no

Font
Theme

Chapter 2

ကျန့်ချီသည် အခန်းအပြင်ဘက်တွင် နံပါတ် (၄၀၇)ဟု ချိတ်ဆွဲထားသည့် အခန်းဆောင်ကို သူ့ထံပါလာသည့် သော့ဖြင့် ဖွင့်လိုက်ရာ ထိုအခန်းသည် ဟာလာဟင်းလင်း ဖြစ်နေလေ၏။

သူသည် တစ်နှစ်တာလုံး နေထိုင်ရမည့် ထိုနှစ်ယောက်ခန်းဆောင်ထဲရှိ ဗလာဖြစ်နေသော ကုတင်ပေါ်တွင် သူ့ခရီးဆောင်အိတ်ကို အရင်ပစ်တင်လိုက်ပြီး အခန်းကို တစ်ပတ်ခန့် ဝေ့ဝိုက်ကြည့်လိုက်သည်။

အခန်းသည် အတော်အသင့်ကျယ်ဝန်းပြီး လင်းထင်းနေကာ အိမ်သုံးပစ္စည်းအစုံအလင် ရှိနေ၏။ မြေဈေး အလွန်ကြီးသော ချွမ်လင်တွင် ယခုကဲ့သို့ အခန်းမျိုးကို ငှားရမည်ဆိုပါက အိမ်လခသည် အလွန်များပြားသောပမာဏ ဖြစ်မည်မှာ သေချာသည်။

ခရီးဆောင်အိတ်ထဲတွင် ပစ္စည်းများများစားစား မပါဝင်ခဲ့ပေ။ ကျန့်ချီလည်း သူ့ပစ္စည်းများကို မိနစ်သုံးဆယ်ကြာအောင် နေရာချပြီးနောက် ကုတင်ပေါ်တွင် ထိုင်၍ ကျောင်းသားလက်စွဲစာအုပ်နှင့် မြေပုံကို လှန်လှောကြည့်နေ၏။ ထိုစာအုပ်ထဲတွင် တရားဝင်စည်းမျဉ်းများ ပါဝင်သော်လည်း သူ စိတ်ဝင်တစားရှိနေသော ရင်ထိုး၏ အဓိပ္ပာယ်ကိုတော့ နောက်ဆုံးစာမျက်နှာအထိ ရှာမတွေ့ခဲ့ပေ။

အခန်းတံခါးကို အပြင်ဘက်မှ တွန်းဖွင့်လိုက်ပုံရပြီး ပုလင်းဖင်မှန်ထူထူ မျက်မှန်ကို တပ်ဆင်ထားသော ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက် စာအုပ်အထပ်လိုက်ကို ရင်ခွင်ပိုက်ကာ အခန်းထဲသို့ဝင်လာ၏။ ကျန့်ချီကို မြင်သောအခါတွင်လည်း သူသည် အံ့ဩသွားပုံမရပေ။ သူ့အခန်းဖော်အသစ်သည် ယနေ့အဆောင်ပြောင်းရွှေ့လာမည်ဟု ကြိုတင်အကြောင်းကြားစာ ရထားခြင်း ဖြစ်ရမည်။

သူက နှာခေါင်းပေါ်သို့ လျှောကျနေသည့် မျက်မှန်ကို အသာပင့်တင်လိုက်ပြီး "ဟိုင်း၊ ငါက ဝေ့အန်းပါ၊ မင်းက ကျန့်ချီမလား" ဟု မိတ်ဆက်လာ၏။

"ဟိုင်း" ကျန့်ချီက သူ့ကို ခေါင်းညိတ်ပြပြီး ပြုံးပြလိုက်ရာ သူ့ဘယ်ဘက်မျက်လုံးအောက်ရှိ မှဲ့လေးကပါ မို့ခနဲ ပြုံးတက်လာပြီး သာမန်မျက်နှာပေါ်တွင် နွေးထွေးမှုများကို ပေါင်းစပ်ပုံဖော်ပေးလိုက်သည်။

သူ့ရှေ့မှ ကောင်လေးသည် သူ့၏အနာဂတ် အခန်းဖော်ဖြစ်ပေလိမ့်မည်။ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သောကြောင့် သူသည် ရင်းနှီးဖော်ရွေမှုပြရန်အတွက် တွန့်တိုနေမည် မဟုတ်ပေ၊ ထို့ပြင် တစ်ဖက်လူသည်လည်း ထိုနည်းအတိုင်းပင် လိုက်ပြုမူနေပုံရသည်။

ဝေ့အန်း၏ နေရခက်နေသော မျက်နှာသွင်ပြင်သည် အနည်းငယ် ပြေလျော့သွားပုံရ၏။ "မင်း ဒီနေ့ နေ့လယ်အတန်းရှိလား၊ ဘယ်လိုသွားရမလဲဆိုတာရော သိလား" ဟု မေးလာ၏။

ကျန့်ချီ က သူ့လက်ထဲရှိ မြေပုံကို မြှောက်ပြလိုက်ပြီး "ငါ အခု လမ်းကြောင်းကို မှတ်နေတာ၊ အတန်းချိန်ဇယားကို ကြည့်ဖို့ ကျောင်းသားအကောင့်ထဲကိုတော့ မဝင်ရသေးဘူး" ဟု ပြန်ပြော၏။

"မြန်မြန်ကြည့်လိုက်တာ ပိုကောင်းမယ်၊ ဒီမှာ နောက်ကျတာက အသေးအမွှား ကိစ္စမဟုတ်ဘူး" ဟု ဝေ့အန်းက သတိပေးလိုက်၏။

ကျန့်ချီလည်း "ကျေးဇူးပါ" ဟု ပြန်ဖြေ၏။ ကံကောင်းထောက်မစွာပင် ယနေ့ အတန်းများအားလုံးသည် နံနက်ပိုင်းတွင်သာ ရှိနေပြီး သူသည် အခုလို ရောက်ခါစ ဖြစ်သောကြောင့် အဆင့်မြင့်သင်္ချာ အတန်းတစ်ခုကိုသာ လွဲချော်ခဲ့ပြီး ဖြစ်သည်။

သူ သူ၏ကျောင်းသားအီးမေးလ်ထဲသို့ ဝင်ရောက်စစ်ကြည့်လိုက်ရာ ဆရာတစ်ဦးထံမှ အီးမေးလ်တစ်စောင် ရောက်ရှိနေ၏။ ထိုအီးမေးလ်သည် သူ 'စိန့်စတန်' သို့ ရောက်ရှိလာခြင်းကို ကြိုဆိုသည့် အီးမေးလ်ဖြစ်ပြီး ပထမဆုံးနေ့ဖြစ်၍ အတန်းပျက်ကွက်ခြင်းသည် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိကြောင်းနှင့် နောင်တွင် အတန်းချိန်များကို အချိန်မီ တက်ရောက်နိုင်ပါက ပြဿနာမရှိကြောင်း ရေးသားထား၏။

"အတန်းမရှိဘူးဆိုရင် အဆောင်မှာနေနေလို့ရတယ်၊ ဒါမှမဟုတ် စာကြည့်တိုက်မှာ စာသွားလုပ်လို့ရတယ်" ဟု ဝေ့အန်းက ပြောသည်။ "ငါ နောက်အပတ်ဖြေရမယ့် သင်္ချာစာမေးပွဲအတွက် စာလုပ်ဖို့ စာကြည့်တိုက်ကို သွားမလို့" ဟု ထပ်ပြော၏။

ကျန့်ချီသည် ဝေ့အန်းကိုင်ထားသော စာအုပ်၏ အဖုံးတွင် "အဆင့်မြင့်သင်္ချာ ထပ်ဆောင်းမေးခွန်းများ" ဟု ရေးထားသည်ကို သတိထားမိလိုက်၏။ ထိုကဲ့သို့ စာအုပ်မျိုးသည် အရေးကြီးသော ပုစ္ဆာများအတွက် သဘောတရားများနှင့် အချက်အလက်များကို နက်ရှိုင်းစွာ အသုံးချတတ်ရန် အထူးသင့်လျော်သည်ကို သတိထားမိလိုက်၏။

ထိုစာမေးပွဲသည် အရေးကြီးသော စာမေးပွဲ ဖြစ်ပုံရသည်ဟု ကျန့်ချီတွေးလိုက်၏။

"ငါ အဆောင်မှာပဲ အရင်နားလိုက်ဦးမယ်။ မနေ့ညကမှ ချွမ်လင်ကို အမြန်ရထားနဲ့ ငါးနာရီလောက် စီးခဲ့ရတာ။ အခုလည်း နှစ်နာရီလောက် ကားထပ်စီးထားရတော့ ငါ့ပခုံးနဲ့ ခြေထောက်တွေက ကိုက်ခဲနေတုန်းပဲ" ဟု ကျန့်ချီက ပြောလိုက်၏။

ဝေ့အန်းက ကိုယ်ချင်းစာသွားသည့်အမူအရာကို ပြသလိုက်ပြီး ထိုင်ချလိုက်ကာ "မင်း ဘယ်က လာတာလဲ" ဟု မေး၏။

"ယွင်ချန်က" ဟု ကျန့်ချီက ပြန်ဖြေသည်။ "တောင်ဘက်က မြို့လေးတစ်မြို့ပါ" ဟု ထပ်ဖြည့်ပြော၏။

"ငါ သိတယ်၊ အဲဒီမှာ ကျန်းနန်ရဲ့အထင်ကရနေရာတွေ ရှိတယ်လို့ ငါ ကြားဖူးတယ်"

ထိုအကြောင်းအရာသည် သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးကို အလျင်အမြန် နီးစပ်သွားစေ၏။ ဝေ့အန်းက သူ့အကြောင်းကို ပြောပြလာတော့သည်။ "ငါက ကျန်းချန်ကလေ။ ကျန်းချန်ကို သိတယ်မလား။ ငါတို့ဒေသမှာ စက်ရုံမျိုးစုံ ရှိတယ်၊ အထည်ဆယ်မျိုးမှာ တစ်မျိုးလောက်က အမြဲကျန်းချန်က လာတာ" ဟု ဂုဏ်ယူဝံ့ကြွားစွာ ပြော၏။

ကျန့်ချီသည် ခေါင်းတငြိမ့်ငြိမ့်လုပ်လိုက်ပြီး ပထမဆုံးအကြိမ် တွေ့ဆုံခြင်းကြောင့် အချင်းချင်းသိကျွမ်းနိုင်ရန်အတွက် ရိုးရှင်းသောနည်းလမ်းအဖြစ် တစ်ဦးချင်းစီ၏ ဇာတိမြို့အကြောင်းကို စကားစမြည် ပြောဆိုနေလိုက်၏။

မိနစ်အနည်းငယ်ကြာပြီးနောက် ဝေ့အန်းသည် သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး သူ အရင်သွားနှင့်တော့မည်ဟု ပြောကာ စားပွဲပေါ်ရှိ စာအုပ်များကို ကောက်ယူလိုက်၏။ ကျန့်ချီ၏ အကြည့်သည် သူ့ရင်ဘတ်ပေါ်ရှိ ကျောက်ဖြူရောင် ရင်ထိုးပေါ်တွင် ခဏတာ ရပ်တန့်သွားမိ၏။ ထို့နောက်...

"ငါ အခုလေးတင် စီနီယာကျောင်းသားတစ်ယောက် ဒီလို ရင်ထိုးမျိုး ထိုးထားတာ တွေ့ခဲ့တယ်၊ အဲ့ဒါ ဘာကို ဆိုလိုတာလဲ၊ ငါ ကျောင်းသားလက်စွဲစာအုပ်ကို လှန်ကြည့်ခဲ့ပေမယ့်၊ အထဲမှာ ဘာမှ ရှင်းပြထားတာ မရှိဘူးရော်" ဟု မေးလိုက်၏။

ဝေ့အန်း၏ မျက်နှာအမူအရာသည် ရုတ်တရက်ထူးဆန်းသွားပြီး သူ့မျက်ခုံးများပင် ဒေါသမာန်အပြည့်ဖြင့် ပင့်တက်လာကာ စိတ်ဆိုးမာန်ဆိုးဖြစ်လာသော်လည်း ဤရုတ်တရက်ပြောင်းလဲသွားသော စိတ်ခံစားမှုသည် ကျန့်ချီကို ရည်ညွှန်းခြင်း မဟုတ်ပေ။ သူက သူ့မျက်မှန်ကို ဖိချလိုက်ပြီး ...

"ဒါက ဘာမှကောင်းတဲ့ဟာ မဟုတ်ဘူး၊ အထက်တန်းလွှာက ဝက်ဂွစာတွေက အဆင့်အတန်းခွဲခြားဖို့သပ်သပ် သုံးကြတာ၊ မင်း အတန်းဝင်တဲ့အခါကျ ဒါတွေကို ဝတ်ဖို့မမေ့နဲ့၊ ပြောရရင် ဒါက ကျောင်းဝတ်စုံရဲ့ တစ်စိတ်တစ်ပိုင်းပဲ၊ မဝတ်ရင် ကျောင်းသားကောင်စီကနေ အရေးယူတာ ခံရလိမ့်မယ်" ဟု ပြောပြ၏။

'အထက်တန်းလွှာက ဝက်ဂွစာများ' သည် သူကိုယ်တိုင်ဖန်တီးထားသော စကားလုံးများဖြစ်ပုံရပြီး ဟန်ဖန့်၏ အပေါ်ယံဟန်ပန်များကိုမြင်ဖူးသော ကျန့်ချီသည် ထိုစကားစု၏ အဓိပ္ပာယ်ကို လျင်မြန်စွာ နားလည်သွား၏။

သူ့စိတ်ထဲတွင် အံ့သြမှုတစ်ခု ဖြတ်သန်းသွား၏။ "ရင်ထိုးကို အဆင့်အတန်းခွဲခြားဖို့ သုံးတာလား" ဟု မေးလိုက်၏။

ဝေ့အန်း၏ မျက်နှာထားသည် မကောင်းတော့ပေ၊ သူသည် ထိုအကြောင်းကို မပြောချင်ပုံရသော်လည်း ကျန့်ချီကို စိတ်ရှည်လက်ရှည် ရှင်းပြနေတုန်းပင်။

"အဖြူရောင်က ငါတို့လို အထူးခေါ်ယူခံရတဲ့သူတွေအတွက်၊ အဝါရောင်က ချမ်းသာကြွယ်ဝတဲ့ နောက်ခံရှိတဲ့သူတွေအတွက်၊ အနီရောင်က နိုင်ငံရေးနောက်ခံရှိတဲ့ ကျောင်းသားတွေအတွက်၊ ခရမ်းရောင်ကတော့ အဲ့တာတွေထက် တစ်ဆင့် ပိုမြင့်တယ်၊ မိသားစုတစ်ခုလုံးရဲ့ အမွေဆက်ခံသူ ဒါမှမဟုတ် အာဏာရှိတဲ့သူတွေပဲ။ အဆင့်အမြင့်ဆုံးဖြစ်တဲ့ အနက်ရောင်ကိုတော့ ကျောင်းမှာ တွေ့ရဖို့ မလွယ်ဘူး၊ သူတို့တွေက ဘယ်သူမှ မထိရဲတဲ့လူတွေပဲ၊ သူတို့ကို တွေ့ရင် ရှောင်သွားဖို့ မမေ့နဲ့ဦး" ဟု ပြောပြလာ၏။

(T/N: ရင်ထိုးအရောင်တွေကို သေချာမှတ်ထားပါ။ ဒီnovelအတွက် ရင်ထိုးအရောင်များ သိမှ ဖတ်ရတာ ပျော်စရာကောင်းပြီး အဆင်ပြေပါလိမ့်မယ်)

ဤကဲ့သို့ ခွဲခြားမှုများသည် စာမျက်နှာ သုံးမျက်နှာပြည့်နေသည့် သင်တန်းရွေးချယ်မှုများထက် ပိုမိုရှုပ်ထွေးပုံရပြီး ကျန့်ချီလည်း စိန့်စတန်သည် အခြားကျောင်းများနှင့် မတူဘဲ ထူးခြားနေသည်ကို ထပ်မံသိရှိလိုက်၏။ သူတက်ရောက်ခဲ့သော အထက်တန်းကျောင်းနှင့် နှိုင်းယှဉ်ကြည့်ပါက စိန့်စတန်သည် ကျောင်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြမထားသော ရင့်ကျက်ပြီး ရက်စက်ကြမ်းကြုတ်သည့် အဖွဲ့အစည်းများစုဖွဲ့ထားသည့် လူ့အဖွဲ့အစည်းငယ်လေးနှင့် ပို၍ဆင်တူနေ၏။

သူသည် စိန့်စတန်အကြောင်းကို ရှာဖွေခဲ့စဉ်က 'ထိပ်တန်းပုဂ္ဂိုလ်များ၏ လက်လွှဲပုခက်' ဟု ခေါ်ဆိုကြပြီး နာမည်ကြီးကျောင်းများသို့ ဝင်ခွင့်နှုန်းတွင် ထိပ်ဆုံး ၁၀ နေရာထဲ၌ တည်ငြိမ်စွာရပ်တည်နေသည်ကို သူပြန်အမှတ်ရမိ၏။ လူတိုင်းက ထိုကျောင်း၏ကောလိပ်စနစ်ကို ချီးကျူးကြပြီး လုပ်ငန်းနယ်ပယ်မှ ထိပ်တန်းပုဂ္ဂိုလ်များနှင့် ဩဇာအာဏာကြီးမာသော ပါမောက္ခများလည်း ပေါများလှဟည်ဟု ဆိုကြ၏။

သို့သော် ယခုအခါတွင် ထိုကျောင်းနှင့် စူပါမားကတ်မှ ကုန်ပစ္စည်းများကြားတွင် ကွာခြားချက်ရှိပုံမရဘဲ ထောင့်များတွင် 'ပုံများသည် ကိုးကားရန်အတွက်သာ' ဟု ရေးထားသည်နှင့် ပိုတူနေ၏။

ကံကောင်းစွာပင် ကျောင်းစရိတ် ကင်းလွတ်ခွင့်သည် ထိုကိုးကားထားသည့် နယ်ပယ်ထဲတွင် မပါဝင်ပေ၊ ထိုအချက်သည်ပင် သူ ဤကျောင်းကို ရွေးချယ်ရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည်။ အဝတ်ခြောက်လျှော်ဆိုင်ကို ရောင်းချလိုက်ခြင်းဖြင့် ငွေအများကြီး ရရှိနိုင်သော်လည်း ချွမ်လင်တွင် ခိုင်မာသော အခြေစိုက်မှုတစ်ခုကို ရရှိလိုပါက နေထိုင်မှုစရိတ်ကို လျှော့မတွက်သင့်ပေ။ သူသည် ကျန့်ချိန်ချောင်အပေါ် ဖိအားများစွာပေးမိမည်ကို မလိုလားပေ။

ချွမ်လင်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့စဉ်က သူ့မိခင်ကို လွမ်း၍သာ မဟုတ်ဘဲ ကျန့်ချိန်ချောင်၏ သူ့အပေါ် အမြဲတစေ နောင်တရနေမှုကြောင့်လည်း ပါဝင်၏။ ဤနှစ်များအတွင်း တောက်လျှောက်အလုပ်များနေသော ကျန့်ချိန်ချောင်သည် သူ့အပေါ် ဂရုစိုက်မှု ပေါ့လျော့ခဲ့သည်ကို ကျန့်ချီနားလည်၏။ သို့သော်လည်း ဤနောင်တရမှုသည် ကျန့်ချိန်ချောင်ကို အစဉ်အမြဲပင် သတိပေးနေလျက်ရှိပြီး ကျန့်ချီကို ပိုမိုကြီးမားပြီး ပိုမိုကောင်းမွန်သော မြို့ပြသို့ ခေါ်ဆောင်၍ အဆင့်အတန်းတစ်ခုဖြင့် အရည်အသွေးရှိသော ဘဝကို နေထိုင်စေလိုခဲ့၏။

ကျန့်ချီသည် သူ့ဖခင်ကို အမှန်တကယ် အပြစ်မတင်ရက်ပေ။ သူသည် တစ်ဖက်လူ၏မျက်လုံးထဲမှ တောင်းပန်တိုးလျှိုးသောအရိပ်အယောင်ကို မမြင်ချင်ခဲ့ပေ။

ချွမ်လင်သို့ ပြောင်းရွှေ့ခြင်းသည် အမှန်တကယ်ပင် ပိုမိုကောင်းမွန်သော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

ထိုညက ကျန့်ချီတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး နောက်တစ်နေ့ မနက်တွင် သူ့စာအုပ်များကို ကိုင်၍ ကျယ်ပြောလှသော ကျောင်းဝင်းတစ်ဝိုက် လှည့်ပတ်သွားလာနေ၏။

အပြင်မထွက်မီ ဝေ့အန်းသည် သူ့ကို လမ်းပြပေးချင်ခဲ့သော်လည်း အရင်ကတည်းက တစ်ခါမှ မမှားဖူးသော လမ်းညွှန်စနစ်ကြောင့် ယုံကြည်ချက်ရှိသော ကျန့်ချီသည် အခြားသူကို အခက်အခဲ မဖြစ်စေလိုတော့ပေ။ သို့သော်လည်း ယခုအချိန်တွင်ပင် ၎င်းသည် ပထမဆုံးအကြိမ်အဖြစ် အမှားအယွင်းကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူသည် ကျောင်းဝင်းအတွင်းရှိ လမ်းမကြီးပေါ်တွင် လျှောက်လှမ်းနေစဉ် ကျောင်းသားအဖွဲ့အစည်းများ ဖြတ်သွားသည်ကို ‌မြင်နေရ၏။ အချို့သည် သူတို့၏ ခေါင်းများကို မော်ဝံ့ထားကြပြီး အချို့သည် သူတို့၏ ခေါင်းများကို ငုံ့ထားလျက် လျင်မြန်စွာ လျှောက်လှမ်းနေကြ၏။ ရှေ့မှ ကျောင်းသားအများစုသည် ပတ္တမြားနှင့် ဥဿဖယားရောင် ရင်ထိုးများ ဝတ်ဆင်ထားကြပြီး နောက်မှ လူများမှာ အများအားဖြင့် အဖြူရောင် ရင်ထိုးများ ဝတ်ဆင်ထားကြ၏။ ဝေ့အန်းပြောခဲ့သည့် ခရမ်းရောင်နှင့် အနက်ရောင်များကို သူ မတွေ့ရပေ။ ရှိကောင်းရှိနိုင်သော်လည်း ကျန့်ချီတွင် အာရုံစိုက်ရန် အချိန်မရှိပေ။

နံနက်ခင်း ကျောင်းတက်ခေါင်းလောင်းသံ မြည်ဟီးလာပြီး သူ့ပတ်ဝန်းကျင်မှ လူအုပ်ကြီးလည်း တဖြည်းဖြည်း နည်းပါးသွား၏။ ကျန့်ချီတစ်ယောက် သူ လမ်းပျောက်နေသည်ကို ဝန်ခံရတော့မည်။

သူသည် ခြေလှမ်းများကို နှေးကွေးလိုက်ပြီး သူရှိနေသည့် နေရာတွင် ရပ်တန့်လိုက်ကာ စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးနောက် ပညာရေးအကြံပေးရုံးသို့သာ ပြန်သွားရန် ဆုံးဖြတ်လိုက်၏။ ထိုအချိန်တွင် သူ့နောက်မှ သူ့ကို တစ်စုံတစ်ဦးက ခေါ်လိုက်သည်ကို သူ ကြားလိုက်ရပြီး အသေးစိတ်တွေးတောနေခြင်း မပြုမီ ကျန့်ချီသည် နောက်သို့ ခပ်မြန်မြန် လှည့်ကြည့်လိုက်သည်။

"မင်း လမ်းပျောက်နေတာလား"

တစ်ဖက်လူသည် လက်ထဲတွင် ဖိုင်တွဲတစ်ခု ကိုင်ထားပြီး သူ့ကိုယ်ခန္ဓာသည် ရှည်လျားဖြောင့်တန်းနေ၏။ သူ့ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော တူညီကျောင်းဝတ်စုံသည် သူ့ပခုံးပေါ်မှတဆင့် ခန္ဓာကိုယ်တစ်လျောက် ခပ်ကျစ်ကျစ်ခါးနှင့် သွယ်လျသော ခြေထောက်များအထိ ကွက်တိကျနေလျက် အထူးချုပ်လုပ်ထားသည့် ဖက်ရှင်အဝတ်အစားတစ်စုံနှင့် ပိုတူနေ၏။

မှောင်မည်းနေသော ပိတုန်းရောင်ဆံသားများသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော အသားအရေကို တမျိုးတဖုံ အားဖြည့်ပေးနေ၏။ ချောမောထူးခြားသော မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ရှိနေပြီး ဆောင်းဦးကာလ၏ နူးညံ့သိမ်မွေ့သော ကဗျာတစ်ပုဒ်သည် နွေဦးသို့ ပေါင်းစပ်သွားသကဲ့သို့ သာယာနာပျော်ဖွယ် ဖြစ်နေ၏။ ၎င်းသည် ကျန့်ချီမျက်လုံးများ၏ အာရုံစူးစိုက်မှုပင်။

"ဟုတ်ကဲ့" ကျန့်ချီသည် အဖြေမပေးမီ ခဏတာ တုံ့ဆိုင်းနေပြီးနောက် "ကျွန်တော် Smith အဆောက်အအုံကို သွားချင်တာပါ၊ ဒါပေမဲ့ လမ်းကို ရှာမတွေ့တော့လို့" ဟု ပြော၏။

"Smith အဆောက်အအုံက ဒီဧရိယာမှာ မရှိဘူး၊ မင်း အဆင်ပြေမယ်ဆိုရင် ငါ မင်းကို လိုက်ပို့ပေးလို့ရတယ်၊ ငါလည်း လမ်းကြုံတာပေါ့" ဟု ကျိဟွိုက်စစ်က ကမ်းလှမ်းလိုက်၏။

ကျန့်ချီသည် စက္ကန့်အနည်းငယ်ကြာ တွေးလိုက်ပြီး "ဒါဆိုရင် မင်းကို အနှောင့်အယှက် ပေးမိသလို ဖြစ်သွားမှာပေါ့" ဟု ပြော၏။

ထိုလူသည် အနည်းငယ် ပြုံးလိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက သဘာဝအတိုင်း ပုံသွင်းထားသကဲ့သို့ ဖော်ရွေမှုကို အတိအကျ ပြသနေ၏။

"မဖြစ်ပါဘူး မင်း ငါ့ကို ကျိဟွိုက်စစ်လို့ ခေါ်လို့ရပါတယ်"

"ငါ့နာမည်က ကျန့်ချီပါ"

"ကျန့်ချီ၊ မင်းက အသစ်ပြောင်းလာတဲ့ ကျောင်းသားလား" ကျိဟွိုက်စစ်သည် အနားသို့ချဉ်းကပ်လာပြီးနောက် သင့်လျော်သော အကွာအဝေးကို ထိန်းသိမ်းထားပြီး ကျန့်ချီကို စင်္ကြံလမ်းထဲသို့ ခေါ်ဆောင်သွား၏။

"ငါ ကျောင်းသားသစ်အချက်အလက်တွေထဲမှာ မင်းရဲ့ ဓာတ်ပုံကို မြင်လိုက်တယ်၊ အဲဒါကြောင့် ခုနက မင်းကို လှမ်းခေါ်လိုက်တာ၊ စိန့်စတန်မှာလည်း တခြားကျောင်းတွေလိုပဲ ကျောင်းသားတွေကို စီမံခန့်ခွဲရတာက ကျောင်းသားကောင်စီရဲ့ တာဝန်ပဲလေ" ဟု ပြော၏။

ကျန့်ချီသည် တစ်ဖက်လူ၏ ရင်ဘတ်ပေါ်ရှိ ခရမ်းရောင်နီလာရင်ထိုးကို သတိထားမိလိုက်ပြီး ရင်ထိုးအောက်တွင် တောက်ပနေသော တံဆိပ်များစွာကိုလည်း တွေ့လိုက်ရ၏။ "မင်းက ကျောင်းသားကောင်စီက အဖွဲ့ဝင်လား" ဟု မေး၏။

"ငါက ကျောင်းသားကောင်စီရဲ့ ဒုဥက္ကဋ္ဌပါ၊ နောင်ကျရင် မင်း ငါ့ကို ကျောင်းမှာ မကြာခဏ တွေ့ရလိမ့်မယ်"

ကျိဟွိုက်စစ်က စကားပြောစဉ် ကျန့်ချီ၏မျက်လုံးများကို စိုက်ကြည့်နေပြီး ယုံကြည်စိတ်ချရသော တည်ငြိမ်မှုနှင့် အာရုံစူးစိုက်မှုများ ပါဝင်နေ၏။ "မင်းမှာ မေးစရာတစ်ခုခုရှိလာရင် ငါ့ကို အချိန်မရွေး မေးလို့ရတယ်၊ ကျောင်းသားကောင်စီ ရုံးခန်းက Smith အဆောက်အအုံရဲ့ မြောက်ဘက်ခြမ်းမှာရှိတယ်၊ မင်း အပေါ်ကနေ လှမ်းကြည့်လိုက်ရင်လည်း ကျောင်းသားကောင်စီတံဆိပ်ကို တွေ့ရမှာပါ" ဟု ပြော၏။

ဤစကားများသည် ကျန့်ချီ၏ အထက်တန်းကျောင်းဟောင်းရှိ ကျောင်းသားကောင်စီကို သတိရမိစေ၏။ အချိန်အများစုတွင် သူတို့သည် ဆရာများကို သေးငယ်သောကိစ္စများ ကူညီပေးခြင်းနှင့် လှုပ်ရှားမှုအမျိုးမျိုးကို စီစဉ်ခြင်းများကိုသာ လုပ်ဆောင်ခဲ့ကြ၏။ ကျောင်းသားများအား စီမံခန့်ခွဲမှုနှင့် နှိုင်းယှဉ်ကြည့်ပါက ၎င်းတို့သည် အတိုင်းအတာအားဖြင့်ပင် အများကြီး ပို၍သေးငယ်သွား၏။

သူ့ရှေ့မှ ကျိဟွိုက်စစ်တွင်မူ သဘာဝအတိုင်း ခေါင်းဆောင်အရည်အချင်းများ ရှိပြီး ယဉ်ကျေးမှုမျိုးစုံဖြင့် ရည်မွန်နေသောကြောင့် ကျန့်ချီအပါအဝင် လူစိမ်းများက မသိစိတ်ကပင် ယုံကြည်မှုများ ပေးအပ်မိကြ၏။

"ရောက်ပြီ"

ကျိဟွိုက်စစ်သည် သူ့ခြေလှမ်းကို နှေးလိုက်၏။ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူသည် အသံကို တိုးတိတ်စွာ ပြော၏။ "မစ္စတာစမစ်က နောက်ကျတဲ့ ကျောင်းသားတွေကို သဘောမကျဘူး၊ အတန်းထဲမဝင်ခင် နောက်ကျရတဲ့ အကြောင်းပြချက်ကို ရှင်းပြဖို့ မမေ့နဲ့၊ သူက ရှေးရိုးစွဲဆိုပေမဲ့ ယဉ်ကျေးတဲ့ လူတွေကို အရမ်းမျက်စိကျတတ်တယ်၊ အခုက မင်းရဲ့ ပထမဆုံး အတန်းနေ့လည်း ဖြစ်တော့ အဆင်ပြေမှာပါ" ဟု ပြောလိုက်၏။

ကျန့်ချီသည် သူရွေးချယ်ထားသော သင်တန်းနှင့် ဆရာကို ထိုလူ သိနေသည်ကို အံ့သြခြင်း မရှိဘဲ သူ့စိတ်ထဲတွင် နွေးထွေးမှုအနည်းငယ် ခံစားလိုက်ရ၏။ ကျိဟွိုက်စစ်က သူ့ကို ကြိုတင်အကြောင်းမကြားခဲ့လျှင် သူသည် ကျောင်း၏ ပထမဆုံးနေ့တွင် ဆရာအပေါ် မကောင်းသော စိတ်ခံစားချက်ကို ထားခဲ့မိပေလိမ့်မည်။ ထိုကြောင့်ပင် အသံတိုးတိုးဖြင့် "ကျေးဇူးတင်ပါတယ်" ဟု ပြန်ပြောလိုက်၏။

"ရပါတယ်"

ကျိဟွိုက်စစ်သည် သူဝင်သွားသည်ကို ကြည့်ရန် ရှိနေသည့်နေရာတွင်ပင် ရပ်နေ၏။ ဤယဉ်ကျေးမှုသည် ကျန့်ချီကို စိန့်စတန်ရှိ ကျောင်းသားများ၏ မူကွဲနှစ်မျိုးကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်စေ၏။ သူသည် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ရပ်တန့်လိုက်ကာ နောက်သို့ လှည့်လိုက်ပြီး ကျိဟွိုက်စစ်ကို "မင်းရဲ့ ရင်ထိုးက အရမ်းလှတယ်" ဟု ပြောလိုက်၏။

ကျိဟွိုက်စစ်ကို ပထမဆုံးအကြိမ် မြင်လိုက်ရသည့် အချိန်ကတည်းက ဤဝါကျသည် သူ့ရင်ထဲတွင် ပေါ်လာခဲ့ခြင်းဖြစ်၏။ အခြား အရောင်လေးရောင်နှင့် မတူဘဲ ခရမ်းရောင်သည် သန့်စင်သော သဘာဝဆန်သည့် လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဆွဲဆောင်မှုတို့ ပါဝင်နေပြီး ၎င်းသည် ကျန့်ချီ၏ အနှစ်သက်ဆုံး အရောင်လည်း ဖြစ်သည်။

၎င်းသည် သူ့အား ကျောင်းသို့သွားရာ လမ်းတစ်လျှောက်ရှိ ခရမ်းရောင် Wisteria ပန်းပင်များကို သတိရစေ၏။ နွေရာသီတွင် ၎င်းအပင်များသည် ခရမ်းရောင် ပန်းပွင့်များဖြင့် ဖုံးလွှမ်းနေတတ်ပြီး အိပ်မက်ဆန်ဆန် အလှတရားတစ်ခုကို ဖြစ်ပေါ်စေ၏။

ကျိဟွိုက်စစ်၏ မျက်နှာအမူအရာသည် ခဏတာ တုံ့ဆိုင်းသွားပုံရပြီးနောက် ယဉ်ကျေးမှုနည်းပါးကာ ပိုမိုရိုးသားသော အပြုံးကို ဖော်ပြလိုက်၏။ သူ့မျက်နှာအမူအရာသည် နွေးထွေးပြီး သူ့၏ ကြည်လင်သော အသံသည် နွေဦး၏ လေပြည်ညှင်းလေးနှင့် တူနေ၏။

"ကျေးဇူးပါ၊ မင်းရောပဲ"

Chapter 2 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment