no

Font
Theme

Chapter - 9

နေ့လယ်စာစားချိန်တွင် စာကြည့်တိုက်သည် ဖွင့်ထား၏၊ ကန်တင်းမှလာလျှင် သင်ကြားရေးအဆောက်အဦးနှစ်ခုကို ဖြတ်ကျော်ရပေမည်။ ကျန့်ချီသည် မှိန်ဖျော့စွာမြင်နိုင်သော အာရုံစိုက်မှုများကို တတ်နိုင်သမျှ လျစ်လျူရှုထားစဉ် သူ၏ဘေးမှ ပိုင်ရှီယွီ၏ စပ်စုစွာ မေးမြန်းခြင်းကို ကြားလိုက်ရ၏။ "ကျန့်ချီ မင်းဘယ်အတန်းကို ရွေးလိုက်တာလဲ? ငါ စာသင်ခန်းထဲမှာ မင်းကို မတွေ့ဘူး"

ကျန့်ချီက သူ၏သင်တန်းရွေးချယ်မှုကို ပြောပြလိုက်ပြီး "မင်းရော ဘယ်လိုလဲ?"

ပိုင်ရှီယွီက ရှက်ရွံ့စွာဖြင့် "ငါက စာပေရသ၊ ဒရာမာ၊ ဇီဝဗေဒနဲ့ သင်္ချာဘာသာရပ်ကို ရွေးခဲ့တာ ၊ ငါ့ကို မရယ်နဲ့နော် ငါ့ရဲ့သိပ္ပံပညာက အရမ်းဆိုးတယ် အဲဒါကြောင့် ကိုယ့်ကိုကိုယ် နှိပ်စက်တဲ့ဘာသာရပ်တွေကို မရွေးနိုင်ဘူး ကြည့်ရတာ ငါတို့အတန်းတွေကမထပ်ဘူးပဲ နှမြောစရာပဲ"

​ကျန့်ချီသည် သူက ကျိုးနွံနေသည်ဟု ထင်လိုက်မိ၏၊ သူသာ သိပ္ပံဘာသာရပ်တွင် မတော်ပါက အလွန်တင်းကျပ်သော စိန့်စတန်ကောလိပ်သို့ ဝင်ခွင့်ရမည် မဟုတ်ပေ။

"ကိစ္စမရှိပါဘူး၊ ငါဆို ဝိဇ္ဇာဘာသာရပ်တွေမှာ မတော်ဘူး၊ ဘာသာရပ်တစ်ခုခုမှာ ​လိုအပ်ချက်တွေရှိနေတာက ပုံမှန်ပါပဲ"

​"မင်းက ငါ့ကို နှစ်သိမ့်နေမှန်း ငါသိပါတယ်..."

"ပိုင်ရှီယွီ! ပိုင်ရှီယွီ!"

အော်သံနှစ်ခုက အနောက်ဘက်မှထွက်လာပြီး ပိုင်ရှီယွီ၏ မပြီးသေးသောစကားကို နှောင့်ယှက်လိုက်သည်။

ကျန့်ချီ လှည့်ကြည့်လိုက်ရာ မရင်းနှီးသည့်အထူးကျောင်းသားနှစ်ယောက်ကို တွေ့လိုက်ရပြီး ပိုင်ရှိယွီနှင့်သိပုံပေါ်၏။

"ငါ့ကိုခေါ်တာလား?" ပိုင်ရှီယွီက အံ့အားသင့်သွားပြီး မျက်တောင်နှစ်ကြိမ်ခန့် ခတ်လိုက်ကာ "တစ်ခုခုဖြစ်လို့လား?"

အထူးကျောင်းသားက ခြောက်သွေ့စွာခေါင်းညိတ်ပြပြီး သူ့အသံက တုံ့ဆိုင်းစွာနှင့် သိပ်မချောမွေ့ဘဲ "ငါတို့က ဇီဝဗေဒ အတန်းကို အတူတူတက်နေတာလေ မင်းမှတ်မိလား? ငါ့နာမည်က ချန်ဝေ့ပါ ဆရာဖုန့်က မင်းကို ပြောစရာတစ်ခုခုရှိလို့တဲ့ ငါ့ကိုလာပြီး ရုံးခန်းကိုခေါ်သွားခိုင်းတယ်"

"အခုလား? ဒါပေမယ့် နေ့လည်စာစားချိန်က ပြီးခါနီးပြီ" ပိုင်ရှီယွီက မဝံ့မရဲနှင့်ပြောသည်။

ချန်ဝေ့က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "သိပ်မကြာပါဘူး စိတ်မပူပါနဲ့"

သူက ဘာဖြစ်တာလဲမပြောပေ။ သူသည် အလျင်လိုနေပုံရပြီး မျက်လုံးတွေက ရှောင်လွှဲနေ၏။ သို့သော် အထူးကျောင်းသားများအပေါ် ယုံကြည်မှုကြောင့် ပိုင်ရှီယွီက အများကြီးမတွေးဘဲ 'ကောင်းပြီ' ဟုဖြေပြီး ကျန့်ချီကို တောင်းပန်စကားဆိုလိုက်၏။

"ဇီဝဗေဒရုံးခန်းက ဒီနေရာနဲ့အရမ်းနီးတာကို ငါမှတ်မိတယ် ကျန့်ချီ မင်းငါနဲ့အဖော်လိုက်ခဲ့လို့ရမလား? ဒါမှမဟုတ် မင်း စာကြည့်တိုက်ကို အရင်သွားပြီး ငါနောက်မှလာရှာမယ်လေ"

ကျန့်ချီသည် အမှန်တော့ ပိုင်ရှီယွီအား ဤမူမမှန်ပုံပေါ်ပုံသည့် အထူးကျောင်းသားကို မေးခွန်းတွေ ပိုမေးတာက ပိုကောင်းမည်ဟု သတိပေးချင်ပေမယ့် တစ်ဖက်သူရှေ့တွင်တော့ ပြတ်ပြတ်သားသား မပြောနိုင်ခဲ့ပေ။

"ငါမင်းနဲ့လိုက်မယ်"

သူဤသို့ပြောပြီး ချန်ဝေ့ဆီသို့ လှည့်ကြည့်လိုက်ရာ သေချာသည်မှာ တစ်ဖက်လူ၏မျက်လုံးများတွင် ထိတ်လန့်တကြားဖြစ်သွားသည်ကို တွေ့လိုက်ရသည်။

တစ်ခုခုကိုဖုံးကွယ်ထားတာဖြစ်မယ် ဟု ကျန့်ချီတွေးလိုက်သည်။

"မင်း ရှေ့ကသွားပါ"

"ကောင်းပြီ...ကောင်းပြီ"

ပိုင်ရှီယွီသည် ချန်ဝေ့၏ထူးဆန်းမှုကို လုံးဝသတိမထားမိဘဲ ကျန့်ချီအား ကျေးဇူးတင်စွာပြုံးလျက် "ကျေးဇူးတင်ပါတယ် ငါမင်းကိုထပ်ပြီးဒုက္ခပေးရတော့မယ်"

ဇီဝဗေဒရုံးခန်းသည် ဘေးဘက်ရှိ Thales အဆောက်အအုံတွင်ရှိသည်။ ချန်ဝေ့သည် သူ့အတွေးတွေထဲ နစ်မြောနေပုံရပြီး သူ့ခြေလှမ်းများက တဖြေးဖြေးနှေးလာသည်။ သူ သင်ကြားရေးအဆောက်အဦးမှ ထွက်လာသောအခါ ရုတ်တရက် ခေါင်းကိုလှည့်၍ ပိုင်ရှီယွီကို တစ်ချက်ကြည့်လိုက်၏။

​'ဗွမ်း' ဟူသောအသံနှင့်အတူ ရေများပက်ကျလာသည့်အခါ သူ၏မျက်လုံးထဲမှ ရှုပ်ထွေးသော စိတ်ခံစားချက်များကို ဖမ်းဆုပ်ရန် ကျန့်ချီအတွက် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ သူ၏တစ်ကိုယ်လုံး စိုရွှဲသွားပြီး ရေခဲတိုက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ တုန်ရီသွားသည် - ဤသည်မှာ သူ စိတ်ကူးထားခဲ့သည့်အရာ မဟုတ်ပေ၊ ခေါင်းမှခြေဖျားအထိ ရေဇလုံတစ်လုံးနှင့် အလောင်းခံရခြင်းပင်။ ချဉ်စူးစူးအစားအစာကဲ့သို့သော အနံ့တစ်ခုသည် သူ၏နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး သူ၏အဝတ်အစားများနှင့် ဆံပင်တွင် ကပ်ငြိကာ သူ့ကို အစာအိမ်ထဲမှ ပျို့အန်ချင်လာစေခဲ့သည်။

အနောက်ကပိုင်ရှီယွီဆီမှ အာမေဋိတ်အသံတစ်ခုထွက်လာသည်။ ကျန့်ချီသည် စက္ကန့်အနည်းငယ်ကြာအောင် မတ်တပ်ရပ်လိုက်ပြီး စိုစွတ်နေသောမျက်နှာကို လက်နှင့်သုတ်လိုက်သည်။ အဝါရောင်ရင်ထိုးများတပ်ထားသော ကောင်လေးအနည်းငယ်သည် လှေကားထစ်ပြတင်းပေါက်မှ ရပ်ကြည့်နေကြပြီး အနည်းငယ်သနားစရာကောင်းသော မျက်နှာထားဖြင့် ပခုံးတွန့်ပြကြကာ တောင်းပန်ခြင်းမရှိသော အပြုံးဖြင့်...

"ဆောရီး လူမှားပြီးလောင်းလိုက်မိတာ"

"ကျန့်ချီ မင်းအဆင်ပြေရဲ့လား?"

ပိုင်ရှီယွီသည် အနောက်မှလိုက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်က အညစ်အကြေးများကို အင်္ကျီလက်နှင့်သုတ်လိုက်ကာ ပွဲကြည့်နေသည့်လူတွေဆီကို မော့ကြည့်လိုက်ပြီး အသံတုန်တုန်ရင်ရင်ဖြင့် ...

"လူကိုအရမ်းကြီး အနိုင်ကျင့်မနေနဲ့ မင်းတို့မှာကိစ္စရှိရင် ငါ့ဆီတစ်ယောက်တည်းလာလေ ငါ့သူငယ်ချင်းတွေကိုမနှိပ်စက်နဲ့ ဒါက ငါ့ကို အညံ့ခံစေမယ်ထင်လား? ရှောက်ဟန့်ကို ပြောလိုက် ဒါက လုံးဝမဖြစ်နိုင်ဘူး"

​"မင်း ကြားလိုက်လား။ သူက ရှောက်ဟန့်ကို သတိပေးမလို့တဲ့" ရယ်စရာတစ်ခုကြားလိုက်ရသကဲ့သို့ အပေါ်မှ ရယ်မောသံတစ်ချက် ထွက်ပေါ်လာ၏။ ရယ်သံများကြားတွင် မည်သူက လှောင်ပြောင်သရော်သလို ပြောလိုက်သည်ကို သူ မသိခဲ့ပေ။

"တောင်းပန်ပါတယ်ကွာ ငါတို့ မင်းကို နားလည်မှုလွဲစေခဲ့ပြီ။ ငါတို့က မင်းရဲ့သူငယ်ချင်းကို အနိုင်ကျင့်ဖို့ စိတ်မဝင်စားဘူး။ တိတိကျကျပြောရရင် မင်းကြောင့်သာ သူ စိုရွှဲသွားရတာ"

ကျန့်ချီက နောက်ထပ်ဆူပူတော့မည့် ပိုင်ရှိီယွီကို ဖမ်းဆွဲလိုက်ပြီး အသက်ပြင်းပြင်းရှူကာ အတင်းပြုံးပြ၍ "ထားလိုက်ပါ ငါအဆင်ပြေပါတယ် ငါ သန့်စင်ခန်းထဲ အရင်သွားလိုက်ဦးမယ် အဝတ်အစားလဲချင်တယ်"

ပိုင်ရှီယွီသည် လူအုပ်စုကို စူးစူးစိုက်စိုက်ကြည့်ပြီး ကျန့်ချီကိုကြည့်ကာ သူ့မျက်လုံးများထဲမှ မီးတောက်များကို တဖြည်းဖြည်းထိန်း၍ နီရဲသောမျက်လုံးများဖြင့် ခေါင်းညိတ်လိုက်သည်။

ချန့်ဝေဟူသော အထူးကျောင်းသားမှာ ပျောက်ကွယ်သွားပြီးဖြစ်သည်။ ကျန့်ချီက နောက်တစ်ကြိမ် ပြတင်းပေါက်မှန်၏ ရောင်ပြန်ဟပ်မှုအောက်တွင် ဟာသပြုလုပ်နေသော သို့မဟုတ် နှစ်ထောင်းအားရ ဖြစ်နေသောမျက်နှာများကို တစ်ချက်ကြည့်လိုက်ရာ သူတို့ ဘေးနားတွင်ရှိနေသော မှုန်ဝါးဝါးပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ထိုသူသည် ရှောက်ဟန့်ပင်။

​သူသည် ထိုနေရာတွင် အချိန်ပြည့်ထိုင်နေခဲ့ပြီး မရပ်တန့်ပေးခဲ့သလို ပြောင်လှောင်မှုများတွင်လည်း မပါဝင်ခဲ့ပေ၊ မိမိနှင့်မသက်ဆိုင်သကဲ့သို့ ဘေးမှရပ်ကြည့်နေသူတစ်ဦးလိုပင်။ ရေအေးတစ်ပုံး သူ၏ခေါင်းပေါ်သို့ လောင်းချခံရပြီးနောက် ရှောက်ဟန့်သည် ပေါ့ပေါ့ပါးပါးအပြုံးဖြင့် သူ့ကို ကြည့်နေခဲ့သည်။

ပိုင်ရှီယွီသာ အရင်ထွက်လာခဲ့လျှင် သူသည် ပို၍ စိတ်ဝင်စားဖွယ်ကောင်းစွာ ရယ်မောကောင်းရယ်မောပေမည်။

...

ကျန့်ချီသည် သူ့စိတ်ထဲရှိမငြိမ်မသက်မှုကို မျိုသိပ်ထားသည်။ ရှောင်လွှဲခြင်းမူဝါဒသည် အသုံးမဝင်ကြောင်း ပထမဆုံးအကြိမ်အဖြစ် သူခံစားခဲ့ရသည်။ ယခု သူသည် ရှောက်ဟန့်ကို အမှန်ပင် မျက်နှာကိုထိုးကြိတ်ပြီး အရှက်ရစေသည့်ခံစားချက်ကို ခံစားလိုက်စေချင်သည်။

လမ်းတစ်လျှောက်တွင် မျက်လုံးများ၏ နှစ်သတ်ခြင်းခံခဲ့ကြသည်။

ကျန့်ချီသည် သူ ယခု အလွန်သနားစရာကောင်းသော အခြေအနေတွင် ရှိနေမှန်း သိပြီး လူအုပ်၏အာရုံစိုက်မှုကို ခံရသည့်ခံစားချက်ကို မခံစားခဲ့ရသည်မှာ ကြာပြီဖြစ်၏။ လက်ရှိအခြေအနေသည် သက်သက်အာရုံစိုက်ခံရခြင်းထက် ပိုဆိုးရွား၏။ သူတို့သည် သနားနေကြသလို ရယ်မောနေကြသည်။ ယနေ့မြင်ကွင်းသည် မကြာမီ အတင်းအဖျင်းဖြစ်သွားပြီး လူတိုင်း၏နားထဲသို့ ပျံ့နှံ့သွားလိမ့်မည်ဟု ခန့်မှန်းရသည်။

ကံကောင်းထောက်မစွာ သန့်စင်ခန်းထဲတွင် တစ်ယောက်မှမရှိ‌သောကြောင့် ကျန့်ချီ သူ့ခံစားချက်များကို ဘေးဖယ်ထားပြီး သူ့ယူနီဖောင်းကိုချွတ်ကာ အညစ်အကြေးများကို ဖယ်ထုတ်ရန် ဘေဇင်ဘေး၌ ရပ်လိုက်သည်။

အဝတ်အစားများက ဝတ်၍မရတော့ပေ။ ယခုဆေးကြောလိုက်ရင်တောင် တစ်ညတည်းနှင့်မခြောက်ပေ။ မနက်ဖြန်ကျ အတန်းတက်ရဦးမည်။ 'ရေဆိုးဖြင့် ပက်ခံရခြင်း' ထက် ပိုမိုကောင်းမွန်သော အကြောင်းပြချက်ဖြင့် တန်ပြန်အရေးယူမှုတစ်ရပ်ကို ချမှတ်ရမည်ဖြစ်သည်။

ကျန့်ချီ၏တိတ်ဆိတ်မှုသည် ပိုင်ရှီယွီ၏မျက်လုံးထဲသို့ ကျရောက်သွားပြီး အခြားအဓိပ္ပါယ်များကို လွဲမှားစွာအဓိပ္ပာယ်ဖွင့်ဆိုစေခဲ့သည်။ သူက ခုနက မငိုသေးပေမယ့် အခုတော့ ငိုခြင်းက ပိုက်ဆံမကုန်သကဲ့သို့ မျက်ရည်များကျလာသည်။ သူက ကျန့်ချီ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး ...

"တောင်းပန်ပါတယ် အခုက ငါ့အမှားပါ မင်းကိုနာကျင်စေခဲ့တာ ဒီလူတွေအကုန်လုံးက ငါ့အတွက်လာတာ သူတို့က ငါ့ကို ဟာသလုပ်ချင်နေတာ ငါက မင်းကို ပါဝင်စေခဲ့တဲ့သူပဲ"

ပိုင်ရှီယွီက ဤစာကြောင်းကို ထပ်ခါထပ်ခါပြောပြီး မျက်ရည်များ ပိုကျလာသည်။ ကျန့်ချီက သက်ပြင်းချလိုက်ပြီး သူ့လက်ထဲက အဝတ်အစားတွေကိုချလိုက်ကာ သူ့ကို နှစ်သိမ့်ပေးလိုက်၏။

"ငါ အဆင်ပြေပါတယ်။ အဝတ်တွေ နည်းနည်းညစ်ပတ်သွားတာပဲ ရှိတာပါ။ နောက်ကျရင် သတိထားပြီး တခြားသူတွေရဲ့စကားကို အလွယ်တကူမယုံနဲ့"

ပိုင်ရှီယွီက သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်သည်။ သူသည် ဘယ်ဘက်နှင့်ညာဖက်သို့ အတန်ကြာအောင် ပြေးလွှားသွားပြီး သူ၏စိတ်အားထက်သန်မှုကိုပြသရန် လုပ်ဆောင်ချက်များဖြင့် ကူညီလိုက်သည်။

သို့ပေမယ့် ဤသည်က ကောင်းသောအကြံမဟုတ်မှန်း သိသာသည်။ ကျန့်ချီသည် သူအလျင်လိုနေသည်ဟု ခံစားမိပြီး အခြေအနေက အကျိုးမယုတ်ခင်မှာ "ငါ့ဘာသာငါလုပ်လိုက်မယ် မင်းအရင်ပြန်သွားနှင့် ကျူရှင်သင်ဖို့က နောက်တစ်ခါကျမှ ဆွေးနွေးကြမယ်" ဟု ပြောလိုက်သည်။

"ငါ..." ပိုင်ရှီယွီ၏မျက်လုံးများသည် တဖြည်းဖြည်း နီရဲလာပြန်သည်။ သူက ကျန့်ချီကို ခဏလောက်ကြည့်ပြီး တစ်ခုခုကိုတွေးမိကာ စကားတစ်ခွန်းမှမပြောဘဲ သန့်စင်ခန်းထဲက လှည့်ထွက်သွားသည်။

ကျန့်ချီက သူ့ကို တားရန်အချိန်မရှိချေ။ အနည်းငယ် စိတ်မသက်မသာခံစားရသော်လည်း သူ့လက်ထဲတွင် ရှုပ်ယှက်ခတ်နေသဖြင့် မနေနိုင်တော့ပေ။

အဝတ်အစားများက စိုရွှဲနေပြီး အနံ့ကတော့ စေးကပ်နေဆဲပင်။ သူ အောက်ကိုငုံ့ပြီး ဘောင်းဘီကိုချွတ်လိုက်သည်။ သူ အညစ်အကြေးများကို ဖယ်ထုတ်နေချိန်မှာပဲ သန့်စင်ခန်းတံခါးက ရုတ်တရက်ပွင့်သွားပြီး ပိုင်ရှီယွီ ဝင်လာရုံတင်မကဘဲ နောက်မှလူလည်းပါလာသည်။

"ကျန့်ချီ?"

ကျိဟွိုက်စစ်သည် သူ့လက်ထဲတွင် စောင်တစ်ထည်ကိုကိုင်ထားပြီး သူ့ကိုမြင်ကတည်းက မျက်မှောင်ကြုတ်နေခဲ့သည်။ သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး လေးနက်မှုအရိပ်အမြွက်ဖြင့် မေးလာသည်- "ဒါက ဘယ်သူလုပ်တာလဲ?"

ကျန့်ချီ အာရုံမစုစည်းနိုင်ခင်မှာ အနောက်ဘက်မှ ပိုင်ရှီယွီက ငိုသံဖြင့် ပြောလိုက်သည်။ "အဲဒါ ရှောက်ဟန့်တို့အဖွဲ့ပါ သူတို့ရဲ့ပစ်မှတ်ကငါပါ။ကျန့်ချီက ငါကြောင့်ဒုက္ခ‌ရောက်သွားတာ။ ဒုဥက္ကဌ တစ်ခုခုဖြစ်ရင် မင်းဆီလာလို့ရတယ်လို့ ပြောထားတယ်လေ။ အခု ဘာလုပ်သင့်လဲ?"

"အခု သွားပြီး ရေချိုးလိုက်၊ ဒီလိုဝတ်ထားရင် အအေးမိလိမ့်မယ်" ကျိဟွိုက်စစ်က စိုစွတ်နေသော ကျန့်ချီကိုကြည့်လိုက်ပြီး သူ့ခြေထောက်များကို ဖြတ်သွားသည့်အခါ မျက်လုံးများက စက္ကန့်အနည်းငယ်ရပ်တန့်သွားပြီး "PC ဧည့်ခန်းက အပေါ်ထပ်မှာပဲ အဲဒီမှာ ရေချိုးခန်းနဲ့ လဲဖို့အဝတ်အစားရှိတယ် ငါ မင်းကို ခေါ်သွားပေးမယ်"

"မလိုပါဘူး" ကျန့်ချီသည် သူ့ရှေ့က အခြေအနေကိုနားလည်ပြီး ခေါင်းကိုဖြည်းညင်းစွာ ခါယမ်းလိုက်သည်။ ယခုတော့ သူ ကောင်းကောင်းအနားယူပြီး နောက်ထပ်မသိတဲ့ဒုက္ခတွေကိုရှောင်ဖို့ အိပ်ဆောင်ကိုပြန်သွားချင်နေပြီ။ ကျိဟွိုက်စစ်သည် စိတ်ကောင်းစေတနာကောင်းရှိကြောင်း သူသိသော်လည်း အခြားလူများကို ရင်ဆိုင်ရန် စွမ်းအင်ပို၍ မသုံးစွဲနိုင်တော့ချေ။

"ကျန့်ချီ..."

"တကယ် မလိုပါဘူး အဆင်ပြေပါတယ်"

ကျန့်ချီသည် ကျိဟွိုက်စစ်၏မျက်လုံးများထဲရှိ နက်နဲသော အဓိပ္ပါယ်ကို မမြင်ချင်ယောင်ဆောင်လိုက်သည်။ သူ့အဝတ်အစားများကို ၀တ်လိုက်သည်နှင့် အဝတ်က သူ့အရေပြားနှင့်ကပ်သွားသောအခါ အေးသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း ကျိဟွိုက်စစ်အား ပြုံးပြလိုက်သေးသည်။ သူ့မျက်လုံးအောက်ရှိမှဲ့က အသက်ဝင်လာပြီး...

"ဒါက ငါ့အတွက်စောင်လား? ကျေးဇူးတင်ပါတယ်။ ငါ အရင်သွားလိုက်ဦးမယ်။ တခြားကိစ္စတွေ နောက်မှဆက်ပြောကြတာပေါ့"

​ကျိဟွိုက်စစ်သည် ရပ်နေဆဲပင်။ ကျန့်ချီသည် သူ၏လက်ထဲမှ စောင်ကို ယူလိုက်ရာ သူ၏ကိုယ်ပေါ်မှ ဂန္ဓမာပန်းရနံ့ သင်းသင်းလေးကို ရရှိလိုက်ပြီး ထိုအနံ့သည် သူ၏နှလုံးသားထဲမှ မောပန်းနွမ်းနယ်မှုကို ဖြည်းညှင်းစွာ ပြေလျော့စေခဲ့သည်။

သန့်စင်ခန်းထဲက မထွက်မချင်း ကျန့်ချီသည် သူ့နောက်ကျောက ကျိဟွိုက်စစ်၏အကြည့်ကို ခံစားမိနေဆဲပင်။ သူ့တွင် အဓိပ္ပါယ်မရှိသော အတွေးတစ်ခု ဝင်လာခဲ့သည် - သူတစ်ခုခုဖြစ်သွားတိုင်း ပိုင်ရှီယွီ၊ ကျိဟွိုက်စစ် သို့မဟုတ် ရှောက်ဟန့်ဟာ အနားမှာ အမြဲရှိနေတတ်ပုံရလေသည်။

​တစ်ခုခုတော့ မှားနေသည်၊ ပြောမပြနိုင်သော ထူးဆန်းမှုတစ်ခု ရှိနေသော်လည်း ကျန့်ချီသည် တကယ်ပင် မောပန်းနေခဲ့ပြီ ဖြစ်၏။ ယခု သူသည် သူ၏ကိုယ်ပေါ်မှ အနံ့ဆိုးများကို အမြန်ဆုံး ဆေးကြောပစ်ချင်ပြီး မနက်ဖြန် ကျောင်းယူနီဖောင်းပြဿနာကို မည်သို့ဖြေရှင်းရမည်ကို စဉ်းစားချင်နေခဲ့သည်။

Chapter - 9 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment