no

Font
Theme

Chapter - 4

​"ငါ... ငါ ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး..."

​ပိုင်ရှီယွီသည် သူဘာလုပ်လိုက်မိသည်ကို သူမယုံနိုင်ဖြစ်နေဟန်တူကာ ထိတ်လန့်သွားသည့်အလား သူ၏လက်ကို ပြန်ရုတ်လိုက်ပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏မျက်ဝန်းထဲ၌ မျက်ရည်ကြည်တို့ ဝေ့သီလာပြီး သူ၏အရှိန်အဝါကို အားပျော့သွားစေ၏။

​ရှောက်ဟန့်၏ နှုတ်ခမ်းထောင့်တို့သည် တွန့်ကွေးသွားပြီး သူ၏မျက်လုံးများထဲမှ နက်ရှိုင်းသော အန္တရာယ်အရိပ်အယောင်တို့ ယိုစိမ့်ထွက်လာသည်ပင်။ "ဒါက ဒုတိယအကြိမ်မြောက်ပဲ။ မင်း တော်တော်ကောင်းတယ်၊ ပိုင်ရှီယွီ။"

​နောက်ဆုံးစကားလုံးသုံးလုံးကို လေးပင်စွာဆိုလိုက်ပြီး ခြိမ်းခြောက်မှုတစ်ခု သေချာပေါက်ပါဝင်နေ၏။ ပိုင်ရှီယွီသည် သူ၏အပြစ်ကင်းစင်သော သမင်မျက်လုံးလေးများဖွင့်ကာ အသံတိုးတိုးဖြင့် ခုခံချေပသည်။ 

"ငါက မင်း ငါ့ကို ရိုက်တော့မယ်ထင်လို့ ခုခံလိုက်တာပါ။ ခုနက... မင်း ဘာလို့မရှောင်လိုက်တာလဲ။"

​"ငါက မင်းကိုရိုက်တော့မယ်လို့ ဘယ်မျက်လုံးနဲ့ မြင်လိုက်တာလဲ။" ရှောက်ဟန့်ကဆို၏။ "မင်းက ငါ့ကို ပါးရိုက်ခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒါက ငါ့အပြစ်ဖြစ်သွားရောလား။"

​ပိုင်ရှီယွီမှာ စကားမဆိုနိုင်တော့ချေ။

​ပိုင်ရှီယွီမှာ စကားမဆိုနိုင်တော့သော်လည်း သူ၏မျက်နှာအမူအရာတွင် ကြီးစွာသော နာကြည်းခံရခက်မှုတို့ ပါဝင်နေ၏။ နှိုင်းယှဉ်ကြည့်လျှင် ရှောက်ဟန့်ကသာ သူ့ကို အနိုင်ကျင့်နေသကဲ့သို့ ထင်မှတ်ရပေသည်။ ကျန့်ချီသာ ဖြစ်စဉ်တစ်ခုလုံးကို မမြင်တွေ့ခဲ့ပါလျှင် သူသည်လည်း ထိုသို့ပင် တွေးထင်မိမည်ဖြစ်၏။

​"သူတော့ လုံးဝသွားပြီပဲ။" ကျန်းယန်က သူ၏နားနားကပ်၍ ခိုင်မာစွာဆို၏။

 "ရှောက်ဟန့်ကို ရန်စပြီးတဲ့နောက် ဘယ်သူမှ ကောင်းကောင်းမွန်မွန်နဲ့ ပြန်ထွက်သွားနိုင်တာမဟုတ်ဘူး။ နောက်ဆုံးတစ်ခေါက် ဒီလိုလုပ်ခဲ့တဲ့တစ်ယောက်ဆို ICU ထဲရောက်သွားတာ။ ခုထိပြန်ထွက်မလာသေးဘူးလို့ ငါကြားတယ်။"

​ကျန့်ချီသည် ဤသည်မှာ ကြွားဝါစရာကိစ္စတစ်ခုဟု မထင်မိခဲ့ပေ။ သူ့ရှေ့မှ ဆံပင်နီနှင့်ကောင်လေးသည် ရုပ်ရှင်မင်းသားတစ်ဦးကဲ့သို့ ရုပ်ရည်မျိုးရှိလင့်ကစား သူ၏မျက်လုံးထဲမှ ဆိုးသွမ်းမှုကို ဖုံးကွယ်မထားနိုင်သည်ဖြစ်ရာ အန္တရာယ်များသော လူဆိုးဂိုဏ်းများကို အမှတ်ရစေ၏။

​သူသည် အခြားသူများ၏ အကြည့်တို့ကို ဂရုစိုက်ပုံမရချေ။ ရှေ့သို့တစ်လှမ်းတိုးကာ ပိုင်ရှီယွီ၏ ကော်လံစကို ဆွဲလိုက်သည်။ ပိုင်ရှီယွီသည် ထိတ်လန့်တကြားရှောင်တိမ်းရင်း သူ၏မျက်လုံးများသည် ပွဲကြည့်နေသူများကို ကျော်ဖြတ်ကာ ကျန့်ချီ၏ မျက်နှာပေါ်တွင် ရပ်တန့်သွား၏။

​"ကျန့်ချီ!" သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာပြီး အားကုန်သုံးကာ အော်ဟစ်လိုက်သည်။ "ကယ်ပါဦး!"

​ကျန့်ချီသည် သူ့ခန္ဓာကိုယ်ပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်လာသော မျက်လုံး ဒါဇင်ပေါင်းများစွာကို ခံစားလိုက်ရ၏။ ထိုအကြည့်တို့သည် ပွဲကြည့်လိုသော မသက်မသာဖြစ်ဖွယ် မျှော်လင့်ချက်များအပြင် ပိုင်ရှီယွီထံမှ အထင်ရှားဆုံးသော မျှော်လင့်ခြင်းများနှင့် ပြည့်နှက်နေပေသည်။

​သူသည် ထိုနေရာတွင်ပင် ရပ်နေမိပြီး ရှေ့ဆက်တိုးရန် သို့မဟုတ် ထွက်သွားရန် မတတ်နိုင်ဖြစ်နေသည်။ သူ၏နှလုံးသားသည် စက္ကန့်အနည်းငယ်မျှ ဗြောင်းဆန်နေခဲ့ပြီးနောက် နောက်ဆုံးတွင် လူတိုင်း၏အရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့၏။

"ဟဲလို" ကျန့်ချီသည် စကားလုံးတစ်လုံးစီကို ပြောသောအခါတွင် အလွန်အမင်း နှိပ်စက်ခံနေရသကဲ့သို့ ခံစားနေရပြီး ယဉ်ကျေးစွာသတိပေးကာ "မင်း သူ့ကို အရင်လွှတ်ပေးနိုင်မလား? ဒါ နားလည်မှုလွဲနေတာလည်း ဖြစ်နိုင်တယ်"

"သူငယ်ချင်းလား?" ရှောက်ဟန့်သည် လုံးဝလွှတ်ပေးရန် ရည်ရွယ်ချက်မရှိသည့်အပြင် သူ၏အရပ်သည် ကျန့်ချီထက် ခေါင်းတစ်လုံးစာမက မြင့်မားနေခြင်းက ရှားရှားပါးပါး ဖိနှိပ်နိုင်စွမ်းကို ပေးစွမ်းနေ၏။ သူ၏နယ်မြေကို ကျူးကျော်လာသော ရန်သူအား ရင်ဆိုင်နေသည့် ခြင်္သေ့မင်းတစ်ကောင်နှင့် တူလှပေသည်။ သူသည် အန္တရာယ်ရှိသော အရိပ်အယောင်များကို မရှက်မကြောက် ထုတ်လွှတ်နေ၏။

ကျန့်ချီက "မင်း သူ့ကို အရင်လွှတ်လိုက်ပါ"

ရှောက်ဟန့်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အသံက အေးစက်စက်သတိပေးချက်နှင့် ရောယှက်ကာ "မင်းကိစ္စကိုသာ မင်းလုပ်၊ ထွက်သွားတော့"

သူ့ဒေါသကို လုံး၀ဖုံးကွယ်မထားသလို အပေါ်ယံတွေလုပ်ဖို့လည်း စိတ်မ၀င်စားပေ။

​ကျန့်ချီသည် မျက်မှောင်ကြုတ်လိုက်ပြီး စကားဆက်မပြောတော့ပေ။ အမှန်တကယ်တွင် သူသည် အဖြစ်အပျက်အားလုံးကို မသိမချင်း မည်သူ့ကိုမျှ ပါဝင်ကူညီလိုခြင်း မရှိခဲ့ချေ။ သူ နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏လက်ကောက်ဝတ်ကို ပိုင်ရှီယွီက ရုတ်တရက်ဆွဲကိုင်လိုက်၏။ ကျန့်ချီသည် ခဏမျှ ရုန်းမထွက်နိုင်သည်အထိ ထိုသူ့ထံတွင် ဤမျှလောက်သော အားအင်ရှိလိမ့်မည်ဟု ထင်မှတ်ရန် ခက်ခဲလှပေသည်။

​ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် တစ်စုံတစ်ယောက်က 'ဒုတိယဥက္ကဋ္ဌ ရောက်လာပြီ' ဟု ဆိုလိုက်ရာ လူအုပ်သည် ဘေးနှစ်ဖက်သို့ အလိုအလျောက်လမ်းခွဲပေးကြ၏။ ကျိဟွိုက်စစ်သည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်နှစ်ယောက်နှင့်အတူ အလယ်သို့ လျှောက်လှမ်းဝင်လာခဲ့ပြီး ကင်းလှည့်နေပုံရသည်။

​အာရုံစိုက်မှုသည် ထိုသုံးယောက်ထဲမှ ကျိဟွိုက်စစ်ထံသို့ အလိုလိုပြောင်းသွားပြီး မတည်ငြိမ်မှုများလည်း မရှိတော့ချေ။

​ကျန့်ချီသည် တိတ်တဆိတ် သက်ပြင်းတစ်ချက်ချလိုက်၏။ ယင်းသည် ထင်ယောင်ထင်မှားတစ်ခုလား သူ မသိသော်လည်း ကျိဟွိုက်စစ်၏ အကြည့်သည် သူ့အပေါ်သို့ စက္ကန့်အနည်းငယ်ပို၍ ကြာရှည်စွာ ရပ်တန့်နေခဲ့သည်ဟု ခံစားလိုက်ရသည်။

"ရှောက်ဟန့်... ကျောင်းက ဆံပင်အနီရောင်၊ အစိမ်းရောင်၊ အပြာရောင်နဲ့ အခြားအရောင်တောက်တောက်တွေ ဆေးဆိုးတာကို တားမြစ်ထားတယ်လို့ ဆယ့်ခြောက်ခါလောက် သတိပေးပြီးပြီ။ မင်း အညိုရောင်ဆိုးလို့ရတယ်။ ဒါက ကျောင်းသားသမဂ္ဂရဲ့ အကြီးမားဆုံးလိုက်လျောမှုပဲ" 

ကျိဟွိုက်စစ်က ငြင်းမရသည့် နူးညံ့သောအသံနှင့် ပြောလိုက်ပြီး "ဒါက ဆယ့်ခုနစ်ကြိမ်မြောက်သတိပေးတာပါ နောက်တစ်ခါတွေ့ရင် ဒီဆံပင်နီတွေကို ထပ်မတွေ့ရတော့ဘူးလို့ မျှော်လင့်ပါတယ် ကျောင်းဆိုတာက မင်းရမ်းကားလို့ရတဲ့နေရာမဟုတ်ဘူး လွှတ်လိုက်ပါ"

ရှောက်ဟန့်က သူ့ကို သနားစိတ်ဖြင့် စိုက်ကြည့်ကာ "သူက ငါ့ကို အရင်ရန်စခဲ့တာ မတွေ့ဘူးလား?"

ကျိဟွိုက်စစ်က "ငါတကယ် မမြင်လိုက်ဘူး"

နှစ်စက္ကန့်အကြာတွင် ပိုင်ရှီယွီ၏ကော်လံကို ရှောက်ဟန့် ဆောင့်လွှင့်ပစ်လိုက်သည်။ သူသည် လက်ကောက်ဝတ်ကို လှည့်ကာ ကျန့်ချီနှင့် ပိုင်ရှီယွီကို ဖြည်းညင်းစွာ ကြည့်လိုက်ပြီးနောက် ရက်စက်ကြမ်းကြုတ်ပြီး အဓိပ္ပါယ်ရှိသောအပြုံးကို ပြုံးပြလိုက်ရာ ကျန့်ချီအား သူ့နောက်ကျောကို ချမ်းစိမ့်စိမ့်ခံစားသွားစေသည်။ သူ ကံမကောင်းပုံရပြီး သူ့အရှေ့မှရှောင်ဟန့်က သူ့အား 'ရန်သူ' စာရင်းထဲသို့ ထည့်လိုက်ပြီဖြစ်၏။

"ကောင်းပြီ ငါလွှတ်လိုက်ပြီ" ရှောက်ဟန့်က "အခုအဆင်ပြေပြီမဟုတ်လား ဒုဥက္ကဌ?"

ကြားရသူတိုင်းကို စော်ကားသကဲ့သို့ စိတ်မသက်မသာဖြစ်စေမည့် 'ဒု' ဟူသော စကားကို တမင်တကာ အလေးပေးဖော်ပြခဲ့သည်။ ကျိဟွိုက်စစ်၏မျက်နှာသည် လုံးဝပြောင်းလဲမသွားဘဲ ဖော်ရွေသော အပြုံးကို တပ်ဆင်ထားကာ "မင်းရဲ့ပူးပေါင်းမှုအတွက် ကျေးဇူးတင်ပါတယ် ဆံပင်ကိုမမေ့ပါနဲ့"

​ရှောက်ဟန့်သည် လှည့်ထွက်သွားခဲ့ပြီး အတော်အတန်ဝေးသို့ လျှောက်သွားခဲ့ပြီဖြစ်သည်။ ဤစကားကိုကြားသောအခါ သူသည် နောက်လှည့်မကြည့်ဘဲ ရှေ့သို့ဆက်လျှောက်သွားကာ သူ၏သဘောထားကို ပြသလိုက်၏။

ကျိဟွိုက်စစ်သည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး နောက်ဆုံး၌ သူ့အကြည့်က ကျန့်ချီဆီရောက်သွားသည်။ သူ့မျက်ခုံးများကိုဖြေလိုက်ပြီး မေးလိုက်၏ "ဆောရီး ငါလာတာ နောက်ကျသွားတယ် သူမင်းတို့ကို နာကျင်အောင် လုပ်သေးလား?"

ကျန့်ချီက "မလုပ်ဘူး" ဟုပြောပြီး သူ့နောက်ကွယ်တွင် ပုန်းနေသောပိုင်ရှီယွီကို ကြည့်လိုက်၏။ သူက ထိတ်လန့်နေပုံရပြီး အထူးသဖြင့် သူ၏ဖြူဖွေးသောလည်ပင်းသည် ယူနီဖောင်းကော်လံကြောင့် ထင်ရှားသော အနီရောင်အမှတ်အသားက ပေါ်လွင်နေသည်။

"ဒီကိစ္စက ပြေလည်သွားပြီ အားလုံး ဒီမှာမနေကြနဲ့တော့" ကျိဟွိုက်စစ်၏ အနောက်မှလူများသည် အပျော်တမ်းကြည့်နေသော ကျောင်းသားများကို လူစုခွဲရန်ပြောခဲ့ကြသည်။

လူစုကွဲသွားသောအခါတွင် ပိုင်ရှီယွီသည် သူ့အာရုံဆီသို့ ပြန်ရောက်သွားပြီး ရှက်ကိုးရှက်ကန်းဖြစ်ခြင်း သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် နီမြန်းနေသောမျက်နှာဖြင့် မော့ကြည့်လိုက်သည်။

"တောင်းပန်ပါတယ် ကျန့်ချီ ငါ မင်းကိုဆွဲထုတ်လိုက်မိတယ် ငါ အရမ်းကြောက်နေခဲ့ပြီး လူတွေအများကြီးထဲကမှ မင်းကိုပဲ ငါသိလို့" သူက မျက်လုံးများကိုအောက်ချပြီး အောက်နှုတ်ခမ်းကိုကိုက်နေကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်အမူအရာကိုပြသပြီး ကျန့်ချီအား တီးတိုးပြောလိုက်သည်မှာ သူ့အား အပြစ်တင်ရန် ခက်ခဲလှပေ၏။

"အဆင်ပြေပါတယ် နောက်တစ်ခါ အရမ်းစိတ်လိုက်မာန်ပါ မလုပ်မိ‌စေနဲ့နော်" စိတ်ထဲမထားဟု ဆိုလျှင် ယင်းသည် လိမ်ညာရာကျပေမည်။ သို့သော် ဤသို့ တောင်းပန်တိုးလျှိုးနေသော ပိုင်ရှီယွီကိုမြင်သောအခါ ကျန့်ချီ၏စကားများသည် နှလုံးသားထဲမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။

အန္တရာယ်ကြုံလာသည့်အခါ လူတစ်ယောက်၏ အရေးပေါ်တုံ့ပြန်မှုကို သူနားလည်နိုင်၏။ နေထိုင်သည်မှာ တစ်ပတ်မျှသာရှိသေးသော မရင်းနှီးသည့် ပတ်ဝန်းကျင်တစ်ခုတွင်ဖြစ်ကြောင်းကို ထည့်မပြောဘဲနှင့်ပင်တည်း။ ပိုင်ရှီယွီသည် ကျောင်းပြောင်းကျောင်းသားတစ်ဦးပင်ဖြစ်သော သူ့အား အားကိုးရသော 'လူ' တစ်ယောက်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်နိုင်ပေသည်။

သူတို့ပြောနေသည်ကို နားထောင်ပြီးနောက် ဘေးတွင်ရပ်နေသော ကျိဟွိုက်စစ်က မေးလာသည်။ "ရှောက်ဟန်က မင်းသူ့ကို အရင်ရိုက်ခဲ့တယ်လို့ပြောတယ် အဲဒီလိုမျိုးဟုတ်သလား?"

ပိုင်ရှီယွီ၏လက်ချောင်းများက သူ့အဝတ်ကိုလုံးချေနေပြီး ကျိဟွိုက်စစ်ကို ထိတ်လန့်တကြားကြည့်ရင်း "ရှောက်ဟန်က ငါ့ကိုရိုက်ချင်နေပြီထင်လို့ သူ့ကို အရင်ရိုက်လိုက်တာပါ တောင်းပန်ပါတယ် ငါ စိတ်လောသွားတယ်"

​"သူက မင်းကိုရိုက်လိမ့်မယ်လို့ ဘာလို့ထင်ရတာလဲ။" ကျိဟွိုက်စစ်သည် အဓိကအချက်ကို ထုတ်နုတ်မေးလိုက်၏။ "သူက မင်းကို အရင်က ထိခိုက်အောင်လုပ်ခဲ့ဖူးလို့လား။"

"မဟုတ်ဘူး" ပိုင်ရှီယွီက သူ့လက်တွေကို အလျင်စလိုဝှေ့ယမ်းပြီး အနည်းငယ် တုံ့ဆိုင်းသွားကာ "သူနဲ့လူတစ်စုက အထူးကျောင်းသားတစ်ယောက်ကို ထိုးကြိတ်ကန်ကျောက်ပြီး အနိုင်ကျင့်နေခဲ့တာကို ငါတွေ့ဖူးတာ။ ပြီးတော့ ဒေါသတကြီး ရေတွေနဲ့ပက်နေတာ။ အဲဒီ့အချိန်ကစပြီး သူငါ့ကို ရန်ငြိုးထားနေလောက်ပြီ"

...

"ငါနားလည်ပြီ ငါ ဒီကိစ္စကိုကိုင်တွယ်လိုက်မယ်"

ကျိဟွီုက်စစ်သည် ဤအဖြေကိုကြားရသည်ကို မအံ့သြသကဲ့သို့ အနည်းငယ်ခေါင်းညိတ်ကာ ပိုင်ရှီယွီအား စိတ်ချရန်ပြုံးပြကာ "နောက်ကျတစ်ခုခုကြုံလာခဲ့ရင် ကျောင်းသားသမဂ္ဂကို အရင်သွားပါ သီးသန့်မဖြေရှင်းပါနဲ့ မင်းမှာမေးစရာတွေရှိရင် စမစ်အဆောက်အဦးရဲ့ မြောက်ဘက်မှာရှိတဲ့ ကျောင်းသားသမဂ္ဂရုံးခန်းကို သွားလို့ရတယ် တံဆိပ်က အရမ်းသိသာတဲ့ အနေအထားမှာရှိတဲ့အတွက် မကြောက်ပါနဲ့"

ပိုင်ရှီယွီ၏မျက်နှာက နီမြန်းနေသေးပြီး အနည်းငယ်ခေါင်းညိတ်ပြကာ "ငါမှတ်မိပါပြီ ကျေးဇူးတင်ပါတယ် ဒုဥက္ကဌ"

"ဒါက ကျောင်းသားတစ်ယောက် လုပ်သင့်တဲ့အရာပါ"

​ကျန့်ချီသည် ကျိဟွိုက်စစ်မှာ အရည်အချင်းရှိပြီး အောင်မြင်သော အရောင်းသမားတစ်ဦးနှင့် တူသည်ဟု ခံစားလိုက်ရ၏။ ကျောင်းသားတိုင်း၏ အားကိုးရာအဖြစ် ကျောင်းသားသမဂ္ဂကို ဖြစ်လာစေရန် ရည်စူးထားပေသည်။ သူသည် လူစုခွဲထွက်သွားသော လူအုပ်ကို ကြည့်လိုက်ပြီး သူ၏ခြေထောက်များ အနည်းငယ် ညောင်းကိုက်လာသည်ဟု ခံစားလိုက်ရသည်။ ကျန်းယန် စောင့်နေလောက်ပြီဟု တွေးမိကာ "နေ့လယ်စာစားချိန်က ကုန်တော့မှာ၊ ငါအရင်သွားတော့မယ်"

"ရှောက်ဟန့်ကို ကြောက်နေလား?" ကျိဟွိုက်စစ်က သူ့မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုတစ်ချို့နှင့် ကျန့်ချီကိုကြည့်၏။ "သူ့မှာ စည်းကမ်းမနာခံတဲ့ အကျင့်စရိုက်မျိုးရှိတယ် သူမင်းကို ဒုက္ခပေးနေသေးရင် ကျောင်းသားသမဂ္ဂကို လာဖို့သတိရပါ"

"ငါသိပါတယ်" ကျန့်ချီက မနေနိုင်ဘဲပြုံးလိုက်ကာ "ငါ နေရာကို အလွတ်ကျက်ထားပြီးပြီ စမစ်အဆောက်အဦးရဲ့မြောက်ဘက်ခြမ်း"

ထိုသို့ကြားသောအခါ ကျိဟွိုက်စစ်က ရယ်မောလိုက်သည်။ သူသည် သူ၏လှပသောနှုတ်ခမ်းများကို အပေါ်သို့ပင့်တင်ကာ ပန်းချီကားများကဲ့သို့ မျက်ခုံးများကို ကွေးညွတ်ထားသည်။ ကျန့်ချီသည် မောက်မာသော ဟန်ဖန့်နှင့် အန္တရာယ်များသော ရှောက်ဟန့်တို့၏ နောက်ခံနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဤသို့ ထူးချွန်ပြီး ပညာတတ်သော ကျိဟွိုက်စစ်မှာ စိန့်စတန်ကျောင်းတော်၌ ရှားပါးမျိုးစိတ်တစ်ခုနှင့်တူသည်ဟု ခံစားလိုက်ရ၏။

ကျန်းယန်သည် ပန်းအိုးနောက်မှ ခုန်ထွက်ကာ ကျန့်ချိီ၏ပုခုံးကို တင်းကြပ်စွာပုတ်လိုက်ကာ အတင်းအဖျင်းပြောသံနှင့် အံ့အားသင့်မှုကို ဖုံးကွယ်မထားနိုင်ဘဲ "ဒီအထူးကျောင်းသားကို မင်းတကယ်သိပြီးသားလား ဒုဥက္ကဌကရော?" ထိုသို့ပြောပြီးနောက် သူ့အသံကို သတိထားမိမှာ ကြောက်သောကြောင့် နောက်ပြန်ကြည့်ရန်မမေ့ပေ။

ကျန့်ချီသည် သူ ဤနေရာတွင်ပုန်းနေမည်ဟု မမျှော်လင့်ထား‌သောကြောင့် "ငါနဲ့ပိုင်ရှီယွီက ကျောင်းပြောင်းလာတဲ့နေ့ကအတူတူပဲ အဲဒီနေ့မှာပဲ စကားနည်းနည်းပြောခဲ့တာ" ဟု မပြောခင် တစ်စက္ကန့် နှစ်စက္ကန့်ခန့် အချိန်ယူခဲ့ရသည်။

"ဒုဥက္ကဋ္ဌကရော?" ကျန်းယန်သည် ဤအရာကို ပို၍သိချင်နေခဲ့သည်။

"သူနဲ့လည်း စကားနည်းနည်းပြောခဲ့တယ်" ကျန်းချီက ထိုနေ့ကအခြေအနေကို ပြန်ပြောပြပြီး ခရမ်းနုရောင်ပန်းပွင့်လေးကို သတိရလာကာ "သူက အရမ်းကောင်းပြီး စာသင်ခန်းကိုရှာဖို့ ကူညီပေးခဲ့တာ"

​ကျန်းယန်၏ မျက်နှာအမူအရာသည် အလွန်ထူးဆန်းနေပြီး သူ၏အပြုံးကို ချုပ်တည်းထားပုံရ၏။ "မင်းက သူ့ကို လူကောင်းကတ် ပေးနေတာလား။ ဒါပေမဲ့ ဒုတိယဥက္ကဋ္ဌက လူသိများတဲ့ လူကြီးလူကောင်းတစ်ယောက်ဆိုတာတော့ အမှန်ပင်။ ကံမကောင်းစွာနဲ့ပဲ ငါ စိန့်စတန်ကိုရောက်တာ နှစ်နှစ်ရှိပြီ၊ သူနဲ့ သိပ်စကားမပြောဖူးသေးဘူး။" 

သူ စကားဆုံးအောင်ပြောပြီးနောက် နှုတ်ခမ်းစူလိုက်ပြီး သနားကမားဟန်ဖြင့် ထပ်ဖြည့်ပြောသည်။ "သူ ကျောင်းပတ်ပြီး ကင်းလှည့်နေတာကို နေ့တိုင်းတွေ့တာက လွဲလို့ပေါ့။"

​"ကျောင်းသားသမဂ္ဂရဲ့အလုပ်က တော်တော်အလုပ်များပုံပဲ။" ကျန့်ချီသည် နားမလည်နိုင်ဖြစ်သွား၏။ "နေ့တိုင်းကင်းလှည့်နေရရင် စာသင်ချိန်တွေ လွတ်ကုန်မှာမဟုတ်ဘူးလား။"

​"သူက သာမန်လူတစ်ယောက်မဟုတ်ဘူး။ ငါပြောချင်တာက စာသင်ချိန်တစ်ချိန်မှ မတက်ရင်တောင် ဒုတိယဥက္ကဋ္ဌက သူ့ရဲ့စာမေးပွဲအားလုံးမှာ A+ အဆင့်တွေရနိုင်တယ်။"

သူ ရှင်းလင်းစွာပင် ကျိဟွိုက်စစ်အကြောင်းကို ပြောနေပေမယ့် ကျန်းယန်က ဂုဏ်ယူစွာဖြင့် "ပြီးခဲ့တဲ့နှစ်ဝက်မှာ ဒုဥက္ကဌက Paganini နိုင်ငံတကာတယောပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး တစ်လလုံး ခွင့်ယူသွားခဲ့တယ် နောက်ဆုံးတော့ ချန်ပီယံဆုကို ရခဲ့ရုံတင်မကဘဲ စိန့်စတန်က နှစ်စဉ်စာမေးပွဲအတွက် ပထမနေရာကိုပါရခဲ့တယ်လေ နံပါတ်တစ်နော် သူက လူသားမဟုတ်ဘူး!!!"

​နောက်ဆုံး ချဲ့ကားပြောဆိုလိုက်သော အာမေဍိတ်သံသည် လေးစားအားကျမှုတို့နှင့် ပြည့်နှက်နေသော်လည်း ကျန့်ချီသည် ကျန်းယန်၏ စကားများထဲမှ တယောပြိုင်ပွဲဆိုသည့် အချက်ကို ဖမ်းဆုပ်လိုက်၏။

​ဂုဏ်သရေရှိသော နောက်ခံမှလာသူတစ်ဦးအတွက် တူရိယာတစ်မျိုးနှစ်မျိုး တီးခတ်နိုင်ခြင်းသည် မထူးဆန်းလှပေ။ ကျန့်ချီသည် သူ၏စိတ်ထဲတွင် ကျိဟွိုက်စစ်နှင့် တယောကို ပေါင်းစပ်ပုံဖော်ကြည့်လိုက်သည်။ သူခံစားလိုက်ရသည်မှာ တယောသည် လူနှင့် လိုက်ဖက်နေခြင်းမဟုတ်ဘဲ၊ လူသည်သာ တယောနှင့် လိုက်ဖက်နေခြင်းဖြစ်သည်ဟုပင်။

​"သူက အဲ့ဒီ PC တွေနဲ့မတူဘူး။" ကျန်းယန်ကဆို၏။ "ငါ ရဲရဲကြီးပြောရဲတယ်၊ ဒုတိယဥက္ကဋ္ဌက စိန့်စတန်ကျောင်းသားအများစုရဲ့ နှလုံးသားထဲက အိုင်ဒေါတစ်ယောက်ပဲ။"

​ကျန့်ချီသည် ဤဝါကျကို ယုံကြည်၏။ အထူးသဖြင့် ကျန်းယန်၏ အရူးအမူးပရိတ်သတ်တစ်ဦးကဲ့သို့သော မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ ပို၍ပင် ယုံကြည်သွားသည်။

စာရေးသူ၏ စကား

​ရှောင်ပိုင်က ဇာတ်လမ်း၏ မူလ 'shou' ဖြစ်ပြီး မကြာခင်မှာပဲ သူဟာ အမှန်တကယ်တွင် ဆိုးသွမ်းသော အမျိုးသားဇာတ်ပို့တစ်ဦးဖြစ်ကြောင်းကို သိရှိသွားလိမ့်မယ်။ (* ̄︶ ̄)

Chapter - 4 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment