no

Font
Theme

Chapter 7

ကျန့်ချီတစ်ယောက် အိပ်မက်ရှည်ကြီးတစ်ခုကို မက်နေရသလိုပင်။ သူ့ဝိဉာဉ်သည် မဖော်ပြနိုင်သောစွမ်းအားတစ်ခုဖြင့် သူ၏ရုပ်ခန္ဓာကိုယ်ထဲမှ ကြွတက်သွားခဲ့ပြီး ခွဲထွက်သွားတော့သည်။ အိပ်မက်ထဲမှ အံ့ဩမှင်သက်နေသော သူ၏ပုံသဏ္ဍာန်ကို သူပြန်မြင်နေရပြီး တိတ်ဆိတ်နေသည့် အိပ်ခန်းနှင့် ပုံရိပ်များစွာ ရောယှက်နေသည်ကို တစ်ခုချင်းစီ ပြန်လည်မြင်ယောင်လာ၏။

“ကျန့်ချီ၊ ကျန့်ချီ။”

ကျန့်ချီသတိပြန်ဝင်လာမိသည်။ ကျန်းယန်သည်လည်း စင်ပေါ်က ယန်ကျန့်ကို လှမ်းကြည့်လိုက်ရင်း သူ့အနားသို့ တိုးကပ်သွားကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

“မင်း ညက ကောင်းကောင်းမအိပ်ပျော်ဘူးလား။”

“အင်း နည်းနည်း အိပ်မရဖြစ်နေလို့။”

“မင်း စာအရမ်းလုပ်လွန်းလို့ နေမှာပေါ့”

ကျန်းယန်တစ်ယောက် အတွေ့အကြုံရှိစွာဖြင့် သတိပေးလိုက်၏။ “ကျောင်းမှာ ကိုယ်လက်လှုပ်ရှားလုပ်ရတဲ့အချိန်က ငိုက်လို့ အကောင်းဆုံးအချိန်ပဲ။ အခုချိန် မျက်လုံးလေးများ ယောင်ပြီး မှိတ်ထားမိရင် ကျန့်ကောဆီ မိသွားလိမ့်မယ်။”

ကျန့်ချီပြုံးကာ ပြန်ဖြေဖို့ ပြင်လိုက်စဉ် စင်ပေါ်ရှိ ယန်ကျန့်က စားပွဲကို ခပ်ကျယ်ကျယ်ခေါက်လိုက်သည်။ သူ့အသံကျယ်ကျယ်ကြောင့် ပြောလိုက်သည်မှာ သူ့မေးပေါ်ရှိ မုတ်ဆိတ်ငုတ်တိုများပင် တုန်သွားလေ၏။ “ကျန်းယန်၊ ဒီလက်တွေ့စမ်းသပ်မှုမှာ ဘယ်သဘောတရားတွေ သုံးထားလဲ ပြောစမ်း။”

ကျန်းယန်သည် ခေါင်းကိုမော့ကာ မတ်တပ်ထရပ်လိုက်ပြီး အချိန်အကြာကြီးတွေးနေသော်လည်း အဖြေကို ထုတ်မပြောနိုင်ခဲ့ပေ။ ကျန့်ချီက သူ့အသံကိုနှိမ့်ကာ အဖြေကို တိုးတိုးလေးပြောပြနေသည်။ ကျန်းယန် မဖြေရသေးမီမှာပင် ယန်ကျန့်က စိတ်ပျက်လက်ပျက်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်ပြီး “ထားတော့ ထိုင်ထိုင်။ နောက်တစ်ခါ အတန်းထဲက ကျောင်းသားတွေကို အနှောင့်အယှက်လိုက်မပေးနဲ့။ သူများကိုလည်း မင်းအတွက် အဖြေကူဖြေပေးဖို့ ဂျီမကျနဲ့။”

“ဟုတ်ကဲ့ ဆရာယန်” ကျန်းယန်တစ်ယောက် ကံကောင်းထောက်မစွာဖြင့် မျက်နှာအရည်ထူတတ်သူဖြစ်ရာ ခပ်ပြုံးပြုံးဖြင့် ထိုင်လိုက်ပြီးနောက် ကျန့်ချီကို လှည့်ကြည့်ကာ မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး “ကျေးဇူးပဲ ညီကို” ဟု ပြောလိုက်သည်။

ကျန့်ချီက ‘ကိစ္စမရှိပါဘူး’ ဟု ပြန်ဖြေလိုက်စဉ် တစ်စုံတစ်ခု သူ့စိတ်ထဲတွင်  ရုတ်ချည်းပေါ်လာတော့၏။ အတန်းချိန်ဝင်နေရင်းမှ တိတ်တဆိတ် ခေါင်းလှည့်ကြည့်လိုက်ရာ ဝမ်ချွမ်ရှိနေကျနေရာသည် ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။

တမန်ညက ထူးဆန်းသောအိပ်မက်သည် ဝမ်ချွမ် ကျောင်းထဲမှ တစ်ယောက်တည်း ထွက်သွားသည်ကို မတော်တဆတွေ့လိုက်ရခြင်းကြောင့် စွဲပြီးမက်တာ ဖြစ်နိုင်သည်ဟု ယူဆရ၏။ ဤသည်မှာ ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက် မဟုတ်သော်လည်း ကျန့်ချီစိတ်ကို အနည်းငယ်တည်ငြိမ်စေခဲ့ပြီး ဆက်၍ငိုက်မနေတော့ပေ။

အတန်းပြီးနောက် ကျန့်ချီနှင့် ကျန်းယန်တို့ နောက်အတန်းတက်ရမည့် အခန်းသို့အတူတူ လမ်းလျှောက်လာကြသည်။ ကျန့်ချီစိတ်ထဲ ခဏမျှ တွေးတောလိုက်ပြီးမှ နောက်ဆုံးတွင် သူ ညကတည်းက မေးချင်နေခဲ့သည့်မေးခွန်းကို ထုတ်မေးလိုက်သည်။ “ကျောင်းက ကျောင်းသားတွေကို တစ်ယောက်တည်း အပြင်ထွက်ခွင့်ပြုလား။”

ကျန်းယန်တစ်ယောက် မျက်ဆံများပင်ပြူးသွားပြီး ထွက်ခွာရန်ပင် မေ့သွားတော့မတတ်ပင်။ “ကျောင်းက ထွက်ဖို့လား။ ဒါက အရမ်း အလုပ်ရှုပ်တယ်။ ကျောင်းသားကောင်စီကနေ အရင်ဆုံး ခွင့်ပြုချက်ယူရမယ်၊ ပြီးရင် ကျောင်းရုံးခန်းကို သွားပြီး လျှောက်လွှာပုံစံထပ်ရမယ်၊ ပြီးရင်တော့ ကျောင်းက မင်းရဲ့ မိသားစုကိုလည်း ဆက်သွယ်လိမ့်မယ်… တိုတိုပြောရရင် အရမ်းရှုပ်ထွေးတယ်။”

ကျန့်ချီ ချက်ချင်း ရှင်းရှင်းလင်းလင်း နားလည်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့ရင်ထဲက ရှုပ်ထွေးမှုများလည်း အနည်းငယ်ပို၍ ကျယ်ပြန့်လာပြန်၏။ ကျန်းယန်က ဝမ်ချွမ်အကြောင်း သိမသိ သူ အသေချာ မမှန်းရဲပေ။ ဝမ်ချွမ်တစ်ယောက်တည်းထွက်သွားသည်ကို မြင်လိုက်ရသည်ဟု ထုတ်ပြောလိုက်မိလျှင် သူ ဝမ်ချွမ်ကို ဖော်ကောင်လုပ်သလို ဖြစ်သွားလိမ့်မည်။

ကျန်းယန်က ပါးစပ်ဖွာပြီး ဟိုဟိုဒီဒီ လျှောက်မပြောတတ်ကြောင်း သူ ယုံကြည်သော်လည်း ဝမ်ချွမ်က ညသန်းခေါင်မှ တိတ်တဆိတ်ထွက်ခွာရန် ရွေးချယ်ခဲ့သည်ဖြစ်၍ လူအများကြီးကို သိစေချင်မည်မဟုတ်ပေ။

“ဒါနဲ့ မင်း ဘာလို့ အဲဒါကိုမေးတာလဲ။” ကျန်းယန်သည် ထိုမေးခွန်းနှင့် ပတ်သက်၍ အတော်လေး စဉ်းစားနေမိဆဲပင်။ “တစ်ခုခုဖြစ်လို့လား။”

“မဟုတ်ပါဘူး၊ ဒီတိုင်းပဲ စူးစမ်းကြည့်ရုံပါ။” ကျန့်ချီထရပ်လိုက်ပြီး သူ့ကို ပြုံးပြလိုက်သည်။ “ငါ အတန်းထဲရောက်နေပြီ၊ ထမင်းစားခန်းမှာ တွေ့ကြမယ်။”

“အိုကေ၊ နောက်မှတွေ့မယ်။”

ကျန့်ချီ ကျန်းယန်နှင့် သူငယ်ချင်းဖြစ်ရခြင်းမှ အကြိုက်ဆုံးအချက်မှာ ကျန်းယန်သည် အတင်းအဖျင်းပြောတတ်သော်လည်း သူ့စည်းနှင့်သူရှိသည်ပင်။

စိန့်စတန်ကျောင်းတွင် တနင်္လာနှင့် သောကြာနေ့ ညနေ ၃ နာရီသည် ကျောင်းသားများ၏ ကာယအချိန်ဖြစ်သည်။ ကျောင်းစည်းကမ်းအရ ကျောင်းသားတစ်ဦးစီသည် အားကစားနှစ်မျိုးကို ရွေးချယ်ရမည်ဖြစ်သည်။

ကျန့်ချီသည် ရေကူးခြင်းနှင့် ဓားရေးပြခြင်းကို ရွေးချယ်ခဲ့၏။ ယွင်ချန်မြို့နယ်သည် ပင်လယ်ပြင်နှင့် နီးသည်။ သူနှင့် ကျန့်ချိန်ချောင်တို့သည် ငယ်စဉ်ကတည်းက ပင်လယ်ထဲတွင် ရေကူးလေ့ရှိသောကြောင့် ရေကူးကျွမ်းကျင်သည်။ ဓားရေးပြခြင်းမှာမူ အရွေးနည်းသော အားကစားများထဲမှ အနားယူရန်လွယ်ကူသော အားကစားတစ်ခုဖြစ်သည်။

စာကျက်ခြင်းက သူ့အားသာချက်ဖြစ်ပါက အားကစားသည် သူ့အားနည်းချက် ဖြစ်ပေလိမ့်မည်။ ကျောင်းစတက်ကတည်းက ကာယပညာသည် ကျန့်ချီအတွက် ဘာသာရပ်အားလုံးထဲတွင် အခက်ခဲဆုံးဖြစ်ခဲ့သည်။ သူသည် အရပ်မပုသည့်အပြင် ဆယ်ကျော်သက်အရွယ်နှင့်လိုက်ဖက်သည့် ပုံမှန်ခန္ဓာကိုယ်ရှိသော်လည်း လှုပ်ရှားမှုဆဲလ်များမပါဘဲ မွေးဖွားလာခဲ့ပုံရသည်။ ဖြစ်နိုင်သည်မှာ သူ ချွေးထွက်ခြင်းကို မကြိုက်သောကြောင့်ဟုလည်း ဆိုနိုင်သည်။ ကာယပညာသည် သူ့ပညာရေးလမ်းကြောင်းတလျှောက် ထုတ်ပယ်စာရင်းထဲ၌ အမြဲနံပါတ်တစ်ဖြစ်နေခဲ့၏။

ကျောင်းတွင် ရေကူးကန်နှစ်ကန်ရှိသည်။ မိုးလုံလေလုံနှင့် မိုးလုံလေလုံမဟုတ်သည့် ရေကူးကန်ဖြစ်သည်။ သူ ပုံမှန်လေ့ကျင့်ရန်အတွက် ရွေးချယ်ထားသော ရေကူးကန်မှာ မိုးလုံလေလုံသည့်ကန်ဖြစ်၏။ ကျန့်ချီရောက်သွားသောအခါ ရေကူးဘောင်းဘီအတိုများဝတ်ထားသော ယောက်ျားလေးများစွာ ရေကန်ဘေးတွင် စုဝေးနေကြပြီး အဝတ်လဲခန်းထဲတွင်လည်း လူအနည်းငယ်က အဝတ်အစားများ လဲနေကြရင်း စကားစမြည်ပြောနေကြသည်။

ကျန့်ချီသည်လည်း သော့ခတ်ထားသော သူ့ကိုယ်ပိုင်ဗီဒိုကို ဖွင့်လိုက်သည်။ သူ အင်္ကျီကို လဲနေချိန်တွင် သူ့ပတ်ဝန်းကျင်မှ ဆူညံသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်ကို သတိထားမိလိုက်၏။ စက္ကန့်အနည်းငယ်ကြာသည်နှင့် အသံတစ်သံမှ မကြားရတော့ပေ။

သူလည်း တံခါးဘက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ တိတိကျကျ ပြောရလျှင် တံခါးမှ ဝင်လာသောဝမ်ချွမ်ကို မြင်လိုက်ရ၏။ သူ၏ ထိုချောမောလွန်းသော မျက်နှာထားမှာ အေးစက်နေဆဲပင်။ ကျန့်ချီနှင့် ရုတ်ချည်း တိတ်ဆိတ်သွားသော လူအုပ်ကို ကျော်ဖြတ်ပြီး ဝမ်ချွမ်က သူ့ဗီဒိုဆီသို့ လျှောက်သွားကာ ကျောင်းယူနီဖောင်းအင်္ကျီကို ချွတ်ချလိုက်သည်။

ကျန့်ချီကို အံ့အားသင့်စေသည်မှာ ဝမ်ချွမ်တွင် သူ၏မျက်နှာအသွင်အပြင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် ကြွက်သားများရှိနေခြင်းပင်။ သူ့ရင်ဘတ်တစ်လျှောက်တွင် ရင်အုပ်ကြွက်သားများရှိနေပြီး ခါးအောက်ပိုင်းတွင်လည်း သိုဝှက်ထားသော ခါးလျစ်ကြောများဖြင့် သွယ်လျနေသည်။ သို့သော်လည်း ကျန့်ချီ၏အာရုံကို အမှန်တကယ်ဖမ်းစားလိုက်သည်မှာ သူ့ခန္ဓာကိုယ်ပေါ်မှ ထူထဲနေသော ဒဏ်ရာများနှင့် အညိုအမဲကွက်များဖြစ်ပြီး ထိုဒဏ်ရာများသည် ကြွက်သားတိုင်းကို ဖုံးလွှမ်းနေသည်ပင်။

အချို့နေရာများဆိုလျှင် ညကမှ အသစ်စက်စက် ထပ်ရထားသလိုပင် နီရဲနေသည်ကို တွေ့ရသည်။

ညကလား…။

ဝမ်ချွမ်က တစ်ခုခုကို သတိပြုမိလိုက်သကဲ့သို့ ကျန့်ချီ၏ မျက်ဝန်းများရှိရာကို ပစ်မှတ်တစ်ခုသဖွယ် စိုက်ကြည့်လိုက်ရာ ကျန့်ချီတစ်ယောက်ချက်ချင်း အကြည့်လွှဲရန် အချိန်မရလိုက်ပေ။

ကျန့်ချီသည် ဝမ်ချွမ်၏ ထိုမျက်ဝန်းများကို ဒုတိယအကြိမ် စူးစမ်းကြည့်ရှုမိခြင်းဖြစ်၏။ သေချာသည်မှာ ထိုမျက်ဝန်းများသည် အေးစက်စက် သွေးအေးသတ္တဝါများ၏ မျက်လုံးများနှင့်တူပြီး ခြောက်ခြားစေသောအသွင်နှင့် သေစေနိုင်သော အဆိပ်များ ထုတ်လွှတ်နေသည်။

ကျန့်ချီသည် ထိုအခြေအနေကို ဖြိုခွဲရန် တစ်ခုခုပြောသင့်သည်ဟု တွေးလိုက်သည်။ သို့သော် ညကမှ လျစ်လျူရှုခံခဲ့ရသည့် စကားလုံးများကို ပြန်တွေးမိပြီး စက္ကန့်အနည်းငယ်မျှ တွန့်ဆုတ်သွားကာ တိတ်ဆိတ်စွာပင် သူ့အကြည့်များကို ရုပ်သိမ်းလိုက်တော့သည်။

သူသည် ကျန်းယန်၏ ‘လူထူးဆန်း’ ဟူသော စကားကို သတိရသွားသည်။ ထိုလူထူးဆန်းက နှောင့်ယှက်ခံရသည်ကို မကြိုက်ပေ။ ထို့ကြောင့် သူ့ကိုယ်သူ အမုန်းခံရအောင် မလုပ်သင့်ပေ။

“ကောင်းပြီ၊ သွေးပူလေ့ကျင့်ခန်းပြီးပြီ” နည်းပြက ဝီစီမှုတ်ပြီး လူတိုင်းကို ပြောလိုက်သည်။ “ပထမဆုံး မီတာ400 ကူးရမယ်။ ပထမတန်းကလူတွေ အရင်လာ၊ ပြီးရင် ရေကူးကန်ထဲမှာ လွတ်လွတ်လပ်လပ် ရေကူးလို့ရတယ်။ ပြိုင်လမ်းထဲကိုတော့ မဝင်ကူးမိဖို့ သတိထားကြဦး။”

ကျန့်ချီသည် နောက်ဆုံးအုပ်စုတွင် ပါဝင်သောကြောင့် အတန်ကြာစောင့်ဆိုင်းရသည့် လုပ်ငန်းစဉ်သည် အနည်းငယ် ပျင်းရိဖွယ်ကောင်းလှသည်။ ကျန်းယန်က တင်းနစ်ကို ရွေးချယ်ခဲ့သည်။ သူဘေးမှာ စကားပြောမည့်အဖော် မရှိနေသောကြောင့်  သူသည် သွေးပူလေ့ကျင့်ခန်းများကိုသာ ထပ်တလဲလဲလုပ်နေရပြီး ရေကူးကန်ပတ်လည်ရှိ လူများကို တချက်တချက် စောင့်ကြည့်နေလိုက်၏။

ခပ်ဝဝ ကောင်လေးတစ်ယောက်သည် ရေကူးနေရင်း လမ်းတစ်ဝက်တွင် ပျင်းရိလာပုံရသည်။ နည်းပြကလည်း တဝီဝီဖြင့် ဝီစီမှုတ်ပြီး အဆက်မပြတ် တိုက်တွန်းနေ၏။ အဝတ်လဲခန်းတွင် ခုနက စကားပြောနေသည့်လူအနည်းငယ်သည် ဆက်လက်လေပေါနေကြသည်။ သူတို့စကားဝိုင်းထဲတွင် မြင်းစီးပြိုင်ပွဲအကြောင်း ပြောနေသံ ထွက်လာရာ ကျန့်ချီသည် စာပေကလပ်တွင် ရှောက်ဟန့်နှင့်တခြားနှစ်ယောက် ပြောနေကြသည်ကို ပြန်သတိရသွားသည်။

အကြည့်လွှဲလိုက်ရာ သူ့လိုပင် တစ်ယောက်တည်း စောင့်ဆိုင်းနေသော ဝမ်ချွမ်သည် တဖက်သို့ မျက်နှာမူလျက်ရှိပြီး သူ့ဆံပင်ရှည်များသည် ကျောပြင်တွင် ပြန့်ကြဲနေတော့သည်။ သူ့ကျောပြင်သည် ဖြူဖွေးရှင်းသန့်နေပြီး သန်မာကြံ့ခိုင်ပုံရကာ ပြောင်ရှင်းနေသည်။ မိန်းကလေးတစ်ဦး၏ နူးညံ့မှုနှင့် ယောက်ျားတစ်ဦး၏ သန်မာမှုတို့သည် သူ့ကျောပြင်ကျယ်တွင် ရောယှက်ပေါင်းစပ်နေပုံရသည်။ ကျန့်ချီလည်း ခပ်ကြာကြာ စိုက်ကြည့်နေမိတော့သည်။ လူတိုင်း အလှအပကို နှစ်သက်ကြသည်။ သူသည် အဖြောင့်ဖြစ်သော်လည်း ယောက်ျားအချင်းချင်း ဝမ်ချွမ်၏ကိုယ်လုံးကို လေးစားသည့်စိတ်ကို မတားဆီးနိုင်ခဲ့ပေ။

ဝီစီသံထွက်ပေါ်လာပြီး လူတိုင်း သတိမထားမိလိုက်ခင်မှာပင် ဝမ်ချွမ် ရေထဲသို့ ထိုးဆင်းသွားသည်။

သူ့လက်မောင်းများသည် လိပ်ပြာများကဲ့သို့ လျင်မြန်စွာ ကူးခတ်နေရာ လှိုင်းလုံးများသည်ပင် လှပပြီး တိကျသည့် ကွေးညွှတ်မှုများဖြင့် ထွက်ပေါ်လာ၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း သူသည် ဝေးဝေးလံလံ ရောက်နေပြီဖြစ်သည်။ သူ၏လိပ်ပြာဖျံရိုးများသည် ရေကူးကန်ထဲ ရောက်နေသည့်တိုင် အသက်ရှူရန်ပြန်တက်လာတိုင်း သိသိသာသာ ပေါ်လွင်နေသည်။ သူ့လက်မောင်းများ ရေလှိုင်းများကို ရိုက်ခတ်လိုက်သည့်အခါတိုင်း သူ၏ကြွက်သားများ တင်းမာသွားပုံရသည်။

ကျန့်ချီသည် သူ့ပတ်ဝန်းကျင်တွင် စကားပြောသံမရှိတော့ကြောင်း သတိပြုမိသွားပြီး ထိုလေပေါနေသူများသည် ဝမ်ချွမ်၏ ဘယ်လက်ဖြင့် ရေကူးကန်၏ကမ်းကိုထိသွားသည်အထိ ကူးခတ်သွားသည်ကို အသက်ရှူဖို့ပင်မေ့လျော့နေကြသည်အထိ မျက်စိမလွှဲတမ်း စိုက်ကြည့်နေကြသည်။ နည်းပြပင် သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်ဘဲ အချိန်မှတ်စက်ကို နှိပ်လိုက်သည်။ “၄ မိနစ်နဲ့ ၁၂ စက္ကန့်၊ ပြီးခဲ့တဲ့တစ်ခေါက်ကထက် ပိုတိုးတက်လာတယ်။”

ဝမ်ချွမ်သည် စိုစွတ်နေသောဆံသားများကို နဖူးမှ သပ်ဖယ်လိုက်သည့်တိုင် သူပျော်နေသလား၊ စိတ်ဆိုးနေသလားဆိုတာကို မခန့်မှန်းနိုင်ကြပေ။ လက်မောင်းနှစ်ဖက်ကို အားပြုပြီး ရေကူးကန်မှ ထွက်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများတစ်လျှောက် ရေစက်များက မြေပြင်ပေါ်သို့ စီးကျလာကာ ရေပွက်ငယ်တစ်ခု ဖြစ်ပေါ်လာစေသည်။

နည်းပြက ဝီစီကို ထပ်မှုတ်လိုက်သည်။ ယခုတစ်ကြိမ်တွင် ကျန့်ချီသည် အာရုံစိုက်ကာ အားလုံးနှင့်အတူ ရေထဲသို့ ထိုးဆင်းသွားသည်။ ရေကူးပြီးနောက် ကျန့်ချီသည် သူ့ဝင်သက်ထွက်သက်ကို ချိန်ညှိပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ သူက ပထမဆုံးရောက်ခဲ့သည်ပင်။

“ကောင်းတယ်” ဆရာသည် ကျန့်ချီ၏ ရေကူးစွမ်းရည်ကို အနည်းငယ်အံ့သြသွားပုံရသည်။ “မင်း အရင်က လေ့ကျင့်ဖူးလား။”

ကျန့်ချီက “ကျွန်တော့်မိသားစုက ပင်လယ်နားမှာနေတော့ မကြာခဏ ရေထဲဆင်းဖြစ်ပါတယ်” ဟု ဖြေလိုက်သည်။

မီတာ ၄၀၀ ကူးခတ်ပြီးနောက် ကျန်အချိန်များသည် ရေကန်ထဲတွင် လွတ်လွတ်လပ်လပ် ရေကူး၍ရသည်။ ကျန့်ချီသည် အချိန်အတော်ကြာအောင် လေ့ကျင့်ခန်းမလုပ်ဖြစ်ခဲ့သောကြောင့် အကြိမ်အနည်းငယ်မျှ ထပ်ကူးပြီးမှ အဝတ်လဲခန်းသို့ ပြန်လာပြီး ရေချိုးလိုက်သည်။

သူသည် သူ့ခါးတွင် ရေချိုးသဘက်ကို ပတ်ထားပြီး သူ့ဆံပင်များကို သုတ်နေလျက် တစ်ယောက်တည်း ရေချိုးခန်းမှ ထွက်လာသည်။ သူ ခေါင်းမော့ကြည့်လိုက်ရာ ဝမ်ချွမ်သည် သူ့ဘက်သို့ လျှောက်လာသည်ကို တွေ့ရသည်။

ကျန့်ချီသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ အရှိန်ကို လျှော့လိုက်မိသည်။ အရင်လိုပဲ လျစ်လျူရှုထားသင့်သလား သို့မဟုတ် တခြားနည်းဖြင့် တုံ့ပြန်သင့်သလားဆိုတာ သူမသိပေ။

ဝမ်ချွမ်သည် ရေကူးကန်သို့ အသွားအပြန်တစ်‌ခေါက်သာ ရေကူးပြီးနောက် ကမ်းပေါ်တွင် နားနေသည်ကို သူ သတိထားမိခဲ့သည်။ သူ့ကြည့်ရတာ အနည်းငယ် ပင်ပန်းနေပုံရသည်။ ၎င်းသည် ဒဏ်ရာများ ကြောင့် သို့မဟုတ် အခြားအကြောင်းများကြောင့် ဖြစ်နိုင်သည်။

ကျန့်ချီ ထိုအကြောင်းကို စဉ်းစားရင်း ဘေးသို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ သူ၏ မျက်လုံးများက တဖက်၏ ခန္ဓာကိုယ်ပေါ်ရှိ အညိုအမဲဒဏ်ရာပေါ်တွင် ခဏတာ ရပ်တန့်သွားသည်။ သူအတန်ကြာ စဉ်းစားပြီးနောက် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ သူ့ကိုတားလိုက်၏။

“မင်းဒဏ်ရာ အဆင်ပြေရဲ့လား” ကျန့်ချီ ထုတ်မေးလိုက်မိသည်။

“ငါ့အိတ်ထဲမှာ လိမ်းဆေးပါတယ်”

နှစ်ပေါင်းများစွာ မတ်တပ်ရပ်ပြီး အလုပ်လုပ်ရသောကြောင့် ကျန့်ချိန်ချောင်၏ ခါးသည် သိပ်မကောင်းတော့ပေ။ သူသည် အိမ်တွင် ချော်လဲတိုင်းသုံးရန် လိမ်းဆေးကို အမြဲဆောင်ထားတတ်ပြီး ကျန့်ချီမထွက်ခွာခင်ကလည်း သူ့အိတ်ထဲတွင် အများအပြား ထည့်ပေးလိုက်၏။

ကျန့်ချီသည် သူရေကူးစဉ် ကြွက်သားများ တင်းမာမှု မဖြစ်စေရန် ထိုဆေးကို ယူလာခဲ့ခြင်းဖြစ်သော်လည်း ဝမ်ချွမ်က သူ့ထက် ပိုလိုအပ်နေသည်ဟု ခံစားရသည်။

ဝမ်ချွမ်က သူ့ကို ပြန်ကြည့်လိုက်စဉ် သူ့မျက်လုံးများက အေးစက်နေကာ သူ့စိတ်အခြေအနေက ပျော်ရွှင်နေသလား၊ စိတ်ဆိုးနေသလားဆိုတာ မခန့်မှန်းနိုင်ခဲ့ပေ။ “မလိုဘူး။”

ကျန့်ချီသည် ထပ်ငြင်းခံရခြင်းကြောင့် ရှက်ရွံ့ခြင်းမရှိပေ သို့မဟုတ် ထိုအဖြေကို ကြားရန် သူအသင့်ဖြစ်နေခဲ့သည်ဟု ဆိုရမည်။

သူသည် ဝမ်ချွမ်ကို သတိထားမိခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုအချိန်တွင် မပြောပါက တစ်ဖက်လူက တခြားအရာတစ်ခုဟု ထင်မြင်သွားနိုင်သည်။

“လိုအပ်ရင် ငါ့ဆီက ယူလို့ရတယ်” ဟုကျန့်ချီ က ထပ်ပြောလိုက်သည်။ “ဒါမှမဟုတ် ဆေးပေးခန်းကို သွားလိုက်ပါလား။”

ဝမ်ချွမ်က အဖြေပြန်မပေးဘဲ သူ့ကို ကျော်သွားကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။ ခဏအကြာတွင် ရေကျသံများ ထွက်ပေါ်လာသည်။

စာရေးသူမှာ ပြောစရာရှိပါသည် -

ဝမ်ချွမ် : သူက ငါ့အာရုံကို ဖမ်းစားချင်နေတာပဲ။

ကျန့်အဖြောင့်ချီ : ?

Chapter 7 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment