no

Font
Theme

Chapter 13

ကျန့်ချီသည် ကျောင်းသားဟောင်း ကျန်းယန်ထံမှ ထိုမြင်းစီးပြိုင်ပွဲသည် စိန့်စတန်ကောလိပ်တည်ထောင်စဉ်ကတည်းက ကျင်းပလေ့ရှိသည့် အစဉ်အလာတစ်ခုဖြစ်ကြောင်း ကြားသိခဲ့ရ၏။ ချန်ပီယံဆုရှင်သည် တစ်နှစ်တာလုံး အထူးအခွင့်အရေး ရရှိနိုင်ပြီး သီးသန့်အနားယူခန်းပင် ပါရှိကာ အနက်ရောင် ရင်ထိုးတံဆိပ်ကို တပ်ဆင်နိုင်၍ ကိစ္စရပ်အားလုံးတွင် ဦးစားပေးခံစားခွင့်ရှိသည်ဟု သိရ၏။

နှစ်စဉ် လူပေါင်းများစွာ စာရင်းသွင်း ယှဉ်ပြိုင်ကြသော်လည်း၊ ချန်ပီယံဆုကိုမူ အမြဲတမ်း လူနည်းစုကသာ ဆွတ်ခူးလေ့ရှိသည်ဟု ထပ်ဆောင်းသိရသည်။

ပထမနှစ်တွင် ရှောက်ဟန့်က ချန်ပီယံဆွဲခဲ့ပြီး၊ ဒုတိယနှစ်တွင် ရှန်းရှုထင်က ရရှိခဲ့၏။

ဤပြိုင်ပွဲသည် ရဲစွမ်းသတ္တိ၊ လျင်မြန်ဖျတ်လတ်မှုနှင့် အရေးအကြီးဆုံးအချက်ဖြစ်သည့် အတွေ့အကြုံတို့ကိုပါ စမ်းသပ်ခြင်းဖြစ်သည်။ ငယ်စဉ်ကတည်းက စနစ်တကျလေ့ကျင့်မှုများ မရှိခဲ့ပါက ထိပ်တန်းလူငယ်များကြားတွင် အနိုင်ရဖို့နေနေသာသာ ထင်ပေါ်ကျော်ကြားနိုင်မည်ပင် မဟုတ်ပေ။

ကျန်းယန်ပင် လှောင်ပြောင်ခဲ့သည့် ထိုချန်ပီယံဆုမှာ အမည်ခံသာဖြစ်သည်။ ထိပ်တန်း BC အနည်းငယ်သာ ချန်ပီယံဖြစ်နိုင်ချေရှိပြီး၊ ထိုBCများအတွက်လည်း နိုင်လျှင် ရမည့် အထူးအခွင့်အရေးများမှာ လုံးဝတန်ဖိုးမရှိနေပေ။ နောက်ဆုံးတွင် ထိုချန်ပီယံဆုကို လူအများစုက မေ့လျော့သွားကြသည်ပင်။

“ဒါပေမဲ့ ပြိုင်ပွဲကတော့ တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်” ဟု ကျန်းယန်က နောက်ဆုံးတွင် စိတ်မပါ့တပါဖြင့် ထပ်မံပြောဆိုလာသည်။ “မင်း တရားဝင်ဝဘ်ဆိုဒ်ကို သွားကြည့်လို့ရတယ်။ နှစ်တိုင်း ပြိုင်ပွဲ ဗီဒီယိုတွေ တင်ထားတယ်”

ကျန့်ချီသည် များများစားစားစိတ်ဝင်စားမှု မရှိပေ။ သူ့အိပ်မက်ထဲက အရာအားလုံးမှာ လက်တွေ့နှင့် ကိုက်ညီနေကြောင်း သေချာသွားသောအခါ၊ ဤကမ္ဘာ၏ လက်တွေ့ပစ္စုပ္ပန်ကိုပင် သံသယဝင်နေခဲ့မိ၏။ သို့သော် သူသည် ကျန်းယန်ကို စိတ်မပျက်စေခဲ့ဘဲ၊ သူနှင့်အတူ ပြိုင်ပွဲကို သွားကြည့်ရန် ချိန်းဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် သူ့ရင်ထဲမှ နောက်ဆုံးမျှော်လင့်ချက်ကိုလည်း အတည်ပြုလိုခြင်းကြောင့်ပင်။

နံနက်ခင်းတွင် အတော်လေးနေသာထိုင်သာရှိပြီး၊ ကွင်းပတ်လည်ရှိ ကြည့်ရှုသူခုံတန်းများတွင် လူအပြည့်ပင် ဖြစ်နေသည်။ ကျန့်ချီသည်ပင် ကျန်းယန်နှင့် လူကွဲသွားလုနီးနီးဖြစ်နေစဉ်၊ တစ်စုံတစ်ယောက်က ရုတ်တရက် သူ့ပခုံးကို လှမ်းပုတ်လိုက်လေသည်။ အနီရောင် ရင်ထိုးတံဆိပ်နှင့် ကောင်လေးတစ်ယောက်က သူ့နောက်တွင် ရပ်နေပြီး “ကျန့်ချီ၊ မင်းနေရာက ရှေ့မှာ”

ကျန်းယန်သည် မည်သည့်နေရာမှ ပြန်လာသည်မသိလိုက်၊ ထိုသူကို အံ့အားသင့်စွာ ကြည့်ရင်း “ကျစ်ရှီ၊ မင်းဒီမှာ ဘာလုပ်နေတာလဲ။ YCတွေက သူတို့သူငယ်ချင်းတွေကိုပါ ခေါ်လာပြီး အတူတူထိုင်လို့ရတယ်လို့ ပြောထားတယ်လေ”

ကြည့်ရှုရာခုံတန်းများကို ရင်ထိုးတံဆိပ်များကဲ့သို့ပင် တင်းကျပ်စွာ ခွဲခြားထားသည်။ ကျန်းယန်သာ မရှိခဲ့ပါက ကျန့်ချီသည် အထူးကျောင်းသားအားလုံးနှင့်အတူ နောက်တန်းတွင်သာ ထိုင်ကြည့်ရမည်ဖြစ်ပြီး၊ ထိုနေရာမှာ ကြည့်ရအဆိုးဆုံးနေရာလည်း ဖြစ်သည်။

ကျောက်ဇယ်ရှီးသည် ပခုံးအသာတွန့်ပြလိုက်ပြီး “ဒုဥက္ကဋ္ဌက ကျန့်ချီကို ရှေ့ခုံမှာထိုင်ဖို့ပြောထားလို့ပါ”

“ဒုဥက္ကဋ္ဌက?။” ကျန်းယန်သည် ကျန့်ချီကို ကြောင်တောင်တောင်လှည့်ကြည့်ကာ၊ ကျောက်ဇယ်ရှီးကို ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် “ဘာကြောင့်လဲဆိုတာ မေးခဲ့သေးလား”

“ငါက သတင်းပို့ပေးရုံသက်သက်ပဲ”

ကျန့်ချီသည်လည်း အနည်းငယ်ရှုပ်ထွေးနေပုံရပြီး၊ ပြီးခဲ့သည့်တစ်ခေါက်က ကျိဟွိုက်စစ်နှင့် တွေ့ဆုံစဉ် ပြောခဲ့သည့်စကားကို ပြန်မှတ်မိသွားသည်။

ထိုအချိန်က သူသည် တစ်ဝက်တစ်ပျက်သာ အသိစိတ်ရှိနေခဲ့ပြီး၊ ထိုရှုပ်ထွေးနေသည့် မေးခွန်းများသည် မည်သူမဆိုအတွက် ထူးဆန်းနေလိမ့်မည်။ သူ့ရင်ထဲတွင် ရုတ်တရက် မှန်းဆမှုတစ်ခု ဖြစ်ပေါ်လာသည်။ ကျိဟွိုက်စစ်သည် သူ့ကို မြင်းစီးဝါသနာရှင်ဟု ထင်မှတ်သွားခြင်း ဖြစ်နိုင်သည်ဟု တွေးလိုက်တော့သည်။

ကျန်းယန်က ထပ်မံမေးခွန်းများမေးရန် ကြိုးစားနေစဉ်၊ ကျန့်ချီက ရှေ့သို့ တစ်လှမ်းတိုးကာ “ဘယ်နေရာလဲ၊ ငါတို့ကို လိုက်ပို့ပေးနိုင်မလား” ဟု မေးလိုက်သည်။

ကျောက်ဇယ်ရှီသည် ခေါင်းညိတ်ပြလိုက်ပြီး “လိုက်ခဲ့ပါ” ဟု ဆိုသည်။

“မင်း ဒုဥက္ကဋ္ဌနဲ့ ဘယ်လိုပတ်သက်မှုရှိတာလဲ” ဟု ကျန်းယန်က ကျောက်ဇယ်ရှီးနောက်က လိုက်ရင်း ကျန့်ချီ၏နားနားကပ်ကာ “ငါ့ကို လိမ်ဖို့မကြိုးစားနဲ့” ဟူသော သံသယအကြည့်ဖြင့် တီးတိုးပြောသည်။

ကျန့်ချီသည် မျက်နှာအမူအရာ မပြောင်းဘဲ “ပြီးခဲ့တဲ့တစ်ခေါက် ငါ ရေဆိုးပက်ခံရတုန်းက သူက အချိန်မီမတားနိုင်ခဲ့လို့ သူ့ကိုယ်သူ အပြစ်တင်နေခဲ့တာနေမှာပေါ့။ လျော်ကြေးအဖြစ်နဲ့ နေရာကို ရွှေ့ပေးချင်တာ ဖြစ်နိုင်တယ်။ ဒါကလွဲရင်တော့ တခြားအကြောင်းပြချက်ကို ငါမစဉ်းစားတတ်တော့ဘူး” ဟု ပြောသည်။

ကျန်းယန်သည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး၊ သူ့မျက်လုံးထဲတွင် အားကျစိတ်ရောင်ခြည်များ ထပ်မံလင်းလက်လာတော့သည်။ “ဟုတ်သားပဲ၊ ဒုဥက္ကဋ္ဌက အရာအားလုံးကို အမြဲခေါင်းထဲထည့်ထားတတ်တယ်။ ဒီတစ်ခေါက်တော့ မင်းရဲ့ကျေးဇူးကြောင့် ငါလည်း အလင်းရောင်တစ်ချို့ကို ထိတွေ့ခွင့်ရပြီ”

ရှေ့တန်းတွင် လူအနည်းငယ်သာ ရှိပြီး၊ ကျန့်ချီနှင့် ကျန်းယန်တို့သည် နေရာလွတ်နှစ်နေရာကို ရွေးကာ ထိုင်လိုက်ကြသည်။

ကွင်းထဲတွင် နောက်ဆုံးအကြိမ်စစ်ဆေးမှုများ ပြုလုပ်နေသည်။ အော်ဟစ်အားပေးသံများကြားတွင် အနက်ရောင် မြင်းစီးဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးသည် မြင်းတစ်ကောင်ကို ဒုန်းစိုင်းစီး၍ ပြေးလမ်းကြောင်းထဲသို့ ဝင်လာသည်။

ချက်ချင်းဆိုသလို ပို၍ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။

သူ့ခန္ဓာကိုယ်မှာ ကျစ်လျစ်သွယ်လျနေပြီး၊ သူ့ခြေထောက်များပေါ်တွင် အနက်ရောင်မြင်းစီးဖိနပ်များ ဖုံးအုပ်ထားရာ သူ၏ခြေလှမ်းများသည် ကျော့မော့ပြီး ခန့်ညားနေတော့သည်။ ထိုသူသည် အဖြူရောင်လက်အိတ်များဝတ်ဆင်ထားလျက် ခေါင်းဆောင်းတစ်ခုကို ကိုင်ထားသည်။

နေရောင်အောက်တွင် သူ့၏ရွှေရောင်ဆံပင်များက တဖိတ်ဖိတ်တောက်ပနေသည်။ သူ၏နက်ရှိုင်းသော မျက်ဝန်းအိမ်များသည် ရှားပါးလွန်းသည့်မြစိမ်းရင့်ရောင်ဖြစ်ပြီး သူ၏မျက်နှာသွင်ပြင်များတွင်လည်း အရှေ့တိုင်းနှင့် အနောက်တိုင်း၏ ကျက်သရေအဖြာဖြာကို ရောယှက်ထားလျက် တည်ရှိနေသည်။ ဘုရားကျောင်းပန်းချီများတွင် ခြယ်မှုန်းရေးထိုးထားသော နတ်ဘုရားများကဲ့သို့ပင် ဖြစ်နေသည်။ သူ့ကိုမြင်သောအခါ အသက်ရှူဖို့ပင် မေ့လျော့သွားကြသည်။

ကျန့်ချီသည် သူ့နောက်မှ ‘ဥက္ကဋ္ဌ’ နှင့် ‘ရှန်းရှုထင်’ ဟူသော အော်ဟစ်ကြွေးကြော်သံများကို ကြားရသည်။ သူ ကြိုတင်မျှော်လင့်ထားသော်လည်း၊ သူ၏အိပ်မက်ထဲက မျက်နှာနှင့် အတူတူပင်ဖြစ်နေသည်ကို မြင်သောအခါ၊ သူ့နှလုံးသားမှာ ရုတ်တရက် ရပ်တန့်သွားသည်ဟု ခံစားလိုက်ရသည်။

“ဥက္ကဋ္ဌ ပြန်လာတာလား” ဟု ကျန်းယန်သည် ကွင်းထဲသို့ ဝင်ရောက်လာသော ရှန်းရှုထင်ကို အံ့ဩစွာကြည့်နေရင်း “ဘာလို့ သတင်းအစအန လုံးဝမကြားရတာလဲ”

အပြင်ဘက်က ဆူညံသံများကို ရှန်းရှုထင်က လျစ်လျူရှုထားပုံရသည်။ သူသည် သူ၏ဦးထုပ်ကို ဆောင်းပြီး၊ မြင်းဇက်ကြိုးကို တင်းတင်းကိုင်ကာ မြင်းပေါ်သို့ တက်လိုက်သည်။ သူ၏လှုပ်ရှားမှုများသည် အလွန်လျင်မြန်လှပြီး၊ နောက်ကျောအရိပ်ကိုသာ သေချာမြင်လိုက်ရသည်။ သန့်စင်ဖြူစင်သော မြင်းသည် ကွေ့ကောက်လိုက်ပါလာပြီး၊ သူ့သခင်ကို ကွင်းထဲသို့ ခေါ်ဆောင်သွားသည်။

ပထမဆုံးပြိုင်ပွဲမှာ တစ်ဦးချင်း အတားအဆီးဖြတ်‌ကျော်ပြိုင်ပွဲဖြစ်ပြီး၊ အဖွဲ့လိုက်ပြိုင်ပွဲက နောက်မှဖြစ်သည်ဟု သိရသည်။

ကျန့်ချီသည် ပြိုင်ပွဲစနစ်ကို နားမလည်ခဲ့ပေ။ သို့သော် သူသည် သူ့ပတ်ပတ်လည်ရှိ လူများ၏ အားပေးသံများမှတဆင့် ပြိုင်ပွဲ၏အတက်အကျကို မှန်းဆနိုင်ခဲ့သည်။ ပြိုင်ပွဲဝင်များအနက်၊ ရှန်းရှုထင်နှင့် ရှောက်ဟန့်တို့သည် အမှန်တကယ်ပင် အထူးခြား​အပေါ်လွင်ဆုံး နှစ်ဦးဖြစ်နေသည်ကို ငြင်းမရပေ။

မြင်းပေါ်ရှိ ရှန်းရှုထင်သည် အေးဆေးတည်ငြိမ်လွန်းပြီး၊ မည်သည့်လှုပ်ရှားမှုတွင်မဆို သဘာဝကျသော တည်ငြိမ်သည့် ဂုဏ်အသရေတစ်ခုက ရှိနေသည်။ သူ၏အရှိန်သည် မည်သူနှင့်မှ ယှဉ်၍ မလျော့နေပေ။ သဲမှုန်များမှာ နေရာတိုင်းတွင် လွင့်နေသော်လည်း၊ သူ၏ခန္ဓာကိုယ်ကမူ အစွန်းအထင်း တစိုးတစိမရှိပေ။

ရှောက်ဟန့်မှာမူ ‘ကျက်သရေရှိခြင်း’ ဟူသော စကားလုံးနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် ရပ်တန့်၍မရနိုင်သော ရန်လိုသည့်အရှိန်အဟုန်ဖြင့် စီးနင်းနေခဲ့သည်။ သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများက တင်းမာနေပြီး၊ အနက်ရောင်မြင်း၏ ခုန်လွှားမှုများနှင့်အတူ မြင်းစီးသူရဲသည်လည်း အားစိုက်ထုတ်နေခဲ့သည်။ ၎င်းသည် ကျန့်ချီကို နေမထိထိုင်မသာဖြင့် စိတ်လှုပ်ရှားလာစေခဲ့ပြီး၊ ရှောက်ဟန့်သည် သူ၏အရှိန်အားကို မထိန်းချုပ်နိုင်ဘဲ ပရိသတ်များရှိရာသို့ပင် ပြေးဝင်လာမိမည်ကို စိုးရိမ်နေခဲ့သည်။

“ဒီတစ်ခါလည်း ချန်ပီယံဆုက သူတို့နှစ်ယောက်ကြားက ပြိုင်ပွဲပဲဖြစ်မယ် ထင်တယ်”

အခြေအနေသည် သိသာနေပြီဖြစ်သည်။ အလားတူပြိုင်ပွဲကို နှစ်ကြိမ်ကြည့်ဖူးသော ကျန်းယန်သည် သန်းဝါးလိုက်ပြီး

“ဥက္ကဋ္ဌဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ရှောက်ဟန့်ဖြစ်လိမ့်မယ်။ ဒီတစ်ခေါက်တော့ ရှောက်ဟန့် အနိုင်ရဖို့ အခွင့်အရေးပိုများတယ်လို့ ထင်တယ်။ ဥက္ကဋ္ဌက ဘိုရို့စ်ကနေ ခုမှ ပြန်ရောက်တာဆိုတော့ သူ့ရဲ့အားအင်တွေ မပြည့်နိုင်သေးဘူး” ဟု သူ့အမြင်ကိုထုတ်ပြောလိုက်သည်။

“ဥက္ကဋ္ဌရှန်းက ဘိုရို့စ်နယ်သားတစ်ယောက်လား”

ဤသည်က ထိုသူ၏ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိခြင်းကို ကောင်းစွာရှင်းလင်းစေခဲ့သည်။

“သူက ပြင်သစ်နဲ့ ဘိုရို့စ်သွေးနှောလေ။ သူ့အဖေက ဘိုရို့စ်ရဲ့ အိမ်ရှေ့မင်းသား၊ သူ့မှာ အစ်မတစ်ယောက်လည်းရှိတယ်။ သေချာစဉ်းစားကြည့်ရင် သူက တကယ့်မင်းမျိုးမင်းနွယ်တော်ဝင်သွေးပါလို့ BC အားလုံးထဲမှာ အမြင့်မြတ်ဆုံးလူပဲ”

ထိုသို့ပြောပြီးနောက်၊ ကျန်းယန်က သူ့နှုတ်ခမ်းထောင့်များကို ကွေးတက်စေလိုက်ပြီး “ဒါပေမဲ့ သူက လူသားသိပ်မဆန်ဘူး။ စက်ရုပ်လိုပဲ၊ အရမ်း စီးပွားရေးဆန်တယ်။ ငါတော့ ဒုဥက္ကဋ္ဌကို ပိုပြီး ထောက်ခံတယ်” ဟု ပြောသည်။

“ငါ့နာမည်ကို ကြားလိုက်သလိုပဲ”

Chapter 13 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment