no

Font
Theme

Chapter 20

​"ကျန့်ချီ၊ မင်းနေမကောင်းဖြစ်နေတာမဟုတ်ဘူး၊ ဟုတ်တယ်မလား"

"ငါ......"

​"ငါအစကတည်းက သတိထားမိတယ်၊ မင်းက ငါ့ကို မမြင်ချင်သလိုပဲ" ကျိဟွိုက်စစ်သည် ပြုံးနေသော်လည်း ထိုအပြုံးထဲတွင် ကျန့်ချီအား ပြောမပြတတ်သော ဝမ်းနည်းမှုကို ခံစားမိစေသည်၊ "ငါတစ်ခုခုများ မှားလုပ်မိလို့လား"

​ကျန့်ချီသည် မဖြေနိုင်ခဲ့ပေ။ စကားတစ်ခွန်းချင်းစီသည် သူ့ကို တဖြည်းဖြည်းဖိအားပေးနေသကဲ့သို့ပင်။အသက်ရှူမရလောက်အောင် တင်းကျပ်မှုသည် လည်ချောင်းကို လာရောက်ဆုပ်ကိုင်ထားသလိုဖြစ်နေသည်။ခဏအကြာမှ စကားလုံးလေးလုံးကို ညှစ်ထုတ်နိုင်ခဲ့သည်မှာ "အဲ့လိုမဟုတ်ပါဘူး"

​"ငါက မင်းကျန်းယန်ကို ခေါ်လာလိမ့်မယ်လို့ ထင်ထားခဲ့တာ" ကျိဟွိုက်စစ်၏ စကားသံသည် ပေါ့လည်းမပေါ့၊ လေးလည်းမလေး၊ သံတူရွင်းတစ်ချက်က ကျန့်ချီ၏ ရင်ဘတ်ကို လာရိုက်ခတ်သကဲ့သို့ပင်၊ "မင်းက ပိုင်ရှီယွီရဲ့ စိတ်ခံစားချက်ကို အမြဲတမ်းဂရုစိုက်နေပြီး သူ့ကို ငါ့ဘက်ကို တွန်းပို့နေသလိုပဲ၊ ဒါက ငါပဲ စိတ်ထင်နေတာများလား"

​မဟုတ်ဘူး။ စိတ်ထင်မှားမှု မဟုတ်ဘူး။

​ကျိဟွိုက်စစ်က အရမ်းကို ထက်မြက်လွန်းသည်။ သို့မဟုတ် သူတို့အားလုံးက ကျန့်ချီထင်ထားသည်ထက် ပို၍ထက်မြက်နေကြသည်။ သူသည် ရံဖန်ရံခါတွင်သာ သူ၏အကြည့်ကို ပိုင်ရှီယွီ၏ အမူအရာပေါ်တွင် ထားမိသည်။စားသောက်ဆိုင်တွင် နေရာယူသည့်အခါ ပို၍နီးကပ်သောနေရာကို သူတို့အတွက် ချန်ထားပေးသည်။ စကားစကို သူတို့ရှိရာသို့ လမ်းကြောင်းလွှဲပေးသည်။ဤသိမ်မွေ့သော အပြုအမူအားလုံးကို ကျိဟွိုက်စစ်က ပုံမှန်မဟုတ်ဟု ဖမ်းယူသိရှိသွားခဲ့ရာ သူသည် လုံးဝမငြင်းနိုင်တော့ပေ။

​"ကျန့်ချီ"

သူ၏တိတ်ဆိတ်မှုကို အချက်ပြမှုတစ်ခုအဖြစ် မှတ်ယူလိုက်ပုံရသည်။ကျိဟွိုက်စစ်သည် ကျန့်ချီ၏ ပခုံးကို ညင်သာစွာဖိကိုင်လိုက်ပြီး ဆို၏။

"ငါ စိတ်ဆိုးတဲ့သဘောမဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတာကိုပဲ သိချင်တာပါ"

​ကျန့်ချီသည် မည်သို့ပြန်ဖြေရမည်ကို မသိတော့ပေ။ မင်းတို့က ဒီလိုDateလုပ်သင့်ပြီး ပိုင်ရှီယွီကလည်း ဒီအဖြစ်အပျက်ကြောင့် မင်းကို ကြိုက်သွားလိမ့်မယ်လို့ သူ့ကိုပြောပြရမည်လော။ ကျိဟွိုက်စစ်၏ အနည်းငယ်နက်ရှိုင်းသော မျက်ဝန်းများကို စိုက်ကြည့်ရင်း ကျန့်ချီ၏ နှလုံးသားသည် ဟင်းခတ်အမွှေးအကြိုင်မျိုးစုံကို ရောမွှေထားသကဲ့သို့ ရှုပ်ထွေးသော အရသာတစ်မျိုးကို ခံစားလိုက်ရသည်၊ "တောင်းပန်ပါတယ်၊ ငါ အခု ရှင်းပြလို့မဖြစ်သေးလို့ပါ"

​ကျိဟွိုက်စစ်ကို ပိုများသော ဆင်ခြေများဖြင့် လှည့်ဖြားခြင်းထက် ကျန့်ချီသည် ရှောင်ဖယ်ခြင်းကိုသာ ရွေးချယ်လိုက်သည်။

​သူသည် ကျိဟွိုက်စစ်၏ စိတ်ပျက်သော အမူအရာကို မြင်တွေ့ရန် သို့မဟုတ် နောက်ဆက်တွဲမေးခွန်းများကို ကြားရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော် ကျိဟွိုက်စစ်သည် သူ၏ပခုံးကို လွှတ်ပေးလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ယခင်ကကဲ့သို့ စိတ်ပျက်ခြင်း သို့မဟုတ် မကျေနပ်ခြင်းများမရှိဘဲ ခပ်တိုးတိုးသက်ပြင်းတစ်ချက်ချလိုက်သည်။ သူ၏နှုတ်ခမ်းထောင့်မှ အပြုံးတွင် ခပ်ပါးပါးအားမလိုအားမရဖြစ်မှု ပါဝင်နေသည်။

"ငါနားလည်ပါပြီ၊ မင်းရှင်းပြချင်တဲ့အချိန်ရောက်မှ ငါနောက်တစ်ခေါက်ထပ်မေးပါ့မယ်၊ မင်းစောစောက ဘာမှမစားလိုက်ရတော့ ဗိုက်ဆာနေမှာသေချာတယ်၊ ငါဒီနားမှာ ကောင်းတဲ့စားသောက်ဆိုင်တစ်ဆိုင်သိတယ်၊ ဒီတစ်ခေါက်ရော မင်းငြင်းဦးမှာလား"

​ကျန့်ချီသည် နှစ်ခါတိတိ အတည်ပြုလိုက်ပြီးနောက် နောက်ဆုံးတွင် စကားစသည် အစပိုင်းမှ 'ဘာလို့လိမ်ညာတာလဲ' မှသည် ရုတ်တရက် အစားအသောက်အကြောင်းသို့ ခုန်ကူးသွားသည်ကို သေချာသွားသောအခါ သံသယဖြင့် ပါးစပ်ဟလိုက်သည်မှာ "ခင်ဗျား စားပြီးပြီမဟုတ်ဘူးလား"

​"ငါစောစောက မင်းအတွက် စိတ်ပူနေလို့ သိပ်မစားလိုက်ရဘူး"

​"ဒါဆို ပိုင်ရှီယွီကရော..."

ကားတံခါးကိုဖွင့်ရန်သွားသည့် ကျိဟွိုက်စစ်သည် ရပ်တန့်လိုက်ပြီး ပြန်မဖြေခဲ့သော်ငြား ကျန့်ချီသည် သူ့မျက်လုံးထဲရှိ နှောင့်ယှက်ခြင်းဟူသောအရာကို ရိပ်စားလိုက်မိပြီး အကြင်သူမှ ဖြည်းဖြည်းချင်းပြောလာသည်ကို ကြားလိုက်၏။

"အခုကစပြီးတော့ မင်းတခြားသူတွေရဲ့နာမည်ကို မပြောရဘူး။ မင်းကိုယ့်ကို လိမ်ညာလုနီးနီးပဲဆိုတော့ ဒီသေးငယ်တဲ့ တောင်းဆိုမှုလေးကတော့ အရမ်းမများပါဘူး ဟုတ်တယ်မလား?"

ကျန့်ချီသည် ထောင်ချောက်တစ်ခုကဲ့သို့ လုံးဝမထင်ရသော လှပသည့်တွင်းနက်ထဲသို့ ကျရောက်သွားသည့်နှယ် ရင်းနှီးလှသောခံစားချက်ကို တဖန်ခံစားလိုက်ရ၏။ သူသည် တုံ့ဆိုင်းစွာ ပြန်ပြောလိုက်သည်။

"အမ်း"

ကျိဟွိုက်စစ်သည် သူ၏ပုံမှန်နူးညံ့သောအပြုံးကို ထုတ်ပြလာပြီး သူ၏ခေါင်းထိပ်ကိုကာပေးကာ ကားပေါ် တက်စေ၏။

ပိုင်ရှီယွီသည် ကားထဲတွင်မရှိဘဲ ကျန့်ချီသည် အနှီသူ ဘယ်တွင်ရှိသည်ကို အလိုအလျောက်မေးချင်ခဲ့သော်လည်း ယခုကလေးတင် သူသဘောတူခဲ့သော တောင်းဆိုချက်အကြောင်းကို တွေးမိပြီးနောက် သူ၏ပါးစပ်ကို တိတ်တဆိတ်ပိတ်လိုက်ရသည်။

ကားသည် မထင်မရှားလမ်းမတစ်ခုရှေ့တွင် ရပ်တန့်သွားသည်။ကျန့်ချီသည် ကျိဟွိုက်စစ်နောက်သို့ လိုက်သွားရင်း လမ်းကြားအနည်းငယ်ကို ကွေ့ဝိုက်ပြီးနောက် လျှို့ဝှက်သော ဆိုင်တစ်ဆိုင်ရှေ့သို့ ရောက်ရှိလာသည်။တစ်ချက်ကြည့်လိုက်ရုံဖြင့် စားသောက်ဆိုင်ဟု လုံးဝမထင်ရပေ။ ၎င်းမှာ အမည်မရှိသောအပင်များ၊ အိုးနှင့်အပင်များဖြင့် ပြည့်နှက်နေပြီး စက်ဝိုင်းသဏ္ဌာန်ဖြစ်ပေါ်နေကာ တစ်ချို့မှာ တံခါးရွက်ပေါ်တွင် ချိတ်ဆွဲထားပြီး အချို့မှာ မြေပြင်ပေါ်တွင် ရိုးရှင်းစွာနေရာချထားခံရ၏။

ခြေထောက်အောက်ကို ဂရုတစိုက်ကြည့်လိုက်ပြီး ဘာကိုမှ မနင်းမိကြောင်း သေချာအောင်လုပ်လိုက်သည်။

​စားသောက်ဆိုင်အတွင်းပိုင်းသည် အပြင်ဘက်နှင့် လုံးဝကွဲပြားခြားနားသည်။အခြားကမ္ဘာတစ်ခုသို့ ကျရောက်သွားသကဲ့သို့ပင်၊ လှပသောပန်းအိုးများသည် နေရာတစ်ခုလုံးကို အလှဆင်ထားသည်။ကျန့်ချီသည် သက်သောင့်သက်သာရှိသော ရနံ့သင်းသင်းတစ်ခုကို ရလိုက်သည်။ မရေမတွက်နိုင်သော ပန်းရနံ့များ ရောစပ်နေသော်လည်း အနည်းငယ်မျှပင် ထူးဆန်းမနေခဲ့ပေ။

"ဒီနေရာက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါရှာတွေ့ခဲ့တာ အရမ်းပုန်းကွယ်လွန်းမနေဘူးလား?"

ကျန့်ချီသည် သူ၏အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ကာ ခေါင်းညိတ်လိုက်၏။ "ဒါက လှတယ်။"

၎င်းမှာ ဥယျာဥ်ပြတိုက်တစ်ခုကဲ့သို့ပင်။

ကျိဟွိုက်စစ်သည် ကျန့်ချီ၏မျက်ဝန်းများထဲသို့ ကြည့်လိုက်၏။ "သူတို့ရဲ့မီနူးနာမည်တွေကို ပန်းတွေနဲ့မှည့်ထားတာလေ။ ငါက gardeniaပန်းတွေကိုကြိုက်ပြီး အဲဒီတစ်ခုကို မကြာခဏ မှာဖြစ်တယ်။ မင်းကရော?"

ခေါင်းစဥ်သည် သူ့ဆီသို့ မထင်မှတ်ဘဲ ရောက်ရှိလာပြီး ခရမ်းရောင်အဆင်းတစ်ခုမှာ ကျန့်ချီ၏စိတ်အတွင်းပေါ်လာ၏။

"Wisteriaပန်း"

"ငါတို့ပထမဆုံးစတွေ့တုန်းက, ငါ့ရဲ့ရင်ထိုးကလှတယ်လို့ပြောခဲ့တာက wisteriaပန်းတွေအကြောင်းကို တွေးမိသွားလို့လား?"

ကျန့်ချီသည် ကျိဟွိုက်စစ်၏ အသေးစိတ်အာရုံစိုက်မှုကြောင့် အံ့သြသွားခြင်းမရှိဘဲ ယခုတင် ပို့ဆောင်လာသော ပန်းလက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ကာ။ "အင်း၊ အရင်က ကျောင်းတုန်းက မကြာခဏတွေ့ရတယ်"

ကျိဟွိုက်စစ်သည် သူ၏မေးစေ့ကို ခပ်ဖွဖွဖိထားလိုက်ပြီး ဘာဆိုလိုမှန်းမသိသည့် အဓိပ္ပါယ်တစ်ခုနှင့်အတူ "မင်း စိန့်စတန်ကိုပြောင်းလာပြီးနောက်မှာ အရင်ကျောင်းကိုသတိရသေးလား?"

"တစ်ခါတလေမှပါ" ကျန့်ချီသည် အကြောင်းအရာများကို ပိုမိုမထုတ်ဖော်တော့ဘဲ စကားပြောခန်းကို အချိန်မီရပ်တန့်လိုက်၏။

"ဒါနဲ့ ဘာလို့ gardenia ပန်းတွေကိုကြိုက်တာလဲ?"

"ငါ အစက မင်းကိုပြောပြမလို့ စဉ်းစားနေခဲ့တာ... အကြောင်းအရာတွေအရမ်းများသွားရင် မင်းပျင်းသွားမှာစိုးလို့"

ကျိဟွိုက်စစ်သည် မထိန်းနိုင်ဘဲ မျက်ခုံးကို ကွေးညွှတ်လိုက်ပြီး ပြောလိုက်၏။

"တကယ်တော့ သိပ်ထူးထူးဆန်းဆန်းမရှိပါဘူး၊ ငါ့အမေက gardeniaပန်းကို အရမ်းကြိုက်တာ...ဖျော်ဖြေပွဲတိုင်းမှာ သူမက နားရွက်နောက်မှာ တစ်ပွင့်ပန်ထားတတ်တယ်... တဖြည်းဖြည်းနဲ့ အဲ့ဒါက သူမရဲ့အမှတ်အသားတစ်ခုလိုဖြစ်လာပြီး ငါ့ကိုပါ လွှမ်းမိုးလာခဲ့တယ်၊ အဲ့ဒီရနံ့ကို မရရင် တစ်ခုခုလိုနေသလိုပဲ အမြဲခံစားရတယ်"

​ဤဖော်ပြချက်သည် ကျန့်ချီအား ပြောမပြတတ်သော ရင်းနှီးမှုကို ခံစားစေသည်။ သူသည် မသေမချာဖြစ်ကာ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး"ခင်ဗျားရဲ့အမေက...အဲဒီ တုဝမ်လား?"

"ငါ အခြားသူတွေဆီ သူမအကြောင်းကိုမိတ်ဆက်ပေးတိုင်း သူမရဲ့နာမည်ကို ဘယ်တုန်းကမှ ပြောပြစရာမလိုခဲ့ဘူး"

ကျန့်ချီသည် စက္ကန့်အနည်းငယ်စာ ကြက်သေသေသွားခဲ့၏။ တုဝမ်, ဤအမည်မှာ လူများကို မည်သည့်ထပ်ပေါင်းမှုများမှ ပြောစရာမလိုဘဲ ထိတ်လန့်သွားစေရန် လုံလောက်သည်။ သူမသည် တရုတ်နိုင်ငံရှိ အမျိုးသမီးအဆိုတော်များထဲမှ ကိုယ်စားပြုတစ်ဦးပင်။ ထိုခေတ်အခါရှိ အဆိုတော်များဖြစ်လာခဲ့ချိန်တွင်, လူတိုင်း၏နှလုံးသားထဲ၌ လေးယောက် သို့မဟုတ် ငါးယောက်လောက် ရှိနေခဲ့ပြီး ၎င်းတွင် တုဝမ်သည်လည်း ချွင်းချက်မရှိပါဝင်လေသည်။

သူမသည် ခေတ်တစ်ခေတ်၏ကိုယ်စားပြုပင်။ သူမသည် တရုတ်နှင့် အပြင်ဘက်ရှိကမ္ဘာလောကကြား ယဥ်ကျေးမှုပေါင်းကူးတံတားတစ်ခုတည်ဆောက်ရန် ဂီတကိုအသုံးပြုခဲ့သည်။ ဖျော်ဖြေပွဲတစ်ခုချင်းစီ ပြုလုပ်နေစဥ်အတွင်း သူမ၏နားနောက်ဘက်ရှိ gardeniaပန်းသည် သူမ၏ပြိုင်ဘက်ကင်းသင်္ကေတတစ်ခုပင်ဖြစ်၏။ နောက်ပိုင်းတွင် အခြားအဆိုတော်များလည်း အတုယူခဲ့ကြသော်ငြား ၎င်းတို့မှာ လူအများထံမှ လှောင်ပြောင်ခံလိုက်ခဲ့ရသည်သာ။ ထိုကဲ့သော မဟာကြယ်ပွင့်တစ်ဦးမှာ လွန်ခဲ့သောဆယ့်ကိုးနှစ်က မည်သည့်သတိပေးချက်မှမရှိဘဲ သူမ၏အနားယူခြင်းကို ကြေငြာခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များမှာ သူမ၏ဆုံးဖြတ်ချက်ကြောင့် ဝမ်းနည်းခဲ့ရ၏။ ယနေ့အထိ တုဝမ်၏ပို့စ်များကို လူထုမီဒီယာအမျိုးမျိုးတွင် တွေ့နိုင်ပြီး ၈နှစ်ကြာပြီးသော MP3အား အသုံးပြုနေသည့် ကျန့်ချိန်ချောင်တွင် တုဝမ်၏သီချင်းအမြောက်အမြားရှိနေဆဲပင်။

​ကျန့်ချီသည် အားအင်အများကြီးသုံးပြီးမှ အတွေးထဲမှ ရုန်းထွက်နိုင်ခဲ့သည်။ ဤသို့လေ့လာကြည့်လျှင် ကျိဟွိုက်စစ်၏ မျက်ခုံးမျက်လုံးများသည် တုဝမ်နှင့် သုံးပုံတစ်ပုံခန့် တူညီနေပေသည်။ သူမသည် ကျန်းနန်တွင်မွေးဖွားခဲ့ပြီး သီချင်းဆိုသည့်အသံမှာ ရေကဲ့သို့နူးညံ့သည်။ ကျိဟွိုက်စစ်၏ ဤမျက်လုံးအစုံသည် သူမထံမှ ငှားယူထားသကဲ့သို့ပင်။ မပြုံးသည့်အချိန်တွင်ပင် လှိုင်းထနေသော နူးညံ့မှုများပါဝင်နေပြီး လူကို နစ်မြောသွားစေနိုင်သည်။

"အဲဒီအချိန်တုန်းက သူမက ငါ့ကိုကိုယ်ဝန်လွယ်ထားခဲ့ရလို့ နားခဲ့တာ" ကျိဟွိုက်စစ်သည် ဖြေးညှင်းစွာပြောလိုက်၏။

"ငါ့ကိုရပြီးတော့, သူမက မိသားစုကိုပဲ အာရုံစိုက်ဖို့ ရွေးချယ်ခဲ့တယ်။ဒါပေမဲ့ နှစ်တွေအများကြီးကြာသွားပေမယ့် သူမရဲ့စိတ်ထဲမှာ စင်မြင့်ကို လွမ်းဆွတ်နေတုန်းပဲဆိုတာ ငါသိတယ်၊ ဒါကြောင့်မို့လို့ အိမ်ရဲ့ထောင့်တိုင်းကို gardeniaပန်းတွေနဲ့ အလှဆင်ထားတာ။ "

ကျန့်ချီသည် မမေးဘဲမနေနိုင်တော့ချေ။

"မင်း တယောတီးဖို့ရွေးချယ်ခဲ့တာလည်း သူမကြောင့်ပဲလား"

ကျိဟွိုက်စစ်သည် သူ၏ခေါင်းကို ယမ်းလိုက်ပြီး သူ၏မျက်ဝန်းများမှာ အမှတ်တရထဲတွင် ပိတ်မိသွားသည့်နှယ် ညှိုးကျသွား၏။

"မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ ငါနဲ့အမေက ဂီတအပေါ်မှာ မွေးရာပါစိတ်အားထက်သန်မှုရှိကြတယ်၊ လားရာမတူပေမယ့် သူမက ငါကြိုက်နှစ်သက်တာကို လိုက်စားဖို့ အမြဲတမ်းအားပေးခဲ့တယ်၊ မှတ်မိတတ်တဲ့အရွယ်ကတည်းက ငါ့ဘဝတစ်ခုလုံးက တယောကိုပဲ ဗဟိုပြုခဲ့တာ"

​သူသည် တယောအကြောင်းပြောသည့်အခါ တူရိယာတစ်ခုအကြောင်းပြောနေခြင်းနှင့်မတူဘဲ နှစ်ပေါင်းများစွာ အဖော်ပြုခဲ့သော မိသားစုဝင်တစ်ယောက်အကြောင်း ပြောနေသကဲ့သို့ပင်၊ စကားလုံးများကြားမှ ရင်းနှီးချစ်ခင်မှုကို ဖုံးကွယ်၍မရနိုင်ပေ။

​ကျန့်ချီသည် ဇာတ်လမ်းထဲမှ ကျိဟွိုက်စစ်၏ နောက်ဆုံးအဆုံးသတ်ကို သတိရသွားသည်။ ကားမတော်တဆမှုတစ်ခုကြောင့် သူ၏လက်ကောက်ဝတ်အရိုးသည် ထာဝရပျက်စီးသွားခဲ့ပြီး ပြည့်စုံသောတေးသွားတစ်ပုဒ်ကို ဘယ်တော့မှမတီးခတ်နိုင်တော့ပေ။ စင်မြင့်ပေါ်မှ မျက်စိကျိန်းလောက်အောင် တောက်ပသော ပုံရိပ်သည် နောက်ဆုံးတွင် အမှတ်တရတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်ကို တွေးမိသောအခါ ကျန့်ချီသည် သူ၏စိတ်ထဲမှ ရှုပ်ထွေးသောခံစားချက်က ဘာလဲဆိုတာကို ပြောမပြတတ်တော့ပေ။

​"ကျန့်ချီ"

​ဟင်းပွဲသည် မည်သည့်အချိန်က ရောက်လာသည်မသိပေ။ ကျိဟွိုက်စစ်သည် သူဘာကြောင့် အတွေးလွန်နေသည်ကို မမေးမြန်းဘဲ စားပွဲအောက်တွင် အမြဲထားသော သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။ခရမ်းရောင်ဖျော့ဖျော့အရိပ်တစ်ခုသည် ကျန့်ချီ၏ အာရုံကို ဆွဲဆောင်လိုက်ပြီး ကျိဟွိုက်စစ်က သူ၏ရှေ့တွင် ညင်သာစွာ ချထားပေးလိုက်သည်။

​"ကြိုက်ရဲ့လား" ကျိဟွိုက်စစ်သည် နှုတ်ခမ်းကိုကွေးညွှတ်ကာ ပြုံးလိုက်သည်။

"စောစောက ဒီအရောင်ကိုတွေ့တော့ မင်းကြိုက်လိမ့်မယ်လို့ ထင်လိုက်တာ"

​ကျန့်ချီ၏ နှလုံးသားထဲမှ ကြိုးတစ်ချောင်းသည် တစ်စုံတစ်ခုက ပေါ့ပေါ့လေး လာရောက်ဆွဲငင်လိုက်သကဲ့သို့ပင်။

​၎င်းသည် ခရမ်းရောင်စားပွဲတင်ပုဝါဖြင့် ခေါက်ထားသော ပန်းတစ်ပွင့်ဖြစ်လေသည်။

Chapter 20 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment