no

Font
Theme

Chapter 3- မောက်မာထောင်လွှားသော

Chapter 3 

ကျောင်းဝင်ခွင့် မစခင်ကတည်းက ဘာသာရပ်ရွေးချယ်မှုကို ပြီးစီးခဲ့ပြီး စိန့်စတန်မှ ဒုတိယနှစ်ကျောင်းသားများသည် နောက်ဆုံး HSST အတွက် ဘာသာရပ်လေးခုကို ရွေးချယ်ရမည်ဖြစ်သည်။ ကျန့်ချီ သည် စီးပွားရေးပညာ၊ စိတ်ပညာ၊ အဆင့်မြင့်သင်္ချာနှင့် ဓာတုဗေဒဘာသာရပ်များကို အသီးသီး ရွေးချယ်ခဲ့သည်။ သူသည် သိပ္ပံဘာသာရပ်တွင် ထူးချွန်သော်လည်း စိတ်ပညာကိုမူ စိတ်ဝင်စားမှုဖြင့် ရွေးချယ်ခဲ့ခြင်းပင်။

အခြားကောလိပ်များနှင့်မတူဘဲ အနောက်တိုင်းပညာရေးစနစ်ကို ကျင့်သုံးသော စိန့်စတန်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲအစား HSST ကို အစားထိုး အသုံးပြုခဲ့သည်။ အပြည့်အစုံမှာ High School Standardized Test (အထက်တန်းကျောင်း စံချိန်စံညွှန်းစစ်ဆေးမှု) ဖြစ်ပြီး ၎င်းသည် အထက်တန်းကျောင်းဆင်းစာမေးပွဲဖြစ်သည်။ နောက်ဆုံးရမှတ်များကို နိုင်ငံခြားတက္ကသိုလ်များသို့ လျှောက်ထားနိုင်ပြီး ပြည်တွင်း၌လည်း အသုံးပြုနိုင်သည်။ လုပ်ထုံးလုပ်နည်းများသည် ပိုမိုရှုပ်ထွေးမည်ဖြစ်သော်လည်း ထိုထိပ်တန်းမိသားစုများမှ ကလေးများ နိုင်ငံခြားသို့ သွားရောက်ရန် အဆင်ပြေစေရန်အတွက် ပိုမိုအရေးကြီးသည်မှာ ထင်ရှား၏။

အမြင့်ဆုံးစာမေးပွဲအဆင့်သတ်မှတ်ချက်မှာ ၉၉.၉၈% ဖြစ်သည်။ ထိပ်တန်းတက္ကသိုလ်အများစုသည် အနည်းဆုံး ၈၀% ကို အနိမ့်ဆုံးသတ်မှတ်ချက်အဖြစ် လိုအပ်ပြီး ကျန့်ချီ လေ့လာလိုသော ဥပဒေအတွက်မူ ၉၈% လိုအပ်သည်။ ဤသည်မှာ ရရှိရန် မလွယ်ကူသော ဂဏန်းတစ်ခု ဖြစ်သည်။

ထိုအရာသည် ခက်ခဲသော်လည်း သူသည် လုံးဝစိတ်မချရခြင်းမျိုး မရှိပေ။ မည်သည့်အရာမဆို မလုပ်ဆောင်မီတွင် သူသည် အမြဲတမ်း စဉ်းစားတတ်၏။ ၎င်းသည် သူ၏ အမြဲတမ်းအကျင့်ပင်။

စီးပွားရေးပညာကို သင်ကြားပေးသော မစ္စတာစမစ်သည် ကျိဟွိုက်စစ် ပြောခဲ့သည့်အတိုင်း ခေတ်ဟောင်းဆန်သော အဘိုးအိုတစ်ဦး ဖြစ်သည်။ သူသည် အီလက်ထရွန်နစ်ပစ္စည်းများကို အသုံးပြုရန် မကြိုက်ဘဲ ခေတ်သစ်စီးပွားရေးသမိုင်း၏ ပြောင်းလဲမှုများကို ရှင်းပြရန် စာအုပ်ကိုသာ ထုတ်ယူလေ့ရှိသည်။

အောက်မှ ကျောင်းသားအများစုသည် ခါးသီးစွာ မျက်မှောင်ကြုတ်နေကြပြီး သူတို့၏လက်ပ်တော့များပေါ်တွင် အဓိကအချက်များကို ဒေါသတကြီး ရိုက်ထည့်နေကြသည်။ ကျန့်ချီကမူ ကီးဘုတ်ဖြင့် ရိုက်ရသည်ကို ကျင့်သားမရသေး‌ပေ။ သူ၏လက်ချောင်းများသည် စက္ကူနှင့်သာ ပိုသက်‌သောင့်သက်သာရှိ၏။ သို့သော် စိန့်စတန်၏ စည်းကမ်းချက်များမှတစ်ခုမှာ ကျောင်းစာများကို အွန်လိုင်းမှသာ ပြီးမြောက်အောင် လုပ်ရမည်ဟူ၍ပင်။

အရာအားလုံးသည် အလွန်ကွဲပြားခြားနားသည်။ စိန့်စတန်သည် အနောက်တိုင်း သင်ကြားရေးနည်းလမ်းကို လိုက်နာသဖြင့် တရုတ်၊ သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ်များအတွက် မသင်မနေရ စာမေးပွဲများ မရှိပေ။ ‌‌၎င်းမှာ ဘာသာရပ်လွတ်လပ်စွာရွေးချယ်ခြင်း စနစ်ကို ကျင့်သုံးသည်။

ကျန့်ချီ သည် သူလိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရသည်မှာ ခက်ခဲလိမ့်မည်ဟု တွေးတောခဲ့သော်လည်း သူသည် အံ့သြစရာကောင်းလောက်အောင် ကျွမ်းကျင်ပြီး နောက်ကျကျန်ခဲ့သော ဘာသာရပ်များကို ပြန်လိုက်နိုင်ရန် တစ်ပတ်သာကြာခဲ့၏။

"နောက်တစ်ချိန်ကတော့ အဖွဲ့လိုက် စမ်းသပ်မှု လုပ်ရမယ့်အချိန်ပဲ။ နှစ်ယောက်တစ်တွဲ၊ မိနစ် ၃၀ အတွင်း စမ်းသပ်မှုအစီရင်ခံစာကို ပြီးအောင်လုပ်ပါ။ ငါ ခုနက ပြောသွားတဲ့ အဆင့်တွေကို လိုက်နာရုံပဲ"  ဓာတုဗေဒဆရာ ယန်ကျန့်သည် သူ၏လည်ချောင်းကို ကျယ်လောင်စွာ ရှင်းလိုက်ပြီး "ပြဿနာမရှိရင် အမြန်လုပ်ကြတော့"

ကျန့်ချီ သည် ခဏအတွင်း ဆူညံသွားသော အတန်းကို ကြည့်လိုက်သည်။ သူသည် တူညီသောနေရာတွင်ပင် မလှုပ်မယှက် ထိုင်နေ၏။ ဝေ့အန်းမှလွဲ၍ သူသည် ကျောင်းတွင် စကားပြောရန် သူငယ်ချင်းမရှိသော်လည်း ဝေ့အန်းမှာမူ ဓာတုဗေဒဘာသာရပ်ကို မရွေးချယ်ခဲ့ပေ။

ရွှေ့‌ပြောင်းကျောင်းသားတစ်ဦး ရုတ်တရက် ပေါင်းထည့်လာခြင်းကို လူတိုင်းမှာ ဂရုစိုက်ပုံမရဘဲ၊ သူ့ကို မမြင်နိုင်သော လူတစ်ဦးအဖြစ် ရှုမြင်ခဲ့ကြသည်။ ကျန့်ချီသည် ဤခံစားချက်ကို အကျင့်ဖြစ်နေခဲ့ပြီး၊ သူ၏ မူလကျောင်းတွင်လည်း ကောင်းမွန်သောသူငယ်ချင်းများ တစ်ဦးမျှ မရှိခဲ့ပေ။

"ကျန့်ချီ"

ဤအသံသည် ကျန့်ချီကို ရောက်ရှိလာသူ၏ မျက်နှာပေါ်တွင် အာရုံစိုက်မိစေ၏။ ထိုကောင်လေး၏ အသားအရေသည် အနည်းငယ်ညိုသည်။ သူပြုံးလိုက်သောအခါ သပ်ရပ်သော သွားရှစ်ချောင်းကို ဖော်ပြနေ၏။ သူသည် ရွှင်လန်းတက်ကြွပြီး တည့်တိုးပြောတတ်သူတစ်ဦးပင်။ "မင်း စမ်းသပ်မှုလုပ်ဖို့အတွက် အဖော်လိုလား?"

ကျန့်ချီ သည် သူ၏ကြင်နာမှုကို ငြင်းဆန်မည်မဟုတ်သည်မှာ အသေအချာပင်။ သူသည်  ဘေးသို့ အနည်းငယ် ရွှေ့လိုက်ပြီး နေရာပေးလိုက်ကာ၊ "ဟုတ်တာ‌ပေါ့၊ ငါတို့ ဘယ်ကနေ စရမလဲ?"

ကောင်လေး၏အမည်မှာ ကျန်းယန် ဖြစ်ပြီး၊ ကျန့်ချီ သူ၏အမည်ကို မှတ်မိလိုက်သည်။ သူသည် သူ၏ရင်ဘတ်တွင် အဝါရောင်ကျောက်မျက်ရတနာရင်ထိုးကို ဆင်ထားသော်လည်း ဟန်ဖန့်၏မာနကြီးမှုမျိုး မရှိပေ။ ယင်းအစား သူသည် သူ့ကို ပထမဆုံး သတိထားမိပြီး နွေးထွေးစွာ နှုတ်ဆက်ခဲ့သူ ဖြစ်သည်။

"ကျန့်ကောက စမ်းသပ်မှုလုပ်ရတာကို အကြိုက်ဆုံးပဲ"  ကျန်းယန်သည် ဆရာ၏နာမည်ပြောင်ကို ရင်းနှီးစွာ ခေါ်လိုက်ပြီး "မင်း သူ့ထက် စမ်းသပ်မှုတွေကို ပိုချစ်တဲ့ ဆရာတစ်ယောက်နဲ့ ဘယ်တော့မှ တွေ့ရမှာ မဟုတ်ဘူး၊ ဒါပေမယ့် ရှိတယ်ဆိုရင်တော့ မင်း ငါပြောတာကို လျစ်လျူရှုနိုင်တယ်။"

ကျန့်ချီသည် ပြုံးလိုက်ပြီး "ငါ ဆရာယန်ရဲ့စကားကို သဘောတူတယ်။ စမ်းသပ်မှုတွေကသာ ဓာတုဗေဒရဲ့ စစ်မှန်တဲ့ ဆွဲဆောင်မှုကို ဖော်ထုတ်နိုင်တယ်ဆိုတာကိုပေါ့"

ဓာတုပစ္စည်းများကို စမ်းသပ်ပြွန်ထဲသို့ လောင်းထည့်နေစဉ် ကျန်းယန်သည် ကျန့်ချီဘက်သို့ မျက်လုံးမှိတ်ပြဖို့ မမေ့ခဲ့ပေ။ "ဒါက ထိပ်တန်းကျောင်းသားတစ်‌ယောက်နဲ့ နောက်တစ်ယောက်ကြားက ခံစားချက်ပဲ။ မင်းက အမှတ်ပြည့်နီးပါးနဲ့ ကျောင်းဝင်ခွင့်ရခဲ့တယ်လို့ ငါကြားတယ်။ အရမ်းကို အံ့သြစရာပဲ။"

"ငါ ကံကောင်းသွားရုံလေးပါ"  ကျန့်ချီသည် ပြောပြီးနောက် သူ၏စကားများကို ဖမ်းဆုပ်မိိခဲ့သည်။ "မင်း အဲဒါကို ဘယ်က ကြားခဲ့တာလဲ?"

"မင်း HSအပိုင်းနဲ့ ကျောင်းဖိုရမ်ကို မဖတ်ရသေးဘူးလား?" ကျန်းယန် ပြောသည်။ "အဲဒီမှာ ပို့စ်တွေနဲ့ ဆွေးနွေးမှုတွေ မကြာခဏ ရှိတယ်။"

တကယ်တွင် ကျန့်ချီသည် HS မှ ဖိတ်ကြားချက်ကုဒ်ကို ရရှိကတည်းက သူ့အံဆွဲထဲတွင် ထည့်ထားခဲ့သည်။ သူသည် အရေးမကြီးသော အရာများကို ဘယ်သောအခါမျှ မမှတ်မိခဲ့ပေ။ ကျန်းယန်၏ စကားများကို ကြားမှသာ ဤသည်ကို သူသတိရခဲ့ခြင်းပင်။

လူစုံတက်စုံ စကားပြောနေကြရင်းအလည်တွင် စမ်းသပ်မှု ပြီးဆုံးရန်ဖြစ်လာခဲ့၏။ ကျန့်ချီသည် အစီရင်ခံစာကို ရေးရန် သူ၏ခေါင်းကို ငုံ့လိုက်သည်။ ရုတ်တရက် အသံတစ်သံ ကြားလိုက်ရပြီး အတန်းတံခါးသည် မသင့်တော်စွာ ဖွင့်ခံလိုက်ရသည်။ သူ မျက်ဝန်းများကို ပင့်မလိုက်ရာ လူတိုင်း၏ အာရုံစိုက်မှုအောက်တွင် အမျိုးသားတစ်ဦး လျှောက်ဝင်လာသည်ကို မြင်လိုက်၏။

"ဝမ်ချွမ်!" ယန်ကျန့် သည် ဒေါသထွက်လွန်းသဖြင့် သူ၏ မုတ်ဆိတ်မွေးများမှာ တုန်ခါနေပြီး၊ ထိုလူ၏အမည်ကို ခေါ်ရန် စားပွဲ‌ပေါ်ကို ခေါက်လိုက်သည်၊ "ဒါ ဘယ်နှစ်ကြိမ်မြောက်လဲ? မင်းက နာရီဝက်တောင် နောက်ကျနေတာ။ ငါ့ရဲ့ဒီနေ့ ဟောပြောချက် အနှစ်သာရကို မင်း လွဲသွားပြီ။"

ဝမ်ချွမ်ဟုသိကြသော ထိုအမျိုးသားသည် ရှားရှားပါးပါးမြင်‌တွေ့ရသော ဆံပင်ရှည်များက ပခုံးပေါ်တွင် ပြန့်ကျဲနေပြီး အသားအရေမှာ ဖြူဖွေးအေးစက်နေပြီး၊ မျက်ခုံးမွှေးများက ထူထဲအေးစက်နေသည်မှာ အရောင်ဖျော့သော ဆေးရောင်အလွှာများကဲ့သို့ မှိုင်းမှိုင်းမှုန်မှုန်နှင့် ထိတွေ့၍မရနိုင်သော ပုံရိပ်တစ်ခုနှယ်။

သူ၏မျက်နှာကို ကြည့်ရုံဖြင့် အမျိုးသား သို့မဟုတ် အမျိုးသမီးဖြစ်‌ခြင်းကြား မခွဲခြားနိုင်လုနီးနီးပင်။ ယူနီဖောင်းအောက်မှ အားကောင်းသော ခါးကသာ သူ၏စစ်မှန်သော ကျား-မလိင်ကို အခြားသူများအား သတိချပ်စေသည်။

ယန်ကျန့်၏ပြစ်တင်ရှုံ့ချမှုကို မကြားလိုက်သကဲ့သို့ပင် သူသည် သူ၏မျက်နှာကို တည်ငြိမ်စွာထားပြီး နောက်ဆုံးနေရာသို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ထိုင်ချလိုက်ပြီး သူ၏မျက်လုံးများကို မှိတ်ထားလိုက်၏။

ယန်ကျန့်၏ပေါက်ကွဲလုနီးပါးဖြစ်နေသော မျက်နှာကို ကျန့်ချီ ကြည့်ရန် ခက်ခဲ‌နေသည်။ သူသည် ဝမ်ချွမ်ကို ပြန်ကြည့်လိုက်၏။ အမှန်တကယ်တွင် ဤသို့ပြုလုပ်နေသည်မှာ သူတစ်ဦးတည်း မဟုတ်ပေ။

တစ်စုံတစ်ယောက်သည် တိုးတိုးတိတ်တိတ် ပြောနေပြီး ကျန်းယန်မှာလည်း ရပ်တန့်သွားကာ အနည်းငယ် ပိုနီးကပ်စွာမှီလာပြီး သူ၏အသံကို နှိမ့်လိုက်သည်။

"BCတွေပဲ ဒီလိုမျိုး မောက်မာရဲတာ။"

ကျန့်ချီ ပြန်မေးလိုက်၏။

"BC ဆိုတာက?"

"Black Class. ကျောင်းက အတန်းကို ခွဲခြားဖို့အတွက် ရင်ထိုးအရောင်ကို ဘယ်လိုသုံးတယ်ဆိုတာ မင်း သိပါတယ်။ ဒီလူက BC လေးယောက်ထဲက တစ်ယောက်။ မင်း သူ့ကို ပထမဆုံး မြင်ဖူးတာ မဟုတ်လား? ပြီးခဲ့တဲ့ ဓာတုဗေဒ အတန်းကို သူ မလာခဲ့ဘူး"  ကျန်းယန် ပခုံးတွန့်လိုက်သည်။ 

"ငါတို့က အနည်းဆုံး ၈၅% အတန်းတက်ရောက်မှု ရှိရမယ်။ ဒါပေမဲ့ BC က ၆၀% ပဲ လိုအပ်တယ်။ ဒါက အားကျစရာကောင်းတဲ့ အခွင့်အရေးတစ်ခုပဲ၊ ပြီးတော့ ရင်ထိုးတောင် မဖြစ်မနေ ဝတ်စရာ မလိုဘူး။"

ကျောင်း၏ ဖုံးကွယ်မထားသော လူတန်းစားခွဲခြားမှုကို ကျန်းချီ မအံ့သြပေ။ ဤအရာနှင့်ယှဉ်လျှင် သူသည် ဝမ်ချွမ် သူ့ဘေးမှ ဖြတ်သွားစဉ်က ရသော သူ၏ကိုယ်ပေါ်မှ အနံ့အကြောင်းကို ပို၍စိုးရိမ်သည်။ အကယ်၍ သူ့အထင်သာ မမှားလျှင်၊၎င်းမှာ သွေးနံ့ဖြစ်ရပေမည်။

ကျန်းယန်သည် သူ့နားတွင်းသို့ ဆက်လက်ပြောဆိုနေပြီး ကျန့်ချီ၏အကြည့်သည် မရည်ရွယ်ဘဲ နောက်သို့ ပြန်ကြည့်လိုက်ကာ သူ့ကို အံ့အားသင့်စေသည်မှာ ဝမ်ချွမ်သည် ယခုအခါ အိပ်မနေတော့ဘဲ သူ၏လက်မောင်းကို မှီထားပြီး ထိုအေးစက်သော မျက်လုံးများဖြင့် သူ့ကို နှုတ်ဆက်နေခြင်းပင်။ ခဏတာမျှ ကျန့်ချီသည်  သွေးအေးသတ္တဝါတစ်မျိုးမျိုးထံမှ စိုက်ကြည့်ခြင်းခံနေသည်ဟု ထင်ယောင်ထင်မှား ဖြစ်ခဲ့ပြီး၊ အေးစက်သော လေသည် သူ၏လက်ဖျားများမှတစ်ဆင့် သူ၏လက်မောင်းများအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

အကြည့်ချင်းဆုံမှုသည် သုံးစက္ကန့်ကြာခဲ့ပြီး ကျန့်ချီမှာ တစ်စက္ကန့်ကြာ တုံ့ဆိုင်းပြီးနောက် နောက်ဆုံးတွင် ယဉ်ကျေးစွာ ခေါင်းငုံ့၍ သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်မှာ အတတ်နိုင်ဆုံး စိတ်အနှောင့်အယှက်ဖြစ်စေသော အခြေအနေမျိုးကို တားဆီးရန်အတွက်ပင်။

"ဟေး မင်း ငါပြောတာကို နားထောင်နေလား?"  ကျန်းယန် မေးလိုက်သည်။

ကျန့်ချီ ခေါင်းညိတ်ပြလိုက်သည်၊ "မင်း ခုနက ပြောတယ်လေ၊ ဝမ်ချွမ်က အမြဲတစ်ယောက်တည်းနေပြီး BC တွေအားလုံးထဲမှာ အလျှို့ဝှက်ဆုံးပဲလို့။"

ကျန်းယန်သည် ထိုအဖြေကို အလွန်ကျေနပ်သွားပြီး သူ၏ဝမ်းတွင်းရှိ အတင်းအဖျင်းများကို ပိုမိုစိတ်အားထက်သန်စွာ မျှဝေလိုက်သည်၊ "သတင်းအရတော့—ငါကြားဖူးတာ၊ သူက ဖူမိသားစုက အသိအမှတ်ပြုထားတဲ့ တရားမဝင်တဲ့ ကလေးတစ်ယောက်တဲ့။ သူက ပြီးခဲ့တဲ့စာသင်နှစ် နှစ်ဝက်ကမှ ပြောင်းလာခဲ့တာ။ သူ့မျိုးရိုးနာမည်ကိုလည်း မပြောင်းသေးဘူး၊ မဟုတ်ရင် ဘယ်သူကများ အသက် ၂၀အရွယ်မှာ အထက်တန်းကျောင်း ဒုတိယနှစ်မှာ ရှိနေသေးမှာလဲ?မင်း ဖူကျန့်ဟောင်ကို  သိလား? သူ့နာမည်က Forbes စာရင်းရဲ့ ထိပ်ဆုံးငါးခုမှာ ပါတယ်‌လေ။ အဲဒါက တကယ့်ကို ချမ်းသာတာပဲကွ။ အသက်နှစ်ဆယ်လောက်နေပြီးမှ မင်းမှာ ချမ်းသာတဲ့အဖေရှိတယ်လို့ ပြောခံရတာ၊ ဒါ ကံကောင်းတာပဲ။"

"သူက အသက် ၂၀ တောင်ရှိနှင့်ပြီလား?" ကျန့်ချီ ပြောကာ "သူက တခြားသူတွေနဲ့ မတူတာ မအံ့ဩတော့ပါဘူး" ဟု ဆိုသော်လည်း အတိအကျ ဘာက ကွာခြားသည်ကို သူ ပြောမပြနိုင်ခဲ့ပေ။

"သူက ထူးဆန်းတဲ့သူပဲ"  ကျန်းယန် ပြောသည်။ "မင်း ရှောက်ဟန့်ကို သွားစိန်ခေါ်မယ်ဆိုရင်တောင် သူ့ကိုတော့ စိန်မခေါ်နဲ့။"

ကျန့်ချီသည် မရင်းနှီးသောနာမည်ကို ကြားခဲ့သော်ငြား မမေးမြန်းခဲ့ပေ။ အကြောင်းမှာ သူ့နှင့် မသက်ဆိုင်သောကြောင့်ပင်။ ယခုအချိန်တွင် စမ်းသပ်မှုအစီရင်ခံစာ ပြီးမြောက်ရေး၏နိဂုံးမှာ အခြားမည်သည့်အရာထက်မဆို ပိုအရေးကြီးသည်။

အတန်းပြီး‌နောက် ခေါင်းလောင်းထိုးသောအခါ နေ့လယ်စာစားချိန်အတွင်း ကျန်းယန်သည် သူ့ကို ကန်တင်းတွင် နေ့လယ်စာစားရန် ဖိတ်ခေါ်ခဲ့ပြီး ကျန့်ချီမှာ လက်ခံသဘောတူခဲ့သည်။

ကန်တင်းတွင် စုစုပေါင်း ခြောက်ထပ်ရှိသည်။ ပထမထပ်ကို အထူးကျောင်းဝင်ခွင့်ရသူများအတွက်သာ ဖွင့်လှစ်ထား၏။ ဒုတိယနှင့် တတိယထပ်များမှာ YC နှင့် RC အတွက်ဖြစ်ပြီး၊ စတုတ္ထထပ်သည် PC များအတွက် ဖြစ်သည်။ ကျန်နှစ်ထပ်မှာ BC များအတွက် သီးသန့်ကန်တင်း ဖြစ်သည်။ ထိုလူလေးယောက်အတွက် အဘယ်ကြောင့် နှစ်ထပ်လိုအပ်သည်ကို ကျန့်ချီ အံ့သြခဲ့သည်မှာ ကျန်းယန်က BC၏ဟင်းလျာများကို ကမ္ဘာတစ်ဝန်းမှ ထိပ်တန်းစားဖိုမှူးများက ပြင်ဆင်ပေးကြောင်း ပြောပြခြင်းတိုင်သည်အထိပင်။ ၎င်းတို့တွင် ဂျပန်၊ ပြင်သစ်နှင့် စပိန်စသည့် နိုင်ငံပေါင်းများစွာ၏ ဟင်းလျာများနှင့် အစားအစာများ ပါဝင်ပြီး၊ ပါဝင်ပစ္စည်းများအားလုံးကို လေယာဉ်ဖြင့်ပို့ဆောင်ပြီး စားပွဲပေါ်သို့ တင်ထားသည်။ ၎င်း၏ဇိမ်ခံမှုအဆင့်သည် စျေးနှုန်းနှင့် အချိုးကျကျပင်။

(T/N: YC = yellow class = ချမ်းသာကြွယ်ဝတဲ့မိသားစုနောက်ခံရှိတဲ့ကျောင်းသားတွေ

    RC = red class = နိုင်ငံရေးမိသားစုနောက်ခံရှိတဲ့ကျောင်းသားတွေ

    PC= purple class = အပေါ်ကဟာတွေထက် တစ်ဆင့်မြင့်ပြီး မိသားစုရဲ့အမွေဆက်ခံသူကျောင်းသားတွေ

    BC = black class = အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ကျောင်းသားတွေ ။ တစ်ကျောင်းလုံးမှာမှ လေးယောက်ပဲရှိတယ်)

"YC ကန်တင်းရဲ့စျေးကလည်း အဆမတန် ဈေးကြီးနေပြီ၊ ငါကတော့ ပထမထပ်မှာ စားရတာကို ပိုသဘောကျတယ်" ကျန်းယန်သည်  ချွေတာပေမယ့် ထူးထူးခြားခြား ရက်ရောစွာ ပြောသည်။ "အကယ်၍အနာဂတ်မှာ မင်း YCကန်တင်းကို စမ်းသွားကြည့်ချင်ရင် ငါ မင်းကို ခေါ်သွားနိုင်တယ်‌နော်။"

ကျန့်ချီသည် သူ၏လက်ထဲရှိ ထမင်းစားကတ်ကို ပွတ်သပ်ရင်း ယခုနကမှ သူနုတ်ယူလိုက်သော ဂဏန်းတန်ဖိုးကို ကြည့်နေဆဲဖြစ်ပြီး ထို့နောက် သူသည် လေးလေးနက်နက် ပြောလိုက်၏– "ငါ နောက်ထပ် စကားတစ်ခွန်း ထပ်ထည့်‌ပြောရမယ်။ ပထမထပ်က ကန်တင်းကလည်း အဆမတန် ဈေးကြီးတယ်။"

ကျန်းယန်သည် မရယ်မောဘဲမနေနိုင်ဖြစ်ကာ သူ့အပြုံးထဲတွင် မထီမဲ့မြင်ပြုမှု မရှိခဲ့ပေ။ "ဟုတ်တယ်၊ ဒီကျောင်းတစ်ခုလုံးအတွက် စကားလုံးတစ်လုံးပဲ ရှိတယ်၊ အရမ်းဆိုးတယ်ဆိုတာပဲ။"

ဤအထပ်ရှိ ကန်တင်းတွင် ကျန်းယန်ကဲ့သို့ YC များ မရှိ‌ချေ။ အားလုံးသည် အဖြူရောင်ရင်ထိုးများနှင့် အထူးကျောင်းသားများပင်။ ကျန့်ချီ သတိထားမိသည်မှာ အထူးကျောင်းသားတချို့သည် သူတို့၏ရင်ဘတ်ပေါ်တွင် ရင်ထိုးနှစ်ခု ဝတ်ထားကြပြီး အပေါ်တွင် အနီ သို့မဟုတ် အဝါရောင်ဖြစ်ပြီး၊ အောက်တွင် အဖြူရောင်ဖြစ်သည်။

ကျန်းယန်က သူ့အကြည့်ကို သတိထားမိပြီး လိုက်ကြည့်ကာ နှာခေါင်းမှ မထီမဲ့မြင် ပြုံးလိုက်သည်။

"ရင်ထိုးနှစ်ခု ဝတ်ထားတဲ့သူတွေနားကို ဘယ်တော့မှ မသွားနဲ့" သူ‌ပြောလိုက်၏။ "သူတို့က ကောင်းတဲ့လူတွေ မဟုတ်ဘူး၊ မင်းကို အရိုးစွဲအောင် လှည့်စားလိမ့်မယ်။"

"မင်းဘာကို ဆိုလိုတာလဲ?" ကျန့်ချီမေးလိုက်သည်။

"သူတို့ကိုယ်သူတို့ အဲဒီဆိုးသွမ်းတဲ့ အထက်တန်းလွှာတွေဆီမှာ ရောင်းစားကြတာလေ"

ကျန်းယန်၏ ရှင်းပြချက်သည် တိုတိုရှင်းရှင်းနှင့် ထိမိပြီး စကားတစ်ခွန်း ပိုပြောခြင်းက သူ၏ပါးစပ်ကို ညစ်ညမ်းစေမည့်ပုံနှယ်။

ကျန့်ချီသည် ရုတ်တရက် နားလည်သွားပြီး သူ၏စိတ်နှလုံးထဲမှ မတည်ငြိမ်မှုကို မဖုံးကွယ်နိုင်ပေ။ ဤနေရာသို့ မလာမီကတည်းက ယောက်ျားလေးကျောင်းရှိ ရှုပ်ထွေးသော ဆက်ဆံရေးများကို သူအကြမ်းဖျင်း နားလည်ထားသော်လည်း၊ ဤအခြေအနေသည်ကတော့ သူ၏နားလည်မှုနယ်ပယ်ထဲတွင် မရှိခဲ့‌ချေ။ "ဒါကို ကျောင်းက ခွင့်ပြုထားတာလား?"

"ဒါက ကျောင်းစည်းကမ်းတွေထဲမှာ မပါဝင်သလို၊ ကျောင်းရဲ့ ထိန်းချုပ်မှုနယ်ပယ်ထဲမှာလည်း မရှိဘူး‌လေ။ အပေါ်ယံမှာကောင်းအောင် မင်းလုပ်နိုင်နေသရွေ့ ကိုယ်ပိုင်ဘဝမှာ ဘယ်လိုနေနေ ဘယ်သူမှ ဂရုမစိုက်ဘူး"  ကျန်းယန်သည် ကြော်ထားသော ဝက်သားအပိုင်းအစအနည်းငယ်ကို ပါးစပ်အပြည့် ပါးစပ်ထဲသို့ ထိုးသွပ်ရင်း မပီမသပြော၏။ "ဒါက ဥပဒေရဲ့မီးခိုးရောင်နယ်ပယ်ဖြစ်တဲ့ မရေးထားတဲ့ စည်းကမ်းလိုပဲ။"

ကျန့်ချီသည် သူ၏ထမင်းကို ဖြည်းဖြည်းချင်း ဝါးစားနေသည်။စိန့်စတန်၏ ပုံမှန်မဟုတ်သော စည်းကမ်းများသည် သူ၏စိတ်ထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားပြီး၊ ပုံမှန်မဟုတ်သော ကျောင်းပတ်ဝန်းကျင်လောကကို ဖော်ပြနေ၏။ နောက်ဆုံးတွင် သူသည် ဤဈေးကြီးသော အစားအစာကို အရသာခံစားရန်ပင် မေ့သွားခဲ့သည်။

ရုတ်တရက် အပြင်ဘက်တွင် ဆူညံသံတစ်ခု ထွက်ပေါ်လာ၏။ သူ ခေါင်းမော့ကြည့်လိုက်ရာ ဤလှုပ်ရှားမှုမှာ ကျန်းယန်၏အာရုံကိုလည်း ဆွဲဆောင်သွားခဲ့သည်။

"အပြင်မှာ ဘာဖြစ်တာလဲ"  ကျန်းယန်သည် ရေရွတ်လိုက်၏။ သူ၏မျက်လုံးများမှာ အမှတ်တစ်ခုတွင် ရုတ်တရက်ရပ်သွားပြီး ပါးစပ်သည် 'O' ပုံသဏ္ဍာန်အဖြစ် ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ "သေစမ်း၊ အဲဒီ အထူးကျောင်းသားက သေချင်နေတာလား?"

ကျန့်ချီသည် ကျန်းယန်၏မျက်လုံးများ ရပ်နေသည့်နေရာကို ကြည့်လိုက်ပြီး စားသောက်ဆိုင်အပြင်ဘက်ရှိ အုပ်အော်သောင်းတင်း လူအုပ်ကြီးကြားထဲမှ ရင်းနှီးသည့်မျက်နှာတစ်ခု ပေါ်လာခဲ့သည်။

ကျောင်းစတက်ကတည်းက ဤသည်မှာ သူ ပိုင်ရှီယွီကို ဒုတိယအကြိမ် မြင်ဖူးခြင်းပင်—သူ၏လက်ကို မြှောက်ထားပြီး သူ၏မျက်နှာပေါ်တွင် မပျောက်သေးသည့်ထိတ်လန့်မှုများ ရှိ‌နေခဲ့၏။ သူ့ရှေ့မှ ကောင်လေးသည် ရဲရဲနီသောဆံနွယ်များနှင့်အတူ ခေါင်းတစ်လုံး ပိုရှည်‌နေသည်။ သူတို့သည် အကွာအဝေးတစ်ခုစာ ခြားနားနေသော်ငြား ကျန့်ချီသည် ထိုလူ၏ ခန့်ညားပြီး သောင်းကျန်းထကြွသောမျက်နှာအင်္ဂါရပ်များကို မြင်နိုင်၏။ သူ့မျက်နှာ တစ်ခြမ်းတွင် လက်ဝါးရာကြီးတစ်ခု ရှိနေခဲ့လျက်။

"သူ ရှောက်ဟန့်ကို ရိုက်ရဲတယ်၊ သူတော့သွားပြီ"  ကျန်းယန် အော်ဟစ်လိုက်၏။

ကျန့်ချီသည် ကျန်းယန်၏ ပါးစပ်ကနေ ဤနာမည်အား ထပ်မံကြားခဲ့ရပြန်၏။ ရှောက်ဟန့်ဟုအမည်ရှိသောကောင်လေးသည် သူ့ရင်ဘတ်ပေါ်တွင် စိန်နက်များ၊ ပုလဲနက်များဖြင့်  ပြုလုပ်ထားသော ရင်ထိုးကို ဝတ်ဆင်ထားသည်။ တိတ်ဆိတ်သည့် အလင်းရောင်သည် နေရောင်ခြည်ကို ဖြတ်သန်း၍ သူ၏မာနကြီးသည့် ရင်ထိုးနှင့်အတူ အစွန်းနှစ်ခုကို ဖြစ်ပေါ်စေ၏။

Chapter 3 ended

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment