chapter 26
အခန်း ၂၆ ဒေါ်လေးရွှီ
ရွှီယွဲ့ကျားကို လေးညဆက်တိုက် ကြောင်လေးငါးဖမ်း ကစားနည်း သင်ပေးပြီးနောက်တွင် ဝမ်ယဲ့က သူ့ကို စာကြည့်ခန်းသို့ ပြန်လွှတ်ရန် ဆွဲဆောင်နိုင်ခဲ့သည်။
ညတိုင်း အနောက်ဘက်ခြံဝန်းတွင် အိပ်စက်သော ရွှီယွဲ့ကျားက သူမနှင့်အတူ စောင်ခြုံပြီး ကဒ်ကစားနေရုံသက်သက်သာ ဖြစ်လိမ့်မည်ဟု မည်သူမျှ ခန့်မှန်းနိုင်ကြမည်မဟုတ်ပေ။
ဝမ်ယဲ့က ကုတင်ပေါ်တွင် လက်ခြေများကို ဘေးသို့ဆန့်ထုတ်ကာ "စတုရန်း" ပုံသဏ္ဌာန် လဲလျောင်းရင်း သက်ပြင်းဖျော့ဖျော့ ချနေလေသည်။
ထိုကဲ့သို့ ချောမောခန့်ညားသူအပေါ် သူမက ရက်စက်နိုင်လွန်းခြင်းတော့ မဟုတ်ပေ။ အမှန်တကယ်က သူမ အခြားသူတစ်ဦးနှင့် ကုတင်တစ်ခုတည်း အတူအိပ်ရသည်ကို အသားမကျခြင်းသာ ဖြစ်သည်။
ဝမ်ယဲ့တွင် ထူးဆန်းသော အကျင့်တစ်ခုရှိသည်။ သူမ တစ်ယောက်တည်း အိပ်စက်ချိန်တွင် ကုတင်ခေါင်းရင်းမှ ခြေရင်းအထိ လှိမ့်ချင်တိုင်း လှိမ့်နေတတ်သော်လည်း အခြားသူတစ်ဦးနှင့် အိပ်ရလျှင်တော့ သူမကိုယ်သူမ မသိစိတ်ဖြင့် ထိန်းချုပ်ထားကာ မအိပ်ခင် ကျောချခဲ့သည့် နေရာလေးတွင်သာ ကပ်အိပ်နေတတ်သည်။ ထိုသို့အိပ်ရခြင်းကြောင့် နောက်တစ်နေ့မနက်တွင် တစ်စုံတစ်ယောက်က သူမ၏ စွမ်းအင်များကို စုပ်ယူသွားသလို နုံးချိနေတတ်သည်။
သူမက အအိပ်ဆတ်သူလည်း ဖြစ်သဖြင့် ထိုအခြေအနေက သူမကို အမှန်တကယ် အိပ်ရေးပျက်စေသည်။
မနက်ပိုင်းတွင် စောစောထရမည်ကို သတိရသွားသည့် ဝမ်ယဲ့က ဝတ္ထုများကို ညဉ့်နက်သည်အထိ မဖတ်ဘဲ ဟိုင်အချိန်စသည်နှင့် မီးခွက်ကို ငြှိမ်းကာ စောစောအိပ်ယာဝင် သွားသည်။
မောင်အချိန်တွင် နိုးလာသော်လည်း ဝမ်ယဲ့တစ်ယောက် ကုတင်ပေါ်တွင် နာရီဝက်ခန့် ထပ်မံကပ်နေပြီးမှ မထချင်ထချင် ထထိုင်လိုက်ရသည်။
ယွင်ကျီ အပြင်ဘက်၌ စောင့်နေသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။ ကုတင်ကန့်လန့်ကာနောက်မှ လှုပ်ရှားမှုကို သတိပြုမိသည်နှင့် သူမက အနားသို့ တိုးလာကာ ကန့်လန့်ကာကို မတင်ရင်း လှမ်းပြောလိုက်သည်။
"သခင်မ... ဒီနေ့ ချန်းနန်မြို့စားမင်း အိမ်တော်က တည်ခင်းတဲ့ ပွဲကို အကြီးဆုံးသခင်မနဲ့အတူ လိုက်သွားရမှာနော်"
ဝမ်ယဲ့က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"ငါ မမေ့ပါဘူး"
လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် လုသခင်မက ဝမ်ယဲ့အား ချန်းနန်မြို့စားမင်း အိမ်တော်၏ အခြေအနေအရပ်ရပ်ကို ရှင်းပြထားခဲ့သည်။ ရွှီယွဲ့ကျား၏ ဖခင်တွင် ကျန်းမိသားစုသို့ လက်ထပ်ဝင်သွားသော ညီမငယ်တစ်ဦး ရှိသည်။ ထိုစဉ်က ကျန်းမိသားစု၏ အကြီးအကဲမှာ သက်ရှိထင်ရှားရှိနေသေးသော်လည်း မြို့စား၊ နယ်စား ဘွဲ့ထူးဂုဏ်ထူးများ မရှိဘဲ နန်းတွင်းတွင် စတုတ္ထအဆင့် ရာထူးကိုသာ ရရှိထားသူ ဖြစ်သည်။ ရွှီယွဲ့ကျား၏ ဒေါ်လေးက ကျန်းမိသားစုမှ ဒုတိယသားနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။
ရွှီယွဲ့ကျား၏ အဘိုးဖြစ်သူ ကျန်းမိသားစုမှ ဒုတိယသားကို ရွေးချယ်ခဲ့ခြင်းက ထိုလူငယ်၏ စရိုက်လက္ခဏာနှင့် ဖြောင့်မတ်တည်ကြည်မှုကို သဘောကျခြင်း ဖြစ်သလို၊ သူ၏ သမီးငယ်ကလည်း အစ်မဖြစ်သူထက် စရိုက်နူးညံ့သူဖြစ်သောကြောင့် အဆင့်အတန်း မြင့်မားလှသည်မဟုတ်သော်လည်း အလားအလာရှိသော မျိုးဆက်များရှိသည့် ကျန်းမိသားစုကို ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ရွှီယွဲ့ကျား၏ အဘိုး အမြင်မှန်ကန်ခဲ့ကြောင်း သက်သေပြလာခဲ့သည်။ ကျန်းမိသားစု၏ ဒုတိယသားက စာပေပညာကို စွန့်လွှတ်ကာ စစ်မှုထမ်းခဲ့ပြီး အရေးပါသော တိုက်ပွဲအချို့တွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သည်။ ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်ပြီးနောက် သူက 'ချန်းနန်မြို့စားမင်း' ဘွဲ့ကို ရရှိခဲ့သည်။
ယနေ့တွင် ဝမ်ယဲ့နှင့် လုသခင်မတို့က ထိုဒေါ်လေး၏ အကြီးဆုံးမြေးဦးလေးအတွက် ပြုလုပ်သော 'တစ်လပြည့်' ပွဲကို တက်ရောက်ကြရမည် ဖြစ်သည်။
ရွှီမိသားစုနှင့် ကျန်းမိသားစု နှစ်ခုစလုံးက စစ်ရေးစွမ်းဆောင်မှုများအပေါ် အခြေခံပြီး ထွန်းတောက်လာကြသူများ ဖြစ်သဖြင့် နန်းတွင်းရေးရာများတွင် အမြင်ချင်း တူညီကြသည်။ ထို့ကြောင့် ရွှီမိသားစုမှ လူကြီးများ ကွယ်လွန်သွားကြသော်လည်း မိသားစုနှစ်ခုကြား ဆက်ဆံရေးက ရင်းနှီးမြဲ ရင်းနှီးနေဆဲဖြစ်ကာ အေးစက်မသွားသေးပေ။
ထို့ကြောင့် ရုံးတော်အလုပ်များဖြင့် မအားလပ်သော ရွှီယွဲ့ကျားမှ လွဲပြီး ရွှီနယ်စားမင်းကိုယ်တိုင်လည်း တက်ရောက်မည် ဖြစ်သည်။
လုသခင်မက မည်သည့်ကလေးကိုမျှ မခေါ်ရန် ဆုံးဖြတ်ခဲ့သည်။ ပွဲ၏ အဓိကပုဂ္ဂိုလ်က ကလေးငယ်တစ်ဦး ဖြစ်နေသဖြင့် မလေးမစားပြုရာ ရောက်မည်ကို သူမ တွေးမိခဲ့သည်။ ထို့ကြောင့် ကလေးများကို စောင့်ရှောက်ရန် အထိန်းတော်ဟန်ကို ထားရစ်ခဲ့ပြီး ချင်းရွှယ်နှင့် ပိုင်မေ့တို့ကိုသာ ခေါ်ဆောင်လာခဲ့သည်။
ရိုးရှင်းသော မနက်စာ စားပြီးနောက် ဝမ်ယဲ့က ယွင်ကျီ၊ ထောင်ကျီတို့နှင့်အတူ တစ်လပြည့်ပွဲအတွက် ပြင်ဆင်ထားသော လက်ဆောင်များကို ယူဆောင်ကာ ပင်မခြံဝန်းသို့ ထွက်လာခဲ့သည်။
ပင်မခြံဝန်းမှ သူမတို့ ပြန်ထွက်ခွာလာချိန်တွင်တော့ နာရီဝက်ခန့် ထပ်ကြာသွားခဲ့ချေပြီ။ ဝမ်ယဲ့ အသေးစိတ်အချက်အလက်များအား မမှတ်မိမည် စိုးရိမ်နေသည့် လုသခင်မက ဝမ်ယဲ့ကို သူမ၏ ရထားလုံးထဲသို့ ဆွဲခေါ်ကာ အတူတူ ထွက်ခွာလာခဲ့ကြသည်။
ထို့ကြောင့် ရွှီနယ်စားမင်းခမျာ ရွေးချယ်စရာမရှိဘဲ မြင်းစီးကာ လိုက်ပါလာခဲ့ရသည်။
ချန်းနန်မြို့စားမင်းအိမ်တော်က ရွှီနယ်စားမင်းအိမ်တော်နှင့် လမ်းနှစ်လမ်းသာ ခြားနေပြီး ခရီးက သိပ်မဝေးလှပေ။
ရထားလုံး မရပ်မီအထိ လမ်းတလျှောက်တွင် လုသခင်မ စကားအနည်းငယ်သာ ပြောနိုင်ခဲ့သည်။
ရထားလုံးပေါ်မှ မဆင်းမီ လုသခင်မက နောက်ဆုံးအကြိမ်အဖြစ် ထပ်မေးလိုက်သေးသည်။
"အားလုံး မှတ်မိရဲ့လား"
ဝမ်ယဲ့က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"မမ... ပြောပြထားတာတွေကို ကျွန်မ အကုန်မှတ်မိပါတယ်ရှင့်"
လုသခင်မက သူမအပေါ် စေတနာထားပြီး သူမ၏ကောင်းကျိုးအတွက် ပြောပေးနေမှန်း ဝမ်ယဲ့ နားလည်နိုင်သည်။ ယနေ့က ပွဲတက်ရုံသက်သက်မဟုတ်ဘဲ လက်ထပ်ပြီးနောက်ပိုင်း သူမ ပထမဆုံး လူလုံးထွက်ပြခြင်းလည်း ဖြစ်သည်။ ၎င်းက မြို့တော်၏ မျိုးရိုးမြင့်အမျိုးသမီးများကြားတွင် သူမ၏ အနာဂတ်ဂုဏ်သတင်းအတွက် အလွန်အရေးကြီးသောအချိန် ဖြစ်သည်။
ရှေးခေတ်မှ လူများ၏ အတင်းအဖျင်းပြောနိုင်စွမ်းနှင့် ကောလာဟလဖြန့်ဝေနိုင်စွမ်းက သတင်းအချက်အလက် စီးဆင်းမှုမြန်ဆန်သော ခေတ်သစ်ကာလထက် လျော့နည်းခြင်းမရှိကြောင်း ပြောရပေလိမ့်မည်။
အကယ်၍ ချန်းနန်မြို့စားမင်း၏ မြေးဦးလေး တစ်လပြည့်ပွဲတွင် ဝမ်ယဲ့ တစ်ခုခု မှားယွင်းခဲ့ပါက အရှက်ရစရာမဟုတ်သည့်တိုင် နောက်နေ့တွင် မြို့တော်၏ အထက်တန်းလွှာအသိုင်းအဝိုင်းတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်လာပေလိမ့်မည်။
လုသခင်မနှင့် ဝမ်ယဲ့တို့က တော်တော်လေး စောရောက်လာခဲ့ကြသည်။ ချန်းနန်မြို့စားမင်းနှင့် သူ၏ဇနီးဖြစ်သူ၊ ရွှီယွဲ့ကျား၏ ဦးလေးနှင့် ဒေါ်လေးတို့က အပြင်ထွက်ပြီး ကြိုဆိုနေကြသည်။
အချိန်ကာလက လှပသူများအပေါ် ပိုကြင်နာတတ်ပုံရသည်။ ရွှီမိသားစု၏ မျိုးရိုးဗီဇက အလွန်ကောင်းမွန်သောကြောင့် ယခုအခါ အဘွားအရွယ် ရောက်နေပြီဖြစ်သော ချန်းနန်မြို့စားမင်းကတော်က နူးညံ့သော ရုပ်ရည်သွင်ပြင် ရှိနေဆဲဖြစ်ပြီး အရောင်ရင့်ရင့် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အိုမင်းရင့်ရော်သည့် အသွင်အပြင်မျိုး အနည်းငယ်မျှ မရှိသေးပေ။
ရွှီနယ်စားမင်းကိုတော့ ချန်းနန်မြို့စားမင်းက အရှေ့ဘက်ခြံဝန်းသို့ ခေါ်ဆောင်သွားသည်။
ဒေါ်လေးရွှီက လုသခင်မကို ပြုံးပြရင်း လှမ်းပြောလိုက်သည်။
"မင်းတို့ ရောက်လာမှာကို ငါတို့ မျှော်နေတာ"
ထို့နောက် သူမ၏အကြည့်က ဘေးနားရှိ ဝမ်ယဲ့ထံသို့ ရောက်ရှိသွားပြီး သူမ၏ နူးညံ့သော မျက်လုံးများထဲတွင် အကဲခတ်လိုသည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
"ဒါက ယဲ့မိန်းခလေး ဖြစ်ရမယ်... တကယ်ကို ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတာပဲ"
ဝမ်ယဲ့က လုသခင်မ သင်ပေးထားသည့်အတိုင်း ဒေါ်လေးရွှီကို အရိုအသေပေး နှုတ်ဆက်လိုက်သည်။
"တူမလေးက ဒေါ်လေးကို ဂါရဝပြုပါတယ်ရှင့်"
သူမ၏ အမူအရာတိုင်းက အပြစ်ပြောစရာမရှိဘဲ လေသံကလည်း နူးညံ့သိမ်မွေ့နေကာ နာခံမှုရှိသော်လည်း တည်ငြိမ်သော ဟန်ပန်လေးလည်း ပါဝင်နေသေးသည်။
အမှန်အတိုင်းပြောရလျှင် ဒေါ်လေးရွှီက ဝမ်ယဲ့ကို ရွှီယွဲ့ကျား၏ မင်္ဂလာဆောင်စဥ် တစ်ကြိမ်သာ မြင်ဖူးခဲ့သည်။ ထိုစဉ်က သူမက နီမြန်းသော ခေါင်းခြုံပုဝါအောက်တွင် ရှိနေသဖြင့် သူမ၏ မျက်နှာကို ဝေဝေဝါးဝါးသာ မြင်ခဲ့ရသည်။
ဒေါ်လေးရွှီက ဝမ်မိသားစုမှ ကိုယ်လုပ်တော်ဖွားသမီး ဝမ်ယဲ့အကြောင်းကို များများစားစား မသိလှပေ။ သူမ၏ တူဖြစ်သူနှင့် စေ့စပ်ကြောင်းလမ်းမှု အတည်ဖြစ်သွားချိန်တွင်မှ သူမ အံ့ဩသွားခဲ့ရပြီး အခြေအနေအရပ်ရပ်ကို စုံစမ်းရန် နယ်စားမင်းအိမ်တော်သို့ ပြန်လာခဲ့သေးသည်။
သူမ အလည်အပတ်ပြန်သွားပြီး မေးမြန်းချိန်တွင် လုသခင်မက ဝမ်ယဲ့ကို သူမ၏တူဖြစ်သူ ကိုယ်တိုင်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်းသာ ပြောပြခဲ့ပြီး တခြားဘာကိုမျှ အများကြီး မပြောပြခဲ့ပေ။
ထို့ကြောင့် ဒေါ်လေးရွှီက ဝမ်ယဲ့အပေါ် အတော်လေး စိတ်ဝင်စားနေခြင်း ဖြစ်သည်။ သူမ၏ ဒုတိယတူအကြောင်းကို သူမ အထိုက်အလျောက် သိထားသည်။ သူက အေးစက်ပြီး ခံစားချက်ကင်းမဲ့သူ တစ်ယောက်ဖြစ်သည်။ သူမ၏ သားကလည်း ဝမ်းကွဲအစ်ကိုက အစိုးရရေးရာများတွင် အလွန်တင်းကျပ်ပြီး မျက်နှာသာပေးမှုမရှိသူဟု မကြာခဏ ပြောလေ့ရှိသည်။
ထိုကဲ့သို့သော လူက လက်ထပ်ရန် အစပြုတောင်းဆိုသော မိန်းခလေးတွင် ထူးခြားသည့် အရည်အချင်းရှိမည်ဟု ဒေါ်လေးရွှီက ယူဆထားသည်။
ထို့ကြောင့် ဒေါ်လေးရွှီ၏ မကြာခဏ အကဲခတ်ကြည့်ရှုမှုများအောက်တွင် ဝမ်ယဲ့က တည်ငြိမ်သောဟန်ပန်လေးဖြင့် ချန်းနန်မြို့စားမင်း အိမ်တော်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ဒေါ်လေးရွှီတွင် သားနှစ်ယောက်နှင့် သမီးနှစ်ယောက် ထွန်းကားခဲ့သည်။
သူမ၏ အကြီးဆုံးသား ကျန်းတျွာက အသက် နှစ်ဆယ့်တစ်နှစ်ရှိပြီ ဖြစ်သည်။ သူက ပြီးခဲ့သည့်နှစ်တွင် နန်းတွင်းစာမေးပွဲ အောင်မြင်ခဲ့ပြီး လက်ထပ်ခဲ့သောကြောင့် ယခုနှစ်တွင် သားဦးလေး ရရှိလာခဲ့သည်။
ဒုတိယသား ကျန်းရွေ့ကတော့ အသက်ဆယ့်ငါးနှစ် ရှိပြီ ဖြစ်ကာ လန်ချန်ရှိ စုန့်ရှန်ကျောင်းတော်တွင် ပညာသင်ကြားနေဆဲ ဖြစ်သည်။ လက်ရှိတွင် ကျောင်းပိတ်ရက်ဖြစ်ပြီး နောက်လဝက်ခန့်မှသာ ပြန်ဖွင့်ပေလိမ့်မည်။
သူမ၏ အကြီးဆုံးသမီးက ကံမကောင်းရှာဘဲ ငယ်စဉ်မှာပင် ကွယ်လွန်သွားခဲ့သည်။ အငယ်ဆုံးသမီးကတော့ လုသခင်မ၏ အကြီးဆုံးသားထက် သုံးနှစ်ခန့်သာ ပိုကြီးသည်။ အကြီးဆုံးသမီးကို ဆုံးရှုံးခဲ့ရသဖြင့် ဒေါ်လေးရွှီက အငယ်ဆုံးသမီးလေးကို အလွန် ချစ်မြတ်နိုးပြီး အလိုလိုက်ထားခဲ့သည်။
ဒေါ်လေးရွှီ၏ သားနှစ်ယောက်စလုံးက စာပေပညာရှင်လမ်းကို လိုက်စားခဲ့ကြသဖြင့် ချန်းနန်မြို့စားမင်းအတွက်တော့ နောင်တအနည်းငယ် ဖြစ်လာစေခဲ့သည်။
ဒေါ်လေးရွှီက လုသခင်မနှင့် ဝမ်ယဲ့တို့ကို ပွဲတက်လာသော အမျိုးသမီးများ စုရုံးနေသည့် ပင်မခြံဝန်းဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
သူမတို့ ရောက်ရှိသွားချိန်တွင် ခြံဝန်းအတွင်း၌ လူများ ပြည့်နှက်နေပြီး အများစုက ကျန်းမိသားစု၏ ဆွေမျိုးများနှင့် ဒေါ်လေးရွှီ၏ အကြီးဆုံးချွေးမဖြစ်သူဘက်မှ ဆွေမျိုးများ ဖြစ်ကြသည်။
လုသခင်မကလည်း ထိုသူများထဲမှ အများစုကို သိကျွမ်းပြီးဖြစ်သည်။ သူမက မျိုးဆက်အရ ငယ်သော်လည်း ရာထူးအဆင့်အတန်းအရ ဤနေရာတွင် အမြင့်မြတ်ဆုံးဖြစ်နေသည်။ ထို့ကြောင့် အမျိုးသမီးအတော်များများက သူမကို နွေးထွေးစွာ နှုတ်ဆက်ကြသည်။
သို့သော်လည်း မည်သည့်ဘွဲ့ထူးဂုဏ်ထူးမျှ မရှိသည့်အပြင် အကျင့်သီလနှင့် ပတ်သက်၍လည်း ကျော်ကြားမှုမရှိသော ဝမ်ယဲ့အပေါ်တွင်တော့ သူမတို့၏ သဘောထားက အတော်လေး အေးစက်နေသည်။
ပထမအချက်အနေဖြင့် ဝမ်ယဲ့၏ မိသားစုနောက်ခံက သာမန်မျှသာဖြစ်ပြီး ယခင်ကလည်း စေ့စပ်ကြောင်းလမ်းမှု ရှိခဲ့ဖူးသည်ဟု သတင်းထွက်နေခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း သူမက နယ်စားမင်းအိမ်တော်သို့ မည်သို့မည်ပုံ လက်ထပ်ဝင်ရောက်နိုင်ခဲ့သည်ကတော့ အားလုံးအတွက် ပဟေဠိဖြစ်နေလေသည်။
အကယ်၍ သူမသာ ထင်ပေါ်ကျော်ကြားသော မိသားစုမှ ဖြစ်လျှင် လူအများက ဤမျှလောက် မနာလိုငြူစူကြမည်မဟုတ်ပေ။ သို့သော် ဝမ်ယဲ့က နန်းတွင်းအသိုင်းအဝိုင်းနှင့် ဝေးကွာလှသော တတိယအဆင့်အရာရှိ၏ ကိုယ်လုပ်တော်မှ မွေးဖွားသော သမီးတစ်ဦးမျှသာ ဖြစ်နေခဲ့သည်။
ဤကဲ့သို့သော အခြေအနေမျိုးက နှိုင်းယှဉ်မှုများကို မလွဲမသွေ ဖိတ်ခေါ်နိုင်ခဲ့သည်။ ကိုယ်လုပ်တော်ဖွားသမီးတစ်ဦးပင် ဤအဆင့်အထိ တက်လှမ်းနိုင်ခဲ့သောကြောင့် ဝမ်မိသားစုထက် အဆင့်မြင့်သော မိသားစုများကလည်း မျှော်လင့်ချက်များ ရှိလာကြသည်။
ထိုအချိန်တွင် ဝမ်ယဲ့က အလိုအလျောက် သူမတို့၏ မျှော်လင့်ချက်များအတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်လာခဲ့သည်။
သို့သော်လည်း လုသခင်မ ရှိနေသေးသဖြင့် မည်သူမျှ သူမတို့၏ ခံစားချက်ကို ဗြောင်ကျကျ ထုတ်မပြရဲကြပေ။
ဝမ်ယဲ့က လူတိုင်း၏ ဘဘောထားနှင့် ဆက်ဆံရေး ကွာခြားမှုကို ခံစားနေမိသော်လည်း သူမက သူမ၏ဘဝအတွက် ကျေနပ်ရောင့်ရဲစွာ နေတတ်ရန် ကြာမြင့်စွာကတည်းက သင်ယူခဲ့ပြီးဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် ဤအခြေအနေက သူမ အလိုရှိဆုံး အခြေအနေသာ ဖြစ်နေလေသည်။
‘လွတ်လပ်ပေါ့ပါးတဲ့ ဘဝကိုပဲ လိုချင်တဲ့သူက ဘာလို့ အမြဲတမ်း အာရုံစိုက်ခံနေရတဲ့ center နေရာကို လိုချင်မှာတုန်း’
ဝမ်ယဲ့အတွက် လုသခင်မ မိတ်ဆက်ပေးသည့်အခါတိုင်း ပြုံးပြရန်နှင့် နှုတ်ဆက်ရန်သာ လိုအပ်ပြီး မည်သူမျှ သူမကို အပြစ်ရှာမရအောင် သိမိသိမ်မွေ့မွေ့လေး ထိုင်နေခဲ့သည်။
သို့သော်လည်း ပါးနပ်မှုမရှိဘဲ တခြားသူ၏ ပွဲလမ်းသဘင်တွင် မိမိ၏ မကျေနပ်ချက်များကို ဖောက်ခွဲတတ်သော အလိုက်မသိတတ်သူများကလည်း ရှိနေဆမြဲပင်။
ဝမ်ယဲ့ လူကြီးများကို နှုတ်ဆက်ပြီးချိန်တွင် စားပွဲထိပ်နား၌ ထိုင်နေသည့် မျက်နှာထားတင်းတင်း အမျိုးသမီးကြီးတစ်ဦးက စူးရှသောအသံဖြင့် လှမ်းပြောလိုက်သည်။
"ငါ့တူလေးရွှီက ဘာကြောင့် ကိုယ်လုပ်တော်သမီးကိုမှ လက်ထပ်တာလဲလို့ ငါ အမြဲတွေးနေခဲ့တာ၊ အစကတော့ ငါ စဉ်းစားလို့ မရခဲ့ဘူး။ ဒါပေမယ့် ဒီနေ့ ဒီတူမလေးကို မြင်လိုက်ရတော့မှပဲ အကြောင်းရင်းကို နားလည်သွားတော့တယ်"
သူမ၏ လေသံနှင့် မျက်နှာအမူအရာက ဝမ်ယဲ့၏ မျက်နှာပေါ်တွင် "မြှူဆွယ်သူ" “မြေခွေးမ” နှင့် "မိန်းမပျက်" ဟူသော စကားလုံးများကို ရေးထိုးထားသလားဟုပင် ထင်မှတ်ရစေသည်။
သို့သော်လည်း တရားမျှတစွာ ပြောရလျှင် ဝမ်ယဲ့၏ ရုပ်ရည်က ထိုကဲ့သို့သော ပုံစံမျိုးနှင့် အလွန်ပင် ဝေးကွာလှသည်။
အခြားအမျိုးသမီးများ၏ အကြည့်များကလည်း ဝမ်ယဲ့ဆီသို့ ရောက်ရှိလာသည်။ အချို့က သနားနေကြသလို အချို့ကလည်း မထီမဲ့မြင် ပြုနေကာ ပြဇာတ်ကြည့်ရတော့မလို ပျော်ရွှင်နေကြသည်။
ထိုအမျိုးသမီး၏ ပစ်မှတ်ထားခြင်း ခံလိုက်ရလျှင် ဝမ်ယဲ့အနေဖြင့် အလွယ်တကူ လွတ်မြောက်နိုင်မည်မဟုတ်ဘဲ အတော်လေး နာနာကျင်ကျင် ပေးဆပ်ရမည်ဟု ကြိုသိထားသောကြောင့် အနည်းငယ် သနားဂရုဏာသက်နေသူများလည်း ရှိနေခဲ့သည်။
ဒေါ်လေးရွှီ၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားသည်။ သူမ၏ ပုံမှန် နူးညံ့သောအမူအရာကလည်း တည်တင်းသွားပြီး ထိုအမျိုးသမီးကို စူးစူးရဲရဲ စိုက်ကြည့်ကာ လှမ်းပြောလိုက်သည်။
"ဒီနေ့က မြေးလေးရဲ့ တစ်လပြည့်ပွဲနော်၊ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ အကြီးဆုံးယောင်းမအနေနဲ့ စကားကို ဆင်ဆင်ခြင်ခြင် ပြောစေချင်တယ်"
ကျန်းမိသားစု၏ အကြီးဆုံးချွေးမ ဖြစ်သူ လီရှီကတော့ အလျှော့ပေးမည့်ပုံမရှိပေ။ သူမက မဲ့ပြုံးပြုံးကာ ပြန်ပြောလိုက်သည်။
"ဟုတ်ပါပြီလေ၊ အခုတော့ နင်က မြို့စားမင်းကတော် ဖြစ်သွားပြီဆိုတော့ ငါတို့လို ဆင်းရဲတဲ့ ဆွေမျိုးတွေကို အထင်သေးနေမှာပေါ့၊ ငါက ဘာမှလည်း မပြောရသေးပါဘူး၊ နင်က ဒေါသ ထွက်နေပြီ၊ နင်က ငါ့ကို တမင် ရန်ရှာနေတာလား"
လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ကျန်းမိသားစု၏ အကြီးဆုံးသားက စာမေးပွဲဖြေဆိုကာ နန်းတွင်းသို့ ဝင်ရောက်ခဲ့ပြီး၊ ဒုတိယသားကတော့ စာပေတွင် ထူးချွန်ခြင်း မရှိဘဲ စစ်ပညာကိုသာ တစိုက်မက်မက် လေ့လာလိုက်စားခဲ့သည်။ အနှစ်နှစ်ဆယ်ကြာပြီးနောက် အကြီးဆုံးသားက စတုတ္ထအဆင့် အရာရှိသာ ဖြစ်နေသေးသော်လည်း ဒုတိယသားကတော့ မျိုးရိုးဆက်ခံနိုင်မည့် မြိုးစားမင်းဘွဲ့ကို ရရှိခဲ့သည်။
ထို့ကြောင့် တစ်ချိန်က သူမ၏ခင်ပွန်းအတွက် ဂုဏ်ယူခဲ့ပြီး စစ်သည်တော်၏ ဇနီးဖြစ်နေသည့် ဒေါ်လေးရွှီကို အထင်သေးခဲ့သည့် လီသခင်မအတွက် ယခုအခြေအနေက အလွန် ခံပြင်းစရာ ဖြစ်လာခဲ့သည်။
ပိုဆိုးသည်မှာ ဒေါ်လေးရွှီ၏ သားနှစ်ယောက်က လီသခင်မ၏ သားသမီးများထက် အဆပေါင်းများစွာ ပိုမိုထူးချွန်နေကြခြင်း ဖြစ်သည်။ နှစ်များကြာလာသည်နှင့်အမျှ လီသခင်မနှင့် ဒေါ်လေးရွှီတို့၏ ဆက်ဆံရေးကလည်း တဖြည်းဖြည်း ပိုဆိုးရွားလာခဲ့သည်။
သို့သော်လည်း ယနေ့က ဒေါ်လေးရွှီ၏ မြေးဦးလေး တစ်လပြည့်ပွဲဖြစ်သဖြင့် မည်မျှပင် မဖိတ်ချင်ပါစေ လီသခင်မကို ဖိတ်ကြားခဲ့ရသည်။
လီသခင်မက ဤမျှအထိ အလိုက်မသိဘဲ လူအများရှေ့တွင် သူမ၏ တူချွေးမ ဝမ်ယဲ့ကို ဗြောင်ကျကျ ပစ်မှတ်ထားတိုက်ခိုက်လိမ့်မည်ဟုတော့ ဒေါ်လေးရွှီလည်း မမျှော်လင့်ထားမိချေ။ လီသခင်မ၏ ရန်စမှုကို တုံ့ပြန်သည့်အနေဖြင့် ဒေါ်လေးရွှီကလည်း ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည်။
"အကြီးဆုံးယောင်းမလည်း ခန့်မှန်းမိနေပြီဆိုတော့ အများကြီး ထပ်ပြောနေဖို့ မလိုတော့ဘူး ထင်ပါတယ်"
လီသခင်မလည်း ခဏတာမျှ ဆွံ့အသွားပြီး သူမ၏အကြည့်ကို ဝမ်ယဲ့ထံသို့ ပြောင်းလိုက်ပြန်သည်။
"ငါတို့ရဲ့ တူချွေးမသစ်လေးကတော့ ငါ ခုနကပြောတာကို သဘောတူပုံရတယ်"
ထိုစကားက ဝမ်ယဲ့ကို တစ်ဖက်ဖက်သို့ ရပ်ခိုင်းရန် အတင်းအကျပ် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
လုသခင်မကတော့ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့ပြီး ရောက်ရှိနေသော အမျိုးသမီးများကလည်း သူမနှင့် သူမ၏ ယောင်းမငယ်တို့ကြား မည်သို့သော ဆက်ဆံရေးမျိုး ရှိသည်ကို အကဲမဖြတ်နိုင်ကြသဖြင့် မသိမသာ ခေါင်းငုံ့နေကြသည်။
ဝမ်ယဲ့ကလည်း သူမ ပွဲကြည့်ရုံသက်သက် ရောက်လာသည်ဟု မျှော်လင့်ထားခဲ့ပြီး ယခု သူမကိုယ်တိုင် ပါဝင်ပတ်သက်သွားရသည်။ ဤအချိန်တွင်တော့ ဤပြဇာတ်ကို ဘေးမှကြည့်နေရုံနှင့် မပြီးနိုင်တော့မှန်း သူမ သတိပြုမိနေပြီ ဖြစ်သည်။
လီသခင်မ၏ အဆက်မပြတ် မေးခွန်းထုတ်မှုကို ရင်ဆိုင်နေရသည့် ဝမ်ယဲ့က ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရုတ်တရက် အပြုံးလေးတစ်ခုကို ဖော်ပြလိုက်သည်။ သူမက လီသခင်မ၏ အကြည့်ကို ကြည်လင်သော ချစ်စဖွယ်မျက်နှာထားဖြင့် တုံ့ပြန်နေပြီး ထိုအကြည့်ထဲတွင် ရိုးသားမှုနှင့် ခင်မင်ရင်းနှီးမှုများ ပါဝင်နေသယောင်ထင်ရစေသည်။
မျက်စိလျင်သော အမျိုးသမီးအချို့ကတော့ သူမတို့ အမြင်မှားနေသလားဟုပင် တွေးနေကြချေပြီ။ သို့သော် ဝမ်ယဲ့၏ တုံ့ပြန်မှုက သူမတို့၏ သံသယများအားလုံးကို အလျင်အမြန် ရှင်းလင်းသွားစေသည်။
ဝမ်ယဲ့က ဖြူစင်ရိုးသားသော လေသံလေးဖြင့် သိမ်သိမ်မွေ့မွေ့ ဆက်ပြောနေသည်။
“မြို့စားမင်းအိမ်တော်ကို လာတဲ့လမ်းမှာ အကြီးဆုံးယောင်းမက ကျွန်မ ဒေါ်လေးနဲ့ ပထမဆုံးတွေ့ရမှာမို့လို့ စိတ်လှုပ်ရှားနေမှာကို စိုးရိမ်ပြီး မိသားစုဝင်တွေရဲ့ စရိုက်တွေကို ပြောပြခဲ့တယ်၊ ဝမ်းကွဲမောင်လေးနှစ်ယောက်က စိတ်သဘောထားဖြူစင်ပြီး ကြိုးစားကြတယ်၊ ဝမ်းကွဲညီမလေးကျုံးကတော့ တက်တက်ကြွကြွလေးနဲ့ ချစ်စရာကောင်းလောက်အောင် ပေါ့ပေါ့ပါးပါး ပြုမူတတ်တယ်တဲ့၊ အကြီးဆုံးယောင်းမကလည်း ပညာတတ်ပြီး ယဉ်ကျေးသိမ်မွေ့တယ်လို့ ပြောခဲ့သေးတယ်။ ဒေါ်လေးကတော့ အားလုံးထဲမှာ စိတ်ထားအနူးညံ့ဆုံးနဲ့ အကြင်နာတတ်ဆုံးလို့ သိခဲ့ရတယ်”
“ကံမကောင်းတာက ရွှီနယ်စားမင်းအိမ်တော်နဲ့ ဒီအိမ်တော်က အရမ်းနီးနေတော့ အကြီးဆုံးယောင်းမ ဒေါ်လေးအကြောင်း ပြောပြပြီးတာနဲ့တင် ကျွန်မတို့ ဒီကို ရောက်လာခဲ့ကြတယ်၊ ဒါပေမယ့် နွေးထွေးကြင်နာလွန်းတဲ့ ဒေါ်လေးကို တွေ့လိုက်ရကတည်းက ကျွန်မ မတွေ့ရသေးတဲ့ ဦးလေးကလည်း တကယ့်ကို သဘောကောင်းတဲ့ လူကြီးတစ်ယောက် ဖြစ်မယ်ဆိုတာ ကျွန်မ မှန်းဆလို့ ရနေပါပြီ"
ဝမ်ယဲ့က တစ်ခုခုကို ပြောလိုက်သလိုရှိသော်လည်း အမှန်တကယ်တွင် ဘာကိုမျှ တိုက်ရိုက် မပြောခဲ့ပေ။
ဝမ်ယဲ့၏ ရှည်လျားသော စကားကို နားထောင်ပြီးနောက် လုသခင်မ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာခဲ့သည်။
ဤနေရာ၌ ရှိနေသော ပါးနပ်သည့် အမျိုးသမီးများကလည်း ထိုစကား၏ ဆိုလိုရင်းကို အလွယ်တကူ နားလည်လိုက်ကြသည်။ အပေါ်ယံတွင် ဝမ်ယဲ့က ချန်းနန်မြို့စားမင်း မိသားစုကို ချီးကျူးနေခြင်း ဖြစ်သော်လည်း လက်တွေ့တွင်မူ လီသခင်မ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် ကျန်းမိသားစု၏ အကြီးဆုံးမိသားစုခွဲမှ မိသားစုဝင်များ မည်သည့်ဆုံးမသွန်သင်မှုကို ရရှိပြီး မည်သို့ ကြီးပြင်းလာမည်ကို သွယ်ဝိုက်ဝေဖန်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် ဝမ်ယဲ့က စကားလမ်းကြောင်းကို ပါးပါးနပ်နပ် ထပ်လွှဲလိုက်ပြီး လီရှီအား ပြန်မေးခွန်းထုတ်လိုက်သည်။
"ကျန်းသခင်မ... အဲ့ဒါနဲ့ ပတ်သက်ပြီး သခင်မ ဘယ်လိုထင်ပါသလဲရှင့်"
လီသခင်မ၏ မျက်နှာက ဖြူဖျော့သွားပြီးနောက် ဒေါသကြောင့် နီမြန်းလာသည်။
"ပြုံးနေတဲ့ မျက်နှာကိုတော့ လက်နဲ့ မရိုက်ရက်ဘူး" ဟူသော ရှေးဆိုရိုးတစ်ခု ရှိပြီး လီသခင်မအနေဖြင့် မည်မျှပင် ခံပြင်းနေပါစေ ယခုအခြေအနေတွင် သူမ၏ ဒေါသကို မျိုသိပ်ထားရန်မှတစ်ပါး ဘာမှမတတ်နိုင်တော့ပေ။
ဒေါ်လေးရွှီကလည်း အံ့ဩနေဟန် အပြုံးလေးဖြင့် ဝင်ပြောလိုက်သည်။
"အမျိုးသမီးတို့ရှင်... ကျွန်မရဲ့ တူချွေးမလေးကို ခွင့်လွှတ်ပေးကြပါ၊ သူက အမြဲတမ်း ပွင့်လင်းလွန်းပြီး ရိုးအလွန်းတဲ့ကလေးပါ၊ တခြားလူတွေရှေ့မှာ ကိုယ့်မိသားစုအကြောင်းကို ဒီလောက် ဗြောင်ကျကျ ချီးကျူးတတ်တဲ့သူမျိုး ဘယ်မှာရှိပါ့မလဲ"
စောစောက ဝမ်ယဲ့ကို သနားနေခဲ့သည့် အမျိုးသမီးတစ်ဦးက ဒေါ်လေးရွှီဘက်သို့ လှည့်ကာ လှမ်းပြောလိုက်သည်။
"ရှင့်ရဲ့ တူချွေးမလေးက တကယ်ကို ချစ်ဖို့ကောင်းတာပဲ... ယဉ်ကျေးသိမ်မွေ့ပြီး ချိုသာလိုက်တာ၊ ဆင်ခြင်တုံတရားလည်း ရှိပြီး တကယ့်ကို မိန်းမကောင်းလေးပဲ"
'ယဉ်ကျေးသိမ်မွေ့ပြီး ချိုသာသော ဆင်ခြင်တုံတရား ပြည့်ဝသည့် မိန်းမကောင်းလေး' ပုံရိပ်ကို ပိုင်ဆိုင်လိုက်ရသည့် ဝမ်ယဲ့က သူမကို ညင်ညင်သာသာ ပြုံးပြလိုက်သည်။
နောက်ဆုံးတွင် လုသခင်မကလည်း ဝင်ပြောလာသည်။
"ဝမ်သခင်မ ပြောတာ မှန်ပါတယ်၊ ကျွန်မရဲ့ ယောင်းမလေးက အရမ်းကို စိတ်ထားဖြူစင်လွန်းတော့ သူ အပြင်ထွက်တဲ့အခါ တခြားသူတွေဆီမှာ အနိုင်ကျင့်ခံရမှာကို ကျွန်မ အမြဲစိုးရိမ်နေခဲ့ရတာ၊ ကံကောင်းတာက ဒီနေ့ပွဲကို ရောက်လာတဲ့သူတွေက စိတ်ထားကောင်းတဲ့ သူတွေချည်းပဲ၊ တကယ်လို့ ကျွန်မတို့ ယဲ့အာက တစ်ခုခု မှားပြောမိရင်လည်း သခင်မတို့အနေနဲ့ နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ထိုစကားအရ လုသခင်မ ပြောနေသည်မှာ ဝမ်ယဲ့ကြောင့် တစ်စုံတစ်ယောက် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့လျှင်ပင် ထိုသူက အသာတကြည် သည်းခံရမည်ဟု အားလုံးကို သတိပေးလိုက်ခြင်းပင်။
လီသခင်မ : "..."
.......။.......။.......
လီသခင်မ၏ ရှိနေမှုက ပင်မခန်းမဆောင်တစ်ခုလုံးကို အရိပ်မည်းကြီး လွှမ်းမိုးထားသကဲ့သို့ ဖြစ်နေသဖြင့် ဒေါ်လေးရွှီက ထိုနေရာမှ အမြန်ထွက်ခွာချင်နေပြီ ဖြစ်သည်။ အခြားအမျိုးသမီးများအား အခြေအနေအရပ်ရပ်ကို အကျဉ်းရုံးရှင်းပြပြီးနောက် ပွဲမစမီ ကလေးငယ်ကို ကြည့်ရှုရန် ဝမ်ယဲ့နှင့် လုသခင်မတို့အား သူမ၏ ချွေးမဖြစ်သူရှိရာ ခြံဝန်းဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
လမ်းတွင် ဒေါ်လေးရွှီက ဝမ်ယဲ့ကို မကြာခဏ လှမ်းကြည့်နေပြီးနောက် နောက်ဆုံးတွင် ဖွင့်ပြောလာခဲ့သည်။
"ကျိထန်းက အမြင်ရှိသားပဲ"
ဝမ်ယဲ့ : "..."
'အဲ့အတွက် ဒေါ်လေးက ကျွန်မကို တိုက်ရိုက်ပဲ ချီးကျူးလိုက်ရင် ပိုကောင်းမှာနော်'
ဒေါ်လေးရွှီ၏ ချွေးမက ဝမ်မိသားစုမှ ဖြစ်ပြီး ဓလေ့ထုံးတမ်းရေးရာဝန်ကြီးဌာန၏ ဝန်ကြီးဟောင်း ဝမ်အမတ်မင်း၏ အကြီးဆုံးမြေးမလေး ဖြစ်သည်။ ဝမ်မိသားစုက ဖြောင့်မတ်တည်ကြည်ပြီး စာပေတတ်ကျွမ်းသည့် ဂုဏ်သတင်းဖြင့် ကျော်ကြားသောကြောင့် ဒေါ်လေးရွှီက ဤအိမ်ထောင်ရေးအတွက် သူမကို အသေအချာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဤတစ်လပြည့်ပွဲအတွက် ဝမ်အဘွားအို၊ ဝမ်သခင်မနှင့် မြို့တော်ရှိ ဝမ်မိသားစုဝင် လူငယ်များအားလုံး ရောက်ရှိနေကြသည်။
ဝမ်ယဲ့နှင့် လုသခင်မတို့ ဒေါ်လေးရွှီနှင့်အတူ ဝင်သွားချိန်တွင် ဝမ်အဘွားအိုနှင့် ဝမ်သခင်မတို့က ကုတင်ဘေးတွင် ဝိုင်းအုံကာ သူတို့၏ မြေမလေး/သမီးဖြစ်သူနှင့် စကားပြောနေကြသည်။
ဒေါ်လေးရွှီက သူမတို့ကို မိတ်ဆက်ပေးလိုက်သည်။
"ခမည်းခမက်တို့... ဒါက ကျွန်မရဲ့ မိခင်ဘက်က တူချွေးမလေးနှစ်ယောက်ပါ၊ သူတို့က ချန်အာကို လာကြည့်ကြတာ"
ဝမ်အဘွားအိုက နွေးထွေးသော အပြုံးဖြင့် လှည့်ကြည့်ကာ နှုတ်ဆက်လာသည်။
"ရွှီနယ်စားမင်းကတော် ရောက်လာတာပဲ"
ဝမ်သခင်မကလည်း လုသခင်မကို အနည်းငယ် ဦးညွှတ် နှုတ်ဆက်လိုက်သည်။
"ကျန်းရှီက နယ်စားမင်းကတော်ကို ဂါရဝပြုပါတယ်"
လုသခင်မဘေးတွင် ရပ်နေသော ဝမ်ယဲ့ကလည်း အရိုအသေပေးရမည့်သူများကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
လုသခင်မက ပေါ့ပေါးပါးပါး စကားစလိုက်သည်။
"ဝမ်သခင်မ... ဒီလောက်အထိ အလေးအနက်ထားစရာ မလိုပါဘူး၊ ကျွန်မက တူလေးကို လာကြည့်တာပါ"
သူမ စကားပြောနေစဉ်မှာပင် နောက်မှ လိုက်ပါလာသော ချင်းမေ့က ပိုးထည်သေတ္တာလေးတစ်လုံးကို ကိုင်ကာ ရှေ့တိုးလာသည်။ ဝမ်ယဲ့ကလည်း သူမကို သတိပြုမိသွားပြီး ယွင်ကျီကို အချက်ပြလိုက်သည်။
အစေခံနှစ်ယောက်စလုံးက ဆင်တူသော ပိုးထည်သေတ္တာလေးများကို ကိုင်ထားကြပြီး လုသခင်မက စကားဆက်ပြောနေသည်။
"ဒါလေးတွေကတော့ တူလေးအတွက် ကျွန်မနဲ့ ကျွန်မရဲ့ ညီမလေး ပေးတဲ့ တစ်လပြည့် လက်ဆောင်တွေပါ"
ဒေါ်လေးရွှီနှင့် လုသခင်မတို့ကြားတွင် အမြဲတမ်း ကောင်းမွန်သည့် ဆက်ဆံရေးရှိသောကြောင့် ဒေါ်လေးရွှီက အားနာခြင်းမရှိဘဲ အစေခံများကို လက်ဆောင်များ လက်ခံခိုင်းလိုက်သည်။
လုသခင်မက ခင်ပွန်း၏ ဆွေမျိုးများအပေါ် အလေးထားသည်ကို မြင်လိုက်ရချိန်တွင် ဝမ်သခင်မက အပြုံးဖြင့် ဝင်ပြောလိုက်သည်။
"နယ်စားမင်းကတော်က ဒီလောက်အထိ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်"
ထိုမှတစ်ဆင့် စကားဝိုင်းက သဘာဝကျကျ ချောမွေ့သွားပြီး လုသခင်မက ဝမ်သခင်မနှင့် စကားစမြည် ပြောဆိုနေသည်။
ထိုအတောအတွင်း ဝမ်ယဲ့က ဝမ်အဘွားအိုရှိရာ ဘေးနားသို့ တိတ်တဆိတ် တိုးကပ်သွားသည်။ ဝမ်အဘွားအိုက မာန်မာန မရှိဘဲ ဝမ်ယဲ့ ချဉ်းကပ်လာသည်ကို မြင်သည်နှင့် ကြင်နာစွာ ပြုံးပြနေသည်။
နွေးထွေးမှုအပြည့်ရှိသော လူကြီးတစ်ဦးနှင့် ဆုံရသဖြင့် ဝမ်ယဲ့ကလည်း ရိုသေမှု၊ ရင်းနှီးမှုတို့ဖြင့် တုံ့ပြန်လိုက်သည်။
ဝမ်ယဲ့က ဝမ်ရှီ၏ ရင်ခွင်ထဲရှိ ကလေးငယ်ကို လှမ်းကြည့်ကာ မှတ်ချက်ပေးလိုက်သည်။
"ကလေးက တကယ့်ကို သေးသေးလေးပဲနော်"
ဝမ်ရှီနှင့် ဝမ်အဘွားအိုတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြသည်။ ဝမ်သခင်မက ရယ်သံဖြင့် ရှင်းပြနေသည်။
"သူက တစ်လပဲ ရှိသေးတာလေ၊ သေးသေးလေးပဲ ဖြစ်နေဦးမှာပေါ့"
ဝမ်အဘွားအိုကလည်း ဝင်ပြောလိုက်သည်။
"ကလေးတွေက မြန်မြန်ကြီးကြတာပါပဲ၊ နောက်တစ်ခါ နင် သူ့ကို တွေ့တဲ့အခါကျရင် အခုနဲ့ လုံးဝ တူတော့မှာ မဟုတ်ဘူး"
ဝမ်ရှီက ဝမ်ယဲ့ ထိုင်ရန်အတွက် အစေခံတစ်ဦးကို ထိုင်ခုံလေး ယူလာခိုင်းလိုက်သည်။
ယခုအချိန်တွင် ဝမ်အဘွားအို၏ဘေး၌ ထိုင်နေသော ဝမ်ယဲ့က သူမ၏လက်များကို ဒူးပေါ် တင်ထားပြီး သူမ၏ လက်ချောင်းလေးများကို ခိုးကြောင်ခိုးဝှက် လှုပ်ရှားကာ တွက်ချက်နေမိသည်။
'ကလေးက သေးတယ်ဆိုပေမယ့် ဒီလောက်အရွယ်အစားရှိတဲ့ အရာတစ်ခုကို မွေးထုတ်ရမယ်ဆိုရင်တော့ ဒါက တော်တော်ကြီးနေတုန်းပဲ'
သူမတို့ သုံးယောက်သား ခဏမျှ စကားပြောဖြစ်ကြပြီး ဝမ်ရှီ၏ နူးညံ့တည်ငြိမ်သော အမူအရာက ထင်ရှားနေသည်။ သူမ၏ ဝမ်ယဲ့အပေါ် ကြည့်သည့် အကြည့်ကလည်း ကြင်နာမှုများ ပြည့်နှက်နေသည်။
ဝမ်ယဲ့၏ ဘဝတွင် သူငယ်ချင်း အများအပြား မရှိခဲ့ဖူးပေ။ သူမ၏ အစ်မများနှင့် ဆက်ဆံရေးကလည်း ပုံမှန်သာ ဖြစ်သည်။ သူမ၏ ညီမလေး ဝမ်ရန်နှင့် ရင်းနှီးသည်ဆိုသော်လည်း အသက်က ဆယ်နှစ်ကျော် ကွာခြားနေသည့်အပြင် စရိုက်ကို ပြောရလျှင်လည်း တစ်ယောက်က ပျင်းရိပြီး တစ်ယောက်က ရည်မှန်းချက်ကြီးသူဖြစ်ရာ သူမတို့ အတူတူရှိနေချိန်က ရှားပါးလွန်းသည်။
သို့သော် ယခု ဝမ်ယဲ့က ဝမ်ရှီ(ကျန်းတျွာ၏ဇနီး)ကို တော်တော်လေး သဘောကျသွားမိသည်။
"ဒါနဲ့ ဝမ်းကွဲယောင်းမ..."
ဝမ်ယဲ့က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ဝမ်ရှီ၏အနားသို့ တိုးကာ တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်မ ချန်အာအတွက် ပေးတဲ့ တစ်လပြည့်လက်ဆောင်ထဲမှာ ပိုးထည်သေတ္တာအသေးလေး တစ်လုံး ပါသေးတယ်၊ အဲ့ဒါက ဝမ်းကွဲယောင်းမအတွက်ပါ"
ဝမ်ရှီက အံ့ဩသွားပြီး ဇဝေဇဝါဖြစ်သွားဟန်ဖြင့် ပြန်မေးလိုက်သည်။
"ကျွန်မအတွက် ဟုတ်လား"
ဝမ်အဘွားအို၏ မျက်နှာတွင်လည်း စူးစမ်းလိုသည့် အရိပ်အယောင်များ ပေါ်လာသည်။
ဝမ်ယဲ့က ခေါင်းညိတ်ပြလိုက်သည်။
"မိခင်တစ်ယောက် ဖြစ်ရတာ မလွယ်ကူဘူးလေ၊ ဒီနေ့က ချန်အာရဲ့ တစ်လပြည့်ပွဲတင် မဟုတ်ဘူး၊ ဝမ်းကွဲယောင်းမအတွက်လည်း အမှတ်တရတစ်ခု ရှိသင့်တာပေါ့"
စကားပြောနေစဉ်မှာပင် သူမက ပုခက်ထဲ၌ အိပ်ပျော်နေသော ကလေးငယ်၏ ပါးပြင်လေးကို အသာအယာ တို့ထိလိုက်သေးသည်။ ထို့နောက်မှသာ စကား ဆက်ပြောလိုက်သည်။
"ချန်အာအတွက် ပထမဆုံးအကြိမ် သားလေးဖြစ်ရတဲ့ အတွေ့အကြုံ ဆိုပေမယ့် ဝမ်းကွဲယောင်းမအတွက်လည်း မိခင်တစ်ယောက်အဖြစ် ပထမဆုံး အတွေ့အကြုံ မဟုတ်ဘူးလား"
ဝမ်ယဲ့က မိခင်ဖြစ်လာရန် သတ္တိရှိသော အမျိုးသမီးတိုင်းကို လေးစားနေမိသည်။ ထို့အပြင် မိခင်ဖြစ်လာပြီးနောက် သူမတို့၏ကိုယ်ပိုင်ဘဝ ပျောက်ဆုံးမသွားစေရန်လည်း စိတ်ရင်းဖြင့် ဆုတောင်းပေးနေမိသည်။
ဝမ်ရှီ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာသည်။ ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် နယ်စားမင်းအိမ်တော်၏ မြေးဦးလေးကို မွေးဖွားပေးနိုင်ခဲ့သဖြင့် သူမ အတိုင်းမသိ ဝမ်းသာနေသင့်သော်လည်း ကလေးမွေးပြီးကတည်းက လူတိုင်း၏ အာရုံစိုက်မှုက သားဖြစ်သူဆီသို့သာ ပြောင်းသွားသည့်အတွက် သူမ၏ စိတ်ထဲတွင် ထူးဆန်းသော စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။
သူမ၏ ယောက္ခမနှင့် ခင်ပွန်းဖြစ်သူတို့က သူမအပေါ် ဂရုစိုက်မှု မပျက်ကွက်ခဲ့သော်လည်း သူမ ထိုသို့ ခံစားနေရသည်မှာလည်း အမှန်ပင် ဖြစ်သည်။
သူမ အဘယ်ကြောင့် ဤသို့ ခံစားနေရသည်ကို ဝမ်ရှီ ကိုယ်တိုင်လည်း နားမလည်ခဲ့ပေ။ သူမကိုယ်တိုင်လည်း ဤကလေးကို အသည်းအသန် မျှော်လင့်ခဲ့သည်။ ထို့ကြောင့် သူမက သူမကိုယ်သူမ အတ္တကြီးလွန်းနေသလားဟုပင် မကြာခဏ ပြန်လည် ဆန်းစစ်နေမိသည်။
သို့သော် ယခု ဝမ်ယဲ့၏ စကားများက သူမ၏ မကြာသေးမီက စိုးရိမ်ပူပန်မှုများကို အမှတ်မထင်ဘဲ နှစ်သိမ့်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။
ဝမ်အဘွားအိုကလည်း သူမတို့၏ ပေါ့လျော့မှုကို သတိပြုမိသွားကာ မြေးမလေး၏ လက်ကို အမြန်ဆုပ်ကိုင်ပြီး ချီးကျူးစကားပြောလိုက်သည်။
"ချန်အာကို မွေးထုတ်နိုင်ဖို့ မြေးလေး တော်တော်လေး ပင်ပန်းခဲ့ရတာပဲ"
ဝမ်ရှီက ရှိုက်သံကို ထိန်းရင်း တိုးတိုးလေး ပြန်ခေါ်လိုက်သည်။
"အဘွား..."
......။......။.......
တစ်လပြည့်ပွဲပြီးနောက် ရွှီနယ်စားမင်းအိမ်တော်သို့ ပြန်လာရာလမ်းတွင် လုသခင်မက ရထားလုံးထဲ၌ ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။
"ဒီနေ့တော့ နင် ငါ့ကို တကယ် အံ့ဩအောင် လုပ်လိုက်တာပဲ"
ဝမ်ယဲ့က ဘာမှမသိသလို ဟန်ဆောင်ကာ ပြန်မေးလိုက်သည်။
"မမ... ကျွန်မ ဘာလုပ်မိလို့လဲဟင်"
လုသခင်မက စိတ်မရှည်သလို ဖြစ်သွားသော်လည်း စပ်စုချင်စိတ်ဖြင့် ထပ်မေးလိုက်သည်။
"နင် ဝမ်အိမ်တော်မှာတုန်းကလည်း နင့်အမေကို ဒီလိုပဲ လုပ်ပြခဲ့တာလား"
ဝမ်ယဲ့က ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။
"ကျွန်မတို့ အမေက စိတ်သဘောထား အရမ်းကောင်းတဲ့သူပါ၊ ကျွန်မတို့ ကလေးတွေအပေါ် ဘယ်တုန်းကမှ မငြူစူခဲ့ဘူး"
လုသခင်မ : "..."
'အေးပေါ့... နင့်ကို စိတ်တိုရလွန်းလို့ အသားကျသွားတာ နေမှာပေါ့'
သို့သော် စောစောက လီသခင်မ၏ မျက်နှာကြီး ရှုံတွပျက်ယွင်းသွားပုံကို ပြန်စဉ်းစားမိလိုက်ချိန်တွင် လုသခင်မတစ်ယောက် ကျေနပ်မှုကို မဖုံးကွယ်နိုင်တော့ပေ။
ဤယောင်းမလေးက ထူးဆန်းနေသော်လည်း တစ်နည်းအားဖြင့် သူမ၏ စရိုက်နှင့် အတော်လေး ကိုက်ညီနေသယောင် ရှိနေလေသည်။ အနှစ်နှစ်ဆယ်ကျော်အတွင်း လုသခင်မအတွက် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ပထမဆုံး ကြုံတွေ့ဖူးခြင်းဖြစ်ရာ သူမအတွက် အသစ်အဆန်း ဖြစ်နေရသည်။
ခဏမျှ စဉ်းစားပြီးနောက် သူမက ထပ်ပြောလိုက်သည်။
"ငါတို့ရဲ့ ဒုတိယမောင်လေးက ငယ်သေးတယ်ဆိုပေမယ့် တတိယအဆင့်အရာရှိ ဖြစ်နေပြီ၊ နောက်ဆို နင် ပွဲတက်တဲ့အခါ ကျန်းမိသားစုက လီသခင်မထက် ပိုဆိုးတဲ့ အမျိုးသမီးတွေနဲ့ တွေ့ရဦးမှာ သေချာတယ်၊ အဲ့ဒီအခါကျရင် မကြောက်နဲ့၊ နောက်မဆုတ်နဲ့။ ဒီနေ့ နင့်ရဲ့ ကိုင်တွယ်ပုံက တော်တော်လေးကောင်းတယ်"
ဝမ်ယဲ့ သဘောတူကြောင်း ခေါင်းညိတ်ပြရန် ပြင်လိုက်စဉ်မှာပင် သူမတို့စီးလာသော ရထားလုံးက ကြိုတင်သတိပေးချက်မရှိဘဲ ရုတ်တရက် ရပ်တန့်သွားသည်။ သူမက လုသခင်မ မလဲကျသွားစေရန် အမြန်လှမ်းထိန်းပေးလိုက်သည်။
ရထားလုံးမောင်းသူက လိုက်ကာ နောက်မှ ချက်ချင်း တောင်းပန်စကား ပြောလာခဲ့သည်။ လုသခင်မကလည်း သူ့ကို အပြစ်မတင်တော့ပေ။ ဤကဲ့သို့ ရုတ်တရက် ရပ်တန့်သွားခြင်းက အပြင်ဘက်၌ တစ်ခုခု ဖြစ်နေခြင်းကြောင့်သာ ဖြစ်နိုင်မှန်း သူမ နားလည်နေသည်။
သူမက လိုက်ကာကို မတင်ပြီး ကြည့်နေသောကြောင့် ဝမ်ယဲ့ကလည်း သူမအကြည့်နောက်သို့ လိုက်ကြည့်မိသည်။ ထိုအချိန်တွင် အရာရှိအဖွဲ့တစ်ဖွဲ့ကို တွေ့လိုက်ရသည်။
အနောက်မှ ရထားလုံးပေါ်တွင် လိုက်ပါလာသော ချင်းရွှယ်က အခြေအနေကို စုံစမ်းရန် အပြင်သို့ ထွက်သွားနှင့်ပြီ ဖြစ်သည်။
ခဏအကြာတွင် ချင်းရွှယ် ပြန်ရောက်လာပြီး သတင်းပို့နေသည်။
"သခင်မ... မြို့တော်ဝန်ရုံးက အရာရှိတွေ ရာဇဝတ်သားတစ်ယောက်ကို ဖမ်းနေတာပါ"
လုသခင်မက ချက်ချင်း မေးလိုက်သည်။
"ဘယ်သူ့ကို ဖမ်းနေတာလဲ ဆိုတာရော သိခဲ့ရလား"
သာမန် ရာဇဝတ်သားဆိုလျှင် ဤမျှအထိ လူအင်အား သုံးမည်မဟုတ်ပေ။
ချင်းရွှယ်က ပြန်ဖြေလိုက်သည်။
"ကျန်းမိသားစုရဲ့ အကြီးဆုံးသခင်လေးလို့ သိရပါတယ်"
သူမက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ထပ်ပြောလိုက်သည်။
"ပြီးတော့... ဒုတိယသခင်ကိုလည်း အဲ့ဒီမှာ တွေ့လိုက်ရသလိုပါပဲ"
ဝမ်ယဲ့ : "..."
'ဒါက တကယ်ပဲ ဒီလောက်အထိ တိုက်ဆိုင်နေတာလား'
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟