Chapter 10
ကျန့်ချီ အိပ်မက်မက်နေပြန်သည်။ ဤတစ်ကြိမ်တွင် သူ၏ခန္ဓာကိုယ်သည် သစ်ရွက်ဓားပေါ်တွင် စီးလျက် ကောင်းကင်ယံသို့ ပျံဝဲနေပုံရကာ စိန့်စတန်ကောလိပ်တစ်ခုလုံးကို မြင်နိုင်လောက်သည်အထိ အမြင့်တွင် ရှိနေကာ အရာအားလုံးကို မြင်တွေ့နေရလေသည်။
လက်တွေ့တွင်ဖြစ်ပျက်ခဲ့သည့်အတိုင်း အသေးစိတ်အချက်အလက်တိုင်းသည် ရှင်းလင်းပြတ်သားနေလေသည်။ ဒီမှာရှိသမျှ မြက်ပင်တိုင်း၊ သစ်ပင်တိုင်း၊ ဖြတ်သွားသမျှ လူတိုင်းနှင့် သူအပါအဝင်ပင် ဖြစ်သည်။
သစ်ရွက်ဓားသည် လေထဲတွင် လွင့်မြောနိုင်သည့် ဖော့ဂုဏ်သတ္တိပျောက်ကွယ်သွားကာ ကျန့်ချီသည် လေထဲတွင် ရပ်နေသကဲ့သို့ ချက်ချင်းပြုတ်ကျလာလေသည်။
လေများ သူ့နားတွင် ဖြတ်တိုက်ခတ်သွားကာ ခေါင်းလောင်းသံနှင့်အတူ alarmမြည်လာလေသည်။ သူသည် ကုတင်ပေါ်တွင် သူ့မူလကိုယ်ဟန်အနေအထားအတိုင်း ရှိနေတုန်းပင် ဖြစ်သည်။အချိန်အတော်ကြာမှ ထိုအသံက သူ့အိပ်မက်ထဲက အသံမဟုတ်ဘဲ အိပ်ရာဘေးရှိ သူ့ဖုန်းမှ ထွက်လာသောအသံဖြစ်ကြောင်း သိလာလေသည်။
"......ဟေး?"
"ကျန့်ချီ?၊ အဆင်ပြေရဲ့လား? မနေ့က မင်းရေပက်ခံရတယ်လို့ ငါကြားတယ်။ အဲ့ဒါ အကုန်လုံးက ပိုင်ရှီယွီကြောင့်ပဲ၊ သူက သူကိုယ်သူ သတ်သေတာ မလုံလောက်လို့ မင်းကိုပါ ဆွဲချချင်နေတာ!"
ဖုန်းထဲက ကျန်းယန်၏ ဒေါသနှင့် စိုးရိမ်သော အသံက သူ့ဆီ ပျံ့နှံ့သွားကာ ငိုက်မျဉ်းခြင်းကို ချက်ချင်း ပြေပျောက်သွားစေလေသည်။
ကျန့်ချီသည် သူ့ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ရင်း နာကျင်နေသည့် မျက်ခွံတွေကို ပွတ်လိုက်ကာ ပြောလိုက်သည်။
"ငါ အဆင်ပြေပါတယ် ဒါပေမယ့် ယူနီဖောင်းတော့ မဝတ်နိုင်..."
အသံသည် ပြောရင်းတန်းလန်းဖြင့် ပျောက်သွားကာ ကျန့်ချီသည် ကုတင်ဘေးတွင် ချိတ်ထားသည့် အသစ်စက်စက် ဝတ်စုံနှင့် ယူနီဖောင်းကို ကြည့်ကာ အနည်းငယ် လန့်သွားသည်။ ခဏလောက် သူ ထင်ယောင်ထင်မှားဖြစ်သွားသလား သို့မဟုတ် မနိုးသေးတာလား ဟုပင် သံသယဖြစ်မိသွားလေသည်။
ခဏလောက် တုန့်ဆုတ်နေပြီးမှ သူ့အရင်ရှပ်အင်္ကျီအတိုင်း ဆိုဒ်အတိအကျတူသည့် ထိုရှပ်အင်္ကျီကို ယူလိုက်လေသည်။
သူ့နား,နားမှာ ကျယ်လောင်စွာ အော်နေသေးသည့် ကျန်းယန်ကြောင့်သာ မဟုတ်ရင် မနေ့က ဖြစ်ခဲ့သည့်အရာများကို အိမ်မက်ဟုပင် ထင်မိလောက်သည်။
"ကျန့်ချီ၊ ကျန့်ချီ မင်း ဘာပြောလိုက်တာလဲ?"
" ဘာမှ မဟုတ်ပါဘူး"
သူ့အသိစိတ်ပြန်ဝင်လာသော ကျန့်ချီသည် ယူနီဖောင်းကို ချကာ ကျန်းယန်ကို နှစ်သိမ့်လိုက်သည်။
" မင်း စိတ်ပူစရာ မလိုပါဘူး။ ငါ အဆင်ပြေပါတယ်။ ငါ အတန်းထဲရောက်မှ ပြောပြမယ်"
" မင်း တကယ် အဆင်ပြေလို့လား? ငါ့ကို မလိမ်နဲ့နော်။ မင်း အဆင်မပြေရင် နားဖို့ တောင်းဆိုလိုက်။ မင်းရဲ့ ကျောင်းခေါ်ချိန်က ၁၀၀% အပြည့်ပဲ။ ဒီနေ့ တစ်ရက်နားလို့ ဘာမှ မဖြစ်ဘူး"
ကျန့်ချီ ပြန်ပြောလိုက်လေသည်။
"ရပါတယ်။ ငါ အဆင်ပြေတယ်။ မင်း စကားဆက်ပြောနေရင် နောက်မိနစ်နှစ်ဆယ်နေရင် တက်ရမယ့် အတန်းကို မင်း လွတ်သွားလိမ့်မယ်"
ကျန်းယန်သည် စကားပြောနေသည်ကို ရပ်ပြီး ဖုန်းကိုချကာ အမြန်စလုပ်တော့လေသည်။ ကျန့်ချီသည် ဖုန်းကို ဘေး၌ ချလိုက်သည်။ မိနစ်အနည်းငယ်ကြာသောအခါ ဖုန်းတုန်ခါလာသော်လည်း သူ ကြည့်ဖို့ အာရုံမရှိပေ။
ရေချိုးခန်း၏ တံခါးလော့ခ်သည် အသံမြည်သွားကာ အခုလေးတင် ရေချိုးပြီးသည့် ဝေ့အန်းထွက်လာလေသည်။ သူ၏ ထူပိန်းသည့် မျက်မှန်အောက်ရှိ မျက်လုံးတွေသည် သနားမှုနှင့် စကားနာထိုးလိုမှုတို့ ရောနှောနေကာ " ဘယ်သူက ငါ သတိပေးတာကို မင်းကို နားမထောင်ဘဲ နေခိုင်းလို့လဲ? မင်းနဲ့ တန်တယ်" ဟူ၍ ပြောနေဟန် ရှိသည်။
ကျန့်ချီသည် သူ့ကို စကားမပြောချင်သဖြင့် ဒီတိုင်း မေးလိုက်လေသည်။
"ဒီ ယူနီဖောင်းကို ဘယ်သူပို့လိုက်လဲ သိလား"
ထိုစကားတွင် မှော်စွမ်းအားတချို့ ရှိဟန်တူသည်။ ဝံ့ကြွားနေဟန်ပေါ်သည့် သူ့မျက်နှာအား ချက်ချင်း အရုပ်ဆိုးသွားစေလေသည်။ သူ စကားတစ်ခွန်းသာ ပြန်ပြောလာသည်။
"ကျောင်းသားကောင်စီက လူတွေ"
ကျန့်ချီသည် ခဏကြာမှ နားလည်သွားကာ ပြောမပြနိုင်လောက်အောင် အံ့ဩသွားလေသည်။
သူ မနေ့က ကျိဟွိုက်စစ်၏ ကြင်နာမှုကို ငြင်းလိုက်သော်လည်း တစ်ဖက်လူ၏ လက်ဆောင်ကို သူ တခြားနည်းဖြင့် ရရှိခဲ့လေသည်။ သူ မတတ်နိုင်ဘဲ အပြစ်ရှိသလို ခံစားလိုက်ရကာ ပိုပြီး နွေးထွေးသွားသလိုလည်း ခံစားလိုက်ရလေသည်။
သူ ရေချိုးခန်းထဲသို့ ဝင်သွားကာ ကွက်တိကျနေသော ယူနီဖောင်းကို လဲ၍ သူ့မျက်နှာကို ရေဖြင့် သစ်ကာ သဘက်နှင့် သုတ်လိုက်သည်။သူ့လက်များ၏ လှုပ်ရှားမှုများသည် သတိမမူမိဘဲ ရပ်တန့်သွားလေသည်။ သူ့ကိုယ်သူ မှန်ထဲသို့ ပြန်ကြည့်လိုက်သောအခါ ဝေဝါးနေသောပုံရိပ်တစ်ချို့ သူ့ရှေတွင် ပေါ်လာလေသည်။
၎င်းမှာ မနေ့ညက အိမ်မက်ပင်။ သူသည် အရင်ကအိမ်မက် မက်ခဲလေသည်။ သို့သော် ယခုရက်ပိုင်းအတွင်း သူ ထူးဆန်းသည့်အရာများကို အိမ်မက် မက်နေလေသည်။
သူ နိုးထလာတိုင်း အိမ်မက်၏ အကြောင်းအရာကို မမှတ်မိသော်လည်း ပုံမှန်မဟုတ်သည့် တိုးတက်မှုတစ်ခုသည် သူ့အား အဆင်မပြေဖြစ်စေလေသည်။
------
"ကျန့်ချီ မင်း မျက်နှာ မကောင်းဘူးနော်"
ကျန်းဟန်က သူ့ကို တွေ့သည်နှင့် ပြောလာလေသည်။
" မင်း နေ့လယ်စာစားချိန်ကျ ကျောင်းဆေးခန်းသွားချင်လား"
ကျန့်ချီ ငြင်းချင်ခဲ့သော်လည်း ထိုအိမ်မက်က သူ့စိတ်ထဲတွင် ပေါ်ထွက်လာကာ သူ့အား ထိတ်လန့်စရာတစ်ခုခုကို သတိပေးနေဟန်ရှိသည်။ သူ သူ့နားထင်ကို ဖိကာ တွေးရင်း ပြောလိုက်သည်။
"သွားလိုက်မယ်"
စိတ်ပညာဘာသာရပ်တွင် ပြီးခဲ့သည့်အပတ်က အိပ်မက်များနှင့် စိတ်ပိုင်းဆိုင်ရာ စိတ်ပညာကြားက ဆက်စပ်မှုကို ပြောပြခဲ့၏။ ဖရွိုက်က အိပ်မက်များသည် ဖိနှိပ်ထားသော သတိစိတ်၏ အကြောင်းအရာများဖြစ်ပြီး ရုပ်ဖျက်၍ တင်ပြခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့သည်။
[ T/N note- ဖရွိုက်ဆိုတာ စိတ်ပညာရှင်တစ်ဦးပါ ]
ကျန့်ချီသည် သူ့နှလုံးသားထဲမှ အစိတ်အပိုင်းတွေက ဘာများဖြစ်နေသလဲ ဆိုသည်အား ဖော်ထုတ်လိုကာ သူ အဖြေကို ရနိုင်မည် ဟု မျှော်လင့်နေလေသည်။
ကျောင်းဆေးခန်းကို သွားသည့် လမ်း၌ သူ့အား မျက်လုံးအချို့က စိုက်ကြည့်နေကြကာ သူ၏ ကံမကောင်းမှုအား တီဗီရှိုးကောင်းတစ်ခုကဲ့သို့ ကြည့်ရင်း အတင်းပြောနေကြခြင်းသည် သူ့အား မသက်မသာခံစားရစေလေသည်။
သူ ရှေ့ကိုပဲ ကြည့်ကာ တစ်ယောက်ချင်းစီကို လျစ်လျူရှုလိုက်လေသည်။ ကျန်းယန်သည် သူ့ကို အဖော်ပြုကာလိုက်ပေးချင်ခဲ့သော်လည်း သူ အခန်းအပြင်ထွက်တာနဲ့ ကျန်းယန်ကို တင်းနစ်အဖွဲ့ဉက္ကဌက ခေါ်သွားသဖြင့် သူ တစ်ယောက်တည်း လာရခြင်း ဖြစ်လေသည်။
"မင်း ခန္ဒာကိုယ်မှာ တစ်ခုခု အဆင်မပြေဖြစ်နေတာ ရှိလား?"
ကျောင်းဆရာဝန်သည် မမျှော်လင့်ထားစွာပင် ငယ်ရွယ်ကာ အဖြူရောင်ဓာတ်ခွဲခန်းကုတ်ကို ဝတ်ထား၍ သူ့တံဆိပ်ပေါ်တွင် "ချင်ကျောက်"ဟူသော စာလုံးရှိလေသည်။သူ့နှာတံပေါ်တွင်ရွှေဘောင်ခတ်ထားသည့် မျက်မှန်ရှိကာ သူ၏ ဖီးနစ်မျက်လုံးများက ကျန့်ချီပေါ်ကျရောက်လာသောအခါ သူ့ကို အရာဝတ္ထုတစ်ခုလို အစုန်အဆန်အကြည့်ခံနေသလိုပင် ခံစားလိုက်ရသည်။သူ သတိမမူမိဘဲ ခါးကို မတ်လိုက်မိလေသည်။
" အခုတလော ကျွန်တော် ထူးဆန်းတာတွေ အိမ်မက်မက်နေတယ်"
သူ စကားကို ခပ်ဖြေးဖြေး တစ်လုံးချင်း သေသေချာချာပြောပြလိုက်သည်။
"ကျွန်တော် အရင်က အိမ်မက်မက်တာ ရှားတယ် ဒါပေမဲ့ ဒီကိုရောက်လာမှ စမက်တော့တာပဲ"
" မင်း အိမ်မက်ကို ပြောပြပေးလို့ရမလား?"
ချင်ကျောက်က သူ့အား မေးလိုက်သည်။
ကျန့်ချီ တွေဝေသွားပုံပေါ်ကာ ထိုထူးဆန်းသော သဘာဝဖြစ်စဉ်အား မည်သို့ ရှင်းပြရမလဲ မသိချေ။
" ကျွန်တော် မမှတ်မိဘူး"
" မမှတ်မိဘူး?"
ချင်ကျောက်၏ မျက်မှန်အောက်များ မျက်လုံးများသည် သူ့အား မော့ကြည့်လာကာ မရင်းနှီးသည့် လေထုအား ထုတ်လွှတ်လျက်ရှိသည်။ သူ့လက်များကို စားပွဲပေါ် တင်လိုက်လေသည်။
"အိမ်မက် မက်တာက ဆိုးတဲ့ အရာတစ်ခု မဟုတ်ဘူး။ အဲ့ဒါက မင်းရဲ့ ဦးနှောက်က မင်းကို အနားယူဖို့ အချက်ပြချက်တစ်ခု ပေးတဲ့သဘောမျိုးပဲ။ မင်းကိုယ်မင်း ဖိအားတွေ ပေးမိနေလို့လည်း ဖြစ်မှာပေါ့"
"ဒါပေမဲ့ အဲ့ဒါ သာမန်အိမ်မက်တွေလိုမှ မဟုတ်တာ"
ကျန့်ချီသတိမထားမိဘဲ ဆက်ပြောလိုက်လေသည်။
"အဲ့ဒါက..."
"ဘယ်လိုမျိုးလဲ?"
"ဖြစ်ရပ်မှန်"
ချင်ကျောက်သည် ထူးမခြားနားစွာ ပြုံးလိုက်သည်။
" မင်းက မင်းအိမ်မက်ထဲမှာ ဘာဖြစ်ခဲ့လဲ လုံးဝ မမှတ်မိဘူးလေ"
တစ်ဖက်လူ၏ ဂရုမစိုက်သည့် အပြုအမူသည် ကျန့်ချီအား စိတ်ရှုပ်စေလေသည်။ သို့သော် အံ့ဩစရာတော့ မဟုတ်ချေ။ ကြည့်ရသည်မှာ သူ၏ သံသယတွေကို ဖြေရှင်းရန် ကျောင်းဆရာဝန်ကို အားကိုး၍ ရပုံ မပေါ်ချေ။ ထို့ကြောင့် သူ စကားလွှဲလိုက်လေသည်။
" ခင်ဗျားမှာ ကောင်းကောင်းအိပ်ပျော်စေတဲ့ ဆေးတစ်ခုခုရှိလား? အိပ်ဆေးလိုမျိုးပဲ ဖြစ်ဖြစ်?"
"ငါ မင်းကို ဆေးတော့ ပေးနိုင်ပါတယ်"
ချင်ကျောက်သည် မတ်တပ်ရပ်ကာ ဆေးသိုလှောင်ထားသည့် ဗီဒိုကို ဖွင့်လိုက်သည်။
"ဒါပေမဲ့..."
"ဒါပေမဲ့?"
ချင်ကျောက်သည် သူ့ကို မဖြေပေ။ ထို့နောက် သူ့အသံနှင့် လှုပ်ရှားမှုတို့ကို ရပ်တန့်လိုက်သည်။ ၎င်းသည် သူ၏လုပ်ငန်းဆောင်တာကို ပြီးဆုံးသွားသော စက်တစ်လုံးကဲ့သို့ဖြစ်ပြီး သူ၏သက်ရှိအငွေ့အသက်ကို ၀.၀၁ စက္ကန့်မျှ ဖျောက်ဖျက်လိုက်သည့်အလားပင်။
ကျန့်ချီ သူ့မျက်လုံးတွေကို ထပ်ကြည့်မိသောအခါ သူ့ရှေ့မှ ကျောင်းဆရာဝန်သည် ခုနက လူနှင့် ကွဲပြားနေကြောင်း ထိန့်လန့်စွာ သတိပြုမိသွားလေသည်။
ချင်ကျောက်သည် တစ်ပတ်လှည့်ကာ သူ့ခန္ဓာကိုယ်ပေါ်မှ ကုတ်အင်္ကျီအဖြူကို စိတ်ဝင်တစားထိရင်း ပြန်လှည့်လာလေသည်။ ထို့နောက် သစ်သားစားပွဲအား လက်ညှိုးဖြင့် ခေါက်ရင်း ကျန့်ချီဆီသို့ "ဒါ..ဒါ့.." ဟူသည် အသံနှင့်အတူ ချဉ်းကပ်လာလေသည်။
ကျန့်ချီ နောက်သို့ မဆုတ်ခင်မှာတင် ချင်ကျောက်သည် သူ့ပေါ် ကိုင်းလာကာ သူ့လည်ချောင်းမှ ခပ်တိုးတိုးရယ်သံတစ်ခု ထွက်လာလေသည်။ သူ့အသံသည် နူးညံ့ကာ တိုးလျလှလေသည်။
"ဒါပေမဲ့ ငါ့မှာ မင်းကို ကောင်းကောင်းအိပ်ပျော်စေဖို့ ပိုကောင်းတဲ့ နည်းရှိတယ်"
ကျန့်ချီသာ ထိုအချိန်တွင် သတိရှိနေပါက ချက်ချင်းပင် "မလိုပါဘူး ကျေးဇူးပါ" ဟု ပြောမည် ဖြစ်သည်။
သို့သော် ချင်ကျောက်၏ လက်များက သူ့နဖူးအား အုပ်ကိုင်လိုက်တော့ သူ့ရှေ့မှ ကမ္ဘာကြီးသည် လည်သွားဟန် တူသည်။ အလင်းတွေ အရိပ်တွေတစ်ခုနှင့် တစ်ခုထပ်ရင်း နောက်ဆုံး၌ သူ အသိစိတ်ကင်းမဲ့သွားတော့သည်။
Chapter 10 ended