no

Font
Theme

chapter 21

အခန်း ၂၁ အရမ်းစောသွားပြီ ထင်တယ်

ရွှီယွဲ့ကျားတွင် မကြာသေးမီကမှ လက်ခံထားသော ရှုပ်ထွေးလှသည့် ရုံးကိစ္စအချို့ ရှိနေသဖြင့် သူ့၏အစ်ကိုဖြစ်သူ နယ်စားမင်းနှင့် တိုင်ပင်ရန် လိုအပ်နေသည်။ ထို့ကြောင့် ညစာစားပြီးနောက် သူတို့ညီအစ်ကိုနှစ်ယောက်က အရှေ့ဘက်ခြံဝင်းရှိ စာကြည့်ဆောင်သို့ ထွက်သွားကြသည်။

တစ်ဖက်တွင်လည်း ရွှီကျင့်ရုံနှင့် ရွှီကျင့်လင်းတို့က လေးလံလှသော စာအုပ်သေတ္တာငယ် နှစ်လုံးကို ကိုယ်စီသယ်ရင်း လေးလံသော ခြေလှမ်းများကို အားတင်းလှမ်းနေကာ တည်ကြည်လွန်းသော မျက်နှာပေးလေးများဖြင့် အရှေ့ဘက်ခြံဝင်းဆီသို့ တရွေ့ရွေ့ ပြန်သွားကြသည်။

ဝမ်ယဲ့ကတော့ ခဏစောင့်နေရန် အပြောခံရသဖြင့် လက်ဖက်ရည်နှစ်ခွက်စာ အချိန်ခန့် ထိုင်နေပြီးမှ ပြန်ရန် ထလိုက်နိုင်ခဲ့သည်။ သူမ မပြန်မီလေးမှာပင် ဖြစ်ရပ်လေးတစ်ခု ဖြစ်ပွားခဲ့သည်။

ဝမ်ယဲ့ ပြန်တော့မည်ကို မြင်လိုက်ရသည့် ရွှီယွိရွှမ်က သူ့ကို ပြုစုစောင့်ရှောက်နေသည့် အထိန်းတော်ကျိ၏ လက်ထဲမှ ရုန်းထွက်ပြီး ဝမ်ယဲ့၏နောက်သို့ လမ်းလျှောက်တတ်စ ကလေးခြေလှမ်းများဖြင့် တယိုင်ယိုင် လိုက်သွားရန် ကြိုးစားနေသည်။

ရွှီယွဲ့ကျား၏ နောက်ခြေလှမ်းအနည်းငယ်အကွာတွင် ရှိနေသော ဝမ်ယဲ့က ကလေးငယ် သူမ၏ စကတ်စကို လှမ်းကိုင်တော့မည်အား သတိပြုမိသွားပြီး ခပ်လှမ်းလှမ်းတွင် ရှိနေစေရန် ပင်မခန်းမဆောင်ထဲမှ အမြန်လှမ်းထွက်လိုက်သည်။

ခန်းမအတွင်းမှ နေပြီး ထိုမြင်ကွင်းကို လှမ်းမြင်နေရသည့် သခင်မလုကတော့ စိတ်ထဲမှ တွေးလိုက်မိသည်။

'ငါ ပတ္တမြားတွေ ပေးလိုက်တာ စောသွားပြီ ထင်တယ်'

ရွှီယွိရွှမ်က မြင့်မားလှသော တံခါးခုံကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ ဝမ်ယဲ့ ပိုဝေးကွာသွားပြီဖြစ်ကြောင်း နားလည်သွားသည်။ ထိုအချိန်မှသာ သူ အော်ခေါ်ရန် သတိရသွားခဲ့သည်။

"မေမေ"

အဓိကခြံဝင်းထဲမှ ထွက်ခါနီးဖြစ်သော ဝမ်ယဲ့လည်း ကလေး၏ အသံကို ကြားလိုက်ရသောကြောင့် ခြေလှမ်းကို ပိုသွက်လိုက်သည်။

ရွှီယွိရွှမ်က နောက်ထပ် အကြိမ်အနည်းငယ် ထပ်အော်ခေါ်သော်လည်း ဝမ်ယဲ့ကို မမြင်ရတော့သည့်အတွက် သူ၏ ပါးစပ်လေး တုန်ရီလာပြီး ငိုတော့မည့်ပုံစံလေး ဖြစ်သွားသည်။

သခင်မလုက ရွှီယွိရွှမ်၏ ပုံစံလေးကို ကြည့်ကာ စိတ်မကောင်းဖြစ်သွားပြီး အလျင်အမြန် လှမ်းပြောလိုက်သည်။

"အပြင်မှာ အေးတယ်၊ သခင်ငယ်လေးကို မြန်မြန် အထဲပြန်ခေါ်လာခဲ့ကြ"

အထိန်းတော်ကျိက ချက်ချင်း ရှေ့တိုးသွားပြီး သူမ၏ သခင်လေးကို သွားချီကာ ပြန်ရောက်လာသည်။ သခင်မလု၏ ရင်ခွင်ထဲသို့ ရောက်သွားသည့် ရွှီယွိရွှမ်၏ မျက်ဝန်းလေးများတွင်လည်း မျက်ရည်များ ဝဲနေချေပြီ။

သခင်မလုက စိတ်မကောင်းဖြစ်ရုံတင်မကဘဲ စိတ်တိုတိုဖြင့် ပြောလိုက်သည်။

"သူက သားကို မစောင့်ဘဲ သွားတာလေ၊ မနက်ဖြန်ကျရင် သူ့ကို သွားမရှာနဲ့တော့၊ သူ့ကို ရက်အနည်းငယ်လောက် ပစ်ထားလိုက်ဦး"

ရွှီယွိရွှမ်က ထိုစကားကို နားလည်သွားဟန်ဖြင့် သူ၏ပါးစပ်လေးက ပိုတုန်ယင်လာပြီး သခင်မလု၏ အင်္ကျီလက်ကို ဆွဲပြီး တောင်းဆိုလိုက်သည်။

"ဒေါ်...ဒေါ်... သွား... သွား..."

သခင်မလု : "......"

.........။........။..........

တစ်ဖက်တွင်လည်း အဓိကခြံဝင်းထဲမှ အောင်အောင်မြင်မြင် ထွက်ပြေးလွတ်မြောက်လာသော ဝမ်ယဲ့က အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်လာခဲ့သည်။ လမ်းခုလတ်တွင် သခင်မလု လက်ဆောင်ပေးလိုက်သော ပတ္တမြားသေတ္တာကို ယွင်ကျီဆီမှ ယူကာ ဆီးနှင်းများအောက်၌ ဖွင့်ကြည့်လိုက်သည်။

ခိုသွေးရောင်တောက်တောက် ပတ္တမြားများက ဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဝမ်ယဲ့က ခဏမျှ ငေးမောကြည့်နေပြီး သေတ္တာကို ပြန်ပိတ်ကာ အနောက်ဘက်ခြံဝင်းသို့ မရောက်ခင် ယွင်ကျီ၏လက်ထဲသို့ ပြန်ပေးလိုက်သည်။

ယွင်ကျီက သေတ္တာကို လှမ်းယူရင်း မှတ်ချက်ပေးလိုက်သည်။

"နယ်စားကတော် ပေးလိုက်တဲ့ ဒီပတ္တမြားတစ်စုံနဲ့ဆိုရင် ခေါင်းဆောင်းတန်ဆာ တစ်စုံထက်တောင် ပိုထွက်နိုင်မယ် ထင်တယ်နော်"

ထောင်ကျီကလည်း ဝင်ပြောလာသည်။

"ဒါဆိုရင် ပတ္တမြားစီထားတဲ့ ရွှေလက်ကောက်တချို့လည်း လုပ်လို့ရတာပေါ့"

ဝမ်ယဲ့က လေးလံသော ခေါင်းဆောင်းများအား ဝတ်ရခြင်းကို စိတ်အနှောင့်အယှက်ဖြစ်တတ်ပြီး ညည်းညူလေ့ရှိသောကြောင့် လက်ကောက်များက ပိုသင့်တော်မည်ဟု ထောင်ကျီ တွေးနေခြင်း ဖြစ်သည်။

သို့သော် ဝမ်ယဲ့က ငြင်းလိုက်သည်။

"မလိုပါဘူး၊ အခုအတိုင်းပဲ သိမ်းထားလိုက်ကြရအောင်"

ယွင်ကျီက ဇဝေဇဝါ ဖြစ်သွားပြီး ပြန်မေးလိုက်သည်။

"သခင်မ... ဒါတွေကို သုံးဖို့ အစီအစဉ် မရှိဘူးလားဟင်"

ဝမ်ယဲ့က နှမြောတသဟန်ဖြစ်နေသော မျက်ဝန်းများဖြင့် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ပြီးမှ ရှင်းပြနေသည်။

"ဒီလို ပတ္တမြားအကြီးကြီး တစ်လုံးစီတိုင်းက အရမ်းတန်ဖိုးရှိတာလေ၊ တစ်လုံးလေး ပျက်စီးသွားရင်တောင် ငါ အရမ်းစိတ်မကောင်း ဖြစ်ပြီး ရင်ကွဲရမှာ"

ယွင်ကျီနှင့် ထောင်ကျီ : "......"

အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်ချိန်တွင် ယွင်ကျီက ပတ္တမြားများကို သွားသိမ်းပြီး ထောင်ကျီက ဝမ်ယဲ့၏ ဝတ်ရုံကို ချွတ်ပေးနေသည်။ ကိုယ်လက်ပေါ့ပါးသွားသော ဝမ်ယဲ့က အတွင်းခန်းထဲသို့ ဝင်သွားကာ ထောင်ကျီကလည်း နောက်မှ လိုက်လာသည်။

အချိန် စောသေးသဖြင့် ဝမ်ယဲ့က ဝတ္ထုအသစ်တစ်အုပ်ကို ယူကာ ညောင်စောင်းပေါ်တွင် လဲလျောင်းရင်း အေးအေးဆေးဆေး ဖတ်နေခဲ့သည်။

ထောင်ကျီကတော့ မီးဖိုချောင်တွင် အလုပ်ရှုပ်နေပြီး မက်မွန်သီးလက်ဖက်ရည် ပြင်ဆင်ရန်နှင့် မုန့်များ ယူရန် စီစဥ်နေသည်။

အခန်းထဲတွင် ဝမ်ယဲ့၏ အနှစ်သက်ဆုံးဖြစ်သော စန္ဒကူးဖြူနံ့သာရနံ့လေး သင်းပျံ့နေသည်။

ယွင်ကျီက ပတ္တမြားများကို ဝမ်ယဲ့၏ ခန်းဝင်ပစ္စည်းသေတ္တာထဲသို့ သေချာသိမ်းဆည်းလိုက်ပြီး အပြင်သို့ ထွက်လာရာ လျိုယာနှင့် လျိုရှင်းတို့ကို တွေ့လိုက်ရသည်။ ယွင်ကျီက သူတို့ဆီသို့ ချက်ချင်း ချဉ်းကပ်ကာ မေးလိုက်သည်။

"အစ်မတို့... တစ်ခုခု လိုအပ်လို့လားဟင်"

ထို့နောက်တွင် ယွင်ကျီက ခြံဝင်းတံခါး၏အပြင်ဘက်မှ သစ်သားသေတ္တာနှစ်လုံး သယ်ဆောင်ထားသည့် အစေခံလေးယောက်ကိုလည်း လှမ်းကြည့်လိုက်သေးသည်။

လျိုယာက နွေးထွေးစွာ ပြုံးပြရင်း ပြောလာခဲ့သည်။

"ဒါတွေက ဒုတိယသခင် ဒုတိယသခင်မအတွက် ပို့ပေးဖို့ ညွှန်ကြားထားတဲ့ ပစ္စည်းတွေပါ"

ယွင်ကျီက အံ့အားတကြီး ပြန်မေးလိုက်သည်။

"ဒုတိယသခင်ရဲ့ အမိန့်လား..."

လျိုယာက ခေါင်းငြိမ့်ပြလာခဲ့သည်။

"ဟုတ်ပါတယ်၊ ဒုတိယသခင်မမှာ အချိန်ရှိရဲ့လားဟင်"

ယွင်ကျီက အလျင်အမြန် စိတ်ပြန်ထိန်းလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့၊ သခင်မ အားလပ်နေပါတယ်၊ ကျွန်မနောက်ကို လိုက်ခဲ့ပါ"

အတွင်းခန်းထဲတွင် ထောင်ကျီက ဝမ်ယဲ့၏နောက်၌ ထိုင်ကာ ပခုံးနှိပ်ပေးနေရင်း မေးမြန်းနေသည်။

"သခင်မ... မိန်းခလေးချန်းက သူ့ရဲ့နှလုံးသားမရှိတဲ့ ခင်ပွန်းဟောင်းလက်ကနေ လွတ်မြောက်နိုင်ပါ့မလားဟင်"

ထောင်ကျီက ဝမ်ယဲ့ ဖတ်နေသည့် ဝတ္ထုထဲက ဇာတ်လမ်းကို မေးနေခြင်း ဖြစ်သည်။

ဝမ်ယဲ့က မုန့်တစ်လုပ် စားလိုက်ရင်း ပြန်ဖြေလိုက်သည်။

"နင့်သခင်မလည်း အတပ်မပြောနိုင်သေးဘူးလေ"

ထောင်ကျီက ဝတ္ထုထဲမှ အမျိုးသားဇာတ်ဆောင်ကို ကြည့်မရဖြစ်လာပြီး သက်ပြင်းချကာ ထပ်ပြောလိုက်ပြန်သည်။

"ဇာတ်သိမ်းကိုပဲ ကျော်ဖတ်လိုက်ချင်တော့တယ်"

ဝမ်ယဲ့က ခေါင်းခါလိုက်သည်။

"ထောင်ကျီ... ဝတ္ထုတစ်အုပ်ရဲ့ ဇာတ်သိမ်းကို ကြိုချောင်းကြည့်တာက ကြီးလေးတဲ့ အပြစ်တစ်ခုပဲဟဲ့၊ အဲ့ဒီလိုလုပ်ရင် ဖတ်ရတဲ့အရသာ ပျက်သွားလိမ့်မယ်၊ အဲ့ဒါအပြင် ဆက်ဖတ်ချင်တဲ့စိတ်တောင် ပျောက်သွားနိုင်သေးတယ်"

ထောင်ကျီက ဇဝေဇဝါ ဖြစ်သွားပြီး ပြန်မေးလိုက်သည်။

"ဒါပေမယ့် ဇာတ်သိမ်းက စိတ်ပျက်ဖို့ကောင်းနေရင်ရော... အလကားနေရင်း စိတ်တိုနေရမှာ မဟုတ်ဘူးလား"

ဝမ်ယဲ့က မက်မွန်သီးလက်ဖက်ရည်ကို တစ်ငုံသောက်ပြီးမှ ပေါ့ပေါ့တန်တန် ပြန်ပြောလိုက်သည်။

"ဒါဆိုရင်လည်း စက်ဝိုင်းတစ်ဝိုင်းဆွဲပြီး သူ့ကို ကျိန်စာတိုက်လိုက်ပေါ့"

ထောင်ကျီကတော့ လုံးဝ ကြောင်အသွားရှာသည်။

"ဘာလို့ စက်ဝိုင်းဆွဲရမှာလဲဟင်"

ဝမ်ယဲ့က သူမကို ဆန်းကြယ်သော မျက်နှာပေးဖြင့် လှည့်ကြည့်လိုက်ပြီးမှ ရှင်းပြလိုက်သည်။

"ဘာလို့လဲဆိုတော့... အဲ့ဒီလိုလုပ်ရင် ကျိန်စာက ပိုထိရောက်လို့ပေါ့"

ထောင်ကျီ : "......"

‘သခင်မက ငါ့ကို ထပ်စနောက်နေပြန်ပြီ’

"သခင်မ... လျိုယာနဲ့ လျိုရှင်းတို့ ရောက်နေပါတယ်"

ယွင်ကျီက အခန်းထဲဝင်လာရင်း အသိပေးလိုက်သည်။

'ဒီအချိန်ကြီးမှာလား၊ ဘာကိစ္စများပါလိမ့်'

ဝမ်ယဲ့က စိတ်ဝင်စားသွားသော်လည်း ထရမည်ကို ပျင်းနေသောကြောင့် အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"ဝင်လာခိုင်းလိုက်"

လျိုယာနှင့် လျိုရှင်းတို့က အတွင်းခန်းထဲသို့ ခြေချလိုက်ပြီး အေးချမ်းကာ စိတ်ကို တည်ငြိမ်စေသော ရနံ့လေးက သူမတို့ကို ချက်ချင်း လွှမ်းခြုံသွားသည်။ လေထုထဲတွင် ချိုမြိန်သော အနံ့သင်းသင်းလေးလည်း ပါဝင်နေသေးသည်။

နောက်ဆုံးအကြိမ် သူတို့ရောက်လာခဲ့စဉ်က ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့၏ မင်္ဂလာဦးည ဖြစ်ပြီး ထိုစဉ်က အခန်းထဲတွင် ပျော်ရွှင်ဖွယ် အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။ ယနေ့ညတွင်တော့ အခန်းအနေအထားမှ လွဲ၍ ထိုအငွေ့အသက်မျိုး လုံးဝ မရှိတော့ပေ။

လဝက်အတွင်းမှာပင် လေထုက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ဤနေရာမျိုးတွင် ရှိနေရခြင်းက လူကို စိတ်လက်ပေါ့ပါးစေရုံတင်မကဘဲ အနည်းငယ်ပင် ပျင်းရိချင်လာစေသည်။

အရိုအသေပြုပြီးနောက် လျိုယာနှင့် လျိုရှင်းတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဝမ်ယဲ့က ခြေထောက်ပေါ်တွင် စောင်အထူကြီး တစ်ထည်တင်ကာ မတ်မတ်ထိုင်လိုက်ပြီး ပျင်းရိလေးလံသော အသံဖြင့် မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

စာရင်းအင်းကို အစီခံခြင်းနှင့် စည်းမျဉ်းများကို သတ်မှတ်ပြီးကတည်းက ဝမ်ယဲ့က ဒုတိယခြံဝင်းရှိ ဤအစေခံမလေးနှစ်ယောက်နှင့် ထိတွေ့ဆက်ဆံမှု အလွန်နည်းပါးခဲ့သည်။ ယွင်ကျီနှင့် ထောင်ကျီ ရှိနေရုံနှင့် သူမအတွက် လုံလောက်နေသလို လူသစ်များနှင့် ရောနှောနေရန်လည်း မလိုအပ်ဟု ဝမ်ယဲ့ ခံစားနေရသည်။ တစ်ခုခုလိုအပ်လျှင်လည်း ယွင်ကျီနှင့် ထောင်ကျီတို့မှတစ်ဆင့်သာ ပြောခိုင်းလေ့ရှိသည်။

လျိုရှင်းက အနည်းငယ် ဦးညွှတ်ကာ စပြောလိုက်သည်။

"သခင်က ဒုတိယသခင်မအတွက် လက်ဆောင်အဖြစ် သေတ္တာနှစ်လုံး ပို့ခိုင်းလိုက်ပါတယ်"

ဤစကားကို ကြားလိုက်ရမှ ဝမ်ယဲ့က စိတ်ဝင်စားပုံပြလိုက်သည်။

'ဒီလူကြီး နောက်ဆုံးတော့ အသိတရား ဝင်လာပြီလား'

ဝမ်ယဲ့က ချောင်းတစ်ချက်ဟန့်လိုက်ပြီး မေးလိုက်သည်။

"အထဲမှာ ဘာတွေပါလဲ"

‘သေတ္တာနှစ်လုံးတောင်လား... ရွှီယွဲ့ကျားက တကယ်ပဲ ရက်ရက်ရောရော ပေးတယ်ပေါ့လေ၊ ဒါမှမဟုတ် အရင်တည်းက သူက ဒီလိုမျိုး ခန်းခန်းနားနား ထည်ထည်ဝါဝါ လုပ်လေ့ရှိတာလား’

လျိုရှင်းကတော့ သူမ စိတ်ထင်နေ၍လား မသိနိုင်သော်လည်း ဝမ်ယဲ့က ပေးသည့်သူ၏ စေတနာထက် သေတ္တာထဲမှ ပစ္စည်းများကို ပိုစိတ်ဝင်စားနေသည်ဟု ခံစားနေရသည်။

လျိုရှင်းက သူမဘာသာ အတွေးများကို ရုတ်သိမ်းလိုက်ပြီး အရိုအသေပေးရင်း ပြန်ဖြေလိုက်သည်။

"ဒီအစေခံလည်း သေချာမသိပါဘူး၊ သခင်မ"

ဝမ်ယဲ့၏ စူးစမ်းလိုစိတ်က ပိုပြင်းထန်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"မြန်မြန်.... အထဲကို ယူလာခဲ့ကြ"

အမျိုးသားအစေခံများက ခြံဝင်း၏အပြင်တွင်သာ စောင့်နေရသဖြင့် အစေခံမလေးများက သေတ္တာများကို တံခါးဝမှ အတွင်းခန်းအထိ ကိုယ်တိုင်သယ်လာကြရသည်။ သေတ္တာများ အထဲသို့ ရောက်လာမှသာ လျိုယာက အခြားအစေခံမလေးများကို ပြန်လွှတ်လိုက်ပြီး အတွင်းခန်းတံခါးကို ပိတ်လိုက်သည်။

ထိုသေတ္တာနှစ်လုံးက တော်တော်လေး လေးလံပြီး ဝမ်ယဲ့ ရွှီကျင့်ရုံကို ပေးခဲ့သော စာအုပ်သေတ္တာများထက် ပိုကြီးမားနေသည်။

ဝမ်ယဲ့က ညွှန်ကြားလိုက်သည်။

"မြန်မြန်... ဖွင့်လိုက်စမ်းပါ"

လျိုယာနှင့် လျိုရှင်းတို့က အမိန့်အတိုင်း သေတ္တာတစ်လုံးစီကို ဖွင့်လိုက်ကြသည်။ ဝမ်ယဲ့၊ ထောင်ကျီနှင့် ယွင်ကျီတို့ သုံးယောက်က မျှော်လင့်ချက်အပြည့်ဖြင့် ဝိုင်းကြည့်နေကြသည်။

သေတ္တာများကို သော့ခတ်ထားသော်လည်း လျိုယာတို့က သော့များ ယူလာခဲ့သည်။ သူမတို့ သေတ္တာအဖုံးများကို ဖြည်းညင်းစွာ မလိုက်ချိန်တွင် ဝမ်ယဲ့၏ မျက်လုံးများကလည်း သူမတို့၏ လက်လှုပ်ရှားမှုအတိုင်း လိုက်ပါသွားသည်။

‘အထဲမှာ ဘာတွေပါလာမှာလိမ့်...’

‘စာအုပ်တွေနဲ့ စာလိပ်တွေ အပြည့်ပါတဲ့ သေတ္တာကြီး နှစ်လုံးလား’

ဝမ်ယဲ့ စာဖတ်ဝါသနာပါသည်ကို သိထားသော လျိုယာက မှတ်ချက်ပေးလိုက်သည်။

"သခင်က ဒုတိယသခင်မကို တကယ် နားလည်တာပဲနော်၊ သခင်မ စာအုပ်တွေကို ဘယ်လောက်နှစ်သက်လဲဆိုတာတောင် သခင်က သိနေတာပဲ"

ဝမ်ယဲ့က သူမ ဖတ်လက်စ ‘ဂန္ထဝင်ကဗျာ’ အဖုံးအုပ်ထားသော ဝတ္ထုကို ပိတ်လိုက်ပြီး မျက်နှာသေဖြင့် ငေးနေမိသည်။

‘ငါ ယောင်္ကျားတစ်ယောက်အပေါ် မျှော်လင့်ချက်အကြီးကြီး ထားမိပြန်ပြီ’

"ဟုတ်တာပေါ့"

ဝမ်ယဲ့က အားတင်းပြုံးလိုက်မိရင်း ယွင်ကျီနှင့် ထောင်ကျီဘက်သို့ လှည့်ကာ သိသိသာသာ အေးစက်သွားသော အသံဖြင့် ပြောလိုက်သည်။

"ယွင်ကျီနဲ့ ထောင်ကျီ၊ ဒုတိယသခင်ရဲ့ လက်ဆောင်တွေကို သေသေချာချာ သိမ်းထားပေးပါဦး၊ မိုးလည်း ချုပ်နေပြီဆိုတော့ နင်တို့လည်း သွားနားလို့ ရပြီ"

ထို့နောက် လျိုရှင်းတို့ဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။

"ငါ့ရဲ့ခင်ပွန်းကိုလည်း ငါက ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦး"

"ဟုတ်ကဲ့ပါ၊ သခင်မ"

လျိုယာနှင့် လျိုရှင်းတို့က တပြိုင်နက် နာနာခံခံ တုံ့ပြန်ပြီး ပြန်ထွက်သွားကြသည်။

အနောက်ဘက်ခြံဝင်း၏ အပြင်ဘက်သို့ ရောက်လာချိန်တွင် လျိုယာက သူမ၏ ဇဝေဇဝါဖြစ်မှုကို ဖွင့်ဟလာသည်။

"ကျွန်မ ကြည့်ရတာတော့... ဒုတိယသခင်မက သိပ်ပြီး ဝမ်းသာနေတဲ့ပုံ မပေါ်ဘူးနော်"

လျိုရှင်းကတော့ ဘာမှမထူးခြားသလို ပြန်ဖြေလိုက်သည်။

"နင် အများကြီး တွေးနေတာပါ၊ ဒုတိယသခင်မက ငါတို့ရဲ့ သခင်ကို ကျေးဇူးတင်စကားပြောဖို့ သေသေချာချာ မှာလိုက်တာပဲလေ၊ ဒုတိယသခင်မက ဘာလို့ မကျေမနပ် ဖြစ်ရမှာလဲ"

လျိုယာက မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်နေပြန်သည်။

"အဲ့ဒီလိုလား"

လျိုရှင်းက သူမကို တစ်ချက်ကြည့်ပြီး ထပ်ပြောလိုက်သည်။

"ကဲပါ... ငါလည်း အရှေ့ဘက်ခြံဝင်းကို သွားလိုက်ဦးမယ်၊ နင်လည်း နင့်အခန်းကို ပြန်တော့"

အရှေ့ဘက်ခြံဝင်းရှိ စာကြည့်ဆောင်တွင် လျိုရှင်းက ရွှီယွဲ့ကျားအား အဖြစ်အပျက်အားလုံးကို တလုံးမကျန် အစီရင်ခံနေသည်။ ရွှီယွဲ့ကျားက စာရေးနေသည်ကို ခေတ္တရပ်ကာ ပြန်မေးလိုက်သည်။

"သခင်မက အထဲမှာ ဘာတွေပါလဲဆိုတာ ကြည့်လိုက်သေးလား"

လျိုရှင်းက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။

"မကြည့်ပါဘူး၊ ယွင်ကျီနဲ့ ထောင်ကျီကို သေသေချာချာ သိမ်းထားဖို့ပဲ ညွှန်ကြားလိုက်ပါတယ်"

ရွှီယွဲ့ကျား၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိသော်လည်း စာကို ဆက်ရေးနေကာ သူ၏အသံက အနည်းငယ် နူးညံ့သွားသည်။

"သိပြီ၊ သွားတော့"

"ဟုတ်ကဲ့"

လျိုရှင်းက အရိုအသေ ပြုပြီးမှ စာကြည့်ခန်းထဲမှ ထွက်ခွာသွားသည်။

ရွှီယွဲ့ကျားက သူ ရေးလက်စ အစီရင်ခံစာကို ပြီးအောင်ရေးပြီး ပြန်ပိတ်လိုက်သည်။ အမြဲတမ်း တည်ကြည်လွန်းပြီး သီးသန့်ဆန်ဆန်နေတတ်သော အမျိုးသား၏ နှုတ်ခမ်းဖျားတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

........။........။........

အနောက်ဘက်ခြံဝင်းတွင်တော့ ဝမ်ယဲ့၏ စိတ်ကြည်နူးမှုများက ရွှီယွဲ့ကျား ပို့ပေးလိုက်သည့် စာအုပ်နှင့် ပန်းချီ သေတ္တာနှစ်လုံးကြောင့် အကုန် ပျက်စီးသွားရသည်။ သူမ ဝတ္ထုဆက်ဖတ်ချင်စိတ်ပင် မရှိတော့ပေ။

သူမ လှမ်းကြည့်လိုက်ချိန်တွင် ထိုသေတ္တာများထဲ၌ ပန်းချီကားများနှင့် ကဗျာစာလိပ်များသာ ရှိနေပုံရပြီး ကျော်ကြားသော ပညာရှင်များ၏ လက်ရာများလည်း မဟုတ်ပေ။ ပြန်ရောင်းလျှင်လည်း ငွေအများကြီး ရမည့်ပုံမပေါ်ချေ။

ရွှီယွဲ့ကျားက သူမကို သက်သက်မဲ့ လာနှောက်ယှက်နေခြင်း ဖြစ်ကြောင်း သိသာနေသည်။

ဝမ်ယဲ့က သူမ မည်သည့်နေရာတွင် သူ့ကို သွားစော်ကားမိသလဲဟု စဉ်းစားကြည့်လိုက်ရာ ထိုနေ့မနက်က ပို့လိုက်သည့် စွပ်ပြုတ်ကြောင့် သူ "မစွမ်းဆောင်နိုင်ဘူး" ဟု နားလည်မှုလွဲသွားသည့်ကိစ္စပဲ ဖြစ်ရမည်ဟု သူမ ကောက်ချက်ချလိုက်သည်။

‘ကမ္ဘာပေါ်မှာ ရှိတဲ့ ယောင်္ကျားတွေက သူတို့ရဲ့ စွမ်းဆောင်ရည်ကို သံသယဝင်ခံရရင် တကယ်ကို သည်းမခံနိုင်ကြဘူးလေ။’

ထောင်ကျီလည်း ဒေါသထွက်နေသည့်တိုင် ယွင်ကျီနှင့်အတူ သေတ္တာထဲမှ စာလိပ်များကို စီစစ်ပေးနေရသည်။ သခင်မက ထိုစာလိပ်အားလုံးကို ထုတ်ပြီး ဒုတိယသခင်၏ စာအုပ်စင်ပေါ်တွင် စီထားရန် ညွှန်ကြားထားသောကြောင့် ဖြစ်သည်။

သူမတို့ စာအုပ်များကို တစ်အုပ်ချင်းစီ စီနေကြပြီး ထောင်ကျီ အကြမ်းဖျင်း ရေတွက်ကြည့်ရာ သုံးဆယ်နီးပါး ရှိနေပြီဖြစ်သည်။ ၎င်းက ပထမအလွှာသာ ရှိသေးပြီး အောက်တွင် နောက်ထပ် နှစ်လွှာလောက် ကျန်နေသေးပုံရသည်။

ထောင်ကျီ၏ စိတ်ပျက်နေသော မျက်နှာကို မြင်နေရသည့် ယွင်ကျီက သူမကို နှစ်သိမ့်ပေးလိုက်သည်။

"ထားလိုက်ပါတော့ဟယ်၊ မြန်မြန်လုပ်... ပြီးရင် သခင်မ ရေချိုးဖို့အတွက် ပြင်ပေးရဦးမှာလေ"

ထောင်ကျီက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သူမ၏လက်ကို အမြန်လှုပ်ရှားလိုက်သည်။ သူမ အောက်ဆုံးအလွှာ၏ အပေါ်မှ စာအုပ်ကို ကောက်ကိုင်လိုက်ချိန်တွင် အကြီးအကျယ် အံ့သြတုန်လှုပ်သွားရပြီး ဘေးကလူကို အမြန် လက်တို့လိုက်သည်။

"ယွင်ကျီ... ကြည့်ပါဦး"

တုံ့ပြန်မှု နှေးကွေးသည့် ယွင်ကျီကလည်း သူမ၏ ခေါင်းကို လှည့်ကြည့်လာပြီး အလားတူ အံ့အားသင့်သွားတော့သည်။

"ဒါတွေက... ရွှေရွက်တွေလား"

ထောင်ကျီက သူမကို အလောတကြီး တိုက်တွန်းလိုက်သည်။

"နင့်ဘက်မှာလည်း ရှိလားဆိုတာ ရှာကြည့်ဦး"

ယွင်ကျီတစ်ယောက် မှင်တက်နေရာမှ သတိပြန်ဝင်လာပြီး သူမ၏ဘက်ခြမ်းမှ သေတ္တာကို စတင်မွှေနှောက်ရှာဖွေလိုက်ရာ စာအုပ်တစ်အုပ်စာ အထူခန့်ရှိသော ငွေပြားအလွှာတစ်ခုကို ထပ်တွေ့လိုက်ရသည်။

သူမက အလျင်အမြန်ပင် သတိပေးလိုက်သည်။

"သခင်မကို သွားအကြောင်းကြားလိုက်ဦး"

.........။........။........

ဝမ်ယဲ့က နူးညံ့သော ညောင်စောင်းပေါ်တွင် တရားထိုင်နေသည့်အလား ခြေတင်ပလ္လင်ခွေ ထိုင်နေပြီး တစ်စုံတစ်ခုကို အာရုံစိုက်နေပုံရသည်။

ထောင်ကျီက အခန်းထဲသို့ အပြေးအလွှား ဝင်လာပြီး စိတ်လှုပ်ရှားစွာဖြင့် အသိပေးလိုက်သည်။

"သခင်မ၊ ဒုတိယသခင်က သေတ္တာအောက်ခြေမှာ ရွှေရွက်တွေနဲ့ ငွေပြားတွေကို အထပ်လိုက် ဝှက်ပေးလိုက်တယ်"

ဝမ်ယဲ့၏ မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး ထောင်ကျီကို စူးစိုက်ကြည့်ကာ လှမ်းမေးလိုက်သည်။

"တကယ်လား"

ထောင်ကျီက အားရပါးရ ခေါင်းငြိမ့်ပြလိုက်သည်။

ဝမ်ယဲ့က သူမ စိတ်ထဲ၌ ဆွဲနေသည့် ကျိန်စာစက်ဝိုင်းကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် သူမ၏မျက်နှာပေါ်၌ အလွန်နူးညံ့သော အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။

သူမက ထောင်ကျီကို ချက်ချင်း ညွှန်ကြားလိုက်သည်။

"ဒုတိယသခင်အတွက် လက်ဖက်ရည်ကောင်းကောင်းလေးတစ်အိုးလောက် ဖျော်ပြီး သွားပို့ပေးလိုက်၊ ပြီးတော့ ညဉ့်လယ်စာအတွက် ပေါ့ပါးဖြစ်စေမယ့် မုန့်လေးတွေပါ ပြင်ပေးလိုက်ဦး၊ သူ ရုံးတော်ကိစ္စတွေနဲ့ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ... သူ့ကျန်းမာရေးကိုတော့ ဂရုစိုက်ရမယ်လေ"

"ဒီအစေခံ... အခုပဲ သွားစီစဉ်လိုက်ပါ့မယ်"

ထောင်ကျီက ရွှင်မြူးနေဟန်ဖြင့် အရိုအသေပြုကာ ပြန်ထွက်သွားသည်။

တစ်ရှီးချန်၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက် အရှေ့ဘက်ခြံဝင်းရှိ စာကြည့်ဆောင်တွင် ရွှီယွဲ့ကျားတစ်ယောက် စားပွဲပေါ်မှ ညဉ့်လယ်စာ မုန့်များကို စိုက်ကြည့်ရင်း ခေတ္တမျှ ဆွံအသွားရသည်။

‘သူမကတော့ သူ လုံးဝ မျှော်လင့်မထားတဲ့ အရာတွေကို အမြဲတမ်း လုပ်တတ်တာလား’

အနောက်ဘက်ခြံဝင်းမှ ဝမ်ယဲ့ကတော့ စိတ်ကြည်လင်သွားပြီး ဖြစ်ကာ သူမ၏ ဝတ္ထုကို ပြန်ကောက်ကိုင်လိုက်ပြီး အရသာခံ ဖတ်ရှုနေလေသည်။

‘ဒီညအတွက်တော့ ရွှီယွဲ့ကျားက ငါ့အတွက် အရမ်းတော်တဲ့ ခင်ပွန်းကောင်းကြီးပဲ’

‘ဒါပေမယ့် ဒီနေ့ကိစ္စကို ဒီနေ့မှာတင် အပြတ်ရှင်းလိုက်ပြီ။ မနက်ဖြန်ကျရင်တော့ သူက သာမန်ရွှီယွဲ့ကျား အဖြစ်ပဲ ပြန်ရှိနေမှာပေါ့။’

........။.........။........

နောက်တစ်နေ့တွင် ဝမ်ယဲ့တစ်ယောက် ထူးထူးခြားခြား စောစောနိုးလာခဲ့သည်။ ယွင်ကျီနှင့် ထောင်ကျီတို့က ရွှေရွက်၊ ငွေပြားလေးများကို ရေတွက်ပြီး သေတ္တာအသေးခြောက်လုံးထဲသို့ ခွဲထည့်ထားပြီး ဖြစ်သည်။

ဆုလာဘ် ရရှိထားကြောင့် ထောင်ကျီ၏ မျက်လုံးများက သိသိသာသာ တောက်ပနေကာ တက်တက်ကြွကြွ မေးလာခဲ့သည်။

"သခင်မ... မနက်စာအတွက် ဘာစားချင်လဲဟင်"

အပြင်ဘက်တွင် နှင်းများ ကျနေပြီး ဝမ်ယဲ့က ထိုနှင်းများကို ကြည့်ကာ ခဏလောက် စဉ်းစားနေသေးသည်။ ထို့နောက် သူမက တွေးတွေးဆဆဟန်ဖြင့် ညွှန်ကြားလိုက်သည်။

"ဟင်းသီးဟင်းရွက်နဲ့ အသားမျှင် ခေါက်ဆွဲတစ်ပွဲ၊ ဝမ်တန်နည်းနည်း၊ နောက်ပြီး သခွားသီးချဉ်စပ်လေးနဲ့ တွဲစားဖို့ ဖက်ထုပ်ကြော်လေး တစ်ပန်းကန်လောက် ပြင်ပေး"

သူမ စကားဆုံးသည်နှင့် ယွင်ကျီက လိုက်ကာကို မကာ ဝင်လာခဲ့သည်။

"သခင်မ... အဓိကခြံဝင်းက သတင်းပါးလိုက်ပါတယ်။ မနက်စာ စားပြီးတာနဲ့ အနောက်ဘက်ခြံဝင်းက စာရင်းအင်းစာအုပ်တွေ အားလုံးကို ယူပြီး အဲ့ဒီကို လာခဲ့ပါတဲ့"

ဝမ်ယဲ့က သူမ၏ မျက်တောင်များကို ပင့်လိုက်ရင်း ခေတ္တမျှ တောင့်တင်းသွားသည်။ သူမက ပြန်မေးလိုက်သည်။

"ဘာကြောင့်လဲဆိုတာ ပြောသွားသေးလား"

"သေချာတော့ မပြောသွားပါဘူး၊ စာရင်းစာအုပ်တွေ အကုန်ယူလာဖို့ပဲ သတိပေးသွားတာပါ"

ဝမ်ယဲ့ : "..."

‘ကြည့်ရတာ ငါ ပျော်မိတာ စောသွားပြီ ထင်တယ်’

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment