no

Font
Theme

Chapter 14

"ငါ့နာမည်ကို ကြားလိုက်သလိုပဲ"

ရင်းနှီးသောအသံတစ်သံက အနောက်မှထွက်လာသည်။ အသံတိုးသော်လည်း တစ်မူထူးခြားသော မှော်ဆန်မှုတစ်မျိုး ပါဝင်နေပြီး ဆူညံသံများကြောင့် လုံးဝဖုံးလွှမ်းသွားခြင်းမရှိပေ။ ကျန်းယန်သည် ရုတ်တရက် ထရပ်လိုက်ပြီး၊ သူ့ခပ်ညိုညိုပါးပြင်များက နီရဲသွားတော့သည်။ သူသည် အလျင်အမြန်နှုတ်ဆက်လိုက်တော့သည်။ “ဒု...ဒုဥက္ကဋ္ဌ.. မင်္ဂလာပါ”

ကျိဟွိုက်စစ်သည် ကျန့်ချီဘေးတွင် နေရာယူလိုက်ပြီး၊ ကျန်းယန်ကို နူးညံ့စွာ ပြုံးပြလိုက်သည်။ “အရင်ထိုင်ကြပါ၊ ပြိုင်ပွဲက ဘယ်အခြေအနေရောက်နေပြီလဲ”

၁.၈ မီတာခန့် အရပ်ရှည်သောလူတစ်ယောက်က မူလတန်းကျောင်းသားတစ်ဦး၏ ဟန်ပန်ဖြင့် ကျိဟွိုက်စစ်ကို ပြိုင်ပွဲအတက်အကျအကြောင်း လိမ္မာပါးနပ်စွာဖြင့် တစ်လုံးချင်း ပြောဆိုနေသည်ကို စိတ်ကူးကြည့်ဖို့ပင် ခက်ခဲလွန်းသည်။

ကျန့်ချီသည် ကျန်းယန်အား ထိုသို့မျိုး အကျပ်ရိုက်ပြီး မလွယ်ကူဖြစ်နေသော အခြေအနေမျိုးတွင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သူသည် မရယ်မိအောင် အတတ်နိုင်ဆုံး ထိန်းထားနိုင်ခဲ့သည်။ သူ့ပေါ်တွင် စိုက်ကြည့်နေသည့် အကြည့်တစ်စုံကို ရုတ်တရက် ခံစားလိုက်ရပြီး၊ သူ့ခေါင်းကို အနည်းငယ်လှည့်လိုက်သောအခါ ကျိဟွိုက်စစ်၏ မျက်ဝန်းများနှင့် ဆုံမိတော့သည်။

“ပြိုင်ပွဲက စိတ်ဝင်စားဖို့ကောင်းတုန်းပဲလား” ဟု သူက အနည်းငယ်ပြုံးပြီး မေးလိုက်သည်။ သူ၏မျက်လုံးများတွင် ချက်ချင်း နောင်တအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ “ငါ ကျောင်းသားကောင်စီကိစ္စတွေကို ဖြေရှင်းနေရလို့ ပထမပိုင်းကို လာမကြည့်လိုက်ရဘူး”

ကျန့်ချီက အမှန်အတိုင်းပြောသည်။ “ကျွန်တော်တော့ သိပ်နားမလည်ဘူး။ ကျန်းယန်ပြောတာတော့ ချန်ပီယံက ရှောက်ဟန်နဲ့ ဥက္ကဋ္ဌကြားမှာ တစ်ယောက်ယောက် ဖြစ်လိမ့်မယ်တဲ့”

“အရင်နှစ်တွေကလည်း အဲလိုပဲ။ ဒါပေမဲ့ ဒီနှစ်တော့ ပြိုင်ပွဲဝင်အသစ်တွေ ပေါ်လာဖို့ မျှော်လင့်မိတယ်။ အဆုံးသတ်တိုင်းမှာ သူတို့နှစ်ယောက်တည်း ဖြစ်နေတော့ လူတိုင်းလည်း ငါ့လိုပဲ နည်းနည်းငြီးငွေ့နေကြမယ်ထင်တယ်” ဟု ပြောသည်။ ကျန့်ချီသည် ကျိဟွိုက်စစ်ကို ထပ်မံကြည့်လိုက်မိသည်။ ကျိဟွိုက်စစ်သည် သူ့အကြည့်ကို သတိထားမိပြီး၊ မျက်လုံးထောင့်မှ ခပ်မှိန်မှိန်အပြုံးဖြင့် ပြုံးပြလိုက်သည်။ “ငါပြောတာ ထူးဆန်းနေလို့လား”

“မဟုတ်ပါဘူး” ဟု ကျန့်ချီ ချက်ချင်း ခေါင်းခါပြလိုက်သည်။ ကျိဟွိုက်စစ်သည် အလွန်လှပပြီး အန္တရာယ်ကင်းသည်ဟု ခံစားရသောကြောင့် ကျန့်ချီသည် ထိုသူ၏ စိတ်ခံစားချက်ကို ပျက်စီးစေမည့် မည်သည့်စကားကိုမှ သူထုတ်ပြောမည်မဟုတ်ဟု တစ်ချိန်က တွေးခဲ့ဖူးသည်။ အိပ်မက်ထဲတွင်ပင် ကျိဟွိုက်စစ်၏ အပြစ်တင်ဆုံးမမှုသည် အားလုံးထဲတွင် အနူးညံ့ဆုံးဖြစ်နေခဲ့သည်။

ကျန့်ချီသည် ထိုအကြောင်းကို ဆက်မစဉ်းစားသင့်တော့ဟု ခံစားရသည်။ သူသည် သူ့စိတ်ထဲတွင် အိပ်မက်ထဲက ကျိဟွိုက်စစ်နှင့် လက်တွေ့ဘဝမှ ကျိဟွိုက်စစ်ကို ခွဲခြားလိုခဲ့သည်။

သူမှလွဲ၍ ကျန်လူတိုင်းသည် အိပ်မက်ထဲကအတိုင်း အတိအကျပင် ဖြစ်နေတတ်ပြီး၊ ကျိဟွိုက်စစ်ကမူ နောက်ဆုံးတွင် ပို၍ပို၍ မဖြစ်လာသည်ကို သတိထားမိသည်။

ဤကမ္ဘာကို စာအုပ်တစ်အုပ် သို့မဟုတ် ရုပ်ရှင်တစ်ခုနှင့် နှိုင်းယှဉ်ပါက ကျန့်ချီသည် ထိုဇာတ်လမ်းရှိ ဗီလိန်ဖြစ်ရမည်။ အကြီးဆုံးဗီလိန်မဟုတ်ဘဲ၊ လမ်းတစ်လျှောက်ရှိ အတားအဆီးသေးသေးလေးတစ်ခု၊ မှတ်မိရန်ခက်ခဲသော ‌အမြှောက်စာတစ်ခုသာ ဖြစ်သည်။ ပိုင်ရှီယွီနှင့် သူ့ပတ်ဝန်းကျင်ရှိလူများကမူ ဇာတ်လိုက်များပင် ဖြစ်ကြလိမ့်မည်။ ကံကြမ္မာဆိုးများနှင့် ကြုံတွေ့ရသော်လည်း၊ နောက်ဆုံးတွင် ပျော်ရွှင်စရာအဆုံးသတ်နှင့် ကြုံတွေ့ကြလိမ့်မည်။

ဤအတွေးသည် ကျန့်ချီကို တစ်ခဏချင်းတွင် နိုးကြားလာစေခဲ့သည်။ သူသည် ထိုအိပ်မက် မည်သည့်နေရာမှလာသည်ကို နားမလည်သေးသော်လည်း၊ ၎င်းသည် သူ့အတွက် ‘ကျန့်ချီ’ ၏ မူလကြေကွဲဖွယ်ရာအဖြစ်အပျက်မှ ကျော်လွှားနိုင်ရန်နှင့် ဘဝသစ်တစ်ခု ရရှိရန်အတွက် ကမ္ဘာကြီးမှ သတိပေးချက်တစ်ခု ဖြစ်နိုင်သည်ဟု မှန်းဆမိခဲ့သည်။

အရာအားလုံးသည် ကျိုးကြောင်းဆီလျော်သော ရှင်းလင်းချက်တစ်ခုစီ ရှိနေပုံရသည်။ ကျန့်ချီသည် မူလဇာတ်လမ်းကို မည်သို့ရှောင်လွှဲရမည်ကို စဉ်းစားနေစဉ်၊ ရုတ်တရက် ကျန်းယန်၏ အာမေဋိတ်သံကို ကြားလိုက်ရသည်။ “သေစမ်း၊ သူပါ ပြိုင်ပွဲဝင်ပြိုင်တာ ဘယ်လိုလုပ်ဖြစ်နိုင်လဲ။ သူ ရှောက်ဟန့်နဲ့ တကယ်ပဲ လောင်းကြေးထပ်ခဲ့တာလား”

ကျန့်ချီသည် ထိုအခါမှသာ သတိပြန်ဝင်လာပြီး ကွင်းထဲကိုကြည့်လိုက်သည်။ သူ့ပတ်ပတ်လည်ရှိ တစ်ချိန်​က အားပေးသံများသည် ဆွေးနွေးမှုများဖြင့် တစ်လှည့်စီ အစားထိုးသွားသည်။

မြင်းစီးဝတ်စုံသည် ပိုင်ရှီယွီ၏ ခန္ဓာကိုယ်ကို တမူထူးခြားစွာ သွယ်လျစေခဲ့သည်။ သူသည် အညိုရောင်မြင်းတစ်ကောင်ကို စီးနင်းနေပြီး၊ သူ့ဦးထုပ်အောက်တွင် သူ့မျက်နှာသည် သွေးရောင်လုံးဝမရှိပေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ခန္ဓာကိုယ် တောင့်တင်းနေခြင်းနှင့် စိတ်မသက်မသာဖြစ်စွာ အသက်ရှူနေခြင်းကို သိရှိနိုင်သည်။ သူသည် လုံးဝကို အခုမှ စတင်ကစားသူတစ်ဦးဖြစ်သည်။

“သူ မြင်းစီးပြိုင်ပွဲမှာ ပြိုင်ဖို့ ဘယ်လောက်ကြာကြာ လေ့လာခဲ့လို့လဲ၊ သူ သေချင်နေတာလား”

“ပိုင်ရှီယွီက ရှောက်ဟန့်နဲ့ လောင်းကြေးထပ်ခဲ့တယ်လို့ ကြားတယ်။ သူနိုင်ရင် ရှောက်ဟန့်က သူ့ကို ထပ်မနှောင့်ယှက်တော့ဘူးတဲ့။ သူက ဒီလိုမျိုး မဖြစ်နိုင်တဲ့အရာကိုတောင် သဘောတူရဲတယ်နော်”

“နောက်ထပ် ရှိုးကောင်းတစ်ခုကို ကြည့်ရဦးမယ်”

အရာအားလုံးသည် ကျန့်ချီတွေးထင်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သော်လည်း၊ ဤမြင်ကွင်းကို သူတကယ်တမ်း မြင်တွေ့ရသောအခါ၊ ပိုင်ရှီယွီအတွက် ဖော်မပြနိုင်သော စိုးရိမ်ပူပန်မှုတစ်ခု ပေါ်လာခဲ့သည်။

“သူ မတော်တဆဖြစ်မှာတော့ မဟုတ်ဘူးမလား” ဟု ပိုင်ရှီယွီနှင့် အမြဲတမ်း အဆင်မပြေခဲ့သော ကျန်းယန်သည်ပင် သူ့၏အစွဲအလမ်းများကို ဘေးဖယ်ထားပြီး တုံ့ဆိုင်းစွာ စိုးရိမ်တကြီးမေးလာသည်။

ကျန့်ချီက ဖြောင်းဖြလိုက်သည်။ “အဆင်ပြေသွားမှာပါ”

သူသည် ကျန်းယန်ကို ပြောပြနေရုံသာမက သူ့ကိုယ်သူလည်း ပြောပြနေခြင်းဖြစ်သည်။

အရာအားလုံးသည် သူ၏အိပ်မက်ထဲက အခြေအနေအတိုင်း ဖြစ်ပေါ်လာပါက၊ ထိုမြင်းသည် မကြာမီ အထိန်းအကွပ်မဲ့သွားမည်ဖြစ်ပြီး၊ ပိုင်ရှီယွီသည် မြင်းပေါ်မှ ပြတ်မကျမီ ရှောက်ဟန့်က ကယ်တင်လိမ့်မည်။ အန္တရာယ်ရှိသော်လည်း၊ ပြဿနာကြီးကြီးမားမား မဟုတ်ခဲ့ပေ။

သူ့ဘေးမှ ကျိဟွိုက်စစ်သည် မည်သည့်အချိန်က သူ့အပြုံးကို ရုတ်သိမ်းလိုက်မှန်း သူမသိလိုက်ပေ။ သူသည် ပိုင်ရှီယွီအောက်ရှိ မြင်းကို အလေးအနက်ထား စိုက်ကြည့်နေပြီး၊ အတားအဆီးအဆင့်ဆင့်ကို ဖြတ်ကျော်နေသည်ကို အသေအချာစိုက်ကြည့်နေခဲ့သည်။ သူက တီးတိုးပြောလာသည်။ “ဒီမြင်းကြည့်ရတာ အရမ်းစိုးရိမ်နေပုံရတယ်”

ကျန့်ချီသည် သူ့လက်ဖဝါးများကို မသိစိတ်ကနေ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ “ကြောက်နေတာလား” ဟု မေးလိုက်သည်။

“သူက ကုန်းနှီးကို ခုခံနေပြီး၊ မြင်းပေါ်က လူကို ခါချဖို့ ကြိုးစားနေတာ”

ကျိဟွိုက်စစ်သည် နံပါတ်တစ်ခုကို အလျင်အမြန် ဖုန်းခေါ်လိုက်ပြီး၊ ရှားပါးစွာ နက်ရှိုင်းသောအသံဖြင့် မေးလိုက်သည်။

“ပြိုင်ပွဲဝင်နံပါတ် ၃၀ အတွက် မြင်းကို ဘယ်သူရွေးခဲ့တာလဲ။ မင်းတို့ ကြိုတင်မစစ်ဆေးခဲ့ဘူးလား။ အတွေ့အကြုံမရှိတဲ့လူတစ်ယောက်ကို ဒီလိုမြင်းမျိုး စီးခိုင်းတာက လူတိုင်းရဲ့မျက်စိရှေ့မှာ သူ့ကို ပြုတ်ကျစေချင်လို့လား"

တစ်ဖက်မှ အဖြေသည် ကျိဟွိုက်စစ်ကို အံ့ဩစေခြင်းမရှိပေ။ သူသည် ဖုန်းကို ချလိုက်ပြီး မထခင်မှာပင် လူအုပ်က အော်ဟစ်သံများဖြင့် ပေါက်ကွဲထွက်လာသည်။

မြင်းသည် ဆဋ္ဌမမြောက်အတားအဆီးကို ဖြတ်ကျော်စဉ် သူ့လည်ပင်းနှင့် ခန္ဓာကိုယ်ကို အထိန်းအကွပ်မရှိ ခါယမ်းခဲ့ပြီး၊ ပိုင်ရှီယွီ၏ ထိတ်လန့်နေသောမျက်နှာသည် ဖန်သားပြင်ပေါ်တွင် ကင်မရာမှတစ်ဆင့် ချဲ့ကားထားလျက် ပေါ်လာခဲ့သည်။ သူသည် မြင်းဇက်ကြိုးများကို တင်းတင်းဆုပ်ကိုင်ထားပြီး၊ မြင်း၏နောက်ကျောကို ပြန်ဖိချရန် ကြိုးစားခဲ့သည်။ သို့သော် သူပို၍ဖိချလေလေ၊ မြင်းက ပို၍စိတ်ဆိုးလာလေဖြစ်သည်။ ၎င်းသည် ကွင်းထဲရှိ အတားအဆီးအားလုံးကိုပင် တိုက်သွားခဲ့ပြီး၊ ပြိုင်ပွဲကြည့်ရှုနေသော လူအုပ်ထဲတွင် ဆူပူသောင်းကျန်းမှုတစ်ခု ဖြစ်ပွားလာစေခဲ့သည်။

ကျိဟွိုက်စစ်သည် ကြည့်ရှုနေရာမှ ဆင်းသွားပြီး၊ နည်းပြများနှင့် ကွင်းပြင်အပြင်ဘက်ရှိ ဒိုင်လူကြီးများနှင့်အတူ ဖြေရှင်းချက်တစ်ခုရှာဖွေနိုင်ရန် ဆွေးနွေးခဲ့သည်။ ကျန့်ချီသည် နေရာတွင် ထိုင်နေဆဲပင် အုပ်အုပ်သဲသဲများ ဖြစ်ပေါ်ချိန်မှစ၍ သူသည် မလှမ်းမကမ်းရှိ ရှောက်ဟန့်ကို မျက်စိဖြင့် စိုက်ကြည့်နေမိသည်။

သူသည် ထိုရဲစွမ်းပြောင်မြောက်သော မြင်းစီးဝတ်စုံကို ဝတ်ဆင်ထားပြီး၊ သူ၏အနက်ရောင်မြင်းကို လက်တစ်ဖက်ဖြင့် ပွတ်သပ်နေသည်။ အန္တရာယ်နှင့် ရင်ဆိုင်နေရသော ပိုင်ရှီယွီကို ကြည့်နေစဉ်၊ သူ့မျက်နှာပေါ်တွင် ပေါ့ပါးပျင်းရိသောအပြုံးတစ်ခု ရှိနေပြီး၊ ဤရုတ်ရုတ်သဲသဲဖြစ်နေမှုအားလုံးသည် သူနှင့်မဆိုင်သကဲ့သို့ပင် ဖြစ်သည်။

ကျန့်ချီသည် အချိန်အတော်ကြာအောင် စောင့်နေခဲ့သည်။ ပိုင်ရှီယွီ မြင်းပေါ်မှ ပြုတ်ကျလုနီးနီးဖြစ်နေစဉ်၊ မြင်ကွင်းသည် ရှုပ်ထွေးနေခဲ့ပြီး၊ ပရိသတ်အုပ်စုကို ကျောင်းသားကောင်စီက လူစုခွဲခိုင်းခဲ့သည်။ ရှောက်ဟန့်သည် သူ၏မူလဟန်ပန်အတိုင်းပင် ရှိနေပြီး၊ သူ့မြင်းကိုပင် လှည့်ကြည့်ကာ နှစ်သိမ့်ပေးနေသည်။ သူ့လက်၏လှုပ်ရှားမှုမှာ မရပ်တန့်ခဲ့ပေ၊ သို့သော် သူ၏မျက်လုံးများကတော့ ပြတ်သားစွာ လှည့်ပတ်ကြည့်လိုက်ပြီး၊ ကျန့်ချီ၏ တုန်ရီနေပြီး မတည်မငြိမ်ဖြစ်နေသော မျက်လုံးများနှင့် တိုက်ရိုက်ဆုံသွားသည်။

အကြည့်များသည် လေထုထဲတွင် ထိပ်တိုက်တွေ့ဆုံသွားပြီး၊ သိမ်မွေ့သော မီးပွားများ ပေါက်ဖွားလာ‌စေခဲ့သည်။

သူ၏နှုတ်ခမ်းပါးပေါ်ရှိ အပြုံးသည် အနည်းငယ်ပိုကျယ်လာပြီး၊ အကွာအဝေးတစ်ခုရောက်နေစေကာမူ ကျန့်ချီသည် ရှောက်ဟန့်၏ခန္ဓာကိုယ်မှ ဖုံးကွယ်မထားသော ဖိနှိပ်မှုနှင့် အန္တရာယ်ကို ခံစားနိုင်ခဲ့သည်။ သူ၏နှုတ်ခမ်းများသည် ဖြည်းဖြည်းချင်းပွင့်လိုက်ပိတ်လိုက် လုပ်နေပြီး၊ ၎င်းတို့သည် မနေ့ကကဲ့သို့ သူ့နားထဲသို့ တီးတိုးပြောနေသကဲ့သို့ပင် ကြားနေမိသည်- ရှိုးကောင်းလား။

ရှောက်ဟန့်သည် ပိုင်ရှီယွီကို မကယ်ခဲ့ပေ။ ဒါပေမယ့် အသိသာကြီး သူ ပိုင်ရှီယွီကို သွားကယ်ရမှာလေ။

ဘာကြောင့်လဲ?

Chapter 14 ended.

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment