no

Font
Theme

Chapter 18

ကျန့်ချီသည် ထိုဆုံးဖြတ်ချက်က မှန်လား မှားလားဆိုတာကို မသိတော့ပေ။

​သူသည် ကျိဟွိုက်စစ်ထံ ပို့လိုက်သော မေးခွန်းကို ငြင်းပယ်သည့်စကားဖြင့် အစားထိုးရန် စဉ်းစားခဲ့ဖူးသည်။သို့သော် ထိုသို့ပြုလုပ်လိုက်ပါက အကျိုးဆက်မှာ စာအုပ်ထဲမှ ဤဂီတပွဲနှင့် သက်ဆိုင်သော အကြောင်းအရာများ လုံးဝပျောက်ကွယ်သွားမည်ကိုလည်း တွေးမိပြန်သည်။

​သေးငယ်သော ပြောင်းလဲမှုတစ်ခုသည် အခြေအနေအရပ်ရပ်၏ တိုးတက်မှုကို လွှမ်းမိုးနိုင်စွမ်းရှိ၏။

သူက ပြောင်းလဲနိုင်တဲ့အရာတစ်ခု ဖြစ်လာခဲ့ပြီး၊ အကယ်၍ သူသာ ဇာတ်လမ်းကို အတင်းအကျပ် ဆက်ပြီး ပြောင်းပြန်လှန်ပါက တွက်ချက်၍မရနိုင်သော နောက်ဆက်တွဲ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်သည်။

ဇာတ်သိမ်းကို တွေးကြည့်လိုက်တော့ ကျန့်ချီ လုပ်နိုင်တဲ့ အကောင်းဆုံးအစီအစဥ်က မူရင်းအတိုင်း ဇာတ်လမ်းကို ဆက်သွားခွင့်ပြုဖို့ပဲ။ ကွာဟချက်သည် ရှောင်လွှဲ၍မရနိုင်ပေ၊ဒါကြောင့် သူသည် ၎င်းကို တတ်နိုင်သမျှ လျှော့ချရန်သာ တတ်နိုင်သည်။ ဥပမာ- ပိုင်ရှီယွီကို ချိန်းဆိုထားသည့်နေရာသို့ အတူခေါ်သွားပြီး၊ အလယ်တွင် ထွက်ခွာရန် အကြောင်းပြချက်ရှာကာ၊ မူရင်းစာအုပ်နှင့် တူညီသော ဇာတ်ကွက်ကို ဖန်တီးခြင်းတို့ဖြစ်သည်။

ကျန်တာကတော့ ကံကြမ္မာပေါ်မှာပဲ အပ်နှင်းရတော့မညဖြစ်သည်။

သတင်းကြားပြီးနောက် ပိုင်ရှီယွီ၏ တုံ့ပြန်မှုက ကျန့်ချီမျှော်လင့်ထားသည့်အတိုင်းပင်။ ပထမဆုံးအနေဖြင့် ဒီရက်ပိုင်း သူ့ကို ဘာလို့ ရှောင်ဖယ်နေလဲဆိုတာကို မကျေမနပ်မေးခဲ့ပြီးနောက်၊ မမျှော်လင့်ထားတဲ့ ဒီဖိတ်ကြားချက်အကြောင်း ထပ်မေးခဲ့သည်။

ရိုးသားသူတစ်ဦးကို လိမ်ညာရတာက ကျန့်ချီကို ရှောင်လွှဲမရနိုင်တဲ့ အပြစ်ရှိစိတ်ကို ခံစားရစေသည်။ သူ ကျောင်းစာတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် အချိန်မပေးနိုင်ကြောင်း ပိုင်ရှီယွီကို ပြောပြလိုက်သည်။ ပိုင်ရှီယွီကလည်း ထိုအကြောင်းပြချက်ကို သံသယဝင်ပုံ မရပေ။ သူသည် တစ်စုံတစ်ယောက်ကို အလွယ်တကူ ယုံကြည်တတ်သူဖြစ်သည့်ပုံပင်။

“ဒါပေမဲ့ ဒုဥက္ကဋ္ဌက ဖျော်ဖြေပွဲအကြောင်း တစ်ခါမှ မပြောဖူးဘူး”

ပိုင်ရှီယွီသည် ကျန့်ချီ၏ နောက်ဆုံးစကားကို ကြားသောအခါ အံ့အားသင့်စွာ ပြုံးလိုက်ပြီး စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။

“ဒုဥက္ကဋ္ဌက မနေ့က ငါ့ကို တွေ့ပြီး မင်းကို ပြောပြပေးဖို့ ပြောခဲ့တာ” ကျန့်ချီက ပြောသည်။

“ပြီးခဲ့တဲ့တစ်ခေါက်က မတော်တဆမှုအတွက် သူ တောင်းပန်ပါတယ်တဲ့။ ဒီဖျော်ဖြေပွဲက မင်းကို ပိုပြီးစိတ်သက်သာရာရစေမယ်လို့ မျှော်လင့်ပါတယ်တဲ့”

ဒါက မူရင်းစာအုပ်ထဲမှာ ကျိဟွိုက်စစ်က ပိုင်ရှီယွီကို ပြောခဲ့တဲ့ စကားဖြစ်ပြီး တစ်နည်းအားဖြင့် လိမ်ညာတယ်လို့ မယူဆနိုင်ပေ။

“တကယ်တော့ ငါ အများကြီး ပိုကောင်းလာပါပြီ”

ပိုင်ရှီယွီ၏ ပါးပြင်များက ရှက်ရွံ့မှုကြောင့် အနည်းငယ်နီမြန်းနေပုံရပြီး သူ့အဝတ်အစား၏ ထောင့်စွန်းကို ဆွဲကိုင်လိုက်သည်။ “ဒုဥက္ကဋ္ဌကို ငါကိုယ်တိုင် သွားကျေးဇူးတင်လိုက်ပါ့မယ်”

“မလိုပါဘူး” ကျန့်ချီသည် တိုတိုတုတ်တုတ် ပြောလိုက်ပြီး ပိုင်ရှီယွီ၏ သံသယကို ခံစားမိသောအခါ ထပ်ပြောလိုက်သည်။

“ဒါက သူ လုပ်ပေးရမယ့်အရာဖြစ်လို့ ကျေးဇူးတင်ဖို့ မလိုပါဘူးတဲ့”

ပိုင်ရှီယွီ၏မျက်လုံးထဲမှ အကြည့်များသည် ပိုမိုတောက်ပလာပုံရပြီး သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ငြိမ့်လိုက်သည်။

စိန့်စတန်တွင် စနေ၊တနင်္ဂနွေနေ့များသည် ကျောင်းသားများအတွက် အပန်းဖြေချိန်ဖြစ်သည်။ ပုံမှန်အတန်းများ မရှိဘဲ တစ်ခါတစ်ရံ ကလပ်လှုပ်ရှားမှုများနှင့် အားကစားများသာ ရှိသည်။

ကျောင်းသားအများစုသည် အနောက်ဘက်ရှိ Mooreအဆောက်အအုံသို့ သွားကြပြီး၊ ထိုငါးထပ်အဆောက်အအုံတွင် အရက်ဘားများ၊ စာအုပ်ဆိုင်များ၊ ဘိလိယက်ကစားကွင်းများ၊ ဂိမ်းခန်းများ စသည့် ဖျော်ဖြေရေးနေရာမျိုးစုံ ပါဝင်သော်လည်း အသုံးပြုရန် တင်းကျပ်သော စည်းကမ်းများ သတ်မှတ်ထားဆဲဖြစ်သည်။ ကျန့်ချီသည် ကျန်းယန် နောက်သို့ တစ်ကြိမ်လိုက်သွားခဲ့ပြီး နောက်နေ့မှာတော့ သက်တောင့်သက်သာရှိသည့် စာကြည့်တိုက်သို့ ပြန်သွားရန် ရွေးချယ်ခဲ့သည်။

ဤစနေ၊တနင်္ဂနွေက ကျောင်းစတက်ပြီးနောက် ကျန့်ချီ ကျောင်းပြင်ပကို ပထမဆုံးအကြိမ် ထွက်လာခြင်းဖြစ်သည်။ သူ့ကို လာကြိုတဲ့ ဇိမ်ခံကားပေါ်သို့ တက်လိုက်သောအခါ လွတ်မြောက်လာသကဲ့သို့ စိတ်သက်သာရာရမှုနဲ့ စိတ်အပန်းဖြေမှုကို ခံစားလိုက်ရသည်။

ပိုင်ရှီယွီသည် ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်ထားပြီး ကားနောက်ခန်းတွင် ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်နေသည်။ သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များကို မဖုံးကွယ်နိုင်ပေ။ သူက နှစ်မိနစ်တစ်ကြိမ် ရယ်စရာကောင်းသည့် အကြောင်းအရာအချို့ကို မေးမြန်းနေပြီး သူ့အသံက တစ်ခဏလေးမှ မရပ်တန့်ပေ။

“ကျန့်ချီ၊ ဟိုကားကို ကြည့်လိုက်ဦး၊ တံခါးကို အပေါ်ဘက်ကို ဖွင့်လို့ရတာ ထူးဆန်းတယ်နော်”

“ကျန်းချန်မြို့မှာလည်း ဒီလိုသစ်ပင်တွေ ရှိပေမယ့် ချွမ်လင်မြို့လောက် မလှဘူး”

“ဟိုမုန့်ဆိုင်ကို မြင်လား။ တန်းစီနေတာ အရမ်းရှည်တာပဲ...”

ကျန့်ချီသည် သူ့နားထဲတွင် စပီကာများစွာ ဖွင့်ထားသကဲ့သို့ ခံစားလိုက်ရပြီး ပိုင်ရှီယွီ၏အာရုံကို လွှဲဖို့အတွက် ခေါင်းစဉ်တစ်ခုကို ချပေးလိုက်သည်။ “မင်းက ကျန်းချန်ကလား?”

ဤမေးခွန်းက ပိုင်ရှီယွီကို ရုတ်တရက် ဖော်ပြလို့မရနိုင်တဲ့ စိတ်ခံစားမှုတစ်မျိုးထဲသို့ ကျရောက်သွားစေပုံရသည်။ သူ့မျက်နှာပေါ်ရှိ အပြုံးတွေ မှေးမှိန်သွားသည်။ ပြတင်းပေါက်အပြင်ဘက်က လမ်းဘေးမြင်ကွင်းကို ကြည့်ရင်း သူ ပြောသည်။

“ငါက ကျန်းချန်မှာ ကြီးပြင်းလာခဲ့တာ၊ ဒါပေမဲ့ ငါ့အမေက ချွမ်လင်းကလေ၊ တကယ်တော့ ငါက ကျန်းချန်မှာ တစ်သက်လုံး နေခဲ့သင့်တာ”

သူက ဒီစကားကို ပြောပြီးနောက် ဘာမှဆက်မပြောတော့ပေမဲ့ သူ့စကားတွေရဲ့နောက်ကွယ်က အဓိပ္ပါယ်ကို ကျန့်ချီ နားလည်ခဲ့သည်။ သူ့အသံကို မနေနိုင်ဘဲ နိမ့်ပေးလိုက်သည်။

“ကျန်းချန်က ဘယ်လိုမြို့မျိုးလဲ?”

ပိုင်ရှီယွီ၏ မျက်လုံးထဲက အလင်းရောင်သည် အရင်ကနှင့်မတူဘဲ ကွဲပြားနေသည်။ ကျန့်ချီအတွက် သူသည် ကျန်းချန်မြို့ရှိ ကျောင်းများ၊ လမ်းများ၊ လမ်းဘေးကြောင်များနှင့် အမြဲတမ်း ပူအိုက်နေတဲ့ ရာသီဥတုအကြောင်း ပြောပြခဲ့သည်။ စကားပြောသံများနှင့်အတူ ကားသည် Villiger Music၏ ခန်းမတံခါးဝတွင် ရပ်တန့်သွားသည်။

ဖျော်ဖြေပွဲခန်းမသည် လွန်ခဲ့သော ရာစုနှစ်တစ်ခုက ပြဇာတ်ရုံတစ်ခုကဲ့သို့ သူတို့ရှေ့တွင် ထည်ဝါစွာ ရပ်တည်နေပြီး၊ ဖြာကျလာတဲ့ နေရောင်ခြည်သည် အမိုးခုံးကို ကျောက်မျက်ရတနာစီခြယ်ထားသည့် အလွှာပါးပါးကဲ့သို့ ဖုံးအုပ်ထားသည်။

ခန်းမထဲသို့ ဝင်လိုက်သောအခါ သပ်ရပ်သောဝတ်စုံများ ဝတ်ဆင်ထားသည့် လူများ ဝင်ထွက်သွားလာနေကြသည်။ လှပစွာ ထွင်းထုထားသည့် ပုံစံများပါသော ရောမတိုင်များသည် ဧရာမအမိုးကို ထောက်ထားပြီး အပေါ်သို့ မော့ကြည့်လိုက်သောအခါ ဂန္တဝင်နံရံဆေးရေးပန်းချီကားကြီးနှင့် ထောင့်ပေါင်းစုံမှ မျက်စိကျိန်းလောက်သည့် အလင်းများကို ရောင်ပြန်ဟပ်နေသော ရွှေရောင်သလင်းကျောက်မီးပန်းဆိုင်းများကို တွေ့ရသည်။

ပိုင်ရှီယွီသည် အံ့အားသင့်သွားပြီး မျက်နှာပေါ်ရှိ အမူအရာသည် တဖြည်းဖြည်း အံ့သြရာမှ စိတ်လှုပ်ရှားမှုနှင့် ရှက်ရွံ့မှုအဖြစ် ပြောင်းလဲသွားသည်။ သူသည် ကျန့်ချီနှင့် ပိုနီးအောင် လျှောက်သွားသည်။

“ဒုဥက္ကဋ္ဌက ဒီမှာ မရှိဘူးလား?”

ကျန့်ချီသည် တစ်ခုခုပြောလိုက်ချင်ခဲ့သည်။ စကားလုံးတွေက သူ့နှုတ်ဖျားကို ရောက်လာပေမဲ့ ခဏရပ်ကာ ပြောလိုက်သည်။

“ငါလည်း မသိဘူး”

တကယ်တော့ ကျိဟွိုက်စစ်က လူအများမျှော်လင့်နေတဲ့ စင်မြင့်ပေါ်တွင် တစ်ကိုယ်တော် တယောဖျော်ဖြေမှာကို သူသိသော်လည်း၊ မူရင်းစာအုပ်ထဲမှ ပိုင်ရှီယွီသည် ကျိဟွိုက်စစ် ပေါ်လာသည်အထိ ဒီ'စပရိုက်' ကို အစမှအဆုံး မသိခဲ့ပေ။ ကျိဟွိုက်စစ်ကိုတွေ့လိုက်ချိန်မှသာ သူ့နှလုံးသားသည် အံ့အားသင့်မှုနှင့်အတူ ဆက်တိုက်ခုန်လာခဲ့သည်။ ဒီဖျော်ဖြေပွဲသည် နောင်တွင် ပိုင်ရှီယွီ၏ ရေတွက်လို့မရနိုင်သော အမှတ်တရများတွင် မကြာခဏ ပေါ်လာခဲ့သည်။

ဒီတစ်ကြိမ်မှာရော?

​ကျန့်ချီ၏ စိတ်ထဲမှ မသေချာမရေရာမှုသည် သူအား ဤခမ်းနားထည်ဝါသော ဂီတခန်းမနှင့် အသစ်အဆန်းဖြစ်သော အရာအားလုံးကို တန်ဖိုးထားနိုင်စွမ်း မရှိစေတော့ပေ။ သူသည် ပိုင်ရှီယွီနှင့်အတူ နေရာတွင်ထိုင်လိုက်သည်။ ပတ်ဝန်းကျင်မှ စကားပြောသံများသည် တဖြည်းဖြည်း မှိန်ဖျော့သွားသော မီးရောင်နှင့်အတူ တိုးညှင်းသွားသည်။ အနောက်တိုင်းဝတ်စုံအပြည့် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် သူ၏လက်ထဲမှ တုတ်တံကို မြှောက်လိုက်သည်နှင့် ဂီတဖျော်ဖြေပွဲ၏ ပထမဆုံးတေးသွားသည် စတင်တီးခတ်လာတော့သည်။

ကျိဟွိုက်စစ်က ဒီဖျော်ဖြေပွဲကို သူသဘောကျလိမ့်မယ်ဟု တစ်ချိန်က ပြောခဲ့ဖူးသော်လည်း ထိုစကား၏အခြေခံသည် ဘယ်ကလာသည်ကို ကျန့်ချီ နားမလည်ခဲ့ပေ။ လှပသော တေးသွားများနှင့် သူ့ပတ်ဝန်းကျင်ရှိ လူများ၏ သိမ်မွေ့သော ချီးကျူးသံများမှလွဲ၍ သူသည် ဘာက ကြည့်ရှုရတာ ပျော်စရာကောင်းတာလဲဆိုတာ မသိပေ။ စင်မြင့်ပေါ်ရှိ တူရိယာများ၏ အမည်များကိုပင် သူ အပြည့်အစုံ မသိခဲ့ချေ။

နှစ်နာရီကြာ ဖျော်ဖြေပွဲသည် တစ်ခါတစ်ရံ သာယာနာပျော်ဖွယ်ရှိပြီး တစ်ခါတစ်ရံ စိတ်အားထက်သန်မှု အပြည့်ဖြစ်ခဲ့သည်။ ကျန့်ချီသည် အနည်းငယ် အိပ်ချင်လာပြီး သူ့ဘေးရှိ ပိုင်ရှီယွီကို မျက်လုံးထောင့်ဖြင့် တိတ်တိတ်လေး ကြည့်လိုက်တဲ့အခါ သူက အရမ်းကိုအာရုံစိုက်ပြီး စိတ်ဝင်တစား ကြည့်နေသည်ကို တွေ့ရှိခဲ့ရသောကြောင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

သူသည် ခပ်​မတ်မတ်ပြန်ထိုင်ပြီး သူ့ကိုယ်သူ အားတင်းလိုက်သည်။

သီချင်းပြီးဆုံးသွားသောအခါ မီးများ ရုတ်တရက် မှိန်သွားသည်။

“အား!”

နောက်တစ်ခဏတွင် ပိုင်ရှီယွီသည် အာမေဋိတ်အသံ အတိုလေးပြုလိုက်ပြီး စင်မြင့်၏ အလယ်ဗဟိုကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ သူ့ထိုင်ခုံမှ ရုတ်တရက် ခုန်ထလာလုနီးပါး ဖြစ်သွားကာ မယုံနိုင်စွာ ရေရွတ်လိုက်သည်။

“ဒု… ဒုဥက္ကဋ္ဌလား?”

လူတိုင်းရဲ့ အကြည့်ကိုလိုက်ကြည့်ရင်း စင်မြင့်၏ အလယ်တွင်ရှိသော ကျိဟွိုက်စစ်ကို မြင်လိုက်ရတဲ့အခါ ကျန့်ချီ၏ အိပ်ချင်စိတ်များ လုံးဝပျောက်ကွယ်သွားသည်။

မြင့်မားတဲ့စင်မြင့်နောက်ခံမှ ပန်းချီကားနှင့် မီးရောင်တို့သည် အဖြူရောင်ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသော ကျိဟွိုက်စစ်၏ ခန္ဓာကိုယ်ပေါ်သို့ အတူတကွ ကျရောက်နေသည်။သူ၏ဆံပင်ကို အပေါ်သို့လှန်တင်ထားရာ ကြည်လင်သော နဖူးပြင်နှင့် တရုတ်မင်ဆေးပန်းချီကားတစ်ချပ်နှယ် နူးညံ့သိမ်မွေ့သော မျက်ခုံးမျက်လုံးများကို ပေါ်လွင်စေသည်။ သူ၏နှုတ်ခမ်းထောင့်များသည် အစမှအဆုံး သင့်တော်ရုံအပြုံးတစ်ခုကို ဆင်မြန်းထား၏။ သူသည် ပရိသတ်ကို ဦးညွှတ်လိုက်ပြီးနောက် သူ၏တည်ငြိမ်အေးဆေးသော မျက်လုံးများကို ငုံ့သည်။တယောကို ပခုံးပေါ်တင်ကာ ညာလက်က မြားတံကိုကိုင်၍ ကြိုးပေါ်တင်ပြီး ပထမဆုံးသော သံစဉ်ကို စတင်တီးခတ်လိုက်လေသည်။

​ကျန့်ချီသည် သူ၏အကြည့်ကို မလွှဲဖယ်နိုင်တော့ပေ။

​အားလုံး၏အာရုံစိုက်မှုကို ခံယူရင်း ကျိဟွိုက်စစ်သည် အတက်အကျရှိသော သံစဉ်များအတိုင်း သူ၏လက်ထဲမှ မြားတံကို လှုပ်ရှားလိုက်သည်။ သူသည် တီးခတ်နေခြင်းနှင့်မတူဘဲ ခမ်းနားထည်ဝါသော ပွဲတော်ကြီးတစ်ခုထဲတွင် နစ်ဝင်နေသကဲ့သို့ပင်။တေးသွားတစ်ပုဒ်လုံး၌ သူ၏အရိပ်သည် လှိုင်းလုံးထန်နေသော ရေပြင်ကျယ်ထဲတွင် တည်ရှိနေပြီး ဖျက်ဆီး၍မရသော စွမ်းအားနှင့် မြင့်မြတ်မှုကို ဆောင်ယူထားသလို ဖြစ်၏။

ကျန့်ချီ၏ အာရုံခံစားမှုကို ဤအသံက လွှမ်းမိုးထားပြီး ဂီတထဲရှိ ခံစားချက်များသည် သူ့ဆီသို့ ရှင်းရှင်းလင်းလင်း ရောက်ရှိလာသည်။ ဝမ်းနည်းပူဆွေးမှုမှ ရုတ်တရက် စိတ်အားထက်သန်မှုနှင့် စိတ်ပြင်းပြမှုအဖြစ် ပြောင်းလဲသွားသည်။ ဂီတသံစဥ်တစ်ခုစီသည် ခုန်ပေါက်နေသည့် မီးလျှံတစ်ခုနှင့်တူပြီး စိတ်တည်ငြိမ်စေကာ၊ ငြိမ့်ညောင်းပြီး ကြာရှည်သည်။ ထိုတေးသွားကြောင့် သူ့ဦးရေပြားမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ ထုံကျဉ်မှုတစ်ခု ပျံ့နှံ့သွားစေသည်။

စင်မြင့်၏ နှစ်ဖက်စလုံးရှိ celloများသည် တယော၏ နောက်ခံဖြစ်လာခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် ကျန့်ချီသည် ကျန်းယန်၏ ကျိဟွိုက်စစ်အပေါ် လေးစားမှုကို ကိုယ်တိုင်နားလည်ခဲ့သည်။ တယောကို ကိုင်ထားသည့် ကျိဟွိုက်စစ်သည် ရောင်ခြည်အလင်းနှင့် ဂုဏ်သိက္ခါအားလုံးကို ပိုင်ဆိုင်ထားသည်။ သူ၏သန့်စင်ကြော့ရှင်းသော အဖြူရောင်အနောက်တိုင်းဝတ်စုံပြည့်နှင့် ကြည်လင်သော လက်ချောင်းများပေါ်ရှိ အဆစ်များက သူ့ကို ပို၍ ကြည့်ကောင်းစေသည်။ သူသည် အမှတ်မထင် မျက်လုံးများကို ပင့်၍ ပရိသတ်ကို ကြည့်လိုက်သောအခါ သူ့မျက်လုံးများထဲတွင် နစ်မြုပ်နေသော သိမ်မွေ့သည့် အပြုံးတစ်ခု ရှိနေသည်။

တစ်ခဏတာမျှ ကျန့်ချီသည် ကျိဟွိုက်စစ်က သူ့ကို ကြည့်နေသည်ဟု ထင်လိုက်မိသည်။

သူ့တွင် ကျိုးကြောင်းဆင်ခြင်နိုင်မှု အနည်းငယ်ရှိနေသေးသဖြင့် ဤဂီတပွဲမှ သူ၏အသိစိတ်ကို ဆွဲထုတ်လိုက်ပြီး သူ့ဘေးရှိ ပိုင်ရှီယွီကို ကြည့်လိုက်သည်။ ထိုအချိန်တွင် ပိုင်ရှီယွီ၏ မျက်နှာပေါ်မှာ အာရုံစူးစိုက်မှုတွေအစား စွဲလမ်းမှုတွေဝင်ရောက်လာပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ စင်မြင့်၏ အလယ်ဗဟိုရှိ ကျိဟွိုက်စစ်ကို မြဲမြံစွာ စိုက်ကြည့်နေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းသည် မငြိမ်သက်ဘဲ တင်းမာနေပုံရသည်။

ဒီအကြည့်က ပိုင်ရှီယွီ ကျိဟွိုက်စစ်ကို ပထမဆုံးအကြိမ် တွေ့တုန်းက ပေါ်ဖူးခဲ့ပေမဲ့ လက်ရှိအခြေအနေ၏ ဆယ်ပုံတစ်ပုံလောက်တောင် မပြင်းထန်ခဲ့ပေ။

ကျန့်ချီ၏ နှလုံးသားသည် အနည်းငယ် လှုပ်ရှားသွားသည်။

ဇာတ်လမ်းက မူလလမ်းကြောင်းပေါ် ပြန်ရောက်လာတာဖြစ်နိုင်တယ်။

Chapter 18 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment