no

Font
Theme

Chapter 17

ကျိဟွိုက်စစ်သည် သပ်ရပ်သော ၀တ်စုံနှင့် သူ့ရင်ဘတ်တွင် ကျက်သရေရှိစွာတောက်ပနေသော ခရမ်းရောင်ပတ္တမြားကို ဝတ်ဆင်ထားကာ သူ့နောက်သို့ လျှောက်သွားလေသည်။ သူသည် သူ့မျက်လုံးများထဲတွင် အပြုံးတစ်ခုဖြင့် ကျန့်ချီရှေ့ ဖြည်းညှင်းစွာ မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

"ငါ မင်းကို ရှာတော့မလို့။ မင်းနဲ့ကျန်းယန် ဒီလမ်းကြောင်းအတိုင်း သွားတယ်လို့ အတန်းဖော်တွေဆီက ငါကြားလိုက်တာ။ မင်းနဲ့ တကယ်တွေ့မယ်လို့ မမျှော်လင့်ထားဘူး။"

ကျန့်ချီသည် စိန့်စတန်၏ ကျောင်းသားများက ဤထူးဆန်းသောအရာများကို အမြဲတမ်း ဘယ်လိုများ သတိပြုနိုင်ရသလဲဟု တွေးမိရင်း အင်တင်တင်ဖြင့် ပြုံးပြလိုက်သည်။

သူရောက်လာသည်ကိုမြင်သောအခါ ကျန်းယန်သည် အနေခက်စွာဖြင့် 'ဒုဉက္ကဌ' ဟု ခေါ်လိုက်သည်။ ကျိဟွိုက်စစ်သည် သူ့ကိုပြုံးပြကာ ပြောလိုက်သည်။

"ကျန့်ချီနဲ့ ငါပြောစရာရှိတယ်"

ကျန်းယန်သည် သူ့စကား၏ အဓိပ္ပါယ်ကို ချက်ချင်းနားလည်သွားကာ တစ်ခုခုအား သတိရသွားပုံဖြင့် သူ့ခေါင်းသူ ထိလိုက်သည်။

"ငါ အခုမှ လုပ်စရာရှိတာ သတိရသွားလို့။ ငါ အရင်သွားလိုက်ဦးမယ်"

ထိုစကားပြောပြီးနောက် သူသည် ကျန့်ချီကို တစ်ချက် ကြည့်လိုက်သည်။

"စာကြည့်တိုက်မှာတွေ့မယ်"

ကျန့်ချီသည် သူ့နှုတ်ခမ်းကိုဖွင့်ကာ ကျန်းယန်ကိုတားရန် တစ်ခုခုပြောချင်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာတင် ကျန်းယန်၏နောက်ကျောကို ဝေဝါးစွာသာ မြင်နိုင်ခဲ့တော့လေသည်။

"ကျန့်ချီ"

ကျိဟွိုက်စစ်သည် ခြေလှမ်းအနည်းငယ်လှမ်း၍ ရှေ့တိုးလာကာ နွေးထွေးစွာ မေးလိုက်လေသည်။

"မင်း အခု အားပြီလား။ မိနစ်အနည်းငယ်လောက်ဆို လုံလောက်ပါပြီ"

ထုံးစံအတိုင်း သူသည် ဆိုးရွားသည့်စကားလုံးများကို မပြောနိုင်ပေ။ ကျန့်ချီသည် ထွက်သွားရန် အကြောင်းပြချက်ရှာချင်ရင်တောင်မှ သူ့ဘက်ကနေ အရင်မေးလိုက်ရလေသည်။

"ဒုဉက္ကဋ္ဌ ကိစ္စတစ်ခုခု ရှိလို့လား။"

"ငါ မင်းကို ဒါ ပေးချင်လို့"

သူ့၏အသံတိုးကျသွားသောအခါ ကျိဟွိုက်စစ်သည် သူ့လက်ထဲမှ နက်မှောင်သောအဆင်အယင်များဖြင့် အလှဆင်ထားသည့် အဖြူရောင်စာအိတ်ကိုထုတ်ပြလိုက်သည်။ ရွှေရောင်ချိပ်ဖြင့် တံဆိပ်ခတ်ကာ ဂန္ဓမာပန်းရနံ့ သင်းသင်းလေးဖြင့် ဖြန်းထားသော စာအိတ်သည် သူ့လက်ထဲတွင် ထူးထူးခြားခြား အသွင်အပြင်ဖြစ်နေလေသည်။

ကျန့်ချီသည် ကျိဟွိုက်စစ်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ကျိဟွိုက်စစ်၏ မျက်လုံးများအတွင်း မမြင်နိုင်သော တင်းမာမှုအခိုက်အတန့်လေးတစ်ခုကို သတိပြုမိလိုက်သည်။

"နောက်အပတ် Villiger Concert Hall မှာ ဂန္တဝင်ဖျော်ဖြေပွဲတစ်ခုရှိတယ်။ငါ မင်းကို အတူတူကြည့်ဖို့ ဖိတ်ခေါ်ချင်တယ်"

"...ဖျော်ဖြေပွဲလား?"

ဤစကားလုံးသည် မှတ်ဉာဏ်တံခါးကိုဖွင့်ရန် သော့သဖွယ်ဖြစ်ကာ ကျန့်ချီ၏နှလုံးခုန်နှုန်းမှာ မြန်လာလေသည်။

သူ မှတ်မိသည့်အတိုင်းဆိုပါက ထိုဖျော်ဖြေပွဲကို စာအုပ်ထဲ၌ အသေးစိတ်ဖော်ပြထားကာ ကျိဟွိုက်စစ်လည်း တစ်စုံတစ်ယောက်ကို ဖိတ်ကြားခဲ့သော်လည်း မြင်းစီးပြိုင်ပွဲ၌ ထိခိုက်ဒဏ်ရာရခဲ့သည့် ပိုင်ရှီယွီကို ဖိတ်ကြားခဲ့ခြင်းဖြစ်လေသည်။

ဤသည်မှာ ကျိဟွိုက်စစ်၏ တာဝန်ဝတ္တရား ပျက်ကွက်မှုအတွက် တောင်းပန်မှုဖြစ်ကာ ပိုင်ရှီယွီသည် သူ၏ နှလုံးသားခံစားချက်များကို အမှန်တကယ် ဆုံးဖြတ်နိုင်စေခဲ့သည်မှာလည်း ဤတုံ့ပြန်မှုကြောင့်ဖြစ်လေသည်။

အရာအားလုံးသည် ဝတ္ထုအတိုင်း ရှင်းရှင်းလင်းလင်း ဖြစ်ပျက်သွားသင့်ပါသော်လည်း ယခုအချိန်တွင်မူ ပိုင်ရှီယွီအား ပေးသင့်သော ဖိတ်စာတစ်စောင်သည် သူ့လက်ထဲတွင် ပေါ်လာလေသည်။

"ကျန့်ချီ"

ကျန့်ချီသည် ရုတ်တရက် သတိပြန်ဝင်လာသည်။ သူ့တစ်ကိုယ်လုံးသည် ရေထဲမှ ထွက်လာသည့် ငါးတစ်ကောင်ကဲ့သို့ ချွေးတွေ ရွှဲနေလေသည်။ သူသည် ဖိတ်စာကို ကျိဟွိုက်စစ်၏လက်ထဲသို့ တစ်ဖန်ပြန်ထည့်လိုက်လေသည်။

"တောင်းပန်ပါတယ်၊ ငါ လက်မခံနိုင်ဘူး"

ဤငြင်းပယ်မှုမှာ ရုတ်တရက်နိုင်လွန်းပြီး ခေါင်းမာလွန်းလှပေ၏။ စကားထွက်သွားသည်နှင့် ကျန့်ချီသည် မိမိကိုယ်ကို စိတ်လိုက်မာန်ပါ ပြုမူမိမှန်း သိလိုက်ရပြီး ပို၍နူးညံ့သော စကားလုံးများဖြင့် ပြောင်းလဲပြောချင်သော်လည်း အချိန်မမီတော့ချေ။

ကျိဟွိုက်စစ်၏ မျက်ဝန်းထဲတွင် ပေါ်လာသော စိတ်ပျက်အားငယ်မှုကို သူ သတိပြုမိလိုက်သည်၊ ခဏတာ တိတ်ဆိတ်သွားပြီးနောက် စောစောက အပြုံးကို ပြန်လည်ဖော်ဆောင်ကာ ဖြည်းညင်းစွာဖြင့် ခပ်တိုးတိုးဆိုလာ၏။

"အကြောင်းရင်းကို ပြောပြလို့ရမလား၊ ငါတို့က သူငယ်ချင်းတွေအဖြစ်လောက်တော့ ခင်ကြတယ်လို့ ထင်ခဲ့တာ"

ကျန့်ချီသည် မည်သို့ပြန်ဖြေရမည်ကို မသိတော့ပေ၊ မည်သို့ပင်ပြောစေကာမူ ကျိဟွိုက်စစ်၏စေတနာကို ထိခိုက်စေလိမ့်မည်ဟု ထင်မိ၏။

ရှောက်ဟန့်ကိုရင်ဆိုင်ရသည့်အခါ ဝန်ထုပ်ဝန်ပိုးမရှိဘဲ အေးစက်သည့်မျက်နှာနှင့် သူ ရင်ဆိုင်နိုင်လေသည်။ ပိုင်ရှီယွီကို ရင်ဆိုင်သည့်အခါ၌လည်း သူ ရှောင်ရန် အကြောင်းပြချက် အမျိုးမျိုးကို ရှာတွေ့နိုင်သော်လည်း အစကနေ အခုချိန်ထိ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သူ့အား ကူညီပေးခဲ့သည့် ကျိဟွိုက်စစ်ကိုတော့ အထီးကျန်နေသည့်ပုံစံ ပေါ်နေသည်အား သူ မမြင်ချင်မိပေ။

"......ကျွန်တော်ကြားတာ ကျောင်းပြင်သွားရတာ အဆင်မပြေဘူးတဲ့"

ကျန့်ချီသည် သူ၏ နှုတ်ခမ်းများကို ဖိကြိတ်ရင်း အဆင်မပြေသည့် အကြောင်းပြချက်ဖြင့် ပြန်ပြောလိုက်သည် ။

ထိုစကားသည် ကျိဟွိုက်စစ်၏ လေးလံမှုကို အနည်းငယ် သက်သာရာရစေသည့်ပုံပေါ်ကာ သူ့မျက်လုံးထဲ၌ အလင်းရောင် အနည်းငယ် ပေါ်လာလေသည်။

"စိတ်မပူပါနဲ့ ဒီကိစ္စကို ငါ ရှင်းလိုက်မယ်"

ကျန့်ချီသည် သူ၏နှုတ်ခမ်းကို လှုပ်ရှားလိုက်သည်၊ မည်မျှပင် ခေါင်းမာသော အကြောင်းပြချက်များ ပါးစပ်ဖျားတွင် ရှိနေပါစေ၊ စကားလုံးမဲ့ခြင်းနှင့် နားလည်မှုမရှိခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

သူရှင်းလင်းစွာ မှတ်မိနေသည်မှာ စာအုပ်ထဲက ကျိဟွိုက်စစ်သည် တောင်းပန်လိုစိတ်ကြောင့်သာ ပိုင်ရှီယွီကို ဤဖိတ်စာအား ပေးခဲ့ခြင်းဖြစ်သည်၊ သို့ဆိုလျှင် ယခု ကျိဟွိုက်စစ်ကရော အဘယ့်ကြောင့် ဖိတ်ကြားရမည့်သူကို သူရှိရာသို့ ပြောင်းရွှေ့လိုက်ရသနည်း။

ကျန့်ချီသည် သတိပြန်ဝင်လာသောအခါတွင် သူ၏စိတ်ထဲမှ သံသယကို ထုတ်မေးမိပြီးသားဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

ကျိဟွိုက်စစ်သည် သူ၏မျက်လုံးများကို အောက်သို့စိုက်ချလိုက်သည်၊ သူ၏နူးညံ့သော မျက်ခုံးမျက်လုံးများသည် မည်သို့သောအမူအရာကို ပြုလုပ်သည်ဖြစ်စေ လူကို သက်သောင့်သက်သာရှိစေ၏။ သူ၏အသံထဲတွင် မဖော်ပြနိုင်သော အရာတစ်ခု ရောယှက်နေပြီး ယခင်ကထက် ပို၍နွေးထွေးလေးနက်နေသည်။

"မင်းလာနိုင်လိမ့်မယ်လို့ ငါမျှော်လင့်မိတယ်၊ ဖိတ်စာရတဲ့အချိန်မှာ မင်းကိုပဲ ငါချက်ချင်း သတိရခဲ့တာ၊ ဒါကို အကြောင်းပြချက်တစ်ခုလို့ သတ်မှတ်လို့ရမလား"

စကားလုံးများဆုံးသွားသည့်အခါ ကျိဟွိုက်စစ်သည် ကျန့်ချီ၏ချောင်ပိတ်နေသော မျက်နှာအမူအရာကို ကြည့်ကာ နှုတ်ခမ်းထောင့်များကွေးညွှတ်သည်အထိ မရယ်ဘဲမနေနိုင်တော့ပေ။

"ထပ်ပြောရရင် မင်းကြိုက်မယ်လို့ ထင်လို့ပါ၊ အစက ငါ ဝမ်ချွမ်တို့ကိုလည်း ဖိတ်ခဲ့သေးတယ်၊ ဒါပေမဲ့ သူတို့အားလုံးက ဂီတကို စိတ်မဝင်စားကြဘူး၊ ရှန်းရှုထင်ကလည်း အခုမှ ပြည်ပက ပြန်ရောက်တာဆိုတော့ ဒီရက်ပိုင်းအတွင်း ကျောင်းသားသစ်လဲလှယ်ရေးကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေတယ်၊ အားတဲ့အချိန်မှာ မင်းကိုပဲ သတိရမိတော့တယ်၊ ကျန့်ချီ၊ မင်း ငါ့ကို ဒုတိယအကြိမ် ငြင်းဦးမှာလား"

နောက်ဆုံးစကားတစ်ခွန်းတွင် မသိမသာပါလာသော ဝမ်းနည်းမှုနှင့် သက်ပြင်းချသံကြောင့် ကျန့်ချီသည် သူ၏နားများပင် မှားယွင်းသွားပြီဟု ထင်မှတ်မှားလုနီးပါး ဖြစ်သွား၏။ ဖိတ်စာသည် ကျိဟွိုက်စစ်၏ လက်ထဲတွင် တစ်ဖန်ပြန်လည်ရောက်ရှိသွားပြီး လေထဲတွင် ဝဲပျံနေသည်။ ၎င်းသည် သူ၏စိတ်နှလုံးကို ဖိထားသော အလေးတုံးတစ်ခုနှယ်ပင်၊ မည်မျှကြာအောင် လေးလံနေမှန်း မသိနိုင်တော့ချေ။

"ကျွန်တော် နည်းနည်းလောက် စဉ်းစားလို့ရမလား"

ကျိဟွိုက်စစ်သည် ပြုံးလိုက်သည်။

"ရတာပေါ့"

တစ်ခဏအတွင်းတွင် ကျန့်ချီသည် မိမိကိုယ်ကို ထောင်ချောက်တစ်ခုထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရသည်။ သို့သော် ကျိဟွိုက်စစ်၏ နူးညံ့မှုအပြည့်နှင့် မျက်ဝန်းအစုံကို ကြည့်လိုက်သောအခါ ဤထူးဆန်းသော အတွေးသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။ သူသည် ဖိတ်စာကို လှမ်းယူလိုက်ရာ ပူနွေးသော လက်ဖဝါးတစ်စုံကို ထိမိသွားသလိုပင်၊ ထိုအချိန်တွင် ကျိဟွိုက်စစ်၏ အသံထွက်ပေါ်လာသည်။

"ကျန့်ချီ"

ယခုအချိန်တွင် မည်သည့်အရာကိုပင် ကြားရပါစေ ကျန့်ချီသည် ထူးဆန်းသည်ဟု ခံစားရတော့မည်မဟုတ်ပေ။

"ဘာဖြစ်လို့လဲ"

"နောက်ကျရင် ငါ့ကို နာမည်နဲ့ တိုက်ရိုက်ခေါ်လို့ရတယ်။ မင်း ငါ့ကို ဒုဥက္ကဋ္ဌလို့ ခေါ်တာကို ကြားရတာက နည်းနည်း သိပ်မရင်းနှီးသလို ခံစားရလို့။ မင်းရော ဘယ်လိုထင်လဲ?"

ဤသို့သော သာမန်တောင်းဆိုချက်ကြောင့် ကျန့်ချီသည် အနည်းငယ်တွေဝေသွားပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

"ကျိဟွိုက်စစ်"

၎င်းမှာ နာမည်တစ်ခုမျှသာ ဖြစ်ပေ၏။ ပေါ့ပါးခြင်း၊ လေးလံခြင်းမရှိသော အသံနေအသံထားနှင့် မည်သည့်ထူးခြားချက်မှ မရှိသော စကားလုံးတစ်ခွန်းပင်ဖြစ်၏။ သို့သော် ကျိဟွိုက်စစ်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏နှုတ်ခမ်းထောင့်များသည် ယခင်ကထက် ပိုမိုနက်ရှိုင်းသော အပြုံးအဖြစ် ကွေးညွှတ်သွားကာ ခဏအကြာတွင်မှ 'အင်း' ဟု တစ်လုံးတည်း တုံ့ပြန်လေသည်။

"ကျန့်ချီ၊ ဒုဉက္ကဋ္ဌက မင်းကို ဘာတွေပြောလိုက်သေးလဲ။"

မူလက စာကြည့်တိုက်တွင် တွေ့ရန် ချိန်းဆိုထားသော်လည်း ကျန်းယန်သည် သူ၏ အတင်းအဖျင်းပြောလိုသော စိတ်ကို မည်သို့မျှ မထိန်းချုပ်နိုင်ဘဲ စောစောက ဖြစ်ပျက်ခဲ့သော အကြောင်းအရာကို မေးမြန်းရန် မျက်ခုံးပင့်ကာ ကျန့်ချီကို ကြည့်နေလေ၏။

ကျန့်ချီသည် အများကြီးမရှင်းပြတော့ဘဲ လှပသေသပ်သော ထိုဖိတ်စာကို ထုတ်ယူလိုက်သည်။အချိန်အနည်းငယ် ကြာသွားပြီဖြစ်သော်လည်း စာအိတ်ဖုံးပေါ်တွင် သင်းပျံ့သောရနံ့မှာ ရှိနေဆဲဖြစ်ပြီး ကျန်းယန်၏ အံ့အားသင့်နေသော မျက်ဝန်းထဲသို့ ကျရောက်သွားတော့သည်။

"ဒါကို ဒုဉက္ကဋ္ဌက ပေးခဲ့တာလား?"

ကျန်းယန်သည် စာအိတ်ကို ကိုင်လိုက်ကာ အစင်းရာတွေ မကျန်စေရအောင် သတိကြီးကြီးဖြင့် ကိုင်လိုက်သည်။

"ဘုရားရေ! သူက မင်းကို ဂီတဖျော်ဖြေပွဲကို လာဖို့ ဖိတ်တာလား။? ဒါက Villiger Music Hall က ဖိတ်စာတစ်စောင်နော်။ ကျန့်ချီ မင်း ငါ့ကို အမှန်အတိုင်း ပြောစမ်း။ မင်း ဒုဉက္ကဠရဲ့ အသက်ကို ကယ်ခဲ့ဖူးတာလား?"

ကျန့်ချီသည် ကျန်းယန်၏ တစ်ဝက်အမှန်တစ်ဝက်အနောက် မေးခွန်းကြောင့် ရယ်မိသွားသော်လည်း အဖြေအတိအကျမရှိသေးသည်ကို သတိရမိသောအခါ အပြုံးမှာ တဖြည်းဖြည်း မှေးမှိန်သွားပြန်သည်။

"ငါ သဘောတူသင့်သလား?"

ကျန်းယန်၏ မျက်လုံးများ ပြူးကျယ်သွားကာ ကျန့်ချီကို အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်လိုက်သည်။

"သွားလေ၊ ဘာလို့ မသွားရမှာလဲ? ဒီလို အခွင့်အရေးကောင်း မျိုး ငါ့ကိုသာ ပေးလာရင် တစ်နှစ်လောက်ထိ ကြွားလို့မဆုံးဖြစ်နေမှာပဲ! ကျန့်ချီ၊ ဒုဥက္ကဋ္ဌက မင်းကို တကယ့်သူငယ်ချင်းအဖြစ် သဘောထားတာပဲ၊ အရင်ကဆိုရင် ဒီလိုဂီတပွဲမျိုးကို သူက ကျောင်းသားကောင်စီအဖွဲ့ဝင်တွေကိုပဲ ဖိတ်တာ၊ ပိုအရေးကြီးတာက ဒီလိုပွဲမျိုးကို ဥက္ကဋ္ဌရှန့်နဲ့ပဲ အတူတူသွားလေ့ရှိတာ၊ သူတို့နှစ်ယောက်က တော်တော်ရင်းနှီးကြတယ်၊ ဒါပေမဲ့ ကျောင်းသားကောင်စီပြင်ပကလူကို ဖိတ်တာတော့ ဒါပထမဆုံးအကြိမ်ပဲ"

အတင်းအဖျင်းသတင်းမျိုးစုံကို ကျန်းယန်ထံမှ အလွယ်တကူရနိုင်သည်။ ကျန့်ချီသည် သူ့စကားတွေကို ထပ်ပြီး ထပ်ခါထပ်ခါ နားထောင်လိုက်သည့်အခါ သူ့စိတ်ထဲ၌ အဆင်မပြေဖြစ်မှုတွေ ပိုပိုတိုးလာသကဲ့သို့ပင်။

ဒါကို သဘောတူလိုက်ရအောင်လည်း ဝတ္ထုရဲ့အဓိကဇာတ်ကောင်တွေနှင့် ဝေးဝေးနေရန် သူ ဆုံးဖြတ်ခဲ့လေသည်။ ငြင်းဆိုလိုက်ရအောင်လည်း ကျိဟွိုက်စစ်ပြောသည့်အတိုင်း ဒုတိယအကြိမ် သူ ငြင်းပယ်လိုက်သင့်သလား?

​ကျန့်ချီသည် စာအုပ်ထဲမှ အကြောင်းအရာများကို မတွေးဘဲမနေနိုင်တော့ပေ။ပိုင်ရှီယွီ၏ ရှုထောင့်မှကြည့်လျှင် ကျိဟွိုက်စစ်နှင့် ပတ်သက်သော အကြောင်းအရာများသည် အစပိုင်းတွင် အများဆုံးဖြစ်ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း အမှတ်တရများအဖြစ်သို့ ပြောင်းလဲသွားကာ တစ်ခါတစ်ရံတွင် အမျိုးသားအချို့ကို မနာလိုဖြစ်စေသည့် စနက်တံဖြစ်လာလေသည်။

​ဇာတ်လမ်းနောက်ဆုံးပိုင်းမှ မတော်တဆဖြစ်ရပ်ကိုပါ ထပ်ပေါင်းလိုက်လျှင် တိုင်းတစ်ပါးသို့ ထွက်ခွာသွားသော ကျိဟွိုက်စစ်သည် အမှန်စင်စစ် အဓိကဇာတ်ဆောင်တစ်ယောက်ဟု မဆိုနိုင်ဘဲ အရေးပါသော ဇာတ်ပို့တစ်ယောက်နှင့်သာ ပို၍တူပေ၏။

​ကျန့်ချီသည် သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ဝတ္ထုထဲမှ ကျိဟွိုက်စစ်နှင့် လက်တွေ့မှ ကျိဟွိုက်စစ်ကို ခွဲခြားစိတ်ဖြာနေမိပြန်သည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

​သူ၏လက်မောင်းကို တစ်စုံတစ်ယောက်က ဆွဲကိုင်လိုက်သည်။အတွေးစပြတ်သွားသော ကျန့်ချီကို ကျန်းယန်က ဘေးသို့ဆွဲကပ်လိုက်သည်၊ ဘာဖြစ်သည်ကို မသိလိုက်ခင်မှာပင် ကျန်းယန်၏ စိုးရိမ်သောကဖြစ်နေသောအသံကို ကြားလိုက်ရ၏။

"ငါမေ့နေတာ၊ ပိုင်ရှီယွီလည်း စာကြည့်တိုက်ထဲမှာ ရှိနေတာပဲ၊ သူစောစောက ဒီဘက်ကို ကြည့်နေသလိုပဲ"

​လျှပ်တပြက်အချိန်လေးအတွင်း အတွေးတစ်ခုသည် ကျန့်ချီ၏ ဦးနှောက်ထဲသို့ ဖြတ်ပြေးသွားသည် — ပိုင်ရှီယွီ။

​ဟုတ်သည်၊ ပိုင်ရှီယွီပင်။

​သူသည် ဝတ္ထု၏ အဓိကဗဟိုချက်ဖြစ်ပြီး အရေးအကြီးဆုံးသော ပုဂ္ဂိုလ်ဖြစ်၏။ သူသည် ရှောက်ဟန့်နှင့် ကျိဟွိုက်စစ်ကဲ့သို့ ထူးဆန်းသော ပြောင်းလဲမှုများ မဖြစ်ပေါ်ခဲ့ပေ၊ ယခုအချိန်အထိ သူ၏စကားတစ်ခွန်း၊ အပြုအမူတစ်ခုတိုင်းသည် စာအုပ်ထဲတွင် ရေးသားဖော်ပြထားသည်များနှင့် အတိအကျကိုက်ညီနေပေသည်။

​အကယ်၍ သူက ဇာတ်လမ်းဇာတ်ကွက်ကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်ဆွဲတင်နိုင်ခဲ့လျှင်ရော?

​ဤအတွေးသည် ပေါ်လာသည့်အချိန်မှစ၍ စိတ်ထဲမှမထွက်နိုင်တော့ချေ၊ အဆောင်သို့ပြန်ရောက်သောအခါ ကျန့်ချီသည် HS ကို ဖွင့်လိုက်သည်၊ ခြောက်ကပ်နေသော သူငယ်ချင်းစာရင်းထဲတွင် ကျိဟွိုက်စစ်၏ အခြေအနေမှာ အွန်လိုင်း၌ရှိနေသည်ကို ပြသနေလေ၏။

​သူသည် စာရိုက်ထည့်သည့်နေရာတွင် စာလုံးများကို ဖျက်လိုက်ဖြည့်လိုက်လုပ်ရင်း စိုးရိမ်သောကဖြစ်နေသော စိတ်ဖြင့် စာတစ်ကြောင်းကို ပို့လိုက်လေ၏။

​"ငါ သူငယ်ချင်းတစ်ယောက်ကို အတူတူခေါ်လာလို့ ရမလား"

​ခဏလောက်စောင့်ရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း နောက်တစ်စက္ကန့်တွင်ပင် ဖုန်းက တုန်ခါလာပြီး ကျိဟွိုက်စစ်၏ အကြောင်းပြန်စာသည် ပေါ်လာခဲ့သည်။

​ကျန့်ချီ၏ စိတ်နှလုံးသည် ရုတ်တရက်ဆိုသလို နေရာတကျပြန်ဖြစ်သွားတော့၏။

ကျိဟွိုက်စစ်: ရတာပေါ့

.....

စာရေးသူမှာ ပြောစရာရှိပါတယ်။

ပထမဆုံးချိန်းတွေ့မယ့် အစီအစဉ် : သေခြင်း

Chapter 17 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment