chapter 29
အခန်း ၂၉ နေရာလဲမယ်
သို့သော်လည်း မိခင်တစ်ယောက်၏မေတ္တာဆိုသည်ကလည်း အကန့်အသတ်တော့ ရှိနေမြဲပင်။
ဝမ်ယဲ့က ရွှီယွိရွှမ်ကို ဒန်းပေါ်တွင် ခဏမျှ ကစားပေးပြီးနောက် သူ့ကို ချီမကာ အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။ အပြင်ဘက်တွင် လေပြင်းများ ပိုကြမ်းလာပြီ ဖြစ်သောကြောင့် ဆက်ကစားနေပါက ကလေး အအေးမိသွားနိုင်သည်။
ရွှီယွိရွှမ်က ဝမ်ယဲ့၏ ရင်ခွင်ထဲတွင် အချီခံထားရရင်း ခြေထောက်တိုတိုလေးများကို လေထဲတွင် ယမ်းခါကာ ပူဆာနေသည်။
"မေမေ... ထပ်ကစားချင်တယ်"
ဝမ်ယဲ့က ကလေးငယ်၏ အသိဥာဏ်မစုံသေးမှုကို အခွင့်ကောင်းယူကာ စနောက်လိုက်သည်။
"သား ပေးတဲ့ သေတ္တာလေးက သေးသေးလေးလေ၊ သားခဏလေးပဲ ကစားလို့ ရမှာပေါ့"
ထိုစကားကို ကြားလိုက်ရုံဖြင့် ရွှီယွိရွှမ်က ခြေထောက်ယမ်းနေခြင်းကို ချက်ချင်း ရပ်လိုက်ပြီး ဝမ်ယဲ့ ပွေ့ချီခေါ်ဆောင်ရာနောက်သို့ ငြိမ်ငြိမ်လေး လိုက်ပါလာခဲ့သည်။ သူ၏ မျက်နှာသေးသေးလေးပေါ်တွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် အရိပ်အယောင်လေးများတော့ ရှိနေခဲ့သည်။
နေ့လယ်စာစားချိန် နီးကပ်လာပြီ ဖြစ်၍ ဝမ်ယဲ့က အချိန်ကို တွက်ဆပြီး ဟင်းပွဲများ ပြင်ဆင်ရန် ထောင်ကျီကို ညွှန်ကြားလိုက်သည်။ သခင်မလု အိမ်တော်တွင် မရှိသဖြင့် ရွှီယွိရွှမ်ကလည်း သူမနှင့်အတူ နေ့လယ်စာ စားမည်မှာ အသေအချာဖြစ်သည်။
ဝမ်ယဲ့က နှုတ်ခမ်းဆူနေသည့် ကလေးငယ်ကို ကြည့်ပြီး မအောင့်နိုင်ဘဲ ရယ်မောလိုက်မိသည်။
"မေမေ"
ရွှီယွိရွှမ်က ငယ်သေးသော်လည်း ဝမ်ယဲ့၏ ရယ်သံက ထူးခြားနေသည်ကိုတော့ ခံစားမိနေသည်။
"ကဲပါ... ကဲပါ... မေမေ သားကို မရယ်တော့ဘူးနော်"
ဝမ်ယဲ့က အပြုံးကို အောင့်ထားရင်း ပြောလိုက်သော်လည်း ခဏအကြာတွင် ထပ်ရယ်မောနေပြန်သည်။
ထိုအရာက နေ့လယ်စာ စားပြီးသည်အထိ ဆက်ဖြစ်နေခဲ့ပြီး နေ့လည်စာ စားပြီးနောက် ဗိုက်လည်းဝ၊ စိတ်လည်းကြည်လင်သွားပြီဖြစ်သော ဝမ်ယဲ့က ကြေညာလိုက်သည်။
"မေမေ နေ့လယ်ခင်း တစ်ရေးအိပ်တော့မယ်"
ရွှီယွိရွှမ်က ချက်ချင်း ဝင်ပြောလိုက်သည်။
"ရွှမ်အာလည်း အိပ်ချင်တယ်"
အနောက်ဘက်ခြံဝင်းထဲရှိ သူ့အခန်းက ဝမ်ယဲ့အခန်းနှင့် ကပ်လျက်ရှိနေပြီး သူ နေချင်သည်ဆိုလျှင်လည်း ဝမ်ယဲ့က ငြင်းဆန်စရာ အကြောင်းမရှိပေ။
"ဒါဆို ကျိမားကို ခေါ်သွားခိုင်းလိုက်မယ်လေ"
ရွှီယွိရွှမ်က ခေါင်းခါပြရင်း ဝမ်ယဲ့၏ ခြေထောက်ကို အားကိုးတကြီး ဖက်တွယ်ထားလိုက်သည်။ ဤအမူအရာလေးကိုတော့ သူ အတော်လေး ကျွမ်းကျင်နေပြီ ဖြစ်သည်။
ဝမ်ယဲ့ကလည်း သူ ဘာကို ဆိုလိုချင်မှန်း နားလည်သွားပြီး ပြန်မေးလိုက်သည်။
"မေမေနဲ့ အတူတူ အိပ်ချင်တာလား"
ရွှီယွိရွှမ်က မျှော်လင့်ချက်အပြည့်ဖြင့် ခေါင်းညိတ်ပြနေသည်။
ဝမ်ယဲ့ ခဏလောက် စဉ်းစားလိုက်ပြီးမှ သဘောတူလိုက်သည်။
"ရပါတယ်... ဒါပေမယ့် သားက မေမေ့စကားကို နားထောင်ရမယ်နော်"
ရွှီယွိရွှမ်၏ မျက်လုံးလေးများက ချက်ချင်း တောက်ပသွားသည်။
"ဟုတ်ကဲ့"
ဝမ်ယဲ့က ကလေးကို သဘောတူလိုက်ပြီးနောက် အထိန်းတော်ကျိအား ရွှီယွိရွှမ်ကို အိပ်ရာဝင်ဝတ်စုံ လဲပေးရန် ညွှန်ကြားလိုက်သည်။ ကလေးငယ်က အပေါ်ဝတ်ရုံကို ချွတ်ထားသည့်တိုင် အိပ်ရာဘေးတွင် ထိုင်နေသည့်ပုံလေးက ပုံ့ပုံ့လေး ဖြစ်နေပြီး ချစ်စရာကောင်းနေဆဲပင်။
ဝမ်ယဲ့က စောင်ကို မတင်ရင်း ပြောလိုက်သည်။
"မြန်မြန် အိပ်တော့လေ"
ရွှီယွိရွှမ်က အိပ်ရာပေါ်သို့ တွားသွားတက်လာကာ ဝမ်ယဲ့ ပြင်ပေးထားသည့် စောင်ပုံထဲသို့ ကပျာကယာ တိုးဝင်ပြီး နာနာခံခံ လဲလျောင်းလိုက်သည်။
ဘေးတွင် ရပ်နေသည့် အထိန်းတော်ကျိက အမှတ်တမဲ့ လက်ဆန့်ထုတ်လိုက်မိသော်လည်း သူမ၏လက်က လေထဲတွင် တုန့်ခနဲ ရပ်သွားပြီး ပြန်ရုတ်ဖို့ပင် မေ့လျော့နေရှာသည်။
ဝမ်ယဲ့က ကလေးကို စောင် သေသေချာချာ ခြုံပေးလိုက်ပြီး အထိန်းတော်ကျိကို ကြည့်ကာ ထပ်ပြောလိုက်သည်။
"ဒီမှာ ခဏ စောင့်နေပေးပါဦး"
ထိုသို့ ပြောပြီးနောက် သူမက ကိုယ်လက်သန့်စင်ရန် ဘေးခန်းသို့ ထွက်လာခဲ့သည်။
ခဏအကြာ ဝမ်ယဲ့ ပြန်လာသည့်အထိ အထိန်းတော်ကျိက ကလေးကို စောင့်ကြည့်နေဆဲပင်။ ဝမ်ယဲ့က သူမကို တစ်ချက်ကြည့်လိုက်ပြီး ခုတင်ကန့်လန့်ကာကို မကာ အထဲဘက်သို့ ဝင်လိုက်သည်။
ထို့နောက် သူမက ထပ်ပြောလိုက်သည်။
"ကျိမား၊ အခု ထွက်သွားလို့ရပြီ။ ထောင်ကျီကို ခေါ်ပြီး သူ့ကိုပဲ ဒီမှာ စောင့်ခိုင်းလိုက်မယ်"
အထိန်းတော်ကျိက ဝမ်ယဲ့ကို ခဏမျှ ကြည့်နေပြီးမှ အမိန့်ကို နာခံကာ ပြန်ထွက်သွားသည်။
ဝမ်ယဲ့က အထိန်းတော်ကျိ၏ အတွေးများကို ဂရုမစိုက်ချင်တော့ပေ။ သူမ အိပ်နေသည့်အချိန်တွင် တစ်ယောက်ယောက်က စူးစိုက်ကြည့်နေသည်ကို ဝမ်ယဲ့ မနှစ်သက်ချေ။ သို့သော် ယခု ကလေးတစ်ယောက် ရှိနေသဖြင့် တစ်ယောက်ယောက် စောင့်နေပေရန် လိုအပ်သည်။
သို့တိုင်အောင် စောင့်နေမည်ဆိုလျှင်ပင် သူမနှင့် ရင်းနှီးသည့်သူ ဖြစ်မှသာ ဝမ်ယဲ့ စိတ်အေးလက်အေး အိပ်ပျော်နိုင်မည်ဖြစ်သည်။
မကြာမီ ထောင်ကျီ ဝင်လာသဖြင့် ဝမ်ယဲ့က သူမကို ခုံတစ်ခုံပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး ရွှီယွိရွှမ် အိပ်ပျော်သွားသည်အထိ သေသေချာချာ စောင့်ကြည့်ရန် မှာကြားလိုက်သည်။
ရွှီယွိရွှမ်ကတော့ စောင်ထဲတွင် လုံအောင်ပတ်ခံထားရပြီး ခေါင်းလေးသာ ပြူထွက်နေကာ မျက်လုံးလေး ကလည်ကလည်ဖြင့် မေးလာသည်။
"မေမေ"
ဝမ်ယဲ့လည်း ကိုယ့်စောင်ကိုယ် ခြုံကာ လဲလျောင်းလိုက်ရင်း အသံပြန်ပေးလိုက်သည်။
"ဘာလဲ"
"သားတို့ အတူတူ အိပ်ကြမှာ မဟုတ်ဘူးလား"
ရွှီယွိရွှမ်က စောင်အောက်ထဲမှ လက်ကလေး၊ ခြေထောက်ကလေးများ လှုပ်ရှားရင်း မေးလိုက်သည်။
ဝမ်ယဲ့က လက်တစ်ဖက်ဖြင့် ခေါင်းကို ခုကာ ဘေးစောင်းလေး လှဲလိုက်ရင်း ကလေးငယ်ကို ပြုံးပြလိုက်သည်။
"အခုလည်း ကုတင်တစ်ခုတည်းမှာ အတူတူ ရှိနေတာပဲ မဟုတ်ဘူးလား၊ သား အခု အိပ်နေတာက သားဖေဖေရဲ့ နေရာမှာလေ၊ ဖေဖေ့ရဲ့ စောင်ကိုပဲ ခြုံထားတာ၊ အဲ့ဒါက အကောင်းဆုံးပဲ မဟုတ်ဘူးလား"
ရွှီယွိရွှမ်ခမျာ ချက်ချင်းပင် ဝေခွဲမရဖြစ်သွားပြီး တိုးတိုးလေး ရေရွတ်နေရှာသည်။
"ဟုတ်ကဲ့..."
ဝမ်ယဲ့က ထပ်ပြောလိုက်သည်။
"ဒါဆို မျက်လုံးမှိတ်ပြီး အိပ်တော့"
ရွှီယွိရွှမ်က နာခံမှုအပြည့်ဖြင့် မျက်လုံးမှိတ်လိုက်သော်လည်း မျက်ခွံအောက်မှ မျက်လုံးလေးများကတော့ လှုပ်စိလှုပ်စိ ဖြစ်နေဆဲပင်။ သို့သော် ကလေးသဘာဝအတိုင်း ခဏအကြာမှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
သူ အိပ်ပျော်သွားသည်ကို မြင်မှသာ ဝမ်ယဲ့က သမ်းဝေလိုက်ပြီး သူမ၏စောင်ထဲသို့ တိုးဝင်ကာ ခုတင်၏ အထဲဘက်အစွန်ဆုံးသို့ လူးလိမ့်သွားလိုက်သည်။ အပြင်ဘက်က ကြည့်လျှင် သူမ၏ နောက်စေ့လေးကိုသာ မြင်ရတော့သည်။
နေ့လယ်စာ စားချိန်ကျော်ပြီးနောက် လုသခင်မက ခြံဝင်းမှ ပြန်ရောက်လာပြီး ရွှီယွိရွှမ်တစ်ယောက် အနောက်ဘက်ခြံဝင်းတွင် နေ့လယ်ခင်းတစ်ရေးအိပ်နေကြောင်း သိလိုက်ရသည်။
လုသခင်မကတော့ ထိုအချက်ကို စိတ်ထဲမထားတော့ပေ။ သူမကိုယ်တိုင်လည်း နေ့လယ်စာစားရန် အိမ်တော်သို့ အပြေးအလွှား ပြန်လာခဲ့ရခြင်း ဖြစ်ပြီး မနက်ခင်းတစ်လျှောက်လုံး ခြံဝင်းထဲတွင် အလုပ်ရှုပ်နေခဲ့သဖြင့် ကောင်းကောင်းမနားရသေးပေ။
"ရွှမ်အာ အိပ်ချင်တဲ့နေရာမှာ အိပ်ပါစေ"
သခင်မလုက နွေးထွေးသည့် အဆောင်ထဲသို့ ဝင်လာရင်း အပူပေးထားသည့် ခန်ခုတင်ပေါ်သို့ ဝင်ထိုင်လိုက်သည်။ ချင်းရွှယ်က သူမအတွက် လက်ဖက်ရည်ပူပူတစ်ခွက် ငှဲ့ပေးနေသည်။
သခင်မလုက လက်ဖက်ရည်ကို အနည်းငယ် သောက်လိုက်ပြီး သူမ၏ကိုယ်ထဲသို့ နွေးထွေးမှု ပျံ့နှံ့သွားသလို ခံစားလိုက်ရသည်။
ဘေးတွင် ရပ်နေသော ပိုင်မေ့က သတင်းပို့နေသည်။
"ကျိမား ပြောတာတော့ သခင်ငယ်လေးက ဒုတိယသခင်မနဲ့အတူ အိပ်နေတာ အခုထိ နိုးမလာသေးပါဘူးတဲ့"
သခင်မလုက လက်ဖက်ရည်သောက်လက်စမှ တန့်သွားပြီး မော့ကြည့်ကာ ထပ်မေးလိုက်သည်။
"အခုထိ အိပ်နေတုန်းလား"
"ဟုတ်ကဲ့"
"ရွှမ်အာက ဒီနေ့ တစ်နေ့လုံး အနောက်ဘက်ခြံဝင်းမှာပဲ ရှိနေတာလား"
"ဒီမနက်က ဒုတိယသခင်မက စင်္ကြံလမ်းမှာ ဒန်းတစ်ခု ဆင်ခိုင်းပြီး သခင်ငယ်လေးနဲ့ ခဏလောက် ကစားပေးခဲ့ပါတယ်၊ ကျိမား ပြောတာတော့ သခင်ငယ်လေးက အရမ်း ပျော်နေပြီး နေ့လယ်စာတောင် ပိုစားခဲ့ပါတယ်တဲ့"
သခင်မလုက လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်သည်။ ချင်းရွှယ် ကမ်းပေးနေသည့် မုန့်များကိုလည်း စားချင်စိတ် မရှိတော့ဘဲ သူမ၏ လေသံတွင် မသိမသာ အနည်းငယ် ချဉ်နေသည့် အရိပ်အယောင်များ ပါဝင်လာသည်။
"သူတို့သားအမိ နှစ်ယောက်ကတော့ တကယ်ကို ပျော်ပျော်ပါးပါး နေတတ်ကြတာပဲ"
ရွှီနယ်စားမင်းက ဧကရာဇ်မင်းမြတ်အတွက် အနောက်ဘက် စစ်စခန်းတွင် စစ်သည်များကို လေ့ကျင့်ပေးပြီးနောက် ယခုအခါ လက်နက်တိုက်တွင် တာဝန်အနည်းငယ် ယူထားရသည်။ သူက တာ့ကျင်းအင်ပါယာ၏ စစ်သည်တော်များအတွက် ပိုမိုကောင်းမွန်သည့် လက်နက်များ ထုတ်လုပ်ရန် အရာရှိများနှင့် ပူးပေါင်းဆောင်ရွက်နေရသည်။ မကြာသေးမီကပင် တိုးတက်မှုအချို့ ရှိနေသဖြင့် သူ မနက်စောစောထွက်ပြီး ညမိုးချုပ်မှ ပြန်ရောက်လာလေ့ရှိသည်။
ရွှီယွဲ့ကျားကတော့ ပြောနေစရာပင် မလိုတော့ချေ။ သူက တစ်နှစ်တာတွင် ဆယ့်နှစ်လလုံး အလုပ်ရှုပ်နေသူဖြစ်ပြီး တစ်ခါမျှ အေးအေးဆေးဆေး မနေရသူ ဖြစ်သည်။
သခင်မလု ကိုယ်တိုင်လည်း အလုပ်အရှုပ်ဆုံး အချိန်သို့ ရောက်နေရသည်။ အိမ်တော်၏ စာရင်းဇယားများကို စစ်ဆေးခြင်း၊ နှစ်သစ်ကူးအတွက် လိုအပ်သည်များ ပြင်ဆင်ခြင်း၊ အစေခံများနှင့် ဝန်ထမ်းများအတွက် နှစ်သစ်ကူး အားလပ်ရက် စာရင်းရေးဆွဲပေးခြင်းနှင့် ဆွေမျိုး၊ မိတ်ဆွေများအတွက် လက်ဆောင်ပစ္စည်းများကို စီမံခန့်ခွဲခြင်းတို့ဖြင့် အနားယူရန် အချိန်မရှိသလောက် ဖြစ်နေခဲ့သည်။
ရွှီကျင့်ရုံနှင့် ရွှီကျင့်လင်းတို့ ညီအစ်ကိုပင်လျှင် နှစ်သစ်ကူးကာလ၌ စိတ်အေးလက်အေး ဆော့ကစားနိုင်ရန် ဆရာပေးထားသည့် အိမ်စာများကို ရေးသားပြီး မေးခွန်းလွှာများကို အသည်းအသန် ဖြေဆိုနေကြရသည်။
ရွှီအိမ်တော်တစ်ခုလုံးတွင် အေးအေးလူလူ ရှိနေသည်က ဝမ်ယဲ့တစ်ယောက်တည်းသာ ရှိပြီး ယခု ရွှီယွိရွှမ်ပါ ပါလာပြီ ဖြစ်သည်။
သခင်မလု ရွှီနယ်စားမင်းအိမ်တော်သို့ ချွေးမအဖြစ် ရောက်ရှိလာခဲ့သည်မှာ ကိုးနှစ်တိုင်တိုင် ရှိခဲ့ပြီး နှစ်တိုင်းလည်း ဤကဲ့သို့ အလုပ်ရှုပ်ခဲ့ရသည်။ သို့သော် ယခုနှစ်တွင် ဝမ်ယဲ့ ရှိနေခြင်းက သူမ၏စိတ်ကို သိသိသာသာ ကွာခြားသွားစေပြီး နှိုင်းယှဉ်မှုများ မလွဲမသွေ ဖြစ်ပေါ်လာရသည်။ သူမ တစ်အိမ်တော်လုံးအတွက် မမောနိုင်မပန်းနိုင် အလုပ်လုပ်နေချိန်တွင် ဝမ်ယဲ့က အနောက်ဘက်ခြံဝင်းထဲ၌ စားလိုက်၊ သောက်လိုက်၊ ဒန်းစီးလိုက်နှင့် အချိန်ကုန်နေခဲ့သည်။
‘ငါ ဒန်းမစီးခဲ့ရတာ ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ’
အမှန်စင်စစ် သခင်မလုကလည်း ယခုအချိန်တွင် ဒန်းစီးချင်သည့် စိတ်ဆန္ဒ ရှိနေသည်တော့ မဟုတ်ပေ။ ဝမ်ယဲ့၏ ဘဝက အလွန်သက်သောင့်သက်သာ ဖြစ်လွန်းနေသည်ဟုသာ သူမ ခံစားနေရခြင်း ဖြစ်သည်။
......။.....။......
ကောင်းမွန်လှသည့် နေ့ရက်များကို အေးအေးဆေးဆေး ဖြတ်သန်းသင့်သည်မှာ အမှန်ဖြစ်ပြီး ထိုသို့မဟုတ်ပါက ဒုက္ခက တံခါးလာခေါက်ပေလိမ့်မည်။
ဝမ်ယဲ့ နေ့လယ်ခင်း တစ်ရေးအိပ်စက်ခြင်းမှ ပျော်ပျော်ရွှင်ရွှင် နိုးလာသည်နှင့် တစ်ပြိုင်နက် စစ်ဆေးရန် ကျန်ရှိနေသေးသည့် ခြံဝင်း သုံးခုရှိနေကြောင်းနှင့် ထိုနေရာများကို သွားရောက်ကြည့်ရှုရန်က သူမ၏ တာဝန်ဖြစ်ကြောင်း အကြောင်းကြားစာ ရောက်လာတော့သည်။
ထိုခြံဝင်း သုံးခုစလုံးက ရွှီယွဲ့ကျား၏ ပိုင်ဆိုင်မှုဖြစ်ပြီး ဝမ်ယဲ့က စီမံခန့်ခွဲရသည်က သင့်လျော်လှဖြစ်သည်။
ဝမ်ယဲ့ကတော့ ပြန်မေးချင်နေသေးသည်။
'ဒါတွေက ငါ့နာမည်ပါလို့လား'
သို့သော် သခင်မလုက နေမကောင်းဖြစ်နေသည်ဟု ဆိုလာသဖြင့် လူမမာတစ်ယောက်ကို အလုပ်ခိုင်းရန်ကလည်း မသင့်တော်ပြန်ပေ။
ဝမ်ယဲ့ကတော့ သခင်မလု အလုပ်ရှောင်ရန်အတွက် နေမကောင်းချင်ယောင် ဆောင်နေသည်ဟု သံသယဝင်နေမိသေးသည်။
ကံကောင်းထောက်မစွာဖြင့် ဝမ်ယဲ့ အခြေအနေကို ကြိုတင်စုံစမ်းကြည့်လိုက်ရာ ထိုတာဝန်က ခြံဝင်းတာဝန်ခံများ တင်ပြထားသည့် ရိတ်သိမ်းမှုနှုန်းထားများကို စစ်ဆေးရန်နှင့် စာရင်းအင်းစာအုပ်များ၌ ကွဲလွဲမှုမရှိစေရန် အတည်ပြုပေးရုံသာ ဖြစ်ကြောင်း သိလိုက်ရသည်။
တာဝန်ခံအချို့က သခင်ထံမှ ဆုလာဘ်များရယူရန်အတွက် ကိန်းဂဏန်းများကို ပိုပိုသာသာ တင်ပြတတ်ကြပြီး သူမတို့ စစ်ဆေးရသည်က သီးစားချထားသည့် လယ်သမားများကို ဖိနှိပ်ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ထိုခြံဝင်းများက မြို့ပြင်တွင် ရှိပြီး တော်တော်လေး ဝေးသော်လည်း အဆင်ပြေချောမွေ့ပါက တစ်ရက်တည်းနှင့် အပြီးပြန်လာနိုင်ပေသည်။ ခရီးပန်းရသည်မှလွဲ၍ အခြား စိုးရိမ်စရာတော့ သိပ်မရှိလှပေ။
ဝမ်ယဲ့က မည်သည့်အခြေအနေမျိုးတွင်မဆို ပျော်အောင်နေတတ်သူဖြစ်ရာ ဤခရီးစဉ်ကို ရှေးခေတ် ကျေးလက်အပန်းဖြေခရီးတစ်ခုအဖြစ် သဘောထားရန် ဆုံးဖြတ်လိုက်သည်။
သူမက ယွင်ကျီနှင့် ထောင်ကျီတို့ကို အဝတ်အစားအချို့အပို ထည့်ခိုင်းလိုက်သည်။
ထောင်ကျီက အဝတ်အစားများ ထုပ်ပိုးနေရင်း မေးနေသေးသည်။
"သခင်မ... အကြီးဆုံးသခင်မက ပြောတာက ခြံဝင်းတွေက သိပ်မဝေးဘူးတဲ့၊ တစ်ရက်တည်းနဲ့ ပြန်လာလို့ရတယ်လို့တောင် ပြောထားတာ မဟုတ်ဘူးလား၊ ဘာလို့ အဝတ်အစားတွေ အများကြီး ထည့်ခိုင်းတာလဲ"
ဝမ်ယဲ့က သူမကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ရင်း ပြန်မေးလိုက်သည်။
"အကြီးဆုံးယောင်းမ ပြောတာက အဆင်ပြေချောမွေ့ရင်လို့ပဲ ပြောထားတာလေ၊ တကယ်လို့ အဆင်မပြေခဲ့ရင်ရော..."
ခဏလောက် စဉ်းစားပြီးနောက် သူမက ထပ်ပြောလိုက်သည်။
"နင်တို့နှစ်ယောက်လည်း အဝတ်အစား အပို ထည့်ခဲ့ကြဦး"
နောက်တစ်နေ့မနက်တွင် ဝမ်ယဲ့က ဝတ်ရုံထူထူကြီးကို ခြုံကာ လက်နွေးအိတ်လေးကို ကိုင်ရင်း မြင်းရထားပေါ်သို့ တက်သွားခဲ့သည်။
ရထားလုံးထဲတွင် လက်ဖက်ရည်ပူပူနှင့် လတ်လတ်ဆတ်ဆတ် ပြင်ဆင်ထားသည့် မနက်စာက အဆင်သင့် စောင့်ကြိုနေသည်။ ဝမ်ယဲ့ အိပ်ရာထ အနည်းငယ် နောက်ကျသွားသဖြင့် မနက်စာကို မြင်းရထားပေါ်တွင် ဖြစ်သလို စားလိုက်ရသည်။
ခြံဝင်းသုံးခုစလုံးက တစ်ခုနှင့်တစ်ခု နီးကပ်စွာ တည်ရှိနေသဖြင့် ဝမ်ယဲ့က အလယ်တွင် ရှိသော ခြံဝင်းကို သူမ၏ စခန်းချနေရာအဖြစ် ရွေးချယ်လိုက်သည်။
မြင်းရထားပေါ်တွင် တစ်မှေးအိပ်ပြီးနောက် ဝမ်ယဲ့ နိုးလာပြီး ခရီးတစ်ဝက်သာ ရောက်သေးကြောင်း သိလိုက်ရသည်။ မြင်းရထားစီးချိန် နှစ်ရှီးချန်ကျော် ကြာမြင့်ခဲ့ပြီး သူမတို့ ရောက်ရှိချိန်တွင် နေ့လယ်စာစားချိန် နီးနေပြီ ဖြစ်သည်။
ဝမ်ယဲ့က မြင်းရထားပေါ်မှ ဆင်းလိုက်ပြီး အဝေးတစ်နေရာကို ငေးကြည့်လိုက်ရာ ဆီးနှင်းများ ဖုံးလွှမ်းနေသည့် ရှုခင်းကြီးက အဆုံးမရှိအောင် ကျယ်ပြောလှသည်။
'တကယ့်ကို လှပတဲ့ မြင်ကွင်းပါပဲလား...'
သူမက ရှုခင်းကို ငေးမောခံစားနေစဉ်မှာပင် အေးစိမ့်သော လေပြင်းတစ်ချက်က ဖြတ်တိုက်လာသည်။
ဝမ်ယဲ့ : "..."
'ထားလိုက်ပါတော့... အထဲကိုပဲ မြန်မြန် ဝင်လိုက်တော့မယ်'
......။.....။.......
ရွှီနယ်စားမင်းအိမ်တော်၌...
သခင်မလုက ထိုနေ့မနက်တွင် တမင်တကာ အိပ်ရာထဲ၌ နောက်ကျအောင် နေခဲ့ပြီး မနက်စာကို အေးအေးဆေးဆေး စားသောက်ခဲ့သည်။ ယခု သူမက နွေးထွေးသည့် အဆောင်ထဲမှ ခန်ခုတင်ပေါ်တွင် ထိုင်ရင်း ကဗျာစာအုပ်တစ်အုပ် ဖတ်နေသည်။ ဘေးမှ စားပွဲပေါ်တွင်လည်း လက်ဖက်ရည်ပူပူတစ်အိုးနှင့် မုန့်ပန်းကန်လေး တစ်ချပ် ရှိနေသေးသည်။
စာမျက်နှာ အနည်းငယ်ကို လှန်ကြည့်ပြီးနောက် သခင်မလုက မေးလိုက်သည်။
"သူ အိမ်တော်ကနေ ထွက်သွားပြီလား"
အထိန်းတော်ရှန်းက ပြန်ဖြေလိုက်သည်။
"ဒုတိယသခင်မက သခင်မ မနိုးခင်ကတည်းက ခြံဝင်းတွေဆီကို ထွက်သွားပါပြီ"
သခင်မလုက ပြုံးလိုက်ရင်း ရေရွတ်လိုက်သည်။
"နောက်ဆုံးတော့ ကျွန်မ အနားယူနေချိန်မှာ သူ အလုပ်လုပ်ရမယ့် အလှည့် ရောက်လာပြီပေါ့"
‘အမှန်အတိုင်း ဝန်ခံရရင် ဒီခံစားချက်က တော်တော်လေး ကောင်းမွန်တာပဲ။ ဝမ်ရှီတစ်ယောက် ဘာလို့ တစ်နေ့လုံး အနောက်ဘက်ခြံဝင်းထဲမှာပဲ အောင်းနေရလဲဆိုတာ ငါ အခုမှပဲ နားလည်တော့တယ်’
အထိန်းတော်ရှန်းလည်း ဘာပြောရမှန်းပင် မသိတော့ပေ။ သခင်မလု ဤကဲ့သို့ မိန်းကလေးငယ်လေးတစ်ယောက်၏ စိတ်ကောက်တတ်သော အမူအရာမျိုး ပြုလုပ်နေသည်ကို မြင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
‘ဒုတိယသခင်မမှာ တကယ်ပဲ လူတစ်ယောက်ကို ပြောင်းလဲပေးနိုင်စွမ်း ရှိတယ်ပေါ့’
သခင်မလုတစ်ယောက် လက်ဖက်ရည်ကို သက်သောင့်သက်သာ သောက်နေပြီး မုန့်ကို မြည်းစမ်းကြည့်ရန် ပြင်နေစဉ်မှာပင် ချင်းရွှယ်က အပြင်မှ ဝင်လာကာ ဂါရဝပြုရင်း ပြောလိုက်သည်။
"သခင်မ... အကြီးဆုံးအဒေါ် မြို့တော်ကို ရောက်နေပါပြီ"
သခင်မလုခမျာ ကိုင်ထားသည့် မုန့်ကို စားရမည်လား ပြန်ချရမည်လားပင် ဝေခွဲမရ ဖြစ်သွားရှာသည်။ သူမက အချိန်ကို သေသေချာချာ တွက်ဆပြီးမှ ယနေ့ကို "နေမကောင်းဖြစ်ရန်" ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သခင်မလုက ပြန်မေးလိုက်သည်။
"သူတို့ မနက်ဖြန်မှ ရောက်မှာ မဟုတ်ဘူးလား"
ချင်းရွှယ်က ချက်ချင်း ပြန်ဖြေလိုက်သည်။
"လမ်းမှာ နှင်းပြိုမှုနဲ့ တိုးမလို ဖြစ်ခဲ့တယ်လို့ ပြောပါတယ်၊ အကြီးဆုံးအဒေါ်က နောက်ထပ် အန္တရာယ်တွေ ရှိမှာကို စိုးရိမ်ပြီး ရထားထိန်းကို တစ်ညလုံး မောင်းခိုင်းခဲ့တာပါတဲ့၊ အခု မြို့တော်ထဲကို ဝင်လာတော့မယ်လို့ မှန်းဆပါတယ်"
နယ်စားမင်းအိမ်တော်သို့ လာရောက် သတင်းပို့သူက အကြီးဆုံးအဒေါ်၏ ဘေးတွင် နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုလာသော ကိုယ်ရံတော်တစ်ဦး ဖြစ်သဖြင့် ချင်းရွှယ်ကလည်း သူ့ကို မှတ်မိနေသည်။
ထိုအကြီးဆုံးအဒေါ်က ကွယ်လွန်သူ နယ်စားမင်းအိုကြီး၏ ညီမတစ်ဦးဖြစ်ပြီး ချန်းနန် မြို့စားအိမ်တော်သို့ လက်ထပ်ဝင်ရောက်သွားခဲ့သည့် အဒေါ်ရွှီထက် နှစ်နှစ်ကြီးသူ ဖြစ်သည်။
ထိုစဉ်အခါက သူမကလည်း ဂုဏ်သရေနိမ့်ပါးသော အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး ကံမကောင်းစွာဖြင့် သူမ၏ခင်ပွန်းသည်က နှစ်နှစ်အတွင်း ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
အကြီးဆုံးအဒေါ်က မြို့တော်ပြင်ပတွင် တာဝန်ကျနေသော သူမ၏သားဖြစ်သူနှင့်အတူ နေထိုင်ရန် မြို့တော်မှ ထွက်ခွာသွားခဲ့ပြီး သူမ ပြန်မလာသည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က သူမ၏သားလည်း တာဝန်ကျရာဒေသ၌ပင် အိမ်ထောင်ပြုခဲ့သည်။ ခရီးဝေးလွန်းလှသဖြင့် သခင်မလုတစ်ယောက် လက်ဆောင်ပစ္စည်းများကို နှစ်ဆတိုးကာ အရေးတကြီး ပေးပို့ခဲ့ရသေးသည်။
ယခု ချွေးမအသစ် ရောက်လာပြီ ဖြစ်သောကြောင့် အကြီးဆုံးအဒေါ်က သူမကို မိသားစုနှင့် မိတ်ဆက်ပေးရန် မြို့တော်သို့ ပြန်မည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ယောက္ခမနှင့် ချွေးမတို့က သူမတို့၏သား၊ သူမတို့၏ ခင်ပွန်းဖြစ်သူကို ချန်ရစ်ခဲ့ကာ အစေခံများ၊ ကိုယ်ရံတော်များ ခြံရံလျက် လီပေါင်းထောင်ချီဝေးသော လင်မြို့မှ မြို့တော်သို့ ခရီးစတင်ခဲ့ကြသည်။
သူမတို့ မြို့တော်သို့ရောက်လျှင် နယ်စားမင်းအိမ်တော်၌ ခေတ္တတည်းခိုရန် ကြိုတင် စာပေးပို့ထားပြီးဖြစ်သည်။ သခင်မလုကလည်း သူမတို့အတွက် နေထိုင်ရန် ခြံဝင်းတစ်ခု ပြင်ဆင်ထားပြီး ဖြစ်ကာ မနက်ဖြန်မှ ရောက်လာမည်ဟု မျှော်လင့်ထားခဲ့သည်။
သို့သော် မည်မျှပင် တွက်ချက်ထားပါစေ၊ သူမတို့ တစ်ရက်စောပြီး ရောက်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
သခင်မလုက သက်ပြင်းရှည်တစ်ချက်ကို ကူကယ်ရာမဲ့ မှုတ်ထုတ်လိုက်ပြီး ကဗျာစာအုပ်နှင့် မုန့်ကို ဘေးချကာ ခန်ခုတင်ပေါ်မှ ဆင်းလိုက်သည်။
သူမက အဝတ်အစားများကို သေသေချာချာ ပြန်လည်ပြင်ဆင်နေရင်း ညွှန်ကြားချက်များ စပေးနေသည်။
"မီးဖိုချောင်ကို သွားပြီး စွပ်ပြုတ်ပူပူနဲ့ စားစရာတွေ ပြင်ခိုင်းလိုက်၊ အကြီးဆုံးအဒေါ် တည်းခိုမယ့် ခြံဝင်းကိုလည်း လူ ထပ်လွှတ်ပြီး ဘာတွေ လိုအပ်နေသေးလဲဆိုတာ သေချာစစ်ခိုင်း၊ သူ နှစ်သက်တဲ့ အမွှေးတိုင်ကို ထွန်းထားဖို့လည်း မမေ့နဲ့ဦး"
"နေပါဦး... ငါကိုယ်တိုင်ပဲ သွားစစ်တော့မယ်"
သခင်မလုတစ်ယောက် သက်ပြင်းထပ်ချလိုက်ပြန်သည်။
‘ငါကတော့ အလုပ်ရှုပ်ဖို့ ကံပါလာပုံပဲ’
......။......။......
မြို့ပြင်က ခြံဝင်းတွင်တော့...
ဝမ်ယဲ့က ခန်ခုတင်ပေါ်တွင် နွေးနွေးထွေးထွေး ထိုင်နေပြီး နေ့လယ်စာစားချိန်ပင် ရောက်လာခဲ့ပြီ ဖြစ်သည်။
ခြံဝင်းထဲမှ အစားအသောက်များက နယ်စားမင်းအိမ်တော်ကဲ့သို့ ဆန်းကြယ်ခြင်း မရှိသည့်တိုင် အရသာပိုင်းကတော့ အပြစ်ပြောစရာမရှိပေ။
အိမ်ပြင်သို့ ရောက်နေချိန် ဖြစ်ပြီး လူမှုရေးထုံးစံများကို အများကြီး ဂရုစိုက်စရာ မလိုသောကြောင့် ဝမ်ယဲ့က အသားနှပ်အိုးကြီးတစ်အိုး ချက်ခိုင်းလိုက်သည်။
ထိုအသားနှပ်က ကြက်သား၊ ဝက်နံရိုး၊ အာလူးများနှင့် ဖန်လုံအိမ်မှရသော ခရမ်းသီး၊ ပဲသီးကဲ့သို့ ဟင်းသီးဟင်းရွက်များကို နူးအိနေအောင် နှပ်ထားခြင်းဖြစ်သည်။ သံအိုး၏ အနားသတ်များတွင် အရသာရှိလှသော ဟင်းရည်ထဲသို့ နှစ်စားရန် အသင့်တော်ဆုံးဖြစ်သည့် ဂျုံမုန့်ပြားလေးများ ကပ်ထားသည်။
ခြံဝင်းထဲတွင် ငန်းများလည်း မွေးထားသည်ဟု ဝမ်ယဲ့ ကြားထားသေးသည်။
အပြင်ဘက်တွင်တော့ နှင်းများ သည်းသည်းထန်ထန် ကျဆင်းနေသည်။
‘ကြည့်စမ်းပါဦး... ကောင်းကင်ကြီးကတောင် ငါ့ဘက်ကို ပါနေတာပဲ။’
ဝမ်ယဲ့ကတော့ ဤခြံဝင်းတွင် နှစ်ညအိပ်နေရန် စီစဉ်ထားပြီး မနက်ဖြန်တွင် ငန်းသားပေါင်း မြည်းစမ်းရန် ကြိုစိတ်ကူးနေချေပြီ။
.......။......။......
ရွှီနယ်စားမင်းအိမ်တော်၏ အနောက်ဘက်ခြံဝင်းတွင်...
သူတို့၏အကြီးဆုံးအဒေါ် မကြာမီ ရောက်ရှိလာတော့မည့် သတင်းကို ကြားသည်နှင့် သခင်မလုက လက်နက်တိုက်ရှိ ရွှီနယ်စားမင်းနှင့် ရုံးတော်ရှိ ရွှီယွဲ့ကျားထံသို့ လူလွှတ် အကြောင်းကြားခိုင်းလိုက်သည်။
ရွှီယွဲ့ကျား အိမ်တော်သို့ မပြန်ဖြစ်သည်မှာ နှစ်ရက်ရှိပြီ ဖြစ်သည်။ ယခု နှင်းများကြားတွင် ခရီးနှင်လာရသဖြင့် သူ၏အဝတ်အစားများ အနည်းငယ် စိုစွတ်ထိုင်းမှိုင်းနေသည်။
ရွှီယွဲ့ကျားက အနောက်ဘက်ခြံဝင်းသို့ တန်းတန်းမတ်မတ် လာခဲ့ပြီး ပင်မဆောင်အတွင်းရှိ အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။
သို့သော် သူ တွေ့လိုက်ရသည်မှာ ခြောက်ကပ်နေသည့် အခန်းနှင့် ထုံးစံအတိုင်း ရှိနေတတ်သည့် သက်ဝင်လှုပ်ရှားနေသော အငွေ့အသက်များ ကင်းမဲ့နေသော နေရာအလွတ် ဖြစ်နေသည်။
သူ တုန့်ခနဲ ရပ်သွားပြီး မသိစိတ်ဖြင့် ဘေးဘီကို ဝေ့ဝဲကြည့်လိုက်မိသည်။ နေ့ခင်းဘက် အနားယူသည့် ညောင်စောင်းပေါ်မှ စောင်အထူကြီးများကို သေသေသပ်သပ် ခေါက်ထားပြီး လက်ဖက်ရည်စားပွဲပေါ်တွင်လည်း အမြဲလိုလို ရှိနေတတ်သည့် မုန့်ပန်းကန်များကိုလည်း မတွေ့ရပေ။
သူ အနောက်ဘက် စာကြည့်ဆောင်သို့ သွားလိုက်သော်လည်း ထိုနေရာရှိ ခုတင်က မည်သည့်အချိန်ကတည်းက ဤမျှ သေသေသပ်သပ် ဖြစ်နေမှန်း သူပင် မသိနိုင် ဖြစ်နေရသည်။
ရွှီယွဲ့ကျားတစ်ယောက် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ခြံဝင်းထဲမှ ဆူညံသံများကို ကြားလိုက်ရသည်။
အပြင်ဘက်တွင် အထိန်းတော်ကျိက ရွှီယွိရွှမ်နောက်သို့ စိုးရိမ်တကြီးဖြင့် လိုက်နေရင်း လှမ်းပြောနေသည်။
"ဒုတိယသခင်မ ဒီမှာ မရှိတာ တကယ်ပါ၊ လာ... အထဲကို ဝင်ပြီး ကြည့်ကြမယ်လေ၊ ကျိမား ချီပေးမယ်နော်"
နှင်းဖုံးနေသည့် လမ်းက အလွန်ချော်နေပြီး လူကြီးများပင် ချော်လဲနိုင်သောကြောင့် နှစ်နှစ်ပြည့်ရန် ရက်ပိုင်းလောက် လိုနေသေးသည့် ရွှီယွိရွှမ်အတွက်တော့ ပြောနေစရာပင် မလိုတော့ပေ။
ရွှီယွိရွှမ်က အချီမခံဘဲ ကိုယ်ကို လူးလွန့်ကာ ရုန်းထွက်လိုက်သော်လည်း နာခံလိမ္မာဟန်လေးဖြင့် သူ၏ခြေလှမ်းများကို နှေးကွေးလိုက်သည်။
ရွှီယွဲ့ကျား စာကြည့်ခန်းထဲမှ ပြန်ထွက်လာချိန်တွင် ရွှီယွိရွှမ်က စင်္ကြံလမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရွှီယွိရွှမ်က မော့ကြည့်လိုက်ပြီး သူ့ကို ခေါ်လိုက်သည်။
"ဖေဖေ..."
ရွှီယွဲ့ကျားက ခေါင်းညိတ်ပြကာ ပြန်မေးလိုက်သည်။
"မေမေ့ကို လာရှာတာလား"
ရွှီယွိရွှမ်က ခေါင်းညိတ်ပြနေပြီး သူ၏မျက်နှာလေးက အနည်းငယ် စိုးရိမ်ပူပန်နေပုံရသည်။
"မေမေ... ရှာ... တူတူဆော့"
ရွှီယွဲ့ကျားက ပုံမှန်ထက် ခြောက်ကပ်နေသော ခြံဝင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
"မင်းမေမေ ဒီမှာ မရှိဘူး"
ရွှီယွိရွှမ်က ချက်ချင်း အတင်းအကျပ် ဆိုလာသည်။
"ရှာပေး"
ရွှီယွဲ့ကျားက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"မင်းမေမေ ဘယ်မှာလဲဆိုတာ ဖေဖေ မသိဘူး"
သားအဖနှစ်ယောက်၏ စကားများကို ကြားနေရသည့် အထိန်းတော်ကျိက အလျင်အမြန် ရှင်းပြလိုက်သည်။
"ဒီလိုပါ ဒုတိယသခင်... အကြီးဆုံးသခင်မက မနေ့က ခြံဝင်းတွေဆီကနေ ပြန်လာပြီး နေမကောင်းဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် စစ်ဆေးဖို့ ကျန်နေသေးတဲ့ ခြံဝင်းတွေ ရှိနေသေးတာကြောင့် ဒုတိယသခင်မကိုပဲ ကိုယ်စားသွားခိုင်းလိုက်ရတာပါ၊ ဒုတိယသခင်မက ဒီမနက် မိုးမလင်းခင်ကတည်းက မြင်းရထားနဲ့ ထွက်သွားတာပါ"
"ဒီအစေခံအိုကြီးက သခင်ငယ်လေးကိုလည်း ရှင်းပြပြီးပါပြီ၊ ဒါပေမယ့် သခင်ငယ်လေးက သူကိုယ်တိုင်လာကြည့်မယ်ဆိုပြီး ဇွတ်ရောက်လာတာပါ"
ရွှီယွဲ့ကျားက နားထောင်နေပြီးနောက် သူ့ရှေ့တွင် ရပ်နေသော ရွှီယွိရွှမ်ကို ကြည့်ကာ ပြန်မေးလိုက်သည်။
"ကြားတယ်မလား... မင်းမေမေ အိမ်တော်မှာ မရှိဘူး"
ရွှီယွိရွှမ်က ခေါင်းလေးငုံ့ကာ တိုးတိုးလေး ပြန်ဖြေနေသည်။
"ရွှမ်အာ ကြားပါတယ်"
ရွှီယွဲ့ကျားက ထပ်ပြောလိုက်သည်။
"အပြင်မှာ အေးတယ်၊ စာကြည့်ခန်းထဲကို လာခဲ့"
ရွှီယွိရွှမ်က ဖခင်ဖြစ်သူ၏ စကားကို နားထောင်သော်လည်း အခန်းဝမှ တံခါးခုံက မြင့်နေသည့်အပြင် သူက အဝတ်အစားထူထူကြီးများ ဝတ်ထားသဖြင့် လှမ်းတက်ရန် ခက်ခဲနေသည်။ သူက အကူအညီတောင်းသော မျက်လုံးလေးများဖြင့် အထိန်းတော်ကျိကို မော့ကြည့်လိုက်သည်။
အထိန်းတော်ကျိက ချက်ချင်း ခေါင်းငုံ့ကာ သူ့ကို ချီမလိုက်ပြီး ရွှီယွဲ့ကျားနောက်သို့ လိုက်ပါသွားခဲ့သည်။
စာကြည့်ခန်းထဲ ရောက်သွားချိန်တွင် ရွှီယွိရွှမ်က အထိန်းတော်ကျိအား သူ့ကို ပြန်ချခိုင်းလိုက်ပြီး နေ့ခင်းဘက် အနားယူသည့် ခုတင်ဆီသို့ ပြေးသွားတော့သည်။ သူက သူ့အမေ အမြဲနေလေ့ရှိသည့်နေရာကို မှတ်မိနေပြီ ဖြစ်သည်။
ရွှီယွဲ့ကျားကတော့ စားပွဲနောက်တွင် ထိုင်ကာ တိတ်တဆိတ် စာဖတ်နေသည်။
ခဏကြာသည်အထိ အခန်းထဲတွင် စာရွက်လှန်သံမှလွဲပြီး ဘာသံမျှ မကြားရပေ။
ရွှီယွိရွှမ်က မျက်တောင်တခတ်ခတ်ဖြင့် ဟိုလှည့်ဒီလှည့် လုပ်နေပြီးနောက် ပြတင်းပေါက်ဘက်သို့ မျက်နှာမူကာ စက္ကူပေါက်လေးမှတစ်ဆင့် အပြင်ဘက်သို့ ချောင်းကြည့်နေသည်။
ခဏအကြာတွင် သူ မအောင့်နိုင်တော့ဘဲ နောက်လှည့်ကာ ခေါ်လိုက်သည်။
"ဖေဖေ..."
ရွှီယွဲ့ကျားက မော့ကြည့်လိုက်ပြီး သူ၏ လေသံက ညင်သာလှသည်။
"ဘာဖြစ်လို့လဲ"
ရွှီယွိရွှမ်က သူ၏ လက်ချောင်းလေးဖြင့် အပြင်ဘက်ကို ညွှန်ပြကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒန်း..."
ရွှီယွဲ့ကျားက သူ ညွှန်ပြရာကို ကြည့်လိုက်ရာ နှင်းများ ရပ်သွားသည်ကို သတိပြုမိလိုက်သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက မေးလိုက်သည်။
"ဒန်းစီးချင်လို့လား"
ရွှီယွိရွှမ်က ခေါင်းညိတ်ပြနေသည်။
"သူ့ကို သေသေချာချာ ဂရုစိုက်လိုက်ဦး"
ဤသည်က အထိန်းတော်ကျိကို ညွှန်ကြားခြင်း ဖြစ်ပြီး ခွင့်ပြုချက်ပေးလိုက်ခြင်းပင်။
ရွှီယွိရွှမ်၏ မျက်လုံးလေးများက ချက်ချင်း တောက်ပသွားပြီး ခုတင်ပေါ်မှ ဆင်းကာ အထိန်းတော်ကျိအား အပြင်သို့ ချီသွားရန် အချက်ပြလိုက်သည်။
ရွှီယွဲ့ကျားက ခေါင်းပြန်ငုံ့ကာ စာဆက်ဖတ်နေသည်။
သို့သော် စာမျက်နှာ နှစ်မျက်နှာပင် မလှန်ရသေးခင် ရွှီယွိရွှမ် ပြန်ရောက်လာသည်။
သူ့ပုံစံလေးက အားငယ်စိတ်ပျက်နေပုံရသည်။
ရွှီယွဲ့ကျားက သူ ဘာဖြစ်နေသည်ကို နားမလည်သဖြင့် လှမ်းမေးလိုက်သည်။
"ဒန်းမစီးချင်တော့ဘူးလား"
ရွှီယွိရွှမ်က ခေါင်းလေးကို ခါယမ်းနေသည်။
"မေမေ... လိုချင်..."
ရွှီယွဲ့ကျားက နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ပြန်ဖြေလိုက်သည်။
"မင်းမေမေက ခြံဝင်းကို သွားတာလေ၊ ညနေမှ ပြန်ရောက်မှာ"
ရွှီယွိရွှမ်က နှာခေါင်းလေးကို အသာရှုံ့လိုက်သည်။
အထိန်းတော်ကျိက စိတ်မကောင်းဖြစ်သွားပြီး ဝင်ပြောပေးလိုက်သည်။
"ဒုတိယသခင်... သခင် မသိသေးတာက မနေ့က ဒုတိယသခင်မက သခင်ငယ်လေးကို ပေါင်ပေါ်တင်ပြီး ဒန်းစီးပေးခဲ့တာပါ"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီယွဲ့ကျားက မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော ရွှီယွိရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး တုန့်ခနဲ ဖြစ်သွားသည်။
ခဏမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။
"ဒါဆို ဖေဖေ မင်းကို စာသင်ပေးမယ်လေ၊ ဘယ်လိုလဲ"
ရွှီယွိရွှမ်ကတော့ ဇဝေဇဝါ ဖြစ်နေရှာသည်။
သို့သော် ရွှီယွဲ့ကျားက သူ၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ မတ်တတ်ထရပ်ကာ စာအုပ်စင်ဆီသို့ သွားပြီး စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။
ရွှီယွဲ့ကျားက စာမျက်နှာတစ်ခုကို လှန်လိုက်ပြီး ဖတ်ပြလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် ခြိုးခြံချွေတာခြင်း မရှိသူထံတွင် တပါးသူဆီမှ အတင်းအဓမ္မ ရယူလိုစိတ် မလွဲမသွေ ရှိတတ်သည်"
"ဒါက ဘာကို ဆိုလိုတာလဲဆိုတော့..."
ရွှီယွိရွှမ်က နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်သည်။
‘ရွှမ်အာ နားမလည်ဘူးလို့၊ တစ်လုံးမှကို နားမလည်တာပါဗျ’
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟