ဘက်ခြံဝန်းထဲ ဝင်သွားတာကို တွေ့ခဲ့ရပါတယ်၊ အဲ့ဒါကြောင့် သူတို့ကို မနှောင့်ယှက်တော့ဘဲ ပြန်လာခဲ့တာပါ"
လုသခင်မ အံ့ဩတကြီး ရေရွတ်လိုက်သည်။
"သူတို့က အနောက်ဘက်ခြံကို သွားကြတာ.... ဟုတ်လား"
ထို့နောက် သူမက ထပ်မေးလိုက်သည်။
"သူတို့... အိမ်စာတွေရော ပြီးကြပြီလား"
နှင်းများ ဆက်တိုက် ကျနေသောကြောင့် ရွှီနယ်စားမင်းအိမ်တော်သို့ စာလာသင်ပေးသော ပညာရှိအိုကြီးကို ငဲ့ညှာသောအားဖြင့် လုသခင်မက နှင်းများရပ်မှသာ စာပြန်သင်ရန် တောင်းဆိုထားခဲ့သည်။
ထို့ကြောင့် လွန်ခဲ့သောရက်အနည်းငယ်က ရွှီကျင့်ရုံနှင့် ရွှီကျင့်လင်းတို့ ဆရာချန်ထားခဲ့သော သင်ခန်းစာများကိုသာ ဖိဖိစီးစီး လုပ်နေခဲ့ကြသည်။
ညီအစ်ကိုနှစ်ယောက်စလုံးက စာပေပညာတွင် ထူးချွန်ထက်မြက်လှသည်တော့ မဟုတ်ပေ။ လွန်ခဲ့သည့်ရက်များအတွင်းက လုသခင်မနှင့်အတူ ညစာစားရန် ပင်မခြံဝန်းသို့ လာရောက်သည်မှ လွဲ၍ သူတို့၏ အခန်းထဲမှ အပြင်သို့ပင် ထွက်မလာခဲ့ကြချေ။
အထိန်းတော်တုန်က ရိုသေစွာဖြင့် ပြန်ဖြေနေသည်။
"ဒီအစေခံ စစ်ဆေးကြည့်ပြီးပါပြီ၊ အကြီးဆုံးသခင်လေးနဲ့ ဒုတိယသခင်လေးတို့က အရှေ့ဘက်ခြံဝန်းကနေ မထွက်ခင်မှာ သူတို့ရဲ့ အိမ်စာတွေကို အကုန်အစင် လုပ်ပြီးသွားခဲ့ကြတာပါ"
ထိုသို့သာမဟုတ်လျှင် အစေခံများလည်း အဖိုးတန်ဒုတိယသခင်လေးပါးကို ထိုကဲ့သို့ လွှတ်ပေးထားရဲမည်မဟုတ်ပေ။ အကယ်၍ သူတို့ တစ်ခုခုဖြစ်သွားပါက အသေးအဖွဲကိစ္စပင်ဖြစ်ပါစေ အစေခံများ အပြစ်ပေးခံရမည်မှာ မလွဲဧကန်ပင်။
ပုံမှန်အားဖြင့် လုသခင်မက ညီအစ်ကိုနှစ်ယောက် အိမ်စာပြီးသွားပါက အန္တရာယ်မရှိသရွေ့ သူတို့သွားချင်ရာ သွားခြင်းကို တားမြစ်လေ့မရှိပေ။ သို့သော်လည်း အကြောင်းရင်းမရှိဘဲ အနောက်ဘက်ခြံဝန်းသို့ သွားနေကြခြင်းက တစ်ခုခု ထူးခြားနေသလို သူမ ခံစားနေရသည်။
မိမိသခင်မ၏ စိတ်ကို အသိဆုံးဖြစ်သော အထိန်းတော်ဟန်က လုသခင်မ၏ မျက်ခုံးများ တွန့်ချိုးနေသည်ကို မြင်လိုက်သည်နှင့် ခဏမျှ စဉ်းစားပြီးနောက် သူမ၏ ထင်မြင်ချက်ကို တင်ပြလိုက်သည်။
"ဒုတိယသခင်မက စာဖတ်ဝါသနာပါတယ်လို့ ဒီအစေခံ ကြားမိပါတယ်၊ ပြီးတော့ အနောက်ဘက်ခြံဝန်းရဲ့ အငွေ့အသက်က တော်တော်လေး ကြည်နူးဖို့ကောင်းပုံရတယ်။ အကြီးဆုံးသခင်လေးနဲ့ ဒုတိယသခင်လေးတို့က စာဖတ်ဝါသနာပါတဲ့သူနဲ့ နီးစပ်ရင် သူတို့လည်း စာပိုကြိုးစားနိုင်မယ်လို့ တွေးနေပုံရပါတယ်"
အစေခံတစ်ယောက်အနေဖြင့် မိမိသခင် ကြားချင်မည့် စကားမျိုးကိုသာ ပြောဆိုရသည်က သဘာဝပင်။
"အဲ့လိုလား..."
အချိန်ကလည်း နောက်ကျနေပြီဖြစ်သဖြင့် လုသခင်မက ဆက်မတွေးတော့ဘဲ ခပ်ပေါ့ပေါ့ ညွှန်ကြားလိုက်သည်။
"အဲ့ဒီကလေးနှစ်ယောက်ကတော့ အနောက်ဘက်ခြံဝန်းမှာပဲ ညစာစားတော့မှာ ထင်တယ်၊ သူတို့ကို မစောင့်တော့ဘူး၊ ဟန်မား... ဟင်းတွေ ပြင်ခိုင်းလိုက်တော့"
သူမ၏ စကား မဆုံးသေးမီမှာပင် လူသေးသေးလေးတစ်ယောက်က သူမ၏ ရင်ခွင်ထဲသို့ ပြေးဝင်လာကာ ချိုချိုသာသာ ခေါ်လိုက်သည်။
"အဒေါ်..."
လုသခင်မက နူးညံ့သော အပြုံးဖြင့် မေးလိုက်သည်။
"ရွှမ်အာက ဘာပြောချင်လို့လဲ"
ရွှီယွိရွှမ်က ရှက်ကိုးရှက်ကန်း ပြန်ဖြေလာသည်။
"မေမေ... သား.... မေမေ့ဆီ သွားချင်တယ်"
ထိုအချိန်မှသာ လုသခင်မလည်း ဝမ်ယဲ့၏ စာကြည့်ချိန်နှင့် စာရင်းစစ်ချိန်ကို မနှောင့်ယှက်စေရန် သူမနှင့် ရွှမ်အာတို့ ဝမ်ယဲ့အား မတွေ့ဖြစ်သည်မှာ ငါးရက်၊ ခြောက်ရက်ခန့် ရှိသွားပြီဖြစ်ကြောင်း သတိရသွားသည်။ ရွှမ်အာကလည်း ထူးထူးခြားခြား ယနေ့အထိ အောင့်အီးသည်းခံခဲ့ရှာသည်။
လုသခင်မက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူမက အထိန်းတော်ဟန်ကို လှမ်းခေါ်ကာ ညွှန်ကြားလိုက်သည်။
"ဟင်းပွဲတွေ မတည်ခင်းနဲ့ဦး၊ ကောင်းနိုးရာရာ ဟင်းအချို့ကို ရွေးထုတ်ပြီး ကျွန်မနဲ့အတူ အနောက်ဘက်ခြံဝန်းကို လိုက်ခဲ့ပါဦး"
ဤသည်က ထိုကောင်လေးနှစ်ယောက် အနောက်ဘက်ခြံဝန်း၌ ဘာလုပ်နေသည်ကို ကြည့်ရန် အခွင့်ကောင်း ဖြစ်လာခဲ့သည်။
အထိန်းတော်ဟန်က ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်မ"
လုသခင်မက ရှေ့မှ ဦးဆောင်ကာ အထိန်းတော်ကျိက ရွှီယွိရွှမ်ကို ချီပြီး ခြေတစ်လှမ်းခန့်အကွာမှ လိုက်ပါလာသည်။ ရွှီယွိရွှမ်ကို ပြုစုရသည့် အစေခံမလေးနှစ်ဦးလည်း နောက်မှ လိုက်ပါလာကြသည်။ ညာဘက်ဖြစ်နေသောကြောင့် အထိန်းတော်ဟန်၊ ချင်းရွှယ်နှင့် ပိုင်မေ့တို့ ပါလာကြသည်။ လူအုပ်ကြီးက ခန့်ညားထည်ဝါစွာဖြင့် အနောက်ဘက်ခြံဝန်းဆီသို့ ချီတက်သွားကြသည်။
ထိုအတောအတွင်း အနောက်ဘက်ခြံဝန်းမှ လူများကတော့ ဘာကိုမျှ မသိသေးပေ။
ရွှီကျင့်ရုံက သိုးနံရိုး အတော်များများနှင့် ဝက်လက်နှစ်တုံး၊ ထို့မပြင် သူ့အဒေါ် ပြောပြသည့် ကြက်ဥထမင်းကြော် တစ်ပန်းကန်ကိုပါ အားရပါးရ စားပြီးသွားပြီ ဖြစ်သည်။ ယခု သူဗိုက်က အလွန်တင်းနေသဖြင့် ထိုင်ခုံလေးပေါ်တွင် ထိုင်ကာ လက်နှစ်ဖက်ကို မြေပြင်ဘက်သို့ လျောချထားပြီး အနောက်သို့ မှီလျက် ကောင်းကင်ကို မော့ကြည့်နေသည်။
‘နှင်းတွေထဲမှာသာ လှိမ့်နေချင်တော့တာပဲကွာ’
သူ့ပုံစံလေးတွင် ခန့်ညားထည်ဝါမှု လုံးဝမရှိတော့ပေ။ အခြားတစ်ဖက်တွင် ရွှီကျင့်လင်းက ထိုင်ခုံပေါ်တွင် စနစ်တကျ ထိုင်နေသော်လည်း အစားကို ဖြည်းဖြည်းချင်း စားနေပြီး သူ့ကို ပြုစုပေးမည့်သူလည်း မရှိပေ။ သူ ပထမဆုံး ဝက်လက်တစ်တုံးဖြင့် နပန်းလုံးနေရဆဲ ဖြစ်သည်။
ထိုအချိန်မှာပင် အတွင်းတံခါးကို စောင့်နေသော အစေခံမလေးတစ်ယောက်က အပြေးအလွှား သတင်းလာပို့နေသည်။
"ဒုတိယသခင်မ...အကြီးဆုံးသခင်မက သခင်လေးနဲ့အတူ ကျွန်မတို့ ခြံဝန်းကို လာနေပါတယ်"
ဝမ်ယဲ့အနေဖြင့် ထိုစကားကို သေသေချာချာ နားမလည်သေးမီမှာပင် ရွှီကျင့်ရုံက ရေထဲမှ ကန်ထွက်လာသော ငါးတစ်ကောင်ကဲ့သို့ ဝုန်းခနဲ ထရပ်လိုက်ပြီး အလောတကြီး အော်မေးလိုက်သည်။
"ဘာ.... မေမေ လာနေတယ်၊ ဟုတ်လား"
"သွားပြီ... သွားပြီ၊ မေမေ ငါတို့ကို ဒီလိုပုံစံနဲ့ မြင်သွားရင်တော့ လုံးဝကို စိတ်တိုတော့မှာပဲ"
ရွှီကျင့်ရုံက ပျာပျာသလဲဖြင့် ဟိုလျှောက် ဒီလျှောက်လုပ်နေပြီး အတောင်ပံများ ပေါက်ကာ ပျံပြေးသွားချင်နေပုံရသည်။
သူက ဘာကိုမျှ မသိဘဲ ဝက်လက်ကို မြိန်ရည်ယှက်ရည် ကိုက်နေဆဲဖြစ်သော သူ့ညီလေး ရွှီကျင့်လင်းကိုလည်း ငုံ့ကြည့်လိုက်သေးသည်။ နောက်ဆုံးတွင် ရွှီကျင့်ရုံ၏ နှလုံးသားက ကျောက်တုံးတစ်တုံးကဲ့သို့ လေးလံသွားတော့သည်။
‘ဟူး...... ငါ့တင်ပါးလေးကတော့ ဒီနေ့လည်း နာရဦးမှာ သေချာနေပြီ။’
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟