no

Font
Theme

Chapter 8 အတင်းအဖျင်းများ

နှစ်ရက်ကြာပြီးနောက် နံနက်ခင်းတွင် အဆင့်မြင့်သင်္ချာ စာမေးပွဲရလဒ်များ ထွက်ပေါ်လာပြီး၊ ကျန့်ချီ သည် အတန်းမစမီကပင် စိတ်မသက်မသာ ဖြစ်လာသည်။

သူ၏အမှတ်များအတွက် စိုးရိမ်ပူပန်ခြင်းမှာ ရှားသော်လည်း၊ ဤသည်မှာ စိန့်စတန်၏ စာမေးပွဲတွင် သူပထမဆုံးပါဝင်ခြင်းဖြစ်သောကြောင့် အခြားသူများ၏ စွမ်းဆောင်ရည်ကို မသိသေးသရွေ့ သူပေါ့ပေါ့တန်တန် နေ၍မရပေ။

ဆရာဝမ်ယောင်သယ်တွင် ကျဲပါးသောမီးခိုးရောင်ဆံပင်များ ရှိပြီး သူ၏ ပိုလိုရှပ်အင်္ကျီအောက်ပိုင်းကို ထူထဲသော ခါးပတ်ထဲသို့ ထည့်ထားတတ်သည်။ သူသည် လည်ချောင်းကို ရှင်းလိုက်ပြီး အောက်ခြေမှ အပေါ်သို့ ဖတ်ပြလိုက်သည်။

"...တတိယနေရာ ချန်ကျောက်ဟွေ့၊ ဒုတိယနေရာ ဝေ့အန်း၊ ပထမနေရာ" ဝမ်ယောင်သယ် သည် ထိုအချိန်တွင် ရပ်တန့်လိုက်ပြီး အတန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်သည်၊

"ပထမနေရာ- ကျန့်ချီ။ ဒါက ငါတို့အတန်းအတွက် တစ်ကျောင်းလုံးရဲ့ အဆင့်မြင့်သင်္ချာစာမေးပွဲမှာ နေရာနှစ်နေရာကို ရယူနိုင်တာ ပထမဆုံးအကြိမ်ပဲ။ အရမ်းကောင်းပါတယ်။ အားလုံး ချန်ကျောက်ဟွေ့ နဲ့ ကျန့်ချီ ကို လက်ခုပ်တီးပြီး အားပေးကြပါ၊ အထူးသဖြင့် ကျန့်ချီ ကိုပေါ့။ ဒီလိုကောင်းမွန်တဲ့ ရလဒ်ကို အတန်းအတွက် သူ ပထမဆုံး စာမေးပွဲဖြေဆိုချိန်မှာ ရရှိခဲ့တာပဲ။"

လက်ခုပ်သံများ ထွက်ပေါ်လာသည်။ တချို့က ပျင်းရိစွာ၊ တချို့က အလေးအနက်ထားပြီး၊ အများစုမှာတော့ နောက်ဆုံးတန်းတွင် ထိုင်နေသည့် ကျန့်ချီဆီသို့ အာရုံစိုက်လာကြ၏။

ဤသည်မှာ ကျန့်ချီ ကို ခဏတာ စိတ်မသက်မသာ ဖြစ်စေခဲ့သော်လည်း သူ သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာ ရသွားသည်။

သူသည် စာမေးပွဲစာရွက်ကို အတန်းဖော်တစ်ဦးဆီမှ ယူလိုက်ရာ သေးငယ်သော အမှားတစ်ခုကြောင့် နှစ်မှတ် နုတ်ယူခံထားရသည်ကို တွေ့လိုက်ရသည်။ တတိယနေရာရရှိသော ချန်ကျောက်ဟွေ့ သည် လေးမှတ် နုတ်ခံရသည်ဟု ကျန့်ချီ ကြားသိရသဖြင့် ထိပ်ဆုံးသုံးနေရာ၏ အမှတ်များသည် တစ်မှတ်စီ လျော့သွားသည်ဟု ထင်ရသည်။ ပေါ့ပေါ့တန်တန် သဘောထားရန်မှာ စောလွန်းနေသေး၏။

ဝမ်ယောင်သယ်သည် စာမေးပွဲစာရွက်ကို ရှင်းပြပြီးနောက် ခေါင်းလောင်းမြည်လာသည်။ စီးပွားရေးပညာ အတန်းသို့ သွားရာလမ်းတွင် ကျန့်ချီသည် စင်္ကြံ၌ ချဉ်းကပ်လာသောဝေ့အန်းနှင့် တွေ့ဆုံခဲ့သည်။ သူ၏ မနှစ်မြို့ဖွယ်မျက်နှာကို အဝေးမှပင် မြင်နိုင်၏။

နှုတ်ဆက်ရမလား မနှုတ်ဆက်ရဘူးလားဟု သူတွေဝေနေချိန်တွင် ဝေ့အန်းမှာ ရုတ်တရက် ခေါင်းမော့လာသည်။ ကျန့်ချီသည် အလိုအလျောက် ပြုံးလိုက်သော်လည်း ဝေ့အန်းမှာ တစ်စုံတစ်ရာဖြင့် ထိုးနှက်ခံလိုက်ရသကဲ့သို့ ခေါင်းငုံ့ကာ လျှောက်သွားပြီး သူဖြတ်သွားစဉ်၌ သူ့ပခုံးကို ပြင်းထန်စွာ တိုက်သွား၏။

ကျန်းချီသည် ဤအရာကို မထင်ထားသောကြောင့် နှစ်လှမ်းလောက် တိမ်းစောင်းသွားပြီး အံ့သြရမလား၊ ဒေါသထွက်ရမလား မသိဘဲ စက္ကန့်အနည်းငယ်ကြာ ငြိမ်သက်သွားသည်-လူလေးယောက် ဘေးချင်းယှဉ်လျှောက်နိုင်လောက်အောင် ကျယ်ဝန်းသောစင်္ကြံတွင် လူတစ်ဦးကို ရှောင်ကွင်းသွားရန် မဖြစ်နိုင်သည် မဟုတ်ပေ။

သူသည် အခြားသူများကို မကောင်းသောရည်ရွယ်ချက်ဖြင့် ထင်မြင်ယူဆချင်စိတ် မရှိခဲ့သော်လည်း၊ ဝေ့အန်း၏ပြီးခဲ့သည့်အကြိမ်က ပြင်းထန်သောစကားကြောင့် ကျန့်ချီအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု မသင်္ကာဘဲနေရန် ခက်ခဲသည်။

"ကျန့်ချီ၊ ဒီမနက် ဘာဖြစ်သွားတယ်ဆိုတာ မင်း လုံးဝမသိလောက်ဘူး။"

နေ့လယ်စာစားချိန်အတွင်း ကျန်းယန်သည် အစာစားဖို့ပင် အချိန်မရှိဘဲ အတင်းအဖျင်းများကို ပြောဆိုနေသည်-

"ဝေ့အန်းက သင်္ချာအတန်းထဲမှာ အရမ်းရှက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ကြုံခဲ့တယ်တဲ့။ သူ့ပတ်ပတ်လည်မှာ လူတွေအများကြီးရှိပေမဲ့ ဘယ်သူမှ သူ့ကို မကူညီခဲ့ကြဘူး။ သူတို့အားလုံး ပျော်ရွှင်နေကြတယ်လို့ ငါထင်တာပဲ။ ဟုတ်သားပဲ၊ ဝေ့အန်းက အထူးကျောင်းသားတစ်ယောက်ဖြစ်ပြီး ကျောင်းမှာ နာမည်ကျော်တစ်ယောက် ဖြစ်တယ်ဆိုတာ မင်းကိုပြောဖို့ ငါမေ့နေခဲ့တာ။"

ကျန့်ချီ ပြောသည်၊ "ငါ သူ့ကို သိပါတယ်၊ သူက ငါ့ရဲ့အခန်းဖော်လေ။"

ဤသည်မှာ ကျန်းယန်၏ အပြုံးကို မျက်နှာတွင် ရုတ်တရက် ရပ်တန့်သွားစေပြီး သူပြောလိုက်သော စကားလုံးများကို ပြန်မျိုချချင်သော ရှက်ရွံ့သည့် အမူအရာမှာ ကျန့်ချီကို ရယ်မောစေခဲ့၏။ သူ၏စိတ်နှလုံးသည်လည်း နွေးထွေးလာသည်၊ "ရပါတယ်၊ ပြောပါ။ ငါ သူ့နဲ့ မရင်းနှီးပါဘူး။"

"ကောင်းတာပေါ့" ကျန်းယန်က သက်ပြင်းကြီးစွာချလိုက်ပြီး မနှစ်မြို့ဖွယ်ရာ မှတ်ဉာဏ်အချို့ကို သတိရနေသကဲ့သို့ နဖူးကိုတွန့်ချိုးကာ သတိပေးလိုက်သည်၊

"မင်းလည်း နောင်မှာ သူ့ကိုသိပ်မခင်ဖို့ သတိရထားပါ။ သူက အထူးကျောင်းဝင်ခွင့်ရသူတွေထဲမှာ... မဟုတ်ဘူး၊ အထူးကျောင်းဝင်ခွင့်ထဲမှာတင် မဟုတ်ဘူး၊ တစ်ကျောင်းလုံးမှာ သူ့ရဲ့ဂုဏ်သတင်းက အရမ်းဆိုးတယ်။ အထက်တန်းပထမနှစ်စကတည်းက အထူးကျောင်းဝင်ခွင့်ရသူအသိုင်းအဝိုင်းထဲမှာ ဂိုဏ်းဖွဲ့ခဲ့တယ်လေ။ လူအုပ်စုလိုက်က သံသယရှိသူတွေချည်းပဲ။ တစ်နည်းအားဖြင့် သူတို့က ချမ်းသာတဲ့သူတွေကို မုန်းတီးတယ်။ လူတန်းစားခွဲခြားမှုကို ဆန့်ကျင်တဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး ပြဿနာတွေ အများကြီး ရှာခဲ့တာ။ မူလကတော့ ပြဿနာသေးသေးလေးတွေပဲလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ နောက်ပိုင်းမှာ ရှောက်ဟန့်ကို သွားစိန်ခေါ်မိပြီးတော့..."

ကျန်းချီသည် ထိတ်လန့်သွားပြီး "အဖွဲ့ဖွဲ့ခဲ့တယ်?"

"ဟုတ်တယ်!"

ကျန်းယန်သည် ထိုမြင်ကွင်းကို ပြန်အမှတ်ရပြီး ခေါင်းခါမိသည်။ "ပြီးတော့ အဲဒီအဖွဲ့လေးက ချက်ချင်း ဖျက်သိမ်းခံရပြီး တချို့ပြဿနာဖြစ်ခဲ့တဲ့သူတွေကို ကျောင်းကနေ ထုတ်ပစ်ဖို့ အမိန့်ပေးခံလိုက်ရတယ်။ ဝေ့အန်းကတော့ သူ့ရဲ့အမှတ်ကောင်းလို့သာ ဆက်နေနိုင်ခဲ့တာ၊ ပြီးတော့အမှားတွေကို အခြားသူတွေအပေါ် ပုံချလိုက်တာကြောင့် ကျောင်းကနေ အထုတ်မခံခဲ့ရဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ထျန်းချီယဲ့ ဘာဖြစ်သွားတယ်ဆိုတာ မင်းသိလား?။ ငါ မင်းကိုပြောပြတဲ့ ICU ကို ပို့ခံခဲ့ရတဲ့ အထူးကျောင်းသားပေါ့။ ရှောက်ဟန့်အကြောင်း ကောလိပ်ဖိုရမ်နဲ့ HS မှာ ကောလာဟလတွေ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖြန့်ခဲ့လို့ နောက်ဆုံးမှာ အရိုက်ခံရပြီး ကျောင်းကနေ ထွက်ခဲ့ရတာ။ သူလည်း အဲဒီအဖွဲ့ရဲ့အဖွဲ့ဝင် ဖြစ်ခဲ့တာပဲ။"

ပိန်ပိန်ပါးပါးနှင့် သာမန်ပုံပေါက်သော ဝေ့အန်းတွင် ဤကဲ့သို့အတိတ်မျိုး ရှိခဲ့သည်ဆိုတာကို စိတ်ကူးဖို့ ခက်ခဲလှ၏။ ကျန့်ချီအတွက် ဤအချက်အလက်များကို နားလည်ရန် မိနစ်ဝက်ခန့် အချိန်ယူခဲ့ရသည်၊ "ရှောက်ဟန့် နဲ့ သူ ဘယ်လို စပြီး ပြဿနာဖြစ်ခဲ့တာလဲ?"

"အင်းးး...." ကျန်းယန်သည် ဘေးဘီသို့ ဝေ့ကြည့်ပြီး ရှေ့ကိုကိုင်းလာကာ အသံကို နှိမ့်လိုက်၏။

"ရှောက်ဟန့်ရဲ့အဖေက နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်တစ်ဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရေးအတိုင်ပင်ခံညီလာခံ (CPPCC) ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ ပြီးတော့ တော်လှန်ရေးသမိုင်းနောက်ခံလည်း ရှိတယ်၊ ဒါကြောင့် တခြားသူတွေက သူ့ကို 'မင်းသား' လို့ တိတ်တိတ်လေးခေါ်ကြတာ။ တကယ်တော့ ဒါက ချဲ့ကားပြောတာ မဟုတ်ဘူး။ အဲဒီတုန်းက ဝေ့အန်းရဲ့အဖွဲ့ကလည်း သူ့အဖေက အကျင့်ပျက်ခြစားတယ်၊ပြည်သူကို ခေါင်းပုံဖြတ်တယ်ဆိုပြီး ကောလာဟလတွေ ဖြန့်ခဲ့တာ။ ဒါက နှုတ်နဲ့ပဲ ပြောတဲ့ ကောလာဟလ ဖြစ်ပြီး သက်သေရှာဖို့က ခက်တယ်။ ဒီလိုမျိုး နိုင်ငံရေးကောလာဟလတွေက သာမန်ကောလာဟလ မဟုတ်ဘူး၊ ဒါကြောင့် အဲဒီအုပ်စုရဲ့ အဆုံးသတ်က ကြောက်စရာကောင်းခဲ့တယ်လေ။"

"ရှောက်ဟန့်ရဲ့အဖေ..."

"ရှူး၊ အဲဒါကိုမပြောနဲ့" ကျန်းယန်သည် စိုးရိမ်တကြီး ပြောလိုက်၏။ "ရှောက်ဟန့်က သူ့မိဘအကြောင်းကို လူတွေပြောတာ အမုန်းဆုံးပဲ။ ကျောင်းမှာ သူ့ကို လိုအပ်လို့ အလိုလိုက်ချင်တဲ့သူတွေလည်း ရှိတယ်။ သူတို့က မင်း ရှောက်ဟန့်အကြောင်းပြောတာကို ကြားရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်။"

ကျန့်ချီသည် ခေါင်းညိတ်ပြီး စကားလမ်းကြောင်းကို သင့်လျော်စွာ ပြောင်းလိုက်၏။ "ခုနက မင်း ငါ့ကို ဘာပြောချင်တာလဲ?။ ဝေ့အန်းဘာဖြစ်သွားတာလဲ?"

ဤမေးခွန်းမှာ ကျန်းယန်အား ရှုပ်ထွေးမှုတွေအားလုံးကို ခဏမေ့သွားစေပြီး ခုနက စိတ်ဝင်စားစရာကောင်းသည့်ပုံပြင်ကို ဆက်ပြောရန် သူ့ကို တွန်းအားပေးစေ၏။ သူက စိတ်ဝင်တစားနှင့် ပြောလိုက်သည်-

"အဆင့်မြင့်သင်္ချာ စာမေးပွဲက လွန်ခဲ့တဲ့ နှစ်ရက်ကပဲ မဟုတ်လား?။ အင်း၊ မနက်မှာ ရလဒ်တွေ ထွက်လာတယ်။ ဝေ့အန်းက ပထမနေရာမှာ မပါဘူး။ သူ့ရဲ့အဆင့်ကို သိလိုက်ရတဲ့အချိန်က ရယ်စရာကောင်းလောက်တဲ့သူ့မျက်နှာကြီးကို မင်း မြင်လိုက်သင့်တာ။ မည်းမည်းစိမ်းစိမ်းနဲ့။ အရမ်းရယ်ရတယ်"

ကျန်းယန် ဤသို့ပြောသည့်အခါ သူ့မျက်နှာတွင် စိတ်သက်သာရာရသည့်ဒေါသဆိုသော စကားလုံးနှစ်လုံးကို ရေးထားသည့်နှယ်။

"ဒီအတန်းမှာ သူက အမြဲ ပထမရနေကြ၊ ပြီးတော့ နေ့တိုင်း စာကိုပဲ တစ်စိုက်မတ်မတ် ကြိုးစားတယ်၊ အမှတ်ကို သူ့ဘဝလို သဘောထားတာ။ ဒုတိယနေရာက သူ့ရဲ့ ကြွပ်ဆတ်တဲ့စိတ်ကို ချေမှုန်းပစ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?။ ကျန့်ချီ၊ ဒီတစ်ခါ မင်းကို တကယ်ပဲ ကျေးဇူးတင်ချင်တယ်၊ နောက်ဆုံးတော့ ငါ သူပျက်စီးသွားတာကို မြင်ရပြီ။ မင်းသိလား၊ ငါ အထက်တန်းပထမနှစ်တုန်းက သူတို့ရဲ့ အဖွဲ့ငယ်လေးကြောင့် ဒေါသထွက်ခဲ့ရတာ။ ငြိမ်းချမ်းရေးက အဖိုးအထိုက်ဆုံးအရာဖြစ်ပြီး ပြဿနာတွေကို နည်းစေတယ်လို့ ငါ့အဖေကသာ အမြဲဆုံးမ,မနေဘူးဆိုရင် ငါ သူ့ကို ရိုက်ပစ်မိမှာ။"

စင်္ကြံ၌ မတော်တဆ တိုက်မိသွားသည့်အကြောင်းရင်းကို ကျန့်ချီ နောက်ဆုံးတွင် နားလည်သွားပြီး ရုတ်တရက် အားမလိုအားမရဖြစ်ကာ သက်ပြင်းချလိုက်သည်။

အမှတ်ကြောင့် စိတ်ဓာတ်ကျနေတဲ့သူတွေကို သူ မမြင်ဖူးသည် မဟုတ်သော်လည်း၊ အမှတ်ကြောင့် တစ်စုံတစ်ယောက်မှာ သူ့ကို ရန်လိုခြင်း သို့မဟုတ် လက်စားချေခြင်း ဖြစ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

အနာဂတ်တွင် ဝေ့အန်းနှင့်တစ်နှစ်ခန့် အတူတူနေရမည်ဟု တွေးလိုက်သည့်အခါ အဆောင်၏အနာဂတ်ငြိမ်းချမ်းရေးအတွက် သူ စတင်စိုးရိမ်လာခဲ့ပြီပင်။

"ကျန့်ချီ!"

ကျန်းယန်နှင့် နှုတ်ဆက်ပြီးနောက် ကျန့်ချီသည် ကန်တင်းမှမထွက်ခွာမီ ဤအသံဖြင့် ရပ်တန့်ခံလိုက်ရသည်။

သိပ်မဝေးသောနေရာမှ ပိုင်ရှီယွီသည် သူ့ကို လက်ပြကာ ပြေးလာ၏။ ကျန့်ချီသည် နေရာတွင် ရပ်လိုက်ရသည်။ သူ၏ပတ်ဝန်းကျင်မှ လူအချို့သည် ပိုင်ရှီယွီကို ပေါ်ပေါ်ထင်ထင် ကြည့်နေကြပြီး တိုးတိုးတိတ်တိတ် တစ်စုံတစ်ခုကို ပြောနေကြသည်ကို သူသတိထားမိလိုက်ပြီး စကားအနည်းငယ်ကိုလည်း ကြားလိုက်ရ၏။

"ဒီအထူးကျောင်းသားက ရှောက်ဟန့်ကို ကပ်တွယ်နေတဲ့အပြင်၊ အတန်းထဲမှာ ဝမ်ချွမ်ကိုပါ ဖြားယောင်းဖို့ ကြိုးစားသေးတယ်။ အရမ်းကို မျက်နှာပြောင်တိုက်တာပဲ၊ သူ့ရဲ့ နောက်ခံအခြေအနေကိုတောင် မကြည့်ဘူး၊ ဒါမှမဟုတ် BC တွေရဲ့အဆင့်အတန်းက ဘယ်လိုမျိုးလဲဆိုတာကိုတောင် မကြည့်ဘူး။"

"ဒီလိုလုပ်ရင် BC တွေရဲ့ အာရုံစိုက်မှုကို တကယ်ရလိမ့်မယ်လို့ သူ ထင်နေတာလား? အချစ်ဇာတ်လမ်းတွေ ကြည့်ရင်းနဲ့ ဦးနှောက်သေသွားတာလား မသိဘူး။"

ထို့နောက် ရယ်သံများပေါ်ထွက်လာသည်။

ကျန့်ချီ၏နားထဲတွင် ထိုမကောင်းသော အတင်းအဖျင်းများ ရစ်ဝဲနေ၏။ ဆွေးနွေးခံနေရသူသည် သူမဟုတ်သော်လည်း စိတ်ထဲတွင် စိတ်မသက်မသာဖြစ်ကာ ဝင်ရောက်တားမြစ်ချင်စိတ် ပေါ်ပေါက်လာသည်။

သို့သော်လည်း သူလုပ်ဆောင်ရန် အချိန်မရသေးမီတွင် ပိုင်ရှီယွီက သူ့ရှေ့သို့ ရောက်လာခဲ့ပြီဖြစ်၏။ သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများက မဖုံးကွယ်နိုင်ဘဲ အသက်ရှူသံများပင် ပြင်းထန်နေသေးသည်။ "ငါ ခုနက အတန်းဖော်တစ်ယောက်ဆီကနေ မင်း အဆင့်မြင့်သင်္ချာစာမေးပွဲမှာ ပထမရတယ်လို့ ကြားလိုက်တယ်၊ ဂုဏ်ယူပါတယ် ကျန့်ချီ။"

ကျန့်ချီသည် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်သည်။ ထိုကဲ့သို့ ပွင့်လင်းသော ချီးကျူးမှုကြောင့် သူအနည်းငယ် စိတ်မသက်မသာ ဖြစ်သော်လည်း သူသည် ညင်သာစွာပြုံးလိုက်၏ "ကျေးဇူးတင်ပါတယ်၊ မင်းမှာ ဘာကိစ္စရှိလို့လဲ?"

"ငါ မင်းကို ဂုဏ်ပြုချင်ရုံသက်သက်ပါ၊ ပြီးတော့... နောက်အတန်းချိန်မှာ အချိန်ရရင် ငါ့ကို သင်္ချာကူညီပေးနိုင်မလား?" ဟု ပိုင်ရှီယွီသည် အလျင်အမြန် ထပ်ပြောလိုက်၏၊

"မရရင်လည်း ကိစ္စမရှိပါဘူး။ ငါက မင်း တကယ်တော်တယ်လို့ ထင်လို့ပါ၊ မင်းနဲ့အတူ စာလုပ်ရင် ငါ ပိုမြန်မြန်တိုးတက်လာနိုင်မှာ သေချာတယ်။ နောက်တစ်ခါလည်း ဒီလိုကောင်းမွန်တဲ့ အမှတ်တွေ ရနိုင်မယ်လို့ မျှော်လင့်တယ်။"

ကျန့်ချီသည် ချက်ချင်း သဘောမတူသေးပေ။ သူသည် ယခုနက ပိုင်ရှီယွီအပေါ် ထိုလူများ၏ မနှစ်မြို့ဖွယ်ရာမှတ်ချက်များကို ပြန်သတိရပြီး သူ၏မျက်လုံးများက ပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်သည်။ သူ မှတ်မိတာသာ မှန်ကန်မည်ဆိုလျှင် ကျောင်းလမ်းပေါ်တွင် ပိုင်ရှီယွီကို သူမြင်သည့်အခါတိုင်း တစ်ဖက်လူသည် အမြဲတမ်း တစ်ယောက်တည်းဖြစ်နေသည်မှာ တိုက်ခိုက်ခံရသည့်နှယ်။ လူတိုင်းက သူ့ကို ဝိုင်းပယ်ထားသကဲ့သို့ ဖြစ်နေသည်။

"ကောင်းပြီလေ" ကျန့်ချီသည် သူ၏အတွေးများကို ရုပ်သိမ်းပြီး ခေါင်းညိတ်လိုက်သည်၊ "ငါ့မှာ နောက်အတန်းချိန်မရှိတော့ဘူး၊ စာကြည့်တိုက်သွားဖို့ စီစဉ်ထားတာ"

ဤသည်မှာ သူ၏ကြင်နာစိတ်ကြောင့်မဟုတ်သလို၊ သနားစိတ်ဟုလည်း ခေါ်မရပေ။ ကျန့်ချီသည် အစောကမြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ၏မူလတန်းကျောင်းတက်စဥ်က အဖြစ်အပျက်များကို သတိရသွားခဲ့ခြင်းပင်။

တကယ်တမ်းတွင် သူသည်လည်း ဝေ့အန်းနှင့်နည်းနည်းဆင်တူခဲ့ဖူး၏။ အမြဲတမ်း စာအုပ်ပုံထဲမှာသာ ခေါင်းစိုက်နေပြီး တခြားအရာတွေကို လျစ်လျူရှုခဲ့သည်။ ထို့ကြောင့် သူ၏ပတ်ဝန်းကျင်ရှိပြဿနာများ ပြင်းထန်လာသည့်အချိန်မှ သတိထားမိသည့်အခါ အရမ်းနောက်ကျသွားခဲ့ပြီပင်။

ထိုလူတွေမှာ သူ့ကို 'စာဂျပိုး'ဟု ကွယ်ရာတွင် နာမည်ပြောင်ပေးခဲ့ကြသည်။ သူ စာလုပ်နေရင်း သူတို့က ရုတ်တရက်ပခုံးကိုပုတ်ပြီး သူလှည့်ကြည့်လိုက်ချိန်တွင် လူအုပ်ကြီးတစ်စုက သူ့ကို စိုက်ကြည့်ပြီး ရယ်မောနေသည်ကို မြင်ရပေမည်။ ကန်တင်းမှာ သူ့ကို တန်းစီနေရင်း ဖြတ်ကျော်သွားပြီး 'ကျန့်ချီ၊ မင်း စိတ်မဆိုးဘူးမလား?' ဟုမေးခဲ့ကြသည်။

ဤသို့အဖြစ်အပျက်များမှာ ဆက်ဖြစ်ရင်းဖြစ်နေခဲ့၏။

ထိုအချိန်မှစ၍ ကျန့်ချီသည် သူ၏တည်ရှိမှုကို မည်သို့လျှော့ချရမည်ကို သင်ယူခဲ့သည်။ အခြားသူများ၏ အဖယ်ခံရခြင်းထက် သူသည် ဖောက်ထွင်းမြင်ရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် ပဏာမခြေလှမ်းယူကာ ရွေးချယ်ခဲ့သည်။ တကယ်တမ်းတွင် ဤသည်မှာကောင်းသောအကြံမဟုတ်သော်ငြား သူသည် ဖြည်းဖြည်းချင်း ကြီးပြင်းလာခဲ့ပြီး ယခုလက်ရှိ ကျန့်ချီဖြစ်လာခဲ့၏။

(T/N: ရှိပေမယ့် မရှိသလိုဖြစ်တည်မှုမျိုး)

အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့ကို စတင်စကားပြောရန် သို့မဟုတ် အပြုံးတစ်ခု ပြသဖို့ ဆန္ဒရှိခဲ့လျှင်၊ သူသည် ဤကဲ့သို့ ငြင်းပယ်ခံရခြင်းကို ရှောင်ရှားရန် ရွေးချယ်ခဲ့မှာမဟုတ်ဘဲ ယခုကဲ့သို့ အေးစက်ပြီးတိတ်ဆိတ်သည့်သူမျိုး ဖြစ်လာမည် မဟုတ်ပေဟု တစ်ခါတလေ တွေးမိ၏။

ပိုင်ရှီယွီသည် ကျေးဇူးတင်စွာ ပြုံးလိုက်ပြီး သူ၏ပါးပြင်နှစ်ဖက်ပေါ်တွင် ပါးချိုင့်နှစ်ခု ထွက်ပေါ်လာသည်။ "ကျေးဇူးတင်ပါတယ် ကျန့်ချီ၊ မင်းက အရမ်းကြင်နာတတ်တာပဲ!"

ကျန့်ချီသည် ဘာမှ မရှင်းပြဘဲ စာကြည့်တိုက်ဘက်သို့ လျှောက်သွားသည်။ သူ၏နှလုံးသားမှာ ရုတ်တရက် အနည်းငယ် ပိုမြန်မြန်ခုန်လာ၏။ သူသည် လူနည်းသောလူအုပ်ကြီးကို လှည့်ကြည့်လိုက်ပြီး တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသည်။ သူပဲ အထင်အမြင်မှားခြင်းလားဟု တွေးတောမိသည်။

Chapter 8 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment