chapter 11
အခန်း ၁၁ လက်ဖက်ရည် ဆက်သခြင်း
ဝမ်ယဲ့တစ်ယောက် ပတ်ဝန်းကျင်အသစ် ပြောင်းလဲသွား၍လားမသိနိုင်ဘဲ ကောင်းကောင်းအိပ်မပျော်ဖြစ်နေကာ မိုးသောက်ယံအချိန်မှာပင် နိုးလာခဲ့သည်။
သူမ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ချိန်တွင် ဘေးနားတွင် ရှိနေရမည့်သူက မရှိတော့ချေ။ သူမ စောစောနိုးလာခဲ့သော်လည်း အိပ်ချင်မူးတူး ဖြစ်နေဆဲပင်။
ဝမ်ယဲ့ မျက်နှာလေး အူတူတူဖြင့် ထိုင်နေစဉ် အတွင်းမှ လှုပ်ရှားမှုကို ကြားလိုက်ရသည့် အပြင်ဘက်မှ ယွင်ကျီက အခန်းထဲသို့ ခြေဖျားထောက် ဝင်လာပြီး တိုးတိုးလေး ပြောလာခဲ့သည်။
"သခင်မ၊ အဓိကခြံဝင်းကို သွားဖို့ အချိန်နီးနေပြီနော်"
"အင်း"
ဝမ်ယဲ့က အသိအမှတ်ပြုသည့်အနေဖြင့် ခပ်တိုးတိုး အသံပြုလိုက်ပြီးမှ ပျောက်ကွယ်နေသည့် အမျိုးသားကို ရုတ်တရက် သတိရသွားကာ ခပ်ပေါ့ပေါ့ မေးမြန်းလိုက်သည်။
"ရွှီယွဲ့ကျား... အဲ... ငါ့ရဲ့ ခင်ပွန်းရော... သူ ဘယ်သွားနေတာလဲ"
ယွင်ကျီက ကုတင်ကန့်လန့်ကာများကို ဆွဲသိမ်းပေးရင်း ပြန်ဖြေလိုက်သည်။
"အရှေ့ဘက်အဆောင်က စာကြည့်ခန်းကို သွားပါတယ် သခင်မ"
"နောက်ပြီး..."
ယွင်ကျီက ဆက်ပြောနေသေးသည်။
"ဒုတိယသခင် နိုးတာ တစ်ရှီးချန်လောက် ရှိနေပါပြီ"
'တစ်ရှီးချန်တောင် ရှိပြီလား...'
'ကျစ်... စောလှချည်လား'
ဝမ်ယဲ့က ဘာမှမဖြစ်သလို မျက်နှာထားဖြင့် ယွင်ကျီ၏ အကူအညီကို ယူကာ ကိုယ်လက်သန့်စင်လိုက်သည်။
ယခင်နယ်စားမင်းကြီးနှင့် ဇနီးသည်တို့ မရှိတော့သော်လည်း နယ်စားမင်းအိမ်တော်ကို အမွေခွဲဝေခြင်း မပြုရသေးပေ။ ထို့ကြောင့် မင်္ဂလာဆောင်ပြီး ပထမဆုံးနေ့တွင် အဓိကခြံဝင်းသို့ သွားရောက် ဂါရဝပြုရရန် လိုအပ်နေသေးသည်။
သူမ ပြင်ဆင်ပြီးသွားချိန်တွင် ရွှီယွဲ့ကျားက အရှေ့ဘက်အဆောင်မှ ပြန်ရောက်လာသည်။
မင်္ဂလာဝတ်စုံကို လဲလှယ်ထားပြီးဖြစ်သည့် ထိုအမျိုးသားက ပို၍ပင် အေးစက်တည်ငြိမ်နေပုံရပြီး သူမကို ကြည့်နေသည့် အကြည့်များကလည်း အနည်းငယ် အလှမ်းဝေးနေသယောင် ဖြစ်နေလေသည်။
'မနေ့ညက အားတက်သရော ရှိလှတဲ့လူက သူ မဟုတ်တဲ့အတိုင်းပဲ...'
ဝမ်ယဲ့က မျက်ခုံးတစ်ချက် ပင့်လိုက်သော်လည်း ဘာမှတော့ မပြောလိုက်ခဲ့ပေ။
သူမ၏ အကြည့်များက အောက်ဘက်သို့ အမှတ်မထင် ရောက်သွားပြီး သူက ကလေးငယ်တစ်ယောက်၏ လက်ကို ဆွဲထားမှန်း သိလိုက်ရသည်။ ထိုကလေးက အရပ်အားဖြင့် လူကြီး၏ခါးလောက်မျှသာ ရှိနေသေးသည်။
ဝမ်ယဲ့ကတော့ ချက်ချင်း နားလည်လိုက်သည်။
‘ဒီကလေးက ရွှီယွဲ့ကျားရဲ့ ပထမဇနီး ချန်ထားခဲ့တဲ့ ကလေးပဲ ဖြစ်ရမယ်’
သားအဖနှစ်ယောက်၏ နောက်တွင် အထိန်းတော်များနှင့် အစေခံများ အုပ်စုလိုက် ရပ်နေကြပြီး ရွှီယွဲ့ကျား၏ဘေးမှ ကလေးငယ်ကို စိုးရိမ်တကြီး လှမ်းကြည့်နေကြသည်။
အစေခံများ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ရွှီယွဲ့ကျားက ကလေးနှင့် အတူရှိနေချိန် နည်းပါးပုံရပြီး သားအဖနှစ်ယောက်ကြားတွင်လည်း ရင်းနှီးမှု အများကြီးရှိပုံမရပေ။
အဓိကခြံဝင်းသို့ ရောက်မှသာ ထိုကလေးကို တွေ့ရမည်ဟု ဝမ်ယဲ့ ထင်ထားခဲ့ခြင်း ဖြစ်သည်။ သူမ အိမ်ထောင်မပြုခင် ကြိုတင်မေးမြန်းခဲ့ပြီး ထိုကလေးလေး မွေးပြီးကတည်းက နယ်စားမင်းကတော်က ပြုစုစောင့်ရှောက်ခဲ့ပြီး အဓိကခြံဝင်း၌ အနေများသည်ဟု သိထားခဲ့ရသည်။
'အခု ဒီမှာ ပေါ်လာတယ်ဆိုတာကတော့ တစ်ယောက်ယောက်က ငါ့ကို လာစမ်းသပ်နေတာပဲ ဖြစ်ရမယ်'
ထိုသို့ တွေးမိသည်နှင့် ဝမ်ယဲ့က ယဉ်ကျေးသိမ်မွေ့စွာ လျှောက်လှမ်းသွားလိုက်ပြီး ရွှီယွဲ့ကျားကို အရင် ဂါရဝပြုနှုတ်ဆက်လိုက်သည်။
"သခင်ကြီး"
ထို့နောက် သူမက အောက်သို့ ငုံ့ကာ ကလေးငယ်ကို နှုတ်ဆက်လိုက်သည်။
"ရွှမ်အာ"
သူမ၏ လေသံတွင် အလွန်အမင်း ချစ်ခင်ပြနေခြင်းလည်း မရှိသလို အားတက်သရော ပုံစံမျိုးလည်း မဟုတ်ပေ။
ရွှီယွိရွှမ်ကို စောင့်ရှောက်ရသည့် အထိန်းတော်ကျိကတော့ ဝမ်ယဲ့၏ စကားထဲတွင် မည်သည့် အဓိပ္ပာယ်များ ကိန်းအောင်းနေသည်ကို အသည်းအသန် စဉ်းစားနေရှာသည်။
အကယ်၍ ဝမ်ယဲ့သာ ထိုအထိန်းတော် ဘာတွေးနေမှန်း သိနိုင်လျှင် 'အများကြီး လျှောက်မတွေးပါနဲ့၊ ဒါက သာမန်နှုတ်ဆက်ရုံသက်သက်ပါပဲ၊ ဘာအတွင်းအဓိပ္ပာယ်မှ မရှိဘူး' ဟု ပြန်ပြောမည်မှာ အသေအချာပင်။
ရွှီယွဲ့ကျားက ဝမ်ယဲ့ကို ခဏမျှ စိုက်ကြည့်ပြီးမှ ပြောလာခဲ့သည်။
"သွားကြမယ်"
အဓိကခြံဝင်းသို့ သွားရာလမ်းက ကလေးငယ်လေး လမ်းလျှောက်ရန် အလွန်ဝေးလွန်းနေသဖြင့် ရွှီယွဲ့ကျားက ကလေးကို အထိန်းတော်လက်ထဲသို့ လွှဲပေးလိုက်သည်။
ဝမ်ယဲ့က သူ့အနောက်မှ ခြေလှမ်းတဝက်ခန့် ခွာပြီး အေးအေးဆေးဆေး လိုက်ပါသွားသည်။
လမ်းတစ်လျှောက်တွင် ဝမ်ယဲ့က ရှေ့မှ အမျိုးသားကို မသိမသာ အကဲခတ်နေလေသည်။ မနေ့ညက အဖြစ်အပျက်အရ သူမ၏ တဝက်နောက်၊ တဝက်အတည် စကားများအပေါ် သူ စိတ်ဆိုးမာန်ဆိုး မဖြစ်ခဲ့ပေ။
‘တကယ်တော့ သူက သူမရဲ့ ဆန္ဒအတိုင်းတောင် လိုက်လျောပေးခဲ့သေးတယ်’
'ကြည့်ရတာတော့ ရွှီယွဲ့ကျားက စကားပြောရ ခက်မယ့်လူတော့ မဟုတ်ဘူးပဲ'
‘ဒါက ကောင်းတဲ့ လက္ခဏာပဲ’
ဝမ်ယဲ့က သူမ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူမ၏နှုတ်ခမ်းထောင့်မှ အပြုံးဖျော့ဖျော့လေးတစ်ခု မသိမသာ ထွက်ပေါ်လာသည်။
သူတို့ လမ်းချိုးတစ်ခုအရောက်တွင်တော့ ရွှီယွဲ့ကျား၏ အကြည့်များကလည်း ခဏတာမျှ မသိမသာ ပြောင်းလဲသွားခဲ့သည်။
....။.........။.......
အဓိကခြံဝင်းသို့ မသွားမီ သူတို့ဇနီးမောင်နှံ ရွှီမိသားစု၏ ဘိုးဘေးခန်းမသို့ အရင်သွားရောက်ခဲ့ကြသည်။
ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့ ဘိုးဘေးခန်းမသို့ ရောက်ရှိလာချိန်တွင် အရုဏ်တက်စပြုနေပြီ ဖြစ်ကာ လူတော်တော်များများလည်း စုံလင်နေကြပြီ ဖြစ်သည်။
နယ်စားမင်းရွှီနှင့် ဇနီးဖြစ်သူ လုသခင်မတို့အပြင် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် ငါးနှစ်၊ ခြောက်နှစ်အရွယ်ခန့်ရှိသော ကောင်လေးတစ်ယောက်ကိုလည်း တွေ့လိုက်ရသည်။
ထိုကလေးနှစ်ယောက်က လုသခင်မ၏ သားများ ဖြစ်ဟန်တူသည်။
ဝမ်ယဲ့က သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ အသက်ကြီးသည့်ကလေးက သူမကို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။
ရွှီမိသားစု၌ ရွှီယွဲ့ကျားနှင့် သူ့အစ်ကို နယ်စားမင်းတို့ လက်ထက်သို့ ရောက်ရှိလာချိန်တွင် ဆွေမျိုးသားချင်း တော်တော်နည်းပါးသွားခဲ့ပြီ ဖြစ်သည်။ ကျန်ရှိနေသော အနွယ်အနည်းငယ်တွင်လည်း သက်ကြီးဝါကြီးသူများ မရှိတော့သဖြင့် ယနေ့တွင် အခြားသူများ တက်ရောက်လာခြင်း မရှိချေ။ နယ်စားဟောင်းကြီးတွင် တရားမဝင်သား၊ သမီးများ မရှိသော်လည်း သူ့၏ ညီငယ်၊ ညီမငယ်များတော့ ရှိနေသေးပြီး တချို့ကတော့ ယနေ့အထိ သက်ရှိထင်ရှား ရှိနေသေးသည်။
ရွှီယွဲ့ကျားက နယ်စားမင်းနှင့် လုသခင်မထံ လျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။
"အစ်ကိုကြီး၊ မရီး"
ဝမ်ယဲ့ကလည်း သူ့နောက်မှ လိုက်သွားပြီး ခါးလေးညွှတ်ကာ ဂါရဝပြုလိုက်သည်။
နယ်စားမင်းရွှီနှင့် လုသခင်မတို့ကလည်း နွေးထွေးစွာ ပြုံးပြနေကြသည်။
နယ်စားမင်းဟောင်းကြီးနှင့် ဇနီးသည်တို့ မရှိတော့သော်လည်း သတို့သမီးအသစ်လေး လက်ဖက်ရည် ဆက်သရသည့် ဓလေ့ထုံးတမ်းကိုတော့ ဆက်ထိန်းသိမ်းထားကြသေးသည်။
ဝမ်ယဲ့က အစေခံမလေး ကမ်းပေးသော လက်ဖက်ရည်ပူပူကို လှမ်းယူလိုက်ပြီး ရွှီယွဲ့ကျားနှင့်အတူ ရွှီမိသားစုမှ ဘိုးဘေးဘီဘင်များ၏ ဝိညာဉ်ကမ္ဗည်းတိုင်ရှေ့တွင် ဒူးထောက်လိုက်သည်။
ဇနီးမောင်နှံနှစ်ဦးက လက်ဖက်ရည် ဆက်သခြင်းနှင့် ဦးချဂါရဝပြုခြင်းကို ထုံးတမ်းစဉ်လာတိုင်း အပြစ်ပြောစရာမရှိအောင် စနစ်တကျ လုပ်ဆောင်ခဲ့ကြသည်။
ဝမ်ယဲ့ကို စောင့်ကြည့်အကဲခတ်နေသည့် လုသခင်မပင်လျှင် ဝမ်မိသားစုက သူမကို ယဉ်ကျေးမှုပိုင်းဆိုင်ရာတွင် ကောင်းကောင်းမွန်မွန် သင်ကြားပေးထားကြောင်း ဝန်ခံလိုက်ရသည်။
လက်ဖက်ရည် ဆက်သခြင်းနှင့် ဂါရဝပြုခြင်း အခမ်းအနား ပြီးဆုံးသွားချိန်တွင် အားလုံး အဓိကခြံဝင်းသို့ ပြန်လာခဲ့ကြသည်။
လူကြီးများကို လက်ဖက်ရည် ဆက်သပြီးနောက် တစ်ဖန် ရွှီယွိရွှမ်က သူ၏ မိထွေးဖြစ်သည့် ဝမ်ယဲ့အား လက်ဖက်ရည် ပြန်ဆက်သရမည့် အလှည့်သို့ ရောက်လာပြန်သည်။
အထိန်းတော်ကျိက လက်ဖက်ရည်ခွက်ကို ရွှီယွိရွှမ်၏ လက်ထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်ပြီး ဝမ်ယဲ့အနားသို့ ရောက်အောင် ဘေးမှ မသိမသာ ကာကွယ်ကာ ရှေ့နှစ်လမ်းလောက်တိုးရန် ကူညီပေးနေသည်။
ဝမ်ယဲ့က ထိုင်ခုံပေါ်တွင် ထိုင်နေပြီး အပြင်လူများ၏ အမြင်တွင် သူမ၏ မျက်နှာက အနည်းငယ် အေးစက်နေသယောင် ဖြစ်နေလေသည်။
ဘေးလူများက ကြိုတင်သင်ကြားပေးထားခဲ့ပြီး အနောက်ခြံဝင်းတွင် တစ်ခါ တွေ့ခဲ့ဖူးသော်လည်း ရွှီယွိရွှမ်အတွက် ဝမ်ယဲ့က သူစိမ်းတစ်ယောက်သာသာ ဖြစ်နေဆဲပင်။
ဆောင်းတွင်းဝတ်စုံ အထပ်ထပ်ကြောင့် ဖောင်းကားနေပြီး လုံးတစ်နေသည့် လက်တိုခြေတိုလေးများရှိသော အသက်နှစ်နှစ်အရွယ် ကလေးငယ်လေး ဝမ်ယဲ့ဆီသို့ လိမ့်လာနေသည်မှာ အဖြူရောင် ဘောလုံးလေးနှင့် တူနေခဲ့သည်။ မြို့တော်တွင် ကောလာဟလများ ထွက်နေသကဲ့သို့ လမစေ့ဘဲ မွေးထားပြီး အားနည်းချည့်နဲ့သော ကလေးလေးနှင့် လုံးဝကို မတူချေ။
"မေ... မေမေ... လက်...လက်ဖက်ရည်... သောက်.... သောက်ပါ"
ဝမ်ယဲ့က ကလေးကို အခက်တွေ့အောင် မလုပ်ဘဲ လက်ဖက်ရည်ခွက်ကို လှမ်းယူကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် ယွင်ကျီ ကိုင်ထားသည့် လင်ဗန်းထဲမှ လက်ဆောင်ပစ္စည်းကို လှမ်းယူပြီး ကလေးလေးကို လက်ဆောင်ပြန်ပေးလိုက်သည်။
ထိုသို့ဖြင့် လက်ဖက်ရည် ဆက်သသည့် အခမ်းအနား ပြီးဆုံးသွားခဲ့သည်။
နယ်စားမင်းရွှီတွင် ကိုယ်လုပ်တော်များ မရှိသောကြောင့် လုသခင်မနှင့်ရသော သားနှစ်ယောက်သာ ရှိသည်။ သူတို့၏ အမည်များက ရွှီကျင့်ရုံ နှင့် ရွှီကျင့်လင်းတို့ ဖြစ်သည်။
အသက်ရှစ်နှစ်အရွယ် အကြီးဆုံးသားက နယ်စားမင်း၏အမွေဆက်ခံသူအဖြစ် သတ်မှတ်ခံထားရပြီး ဖြစ်ကာ ဒုတိယသားကတော့ ခြောက်နှစ်ပင် မပြည့်သေးပေ။
ဝမ်ယဲ့က သူတို့ကို တစ်ယောက်စီ နှုတ်ဆက်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော လက်ဆောင်များကို ပေးအပ်လိုက်သည်။
ရွှီကျင့်ရုံက လက်ဆောင်ကို လက်ခံနေရင်း နှာခေါင်းတစ်ချက် ရှုံ့လိုက်သဖြင့် လုသခင်မ၏ မျက်စောင်းထိုးခြင်းကို ခံလိုက်ရသေးသည်။
ဝမ်ယဲ့ကတော့ ထိုအပြုအမူကို စိတ်ထဲမထားတော့ပေ။
ရွှီနယ်စားမင်းအိမ်တော်တွင် လူဦးရေ သိပ်မများသောကြောင့် နံနက်စာ စားပွဲဝိုင်း၌ လူပင် မပြည့်နေချေ။
ဝမ်ယဲ့၏ လင်ပါသားကတော့ သခင်မလု၏ ဘေးတွင် ထိုင်နေပြီး အထိန်းတော်ကျိကလည်း အနားမှ ဂရုစိုက်ပေးနေသည်။ သခင်မလု၏ သားနှစ်ယောက်ကလည်း သူတို့၏ ဝမ်းကွဲညီလေးကို အလွန်ချစ်ပုံရပြီး ကလေး၏ ပန်းကန်ငယ်ထဲသို့ စားစရာများ အလုအယက် ထည့်ပေးနေကြသည်။
ဝမ်ယဲ့က ထိုမြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
'ဒါကြောင့်မို့လို့လည်း စောစောက အမွေဆက်ခံသူလေးက ငါ့ကို မျက်စောင်းထိုးနေတာကိုး'
‘ဒီကလေးက ငါ့ကို ပုံပြင်တွေထဲကလို ရက်စက်တဲ့ မိထွေးတစ်ယောက်အဖြစ် မြင်နေပုံပဲ’
ရွှီနယ်စားမင်းအိမ်တော်တွင် လူကြီးမိဘများ မရှိတော့သဖြင့် သတို့သမီးအသစ်ဖြစ်သော ဝမ်ယဲ့အနေဖြင့် ထမင်းစားဝိုင်းတွင် အလုပ်အကျွေးပြုစရာ မလိုတော့ပေ။ မိသားစုဝင်အားလုံး စားပွဲတွင် အတူတူ ထိုင်ကြပြီး သူမက ရွှီယွဲ့ကျား၏ ဘေးတွင် ထိုင်ကာ အကြီးများ စတင်စားသောက်သည်ကို စောင့်ဆိုင်းပြီးမှ သူမ၏ နံနက်စာကို တိတ်တဆိတ် စတင်စားနေခဲ့သည်။
မနေ့ကစားထားသမျှ အစာလေးကလည်း အကုန်ကြေပျက်သွားပြီဖြစ်သလို ယနေ့တွင်လည်း စောစောနိုးလာခဲ့ရသောကြောင့် ဝမ်ယဲ့တစ်ယောက် တော်တော်လေး ဗိုက်ဆာနေပြီ ဖြစ်သည်။
ထို့ကြောင့် နံနက်စာ စားနေစဉ်တစ်လျှောက်လုံးတွင် ဝမ်ယဲ့က မည်သူ့ကိုမှ မျက်နှာလိုမျက်နှာရလုပ်ရန် စိတ်မကူးဘဲ အစားအသောက်အပေါ်၌သာ အာရုံစူးစိုက်ထားလိုက်သည်။ ဆန်ပြုတ်တစ်ပွဲနှင့် ဖောက်ထွင်းမြင်ရသည့် ဖက်ထုပ်အနည်းငယ် စားပြီးနောက်တွင် အခြားသူများနည်းတူ စားသောက်ခြင်းကို ရပ်တန့်လိုက်သည်။
မျိုးရိုးမြင့်မိသားစုများတွင် "စားသော်လည်းကောင်း၊ အိပ်သော်လည်းကောင်း စကားမပြောရ" ဟူသည့် စည်းကမ်းကို လိုက်နာကြပြီး နံနက်စာ စာပွဲဝိုင်းက တိတ်တဆိတ် ပြီးဆုံးသွားခဲ့သည်။ ထို့နောက် လုသခင်မက စားစရာများကို သိမ်းခိုင်းလိုက်ပြီး လက်ဖက်ရည် တည်ခင်းစေလိုက်သည်။
ယခု ဝမ်ယဲ့ ဤအိမ်တော်သို့ ရောက်လာပြီဖြစ်သောကြောင့် လုသခင်မအနေဖြင့် မကျေနပ်သည့်တိုင် လက်ခံလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
လုသခင်မက ဝမ်ယဲ့ဘက်သို့ လှည့်ကာ ပြောလာခဲ့သည်။
"မင်းက အခုမှ ရောက်ခါစဆိုတော့ အနောက်ခြံဝင်းရဲ့ အိမ်တွင်းရေးကိစ္စတွေကို ရင်းနှီးကျွမ်းဝင်ဖို့ အချိန်ယူရဦးမယ်၊ လောလောဆယ်တော့ မင်းအတွက်လည်း ရွှမ်အာကို စောင့်ရှောက်ဖို့ နည်းနည်း ခက်ခဲနေမှာ သေချာတယ်၊ ဒါကြောင့် မင်းတို့သားအမိ နှစ်ယောက် ရင်းနှီးသွားတဲ့အထိ စောင့်ပြီးမှ သူ့ကို အနောက်ခြံဝင်းကို ပြန်ပို့ပေးမယ်"
ဝမ်ယဲ့ကတော့ ကန့်ကွက်စရာ လုံးဝမရှိသဖြင့် နာနာခံခံလေး ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့"
မမျှော်လင့်ဘဲ ဝမ်ယဲ့က ဤမျှလွယ်လွယ်ကူကူ သဘောတူလိုက်သောကြောင့် လုသခင်မခမျာ ခဏမျှ ဆွံ့အသွားပြီးမှ ဆက်ပြောလိုက်ရသည်။
"နောက်ဆိုရင် ပွဲလမ်းသဘင်တွေက လွဲလို့ လတိုင်းရဲ့ တစ်ရက်နေ့နဲ့ တစ်ဆယ့်ငါးရက်နေ့တွေမှာပဲ 'ကျိထန်း' နဲ့အတူ အဓိကခြံဝင်းကို လာပြီး ထမင်းလက်စုံစားရင် ရပါပြီ"
ဝမ်ယဲ့က ခေါင်းလေး မော့ကာ ပြန်မေးလိုက်သည်။
"ကျိထန်းဆိုတာက..."
မေးခွန်း၏တစ်ဝက်လောက်မှာတင် သူမ ရုတ်တရက် သတိဝင်သွားပြီး ဘေးနားမှ အမျိုးသားဘက်သို့ စောင်းငဲ့ကြည့်လိုက်ရာ ထိုလူ၏ အေးစက်ကြည်လင်သော မျက်ဝန်းများနှင့် ဆုံသွားရသည်။ ခဏတာမျှ တုံ့ဆိုင်းသွားပြီးမှ သူမက တိုးတိုးလေး ဆက်မေးလိုက်သည်။
"အဲဒါက သခင်ကြီးရဲ့ လောကသိနာမည်လား"
နယ်စားမင်းရွှီ နှင့် လုသခင်မ : "..."
ရွှီယွဲ့ကျား : "..."
သူမ အမှားလုပ်မိသွားပြီမှန်း သိလိုက်သည်နှင့် ဝမ်ယဲ့က လိမ္မာယဉ်ကျေးသော သတို့သမီးလေးအဖြစ် ချက်ချင်း ဟန်ဆောင်လိုက်သည်။
ဝမ်ယဲ့၏ မျက်နှာဖြင့် ထိုကဲ့သို့ အမူအရာမျိုး လုပ်လိုက်သည့်အခါ အလွန် ရိုးသားဖြူစင်ပုံပေါက်သည့် အားသာချက်မျိုး ဖြစ်နေလေ့ရှိသည်။
ထိုကဲ့သို့ နူးညံ့ပြီး ဝိုင်းစက်နေသော မျက်နှာလေးကို မြင်လိုက်ရသည့်အချိန်တွင် လုသခင်မလည်း ပြင်းပြင်းထန်ထန် ဘာမှ မပြောရက်တော့ပေ။
‘အင်း... မင်္ဂလာဆောင်ပြီး ပထမဆုံးနေ့ဆိုတော့ ခင်ပွန်းဖြစ်သူရဲ့ လောကသိနာမည်ကို မသိသေးတာက ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူးလေ’
အကယ်၍ မနေ့ညက အဖြစ်အပျက်သာ မရှိခဲ့လျှင် ရွှီယွဲ့ကျားလည်း သူ့အစ်ကိုနှင့် မရီးတို့ကဲ့သို့ပင် ဝမ်ယဲ့၏ ဟန်ဆောင်မှုကို ယုံကြည်သွားမိကောင်း ယုံကြည်သွားမိပေလိမ့်မည်။
ယခုတော့ သူက ဝမ်ယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေတ္တမျှ ဆွံအနေမိသည်။
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟