no

Font
Theme

chapter 24

အခန်း ၂၄ သူတစ်ပါး အစားအစာကို စားမိမှတော့ အားနာတတ်ရမှာပေါ့

ရွှီကျင့်ရုံတစ်ယောက် သူ့အန္တရာယ်အတွက် စိုးရိမ်ပူပန်နေဆဲဖြစ်သော်လည်း ဝမ်ယဲ့ကတော့ ရွှီကျင့်လင်းလက်ထဲမှ ဝက်လက်ကင်ကို အလျင်အမြန် ဆွဲယူလိုက်ပြီးသား ဖြစ်သည်။ အလိုက်သိလွန်းသော ယွင်ကျီက စိုစွတ်သော အဝတ်စတစ်ခုကို အသုံးပြုကာ ရွှီကျင့်လင်း၏ ပါးစပ်နှင့် လက်များကို သုတ်ပေးလိုက်သည်။

ထောင်ကျီကလည်း မစားရသေးသည့် သိုးနံရိုးကင်များနှင့် ဝက်လက်များကို အမြန်သိမ်းဆည်းကာ မီးဖိုချောင်လေးထဲသို့ သယ်ဆောင်သွားသည်။

ဘာကိုမျှ နားမလည်သေးသော ရွှီကျင့်လင်းတစ်ယောက်သာ ရုတ်တရက် ဗလာဖြစ်နေသော သူ့လက်ကလေးနှစ်ဖက်ကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေလေသည်။

‘ငါ့ဝက်လက်ကင်လေး ဘယ်ရောက်သွားတာလဲကွ...’

ရွှီကျင့်ရုံကလည်း ဟိုဟိုဒီဒီ အကြိမ်အနည်းငယ် လျှောက်နေရင်းမှ တစ်ချက်လှည့်ကြည့်လိုက်ပြီး မြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။ လေထဲတွင် ကျန်ရစ်ခဲ့သော အသားကင်နံ့သာ မရှိလျှင် သူ့ညီလေး ယခုန ဆီဝေ့အောင် မြိန်ရည်ယှက်ရည် စားနေခဲ့သည့် ဝက်လက်က တစ်ခါမှ မရှိခဲ့ဟုပင် ထင်ရပေလိမ့်မည်။

လုသခင်မက သူမ၏ သားနှစ်ယောက်အကြောင်းကို ကောင်းကောင်းသိသော်လည်း အနောက်ဘက်ခြံဝန်းသို့ လာရာလမ်းတွင်တော့ အထိန်းတော်ဟန် ခန့်မှန်းသလို ဖြစ်စေရန် မျှော်လင့်ချက်လေး အနည်းငယ်တော့ ရှိနေခဲ့သည်။

‘သူတို့ညီအစ်ကိုတွေ ဒုတိယအဒေါ် ဝမ်ယဲ့နဲ့အတူ စာဖတ်နေကြတာ ဖြစ်မှာပါနော်’

သို့သော်လည်း လုသခင်မ အနောက်ဘက်ခြံဝန်း၏ အဝင်ဝသို့ ရောက်သွားချိန်တွင် ခြံဝန်းအတွင်းမှ လွင့်ပျံလာသော မီးသွေးနံ့နှင့် အသားကင်နံ့များက သူမ၏ စိတ်ကူးယဉ်မှုများကို ရိုက်ချိုးလိုက်သလို ဖြစ်သွားခဲ့သည်။

သူမနောက်မှ လိုက်လာသော အစေခံမလေးများ၏ ခြေလှမ်းများလည်း ရပ်တန့်သွားကြပြီး ခေါင်းများကို ငုံ့ထားကြသည်။ အထိန်းတော်ဟန်ကလည်း သခင်မလုကို သူမ၏ ခန့်မှန်းချက် ပြောပြခဲ့မိခြင်းအတွက် သူမကိုယ်သူမ အပြစ်တင်နေမိသည်။ မျှော်လင့်ချက်ကြီးလေလေ၊ စိတ်ပျက်ရမှုက ပိုကြီးလေလေဖြစ်ပြီး ယခု လုသခင်မ စိတ်မကြည်မလင် ဖြစ်သွားမှန်း သူမ နားလည်နေပြီး သခင်လေး၏ တင်ပါးလေးအတွက် စိုးရိမ်သွားရသည်။

အစေခံများက လေထဲမှ မွှေးကြိုင်လှသော အနံ့ကို အနံ့ခံရင်း အတွေးကိုယ်စီ ရှိနေကြသည်။

အထိန်းတော်ကျိ၏ ရင်ခွင်ထဲရှိ ရွှီယွိရွှမ်တစ်ယောက်သာလျှင် ခွေးပေါက်လေးကဲ့သို့ ဝိုင်းစက်သော မျက်လုံးလေးများ တောက်ပလာပြီး နှာခေါင်းလေး တရှုံ့ရှုံ့ လုပ်နေလေသည်။

လုသခင်မက အဝေးမှနေပြီး သူမကို အရိုအသေပေးကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသော အစေခံမလေးကို ကြည့်ရင်း အသက်ကို ဝဝရှူကာ အမိန့်ပေးလိုက်သည်။

"ဝင်ကြမယ်"

‘သတင်းပို့ပေမယ့်လူ မရှိမှတော့ စောင့်နေစရာ မလိုတော့ဘူးပေါ့။’

အနောက်ဘက်ခြံဝန်း၏ ပထမတံခါးကို ဖြတ်ကျော်လိုက်သည်နှင့် လုသခင်မ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားရသည်။

‘အနောက်ဘက်ခြံဝန်းရဲ့ အစေခံတွေက အရမ်းပေါ့ဆတာပဲ၊ နှင်းဖုံးနေတဲ့ ခြံဝန်းထဲမှာ လမ်းတစ်ကြောင်းတည်းပဲ ရှင်းလင်းထားတယ်ပေါ့’

‘နောက်မှ သူတို့ကို ကောင်းကောင်းစကားပြောရတော့မယ့်ပုံပဲ’

ထိုသို့တွေးရင်း လုသခင်မနှင့် သူမ၏အစေခံများက အနောက်ဘက်ခြံဝန်း၏ ပင်မဆောင်သို့ ရောက်ရှိလာကြသည်။ တံခါးက အကျယ်ကြီး ပွင့်နေပြီး ခြေလှမ်းအနည်းငယ် အကွာ၌ မီးသွေးဖိုကို ဝိုင်းထားကြသော လူကြီးတစ်ယောက်နှင့် ကလေးငယ် နှစ်ယောက်ကို မြင်လိုက်ရသည်။ ဘေးတွင်လည်း အစေခံ အနည်းငယ် မတ်တပ်ရပ်နေကြသည်။

အသားကင်နံ့က ပိုမိုပြင်းထန်လာသော်လည်း အသားတစ်တုံးကိုမျှ မမြင်ရပေ။

ဒေါသအနည်းငယ် ထွက်နေသော လုသခင်မပင် ထိုမြင်ကွင်းကို မြင်လိုက်ရသောကြောင့် ဒေါသတစ်ဝက်ခန့် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားရသည်။ သူမ၏ နှုတ်ခမ်းအစုံကလည်း မသိမသာ လှုပ်ရှားသွားသည်။

‘သူတို့က ငါ့ကို ရွှီယွိရွှမ်လို ကလေးလို့ ထင်ပြီး လိမ်ညာဖို့ ကြိုးစားနေကြတာလား’

ဝမ်ယဲ့က သူမကို ကြိုဆိုရန် ထရပ်လိုက်ပြီး ရေကဲ့သို့ အေးချမ်းသော အသံလေးဖြင့် နှုတ်ဆက်လိုက်သည်။

"မမ"

ရွှီကျင့်ရုံကတော့ အံ့ဩလွန်းသဖြင့် မျက်လုံးများ ပြူးသွားရှာသည်။

‘ငါ့ရဲ့ ဒုတိယအဒေါ် မျက်နှာနှစ်ခု ရှိတာလား...’

ယခင်တုန်းက ဝမ်ယဲ့ ဤကဲ့သို့ စကားပြောတိုင်း လုသခင်မက ၎င်းကို ဝမ်ယဲ့၏ စရိုက်ဟုသာ ယူဆခဲ့သည်။ သို့သော် ယခုအချိန်တွင် သူမ ဝမ်ယဲ့၏ ဟန်ဆောင်မှုများအောက်တွင် အရူးလုပ်ခံခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။

ထူးဆန်းသည်က အရင်ကဆိုလျှင် သူမ ဒေါသထွက်နေလောက်ပြီ ဖြစ်သော်လည်း ယခု ဒေါသမထွက်ခြင်းပင်။

လုသခင်မက စိတ်ထဲမှ ဖော်ပြ၍မရသော ခံစားချက်ကို ဖိနှိပ်ထားလိုက်ပြီး ဘာကိုမျှ သတိမထားမိသလို ဟန်ဆောင်ကာ တည်ကြည်သော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။

"ခြံထဲမှာ ဘာလို့ မီးဖိုထားတာလဲ"

ရွှီကျင့်ရုံက သူ့ညီလေး ပါးစပ်စည်းမစောင့်နိုင်မှန်း သိနေပြီး ဤတစ်ကြိမ်တွင်တော့ ရွှီကျင့်လင်း၏ ပါးစပ်ကို အမြန်ပိတ်ထားလိုက်နိုင်ခဲ့သည်။

ဝမ်ယဲ့က လုသခင်မအနားသို့ တိုးကပ်သွားပြီး အသံကို အနည်းငယ် နူးညံ့အောင် လုပ်ကာ ပြောပြနေသည်။

"တကယ်တော့ ကျွန်မတို့ မိးဖိုထားရုံတင် မကပါဘူး။ မီးဖိုချောင်မှာလည်း သိုးနံရိုးအချို့ ပြင်ဆင်ခိုင်းထားပါတယ်၊ မမလည်း ကျွန်မတို့နဲ့အတူ စားမလားဟင်"

ဝမ်ယဲ့အနေဖြင့် ရွှီကျင့်ရုံနှင့် ရွှီကျင့်လင်းတို့ အနောက်ဘက်ခြံဝန်းသို့ ရောက်လာကတည်းက သူမ၏ လျှို့ဝှက်သိုးနံရိုးကင်ပွဲတော်ကြီး ပေါက်ကြားသွားတော့မည်ကို ကြိုတင်သိရှိထားပြီးသားဖြစ်သည်။

အကြောင်းကတော့ ထိုညီအစ်ကိုနှစ်ယောက် အရှေ့ဘက်ခြံဝန်းသို့ ပြန်သွားသည့်အခါ သူတို့ကိုယ်တွင် စွဲကျန်နေမည့် အသားကင်နံ့ကို အစေခံများက မလွဲမသွေ သတိပြုမိကြမည်ဖြစ်သောကြောင့် ဖြစ်သည်။ သူမ မမျှော်လင့်ထားသည်က လုသခင်မကိုယ်တိုင် ရုတ်တရက် ရောက်ရှိလာခြင်းသာ ဖြစ်သည်။

လျှို့ဝှက်ချက်က ပေါ်သွားပြီဖြစ်သောကြောင့် အခြေအနေကို အကောင်းဆုံးဖြစ်အောင် ပြန်ထိန်သိမ်းရန်သာ သူမ ကြိုးစားနေရသည်။

လုသခင်မအနေဖြင့် ဝမ်ယဲ့၏ ထိုကဲ့သို့ နူးညံ့သော လေသံကို ကြားရသည်မှာ ယခုတစ်ကြိမ်က ပထမဆုံး မဟုတ်ခဲ့ပေ။ လွန်ခဲ့သော နှစ်ရက်ခန့်ကပင် ဝမ်ယဲ့တစ်ယောက် စာရင်းဇယားကိစ္စများ မေးမြန်းရန် ပင်မခြံဝန်းသို့ ရောက်လာခဲ့ပြီး ယခုထက် ပိုနူးညံ့သောလေသံမျိုး သုံးနှုန်းခဲ့သေးသည်။

သို့သော် ထိုစဉ်က ဝမ်ယဲ့ အမှန်တကယ် ကြောက်ရွံ့နေသည့်ပုံစံမျိုး ဖြစ်သော်လည်း ယခုတော့ တစ်မျိုးတစ်ဖုံ ဟန်ဆောင်နေသလို လုသခင်မ ခံစားလာရသည်။

လုသခင်မက ထိုအတွေးကို ချက်ချင်း ပယ်ချလိုက်ပြီး သူမ တစ်နေ့လုံး အလုပ်ရှုပ်ထားသဖြင့် စိတ်ကူးယဉ်နေမိခြင်းသာ ဖြစ်မည်ဟု သူမဘာသာ ပြန်တွေးလိုက်သည်။

လုသခင်မ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသော ဝမ်ယဲ့က သူမကို စူးစူးစိုက်စိုက် ကြည့်နေသော ရွှီယွိရွှမ်ဘက်သို့ အာရုံပြောင်းပြီး ဆွဲဆောင်လိုက်သည်။

"ရွှမ်အာ... သားရော.... မေမေ ကင်ပေးထားတဲ့ သိုးနံရိုးလေးတွေကို မြည်းကြည့်ချင်လား"

ရွှီယွိရွှမ်က အားတက်သရော ခေါင်းညိတ်ပြလာသည်။

"ဟုတ်ကဲ့... သား စားချင်တယ်"

ဝမ်ယဲ့က ရွှီယွိရွှမ်ကို ကျွေးရန် သိုးနံရိုးများ သွားယူတော့မည်ဟု လုသခင်မ ထင်မှတ်နေစဉ်မှာပင် ဝမ်ယဲ့က လေသံကို ချက်ချင်းပြောင်းလိုက်ပြီး နှမြောတသဟန်ဖြင့် ပြောလာပြန်သည်။

"ဒါပေမဲ့... ရွှမ်အာ စားလို့ မရဘူးလေ"

ရွှီယွိရွှမ်က ခဏမျှ ကြောင်အသွားပြီးနောက် နှုတ်ခမ်းလေးစူကာ မျက်ရည်အဝိုင်းသားဖြင့် လုသခင်မကို လှမ်းကြည့်လိုက်သည်။ သူက အသက်ငယ်သော်လည်း တစ်ခုခုလိုချင်လျှင် မည်သူ့ကို အားကိုးရမှန်း ကောင်းကောင်းသိထားပြီး ဖြစ်သည်။

ဝမ်ယဲ့၏ သိသိသာသာ အရှက်မရှိသော လုပ်ရပ်ကို ကြည့်ပြီး လုသခင်မ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ သူမ၏ စောစောက ခံစားချက်က အမြင်မှားခြင်း မဟုတ်ကြောင်း သူမ နားလည်းသွားရသည်။

"ဒီလို ကင်ထားတဲ့ အစားအစာတွေက အီလွန်းပြီး အပူကန်တတ်တယ်၊ အလွန်အကျွံ စားဖို့ မသင့်တော်ဘူး"

လုသခင်မက ပါးစပ်အပိတ်ခံထားရဆဲ ဖြစ်သော သူမ၏ သားငယ်ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် ဝမ်ယဲ့ဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။

"ပြီးတော့...နင် ဆက်ပြီး ဖုံးကွယ်မနေနဲ့တော့"

‘ဒါက ခေါင်းလောင်းခိုးပြီး နားပိတ်ထားတာနဲ့ ဘာထူးမှာလဲ’

"မင်းတို့နှစ်ယောက်လည်း အတူတူပဲ"

လုသခင်မက သူမ၏ သားနှစ်ယောက်ဘက်သို့ လှည့်လိုက်ပြီး သူတို့၏ ဖောင်းကားနေသော ဗိုက်ကလေးများကို ကြည့်ကာ ထပ်ပြောလိုက်သည်။

"ထပ်မစားကြနဲ့တော့"

‘ဘယ်သူမှ တားမယ့်သူ မရှိတာကို အခွင့်ကောင်းယူပြီး ဒီကလေးနှစ်ယောက် ဗိုက်ကားအောင် စားထားကြတာ ဒီလောက် သိသာနေပြီ။’

ဗိုက်တင်းနေပြီဖြစ်သော ရွှီကျင့်ရုံအတွက်တော့ ထပ်မစားရခြင်းက ပြဿနာမဟုတ်ပေ။ သူ အံ့ဩနေသည်မှာ သူ့မိခင်က ယခုကိစ္စအတွက် သူ့ကို အပြစ်မပေးခြင်းပင်။ ရွှီကျင့်လင်းကတော့ ကောင်းကင်ကြီး ပြိုကျလာသလို ခံစားနေရရှာသည်။ သူက ဖြည်းဖြည်းချင်း စားတတ်သူဖြစ်သောကြောင့် ဝက်လက်တစ်တုံးကိုပင် ကုန်အောင် မစားရသေးချေ။

ထို့နောက် လုသခင်မက ရွှီယွိရွှမ်ဘက်သို့ လှည့်ကာ သူ့နှာခေါင်းလေးကို အသာအယာ တို့လိုက်ရင်း ကူကယ်ရာမဲ့ ထပ်ပြောလိုက်သေးသည်။

"မင်းကတော့ မင်းမေမေက မင်းရဲ့နှာခေါင်းကို ဆွဲခေါ်တာနဲ့ ပါသွားရော... မင်းဘာသာတောင် မသိလိုက်ဘူးပေါ့လေ"

ယခင်တုန်းက လုသခင်မအနေဖြင့် ရွှီယွိရွှမ်၏ မိထွေးသစ်က သူ့၏အသက်ငယ်ရွယ်မှုကို အခွင့်ကောင်းယူကာ သူ့အပေါ် လွှမ်းမိုးချုပ်ကိုင်မည်ကို စိုးရိမ်ခဲ့ဖူးသည်။ ယခုလည်း ရွှီယွိရွှမ်၏ မိထွေးက သူမ စိုးရိမ်ခဲ့သလို အမှန်တကယ် လုပ်ဆောင်နေလေပြီ။ သို့သော် အကြောင်းရင်းက သူမ၏ မျက်စိအောက်တွင် သိုးနံရိုးကင် ဆက်စားနိုင်ရန်အတွက် ဖြစ်နေလေသည်။

လုသခင်မတစ်ယောက် ပြောစရာစကားမဲ့ကာ ဆွံအနေရသည်။

ကျယ်ပြောလှသော ရွှီနယ်စားမင်းအိမ်တော်ကြီးထဲသို့ လက်ထပ်ဝင်ရောက်လာသည့် ဝမ်ယဲ့အနေဖြင့် အိမ်ထောင်ကျပြီးနောက် သိုးနံရိုးအနည်းငယ် စားခြင်းက ကိစ္စကြီးတော့ မဟုတ်ချေ။ သို့သော်လည်း အသက်ငါးနှစ်အရွယ်ကတည်းက အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ရန် လေ့ကျင့်ပေးခြင်း ခံခဲ့ရသော လုသခင်မကတော့ မီးဖိုဘေးတွင် ထိုင်ကာ ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ သိုးနံရိုးကို အားရပါးရ ကိုက်ဖဲ့နေခြင်းကို ခွင့်ပြုနိုင်မည် မဟုတ်ချေ။

ဝမ်ယဲ့က လုသခင်မ၏ အလျှော့ပေးမှုကို သိရှိသွားသော်လည်း သူမ၏ ပြတ်သားသော ရပ်တည်ချက်ကိုလည်း နားလည်နိုင်သည်။ သူမက ယွင်ကျီနှင့် ထောင်ကျီတို့ကို ညစာပြင်ဆင်ရန် ချက်ချင်း ညွှန်ကြားလိုက်ပြီး မကြာမီမှာပင် အားလုံး ထမင်းဝိုင်းသို့ ရွှေ့လိုက်ကြသည်။

သိုးနံရိုးကင်နှင့် ဝက်လက်ကင်များ ထမင်းဝိုင်းတွင် ပြန်ပေါ်လာသော်လည်း ယခုတစ်ကြိမ်တွင် အတုံးသေးလေးများ တုံးကာ ပန်းကန်ပြားများပေါ်တွင် သေသပ်စွာ စီထားပြီး ဖြစ်သည်။

လုသခင်မ ယူဆောင်လာသော ဟင်းလျာများကိုလည်း အပူပေးပြီး တည်ခင်းလိုက်သည်။

ရင်းနှီးနေကျဖြစ်သော အပေါ့အရသာ ဟင်းလျာများ ဖြစ်သည်။

လုသခင်မ ရှိနေသဖြင့် မည်သည့်အစေခံမှ အကြီးဆုံးသခင်လေးနှင့် ဒုတိယသခင်လေးတို့ကို သိုးနံရိုးကင် သို့မဟုတ် ဝက်လက်ကင်များ ထည့်မပေးရဲကြပေ။

ပါးနပ်လှသော ရွှီကျင့်ရုံက ဟင်းသီးဟင်းရွက်များကိုသာ ရွေးစားရင်း လုသခင်မထံမှ မျက်နှာသာရအောင် ကောင်းကောင်းမွန်မွန် ပြုမူနေသည်။

အခြားတစ်ဖက်မှ ရွှီကျင့်လင်းကတော့ သူ့ပန်းကန်လုံးထဲမှ ယာဂုဖြူဖြူကို တစ်လှည့်၊ သူ မျှော်လင့်တောင့်တနေခဲ့ရသော ဝက်လက်ကင်များကို တစ်လှည့် ကြည့်နေရှာသည်။ စားချင်သော်လည်း မစားရဲဘဲ ဖြစ်နေသည့် သူ့မျက်နှာလေးက အတော်ပင် သနားစရာ ကောင်းနေခဲ့သည်။

သူ့ကို အလုပ်အကျွေးပြုနေသည့် အစေခံမလေးကလည်း တခြားဟင်းများကိုသာ ထည့်ပေးရဲပြီး သိုးနံရိုးနှင့် ဝက်လက်များကိုတော့ လုံးဝ မတို့ရဲပေ။

ထိုင်ခုံတွင် နေရာယူပြီးနောက် ဝမ်ယဲ့က ဆော့စ်များဖြင့် ရွှဲနစ်နေသော သိုးနံရိုးတစ်တုံးကို လုသခင်မထံ တိုက်ရိုက်ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။

"မမ... ဒါလေး မြည်းကြည့်ပါဦး၊ ဒီဆော့စ်က ကျွန်မဘာသာ စပ်ထားတဲ့ အထူးဟင်းခတ်မှုန့်လေ၊ မမ စားနေကျအရသာနဲ့ မတူဘူးနော်"

သိုးနံရိုးများကို အတုံးလေးများ တုံးထားသည်ဆိုသော်လည်း အသားက အရိုးနှင့် ကပ်နေဆဲဖြစ်သည်။ လုသခင်မအနေဖြင့် အရိုးကို ကိုင်ကာ ကိုက်စားရန် မဖြစ်နိုင်သောကြောင့် သူမ၏ အစားအသောက်များအတွက် အလုပ်အကျွေးပြုနေကြဖြစ်သော ပိုင်မေက ရှေ့သို့ တိုးလာခဲ့သည်။ သူမက ဓားငယ်လေးကို အသုံးပြုကာ အသားများကို အရိုးမှ သေသေချာချာ ခွာထုတ်လိုက်ပြီး လက်မအရွယ် အတုံးလေးများ တုံးကာ လုသခင်မရှေ့ရှိ ကြွေပန်းကန်ပြားပေါ်သို့ တင်ပေးလိုက်သည်။

ထိုအခါမှသာ လုသခင်မက သူမ၏ တူကို ကိုင်လိုက်ပြီး အသားတစ်တုံးကို ယူကာ အနည်းငယ် မြည်းကြည့်နေသည်။

သူမ၏ စားပုံစားနည်းက အလွန်သိမ်မွေ့နေပြီး အမူအရာကလည်း အလွန် ယဉ်ကျေးကာ ကျက်သရေရှိလွန်းနေသည်။ ဝမ်ယဲ့ကတော့ မချီးကျူးဘဲ မနေနိုင်တော့ပေ။

ခဏအကြာတွင် ဝမ်ယဲ့က လှမ်းမေးလိုက်သည်။

"မမ... အရသာ ဘယ်လိုနေလဲဟင်"

"အဆင်ပြေပါတယ်"

ထိုစကားကို ကြားလိုက်ရသည်နှင့် ဝမ်ယဲ့က လုသခင်မအတွက် နောက်ထပ် နှစ်တုံး ထပ်ထည့်ပေးလိုက်ပြီး ပိုင်မေအား ဆက်ပြင်ဆင်ခိုင်းလိုက်သည်။

သိုးနံရိုးတစ်တုံး စားပြီးနောက်တွင်တော့ လုသခင်မက သူမဘေးတွင် ထိုင်နေသော ရွှီယွိရွှမ်ကို သတိရသွားသည်။ သူမက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ညွှန်းကြားလိုက်သည်။

"ကျိမား... ရွှမ်အာကိုလည်း သူ့မေမေ ကင်ထားတဲ့ သိုးနံရိုးလေးတွေ မြည်းကြည့်ခိုင်းလိုက်ပါဦး"

ထိုအခါမှ အထိန်းတော်ကျိက အလျင်အမြန် လှုပ်ရှားလိုက်သည်။ ရွှီယွိရွှမ်က ဝမ်ယဲ့လက်ထဲမှ သိုးနံရိုးများကို သွားရည်တမြားမြား စိုက်ကြည့်နေသည်မှာ ကြာနေပြီ ဖြစ်သည်။

အထိန်းတော်ကျိက ခပ်သေးသေး လှီးထားသော အသားများကို သူ့ပန်းကန်ထဲသို့ ထည့်ပေးလိုက်ချိန်တွင် ရွှီယွိရွှမ်က ပန်းကန်ကို တစ်ချက်သာ ကြည့်ပြီး ခေါင်းပြန်မော့လာကာ ဝမ်ယဲ့၏ လက်များကိုသာ ဆက်စိုက်ကြည့်နေပြန်သည်။

ကလေးငယ်၏ အကြည့်က အလွန် ပြင်းပြလွန်းလှသဖြင့် ဝမ်ယဲ့ သတိမထားမိဘဲ မနေနိုင်တော့ပေ။

သူမက အထိန်းတော်ကျိအား ဆက်မခွံ့ရန် တားလိုက်ပြီး တူအသန့်တစ်စုံကို သုံးကာ ရွှီယွိရွှမ်အား အရိုးပါတွဲနေသည့် သိုးနံရိုးတစ်တုံး ထည့်ပေးလိုက်သည်။

သူမ ထင်ထားသည့်အတိုင်းပင် ကလေးလေး၏ မျက်လုံးဝိုင်းဝိုင်းလေးများက တောက်ပသွားပြီး ဝမ်ယဲ့ကို အတုယူကာ သိုးနံရိုးကို လက်ဖြင့် ကိုင်ပြီး မကျွမ်းမကျင် ကိုက်စားနေတော့သည်။

သူ အသားအများကြီး ကွာလာအောင် မကိုက်နိုင်သော်လည်း အားရပါးရ ကိုက်စားနေဆဲပင်။

လုသခင်မက ထိုမြင်ကွင်းကို မြင်သော်လည်း မတားမြစ်ခဲ့ပေ။ ရွှီယွိရွှမ်က ငယ်သေးသဖြင့် ယခုတစ်ကြိမ်တော့ ဟန်ဆောင်မှုကင်းကင်း နေပါစေဟု လွှတ်ထားပေးလိုက်ပုံရသည်။

ဝမ်ယဲ့က ကလေးကို ခဏမျှ ကြည့်နေပြီးနောက် သူမ၏ အကြည့်က သနားစရာကောင်းလောက်အောင် ယာဂုသောက်နေသော ရွှီကျင့်လင်းထံသို့ ကျရောက်သွားသည်။ ရုတ်တရက် သနားစိတ်ကလေး ဝင်လာသဖြင့် သူမ သူ့အတွက်လည်း နံရိုးတစ်တုံး အသာလေး ထည့်ပေးလိုက်သည်။

ရွှီကျင့်လင်းက သူ့ပန်းကန်ထဲသို့ ရုတ်တရက် ရောက်လာသော သိုးနံရိုးကို ကြည့်ကာ မျက်လုံးကို တစ်ကြိမ်၊ နှစ်ကြိမ် ပွတ်ကြည့်နေလေသည်။

'ဒါ... ဒါက အစစ်ကြီးပဲ'

သူ လုသခင်မကို ချက်ချင်းမော့ကြည့်လိုက်ပြီး သူ့မျက်လုံးလေးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

ဒုတိယမြောက် သိုးနံရိုးကင်အတုံးကို စားလို့ပြီးသွားပြီဖြစ်သော လုသခင်မက သူမ၏ သားငယ်လေးနှင့် အကြည့်ချင်းဆုံသွားပြီး ခဏမျှ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ခွင့်ပြုပေးလိုက်သည်။

"မင်းရဲ့ ဒုတိယအဒေါ်က ထည့်ပေးထားတာပဲ... စားလိုက်လေ"

ရွှီကျင့်လင်း၏မျက်နှာလေးက ချက်ချင်း ဝင်းပသွားပြီး သိုးနံရိုးကို အားပါးတရ ကိုက်စားနေရှာသည်။ ဝက်လက်ကင် မရှိတော့သော်လည်း သိုးနံရိုးကင် စားရသည်ကပင် သူ့အတွက် စည်းစိမ်တစ်ခု ဖြစ်နေလေပြီ။

သို့သော်လည်း သူက အရင်ကလို လက်ဖြင့် ကိုင်ကာ မကိုက်စားတော့ဘဲ တူကို အသုံးပြုကာ မကျွမ်းမကျင်ဖြင့် ခက်ခက်ခဲခဲ ကြိုးစားပြီး စားနေရှာသည်။

လုသခင်မက အစားနည်းသူဖြစ်သည်။ သိုးနံရိုး သုံးတုံး၊ ယာဂုတစ်ဝက်နှင့် ဟင်းရွက်အနည်းငယ် စားပြီးနောက် သူမ ဗိုက်ပြည့်သွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် ဝမ်ယဲ့ရှေ့ရှိ ပန်းကန်ထဲ၌ အရိုးများ ပုံနေပြီ ဖြစ်သည်။ လုသခင်မက ထိုအရိုးပုံကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အကြည့်က ဝမ်ယဲ့၏ ဗိုက်ဆီသို့ အလိုလို ရောက်သွားပြန်သည်။

‘ဒီလောက်အများကြီး စားတာ နေရထိုင်ရ ခက်မနေဘူးလား’

သို့သော် သူမ၏အကြည့်က ဝမ်ယဲ့၏ မျက်နှာပေါ်သို့ ပြန်ရောက်သွားပြီး ခဏမျှ အကဲခတ်ကြည့်ကာ တစ်မျိုး တွေးမိသွားပြန်သည်။

‘ဒါက ဖြစ်နိုင်ပါတယ်လေ’

‘ဒီလို ဝိုင်းစက်ချောမွေ့ပြီး တောက်ပစိုပြည်နေတဲ့ မျက်နှာလေး ရှိနေမှတော့ အစားအသောက် ကောင်းကောင်းစားနိုင်တာ မဆန်းတော့ပါဘူး။’

မိမိအိမ်တွင် ဖြစ်နေသောကြောင့် ဝမ်ယဲ့က သူမ၏ စားနိုင်စွမ်းကို ဖုံးကွယ်မထားတော့ပေ။ အမှန်အတိုင်းပြောရလျှင် သူမ အများကြီး စားထားသည် မဟုတ်ဘဲ အရိုးပုံကြီးကြောင့်သာ သူမ အများကြီး စားသည်ဟု ထင်ရစေသော်လည်း အသားက သိပ်မရှိလှသလို ယနေ့ညနေတွင် သူမ အဓိကအစားအစာဖြစ်သည့် ထမင်းနှင့် မုန့်ပေါင်းများကိုလည်း မစားခဲ့ပေ။

လုသခင်မ၏ သံသယအကြည့်နှင့် ရင်ဆိုင်ရချိန်တွင် ဝမ်ယဲ့က ချိုချိုသာသာ ပြန်ပြုံးပြလိုက်သည်။ လုသခင်မ၏ အကြည့်က တောင့်ခဲသွားပြီး ထိုအပြုံးနောက်ကွယ်မှ အဓိပ္ပာယ်ကို ရုတ်တရက် နားလည်သွားရသည်။

ထိုအန္တရာယ်ကင်းလှသော အပြုံးလေးက တိတ်တဆိတ် ပြောနေသယောင် ရှိနေလေသည်။

'ကျွန်မရဲ့ သိုးနံရိုးကင်ကိုလည်း စားပြီးပြီဆိုတော့... နောက်မှ ကျွန်မကို အပြစ်မတင်တော့ဘူးမလား... ဟင်'

"လက်ဆောင်ယူထားရင် လက်တွန့်တတ်သလို၊ သူများကျွေးတာ စားထားရင်လည်း စကားပြောရရန် အားနာတတ်ရမည်" ဟူသော ဆိုရိုးအတိုင်း ဖြစ်လာခဲ့သည်။

ဤအချိန်တွင် လုသခင်မလည်း ဘာမှ အလွန်အကျွံ မပြောနိုင်တော့ဘဲ မှတ်ချက်တစ်ခုသာ ပေးလိုက်တော့သည်။

"နင်က အနောက်ဘက်ခြံဝန်းရဲ့ သခင်မနော်၊ အစေခံတွေ ပျင်းရိပြီး တာဝန်ပေါ့လျော့တာမျိုး မဖြစ်အောင် သူတို့အတွက် စံပြဖြစ်အောင် နေတတ်ရမယ်"

လုသခင်မက ဘာကို ပြောချင်နေမှန်း ဝမ်ယဲ့ သေချာမသိသော်လည်း သူမက အလေးအနက် ခေါင်းညိတ်ပြလိုက်ပြီး လုံးဝသဘောတူကြောင်းနှင့် ဆုံးမစကားကို နှိမ့်ချစွာ နာခံမည့်ပုံစံမျိုး ပြသလိုက်သည်။

သူမ၏ ထိုပုံစံကို မြင်လိုက်ရသည့် လုသခင်မက စောစောက သူမရှေ၌ အကာအကွယ်မဲ့နေသော ဝမ်ယဲ့၏ အပြုအမူကို ရုတ်တရက် သတိရသွားပြန်သည်။ သူမ ပြောမည်ဟု ပြင်ထားသော စကားလုံးများကလည်း လည်ချောင်းထဲ၌ တစ်ဆို့သွားရသည်။

သူမ၏ ဤလင်ညီအစ်မ အပေါ် ထားရှိသည့် ပုံရိပ်က ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော်လည်း လိမ်ညာခံလိုက်ရသူဖြစ်သည့် လုသခင်မကိုယ်တိုင်က ဒေါသထွက်ရန် စိတ်မပါဖြစ်နေရသည်။

‘ဒါက တော်တော်ထူးဆန်းတာပဲ’

လူသခင်မက သူမကိုယ့်သူမ ပြန်မှတ်ချက်ချနေပြန်သည်။

‘သိုးနံရိုးကင် နှစ်တုံး၊ သုံးတုံးလောက်နဲ့တော့ ငါ စိတ်ပြောင်းသွားတာ မဟုတ်လောက်ပါဘူးနော်...’

ဒါပေမယ့်လည်း... အဲ့ဒါက တကယ်တော့ တော်တော်လေး အရသာရှိတာပါပဲ’

ဝမ်ယဲ့က စကားဝိုင်းကို သိုးနံရိုးကင်ဘက်သို့ ပြန်လှည့်လိုက်သည်။

"မမ... မမ မသိလို့ပါ၊ ဒီသိုးနံရိုးတွေကို ဒီမနက်စောစောကတည်းက ကျွန်မကိုယ်တိုင် ရောထားတဲ့ အထူးဟင်းခတ်မှုန့်တွေနဲ့ နှပ်ထားတာမို့လို့ အခုလို အရသာရှိနေတာပါ"

လုသခင်မက သူမကို မော့ကြည့်လိုက်ပြီး မေးလိုက်သည်။

"ဒါဆို... နင် တစ်နေ့လုံး အဲ့ဒါပဲ လုပ်နေတာလား"

ဝမ်ယဲ့က ရိုးသားဟန်လေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့"

လုသခင်မ : "..."

မနက်ကတည်းက ညမိုးချုပ်တဲ့အထိ အလုပ်ရှုပ်နေခဲ့ရသော သူမကိုယ်သူမ ပြန်လည်သတိရသွားသည့် လုသခင်မတစ်ယောက် စကားမဲ့သွားရသည်။

........။......။........

ယောင်အချိန်ကုန်ဆုံးခါနီးတွင် လုသခင်မ ပင်မခြံဝန်းသို့ ပြန်ရောက်လာခဲ့သည်။

တစ်နေကုန် အလုပ်ရှုပ်နေခဲ့ရသော ရွှီနယ်စားမင်းကလည်း ညစာစားပြီးရုံသာ ရှိသေးသည်။ သူ ပင်မခြံဝန်းသို့ ပြန်ရောက်လာချိန်တွင် လုသခင်မ သူမ၏ယောင်းမဖြစ်သူ ဝမ်ယဲ့နှင့် ညစာစားရန် အနောက်ဘက်ခြံဝန်းသို့ သွားခဲ့ကြောင်း သူ သိလိုက်ရသည်။ သူမ ပြန်လာသည်ကို မြင်လိုက်ရချိန်တွင် သူမ၏မျက်နှာပေါ်၌ ဖတ်ရခက်သော အမူအရာတစ်ခု ဖြစ်ပေါ်နေသည်ကို သူ သတိထားမိသွားသည်။

ရွှီနယ်စားမင်းက ရှေ့သို့ တိုးရင်း မေးလိုက်သည်။

"ဘာဖြစ်လို့လဲ... အနောက်ဘက်ခြံဝန်းမှာ ညစာစားရတာ အဆင်မပြေလို့လား"

လုသခင်မက ခေါင်းခါပြလိုက်သည်။

"အဲ့လိုတော့လည်း မဟုတ်ပါဘူး"

ရွှီနယ်စားမင်းက “ဒါဆိုဘာဖြစ်တာလဲ”ဟု ထပ်မေးရန် ပြင်လိုက်စဉ်မှာပင် သူ့ဇနီးထံမှ သင်းပျံ့ပျံ့ထွက်လာသော အသားကင်နံ့ကို ရရှိသွားခဲ့သည်။ ထို့ကြောင့် သူက မေးခွန်းကို ပြောင်းလိုက်သည်။

"မင်း အသားကင်တွေ စားလာတာလား"

လုသခင်မက ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။

"ညီမလေးဆီမှာ သိုးနံရိုးကင် နည်းနည်း စားခဲ့တာပါ"

ရွှီနယ်စားမင်းက ပို၍ပင် အံ့ဩသွားပြီး မှတ်ချက်ချလိုက်သည်။

"ဒါကြောင့်လည်း ငါ သိုးသားနံ့ ရနေတာကိုး"

ထိုစကားကို ကြားလိုက်ရသည့် လုသခင်မက အမှတ်တမဲ့ ခေါင်းငုံ့ကာ သူမကိုယ်သူမ ပြန်နမ်းကြည့်လိုက်သည်။ အနောက်ဘက်ခြံဝန်းမှ ကပ်ပါလာသည့် အနံ့ဖျော့ဖျော့လေး အမှန်တကယ် ရှိနေသေးသည်။

သို့သော် ရွှီနယ်စားမင်း၏ အံ့ဩနေသော လေသံက သူမကို အလိုမကျမှု အနည်းငယ် ဖြစ်ပေါ်စေသည်။ သူမက မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။

"ဘာလဲ... ကျွန်မက ရှင်တို့ရဲ့ အိမ်တော်ကြီးတစ်ခုလုံးကို စီမံခန့်ခွဲပေးနေတာလေ၊ အခု သိုးနံရိုးနည်းနည်းတောင် စားလို့ မရဘူးလား"

ဘေးအန္တရာယ် အငွေ့အသက်ကို ချက်ချင်းခံစားလိုက်ရသည့် ရွှီနယ်စားမင်းကတော့ ပျာပျာသလဲ ရှင်းပြနေရချေပြီ။

.......။......။.......

ဒုတိယခြံဝန်းတွင်...

ဝန်ကြီးဌာနမှ အရာရှိတစ်ဦး၏ တူဖြစ်သူ အနောက်ဘက်ဈေးလမ်း၌ လူသတ်မှုကျူးလွန်သည့် အမှုက နောက်ဆုံးတွင် ပြေလည်သွားခဲ့သဖြင့် ရွှီယွဲ့ကျားလည်း ပုံမှန်ထက် စောပြီး အိမ်ပြန်ရောက်လာခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် အရှေ့ဘက်ခြံဝန်းသို့ အစားအသောက်ဗူး သယ်ဆောင်လာသော ထောင်ကျီနှင့် တွေ့လိုက်ရသည်။

ရွှီယွဲ့ကျားက ခြေလှမ်းများကို ခဏရပ်လိုက်ပြီး ထောင်ကျီကလည်း သူ့ကို အရိုအသေပေးလိုက်သည်။ ထို့နောက် စာကြည့်ခန်းတံခါးကို စောင့်နေသော အစေခံထံသို့ လှည့်ကာ လှမ်းပြောလိုက်သည်။

"သခင်မက သိုးနံရိုးကင်တွေ ပေးခိုင်းလိုက်တယ်၊ ဒါကို ယူထားပြီး လူတိုင်း ညဉ့်လယ်စာအဖြစ် ခွဲဝေစားလိုက်ကြပါ"

အစားအသောက်သေတ္တာလေးကို လွှဲပြောင်းပေးပြီးနောက် ထောင်ကျီက ရွှီယွဲ့ကျားကို နောက်တစ်ကြိမ် အရိုအသေပေးကာ အရှေ့ဘက်ခြံဝန်းမှ ပြန်ထွက်ခွာသွားသည်။

ရွှီယွဲ့ကျားက အစေခံလက်ထဲမှ အစားအသောက်သေတ္တာကို တစ်ချက်လှမ်းကြည့်သော်လည်း ဘာမှမပြောဘဲ တံခါးကို တွန်းဖွင့်ကာ စာကြည့်ခန်းထဲသို့ ဝင်သွားသည်။

အနောက်ဘက်ခြံဝန်း၏ ပင်မခန်းမဆောင်တွင် ဝမ်ယဲ့က လွန်ခဲ့သော နှစ်ရက်က ရွှီယွဲ့ကျား ပေးပို့ထားသည့် သူ့အကြိုက်နှင့် မကြိုက်သည့် အစားအစာများစာရင်းကို ကိုင်ထားသည်။

စာရင်းထဲတွင် "မနက်စာနှင့် နေ့လယ်စာအတွက် ဟင်းလျာ ရှစ်မျိုးထက် မပိုစေရ၊ ညစာအတွက် ခုနစ်မျိုးထက် မပိုစေရ၊ ပြီးနောက် ညဉ့်လယ်စာ စားလေ့မရှိပါ" ဟူသည်စာများ ရေးသားထားသည်။

ဝမ်ယဲ့က ၎င်းကို အစမှအဆုံး ဖတ်ကြည့်ပြီးနောက် လျှာလေးသပ်ကာ ယွင်ကျီကို စနောက်လိုက်သည်။

"ငါတို့ နောက်ဆို အစားအသောက်ဖိုးတွေ အများကြီး သက်သာတော့မှာပဲ"

ယွင်ကျီ : "..."

'ဒါကို ကျွန်မက ဘယ်လို ပြန်ပြောပေးရမှာလဲ...'

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment