no

Font
Theme

Chapter 16

ကျန့်ချီသည် သူ့ခေါင်းထက်က မျက်နှာကျက်ကို မော့ကြည့်ရင်း သူ့အသိစိတ်က သူ့ခန္ဓာကိုယ်ဆီ ဖြည်းဖြည်းချင်း ပြန်ဝင်လာပြီး သူ့အိပ်မက်ထဲ၌ သူဖြတ်သန်းခဲ့ရသည့်ဘဝက လှည့်ပတ်နေသောမီးပုံးကဲ့သို့ မျက်လုံးရှေ့တွင် လင်းလက်လာသည်။

သူ ထလာသောအခါတွင် ချင်ကျောက်က သူ့မျက်လုံးများကို သတိထားပြီး ပင့်တင်လိုက်သည်။ မျက်မှန်အောက်မှ သူ့မျက်လုံးများသည် နားလည်ရခက်သောသတိထားမှုနှင့် ရွံရှာမှုများဖြင့် တစ်ခဏ လက်ခနဲဖြစ်သွားသည်။

"ကျန့်ချီ မင်းဘာလို့အိပ်ပျော်သွားတာလဲ?'" ပိုင်ရှီယွီက နိုးနေပြီး သူ၏ဖြူဖပ်ဖြူရော်မျက်နှာက နှင်းဆီရောင်သန်းလာပြီး ကုတင်ဘေးတွင်ထိုင်ကာ စိုးရိမ်စိတ်ဖြင့် မေးလိုက်၏။

ကျန့်ချီက ခေါင်းခါလိုက်ပြီး ပြန်ပြောရန် ခွန်အားမရှိပေ။ချင်ကျောက်၏မှတ်ဉာဏ်များသည် သူ့လက်ကိုဆုပ်ကိုင်လိုက်သည့် အခိုက်အတန့်တွင် ယခင်တစ်ခါကဲ့သို့ ပျောက်ကွယ်သွားသင့်သည်။

သူ နားလည်မှုလွဲနေသော်လည်း ကျန့်ချီ မရှင်းပြခဲ့ပေ။ တကယ်တော့ သူက သူ့ကိုဂရုစိုက်နေသော ပိုင်ရှီယွီအပါအဝင် မည်သူ့ကိုမှ မျက်နှာမပြချင်ပေ။

"ငါပြန်တော့မယ်"

ပိုင်ရှီယွီသည် ရုတ်တရက် ဤစကားကြောင့် ကြောင်အသွားပြီး တုန့်ပြန်ရန် အချိန်ခဏယူလိုက်ကာ "ငါလည်း မင်းနဲ့လိုက်ခဲ့မယ်..."

ကျန့်ချီသည် ရပ်တန့်လိုက်ပြီး နောက်လှည့်ကာ ကုတင်ပေါ်က ထလာတော့မည့် ပိုင်ရှီယွီအား ပြုံးပြလိုက်ပြီး "မင်း ဆက်ပြီးနားလိုက်ပါဦး တခြားကိစ္စတွေက နောက်မှဆွေးနွေးလို့ရတယ်"

"ကျန့်ချီ..."

ကျန့်ချီသည် အနည်းငယ်စိတ်ရှုပ်ထွေးပြီး ဝမ်းနည်းပူဆွေးနေသော ပိုင်ရှီယွီ၏ငိုကြွေးမှုကို လျစ်လျူရှုပြီး အရှိန်အဟုန်ဖြင့် ပြေးလုနီးပါးပင်။

သူ ဘာကြောင့် ပိုင်ရှီယွီ၏မျက်နှာကို တိုက်ရိုက်မကြည့်ဝံ့သည်ကို သူ နားမလည်နိုင်ပေ၊ ဖြစ်နိုင်သည်မှာ သူကြည့်လိုက်လျှင် စာအုပ်ထဲက ပိုင်ရှီယွီ ဖြတ်သန်းခဲ့ရသော အတက်အကျများနှင့် ဆိုးရွားသည့် အဆုံးသတ်များအားလုံး သူ့စိတ်ထဲတွင်ပေါ်လာမှာကို စိုးရိမ်သောကြောင့်ဖြစ်မည်။

ကျန့်ချီ၏အမြင်တွင် ဤရာဇဝတ်ပြစ်မှုဆိုင်ရာအကြောင်းအရာများအားလုံးကို စုစည်းထားသည့်ဝတ္ထုသည် သူဖတ်ခဲ့ဖူးသော မည်သည့်စာအုပ်ထက်မဆို ပို၍စက်ဆုပ်ဖွယ်ကောင်းလှပေသည်။

စာအုပ်ပေါ်မှစာလုံးများသည် လူတိုင်း၏အဝတ်အစားများကို ဆွဲချွတ်ကာ သူတို့၏ဘဝအတွေ့အကြုံ၊ စိတ်အခြေအနေနှင့် အနာဂတ်ကို စာကြောင်းအနည်းငယ်ဖြင့် ဖော်ပြနေသကဲ့သို့ပင်။ အရာအားလုံးကို ကြိုသိနေခြင်းသည် ကောင်းသောအရာမဟုတ်ကြောင်း ကျန့်ချီ ယခုမှပင် သဘောပေါက်ခဲ့လေသည်။ ဥပမာအားဖြင့် ယခုအချိန်တွင် သူသည် ဖြစ်လာမည့်အရာများကို ကြိုသိနေခြင်းထက် အမှောင်ထဲတွင်သာ နေလိုက်ချင်သည့်စိတ်ဖြစ်ပေါ်နေ၏။

အိပ်မက်များ၊ ချင်ကျောက်၊ စာအုပ်များ ... ပုံရိပ်များအားလုံး အတူတူပြည့်ကြပ်နေသဖြင့် ကျန့်ချီခဗျာ ခေါင်းပါ ကိုက်သွားသည်။ သူသည် ယခုချက်ချင်း အနားယူရန် လိုအပ်နေသော်လည်း ကံကြမ္မာက သူ၏ဘက်တွင်ရှိမနေခဲ့ချေ။

​စင်္ကြံကိုမှီကာရပ်နေသော ရှောက်ဟန့်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံရပြီး သူ၏ထက်ရှသောမျက်လုံးများသည် သားကောင်ကို ပစ်မှတ်ထားလိုက်သကဲ့သို့ သူ့အားစိုက်ကြည့်လာခဲ့သည်။ ကျန့်ချီသည် အရှိန်လျှော့ကာ ရပ်တန့်လိုက်ပြီး နောက်လှည့်ထွက်သွားရန် အချိန်မရမီမှာပင် မလေးမခန့်သောအသံတစ်ခုဖြင့် တားဆီးခြင်းခံလိုက်ရ၏။

"မင်း ဘာကိုစောင့်နေတာလဲ?"

ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ အသံနှင့်အတူ ကျန့်ချီ၏ရှေ့မှမြင်ကွင်းသည် တုန်ခါသွားခဲ့၏။ သူသည် သူ၏စိတ်ကို တည်ငြိမ်အောင် ခဲယဉ်းစွာထိန်းလိုက်ပြီး မေးလိုက်၏။

"ဘာလဲ"

ရှောက်ဟန့်က လှုပ်ရှားလာပြီး ‌ကျန့်ချီဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။ အရပ်အမြင့်က ကျန့်ချီအား ပြောမပြနိုင်သော ဖိအားများနှင့်စူးစမ်းမှုကို သယ်ဆောင်လာခဲ့ပြီး သူ့နောက်ကျောကို အေးမြသောနံရံနှင့်ထိသည်အထိ ဆုတ်ခွာသွားစေရန် တွန်းအားပေးခဲ့သည်။

"မင်း ဘာကိုစောင့်နေတာလဲ?" ရှောက်ဟန့်က ခေါင်းငုံ့လိုက်ပြီး "ပိုင်ရှီယွီက မင်းသူငယ်ချင်းလေ။မင်း သူ့ကို ဂရုမစိုက်ဘူးပဲ။ အဲဒီအစား ငါ့ကိုလာကြည့်တာ ဘာလို့လဲ?"

ကျန့်ချီသည် ရှောက်ဟန့်၏ထက်ရှသော ပင်ကိုယ်အသိစိတ်ကို လေးစားလုနီးပါးပင်။ သူ လက်ရှိအချိန်တွင် မဖြစ်သင့်သော ခံစားချက်များစွာ ထွက်ပေါ်လာသောကြောင့် မလွယ်ကူသကဲ့သို့ ခံစားနေရ၏။ သူက ရှောက်ဟန့်၏ ပူလောင်သည့်အကြည့်ကိုရှောင်ပြီး ပြောလိုက်၏။

"မင်းအမြင်မှားတာပါ"

"မြင်တာပဲဖြစ်ဖြစ် မမြင်တာပဲဖြစ်ဖြစ် ငါမင်းထက်ပိုသိတယ်"

​သူ၏လက်ချောင်းများသည် ကျန့်ချီ၏မျက်နှာကို မထိမီမှာပင် ရှောင်တိမ်းခြင်းခံလိုက်ရပြီး ရှောက်ဟန့်သည် ကြောင်တစ်ကောင်ကဲ့သို့ ကစားလိုသောဟန်ဖြင့် ပြုံးလိုက်၏။

"မင်းငါ့ကို ဘာလို့ဒီလောက်သတိထားနေတာလဲ?"

ကျန့်ချီသည် စိတ်အခြေအနေဆိုးဝါးနေပြီး 'မင်းကိုယ်မင်း တကယ်မုန်းစရာကောင်းတယ်ဆိုတာ မသိဘူးလား?' ဟု တိုက်ရိုက်ပြောချင်နေပေမယ့် ထိုစကားသည် သူ့လည်‌ချောင်းထဲတွင်သာ စက္ကန့်အနည်းငယ်ခန့်ရှိနေခဲ့ပြီး ပို၍ငြိမ်းချမ်းသောစကားဖြင့် အစားထိုးလိုက်သည်။

"မင်း နားလည်မှုလွဲနေတာ။ပိုင်ရှီယွီက အထဲမှာရှိနေတုန်းပဲ။ မင်းသူ့ကိုသွားကြည့်လို့ရတယ်။ တခြားဘာကိစ္စမှ မရှိဘူးဆိုရင် ငါအရင်သွားလိုက်ဦးမယ်"

"ငါ မင်းကိုသွားခိုင်းသေးလို့လား?"

ရှောက်ဟန့်သည် ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရ‌သေးသော ကျန့်ချီကို သူ့မျက်လုံးများထဲတွင် နားမလည်နိုင်သောအတွေးများနှင့် စိတ်ဝင်စားစွာဖြင့် လှမ်းဆွဲလိုက်ပြီး "ပြောပါဦး ငါက သူ့ကို ဘာလို့သွားတွေ့ရမှာလဲ?"

"ငါက ဘယ်လိုလုပ်သိမှာလဲ?"

​ကျန့်ချီသည် သူ၏မငြိမ်မသက်ဖြစ်နေသော စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ စိတ်မရှည်မှုအရိပ်အယောင်တစ်ခုကို ထွက်ပေါ်စေခဲ့၏။

"မင်း သူ့ကိုမတွေ့ဘူးဆိုရင် ဒီမှာ ဘာလုပ်နေတာလဲ?"

"ဖြတ်သွားတာလေ"

​ရှောက်ဟန့်သည် ပို၍တိုးကပ်လာခဲ့ပြီး ကျန့်ချီနှင့် တစ်လက်မအကွာတွင် ရပ်တန့်လိုက်သည်။ ပူနွေးသောထွက်သက်သည် ကျန့်ချီ၏နားရွက်ဖျားပေါ်သို့ ကျရောက်နေပြီး အသံတိုးတိုးဖြင့်ဆို၏။

"ဒါမှမဟုတ် ငါက မင်းကို ရည်ရွယ်ချက်ရှိရှိ တွေ့ဖို့လာခဲ့တာလို့ ပြောတာကို မင်းကြားချင်တာလား?"

​သူ၏နားသည် ပူနွေးသောလှိုင်းများဖြင့် ဝန်းရံခြင်းခံလိုက်ရပြီး သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားခဲ့သည်။ သူသည် တုံ့ပြန်မှုအဖြစ် ရှောက်ဟန့်ကို တွန်းထုတ်လိုက်၏။ ထိုအချိန်တွင် ရှောက်ဟန့် မည်သို့ပင်တွေးနေပါစေ၊ သူသည် နောက်လှည့်ကာ ထွက်ခွာသွားခဲ့သည်။

ဒီကောင် ရူးနေပြီပဲ။

​ကျန့်ချီသည် သူ၏နှလုံးသားထဲတွင် ရေရွတ်လိုက်၏။ သူသည် ဤစကားလုံးနှစ်လုံးကို ရှောက်ဟန့်၏ရှေ့တွင် အမှန်တကယ်ပြောချင်ခဲ့သော်လည်း ယခုအချိန်တွင်မူ ဖြစ်မြောက်နိုင်ခြေမရှိခဲ့ချေ။

----

မြင်းစီးပြိုင်ပွဲတွင်ဖြစ်ပွားခဲ့သော မတော်တဆမှုမှာ တဖြည်းဖြည်း ရပ်တန့်မသွားခင် သုံးရက်နှင့်သုံးညကြာ HS တွင် အပြင်းအထန် ဆွေးနွေးခဲ့ကြသည်။

ပြိုင်ပွဲကိုပြန်လည်သုံးသပ်သည့် ကျောင်းသားများကို ကျောင်းသားသမဂ္ဂက အပြစ်ပေးခဲ့ပြီး သူတို့သည် လူသိရှင်ကြားသုံးသပ်ချက်များ ရေးသားခဲ့ကြသည်။ ပို့စ်ထဲမှ အကြောင်းအရာများအားလုံးသည် ပိုင်ရှီယွီ၊ ကျိဟွိုက်စစ်နှင့် မြင်းစီးပြိုင်ပွဲ၏ရလဒ်များကိုသာ ဗဟိုပြုနေခဲ့သည်။ ၎င်းသည် ရှောက်ဟန့်ကိုမူ မည်သူမျှမပြောရဲသည့် တားမြစ်စကားလုံးတစ်ခုကဲ့သို့ ကျော်သွားခဲ့ကြ၏။

"တကယ့်ချန်ပီယံက ရှောက်ဟန့်ပဲ"

ကျန်းယန်သည် ခေါင်းမထောင်ဘဲ HS ကို ပွတ်ဆွဲလိုက်ကာ အံ့သြသောအသံဖြင့် ""ဒီလိုအရှုပ်အထွေးမျိုးဖြစ်သွားတာတောင် ချန်ပီယံဆုကို ပွင့်လင်းပြီး မျှတတဲ့ပုံစံနဲ့ ဆက်ပြီးရနိုင်သေးတယ်။ ဘယ်လောက်ရက်စက်လိုက်တဲ့ အရင်းရှင်တစ်ယောက်လဲ"

"ဒီစကားလုံးကို အဲဒီလိုမျိုးမသုံးသင့်ဘူး" ကျန့်ချီက ပြန်ပြင်ပေးလိုက်၏။

ကျန်းယန်က နှုတ်ခမ်းစူပြီး "ဘာပဲဖြစ်ဖြစ် စိတ်ညစ်စရာပဲ။ ပိုင်ရှီယွီရော ဘယ်လိုလဲ?"

"သူ ပြန်နေကောင်းလောက်ပါပြီ"

​ကံကောင်းစွာဖြင့် ကျန်းယန်သည် ထိုမေးခွန်းကိုသာမေးခဲ့ပြီး ဤစာကြောင်းထဲသို့ ပို၍နက်နက်နဲနဲ မစူးစမ်းခဲ့ချေ။ ၎င်းက ကျန့်ချီအား သက်ပြင်းတစ်ချက်ချနိုင်စေခဲ့သည်။

​သူသည် စာအုပ်၏အကြောင်းအရာများကို စီစဉ်ခွဲခြားရင်း နှစ်ရက်ကုန်ဆုံးခဲ့ပြီး ရလဒ်ကို တဖြည်းဖြည်းလက်ခံလိုက်ရ၏။ အမှန်တွင် သူလက်မခံချင်လျှင်ပင် လက်ခံခဲ့ရပေမည်။

တစ်ခုတည်းသော စိတ်မညစ်ရသည့်အချက်မှာ ကျန်းယန်သည် ဝတ္ထုထဲတွင် မည်သည့်အခါမှ ထွက်ပေါ်လာခြင်း မရှိပေ။ ကျန့်ချီသည် သူကိုယ်တိုင်ထက် ကျန်းယန်က ပို၍မြင်သာမှုမရှိသော ဇာတ်ကောင်ဖြစ်ကြောင်း သေချာခဲ့၏။ ပိုင်ရှီယွီ၏ပတ်ပတ်လည်တွင် အတင်းအဖျင်းပြောနေကြသော်လည်း နာမည်မရှိသော ကျောင်းသားများ၊ ဖြတ်သွားဖြတ်လာများကဲ့သို့ပင်။ ဝတ္ထုထဲတွင် သူတို့၏တည်ရှိမှုအဓိပ္ပာယ်သည် ပိုင်ရှီယွီကို ထိုးနှက်ရန်ဖြစ်ပြီး ပြီးလျှင် စကားအနည်းငယ်ပြောကာ ထွက်ခွာသွားရန်အတွက်သာ ဖြစ်သည့်အလားပင်။

ကျန်းယန်၏အသွင်အပြင်သည် ကျန့်ချီအား စိတ်သက်သာရာရစေ၏။သူတို့သည် ဝတ္ထုထဲမှ အေးစက်သောစကားလုံးများမဟုတ်ဘဲ အသားနှင့်အသွေးဖြင့် တည်ဆောက်ထားသည့် တကယ်လူသားများဖြစ်သည်။

"ကျန့်ချီ မင်း ဘာလို့စိတ်လွင့်နေပြန်တာလဲ?"

ကျန်းယန်က သူ့ဖုန်းကို ကျန့်ချီ၏ရှေ့တွင် နှစ်ကြိမ်ခန့်ဝှေ့ယမ်းလိုက်သည်။ “မြန်မြန်စား ထမင်းလည်း အေးတော့မယ်။ ဒီရက်ပိုင်း ရာသီဥတုက အေးလာပြီ။ဆောင်းရောက်တာကလည်း မြန်လိုက်တာ"

ကျန့်ချီသည် အာရုံများပြန်လည်ရရှိပြီးနောက် ဟင်းချိုတစ်ဇွန်းကို လှမ်းယူလိုက်ပြီး သောက်လိုက်သည်။ဟင်းချိုက သူ့လည်ချောင်းကို အနည်းငယ်အေးစက်စွာ ဖြတ်သန်းသွားသည်။ "ဟုတ်တယ် တကယ်မြန်တာပဲ"

နောက်နှစ်မှာ သူ စိန့်စတန်မှ ဘွဲ့ရတော့မည်။

လွန်ခဲ့သည့်နှစ်ရက်က ကျန့်ချီသည် ကျောင်းပြောင်းရန် မစဉ်းစားခဲ့တာ မဟုတ်ပေ။ အိပ်မက်ထဲတွင် ကျောင်းမှထွက်ပြီးနောက် 'ကျန့်ချီ'၏ အဖြစ်အပျက်ကိုတွေးရင်း ထိုအကြံကိုပယ်ချလိုက်သည်။

နောက်ဆုံးတွင် သူသည် ဤနှစ်ကိုဖြတ်ကျော်ရမည်။ မတည်မငြိမ်ဖြစ်စေနိုင်သောအချက်များနှင့် ဇာတ်လိုက်အဖွဲ့ကိုရှောင်ရှားပြီး ဘေးကင်းလုံခြုံစွာ ဘွဲ့ယူရမည်။ ဝတ္ထုထဲတွင် အဓိကဖော်ပြထားသည်မှာ သူ စိန့်စတန်ကောလိပ်မှ ထွက်ခွာသွားသောအခါ အရာအားလုံး ကွဲပြားသွားလိမ့်မည်ပင်။

စိတ်ကူးက လှပပေမယ့် ကျန့်ချီသည် အရာအားလုံးက ရိုးရှင်းမှုနှင့် ဝေးကွာသည်ကို သိသည်။

ဤအခိုက်အတန့်ကဲ့သို့ပင်။

"ကျန့်ချီ သူ့ကြည့်ရတာ မင်းကိုရှာနေ..."

ကန်တင်းမှ ထွက်လာသည်နှင့်တပြိုင်နက် ကျန်းယန်၏ စကားများသည် 'ရှူး' ဟူသောအသံကြောင့် ပြတ်တောက်သွားသည်။

ကျန့်ချီသည် မလှမ်းမကမ်းရှိ ပိုင်ရှီယွီကို မော့ကြည့်လိုက်ပြီး သက်ပြင်းချကာ သူ ရောက်လာမည်ကို ကြောက်သဖြင့် ကျန်းယန်ကို ဆွဲထုတ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏ "မင်းငါ့ကို ကာပေးထား"

ကျန်းယန် ချက်ချင်းနားလည်သွားသည်။ သူ့စိတ်ထဲတွင် သံသယများရှိနေရင်တောင် ကျန့်ချီကို ကာပေးထားပြီး ပတ်ဝန်းကျင်ကိုရှာနေသော ပိုင်ရှီယွီကို မတွေ့တော့သည်အထိ ထောင့်နားသို့ ကို့ရို့ကားယားရွှေ့လိုက်သည်။ ထို့နောက် ထူးဆန်းစွာဖြင့် မေးလိုက်၏။

“ဒီရက်ပိုင်း မင်းဘာလို့သူ့ကိုပုန်းနေတာလဲ? သူ မင်းကို ဘာလုပ်လိုက်တာလဲ? မင်းအတွက် သင်ခန်းစာပေးလိုက်ရမလား?"

"မဟုတ်ဘူး" ကျန့်ချီက ပြောပြီးသည်နှင့် ထပ်ဖြည့်စွက်လိုက်သည်။

"ပိုင်ရှီယွီကို ဒုက္ခမပေးပါနဲ့။သူနဲ့ငါ့ကြားက နည်းနည်းကတောက်ကဆရှိလို့ပါ။ သိပ်မကြာခင် ပြေလည်သွားလိမ့်မယ်”

သေချာတာပေါ့ ကတောက်ကဆမရှိသလို အဖြေလည်းမရှိပေ။

"အိုး..." ကျန်းယန်သည် ကိစ္စတစ်ခုတည်းတွင် ရစ်နေရသည်ကို မကြိုက်သဖြင့် အကြောင်းအရာကို လျင်မြန်စွာပြောင်းလိုက်၏။

"မင်း ဓာတုဗေဒအတွက် အကဲဖြတ်စာတမ်း စရေးနေပြီလား။ နောက်အပတ်အင်္ဂါနေ့ နောက်ဆုံးထား ရေးရမှာ၊

ငါ မနေ့ညက အစကိုမရေးနိုင်ဘူး။ကြောက်စရာကြီး...အဲ့ဒီတုန်းက ငါ့ဦးနှောက်က ဘာတွေတွေးနေလို့ စီးပွားရေးဘာသာကိုမရွေးဘဲနဲ့ ဓာတုဗေဒကို ရွေးခဲ့​တာလဲမသိဘူး။"

ကျန့်ချီက "စီးပွားရေးဘာသာက ဒီစာသင်နှစ်ရဲ့နှစ်ဝက်မှာ အကဲဖြတ်စာတမ်း ငါးခုရှိပြီ။" ဟုပြောလိုက်၏။

"... ငါ ရွေးချယ်မှု မှန်ကန်ခဲ့ပုံပဲ"

ကျန်းယန်၏ရေရွတ်သံသည် ကျန့်ချီ၏နှလုံးသားထဲက စိုးရိမ်စိတ်ကို တစ်ဝက်လောက် လျော့ပါးသွားစေခဲ့သည်။

"ငါ ဓာတုကိုလည်း ရေးပြီးသွားပြီ။ မင်းနားမလည်ရင် အတန်းပြီးရင် စာကြည့်တိုက်ကို သွားပြီး မင်းကိုသင်ပေးမယ်"

"တကယ်လား?" ကျန်းယန်၏မျက်လုံးများသည် နွေးထွေးသောအလင်းရောင်ဖြင့် တောက်ပသွားပြီး သူသည် ကျန့်ချီ၏လက်ကိုဆွဲကာ ပွေ့ဖက်နမ်းရှုံ့လုနီးပါးပင်။

"ကျန့်ချီ မင်းက ငါ့ရဲ့ကယ်တင်ရှင်ပဲ! မင်းက အခု ငါလေးစားရတဲ့ ဒုတိယလူဖြစ်သွားပြီလို့ ငါကြေငြာတယ်"

"ပထမကကော?"

"မင်းသိပါတယ် ပထမက ဒုဥက္ကဌပဲ..."

စကားမဆုံးခင်မှာပင် သာယာသည့်အသံတစ်ခုက ကျန့်ချီ၏နားထဲသို့ တိုးဝင်လာခဲ့၏။

"ကျန့်ချီ မင်းကဒီမှာလား?"

ကျန်းယန်သည် ခေါင်းမော့လိုက်ပြီး သူ၏လျှာကိုကိုက်မိမတတ်ဖြစ်သွား၏။ "ဒု... ဒုဥက္ကဋ္ဌ"

အခုပဲ သူ့အကြောင်းတွေးနေရုံ‌ရှိသေး... သူက ဒီကိုရောက်တောင် ရောက်လာနေပြီ!

ကျန့်ချီသည် လွန်ခဲ့သောမိနစ်အနည်းငယ်က ပိုင်ရှီယွီကို ရင်ဆိုင်ရန်အတွက်သာ ပြန်သွားလိုက်ချင်စိတ်ပင် ပေါက်သွားခဲ့ပြီး ထိုမတိုင်မီ ကျန်းယန်၏ကျီးကန်းပါးစပ်ကိုလည်း တိတ်တဆိတ် တံဆိပ်ခတ်လိုက်ချင်မိသည်။

Chapter - 16 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment