Chapter 12
ကျန့်ချီသည် ရှည်လျားသော စင်္ကြံတစ်လျှောက် လမ်းလျှောက်လာခဲ့ရာ ထောင့်ချိုးရှိ အကွေ့တွင် လူတစ်ဦးနှင့် တိုက်မိသွားသည်။ ထို့နောက် "တောင်းပန်ပါတယ်" ဟု တိုးတိုးလေးပြောကာ ရှေ့ဆက်သွားရန် ခေါင်းငုံ့လိုက်ချိန်၌ ရုတ်တရက် သူ့လက်မောင်းကို အဆွဲခံလိုက်ရသည်။
"ကျန့်ချီ " ကျိဟွိုက်စစ်က သူ့နာမည်ကိုခေါ်ပြီး နွေးထွေးစွာ မေးသည်။
"အတန်းက စတော့မှာ၊ မင်းဘယ်သွားမလို့လဲ?"
အခုလေးတင် သူ့ဘက်က အရင်စတိုက်မိတယ်ဆိုတာကိုသာ မသိခဲ့ရင် ကျန့်ချီသည် ကျိဟွိုက်စစ်က သူ့ကို တမင်စောင့်နေသည်ဟု ထင်မိမှာ ဖြစ်သည်။
"ကျန်းယန်ကို ပြောစရာရှိလို့ ရှာနေတာ"
ထိုသို့ဖြေလိုက်သော်လည်း ကျန့်ချီသည် နောက်ကျသွားပြီဖြစ်ကြောင်း သိလိုက်သည်။
"ငါက သူနဲ့ စာပေအတန်းအတူတူပဲ။ မင်းစိတ်ထဲမထားရင် မင်းအတွက် ငါ သတင်းပါးပေးလို့ရတယ်"
ကျန့်ချီသည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားသည်။
"မလိုပါဘူး၊ အရေးကြီးကိစ္စမဟုတ်ပါဘူး"
ကျိဟွိုက်စစ်သည် မျက်လွှာချကာ အနည်းငယ် စိတ်ပျက်သွားပုံပေါ်သည်။ ထို့နောက် စိုးရိမ်ပူပန်မှုအနည်းငယ်ဖြင့် ထပ်မေးလိုက်သည်။
"မင်း အခုလေးတင် ဆေးခန်းထဲက ထွက်လာတာ ငါတွေ့လိုက်တယ်။ မင်း အဆင်ပြေရဲ့လား?"
"ပြေပါတယ်၊ နည်းနည်း အိပ်မပျော်တာပါ"
ကျန့်ချီပြောနေရင်း ကျိဟွိုက်စစ်ဆွဲထားသော သူ့လက်မောင်းပေါ် ဖြည်းဖြည်းချင်း အကြည့်ရောက်သွား၏။ သူ့အကြည့်က သတိပေးလိုက်သလိုဖြစ်သွားပြီး ကျိဟွိုက်စစ်သည် အိပ်မက်မှ နိုးလာသကဲ့သို့ လက်ချောင်းများကို ဖြေလျှော့ပေးလိုက်သည်။ ထို့နောက် သူက အနည်းငယ် နောင်တရနေပုံဖြင့် ပြောသည်။
"တောင်းပန်ပါတယ်၊ မင်းဆီက ဘာပြန်စာမှ မရတော့ မင်းတစ်ခုခုဖြစ်နေပြီလားလို့ ငါထင်သွားတာ"
"ပြန်စာ?"
"ငါ မင်းဆီ မနက်က စာပို့ထားတယ်"
ကျန့်ချီသည် တစ်ခုခုကို သတိရသွားပြီး တစ်ခါမှ မဖွင့်ရသေးသော သူ့ဖုန်းကို ထုတ်လိုက်ရာ Notificationနေရာတွင် HS မှ သတိပေးချက်တစ်ခုကို တွေ့လိုက်သည်။ ထိုစာကို နှိပ်လိုက်သောအခါ ကျိဟွိုက်စစ်၏ သူငယ်ချင်းဖွဲ့ရန် တောင်းဆိုမှုနှင့်အတူ 'နေကောင်းသွားပြီလား?' ဟူသော စာကြောင်းကို တွေ့ရသည်။
"ငါမမြင်လိုက်မိဘူး"
ကျန့်ချီသည် မနက်က သူဘေးကိုချထားခဲ့သော ယူနီဖောင်းကို သတိရကာ နှုတ်ခမ်းကို တောင်းပန်သည့်သဘောဖြင့် စေ့လိုက်သည်။ "တော်တော်လေး သက်သာလာပါပြီ။ ကျောင်းဝတ်စုံအတွက် ကျေးဇူးတင်ပါတယ်"
ကျိဟွိုက်စစ်၏ အပြုံးသည် ပိုမိုနွေးထွေးလာပြီး သူ့မျက်လုံးများသည် နှုတ်ခမ်းထောင့်နှင့်အတူ ကော့ညွတ်နေကာ စိတ်ချယုံကြည်ရပုံအပြည့်ဖြစ်နေသည်။
"ရပါတယ်။ ဒီကိစ္စက အစကတည်းက ငါ့အမှားပါ။ ငါ အချိန်မီ မတားနိုင်ခဲ့ဘူး။ အဲ့ဒီလူတွေကလည်း သူတို့ကိုယ်သူတို့ ပြန်သုံးသပ်ပြီး သူတို့ရဲ့အမှားကို သိသွားလို့ မင်းကို လူကိုယ်တိုင်တောင်းပန်ချင်နေကြတယ်"
ကျန့်ချီသည် ထိုလူများက သူတို့အမှားကို တကယ်သတိထားမိလိမ့်မည်ဟု မထင်ပေ။ စိတ်သက်သာရာရရန်အတွက်သာ ထိုသို့အပေးအယူလုပ်ခြင်းဖြစ်နိုင်သည်။
သူသည် မနေ့က လောင်းကျခံခဲ့ရသော ရေဇလုံနှင့် ပြတင်းပေါက်ဘေးတွင် ထိုင်ကာ ထိုမြင်ကွင်းကို ကြည့်နေခဲ့သည့် ရှောက်ဟန့်အား ပြန်လည်အမှတ်ရလိုက်သည်။ သူ့နှလုံးသည် ပို၍ပင် တုန်လှုပ်သွားသည်။ ထို့နောက် သူ့အိပ်မက်ထဲမှ ရှောက်ဟန့်၏ ရွံရှာနေသောအသံက သူ့နားထဲသို့ ပဲ့တင်ထပ်လာသည်။
"မင်းနဲ့ မတန်ဘူး"
"ကျန့်ချီ?"
ကျိဟွိုက်စစ်သည် အနည်းငယ် ပိုနီးလာပြီး သူ့ပခုံးပေါ်သို့ လက်ကို ပေါ့ပေါ့ပါးပါး တင်လိုက်သည်။
"ကျန့်ချီ၊ မင်းဘာဖြစ်နေတာလဲ?"
".... အဆင်ပြေပါတယ်" ကျန့်ချီသည် သတိပြန်ဝင်လာပြီး နားထင်ကို လက်ဖြင့်ပွတ်သပ်ကာ ခေါင်းခါလိုက်သည်။
အိပ်မက်ထဲမှ ပုံရိပ်များသည် လက်တွေ့ဘဝနှင့် အဆက်မပြတ် ရောယှက်နေပြီး သူ့စိတ်ကို ပိတ်ဆို့နေသဖြင့် တကယ့်အဖြစ်မှန်နှင့် အတုအယောင်ကို ခဏတာ ခွဲခြားမရဖြစ်စေသည်။ ပခုံးပေါ်ရှိ အထိအတွေ့က ကျန့်ချီကို အနည်းငယ် ထူးဆန်းသလို ခံစားရစေပြီး ကျိဟွိုက်စစ်၏ လက်ကို ရှောင်တိမ်းရန် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
"လာမယ့်အပတ်မှာ မြင်းစီးပြိုင်ပွဲရှိတယ်လို့ လူတွေပြောတာ ကြားမိတယ်"
ကျိဟွိုက်စစ်၏လက်ချောင်းများသည် တွန့်လိမ်သွားသည်။ ကျန့်ချီက စကားလမ်းကြောင်းပြောင်းလိုက်သည်ကို ကြားလိုက်ရသဖြင့် ခေါင်းညိတ်ပြီး ပြောသည်။
"လာမယ့် ဗုဒ္ဓဟူးနေ့က စိန့်စတန်ရဲ့ နှစ်ပတ်လည် မြင်းစီးပြိုင်ပွဲပဲ။ မင်း ပွဲကြည့်ချင်လို့လား?"
ကျန့်ချီသည် ခေါင်းခါချင်သော်လည်း ထိုအတွေးမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူ့မှာစစ်ဆေးရန် ပိုအရေးကြီးသည့် ကိစ္စတစ်ခု ရှိသည်။
"ဥက္ကဋ္ဌလည်း ဒီပြိုင်ပွဲမှာ ဝင်ပြိုင်မယ်လို့ ကြားတယ်၊ ဟုတ်လား?"
"ရှုထင်က မနှစ်က ပြိုင်ပွဲကို အနိုင်ရခဲ့တယ်လေ။ ဒီနှစ်လည်း ဝင်ပြိုင်လောက်တယ်" ကျိဟွိုက်စစ်က ခဏတာ ရပ်လိုက်သည်။
"ဘာဖြစ်လို့လဲ? တစ်ယောက်ယောက်က မင်းကို တစ်ခုခု ပြောပြခဲ့လို့လား?"
ရှုထင်၊ ရှန်းရှုထင် - အိပ်မက်ထဲကအတိုင်း နာမည်တူကို ကြားလိုက်ရတဲ့အခါ ကျန့်ချီသည် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ သူ့ရှေ့က ကျိဟွိုက်စစ်၏မျက်နှာမှာ နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ်ခါတစ်ရံ ယိမ်းထိုးနေကာ၊ တစ်ခါတစ်ရံ ထပ်နေသလိုဖြစ်နေသည်။
အိပ်မက်ထဲက ဖြစ်ရပ်တွေအားလုံးက တကယ်သာဆိုရင် သူ့ရဲ့တည်ရှိမှုက ဘာအတွက်လဲ? ဒီကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတာလဲ? စိန့်စတန်ကို ရောက်လာပြီးနောက်ပိုင်း သူကြုံတွေ့ခဲ့ရတာတွေက အမှန်တွေလား၊ အမှားတွေလား?
ကျန့်ချီသည် လမ်းညွှန်ရော၊ အလင်းရောင်တွေပါ မရှိတဲ့ မှောင်မိုက်တဲ့ ဝင်္ကပါထဲကို ကျရောက်နေသလို ခံစားနေရသည်။ သူသည် အဆိုးရွားဆုံးသော လမ်းဆုံးသို့ မရောက်ရှိရန် တိတ်တဆိတ်မျှော်လင့်ရင်း ရှေ့သို့စမ်းတဝါးဝါးသွားရန် သူ၌ရှိသော သဲလွန်စအနည်းငယ်ကိုသာ အားကိုးနိုင်ခဲ့သည်။
ရက်ပေါင်းများစွာကြာသည်အထိ ကျန့်ချီ အိပ်မက်မမက်တော့ပါ။
အိပ်ရာမဝင်မီတိုင်း ထိုနေ့က သူ အိပ်မက်မက်ခဲ့တဲ့ အရာအားလုံးကို ပြန်အမှတ်ရဖို့ ကြိုးစားခဲ့ပေမယ့် အချည်းနှီး ဖြစ်ခဲ့သည်။
ဖြစ်ရပ်ဟောင်းများသည် လူသစ်များ၊ အကြောင်းအရာအသစ်များဖြင့် အမြဲ အစားထိုးခံရသည်။ နှစ်ရက်ကြာပြီးနောက် ကျန့်ချီသည် အခြားသူများထံမှ အကြည့်ခံရခြင်း မရှိတော့ပေ။ သူတို့မှာ ခေါင်းစဉ်အသစ်တွေနဲ့ အတင်းအဖျင်းအသစ်တွေ ရှိနေတာက လက်ရှိအချိန်မှာ တစ်ခုတည်းသော ကံကောင်းခြင်း ဖြစ်နိုင်သည်။
ကျိဟွိုက်စစ်က အနိုင်ကျင့်သူတွေကို လူကိုယ်တိုင် လာတောင်းပန်စေချင်ခဲ့ပေမယ့် ကျန့်ချီက လက်မခံခဲ့ချေ။ သူက ဒီကိစ္စကို စိတ်ထဲ မထားတော့ဘူးလို့ ပြောပြီး မမျှော်လင့်ဘဲ ဖြစ်လာနိုင်တဲ့ ရွေးချယ်မှုတွေကို ကြီးမားတဲ့ အနီရောင်ကြက်ခြေခတ်နဲ့ မှတ်သားခဲ့သည်။
အခြေအနေက ဘယ်ဘက်ကို ဦးတည်လာမယ်ဆိုတာ ကျန့်ချီအတိအကျ မသိခဲ့ပေ။ သူလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အပြောင်းအလဲတွေကို အနည်းဆုံးဖြစ်အောင် ထိန်းချုပ်ထားဖို့ပါပဲ။
ဒီလို ထူးဆန်းတဲ့အပြောင်းအလဲကို အပြင်လူတစ်ယောက်ရဲ့ ရှုထောင့်ကနေ ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ သူအချိန်ပိုလိုအပ်ခဲ့သည်။
အိပ်မက်ထဲတွင် သူသည် ဒုက္ခရောက်မည်ကို ကြောက်ရွံ့ခဲ့သော်လည်း လက်တွေ့ဘဝတွင်မူ သူသည် ဒုက္ခကို မဖိတ်ခေါ်ချင်ခဲ့ပေ။ဒီစကားလုံးနှစ်လုံးဟာ လုံးဝကို ကွဲပြားတဲ့အဓိပ္ပါယ်တွေ ရှိနေခဲ့သည်။
စာပေကလပ်ရဲ့ ခေါင်းစဉ်အသစ်က ရုပ်ရှင်ဖြစ်သည်။ ရှောက်ဟန့်က တစ်ဖန် ကျန့်ချီရဲ့နောက်မှာ ထိုင်ဖို့ ရွေးချယ်ခဲ့ပြီး တစ်ခါတစ်ရံ ပေါ့ပေါ့ပါးပါး စကားဝိုင်းတွေလည်း ရှိခဲ့သည်။
စာပေကလပ်ဥက္ကဋ္ဌက ရှိတ်စပီးယားကို အထူးနှစ်သက်ခဲ့ပြီး ဖန်သားပြင်ပေါ်မှာ "Hamlet" ကို ဖွင့်ပြခဲ့သည်။ အခန်းက မှောင်နေပြီး ကျန့်ချီသည် သူ့နောက်က ထူးဆန်းမှုတွေကို လျင်မြန်စွာ လျစ်လျူရှုလိုက်သည်။
ဇာတ်လမ်းအထွတ်အထိပ်ရောက်တဲ့အချိန်မှာ သူ့လည်ပင်းနောက်က တစ်စုံတစ်ခုနှင့် ပွတ်တိုက်သွားသလို ခံစားလိုက်ရပြီး အေးစိမ့်သွားသည်။
"မင်း ကျိဟွိုက်စစ်နဲ့ ဒီရက်ပိုင်း အရမ်းရင်းနှီးနေတယ်မလား?"
ရှောက်ဟန့်ရဲ့အသံက သူ့နားကပ်ပြီး တီးတိုးပြောသလိုမျိုး နက်ရှိုင်းနေသည်။
"သူက မင်းအတွက်နဲ့ ငါ့သူငယ်ချင်းကို ဆိုးဆိုးရွားရွား ဆူပူကြိမ်းမောင်းခဲ့တာ။ ငါ ဘယ်လို လက်စားချေသင့်တယ်လို့ မင်းထင်လဲ?"
ကျန့်ချီသည် မူမမှန်မှုကို လျစ်လျူရှုကာ ခေါင်းမလှည့်ဘဲ ဖန်သားပြင်ကို ဆက်ကြည့်နေသည်။
"ငါမသိဘူး"
"မင်း စိုးရိမ်မနေဘူးပဲ"
"ဒါဆို မင်း တကယ်ပဲ လက်စားချေတော့မှာလား?"
ကျန့်ချီရဲ့လေသံက တည်ငြိမ်ပြီး ပြတ်သားနေသည်။
အိပ်မက်ထဲမှာ ပိုင်ရှီယွီကို အလျော့ပေးခဲ့တဲ့ ရှောက်ဟန့်ကို သူမြင်ဖူးခဲ့တာကြောင့် ဖြစ်နိုင်သည်။ သူ့ရှေ့မှ ဒီလူက အစောပိုင်းတုန်းကလို ကြောက်စရာမကောင်းတော့ချေ။ တစ်ခုက လွဲလို့ပေါ့- သူက အရင်ကလို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းနေတုန်းပဲ။
ရှောက်ဟန့်သည် ကျေနပ်ရွှင်မြူးမှုအနည်းငယ်ဖြင့် ပြုံးလိုက်သည်။ "ငါ မလုပ်ဘူးဆိုတာကို မင်း ဘယ်လိုသိလဲ? မင်းရဲ့ သူငယ်ချင်းကောင်းက ငါ့ကို အခုတလော အနှောင့်အယှက်ပေးနေတာ။ ငါ သူ့ကို အရင် လက်စားချေသင့်လား၊ ဒါမှမဟုတ် ကျိဟွိုက်စစ်ကိုလား မင်းဘယ်လိုထင်လဲ?"
ဒီအသံက အချိုပွဲအတွက် ပူတင်း ဒါမှမဟုတ် ကိတ်မုန့် ရွေးသလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်တာဖြစ်ပြီး ရှောက်ဟန့်ရဲ့ အန္တရာယ်ရှိတဲ့စကားတွေနဲ့ အိပ်မက်ထဲက သူ့ကို ထိုးခဲ့တဲ့လက်သီးကို ကျန့်ချီ မနေနိုင်ဘဲ တွေးမိသွားသည်။
ကျောင်းသားသမဂ္ဂရုံးခန်းရဲ့ ကြမ်းပြင်က အရမ်းအေးစက်နေပေမယ့် ရှောက်ဟန့် သူ့ကိုကြည့်တဲ့အကြည့်လောက်တော့ မအေးစက်ခဲ့ပေ။
ဒီအရာအားလုံးကို တွေ့ကြုံခဲ့သူက သူမဟုတ်ဘူးဆိုတာ သိနေပေမယ့် ကျန့်ချီက နည်းနည်းလေး လှုပ်ရှားလိုက်ပြီး ရှောက်ဟန့်ရဲ့ အသက်ရှုသံကို ရှောင်လိုက်သည်။ သူ ထပ်ပြောလိုက်သည်။
"ငါ မသိဘူး"
"ပျင်းစရာကောင်းလိုက်တာ"
အသံက ရုတ်တရက် အေးစက်သွားပြီး အခုလေးတင် စိတ်ဝင်စားနေတဲ့ လေသံဟာ လူတွေကို ဘာမှမတုံ့ပြန်ရဲအောင် အုံ့မှိုင်းနေတဲ့လေသံနဲ့ အစားထိုးခံခဲ့ရသည်။
ရုတ်တရက် ကျန့်ချီသည် သူ့မေးရိုး ကွဲကြေမွတော့မလို ခံစားလိုက်ရသည်။ ရှောက်ဟန့်သည် အခြားသူများကို ထိန်းချုပ်ရတာကို ကြိုက်ပုံရပြီး ကျန့်ချီမှာ သူ့ကို အနီးကပ်ကြည့်ရန် ခေါင်းလှည့်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိပေ။
အမှောင်ထဲတွင် ရှောက်ဟန့်၏ မျက်လုံးများ၌ အေးစက်သော အလင်းရောင်တစ်ခုရှိနေပြီး လောင်ကျွမ်းနေသော မီးလျှံတစ်ခုနှင့်တူသည်။ ထိုကဲ့သို့ အလင်းရောင်မျိုးသည် သူ့ရင်ဘတ်ပေါ်ရှိ အနက်ရောင်ရင်ထိုးမှလည်း ထွက်ပေါ်နေသည်။
သူက ကျန့်ချီ၏မျက်နှာကို ဂရုတစိုက် ကြည့်နေပြီး ဘာကိုတွေးနေသည်ကို မသိရပေ။ သူ့အပြုအမူများက ရန်လိုပြီး နာကျင်စေသဖြင့် ကျန့်ချီက မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
"လွှတ်လိုက်"
"မင်း ငါ့ကို အမိန့်ပေးနေတာလား?"
ကျန့်ချီသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဒီလူကို ဒေါသမထွက်သင့်ကြောင်း သူ့ကိုယ်သူပြောကာ စကားလုံးတစ်လုံးချင်းစီဖြင့် မေးလိုက်သည်။
"မင်း လွှတ်ပေးလို့ ရမလား?"
ရှောက်ဟန့်သည် စိတ်ဝင်စားစွာဖြင့် သူ့နှုတ်ခမ်းထောင့်များကို ပင့်လိုက်သည်။ တစ်ဖက်လူ၏ စိတ်ရှည်သည်းခံသော ပုံစံသည် သူ့ရဲ့ယုတ်မာသောစိတ်ကို အလွန်ကျေနပ်စေသည်။ သူသည် ဆုပ်ကိုင်ထားသည်ကို လွှတ်ပေးလိုက်ပြီး သူ့လက်ချောင်းထိပ်များက ကျန့်ချီ၏ နီမြန်းနေသော ပါးပြင်ကို တမင်တကာ သို့မဟုတ် မတော်တဆ ပွတ်ဆွဲလိုက်သည်။
"မနက်ဖြန် မြင်းစီးပြိုင်ပွဲမှာ မင်းကို free show ကြည့်ဖို့ ဖိတ်ခေါ်လိုက်မယ်"
ကျန့်ချီသည် သူ့ရဲ့တောင့်တင်းနေတဲ့ မျက်နှာကို ပွတ်သပ်လိုက်သော်လည်း သူ့ရင်ထဲမှာတော့ လှုပ်ရှားမှုမရှိခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ရှောက်ဟန့်ရဲ့ 'ပွဲကောင်း' ဆိုတာ ဘာကိုဆိုလိုမှန်း သူသိနှင့်ပြီးသား ဖြစ်သည်။ သူက ပိုင်ရှီယွီကို ထပ်ပြီး အနိုင်ကျင့်တော့မှာဖြစ်ပြီး တစ်ဖက်လူကို မြင်းပေါ်က ပြုတ်ကျကာ ဒဏ်ရာရစေပြီး သူ့အပေါ်ထားတဲ့ သဘောထားကို ပြောင်းလဲစေမှာဖြစ်သည်။
တစ်ခုခုမှားယွင်းတာ မရှိဘူးဆိုရင် ရှောက်ဟန့်က ပိုင်ရှီယွီအပေါ် သူ့ရဲ့လှည့်ကွက်တွေအားလုံးဟာ သူ့နှလုံးသားထဲက ထူးဆန်းတဲ့ခံစားချက်တစ်ခုကနေ လာတယ်ဆိုတာကို မကြာခင် ရှာတွေ့တော့မှာဖြစ်ပြီး၊ အဲ့နောက် သူသည် အနိုင်ကျင့်စိုးမိုးပြီး အကြမ်းဖက်သော ချစ်ရေးဆိုမှုကို စတင်တော့မှာဖြစ်သည်။
ကျန့်ချီသည် အနည်းငယ် အေးစက်မှုကို ခံစားလိုက်ရသည်။ သူဟာ ပိုင်ရှီယွီကို တစ်နည်းတစ်ဖုံ စာနာမိခဲ့သည်။ ဒီလိုလူမျိုးနဲ့ ချစ်မိတာဟာ သေချာပေါက် အကြီးမားဆုံး ကံဆိုးမိုးမှောင်ကျတာပဲ ဖြစ်သည်။ (T/N: မပူနဲ့ ရှင့်ဘက်ကို လှည့်လာမှာပါ 🤭)
နောက်တစ်နေ့တွင် နှစ်ပတ်လည် မြင်းစီးပြိုင်ပွဲကို စိန့်စတန်၏ပွဲကျင်းပရာနေရာ၌ သတ်မှတ်ထားသည့်အတိုင်း ကျင်းပခဲ့သည်။
Chapter 12 ended