chapter 19
အခန်း ၁၉ သုံးခုအတွက် အပိုလက်ဆောင်တစ်ခု
ရွှီအချိန် (ည ၇ နာရီမှ ၉ နာရီအတွင်း)၏ အလယ်လောက်တွင် ရွှီယွဲ့ကျားက အနောက်ခြံဝင်းသို့ ပြန်ရောက်လာသည်။
ထိုအချိန်တွင် ဝမ်ယဲ့က သူမ၏ နက်မှောင်သော ဆံနွယ်ရှည်များကို အခြောက်ခံပြီးကာစသာ ရှိနေသေးပြီး သူမ၏ဆံပင်များက ကျောပြင်နှင့် ရင်ဘတ်ပေါ်သို့ ဝဲကျနေသည်။ သူမက မှန်တင်ခုံရှေ့တွင် ထိုင်ကာ အသားအရေ ထိန်းသိမ်းရန် စိတ်ပါလက်ပါ လုပ်ဆောင်နေသည်။
အပြင်ဆောင်မှ ယွင်ကျီ၏ အကြောင်းကြားသံကို ကြားလိုက်ရသည့်နှင့် ဝမ်ယဲ့က ကြေးမှုံထဲမှ သူမ၏ ပုံရိပ်ကို တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်အားရသော အပြုံးလေးတစ်ခုကို ဖော်ပြလိုက်သည်။
အကယ်၍ ပြီးပြည့်စုံမှုကို ဆယ်မှတ်ပေးပြီး အကဲဖြတ်မည်ဆိုလျှင် ဝမ်ယဲ့က သူမကိုယ်သူမ ကိုးမှတ်ပေးမည် ဖြစ်သည်။ ကျန်သည့် တစ်မှတ်ကိုတော့ သူမကိုယ်သူမ ယုံကြည်မှု လွန်ကဲခြင်း ကျော့ကွင်းထဲသို့ မကျရောက်စေရန် ချန်လှပ်ထားခြင်း ဖြစ်သည်။
သူမ၏ အလှတရားကို သူမဘာသာ ချီးကျူးနေပြီးနောက် ဝမ်ယဲ့က ရောက်ရှိလာသူဘက်သို့ လှည့်ပြောလိုက်သည်။
"ရေနွေး အဆင်သင့်ရှိတယ်၊ ယောက်ျား သွားပြီး ရေချိုးလိုက်လေ၊ အညောင်းအညာတွေ ပြေသွားတာပေါ့"
သူမ၏ အလိုက်သိတတ်သော အမူအရာလေးက အပြစ်ပြောစရာမရှိအောင် ပြည့်စုံလှသည်။
သို့သော်လည်း ဝမ်ယဲ့၏ နူးညံ့သိမ့်မွေ့သော ဟန်ပန်နောက်ကွယ်မှ အစစ်အမှန် သဘာဝကို ပထမဆုံး ဖော်ထုတ်နိုင်ခဲ့သည့် ရွှီယွဲ့ကျားကတော့ သူမကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလေသည်။
ဝမ်ယဲ့ကတော့ ဘာမှမသိသလို ဟန်ဆောင်ကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြနေသည်။
ရွှီယွဲ့ကျားက ဘာစကားမှ မဆိုတော့ဘဲ သူမဘေးမှ ဖြတ်ကျော်ကာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။
ဝမ်ယဲ့ကတော့ စိတ်ထဲမထားဘဲ မှန်ထဲမှ သူမကိုယ်သူမ ဆက်ကြည့်ကာ သူမ၏အလှကို ဆက်ချီးကျူးနေသည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ရွှီယွဲ့ကျားက ဆီးနှင်းရောင် အိပ်ယာဝင်ဝတ်ရုံကို ဝတ်ဆင်ပြီး ပြန်ထွက်လာသည်။ သူ့ဆံပင်များက အနည်းငယ် စိုစွတ်နေပြီး သူ၏ ခန္ဓာကိုယ်တွင်လည်း စိုစွတ်သော အငွေ့အသက်များ ရှိနေသည်။ သူက ကုတင်ဆီသို့ လျှောက်လှမ်းလာနေသည်။
ကုတင်ပေါ်တွင် စောင်နှစ်ထည်ကို သီးခြား နေရာချထားသည်။ တစ်ထည်က အပြင်ဘက်တွင် သပ်ရပ်စွာ ရှိနေပြီး နောက်တစ်ထည်ကတော့ အနည်းငယ် ဖောင်းကြွနေကာ အတွင်း၌ တစ်စုံတစ်ယောက် ရှိနေမှန်း သိသာနေသည်။
ရွှီယွဲ့ကျားက ခေတ္တမျှ ရပ်တန့်သွားပြီးမှ စောင်ကို မကာ လှဲအိပ်လိုက်သည်။ သူ၏ လက်နှစ်ဖက်ကို ဝမ်းဗိုက်ပေါ်တွင် တင်ထားလိုက်သည်။
သူ၏ အိပ်စက်သည့် ပုံစံက အလွန်ပင် စည်းကမ်းတကျရှိပြီး တည်ငြိမ်နေသည်။
ထိုအချိန်တွင် ဝမ်ယဲ့က စောင်အောက်မှ ခေါင်းလေးပြူထွက်လာသည်။ သူမ၏ ပါးပြင်ပေါ်တွင် နက်မှောင်သော ဆံနွယ်အချို့ ဝဲကျနေပြီး ပါးပြင်လေးများကလည်း အနည်းငယ် နီမြန်းနေသည်။ သူမက သူမ၏ဘေးမှ တည်ငြိမ်လွန်းသော အမျိုးသားကို ကြည့်ကာ ခပ်တိုးတိုး ရယ်မောလိုက်ပြီး ခပ်ချွဲချွဲလေး ခေါ်လိုက်သည်။
"ယောက်ျား..."
ရွှီယွဲ့ကျားက ဝမ်ယဲ့ဘက်သို့ ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် မေးလာခဲ့သည်။
"ဘယ်နှစ်ကြိမ်လဲ"
သို့တိုင်အောင် သူ၏ မျက်နှာထားက တည်ငြိမ်နေဆဲပင်။
ဝမ်ယဲ့တစ်ယောက် ခေတ္တမျှ မှင်တက်သွားရပြီးမှ သူ့စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားရသည်။ သူမတို့၏ မင်္ဂလာဦးညကို ပြန်အမှတ်ရသွားပြီး သူမ၏ နှုတ်ခမ်းများက အပြုံးတစ်ခုဖြစ်အောင် ကွေးညွတ်သွားပြန်သည်။
"ကျွန်မ စဉ်းစားကြည့်ပါရစေဦး"
ဝမ်ယဲ့ အမှန်တကယ် အလေးအနက် စဉ်းစားနေသည်ကို မြင်လိုက်ရသောကြောင့် ယခုက ရွှီယွဲ့ကျား ဆွံ့အရသည့်အလှည့် ဖြစ်သည်။
ဝမ်ယဲ့ကလည်း ရွှီယွဲ့ကျားကို အကြာကြီး မစောင့်ခိုင်းပေ။
‘ဘာပဲဖြစ်ဖြစ်၊ ဒီလိုကိစ္စရပ်တွေက ပတ်ဝန်းကျင် အခြေအနေနဲ့ ခံစားချက်အပေါ်မှာ အများကြီး မူတည်တာမဟုတ်ဘူးလား။’
"ပြီးခဲ့တဲ့တစ်ခေါက်လိုပဲ လုပ်ကြရအောင်"
ဝမ်ယဲ့က ပွင့်ပွင့်လင်းလင်း ကြေညာလိုက်သည်။
‘ဒါက သူရဲ့ကျွမ်းကျင်မှု တိုးတက်လာသလားဆိုတာကို ငါ တိုင်းတာနိုင်မယ့် နည်းလမ်းလေ။’
ထို့နောက် ဝမ်ယဲ့က စောင်ကို တင်းတင်းကြပ်ကြပ် ပတ်ထားရင်း ပြန်လှဲချလိုက်သည်။
သူမ၏ ရပ်တည်ချက်က ခိုင်မာပြီး ရှင်းလင်းနေသည်။
ရွှီယွဲ့ကျားက ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ထထိုင်လိုက်ကာ စောင်ကို သေသေချာချာ ခေါက်ပြီး ကုတင်ခြေရင်းသို့ ပြန်ချလိုက်သည်။
သူ၏ အပြုအမူကို သတိပြုမိသည်နှင့် ဝမ်ယဲ့က သူမ၏ စောင်ထောင့်လေးကို အသာအယာ ဖွင့်ပေးလိုက်ကာ သူ ဝင်လာရန် တိတ်တဆိတ် ဖိတ်ခေါ်လိုက်သည်။
သူ့လက်ဖဝါးကြီး သူမ၏ ခါးပေါ်သို့ ကျရောက်လာချိန်တွင် ဝမ်ယဲ့က စိတ်ကို လျှော့ချလိုက်ပြီး ရမ္မက်ဆန္ဒများ နိုးကြားလာသည်ကို ခံစားလိုက်ရသည်။ သူမကလည်း သူ့ဆီသို့ ပိုတိုးကပ်သွားလိုက်ပြီး သူ့နှုတ်ခမ်းများကို ထိရုံမျှနမ်းကာ လူချင်း ပြန်ခွာလိုက်သည်။
ရွှီယွဲ့ကျားတစ်ယောက် တောင့်ခဲသွားပြီး သူ၏ လည်ချောင်းနား၌ ကျန်ရစ်နေသည့် နွေးထွေးမှုကို ခံစားနေမိသည်။ သူ ဝမ်ယဲ့ကို ကြည့်လိုက်သည့် အကြည့်များက ပိုနက်ရှိုင်းလာသည်။
မှိန်ပျပျ ဖယောင်းတိုင်အလင်းအောက်မှ ကုတင်ကန့်လန့်ကာများပေါ်၌ အရိပ်များ ကခုန်နေသည်။
ဝမ်ယဲ့ အမြဲယုံကြည်ထားသည်မှာ ခင်ပွန်းတစ်ယောက်အနေဖြင့် ကြင်နာတတ်သည်ဖြစ်စေ၊ မကြင်နာတတ်သည်ဖြစ်စေ၊ အနည်းဆုံးတော့ စွမ်းဆောင်ရည် ရှိရမည် ဖြစ်သည်။
ဝမ်ယဲ့က ရွှီယွဲ့ကျားကို မော့ကြည့်လိုက်ပြီး ခဏလောက် တွန့်ဆုတ်နေသေးသည်။ သို့သော် နောက်ဆုံးတွင် သူမက မျက်လုံးများကို ပိတ်လိုက်ပြီး ရောက်ရှိလာတော့မည့် စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်များကို ရင်ဆိုင်ရန် အဆင်သင့်ပြင်လိုက်သည်။
.......။........။......
ရင်အချိန် (နံနက် ၃ နာရီမှ ၅ နာရီအတွင်း) အချိန် ရောက်လာပြီး ကောင်းကင်ယံက မှောင်မည်းနေဆဲပင်။ ယနေ့က ညီလာခံ ရှိသောနေ့ဖြစ်သဖြင့် ရွှီယွဲ့ကျားက ပုံမှန်ထက် စောနိုးလာခဲ့သည်။
ဝမ်ယဲ့က ယခင်ဘဝမှာရော ယခုဘဝမှာပါ အိပ်ရေးဆတ်သူတစ်ဦး ဖြစ်သည်။ သူမ အိပ်ပျော်နေသည့်တိုင် သူမ၏ဘေး၌ အခြားတစ်စုံတစ်ယောက်ရှိနေသည်ကို ခပ်ရေးရေး ခံစားနေမိသည်။
ရွှီယွဲ့ကျား ထိုင်လိုက်ပြီး ထရန်ပြင်လိုက်စဉ်မှာပင် စောင်ထဲမှ ခေါင်းလေးတစ်ခု ထွက်ပေါ်လာသည်။ ထိုခေါင်းလေး၏ ပိုင်ရှင်က အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရပြီး ပျင်းရိလေးတွဲသော မျက်လုံးများဖြင့် မေးလိုက်သည်။
"ယောကျ်ား... အိပ်ရာ ထတော့မလို့လား"
ရွှီယွဲ့ကျားက ခပ်အေးအေး ပြန်ဖြေလာသည်။
"အင်း၊ ညီလာခံက နောက်ကျလို့ မရဘူးလေ"
ဝမ်ယဲ့က အိပ်ချင်မူးတူးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါဆိုလည်း သွားတော့လေ၊ ကျွန်မကတော့ နည်းနည်းလောက် ထပ်အိပ်လိုက်ဦးမယ်"
ယခင်ညက နူးညံ့ပျူငှာမှုနှင့် အလိုက်သိတတ်မှုများက အစအန မကျန်တော့အောင် ပျောက်ကွယ်သွားခဲ့ချေပြီ။
၎င်းက ရွှီယွဲ့ကျား၏ စိတ်ကူးယဉ်မှုသက်သက်လိုမျိုး ဖြစ်နေလေသည်။
‘ညက သူရဲ့လက်ဖဝါးထဲမှာ ပြည့်နှက်နေခဲ့တဲ့ နူးညံ့နွေးထွေးမှုတွေပေါ့...’
ရွှီယွဲ့ကျားက စိတ်ကို တည်ငြိမ်အောင်ထားပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည်။ သူက ကန့်လန့်ကာကို တစ်ဝက်ခန့် မလိုက်ပြီးမှ နိုးနေသေးသော အမျိုးသမီးဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။
"ဒီရက်ပိုင်းအတွင်းမှာ ကိုယ် အတော်လေး ရှုပ်ထွေးတဲ့ အမှုတစ်ခုကို လက်ခံထားရတယ်"
ထိုစကားကို ကြားလိုက်ရသည့်နှင့် ဝမ်ယဲ့၏ မျက်လုံးလေးများ အနည်းငယ် ကြည်လင်သွားသည်။ သူမက ထိုအမျိုးသားနှင့် အကြည့်ချင်းခဏဆုံလိုက်ပြီးမှ ပြန်ပြောလိုက်သည်။
"ရှင် ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်မ နားလည်ပါပြီ၊ ယောက်ျား"
ဝမ်ယဲ့က စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ထထိုင်လိုက်ရာ အအေးဓာတ်ကြောင့် အိပ်ချင်စိတ်ပင် အနည်းငယ် ပြေလျော့သွားသည်။
"ရှင် အမှုအပေါ်မှာပဲ စိတ်အေးလက်အေး အာရုံစိုက်လို့ရပါတယ်၊ ကျွန်မ ရှင့်ကို နှောင့်ယှက်မှာ မဟုတ်ပါဘူး"
တက်ကြွနိုးကြားမှုဆိုသည်က အကြိမ်ရေများခြင်းကို ဆိုလိုသည်မဟုတ်ပေ။ ဝမ်ယဲ့ကိုယ်တိုင်ကလည်း ယနေ့ညတွင် သူ့ကို အရှေ့ဆောင်မှ စာကြည့်ခန်းဆီ ပြန်လွှတ်ရန် ဆင်ခြေတစ်ခု ရှာနေခဲ့ခြင်း ဖြစ်သည်။
သူမ၏ မျက်နှာပေါ်မှ ပြတ်သားမှုကို မြင်လိုက်ရသည့် ရွှီယွဲ့ကျားက ခေတ္တမျှ တွေဝေသွားပြီးမှ ကျေးဇူးတင်စကား ပြောလာခဲ့သည်။
"ကျေးဇူးပဲ"
ထို့နောက် သူက ချက်ချင်း လှည့်ထွက်သွားသည်။
ဝမ်ယဲ့က ထွက်ခွာသွားသော သူ၏ကျောပြင်ကို ကြည့်နေမိသည်။ သူ၏ ခြေလှမ်းများက တည်ငြိမ်ပြီး အားမာန်ပါနေဆဲပင်။
‘တကယ်လို့ သူ မနေ့ညက မျှော်လင့်ထားတာထက် ပိုပြီး စွမ်းဆောင်နိုင်ခဲ့သလို အင်အားတွေလည်း ပိုလျှံနေသေးတယ်ဆိုတဲ့ အချက်သာ မရှိဘူးဆိုရင် ငါ သူ ဟန်လုပ်နေတာလားလို့တောင် သံသယဝင်မိနိုင်တယ်။’
‘ဒါပေမဲ့ မနေ့ညက ရွှီယွဲ့ကျားရဲ့ 'သုံးကြိမ်အတွက် တစ်ကြိမ်အပိုလက်ဆောင်' ပေးခဲ့တဲ့ အပြုအမူက ဒီမနက် စကားပြောရတာ ပိုလွယ်အောင် ကြိုတင်ပြင်ဆင်ထားတာများလား’
‘အကြောင်းရင်းက ဘာပဲဖြစ်ဖြစ်၊ ငါ ပျော်ရွှင်ခဲ့ရပြီးပြီဆိုတော့ ဒါကပဲ အဓိကပါလေ’
ဝမ်ယဲ့က အတွေးများကို ဘေးဖယ်လိုက်ပြီး ရွှီယွဲ့ကျား သုံးခဲ့သော စောင်ကို ကန်ထုတ်ကာ ကုတင်တစ်ခုလုံးကို နေရာယူလျက် ခြေပစ်လက်ပစ် လှဲချလိုက်သည်။ ကိုယ်လက်များကို ဆန့်တန်းလိုက်ပြီးနောက် သူမ၏မျက်လုံးလေးများကို ပိတ်ကာ ပြန်အိပ်မောကျသွားတော့သည်။
သူမ ပြန်နိုးလာချိန်တွင် ချန်အချိန် (နံနက် ၇ နာရီမှ ၉ နာရီအတွင်း) ရောက်နေပြီ ဖြစ်သည်။
ယွင်ကျီနှင့် ထောင်ကျီတို့က ရေနွေးနှင့် မျက်နှာသုတ်ပုဝါများကို ကိုင်ဆောင်ကာ အတွင်းဆောင်သို့ ဝင်လာကြသည်။
ဝမ်ယဲ့က ရေနွေးဖြင့် မျက်နှာသစ်ကာ လန်းဆန်းအောင် လုပ်လိုက်သည်။
ထိုအချိန်တွင် ထောင်ကျီက တိုးတိုးလေး ပြောလာခဲ့သည်။
"ကျွန်မ ထင်တာတော့.... သခင်မလေးက ဒီနေ့ မနေ့ကထက်တောင် ပိုလှနေသလိုပဲ"
ဝမ်ယဲ့က ပလုပ်ကျင်းရင်း သူမကို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှတော့ ရှင်းမပြနေတော့ပေ။
အဝတ်အစား လဲလှယ်ပြီးနောက် ဝမ်ယဲ့က အတွင်းဆောင်မှ ထွက်လာကာ မေးလိုက်သည်။
"ဒီနေ့ မနက်စာ ဘာစားရမှာလဲ"
ထောင်ကျီက ပြန်ဖြေလိုက်သည်။
"ဟုန်ရှင်းက သိုးသားစွပ်ပြုတ် ပြင်ပေးထားပါတယ်”
ဝမ်ယဲ့၏ မျက်လုံးများက တောက်ပသွားပြီး ဝမ်းသာအားရ ပြောလိုက်သည်။
"ငါ့ကို သိုးသားစွပ်ပြုတ် တစ်ပန်းကန် ယူလာပေး၊ ကျန်တာကိုတော့ နင်ပဲ ဆုံးဖြတ်လိုက်တော့"
ထောင်ကျီက သူမ၏ အကြိုက်ကို ကောင်းကောင်း သိထားသူ ဖြစ်သည်။
ထို့နောက် ဝမ်ယဲ့က ယွင်ကျီဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။
"ခဏနေရင် ငါ့ရဲ့ ငွေသေတ္တာထဲကနေ ငွေ နည်းနည်းထုတ်ပြီး ဟုန်ရှင်းကို သွားဆုချလိုက်ဦး"
ဆုလာဘ်က ကြေးပြားတစ်အိတ်မှ ငွေစတချို့အဖြသ် တိုးမြှင့်သွားခြင်းကြောင့် အတော်လေး အဆင့်တက်သွားခြင်းပင်။
ယွင်ကျီက အမိန့်ကို နာခံလိုက်သည်။
ဤကဲ့သို့သော ကိစ္စရပ်များတွင် ဝမ်ယဲ့က ယွင်ကျီကိုသာ အမြဲတမ်း ယုံကြည်ထားသည်။ ယွင်ကျီနှင့် ထောင်ကျီတို့က သူမ ကိုယ်တိုင် သေသေချာချာ လေ့ကျင့်ပေးထားသော လက်ရုံးများ ဖြစ်သည်။
မနေ့ညက အင်အား အတော်လေး ကုန်ခမ်းခဲ့သဖြင့် ဝမ်ယဲ့က ယနေ့တွင် သူမ၏ခန္ဓာကိုယ်ကို ပြန်ဖြည့်တင်းရန် စဉ်းစားနေခဲ့သည်။ ဟုန်ရှင်း မနက်စောစောစီးစီး သိုးသားစွပ်ပြုတ် ပြင်ဆင်ထားပေးခြင်း အမှန်တကယ် တိုက်ဆိုင်လှပြီး အချိန်ကိုက်ရောက်လာခြင်း ဖြစ်သည်။
ဝမ်ယဲ့က မနက်စာစားပွဲတွင် စွပ်ပြုတ်တစ်ပန်းကန် ကုန်အောင်သောက်ပြီး မုန့်အချို့ကို မြည်းစမ်းကြည့်နေခဲ့သည်။ ထိုအချိန်တွင် သူမက အရုဏ်မတက်မီ ညီလာခံသို့ ထွက်ခွာသွားရသော ရွှီယွဲ့ကျားကို ရုတ်တရက် သတိရသွားသည်။
‘သူလည်း မနေ့ညက အတော်လေး အားစိုက်ပြီး အလုပ်ကြိုးစားခဲ့ရတာ မဟုတ်ဘူးလား’
ထို့အတွေးကြောင့် သူမက လှမ်းမေးလိုက်သည်။
"သိုးသားစွပ်ပြုတ် ကျန်သေးလား"
ထောင်ကျီက ပြန်ဖြေလိုက်သည်။
"အများကြီး ကျန်ပါသေးတယ်"
ဝမ်ယဲ့က သူမ၏ပါးစပ်ကို သုတ်လိုက်ရင်း ညွှန်ကြားလိုက်သည်။
"နေ့လယ်စာ မစားခင်မှာ စားစရာတွေ ပြင်ဆင်ပြီး ဒုတိယသခင်ဆီကို အစေခံတစ်ယောက်နဲ့ ပို့ခိုင်းလိုက်ပါ"
ထောင်ကျီက ခဏမျှ အံ့သြသွားသော်လည်း ချက်ချင်း အမိန့်ကို လက်ခံလိုက်သည်။
"ဒီအစေခံ အခုပဲ သွားစီစဉ်လိုက်ပါ့မယ်"
ဝမ်ယဲ့ကတော့ သူမ၏စိတ်ထဲမှ တွေးနေပြန်သည်။
‘တကယ်လို့ ငါ တစ်ယောက်တည်း အင်အားဖြည့်တင်းနေပြီး သူက အားနည်းနေမယ်ဆိုရင်.... နောက်ပိုင်း ငါတို့နှစ်ယောက်ကြားက ကွာဟချက်ကြောင့် အနေရခက်စရာတွေ ဖြစ်လာနိုင်တယ် မဟုတ်ဘူးလား’
.......။........။........
နေ့လယ်ပိုင်းသို့ နီးကပ်လာချိန်.......
တရားရေးဝန်ကြီးဌာန၌......
မကြာသေးမီက အနောက်ဘက်ဈေးတွင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးဝန်ကြီးဌာနမှ အမတ်မင်းဟန်၏ တူတော်စပ်သူတစ်ယောက်လည်း ပါဝင်နေသည်။ အမတ်မင်းဟန်၏ ဖိအားပေးမှုကို မခံနိုင်တော့သဖြင့် မြို့ဝန်မင်းက သူ့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရန်အတွက် ဘက်မလိုက်တတ်သော တရားရေး ဒုဝန်ကြီး ရွှီယွဲ့ကျားထံသို့ ဤကိစ္စကို တိတ်တဆိတ် ကြိုတင်အစီရင်ခံထားခဲ့သည်။
အမတ်မင်းဟန်ကို ယုံချန်းမှူးမတ်အိမ်တော်က ကျောထောက်နောက်ခံ ပေးထားသဖြင့် မြို့ဝန်မင်းတစ်ယောက်ဖြစ်သည့် သူအနေဖြင့် မပြစ်မှားရဲပေ။ ရွှီယွဲ့ကျားထံမှ အတည်ပြုချက် ရရှိပြီးနောက်တွင်မှ သူက အမှုတွဲတစ်ခုလုံးကို တရားရေးဝန်ကြီးဌာနသို့ တရားဝင် တင်ပြခဲ့ခြင်း ဖြစ်သည်။
တရားရေးဝန်ကြီးဌာနတွင် ရွှီယွဲ့ကျား ရှိနေသဖြင့် အခြားသောအရာရှိများကလည်း အမှုများကို ကိုင်တွယ်ရာတွင် ယခင်ကလောက် တွန့်ဆုတ်နေခြင်း မရှိကြတော့ပေ။
လက်ရှိ တရားရေးဝန်ကြီးက အငြိမ်းစားယူရမည့် အရွယ်ထက်ပင် များစွာ ကျော်လွန်နေပြီ ဖြစ်ကြောင်း နန်းတွင်းတစ်ခုလုံး သိထားကြသည်။ သူ ရာထူးကို ဆက်လက် ဆုပ်ကိုင်ထားရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းက လက်ထောက်ဝန်ကြီးဖြစ်သည့် ရွှီယွဲ့ကျားက ငယ်ရွယ်လွန်းနေသေးသောကြောင့် ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် ဧကရာဇ်မင်းမြတ်က အဘိုးအို၏ အငြိမ်းစားယူခွင့် တောင်းဆိုမှုကို သုံးကြိမ်တိုင်တိုင် ပယ်ချခဲ့သည်။ သို့သော် အမတ်ကြီးကျန်း၏ အသက်အရွယ်ကြီးရင့်မှုကို ထောက်ထားသောအားဖြင့် ဧကရာဇ်က သူ့ကို နံနက်ခင်းညီလာခံ တက်ရောက်ခြင်းမှ ကင်းလွတ်ခွင့် ပေးထားခဲ့သည်။
ရှင်းရှင်းလင်းလင်း ပြောရမည်ဆိုလျှင်တော့ ယခုအချိန်တွင် တရားရေးဝန်ကြီးဌာနက ရွှီယွဲ့ကျား၏ ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ရောက်ရှိနေပြီ ဖြစ်သည်။
ဧကရာဇ်က ရွှီယွဲ့ကျားအပေါ် မျက်နှာသာပေးမှုက ငြင်းမရသလို နန်းတွင်း၌ မနာလိုသူ မရှိနိုင်ဟု ဆိုလျှင်လည်း လိမ်ညာရာ ရောက်ပေလိမ့်မည်။
ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် လက်ထောက်ဝန်ကြီးအဆင့်သို့ ရောက်ရှိနေခြင်းကို မည်သူကမျှ မနာလိုမဖြစ်ဘဲ နေနိုင်မည်မဟုတ်ပေ။ အချို့ဆိုလျှင် ထိုရာထူးမျိုး ရရှိရန် တစ်သက်လုံး အိပ်မက်မက်နေရသူများ သို့မဟုတ် တစ်ဘဝလုံး ပင်ပင်ပန်းပန်း ကြိုးစားနေရသူများ ဖြစ်ကြသည်။
အခြားသူများအတွက် ဤရာထူးမျိုးက အမြင့်ဆုံး အထွတ်အထိပ် ဖြစ်နိုင်သော်လည်း ရွှီယွဲ့ကျားအတွက်တော့ ၎င်းက အစပျိုးရုံအဆင့်သာ ရှိနေသေးသည်။
သို့သော် သူကိုယ်တိုင်ကတော့ ဘယ်သောအခါမှ မောက်မာမှု အနည်းငယ်ပင် မပြဘဲ အမြဲတမ်း ဥပဒေနှင့် သက်သေအထောက်အထားများကိုသာ တိတိကျကျ လိုက်နာပြီး ဘက်လိုက်ခြင်း၊ အလျှော့ပေးခြင်းမျိုး လုံးဝ မရှိခဲ့ပေ။
သူ့၏ ထိုသို့သော အမူအကျင့်ကြောင့်လည်း နှောင်းဧကရာဇ်လက်ထက်က ခြစားမှုများဖြင့် ပြည့်နှက်နေသော တရားရေးဝန်ကြီးဌာနကို လက်ရှိဧကရာဇ် နန်းတက်ပြီး နှစ်အနည်းငယ်အတွင်းမှာပင် သန့်စင်နိုင်ခဲ့သည်။
နယ်စားမင်းအိမ်တော်မှ အစေခံတစ်ယောက် အစားအသောက်သေတ္တာလေးဖြင့် ရောက်ရှိလာချိန်တွင် ရွှီယွဲ့ကျားက အကျဉ်းသားတစ်ဦးကို စစ်ဆေးမေးမြန်းပြီးကာစ ဖြစ်သည်။ သူ၏ အဝတ်အစားများပေါ်တွင် သွေးညှီနံ့ ခပ်ပါးပါး စွဲကျန်နေသဖြင့် သူ အဝတ်အစား လဲလှယ်ပြီးနောက်တွင် သတင်းပို့သံ ထွက်လာခြင်း ဖြစ်သည်။
"လက်ထောက်ဝန်ကြီးမင်း... နယ်စားမင်းအိမ်တော်က လူတစ်ယောက် ရောက်နေပါတယ်"
ရွှီယွဲ့ကျားက အချိန်ကို ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင် ကြုတ်နေလေသည်။ သူ ထပ်မစဉ်းစားရသေးမီမှာပင် သတင်းလာပို့သော ရုံးတော်စောင့်ရဲမက်ဝမ်က ထပ်ပြောလာခဲ့သည်။
"ခင်ဗျားရဲ့ အစေခံပါ၊ အစားအသောက်သေတ္တာလည်း ပါလာတယ်"
ဝန်ကြီးဌာန၏ ထမင်းစားဆောင်မှ အစားအသောက်များက အတော်လေး ရိုးစင်းပြီး သာမန်ဆန်လွန်းလှသည်။ ရာထူးအသင့်အတင့်ရှိပြီး ချမ်းသာသော အရာရှိများက နေ့လယ်စာ စားရန် အိမ်မပြန်နိုင်သည့်အချိန်မျိုးတွင် အစေခံများအား အစားအသောက်သွားယူရန် အိမ်သို့ ပြန်လွှတ်လေ့ရှိကြသည်။
သို့သော် ထမင်းစားဆောင်မှ အစားအစာကို မညည်းညူသည့်သူ အနည်းငယ် ရှိပြီး ရွှီယွဲ့ကျားကလည်း ထိုလူများထဲမှ တစ်ဦး ဖြစ်သည်။
သူ့အတွက်တော့ အစားအစာဆိုသည်က အသက်ရှင်ရန် သူ့ဝမ်းဗိုက်ကို ဖြည့်ရမည့် လုပ်ငန်းစဥ်တစ်ခုသာ ဖြစ်သည်။
ရုံးတော်စောင့်ရဲမက်ဝမ်လည်း အနည်းငယ် အံ့သြသွားနေပြီး ဤမီးဖိုချောင်၏ ဆင်းရဲဒုက္ခကို အမှန်တကယ် ဘယ်သူမှ မခံနိုင်ကြပါလားဟု တိတ်တဆိတ် တွေးနေလေသည်။
ရွှီယွဲ့ကျားက ရုံးတော်စောင့်ရဲမက်ဝမ်ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ နယ်စားမင်းအိမ်တော်မှ အစေခံက သူ့ကို မြင်သည်နှင့် အနားသို့ အမြန်တိုးလာကာ အစီရင်ခံလိုက်သည်။
"ဒုတိယသခင်... ဒါက ဒုတိယသခင်မက ပို့ခိုင်းလိုက်တဲ့ သိုးသားစွပ်ပြုတ်ပါ၊ ဒုတိယသခင်က တစ်နေ့လုံး အမှုတွေနဲ့ ပင်ပန်းနေရတာဆိုတော့ ခန္ဓာကိုယ်ကို ကောင်းကောင်း ပြန်အားဖြည့်သင့်တယ်လို့ ဒုတိယသခင်မက မှာလိုက်ပါတယ်"
အဝေးသို့ မရောက်သေးသော ရဲမက်ဝမ်က သူ့ခြေလှမ်းများကို နှေးကွေးထားပြီး ထိုစကားများကို ကြားနိုင်ရန် နားစွင့်ထားသည်။
ရွှီယွဲ့ကျားက ခဏမျှ တိတ်ဆိတ်သွားပြီးမှ အစားအသောက်သေတ္တာကို လက်ခံလိုက်သည်။
"အိမ်ပြန်ရောက်ရင် ဒုတိယသခင်မကို ငါ လက်ခံထားတယ်လို့ သွားပြောလိုက်"
အစေခံက သူ့၏လက်ဝါးနှစ်ဖက်ကို ပွတ်သပ်ရင်း ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ"
ရွှီယွဲ့ကျားက သူ့ကို ပြန်ခွင့်ပြုလိုက်သည်။
ရွှီယွဲ့ကျားက အစားအသောက်သေတ္တာကို ကိုင်ဆောင်ကာ ပြန်လှည့်အထွက်တွင် တိတ်တဆိတ် ချောင်းနားထောင်နေသော ရဲမက်ဝမ်နှင့် ပက်ပင်းတိုးမိသွားသည်။
"ကျွန်တော်... ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် သွားတော့မယ်"
ရဲမက်ဝမ်က ပျာပျာသလဲ တောင်းပန်ကာ ထိတ်လန့်တကြား ထွက်ပြေးသွားသည်။
ရွှီယွဲ့ကျားက သူ၏လက်ထဲမှ အစားအသောက်သေတ္တာကို ငုံ့ကြည့်ရင်း အချိန်အတော်ကြာအောင် တောင့်တောင့်ကြီး ရပ်နေခဲ့သည်။
နေ့လယ်စာစားပြီး တစ်နာရီမပြည့်မီမှာပင် တရားရေးဝန်ကြီးဌာနရှိ အရာရှိအားလုံး ရဲမက်ဝမ်မှတစ်ဆင့် 'လက်ထောက်ဝန်ကြီးရဲ့ ဇနီးက လက်ထောက်ဝန်ကြီးရွှီ အားရှိစေဖို့ သိုးသားစွပ်ပြုတ်ကို အထူးတလည် ပြင်ဆင်ပေးလိုက်တယ်' ဟူသော သတင်းကို သိရှိသွားကြသည်။
အနောက်ခြံဝင်း၌ ရှိနေသော ဝမ်ယဲ့ကတော့ ဤကိစ္စကို လုံးဝ မသိရှိဘဲ စိတ်အေးလက်အေး ဖြစ်နေလေသည်။
သူမက ဟုန်ရှင်းပြင်ဆင်ထားသော သိုးသားစွပ်ပြုတ်တစ်ပန်းကန်သာ သောက်ခဲ့ပြီး ရွှီယွဲ့ကျားထံသို့ အနည်းငယ် ပို့ပေးကာ နောက်ထပ် ဝေစုတစ်ခုကိုတော့ ယွင်ကျီအား အဓိကခြံဝင်းသို့ သွားပေးခိုင်းလိုက်သည်။
လုသခင်မက သူမကို ကောင်းမွန်သော လက်ဆောင်များစွာ ပေးခဲ့ဖူးသဖြင့် သူမအနေဖြင့်လည်း တုံ့ပြန်မှုအချို့ ပြသသင့်သည်ဟု ဝမ်ယဲ့ ခံစားမိသောကြောင့် ဖြစ်သည်။
ဟုန်ရှင်း၏ လက်ရာက နယ်စားမင်းအိမ်တော်မှ စားဖိုမှူးများထက် မနိမ့်ကျသဖြင့် လုသခင်မလည်း ထိုစွပ်ပြုတ်ကို ကြိုက်နှစ်သက်လိမ့်မည်ဟု ဝမ်ယဲ့ ယုံကြည်နေသည်။
ယနေ့က လတစ်လ၏ ၁၅ ရက်မြောက်နေ့ဖြစ်သည်။ နယ်စားမင်းရွှီနှင့် ရွှီယွဲ့ကျားတို့ နှစ်ယောက်စလုံး နံနက်စောစောကတည်းက နန်းတွင်းသို့ ဝင်ခဲ့ကြသည်။ ညီလာခံရုတ်သိမ်းပြီးချိန်နောက် တစ်ယောက်က စစ်စခန်းသို့သွားကာ နောက်တစ်ယောက်က တရားရေးဝန်ကြီးဌာနတွင် အလုပ်လုပ်နေခဲ့သည်။ ထို့ကြောင့် မိသားစုဝင်များ ညနေစာစားချိန်မှသာ ပြန်ဆုံတွေ့ကြမည် ဖြစ်သည်။
ဝမ်ယဲ့ ပို့ပေးလိုက်သော သိုးသားစွပ်ပြုတ်ကို နေ့လယ်စာစားချိန်တွင် တည်ခင်းခဲ့သည်။ လုသခင်မက သူမ၏ သားနှစ်ယောက်ကို ပန်းကန်လုံးတစ်လုံးစာစီ ထည့်ပေးခိုင်းလိုက်ပြီး သူမနှင့် ရွှီယွိရွှမ်တို့ကတော့ တစ်ဝက်စီ သောက်နေကြသည်။
ရွှီယွိရွှမ်က အလွန်ငယ်သောကြောင့် အများကြီး မစားသင့်သလို လုသခင်မကလည်း သူမ၏ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်ကို ထိန်းသိမ်းရန်အတွက် အကန့်အသတ်ဖြင့်သာ စားခြင်း ဖြစ်သည်။
သိုးသားစွပ်ပြုတ် တစ်ဝက်သောက်ပြီးချိန်တွင် သူမ၏ဗိုက်လေး အတော်တင်းနေပြီ ဖြစ်သည်။
ထို့ကြောင့် လုသခင်မက ထမင်း ဆက်စားရန် အလျင်မလိုဘဲ အစားစားနေသော သူမ၏ အကြီးဆုံးသားဘက်သို့ လှည့်ကာ လှမ်းပြောလိုက်သည်။
"ဒီနေ့ မင်းကို အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်တာက ဒီကိစ္စ ပြီးသွားပြီလို့ ဆိုလိုတာ မဟုတ်ဘူးနော်"
ရွှီကျင့်ရုန်က ခေါင်းငုံ့ကာ ထမင်းကို ဆက်စားနေရင်း မကြားတကြား ပြန်ဖြေလိုက်သည်။
"သား... သိပါတယ်"
လုသခင်မက တည်ကြည်သော မျက်နှာထားဖြင့် ဆက်ပြောနေသည်။
"နှစ်သစ်ကူးပြီးရင် မင်း အသက်ကိုးနှစ် ပြည့်တော့မယ်။ မင်းအဖေနဲ့ ငါ တိုင်ပင်ပြီးပြီ... နွေဦးကျရင် မင်းကို စုန့်ရှန်းကျောင်းတော်ကို ပို့ဖို့ ဆုံးဖြတ်လိုက်တယ်"
ရွှီကျင့်ရုန်၏လက်က ခေတ္တမျှ ရပ်တန့်သွားသော်လည်း ဘာမှတော့ ပြန်မပြောဘဲ ထိုဆုံးဖြတ်ချက်ကို လက်ခံပုံပြသနေသည်။
ထိုအမူအရာက လုသခင်မကို အတော်အတန် ကျေနပ်သွားစေသည်။
ယခင်က နယ်စားမင်းအိမ်တော်တွင် နာမည်ကြီး ပညာရှင်ကြီးတစ်ဦးကို ငှားရမ်းကာ ရွှီကျင့်ရုန်ကို သီးသန့် သင်ကြားပေးခဲ့သဖြင့် သူ အသက်ရှစ်နှစ်အရွယ်အထိ ကျောင်းတော်သို့ မသွားခဲ့ရခြင်း ဖြစ်သည်။
ယခုအချိန်တွင် သခင်မလုက သူ စိတ်ဓာတ်ကြံ့ခိုင်လာစေရန်နှင့် သူ့၏အကျင့်စရိုက်ကို ပြုပြင်ပေးရန်အတွက် ကျောင်းတော်သို့ ပို့ရန် တွေးမိလာခြင်း ဖြစ်သည်။
ရှန့်ကျင်းမြို့တော်ရှိ တော်ဝင်ကျောင်းတော် ပြီးလျှင် စုန့်ရှန်းကျောင်းတော်က ကျင်းမင်းဆက်၏ အကျော်ကြားဆုံးကျောင်းတော်သုံးခုအနက်မှ တစ်ခု ဖြစ်သည်။ လန်ချန်း(လန်မြို့) မှ ရွှီမိသားစုက ဩဇာကြီးမားသော မျိုးရိုး ဖြစ်ပြီး သူတို့၏ တိုက်ရိုက်မျိုးဆက်များကို နန်းတွင်း၌ အမှုထမ်းခွင့်မပြုသော အစဉ်အလာ ရှိသည်။ စုန့်ရှန်းအကယ်ဒမီကို ထိုရွှီမိသားစု၏ တိုက်ရိုက်မျိုးဆက်များက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
လန်ချန်းက ရှန့်ကျင်းမြို့တော်နှင့် အလွန်လည်း မဝေး၊ အလွန်လည်း မနီးလှဘဲ တစ်ရက်ခရီးသာ ရှိသောကြောင့် ကလေးများ ပညာသင်ရန် သင့်တော်သော နေရာတစ်ခု ဖြစ်သည်။
.......။......။......
ဒုတိယခြံဝင်း..... အနောက်ဆောင်.....
ဝမ်ယဲ့ နေ့လယ်ခင်း တစ်ရေးနိုးလာချိန်တွင် ထောင်ကျီက လာရောက်အစီရင်ခံနေသည်။
"သခင်မ... အနောက်ခြံဝင်းရဲ့ တံခါးအပြင်ဘက်မှာ တစ်ယောက်ယောက်က ခိုးကြောင်ခိုးဝှက်နဲ့ လာချောင်းနေတာကို ဒီအစေခံ သတိထားမိတာ နည်းနည်း ကြာနေပြီ"
ထောင်ကျီ သွားရောက်စစ်ဆေးခဲ့သော်လည်း မည်သူ့ကိုမျှ မတွေ့ခဲ့ရပေ။
"အော်..."
ဝမ်ယဲ့က ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်လိုက်သည်။ သူမက ချက်ချင်းမထသေးဘဲ ကုတင်ပေါ်မှာပင် ခေတ်မီ ယောဂလေ့ကျင့်ခန်းအချို့ကို လုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူမ၏ သခင်မက ထိုကဲ့သို့ ထူးဆန်းသော လှုပ်ရှားမှုများကို စတင်လုပ်ဆောင်နေပြီး အဝတ်အစားလဲရန်လည်း အကူအညီမလိုသေးသဖြင့် ထောင်ကျီက ဘေးတွင် ရပ်စောင့်နေသည်။
သို့သော် သူမက စကားကိုတော့ ဆက်ပြောနေသေးသည်။
"စောင့်ကြည့်ဖို့ လူနည်းနည်းလောက် ခေါ်ထားရမလားဟင်၊ သူခိုးတစ်ယောက်ယောက် ကျွန်မတို့ရဲ့ အနောက်ခြံဝင်းထဲကို ခိုးဝင်လာရင် မကောင်းဘူးလေ"
ဝမ်ယဲ့က ခေါင်းကို မော့ကာ ခြေထောက်တစ်ဖက်ကို မြှောက်ထားလျှက် ဗိုက်သားလေ့ကျင့်ခန်း လုပ်နေရင်း ပြန်မေးလိုက်သည်။
"သူခိုး.... ဟုတ်လား၊ နယ်စားမင်းအိမ်တော်ထဲကို ခိုးဝင်ရဲတဲ့သူက သာမန်သူခိုးတော့ မဟုတ်လောက်ဘူး၊ ဘယ်သူခိုးက ဒီကိုလာရဲမှာလဲ၊ နင်တို့ရဲ့ သခင်လေးက ဘာအလုပ်လုပ်တယ်ဆိုတာကို နင် မေ့သွားပြီလား"
ထောင်ကျီက ခေါင်းကိုကုတ်ရင်း ထပ်မေးလိုက်သည်။
"ဒါဆိုရင် ကျွန်မတို့ ဘာလုပ်သင့်လဲဟင်၊ ဒီအစေခံက တကယ်ပဲ သံသယဖြစ်စရာ လူရိပ်လူယောင်ကို မြင်လိုက်တာပါ"
ပုခုံးအကြောဆန့်ခြင်းကို အဆုံးသတ်ပြီးသွားသည့် ဝမ်ယဲ့က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
"ဒါဆိုလည်း လူ နည်းနည်း ခေါ်ပြီး စောင့်ကြည့်ခိုင်းထားလိုက်လေ၊ ဘယ်သူလဲဆိုတာ သိရတာပေါ့"
ခွင့်ပြုချက်ရသည်နှင့် ထောင်ကျီက ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
"ဒီအစေခံ အခုချက်ချင်း သွားလိုက်ပါ့မယ်"
ထောင်ကျီက ဝမ်ယဲ့ကို အကြာကြီး စောင့်မနေခိုင်းခဲ့ပေ။ ၁၅ မိနစ်မပြည့်မီမှာပင် "သခင်လေး" ဟူသော ထောင်ကျီ၏ အာမေဍိတ်သံကို ဝမ်ယဲ့ ကြားလိုက်ရသည်။
ထို့နောက် ယွင်ကျီက အတွင်းသို့ ဝင်လာကာ အစီရင်ခံနေခဲ့သည်။
"သခင်မ... အရှေ့ခြံဝင်းက အကြီးဆုံးသခင်လေး ရောက်နေပါတယ်"
ဝမ်ယဲ့က နောက်ဆုံး ယောဂပုံစံကို အဆုံးသတ်ရင်း ပြန်မေးလိုက်သည်။
"သူက ဘာကိစ္စရှိလို့လဲ"
ယွင်ကျီက ခေါင်းခါပြရင်း ပြန်ဖြေလိုက်သည်။
"အကြီးဆုံးသခင်လေးက ဘာမှမပြောပါဘူး၊ သခင်မနဲ့ တွေ့ချင်တယ်လို့ပဲ ပြောနေပါတယ်"
ဝမ်ယဲ့ ကုတင်ပေါ်မှ ဆင်းလိုက်ရင်း ထပ်မေးလိုက်သည်။
"သူ ဘယ်မှာလဲ"
"ထောင်ကျီက သခင်လေးကို ဖိတ်ခေါ်ထားပြီးပါပြီ၊ အပြင်မှာ အရမ်းအေးနေတာဆိုတော့ သခင်လေးကို အပြင်မှာ စောင့်ခိုင်းထားလို့ အဆင်မပြေဘူးလေ"
ဝမ်ယဲ့က အဝတ်အစားလဲရန် ဘေးခန်းသို့ အရင် ဝင်သွားလိုက်သည်။ ခဏအကြာတွင် ယွင်ကျီက အတွင်းဆောင်တံခါးကို ဖွင့်ပေးလိုက်ပြီး ဝမ်ယဲ့ ထွက်လာခဲ့သည်။
သူ့နောက်မှ ခြေသံများကို ကြားရသည်နှင့် ရွှီကျင့်ရုန်က ထိုင်ခုံမှ ထရပ်လိုက်သည်။ ဝမ်ယဲ့ နေရာယူပြီးနောက်တွင် သူက တရိုတသေ ဦးညွှတ်ရင်း နှုတ်ဆက်လာခဲ့သည်။
"ကျင့်ရုန်က ဒုတိယဒေါ်လေးကို ဂါရဝပြုပါတယ်"
ဝမ်ယဲ့ ခေတ္တမျှ မှင်တက်သွားသည်။
‘ဒီရက်အနည်းငယ်အတွင်းမှာတင် သူ့ကို တစ်ခုခု ပူးကပ်သွားတာလား’
"ထိုင်ပါ"
ဝမ်ယဲ့က သူ့ကို ထိုင့်ခွင့်ပေးပြီး တစ်ခါတည်း ဆက်မေးလိုက်သည်။
"ဒုတိယခြံဝင်းကို ဘာကိစ္စနဲ့ ရောက်လာတာလဲ၊ တခုခု လိုအပ်တာရှိလို့လား"
ရွှီကျင့်ရုန်က မော့ကြည့်လာသည်။ သူ့၏ မျက်နှာထားက အနည်းငယ် အနေရခက်နေပုံပြီး ခပ်တိုးတိုး ပြောလာခဲ့သည်။
"ကျွန်တော်... ဒုတိယအဒေါ်ကို တောင်းပန်ဖို့ လာခဲ့တာပါ"
ဝမ်ယဲ့ ခဏမျှ စဉ်းစားလိုက်ပြီးမှ ဘာမှမသိသလို ဟန်ဆောင်ကာ အပြုံးလေးဖြင့် ပြန်မေးလိုက်သည်။
"အော်... ဘာအတွက် တောင်းပန်ချင်တာလဲ"
"ကျွန်တော် အရင်က ဒုတိယအဒေါ်အပေါ် အထင်မှားခဲ့မိပါတယ်။ ဒုတိယအဒေါ်က ရွှမ်အာအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံလိမ့်မယ်လို့ ထင်ခဲ့မိတာပါ၊ မေမေတို့ရှေ့မှာ ဒုတိယအဒေါ်နဲ့ပတ်သတ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောခဲ့မိပါတယ်"
ဝမ်ယဲ့က ထောင်ကျီ ကမ်းပေးသော လက်ဖက်ရည်ကို တစ်ငုံသောက်ကာ သူ့ကို ကြည့်ရင်း မေးလိုက်ပြန်သည်။
"အော်... ဘာတွေပြောခဲ့တာလဲ၊ ဒုတိယအဒေါ်ကို ပြောပြပါဦး"
ရွှီကျင့်ရုန်က ဝမ်ယဲ့က ဤကဲ့သို့ တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်ထားပုံ မရချေ။ သူက မျက်လုံးအပြူးသားလေးဖြင့် ကြောင်ကြည့်နေသည်။
ထို့နောက် သူက ခေါင်းကို ငုံ့ကာ တိုးတိုးလေး ပြန်ပြောလိုက်သည်။
"အဲဒါတွေက ကောင်းတဲ့စကားတွေ မဟုတ်ပါဘူး။ ဒုတိယဒေါ်လေး မကြားတာပဲ ကောင်းပါတယ်"
ဝမ်ယဲ့က ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ဆက်မေးနေဆဲပင်။
"ရပါတယ်၊ ပြောသာ ပြောပါ၊ ဒုတိယအဒေါ် စိတ်မဆိုးပါဘူး"
ရွှီကျင့်ရုန်က အမှတ်တမဲ့ မော့ကြည့်ရင်း ပြန်မေးလိုက်သည်။
"တကယ်လား"
သူမ သူ့ကို တစ်ချက်ကြည့်လိုက်ရာ သူက မသိစိတ်ဖြင့် သူ့တင်ပါးကို အုပ်ထားသည်ကို ဝမ်ယဲ့ သတိထားမိလိုက်သည်။ သူ၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် ဝမ်ယဲ့က ခေါင်းငြိမ့်ပြလိုက်သည်။
အာမခံချက်ရသွားသည့်အခါမှ ရွှီကျင့်ရုန်က ဖွင့်ပြောပြလာသည်။
သူက ဝမ်ယဲ့ စိတ်ဆိုးမည်ကို မကြောက်သော်လည်း၊ သူ့တင်ပါးက နှစ်ကြိမ်တိုင်တိုင် အရိုက်ခံထားရပြီး ဖြစ်သည်။ တတိယအကြိမ်သာ ထပ်ရိုက်ခံရလျှင်တော့ သူ့တင်ပါးလေး အမှန်တကယ် ပုပ်သွားပေလိမ့်မည်။
ရွှီကျင့်ရုန်က ခပ်တိုးတိုး ပြောပြနေသည်။
"ကျွန်တော် ပြောခဲ့တာက... ဒုတိယအဒေါ်က ဆိုးသွမ်းတဲ့ မိထွေးတစ်ယောက်လို့ ပြောခဲ့မိတာပါ"
အနားတွင် ရပ်နေသော ယွင်ကျီနှင့် ထောင်ကျီတို့က ဒေါသထွက်နေကြသည်။
‘အကြီးဆုံးသခင်လေးက သူတို့သခင်မကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုး စွပ်စွဲနိုင်ရတာလဲ’
သို့သော် အပြောခံရသည့် ဝမ်ယဲ့ကတော့ ဂရုမစိုက်ပုံဖြင့် ထပ်မေးလိုက်သည်။။
"နောက်ထပ် ဘာရှိသေးလဲ"
ရွှီကျင့်ရုန်က ခေါင်းခါပြလိုက်သည်။
"မရှိတော့ပါဘူး"
‘သူ့ရဲ့ ဒုတိယဦးလေးကို ကြံစည်ခဲ့တဲ့သူက သူရဲ့ အမေဘက်က တတိယဝမ်ကွဲအဒေါ်ဆိုတာကို သူ သိသွားပြီပြီလေ။ သူက တတိယဒေါ်လေးရဲ့ ထောင်ချောက်ထဲကို ကျရောက်သွားခဲ့တာပါ။ အခြားသူတွေ ပြောစကားအပေါ် မူတည်ပြီး ဒုတိယအဒေါ်ကို အဲ့လို မဆုံးဖြတ်သင့်ကြောင်းနဲ့ မိသားစုဝင်တစ်ယောက်အနေဖြင့် ကိုယ်တိုင် စောင့်ကြည့်သင့်တယ်လို့ သူ့အမေက ပြောပြခဲ့တယ်’
‘ပြီးတော့ အဲ့ဒီတယိယဝမ်းကွဲအဒေါ်ကလည်း အပြင်လူလေ’
‘အပြင်လူတစ်ယောက်ရဲ့ စကားအပေါ် အခြေခံပြီး မိသားစုဝင်တစ်ယောက်ကို ဆုံးဖြတ်တာက ကိုယ့်မိသားစုအပေါ် ယုံကြည်မှု ကင်းမဲ့တာတဲ့။ နယ်စားမင်းအိမ်တော်ရဲ့ အမွေခံတစ်ယောက်အနေဖြင့် သူက အဲ့လိုအမှားမျိုးကို ထက်ကျူးလွန်မှာ မဟုတ်တော့ဘူး’
ကြိမ်ဒဏ်နှစ်ကြိမ်၊ ရက်အနည်းငယ်ကြာ အကျယ်ချုပ်နှင့် အထိန်းတော်ချင်းရွှယ် သယ်ဆောင်လာသော သက်သေများကြောင့် ရွှီကျင့်ရုန်က လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူ့၏ စစ်မှန်သော တောင်းပန်မှုကို မြင်သဖြင့် ဝမ်ယဲ့က ပြန်ပြောလိုက်သည်။
"ဒုတိယအဒေါ်က ခွင့်လွှတ်ပါတယ်"
ရွှီကျင့်ရုန်က ချက်ချင်း စိတ်အေးသွားပုံရပြီး လေသံကလည်း ပေါ့ပါးသွားသည်။
"ကျေးဇူးတင်ပါတယ်၊ ဒုတိယအဒေါ်"
သို့သော် နောက်တစ်ခဏမှာပင် သူ၏ မျက်နှာထားက ပြန်လည် ညှိုးငယ်သွားပြန်သည်။
ဝမ်ယဲ့ သတိထားမိသွားပြီး ထပ်မေးလိုက်သည်။
"တခြားကိစ္စ ရှိသေးလို့လား"
ရွှီကျင့်ရုန်က ခေါင်းခါပြပြီးမှ ပြန်ခေါင်းငြိမ့်ပြကာ ထပ်ပြောလာခဲ့သည်။
"မေမေက လာမယ့်နွေဦးကျရင် ကျွန်တော့်ကို ကျောင်းတော်ဆီပို့တော့မယ်တဲ့၊ တစ်လနေမှ တစ်ခါပဲ အိမ်ပြန်လာခွင့်ရတော့မယ်"
ဝမ်ယဲ့က မျက်ခုံးတစ်ချက် ပင့်ရင်း ထပ်မေးလိုက်သည်။
"မင်းက မသွားချင်ဘူးလား"
ရွှီကျင့်ရုန်က သူ၏ရင်ဖွင့်သံများကို စတင်ထုတ်ဖော်တော့သည်။
"ကျွန်တော် စာသင်ရတာကို မုန်းတယ်၊ ဒုတိယအဒေါ် မသိပါဘူး... အဲဒီစာအုပ်တွေထဲက စာလုံးတွေက အရမ်းစိပ်တာပဲ၊ ကြည့်လိုက်ရင် စာမျက်နှာပေါ်မှာ ပုရွက်ဆိတ်တွေ တွားသွားနေသလိုပဲ၊ ကြည့်ရတာနဲ့တင် ကျွန်တော့်ခေါင်းက ကိုက်လာရော"
ဝမ်ယဲ့က ခပ်အေးအေး ပြန်မေးလိုက်သည်။
"တကယ်လား"
ရွှီကျင့်ရုန်က သူ့ထံသို့ ရောက်လာတော့မည့် အန္တရာယ်ကို သတိမထားမိဘဲ ဆက်ပြောနေသည်။
"ကျွန်တော်က ဖေဖေ၊ အဘိုးနဲ့ ဘိုးဘိုးတို့လို စစ်မြေပြင်မှာ တိုက်ခိုက်မယ့် စစ်သူကြီးတစ်ယောက် ဖြစ်ချင်တာ၊ ဒါပေမယ့် မေမေကတော့ စာသင်ဖို့ပဲ အတင်းဖိအားပေးနေတာ"
"မင်းမေမေက မင်းကို သိုင်းပညာသင်ခွင့် မပေးဘူးလား"
ဝမ်ယဲ့က ထပ်မေးလိုက်သည်။
ရွှီကျင့်ရုန်က ခေါင်းခါပြလိုက်ပြန်သည်။
"အဲဒီလိုတော့လည်း မဟုတ်ပါဘူး၊ သိုင်းပညာ သင်ချင်ရင် စာကိုလည်း သင်ရမယ်လို့ မေမေက ပြောတယ်"
ဝမ်ယဲ့က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အလွန်ပင် နူးညံ့လှသော လေသံဖြင့် ပြန်ပြောလိုက်သည်။
"မင်းရဲ့ မေမေ ပြောတာကို နားထောင်သင့်တာပေါ့။ ကဲ... ဒုတိယအဒေါ်က တစ်ခုခုလုပ်ပေးမယ်၊ သိပ်မကြာခင် မင်းအတွက် လက်ဆောင်တစ်ခု ပို့ပေးလိုက်မယ်၊ မင်း သေချာပေါက် ကြိုက်မှာပါ"
ရွှီကျင့်ရုန်က သူ၏ဘဝတွင် အသက်ငါးနှစ်မပြည့်မီအထိသာ လုသခင်မထံမှ နူးညံ့မှုကို ရှိခဲ့ဖူးခြင်း ဖြစ်သည်။ ယခု ဝမ်ယဲ့၏ အမူအရာက သူ့ကို ကလေးဘဝဆီ ပြန်ရောက်သွားသလိုမျိုး ခံစားရစေသည်။
ရွှီကျင့်ရုန်တစ်ယောက် စိတ်ထဲမှ မတွေးဘဲ မနေနိုင်တော့ပေ။
‘အဲဒီ တတိယဝမ်းကွဲအဒေါ်က မေမေပြောတာထက်တောင် ပိုဆိုးသေးတယ်’
"ဘာလက်ဆောင်လဲဟင်"
ရွှီကျင့်ရုန်က လွှတ်ခနဲ မေးလိုက်သေးသည်။
ဝမ်ယဲ့က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ဒါက လျှို့ဝှက်ချက်ပဲ"
နောက်ဆုံးတွင် အနေရခက်ပြီး စိုးရိမ်ပူပန်မှုများဖြင့် ရောက်လာခဲ့သော ရွှီကျင့်ရုန်က မျှော်လင့်ချက်အပြည့်ဖြင့် အရှေ့ခြံဝင်းသို့ ပြန်သွားတော့သည်။
သူ ထွက်သွားသည်နှင့် ထောင်ကျီက မကျေမနပ်ဖြင့် စတင်ရေရွတ်တော့သည်။
"သခင်မ... အကြီးဆုံးသခင်လေးက သခင်မလေးအပေါ် အဲဒီလိုမျိုးတွေ ပြောခဲ့တာကို သခင်မက သူ့အတွက် လက်ဆောင်တောင် ပြင်ပေးနေသေးတယ်"
သူမအနေဖြင့် ဆက်ပြီး သည်းမခံနိုင်တော့ပေ။
ဝမ်ယဲ့က အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"ငါ ဘာပို့မယ်လို့ ပြောရသေးလို့လဲ၊ အရင် စိတ်မဆိုးပါနဲ့ဦး"
ထိုစကားကြောင့် ယွင်ကျီလည်း မနေနိုင်တော့ဘဲ ဝင်မေးလိုက်သည်။
"သခင်မက ဘာပို့ဖို့ ရည်ရွယ်ထားလို့လဲဟင်"
ဝမ်ယဲ့က နောက်ပြောင်လိုသော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
"ငါ့ညီမလေးအတွက် စာအုပ်တွေ ဝယ်တုန်းက သုံးခဲ့တဲ့ စာအုပ်စာရင်း ရှိသေးတယ်မလား"
ထောင်ကျီက သဘောပေါက်သွားပုံရပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့၊ ဒီအစေခံက အခုထိ သေသေချာချာ သိမ်းထားပါတယ်"
ဝမ်ယဲ့က သူမဘက်သို့ လှည့်ကာ ညွှန်ကြားလိုက်သည်။
"အဲဒီစာရင်းထဲကနေ နားလည်ရအခက်ဆုံးနဲ့ ဖတ်ဖို့ အပင်ပန်းဆုံး စာအုပ်တချို့ကို ရွေးထုတ်လိုက်၊ ပြီးရင် သခင်လေးဆီ ပို့လိုက်ပါ၊ ဒါက သူရဲ့ ဒုတိယအဒေါ်အနေနဲ့ သူ့အပေါ် ထားရှိတဲ့ ကြီးမားတဲ့ မျှော်လင့်ချက်တွေကို ကိုယ်စားပြုတယ်လို့လည်း ပြောလိုက်ဦး"
‘ဆိုးသွမ်းတဲ့ မိထွေးတဲ့လား၊ ‘ငါ’ ဆိုတဲ့ ဝမ်ယဲ့က အဲ့လို လုပ်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး’
‘ဒါပေမယ့် ဆိုးသွမ်းတဲ့ ဒုတိယအဒေါ်ဖြစ်ဖို့ကတော့... ငါ လောလောဆယ် အဲ့ဒါကို အတော်လေး စိတ်ဝင်စားနေမိပြီ’
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟