no

Font
Theme

chapter 16

အခန်း ၁၆ အိမ်ပြန်ခရီး

မျက်စိတစ်မှိတ်အတွင်း သတို့သမီးအသစ် မိဘအိမ်သို့ ပြန်ရမည့် နေ့ရက် ရောက်ရှိလာခဲ့သည်။

ဝမ်ယဲ့ နိုးလာချိန်တွင် ပြတင်းပေါက်အပြင်ဘက်၌ နှင်းကျခြင်း ရပ်တန့်သွားပြီ ဖြစ်သည်။

ယနေ့ သူမ မိဘအိမ်သို့ ပြန်ရမည့်နေ့ဖြစ်ပြီး နေ့လယ်စာကိုလည်း ထိုနေရာ၌ စားသောက်ရမည် ဖြစ်သည်။ ထို့ကြောင့် သူမတို့ မောင်အချိန်၏ အလယ်ဗဟို (မနက် ၆ နာရီဝန်းကျင်) ခန့်တွင် နယ်စားမင်းအိမ်တော်မှ စတင်ထွက်ခွာရမည် ဖြစ်သည်။

ယခုကဲ့သို့ နှင်းကျသောနေ့တွင် နယ်စားမင်းအိမ်တော်မှ ဝမ်မိသားစုအိမ်တော်သို့ သွားရသည့်ခရီးက တစ်နာရီခွဲနီးပါး ကြာမြင့်နိုင်သည်။

မောင်အချိန်(မနက် ၅ နာရီမှ ၇ နာရီအတွင်း)၏ အစောပိုင်းတွင် ဝမ်ယဲ့က ထမင်းစားပွဲတွင် ထိုင်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ အက်ကြောင်းများကြားမှ တိုးဝင်လာသည့် အအေးဓာတ်မှအပ သူမ ဘာကိုမျှ မခံစားရပေ။ အပြင်ဘက်၌ မှောင်မည်းနေဆဲပင်။

ဝမ်ယဲ့က အနီရောင်စွန်ပလွံသီးဟင်းချိုတစ်ပန်းကန်၊ အသားအစာသွပ်မုန့်နှစ်ခုနှင့် လန်းဆန်းစေမည့် အခြံအရံဟင်း အနည်းငယ်ကို စားပြီးနောက် တူကို ပြန်ချလိုက်သည်။

ရွှီယွဲ့ကျားက ဝမ်ယဲ့ထက်ပင် ပို၍စောစီးစွာ နိုးနေခဲ့သည်။ သူက မနက်စာစားပြီးနောက် အနောက်ဘက်စာကြည့်ခန်းတွင် စာဖတ်ရင်း လက်ဖက်ရည်သောက်နေခဲ့သည်။

ဝမ်ယဲ့ မနက်စာစားပြီး အားလုံးအဆင်သင့်ဖြစ်ချိန်တွင် ရွှီယွဲ့ကျားက စာကြည့်ခန်းထဲမှ ထွက်လာသည်။

အစေခံမလေးက ဝမ်ယဲ့အား ဝတ်ရုံခြုံပေးနေသည်ကို မြင်လိုက်ရချိန်တွင်မှ သူက ပြောလာခဲ့သည်။

"သွားဖို့ အချိန်တန်ပြီ"

"အင်း"

ဝမ်ယဲ့က ခပ်တိုးတိုး တုံ့ပြန်လိုက်သည်။

အလွန်အေးနေသောကြောင့် လုသခင်မက ရွှီယွိရွှမ်အတွက် စိုးရိမ်နေပြီး သူ့ကို ပုံမှန်စောင့်ရှောက်နေကျ အထိန်းတော်ကျိနှင့် အစေခံမလေးများအပြင် သူမ၏ ယုံကြည်ရဆုံး အစေခံမလေးနှစ်ဦးဖြစ်သည့် ချင်းရွှယ်နှင့် ပိုင်မေတို့ကိုပါ အဖွဲ့ထဲသို့ ထည့်ပေးလိုက်သည်။

အဖွဲ့ အဓိကခြံဝင်းမှ ထွက်ခွာလာပြီး ၁၅ မိနစ်ခန့် လမ်းလျှောက်ပြီးနောက်တွင် နယ်စားမင်းအိမ်တော်၏ တံခါးဝသို့ ရောက်ရှိလာသည်။

အိမ်တော်တံခါးဝက ခန့်ညားထည်ဝါပြီး သန့်ရှင်းသပ်ရပ်နေသည်။

မင်္ဂလာဆောင်သည့်နေ့တွင် ဝမ်ယဲ့က မျက်နှာကို အုပ်ထားခဲ့ရပြီး ၎င်းကို သေသေချာချာ မမြင်ခဲ့ရပေ။ ယခုမှသာ နယ်စားမင်းအိမ်တော်၏ ရှေ့တံခါးကြီးကို သေသေချာချာ မြင်ခွင့်ရတော့သည်။

ရထားလုံးများက အဆင်သင့်ရှိနေပြီ ဖြစ်သည်။ အထိန်းတော်ကျိက ရွှီယွိရွှမ်ကို ရထားလုံးပေါ်သို့ ပွေ့တင်ပေးလိုက်ပြီး ရွှီယွဲ့ကျားက ဝမ်ယဲ့ကို ရထားလုံးပေါ်သို့ အရင်တက်ရန် လှမ်းပြောလိုက်သည်။

ဝမ်ယဲ့ကလည်း အားနာမနေတော့ဘဲ အရင်တက်လိုက်သည်။

‘အပြင်မှာ ဒီလောက်အေးနေတာ အရင်မတတ်တဲ့သူက အရှုးပဲဖြစ်လိမ့်မယ်’

ရထားလုံးထဲသို့ ရောက်သည်နှင့် ဝမ်ယဲ့က ညာဘက်တွင် လိမ္မာယဉ်ကျေးစွာ ထိုင်နေသော ကလေးငယ်ကို တစ်ချက်ကြည့်လိုက်ပြီး ကလေးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

အပြင်ဘက်မှ တိုက်ခတ်နေသည့် လေအေးဒဏ်မှ ကင်းဝေးနေသောကြောင့် ရထားလုံးအတွင်းတွင် နွေးထွေးနေပြီး လက်ဖက်ရည်အိုးလေးပင် တည်ထားသေးသည်။

ရွှီယွိရွှမ်၏ ခေါင်းလေးက ငိုက်စိုက်ကျနေပြီး ကြည့်ရသည်မှာ သူ အိပ်ချင်မပြေသေးဘဲ မျက်လုံးလေးများကို အတင်းအားယူ ဖွင့်ထားရပုံပေါ်သည်။

ဝမ်ယဲ့က လက်နွေးအိုးကို ကိုင်ထားရင်း ထိုမြင်ကွင်းကို ကြည့်နေကာ ရယ်ချင်စိတ်ကို ထိန်းထားရသည်။

မကြာမီမှာပင် ရွှီယွဲ့ကျားလည်း ရထားလုံးထဲသို့ ဝင်လာပြီး အလယ်တွင် ဝင်ထိုင်လိုက်သည်။

ဝမ်ယဲ့က အကြည့်ကိုလွှဲလိုက်ပြီး လက်ဖက်ရည်ပူပူ တစ်ခွက်ငှဲ့ကာ အိပ်ချင်စိတ်ကို ဖျောက်ပစ်ရန် ကြိုးစားနေလိုက်သည်။

ရထားလုံး စတင်ရွေ့လျားချိန်တွင် အတွင်း၌ လက်ဖက်ရည်အိုး ပွက်ပွက်ဆူသံသာ ထွက်ပေါ်နေသည်။

ဝမ်ယဲ့က လက်ဖက်ရည်သောက်ရင်း စားပွဲပေါ်က မုန့်များကို မြည်းစမ်းနေသည်။ သူမ၏ မျက်နှာချင်းဆိုင်တွင်ရှိသော ကလေးငယ်က သူနှင့် ရင်းနှီးသူတစ်ဦးမှ မရှိတော့သည်ကို သတိထားမိသွားပုံရပြီး သိသိသာသာ ကြောက်ရွံ့ဟန်ပြလာသည်။

သူက အလယ်တွင်ထိုင်နေသော ရွှီယွဲ့ကျားကို မော့ကြည့်လိုက်၊ မျက်နှာချင်းဆိုင်တွင် ရှိနေသည့် ဝမ်ယဲ့ကို မော့ကြည့်လိုက် လုပ်နေရှာသည်။

ခဏအကြာတွင် ပိုးအိမ်ကဲ့သို့ ထုပ်ပိုးထားသော ဝတ်ရုံကြီးထဲမှ လက်ကလေးနှစ်ဖက် ထွက်လာပြီး ဝတ်ရုံအစွန်းကို တင်းတင်းဆုပ်ကိုင်ထားသည်။

ရွှီယွဲ့ကျားက တရားရေးဝန်ကြီးဌာနတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး သူ၏ အမူအရာက ခန့်ညားထည်ဝါသလို တင်းမာသည့် အငွေ့အသက်များလည်း ရှိနေလေသည်။ ထို့ကြောင့် ရွှီယွိရွှမ်က သူ့ဖခင်ကို အမြဲတမ်း အနည်းငယ် ကြောက်ရွံ့နေတတ်သည်။

သို့သော်လည်း အကြိမ်အနည်းငယ်သာ တွေ့ဖူးသည့် ဝမ်ယဲ့နှင့် နှိုင်းယှဉ်လျှင်တော့ ရွှီယွဲ့ကျားက သူနှင့် ပိုရင်းနှီးနေသေးသည်။

ကလေးငယ်က သူ့၏တင်ပါးလေးကို ရွှီယွဲ့ကျားဆီသို့ တစ်ရွေ့ရွေ့ တိုးကပ်သွားပြီး သူ၏လက်တိုလေးများဖြင့် မှီသည့်အထိ သွားကပ်လိုက်ပြီးမှ ရပ်တန့်လိုက်သည်။

အနည်းငယ် စိတ်အေးသွားပြီဖြစ်သော ရွှီယွိရွှမ်က ဝမ်ယဲ့ကို ရဲရဲတင်းတင်း ကြည့်ရဲလာသည်။

သူ့အကြည့်က ပန်းကန်ထဲမှ မုန့်များမှတစ်ဆင့် ဝမ်ယဲ့၏ အဆက်မပြတ် စားသောက်နေသော ပါးစပ်လေးဆီသို့ ရောက်ရှိလာပြန်သည်။

ထိုအချိန်တွင် ဝမ်ယဲ့က သူမလက်ထဲ၌ စာအုပ်တစ်အုပ်ကို ကိုင်ထားခဲ့သည်။ ရှေ့တွင် တစ်နာရီကျော်ကြာ သွားရမည့် ခရီးရှိနေပြီး သူမ၏ အဖော်များကလည်း သိပ်မရင်းနှီးသည့် အမျိုးသားတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဖြစ်နေသဖြင့် သူမ အပျင်းပြေ စာအုပ် ဖတ်ချင်နေသည်။

သို့သော် ထောင်ကျီက သူမကို စာအုပ်မှားပေးလိုက်ပုံရသည်။ စာမျက်နှာ အနည်းငယ် လှန်ကြည့်ပြီးနောက် ဝမ်ယဲ့၏ မျက်ခုံးများက အနည်းငယ် လှုပ်ခတ်လာသည်။

တစ်ဝက်လောက်ဖတ်ပြီးတဲ့နောက်တွင် ဝမ်ယဲ့က သူမကို စိုက်ကြည့်နေသည့် ရွှီယွိရွှမ်၏ ပြင်းပြသော အကြည့်ကို သတိပြုမိသွားသည်။ ကလေးလေးက သူမလက်ထဲမှ စားလက်စ ပန်းဆီးသီးမုန့်လေးကို စိုက်ကြည့်နေခြင်းပင်။

ဝမ်ယဲ့တစ်ယောက် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ထိုမုန့်တစ်တုံးလေးကို ပါးစပ်ထဲသို့ အကုန်ထိုးထည့်လိုက်သည်။

ရွှီယွိရွှမ်က သူမကို ကြည့်လိုက် အလွတ်ဖြစ်သွားပြီ ဖြစ်သော ပန်းကန်ကို ကြည့်လိုက်နှင့် ဝမ်ယဲ့က နောက်ဆုံးလက်ကျန်မုန့်ကို စားလိုက်ပြီ ဖြစ်ကြောင်း သူ သိသွားပုံရသည်။ သူ၏ မျက်နှာလေးက မကျေမနပ်ဟန်ဖြင့် ရှုံ့မဲ့သွားပြီး နှုတ်ခမ်းလေးများကလည်း တုန်ယင်လာသည်။

သို့သော် ဘာကြောင့်မှန်းမသိ သူက အသံထွက်ပြီး မငိုလာခဲ့ပေ။

ဝမ်ယဲ့က နောက်ဆုံးတစ်လုပ်ကို ဖြည်းဖြည်းချင်း မျိုချလိုက်ပြီး သူ့ကို ထပ်ကြည့်လိုက်ရာ ရွှီယွိရွှမ်က ရွှီယဲ့ကျား၏ အင်္ကျီလက်အား ဆွဲနေသည်ကို သူမ မြင်လိုက်ရသည်။ သားအဖနှစ်ယောက်လုံးက သူမဘက်သို့ လှည့်ကြည့်လာကြသည်။

တစ်ယောက်ကတော့ မျက်လုံးထဲတွင် မျက်ရည်များ ဝဲနေပြီး အလွန်အမင်း မတရားခံရသလို ဖြစ်နေရှာသည်။

နောက်တစ်ယောက်ကတော့ ဘာခံစားချက်မှ မဖော်ပြဘဲ အေးစက်စက် မျက်နှာထားပိုင်ရှင် ဖြစ်သည်။ သို့သော် သူက သားဖြစ်သူဘက်မှ ရပ်တည်ပေးမည့်ပုံလည်း မဟုတ်ပြန်ပေ။

ခဏမျှ စဉ်းစားပြီးနောက် ဝမ်ယဲ့က စာအုပ်ကို ချလိုက်ပြီး အနားရှိ မုန့်သေတ္တာထဲမှ ပဲနီမုန့်ပန်းကန်အသစ်တစ်လုံးကို ထုတ်လိုက်သည်။ သူမက ရွှီယွိရွှမ်ရှေ့တွင် ထိုမုန့်ပန်းကန်ကို ဝေ့ယမ်းပြလိုက်ပြီး သူမ၏ အနားသို့ ပိုတိုး၍ ချထားလိုက်သည်။

ဝမ်ယဲ့က ဝေမျှပေးမည့် အရိပ်အယောင် လုံးဝမပြဘဲ တစ်ယောက်တည်း ပြန်လည် စားသောက်နေပြန်သည်။

ဝမ်ယဲ့တွင် မုန့် အများကြီး ကျန်နေသေးသည်ကို မြင်လိုက်ရချိန်တွင် ရွှီယွိရွှမ်က ရှုံ့မဲ့မဲ့လေးဖြင့် ရွှီယွဲ့ကျား၏ အင်္ကျီလက်ကို ထပ်ဆွဲနေပြန်သည်။ သူ၏ ရည်ရွယ်ချက်က ရိုးရှင်းနေသည်။

သို့သော်လည်း ရွှီယွဲ့ကျားက သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှ မလှုပ်မယှက် နေမြဲအတိုင်း ဆက်ထိုင်နေသည်။

ဝမ်ယဲ့က အေးအေးဆေးဆေး စားနေသော်လည်း ရွှီယွိရွှမ်ကတော့ စိတ်မရှည်တော့ပေ။ သူက ထိုင်ခုံပေါ်မှ လျောဆင်းလိုက်ပြီး သူ၏ ခြေတိုလေးများဖြင့် စားပွဲဝိုင်းကို ပတ်ကာ ရွှီယွဲ့ကျား၏ ဘေးမှ ဖြတ်ပြီး ဝမ်ယဲ့ရှိရာဘက်သို့ ရောက်လာခဲ့သည်။

သူ ဖြတ်သွားချိန်တွင် ဖခင်ဖြစ်သူ၏ အဝတ်အစားများအား တွန့်ကြေသွားအောင် လုပ်မိသွားသည်ကိုလည်း သူ သတိမထားမိပေ။

သူမ၏ ခြေထောက်ပေါ်တွင် ရုတ်တရက် အလေးချိန်တစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသဖြင့် ဝမ်ယဲ့ ငုံ့ကြည့်လိုက်ရာ နူးညံ့ဝိုင်းစက်သော မျက်နှာလေးက သူမကို မော့ကြည့်နေပြီး အသံတိုးတိုးလေးဖြင့် ခေါ်နေလေသည်။

"မေမေ"

ကလေးငယ်က မည်သို့မျက်နှာချိုသွေးရမည်ကို ကောင်းကောင်း သိနေပုံရသည်။

သို့သော် ဝမ်ယဲ့က စိတ်မလှုပ်ရှားသွားဘဲ တည်ငြိမ်သော လေသံဖြင့် ပြန်မေးလိုက်သည်။

"ဘာလိုချင်လို့လဲ"

ရွှီယွိရွှမ်က စားပွဲကို လက်ညှိုးထိုးပြကာ တိုးတိုးလေး ပြောလာခဲ့သည်။

"စား"

ထိုအချိန်မှသာ ဝမ်ယဲ့က ကလေး၏ အင်္ကျီအရှေ့ပိုင်းကို ဆွဲကိုင်ကာ ထိုင်ခုံပေါ်သို့ ဆွဲတင်ပေးလိုက်ပြီး ပဲနီမုန့်တစ်တုံး ပေးလိုက်သည်။

"ရော့... စားလေ"

ထို့နောက်တွင် သူမက စာအုပ်ကိုသာ ပြန်ဖတ်နေလိုက်သည်။

ရွှီယွိရွှမ်က မုန့်ကို ကိုင်ကာ တစ်ကိုက်ချင်း စားနေသည်။ မုန့်က သိပ်မကြီးသောကြောင့် ခဏတာအတွင်း ကုန်သွားသည်။

သူ့လက်ထဲတွင် ဘာမှမရှိတော့သည့်အချိန်တွင် ကလေးက ဝမ်ယဲ့ကို ကြည့်ပြီး ထပ်ခေါ်လိုက်ပြန်သည်။

"မေမေ..."

ဝမ်ယဲ့က စာအုပ်မှ အကြည့်မခွာဘဲ ဒုတိယမြောက်မုန့်တစ်တုံးကို တိတိကျကျ ကောက်ကိုင်ကာ သူမဘေးမှ ကလေးငယ်ထံသို့ ကမ်းပေးလိုက်သည်။

ယခုတစ်ကြိမ်တွင်တော့ ရွှီယွိရွှမ်က မုန့်အပေါ် စိတ်အားထက်သန်မှု နည်းသွားပုံရသည်။ သူက သုံးကိုက်လောက် စားပြီး ဆက်မစားတော့ပေ။

သူက ထပ်မံ လျောဆင်းလိုက်ပြီး မုန့်ကို စားပွဲပေါ်သို့ ပြန်တင်ကာ သူ့လက်ပေါ်မှ မုန့်အစအနလေးများကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။

ထို့နောက် ခြေလှမ်းမှန်မှန်ဖြင့် ဝမ်ယဲ့အနားသို့ တိုးကပ်သွားပြီး သူမ၏လက်ထဲမှ စာအုပ်ကို စူးစမ်းကြည့်နေလေသည်။

ဝမ်ယဲ့က သူ၏ ခွေးပေါက်လေးကဲ့သို့သော မျက်လုံးလေးများထဲမှ တောင့်တမှုကို သတိပြုမိသွားပြီး ခေါင်းမော့ကာ မေးလိုက်သည်။

"ရွှမ်အာက စာစသင်ရမယ့် အရွယ်ကို ရောက်ပြီလား"

ထိုမေးခွန်းက ရထားလုံး၏ အရှေ့ပိုင်းတွင် ထိုင်နေသော ရွှီယွဲ့ကျားကို ရယ်ရွယ်ပြီး မေးမြန်းလိုက်ခြင်း ဖြစ်သည်။

ရွှီယွဲ့ကျားက ဝမ်ယဲ့အနားသို့ ရောက်ရှိနေသော ရွှီယွိရွှမ်ကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

"နှစ်သစ်ကူးပြီးရင် စာစသင်ပေမယ့် ဆရာ ရောက်လာလိမ့်မယ်"

ထိုအချိန်မှ ဝမ်ယဲ့ စိတ်အေးသွားရသည်။

‘သူ စာမသင်ရသေးဘူးဆိုရင် စာတစ်လုံးမှ ဖတ်တတ်ဦးမှာ မဟုတ်ဘူး’

"ဖတ်ချင်လို့လား"

ဝမ်ယဲ့က မေးလိုက်ပြီး ရွှီယွိရွှမ်ကလည်း နားလည်သည်လား နားမလည်သည်လား မသိနိုင်ဘဲ တက်တက်ကြွကြွ ခေါင်းငြိမ့်ပြလာသည်။

ဝမ်ယဲ့က ကလေး၏ အင်္ကျီကို ပြန်ဆွဲကိုင်လိုက်သော်လည်း ယခုတစ်ကြိမ်တွင်တော့ သူမက သူ့ကို သူမ၏ ဝတ်ရုံထဲသို့ ထည့်ကာ ရင်ခွင်ထဲ၌ ပွေ့ထားလိုက်သည်။

သူမက စာအုပ်ကို သူမတို့နှစ်ယောက်လုံး၏ ရှေ့တွင် ချထားလိုက်ပြီး အတူတူ စာဖတ်ခြင်းကို စတင်လိုက်သည်။

ကလေးငယ်က လူသားမီးဖိုလေးတစ်လုံးလို ဖြစ်နေပြီး သူ ရှိနေသဖြင့် ဝမ်ယဲ့ လက်နွေးအိတ် ကိုင်ထားရန် မလိုတော့ပေ။

လက်တစ်ဖက် အားလပ်သွားသဖြင့် သူမက မုန့်ကို ဆက်စားရင်း သူမ၏ရင်ခွင်ထဲမှ ကလေးကိုလည်း တစ်ခါတစ်ရံ ခွံကျွေးနေသည်။ သူမတို့နှစ်ယောက်လုံး စာအုပ်ထဲသို့ အာရုံအပြည့် ရောက်နေကြသည်။

သိပ်မကြာမီမှာပင် ရွှီယွိရွှမ်၏ မျက်နှာလေးတွင် မုန့်အစအနလေးများ ပေပွလာပြီး သူ့မျက်ခုံးလေးများပင် မလွတ်နိုင်ခဲ့ချေ။

၎င်းကို မြင်နေရသည့် ရွှီယွဲ့ကျားက မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။

ခဏအကြာတွင် သူက လှမ်းမေးလိုက်သည်။

"စာအုပ်ထဲမှာ ဘာအကြောင်းအရာတွေ ရေးထားတာလဲ"

ရွှီယွဲ့ကျား၏ အသံကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့၏ ပထမဆုံးအတွေးက ‘ငါ နားကြားမှားတာလား’ဟု တွေးလိုက်ခြင်းပင်။ သို့သော် သူမ မော့ကြည့်လိုက်ပြီး သူ၏အကြည့်နှင့် ဆုံလိုက်ရမှ ၎င်းက အစစ်အမှန် ဖြစ်ကြောင်း နားလည်လိုက်ရသည်။

‘ဒါပေမယ့် စာအုပ်ထဲက အကြောင်းအရာကတော့...’

ရွှီယွဲ့ကျားက ထပ်မံ ဖိအားပေး မေးမြန်းနေသည်။

"ပြောပြလို့ မရဘူးလား"

ဝမ်ယဲ့ သိထားသည်မှာ ရွှီယွဲ့ကျားက အနောက်ဘက်စာကြည့်ခန်းရှိ သူမ၏ စာအုပ်စင်ပေါ်မှ စာအုပ်များကို ဘယ်သောအခါမှ ခိုးမဖတ်တတ်သူ ဖြစ်သည်။

သူမ စည်းကမ်းတကျ နေထိုင်နေသရွေ့ သူက သူမ၏ ပုဂ္ဂိုလ်ရေး နယ်ပယ်ကို ဘယ်တော့မှ ကျူးကျော်မည့်သူ မဟုတ်ပေ။

"အဲ့လို မဟုတ်ပါဘူး"

ဝမ်ယဲ့က ပြန်ပြောလိုက်သည်။ သို့သော် သူမ ဖတ်နေသည့် စာအုပ်က သာမန်စာအုပ် မဟုတ်ဘဲ အချစ်နှင့် ကာမအသားပေး ဝတ္ထုတစ်ပုဒ် ဖြစ်နေသည်။

ဝမ်ယဲ့က စာအုပ်ကို ပိတ်လိုက်ပြီး ခေတ္တမျှ စဉ်းစားကာ စရှင်းပြလိုက်သည်။

"ဒီဇာတ်လမ်းက... တောင်ပိုင်းကျန်းနန်က နာမည်ကြီး ပြည့်တန်ဆာမလေးတစ်ယောက်က ပညာရှိ လူငယ်လေးတစ်ယောက်ကို ချစ်မိသွားတဲ့အကြောင်းပါ၊ သူက နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ငွေတွေအားလုံးကို အဲဒီလူငယ်လေး မြို့တော်ကို သွားပြီး နန်းတွင်းစာမေးပွဲ ဖြေနိုင်ဖို့ ပေးလိုက်တယ်၊ ဒါပေမယ့် အဲဒီလူငယ်က နှလုံးသားမရှိတဲ့သူ ဖြစ်နေတယ်၊ စာမေးပွဲအောင်ပြီးတဲ့နောက်မှာ သူ့ကို စွန့်ပစ်ခဲ့ပြီး မင်းသမီးတစ်ပါးနဲ့ လက်ထပ်လို့တော့ မင်းသမီးရဲ့ ကြင်ယာတော် ဖြစ်သွားတယ်"

ရွှီယွဲ့ကျားက မျက်မှောင်ကြုတ်ကြီးဖြင့် မေးလာခဲ့သည်။

"ဒါကို ယောက်ျားတစ်ယောက်က ရေးတာလား"

ဝမ်ယဲ့က အမှန်တကယ် အံ့သြသွားပြီး ပြန်မေးလိုက်သည်။

"ရှင် ဘယ်လိုသိတာလဲ"

ရွှီယွဲ့ကျားက 'ဒါက သိသာနေတာပဲ မဟုတ်လား' ဟူသော အကြည့်မျိုးဖြင့် သူမကို ပြန်ကြည့်နေသည်။

စာအုပ် မရှိတော့သည့်အချိန်တွင် ရွှီယွိရွှမ်ကလည်း သူ့ဖခင်ကို အတုယူကာ သူ၏မျက်ခုံးလေးများကို တွန့်ရှုံ့လျက် ဝမ်ယဲ့ကို တိတ်တဆိတ် အပြစ်တင်နေသည်။

ဝမ်ယဲ့က စာအုပ်ကို ရထားလုံး၏ လျှို့ဝှက်အကန့်ထဲသို့ သတိထား ထိုးထည့်လိုက်ပြီး ရွှီယွိရွှမ်၏ မျက်လုံးလေးများကို လက်တစ်ဖက်ဖြင့် အုပ်ကာ ထပ်ပြောလိုက်သည်။

"တကယ်တော့ ဇာတ်လမ်းက မပြီးသေးဘူး"

ဇာတ်လမ်း၏ ပထမပိုင်းအရဆိုလျှင်တော့ ယောက်ျားတစ်ယောက် ရေးသားထားခြင်းဟု ထင်ရပေလိမ့်မည်။

ဝမ်ယဲ့က ဆက်ပြောပြနေသည်။

"စောစောက ပြောတာက ပထမပိုင်းပဲ ရှိပါသေးတယ်။ ဒုတိယပိုင်းမှာတော့ အဲဒီအမျိုးသမီးလေးက အမှန်တရားကို သိသွားတဲ့အခါ အရမ်း ဒေါသထွက်သွားပြီး မြို့တော်ကို လိုက်လာခဲ့တယ်၊ လမ်းမှာ တိုက်တိုက်ဆိုင်ဆိုင်နဲ့ နာမည်ကျော် သမားတော်ကြီးတစ်ယောက်ကို ကယ်တင်ခဲ့မိတယ်၊ သူ့ရဲ့ ဇာတ်လမ်းကို ကြားတဲ့အခါ သမားတော်ကြီးက ကျေးဇူးဆပ်တဲ့အနေနဲ့ သူ့ရဲ့ ရုပ်ရည်ကို ပြောင်းလဲပေးဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီလိုနဲ့ သူ မြို့တော်ကို ရောက်လာတဲ့အခါ အဲဒီသစ္စာဖောက် လူငယ်တောင် မမှတ်မိနိုင်လောက်တဲ့ အရမ်းလှပတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်နေပြီပေါ့၊ တိုက်ဆိုင်မှုတွေအပြီးမှာ သူက ဧကရာဇ်မင်းမြတ်ရဲ့ မိဖုရားခေါင်ကြီး ဖြစ်လာခဲ့တယ်လေ၊ အဲဒီနောက်ပိုင်းမှာတော့ မင်းသမီးနဲ့ အဲဒီသစ္စာဖောက် လူငယ်ကတောင် သူ့ကို 'မယ်မယ်' လို့ ခေါ်နေရတော့တာပေါ့"

ရွှီယွဲ့ကျား : "......"

'တော်သေးတာပေါ့၊ ရွှမ်အာ စာမဖတ်တတ်သေးလို့'

ဇာတ်လမ်းကတော့ ထိုအတိုင်း ဖြစ်သော်လည်း ဝမ်ယဲ့က ကွက်ကွက်ကွင်းကွင်း အကြောင်းအရာများကို ချန်ထားပြီး ဗားရှင်းအသစ်ဖြင့် ပြန်ပြောပြလိုက်ခြင်း ဖြစ်သည်။ ရှန့်ကျင်းမြို့မှ သေးငယ်ပြီး လူသိနည်းသော စာအုပ်ဆိုင်လေးတစ်ခုတွင် ဤထူးခြားသည့် ဇာတ်လမ်းကို ရှာဖွေတွေ့ရှိရန် သူမ နှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရသည်။ ၎င်းက ပုံမှန်တွေ့နေကျ ပညာရှိနှင့် မင်းသမီး၊ သို့မဟုတ် ဝန်ကြီး၏ သမီးပျိုများနှင့် ဧကရာဇ်တို့၏ ဇာတ်လမ်းမျိုးနှင့် မတူပေ။

သို့သော်လည်း သူမ ယခုလေးတင် အသက်နှစ်နှစ်အရွယ် ကလေးငယ်ကို ညစ်ညမ်းလုနီးပါးဖြစ်နေသည့် စာအုပ်တစ်အုပ် ပြနေခဲ့ခြင်း ဖြစ်သည်။

'တကယ်ကို ကြီးမားတဲ့ အပြစ်ကြီးလေ’

ဝမ်ယဲ့က အလင်းရောင်ရှိရာသို့ အတင်းတိုးထွက်ရန် ကြိုးစားနေသော ရွှီယွိရွှမ်ကို ငုံ့ကြည့်ပြီး စိတ်ထဲမှ တွေးနေပြန်သည်။

'သူ စာမတတ်သေးတာ တကယ်ကို ကံကောင်းတာပဲ'

ကလေးကို ခဏမျှ စနောက်ပြီးနောက်တွင်မှ ဝမ်ယဲ့က သူ့ကို လွှတ်ပေးလိုက်သည်။ ရွှီယွိရွှမ်က အလင်းရောင်ရှိရာသို့ ပြန်ရောက်သွားသည်နှင့် အပြစ်တင်သလို၊ မကျေနပ်သလို လေသံဖြင့် အော်လိုက်သည်။

"မေမေ"

ရွှီယွဲ့ကျား၏ အကြည့်က သူမတို့အပေါ် ထပ်မံကျရောက်လာသောကြောင့် ဝမ်ယဲ့က စိတ်ထဲမှ အပြစ်မကင်းသလို ခံစားလိုက်ရသည်။

‘တကယ်တော့ သူ့အဖေ ရှေ့မှာ ကလေးကို စနောက်နေတာက နည်းနည်းတော့ ရဲတင်းလွန်းတဲ့ အပြုအမူဖြစ်နေမှာ သေချာတယ်’

ကံကောင်းထောက်မစွာပင် ရထားလုံးက ဝမ်မိသားစု အိမ်တော်၏ တံခါးဝသို့ ဆိုက်ရောက်လာခဲ့သည်။

ဝမ်ယဲ့က ရွှီယွိရွှမ်ကို သူ့ဖခင်ထံ ပြန်ပေးလိုက်ပြီး ရထားလုံးပေါ်မှ အမြန်ဆင်းလိုက်သည်။

အထိန်းတော်ကျိက ရထားလုံးရှေ့တွင် စောင့်နေနှင့်ပြီ ဖြစ်သည်။ ဝမ်ယဲ့ ဆင်းလာသည်နှင့် သူမက အနည်းငယ် ဦးညွှတ်နှုတ်ဆက်ပြီး ရထားလုံးထဲသို့ ဝင်သွားခဲ့သည်။

အတွင်းမှ မြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင်တော့ အထိန်းတော်ကျိတစ်ယောက် သူမ၏ တည်ငြိမ်မှုကိုပင် ရုတ်တရက် ဆုံးရှုံးလုနီးပါး ဖြစ်သွားရသည်။

သူမက အလျင်အစို ဦးညွှတ်ပြီးနောက် စိုးရိမ်တကြီး မေးလိုက်သည်။

"သခင်လေး... ဘာဖြစ်တာလဲဟင်"

ရွှီယွဲ့ကျားက ရွှီယွိရွှမ်၏ မျက်နှာပေါ်မှ မုန့်အစအနလေးများကို သုတ်ပေးနေရင်း တည်ငြိမ်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး၊ သူ မုန့်ပန်းကန်ကို မှောက်ချလိုက်မိတာပါ"

ထိုစကားကို ကြားလိုက်ရသည့် ရွှီယွိရွှမ်က သူ့ခေါင်းလေးကို မော့ကြည့်လာပြီး ဇဝေဇဝါ ဖြစ်နေပုံရသည်။

အထိန်းတော်ကျိကတော့ လုံးဝ သံသယမဝင်ဘဲ ရွှီယွိရွှမ်၏ အဝတ်အစားများ သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် အမြန် ပြန်ပြင်ပေးလိုက်သည်။

ဝမ်ယဲ့က အပြင်ဘက်တွင် ခေတ္တမျှ စောင့်ဆိုင်းနေရပြီး ခဏအကြာမှသာ ရွှီယွဲ့ကျားနှင့် သားဖြစ်သူတို့က ရထားလုံးပေါ်မှ ဆင်းလာကြသည်။

ထိုအချိန်တွင် ဝမ်သခင်ကြီးနှင့် ရှန်သခင်မတို့က သူတို့၏ သား၊ ချွေးမများနှင့်အတူ အိမ်တော်တံခါးဝသို့ ရောက်ရှိလာကြသည်။

အရာအားလုံးက အချိန်ကိုက် ဖြစ်နေလေသည်။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment