Chapter 11
ကျန့်ချီသည် အိမ်မက်ရှည်ကြီး မက်ခဲ့လေသည်။
သူသည် ဓားပျံကို စီးနင်းကာ မြူခိုးများကို ဖြတ်ရင်း အလွှာပေါင်းများစွာကို ကျော်ဖြတ်ခဲ့လေသည်။ ထို့နောက် မဖြစ်နိုင်သော မြင်ကွင်းများစွာကို မြင်ခဲ့ရသည် - သူနှင့်တူသော လူတစ်ယောက်ပြီး တစ်ယောက်ပင်။
ရင်းနှီးသည့် ဇိမ်ခံမှန်လုံကား၊ ရင်းနှီးသည့် ဝင်ပေါက်၊ ကျန့်ချီသည် စိန့်စတန်ယူနီဖောင်းကို ဝတ်ထားကာ ကျောင်းပထမနေ့တွင် မောက်မာသည့် ဟန်ဖန့်နှင့် စိတ်အားထက်သန်မှုရှိသော ပိုင်ရှီယွီကိုလည်း သူ တွေ့ခဲ့သည်။ သူသည် ခက်ထန်သော လေထုတွင် ပိတ်မိနေကာ အရှက်ပြေ စကားတောင် မပြောခဲ့သလို သူတို့ သူငယ်ချင်း ဖြစ်လာသောအခါ ပိုင်ရှီယွီ၏ လည်ပတ်ရန် တောင်းဆိုသည်ကိုလည်း ငြင်းဆိုခဲ့လေသည်။
ကျန့်ချီသည် သူတို့သည် သာမန်လူများဖြစ်ကာ တက္ကသိုလ်ကောင်းကောင်းဝင်ခွင့်ရရန် ကြိုးစားနေကြသည်ဟု ထင်ခဲ့သော်လည်း သူမှားသွားလေသည်။
ပိုင်ရှီယွီသည် ရင်ထိုးမှယူဆောင်လာသည့် အဆင့်အတန်းကို လျစ်လျူရှုခဲ့ကာ သူနှင့် ဝေ့အန်း၏ 'အထက်တန်းစားဝက်များ' နှင့် ဝေးဝေးနေရန် ဖြောင်းဖြမှုကို နားမထောင်ခဲ့ပေ။
လက်တုံ့ပြန်သည့်အနေဖြင့် သူသည် ကျိဟွိုက်စစ်ထံသို့ သူ၏မကျေနပ်ချက်များကို ပြောပြရန် ချဉ်းကပ်ခဲ့ကာ ထိုလူများနှင့် ဆက်၍ ပတ်သက်ခဲ့သည်။
တခြားသူတွေသည် သူ၏ အကြံအစည်ကြီးကာ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ရှေ့တန်းတင်သည့်အတွက် ရယ်မောခဲ့ကြသော်လည်း ကျန့်ချီသည် ထိုမျက်လုံးတွေထဲ၌ လှုပ်ရှားနေသည့် အမူအရာ၊ ချစ်ခင်မှု၊ ဒေါသနှင့် မနာလိုမှုတွေအား ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။
ကျန့်ချီသည် လူတိုင်းထက် သာလွန်ပြီး မယုံနိုင်စရာ အခြေအနေ တိုးတက်မှုကို နားလည်သည် - ပိုင်ရှီယွီသည် ထိုမောက်မာသော ယောက်ျားများ၏ နှလုံးသားကို အနိုင်ယူရန် ထိုနုံချာသော နည်းလမ်းကို အမှန်တကယ် အသုံးပြုခဲ့လေသည်။
ထို့ကြောင့်ပင် သူနှင့်ပိုင်ရှီယွီသည် တူညီသောလူမဟုတ်ကြောင်း ထွက်ပေါ်လာခဲ့လေသည်။ ပိုင်ရှီယွီသည် စိတ်ရှုပ်ထွေးလွယ်သည်။အပြစ်ကင်းသည်။ ရိုးသားသည်။ ရဲရင့်သည်။
သူကတော့ ဂရုတစိုက်ရှိကာ တွက်ချက်ပြီး စေတနာမရှိသည့်တိုင်အောင် ရက်ရောဟန်ဆောင်ထားသေးသည်။
ကျန့်ချီသည် ပိုင်ရှီယွီကို မုန်းတီးကာ သူ မုန်းနေသည်အား သူကိုယ်သူ သတိထားမိသောအခါ သူ၏ မနာလိုမှုကြောင့် သူ့ကိုယ်သူ ပို၍ပင် မုန်းတီးသွားခဲ့သည်။
သူအရမ်းကြိုးစားပြင်ဆင်ထားသည့် စာမူသည် ပိုင်ရှီယွီ၏ ဖရိုဖရဲ စာမူလောက် မကောင်းချေ။ ကျောင်းသားကောင်စီဝင်တွေကို ရွေးချယ်ခြင်းပဲဖြစ်စေ၊ နှစ်သစ်ကူးအကမှာ ပါဝင်ခြင်းပဲဖြစ်စေ၊ သူက ပိုင်ရှီယွီထက် ပိုကောင်းအောင် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း အားလုံး၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သူသည် သူ ဘယ်တော့မှ မဟုတ်ခဲ့ပေ။
ပိုင်ရှီယွီက အဲဒီလူတွေက သူ့အား လိုက်ပိုးပန်းနေကြောင်း ညည်းညူတဲ့အခါ ကျန့်ချီသည် ရယ်စရာကောင်းကာ ပေါက်တက်ကရ ပြောနေသည်ဟုထင်ခဲ့လေသည်။ သူ မလိုချင်ပါက သူတို့ကို နှိုးဆွဖို့ သူ ဘာကြောင့် အမြဲ တွန်းအားပေးနေတာလဲ?
သူ မလိုချင်ရင် ဘာလို့ သူ့ကို မပေးနိုင်ရတာလဲ?
ကျန့်ချီသည် သူက ပိုင်ရှီယွီထက် မညံ့ဘူးဟု ထင်ခဲ့လေသည်။ သူသည် အထူးကျောင်းသားတစ်ဦးဖြစ်ပြီး မြို့ငယ်လေးတစ်မြို့မှ ဖြစ်သည်။ သူတို့တွေက သိပ်တူညီနေသော်လည်း သူတို့ပိုင်ဆိုင်ထားသည့် အရာတွေသည် အလွန်ကွာခြားနေလေသည်။
မနာလိုစိတ်သည် တချို့အချက်များကြောင့် ဖုံးလွှမ်းသွားခဲ့လေတော့သည်။
ကျန့်ချီသည် ပိုင်ရှီယွီ၏ လှုပ်ရှားမှုတိုင်းကို လေ့လာခဲ့ကာ ထိုလူများရှေ့တွင် အားနည်းချက်ကို ပြသရန် ကြိုးစားခဲ့သော်လည်း ရလဒ်အနေဖြင့် အေးစက်သောအကြည့်နှင့် လှောင်ပြောင်ခံရခြင်းများကိုသာ ရရှိခဲ့လေသည်။ သူ၏ စက်ဆုပ်ဖွယ်ကောင်းသော စိတ်သည် ဆုတ်ဖြဲခံလိုက်ရကာ လုံးလုံးလျားလျား ပေါ်လာတော့သည်။ သူသည် ပိုင်ရှီယွီမဟုတ်သောကြောင့် သူလုပ်သမျှအရာတိုင်းသည် အတုခိုးနေရုံသာ ဖြစ်သည်။
၎င်းက ဟာသတစ်ခုမျှပင်။
မကောင်းသောအတွေးများသည် အချိန်အကြာကြီး ဖိနှိပ်ခံထားရကာ နောက်ဆုံး၌ သူ့အသိစိတ်ကို လွှမ်းခြုံသွားလေသည်။ ကျန့်ချီသည် ပိုင်ရှီယွီကို လိမ်ကာ သိုလှောင်ခန်းထဲသို့ ခေါ်ကာ တံခါးကို သော့ခတ်ရန် လှည့်စားခဲ့သည်။ သူ၏ မကောင်းသောစိတ်ကိုသာ အလိုလိုက်ခံမိရုံသာ ဖြစ်၍ ပိုင်ရှီယွီ၌ အမှောင်ကိုကြောက်တဲ့စိတ်ရှိမှန်း လုံးလုံးမသိလိုက်ချေ။
ပြိုလဲသွားသည့် ပိုင်ရှီယွီကို ကယ်ဆယ်ရန် ထိုလူတွေ ရောက်လာသည့်အခါ ကျန့်ချီ၏အကျိုးသင့်အကြောင်းသင့်စဉ်းစားနိုင်မှုသည် နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာခဲ့၏။ သူသည် ပိုင်ရှီယွီကို ထိခိုက်နစ်နာစေခဲ့သူများ၏ အကျိုးဆက်များကို သတိရလိုက်ပြီး ထိန်းချုပ်မရသော ကြောက်ရွံ့မှုက သူ့ကို ဝါးမြိုသွားခဲ့သည် - ငါ ဘာလုပ်လိုက်မိတာလဲ။
ကျန့်ချီ၏ ပြစ်မှုကို ဖုံးကွယ်ထား၍ မရပေ။ ကျောင်းသား သမဂ္ဂရုံးကို ခေါ်သွာခြင်းခံလိုက်ရကာ ရှောက်ဟန့်သည် သူ့ကို မြေပြင်ပေါ် ဒူးထောက်ကျသည်အထိ လက်သီးဖြင့် ထိုးလိုက်လေသည်။ သူ့ပါးပြင်သည် နာကျင်ကိုက်ခဲနေခဲ့သည်။ သူသည် အေးစက်သောကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကာ ဉက္ကဌရှန်းရှုထင်သည် ဘာစိတ်ခံစားချက်မှ မရှိဘဲ ပြောလာသည်။
"အခု မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်၊ ကိုယ့်သဘောနဲ့ကိုယ် ကျောင်းထွက်မလား၊ ဒါမှမဟုတ် ကျောင်းက မင်းကို ထုတ်ပယ်တဲ့အထိ စောင့်မလား"
ရှောက်ဟန့်က သူ၏ဘေးတွင် ‘တကယ်ကို စက်ဆုပ်စရာကောင်းတယ်’ ဟု ပြောလိုက်ပုံရပြီး ဝမ်ချွမ်သည် အမှိုက်တစ်စကို ကြည့်နေသကဲ့သို့ အေးစက်သောမျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်ကာ သူ၏ကျန်ရှိနေသော မိမိကိုယ်ကိုလေးစားမှုကို လုံးဝဆုတ်ဖြဲပစ်လိုက်၏။
တခြားသူတွေအပေါ် အမြဲကြင်နာတတ်သည့် ကျိဟွိုက်စစ်သည်ပင် အပြုံးများ ပျောက်ကွယ်ကာ သူ့ထံ ချဉ်းကပ်ကာ အေးစက်စွာပြောလေသည်။
"ကျန့်ချီ၊ မင်းလုပ်ခဲ့တာတွေအတွက် မင်းတာဝန်ယူရမှာပေါ့"
အရှက်ရစွာ ထွက်သွားသည်ပဲဖြစ်ဖြစ် ဂုဏ်သိက္ခာရှိရှိ ထွက်သွားသည်ပဲဖြစ်ဖြစ်! ကျန့်ချီသည် နောက်ဆုံးတစ်ခုကို ရွေးချယ်ခဲ့လေသည်။
သူ မည်သူ့ကိုမျှ မပြောခဲ့ပေ။ သူလာခဲ့သကဲ့သို့ပင် ကျောင်းမှ ထွက်ခွာသွားခဲ့ပြီး ကျန့်ချိန်ချောင် မည်မျှပင်မေးပါစေ၊ သူ အမှန်တရားကို မပြောခဲ့ချေ။
စိန့်စတန်၏ကိုယ်ရေးရာဇဝင်ကိုမြင်သောအခါတွင် သူ့အား အပြုံးဖြင့်လက်ခံခဲ့သော ကောလိပ်နှင့် တက္ကသိုလ်များအားလုံးသည် တုံ့ဆိုင်းစွာ သို့မဟုတ် ယဉ်ကျေးစွာ ငြင်းဆန်ကြသည်။ အမည်မသိသော အကြောင်းပြချက်များဖြင့် ကျော်ကြားသော စိန့်စတန်ကျောင်းမှ ထွက်ခဲ့သည့် အမျိုးသားကို မည်သူမျှ မယူဝံ့ကြဘဲ လူတိုင်း၏ ရှောင်ဖယ်ခြင်းကို ခံခဲ့ရသည်။
ထိုအချိန်တွင်သာ ကျန့်ချီသည် ခေတ္တမနာလိုစိတ်ကြောင့် သူ ဘာကို စွန့်ပစ်ခဲ့တယ်ဆိုတာကို သဘောပေါက်သွားခဲ့သည်။ သူသည် ပိုင်ရှီယွီကို ထပ်မံရှာဖွေပြီး ဒူးထောက်ကာ ခွင့်လွှတ်မှုတောင်းခံခဲ့သော်လည်း သူတွေ့ရှိခဲ့သည်မှာ အခွင့်အရေးမဟုတ်ဘဲ၊ သူ တစ်ချိန်က လေးစားခဲ့ပြီး ယခုအခါ ကြောက်ရွံ့နေရသော ထိုလူများပင် ဖြစ်သည်။
ရှောက်ဟန့်သည် ထိုနေ့တွင် ရုံးခန်းထဲတွင် လုပ်ခဲ့သည့်အတိုင်း သူ့ကော်လံကို ဆွဲကိုင်လိုက်ကာ ရွံရှာသော အရိပ်အယောင်ဖြင့် ပြောလာသည်။
"မင်းနဲ့ဆိုင်တဲ့နေရာကို ဘာလို့ ပြန်မသွားတာလဲ?"
"ငါထင်တာက......"
"မင်းဘာထင်လဲ ငါဂရုမစိုက်ဘူး"
ရှောက်ဟန့်သည် သူ မုန်းသည့် ပုရွက်ဆိတ်တစ်ကောင်ကို ဖိညှစ်လိုက်သကဲ့သို့ သူ့ကို ကြည့်ကာ ပြောလာသည်။
"ချွမ်လင်ကနေ ထွက်သွားလိုက် ရှောင်ယွီရှေ့မှာ ဘယ်တော့မှ ပြန်မပေါ်လာနဲ့၊ မင်းနဲ့ မတန်ဘူး"
ကျန့်ချီသည် သူ့နှလုံးသားကို ဓားဖြင့်ခွဲလိုက်သလို ခံစားလိုက်ရသည်။ သူ့မှာ ဘာအစီအစဥ်မှ မရှိဘူးဆိုသည်ကို သူရှင်းပြချင်ခဲ့သည်။ သူတကယ်ကို နောင်တရကာ တောင်းပန်ချင်ခဲ့သည်။ သူ တခြားကျောင်းကို သွားခွင့်ရချင်ရုံသာဖြစ်ပြီး ဒီအိမ်မက်ဆိုးအား အဆုံးသတ်စေချင်ခဲ့သည်။
သို့သော် ထိုအတွေးလေးကတောင် သူနဲ့ မထိုက်တန်သေးချေ။ သူနှင့် ပိုင်ရှီယွီသည် အစမှအဆုံးထိ လုံးဝ မတူညီချေ။
အဓိပ္ပာယ်မဲ့လိုက်တာ-
ကျန့်ချီနိုးလာသည့်အခါ ၎င်းက သူ့စိတ်ထဲရှိ တစ်ခုတည်းသော အတွေးပင် ဖြစ်သည်။
အိပ်မက်ထဲမှလူသည် သူနှင့် တူညီသောမျက်နှာ၊တူညီသောမိသားစုရှိလျှင်ပင်၊ ထိုသူမှာ သူမဟုတ်ကြောင်း ကျန့်ချီသိ၏။
ပိုင်ရှီယွီ၏ လှုပ်ရှားမှုတိုင်း၊ ထိုလူများနှင့် အချစ်အမုန်းရောထွေးနေသော ဆက်ဆံရေးအပါအဝင်၊ အမှန်တကယ်တွင် လက်တွေ့ဘဝ၌ ဖြစ်ပျက်ခဲ့သမျှနှင့် ကိုက်ညီနေသည်။
ရှောက်ဟန့်ကို ဒေါသထွက်စေခြင်း၊ ဝမ်ချွမ်နှင့် စကားပြောခြင်း ၊ နေရာတိုင်းတွင် ပစ်မှတ်ထား၍ ဝိုင်းထားခြင်းခံရခြင်း တို့ပင် ဖြစ်သည်။
အကယ်၍ ပိုင်ရှီယွီသာ အိပ်မက်၏ တိုးတက်မှုအတိုင်းကို လိုက်နာပါက သူ မကြာမီတွင် ဝမ်ချွမ်၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိကာ တစ်ဖက်သား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ဖျော်ဖြေပွဲ၌ ကျိဟွိုက်စစ်နှင့် မြင်မြင်ချင်း ချစ်မိသွားကာ သူ့အတွက် ကျောင်းသား သမဂ္ဂအဖွဲ့မှာ ပါဝင်၍ အာဏာရှင်ဉက္ကဌ ရှန်းရှုထင်နှင့်တွေ့ဆုံမှာ ဖြစ်လေသည်။
ကျန့်ချီသည် နောက်ဆုံးလူ၏အမည်ကို တစ်ခါမျှ မကြားခဲ့ဖူးသလို သူ့တွင် ရွှေရောင်ဆံပင်၊ မြစိမ်းရောင်မျက်ဝန်းများနှင့်ချောမောသော မျက်နှာထားရှိကြောင်း အိပ်မက်ထဲတွင် ယောင်ဝါးဝါးသာ မြင်လိုက်ရသည်။
"နိုးပြီလား?"
ကျန့်ချီသည် နာကျင်နေသည့် နားထင်ကို ဖိကာ ဆေးကုသခန်းရှိ ကုတင်ပေါ်မှ ထထိုင်လိုက်သည်။ ချင်ကျောက်သည် ကုလားထိုင်ကို နောက်ပြန်မှီထိုင်နေကာ ခေါင်းမထောင်ဘဲ “ထမင်းစားချိန်က ဆယ်မိနစ်နေရင် ပြီးပြီ” ဟုသာ သတိပေးလာသည်။
ဤရှုပ်ထွေးနက်နဲသောအိပ်မက်သည် နာရီပေါင်းများစွာကြာသွားပြီဟု ကျန့်ချီ တွေးထင်ခဲ့သော်လည်း မိနစ်သုံးဆယ်မျှသာရှိသေးမည်ဟု သူ မထင်ထားမိချေ။ သူက တဟုန်းဟုန်းတောက်လောင်နေသော ခံစားချက်များကို မျိုသိပ်ကာ ချင်ကျောက်ကို စိုက်ကြည့်လိုက်သည်။
"ခုန ခင်ဗျား ကျွန်တော့်ကို ဘာလုပ်လိုက်တာလဲ"
ချင်ကျောက်၏ ဖီးနစ်မျက်လုံးများသည် မှေးကျဉ်းသွားကာ သူပြောနေသည့်အရာကို နားမလည်ပုံရသည်။
"စည်းမျဥ်းစည်းကမ်းအရ အိပ်ဆေးတစ်ခြမ်းပဲ မင်းကို ပေးလို့ရတယ်။ အခြေအနေ ပိုဆိုးလာရင် မင်းငါ့ဆီ ပြန်လာနိုင်တယ်"
ကျန့်ချီသည် ထိုအရာက မမှန်ကန်ဘူးဆိုသည်အား သိလေသည်။ ချင်ကျောက်သည် သူ့လက်ကို ကျန့်ချီ၏နဖူးပေါ် ရှင်းရှင်းလင်းလင်း လက်တင်လိုက်ကာ တစ်ခုခုလုပ်ခဲ့လေသည်။ အိပ်ဆေး မပေးခဲ့ချေ။ ဖြစ်ပျက်ခဲ့သမျှဟာ အိပ်မက်တွေကဲ့သို့ မယုံနိုင်စရာပင်။
ထိုမေးမြန်းမှုတွေသည် အားလုံး ရှုပ်ယှက်ခတ်နေလေ၏။ စကားတစ်ခွန်းတောင် မပြောနိုင်ဘဲ ကျန့်ချီသည် ရယ်စရာကောင်းသော အတွေးတစ်ခုကိုသာ တွေးမိသည်။ ယခု ချင်ကျောက်သည်လည်း သူကဲ့သို့ပင် ချင်ကျောက်အစစ် မဟုတ်ချေ။
အောက်တိုဘာလ၏ ဆောင်းဦးတွင် အပူချိန် မကျသေးချေ။ကျန့်ချီသည် ကုတင်ပေါ်တွင် ထိုင်နေရင်း တုန်တုန်ယင်ယင်ဖြစ်ကာ သူ၏ကျောသည် အေးစက်သောချွေးများဖြင့် စိုစွတ်နေခဲ့သည်။ ချင်ကျောက်၏ စူးစမ်းလိုသော မျက်လုံးများအောက်၌ပင် ဆေးခန်းမှ အမြန်ထွက်လာခဲ့သည်။ သူ့ဖိနပ်ကို ကောင်းကောင်းစီးဖို့တောင် အချိန်မရဘဲ လမ်းတစ်ဝက်ရောက်မှပင် ဘယ်ဘက်နှင့်ညာဘက်ကို မှားစီးနေခဲ့မိသည်အား သိလိုက်ရလေသည်။
သူ တစ်စုံတစ်ခုကို အတည်ပြုရန် အလွန်အမင်း လိုအပ်နေလေသည်။
Chapter 11 ended