no
Chapter 9
ထန်းပိုင် တအားစိတ်ရှုပ်နေပြီ...
သူ့ခွင့်လိမ်လည်မှုက ချက်ချင်း ဖော်ထုတ်ခံရမည်ဟု သူမျှော်လင့်မထားခဲ့ပေ။ အသုံးချခံရသူများဖြစ်သည့် ကုထူနန် နှင့် ခွင့်ပေးသည့် ဆရာ ဒါရိုက်တာဟွမ် နှစ်ဦးစလုံးက ထန်းပိုင်၏ ခွင့်တောင်းခံမှုစာရွက်မှာ လှည့်စားနေသည်ကို သိရှိသွားကြသည်။
ရှဲ့ရူဟန်၏ မျက်ခုံးများက အနည်းငယ်တွန့်သွားပြီး သူ၏ ဖီးနစ်မျက်လုံးများက မတူညီသော မျက်နှာအမူအရာများဖြင့် ရှိနေသည့် ယောက်ျားသုံးဦးကို လှမ်းကြည့်လိုက်သည်။
ရှဲ့ရူဟန်၏ စိတ်ကူးအရ ကုထူနန်က ထန်းပိုင်ကို ချစ်ခွင့်ပန်ထားသူဖြစ်နိုင်ပြီး သူ့ကို သဝန်တိုသည့်အတွက်အနှောင့်အယှက်ပေးဖို့ ကျောင်းတံခါးဝကို ရောက်လာတာဖြစ်လိမ့်မည်။
ဤအတွေးဖြင့် ရှဲ့ရူဟန်၏ မျက်လုံးများက ထန်းပိုင်ဘက်သို့ နူးညံ့စွာ ကြည့်လိုက်သည်။
အရှက်မရှိ ပြောရလျှင် ဤကဲ့သို့သော အကြည့်မျိုးကို အယ်လ်ဖာ၏ ကာကွယ်ပေးလိုစိတ်ဟု ခေါ်နိုင်သည်။
သူက ထန်းပိုင်အတွက် အရာအားလုံးကို ဖြေရှင်းပေးမည်ဟု ပြောနေသည့်အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ၏ ဖီးနစ်မျက်လုံးများက ကုထူနန် ဘက်သို့ လှည့်သွားကာ ရန်လိုသည့်အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်လေသည်။
ကုထူနန်ကလည်း မတုန်မလှုပ်နှင့်ပြန်ကြည့်လာကာ သူ၏ မီးခိုးပြာရောင်မျက်လုံးများက ရေခဲအောက်မှ မီးလျှံများကဲ့သို့ တောက်နေသည်။
ထန်းပိုင်: "???”
ဘာလို့ ထူးထူးဆန်းဆန်း ကြည့်နေကြတာလဲ... ဘာလို့ အကြည့်ချင်း ဆုံနေကြတာလဲ.... ဘာအတွက် တိုက်ခိုက်နေကြတာလဲ
ကုထူနန်နှင့် ရှဲ့ရူဟန်တို့ အသံတိတ် အကြည့်ချင်းဆုံနေသည်ကို မြင်ရသည့်အခါ ထန်းပိုင်က ဇာတ်လိုက်နှင့် သူ၏အဖော်ကြားရှိ လေထုပြင်းအားကိုခံစားလိုက်ရသည်။ ကမ္ဘာကြီးက သူ့လို အမြောက်စာ ဇာတ်ကောင်တစ်ယောက်အတွက်တော့ နားလည်ရခက်လွန်းသည်ဟု ခံစားနေရသည်။
"ထွက်သွား..”
ကုထူနန် က ထန်းပိုင်ရှေ့မှာ ပိတ်နေသည့် ရှဲ့ရူဟန် ကို ကြိမ်းမောင်းလိုက်သည်။
ရှဲ့ရူဟန်က လမ်းမဖယ်ပေးသည့်အပြင် သူ၏ ဖိအားကိုပါ ထုတ်လွှတ်လိုက်သည်။ ထိပ်တန်း အယ်လ်ဖာ နှစ်ဦး၏ ဖိအားများသည် ရုတ်တရက် ထိပ်တိုက်တွေ့သွားကြသည်။ ထန်းပိုင်ရှိနေတဲ့နေရာကို ရှောင်ပြီး ဖြစ်သွားသော်လည်း ကံမကောင်းစွာပဲ ဒါရိုက်တာဟွမ်ကတော့ ဒူးထောက်လုနီးပါး ဖြစ်သွားသည်။
ထန်းပိုင်: "???!!!???”
“ဘာလို့ တိုက်ခိုက်နေကြတာလဲ...”
ကုထူနန်၏ နဖူးတွင် ဒဏ်ရာရနေပြီး သူ၏ အသံတွင် ဒေါသတို့ဖြင့်ပြည့်နေသည်။
"မင်းက ငါ့သတို့သားလောင်းနဲ့ ဘာတွေလုပ်နေခဲ့တာလဲ..."
"သတို့သားလောင်း"ဟူသည့် စကားလုံးများ ထွက်လာသည်နှင့် ရှဲ့ရူဟန်၏ ဖိအားမှာ သုံးကြိမ်တိတိ တုန်လှုပ်သွားတော့သည်။
သတို့သားလောင်း?
သူ့အိပ်မက်ထဲက ချစ်ရသူ အိုမီဂါက ကုထူနန်ရဲ့ သတို့သားလောင်းတဲ့လား...
ရှဲ့ရူဟန်၏ ဖိအားများ မတည်မငြိမ်ဖြစ်နေသည်ကို အခွင့်အရေးယူကာ ဒါရိုက်တာဟောင်က ထန်းပိုင်ကို မှီရင်းအားပြုကာ တုန်တုန်ယင်ယင်ဖြင့်ပင် ရန်ဖြစ်မှုကို ဖြန်ဖြေရန် ကြိုးစားလိုက်သည်။
"ကျောင်းသားတွေ...အရာရာကို စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့-"
သူစကားမပြီးခင်မှာဘဲ ရှဲ့ရူဟန်၏ မျက်နှာကို မြင်လိုက်ရပြီး သူ့ အသံတိတ်သွားရသည်။
သူ့ရဲ့ နက်မှောင်တဲ့ ဖီးနစ်မျက်လုံးများက ဖြူဖတ်ဖြူရော်ဖြစ်နေသည့် အသားအရေနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ထိုမျက်လုံးများက စိတ်ရှုပ်ထွေးမှုကို ဖော်ပြနေသည်။ သူသည် ရေနစ်နေသူက နောက်ဆုံးကောက်ရိုးတစ်မျှင်ကို ဆွဲဆုပ်ထားသကဲ့သို့ ထန်းပိုင်ကို စူးစိုက်ကာကြည့်နေသည်။
သန့်ရှင်းပြီး ကြောက်တတ်တဲ့ရိုးရိုးရှင်းရှင်း အိုမီဂါလေးက သတို့သားလောင်းရှိနေပြီးသားအခြေအနေမှာ တခြား အယ်လ်ဖာကို ဘယ်လိုများရွေးချယ်နိုင်မှာလဲ...
ရှဲ့ရူဟန်က သူ၏ နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားပြီး ထန်းပိုင်ကို အေးဆေးစွာ မေးလိုက်သည်။
"သူက မင်းရဲ့ သတို့သားလောင်းလား..."
ထန်းပိုင်က မျက်လုံးပြူးသွားကာ မတွန့်ဆုတ်ဘဲ ဖြေလိုက်သည်။
"ဟုတ်တယ်”
ရှဲ့ရူဟန်: "......"
နောက်ဆုံး ကောက်ရိုးတစ်မျှင်လည်း ပျောက်သွားပြီ။ ရှဲ့ရူဟန်၏ ချစ်ခြင်းမေတ္တာမီးပွားလေးသည် စိတ်ပျက်စရာကောင်းစွာပဲ လုံးဝနစ်မြုပ်သွားလေသည်။
ချစ်ခြင်းမေတ္တာက လျင်မြန်စွာ ဖြစ်ပေါ်လာခြင်းဖြစ်သည့်အတွက် ရှဲ့ရူဟန်က ထန်းပိုင်ကို ဘယ်မျက်နှာထားမျိုးဖြင့် ကြည့်ရမည်ကို မသိတော့ပေ။ သူ၏ နက်မှောင်နေသည့် ဖီးနစ်မျက်လုံးများသည် ရေသေကန်တစ်ခုကဲ့သို့ ဖြစ်နေပြီး ထန်းပိုင်ကိုသာ ထုံထိုင်းစွာ စိုက်ကြည့်နေမိ၏။
ထန်းပိုင်ကို သတို့သားလောင်း ရှိနေပြီးသားအချိန်မှာ ဘာလို့များ သူ့ကိုလိုက်ချင်နေရသလဲလို့ မေးဖို့ အခုကအချိန်ကောင်းဖြစ်ကြောင်း ရှဲ့ရူဟန်၏ အတွင်းစိတ်က ပြောနေသည်။
မျှော်လင့်ချက်တွေ !မျှော်လင့်ချက်တွေ! မျှော်လင့်ချက်တွေ! သူ့နှလုံးသားကို မျှော်လင့်ချက်တွေ ပေးထားခဲ့တာ!
သူတို့ မျက်နှာဆိုင်းဆိုင်လိုက်ချိန်မှာတော့ ရှဲ့ရူဟန်က ထန်းပိုင်ရဲ့ မျက်လုံးကြည်ကြည်လေးတွေကိုမြင်လိုက်ရပြီးနောက် သူသာ ထန်းပိုင်ကို တစ်ခုခု ပြင်းပြင်းထန်ထန် ပြောလိုက်ရင် ထိုလှပတဲ့ မျက်လုံးအိမ်မှ မျက်ရည်များ ကျလာမည်ကိုတွေးမိသွားသည်။
ထိုပုံရိပ်က သူ့စိတ်ကို နာကျင်စေသည်။
သူ၏ ဒေါသအများစုက မျက်ရည်များကို စိတ်ကူးမိလိုက်ရံုနဲ့ ပျောက်ကွယ်သွားရ၏။ ရှဲ့ရူဟန်က ထန်းပိုင်၏ ကောင်းကင်တမန်ကဲ့သို့ သန့်ရှင်းပြီး ရိုးသားစင်ကြယ်သည့် မျက်နှာလေးကို ကြည့်ရင်း သူက ထိုမျက်နှာလေးကို ဒေါသထွက်ဖို့ မဖြစ်နိုင်ဘူးဟုတွေးပြီး စိတ်ပျက်လက်ပျက်ဖြစ်နေမိသည်။
ထိုမျက်နှာက သူ၏ အိပ်မက်ထဲက ချစ်ရတဲ့Oလေး၏ မျက်နှာနှင့် တစ်ထပ်တည်းဖြစ်နေသည်။
သူ့ရဲ့ချစ်ဖို့ကောင်းတာလေးတွေပါ ပေါင်းထည့်လိုက်တော့ စိတ်ဆိုးလို့ကိုမရတော့ဘူး...
ရှဲ့ရူဟန်၏ ပတ်လည်ရှိ ဖိနှိပ်အားသည် ပျက်ပြယ်သွားရပြီး လွှမ်းမိုးနိုင်စွမ်းပြင်းသည့် ဖိအားများမှ နက်ရှိုင်းသည့် ဝမ်းနည်းမှုအဖြစ် ပြောင်းလဲသွားရသည်။
ထိုခန့်ညားလှသည့် မျက်နှာတွင် တောက်ပမှု စိုးစဉ်းမျှမရှိတော့ပေ။ သူက အမူအရာ ကင်းမဲ့နေပြီး သူ၏ အရိုးများထဲမှာပင် အေးစက်နေသလိုပင်။
ထန်းပိုင်က ရှဲ့ရူဟန်၏ ရုတ်တရက် အိပ်မက်များ ပျောက်ကွယ်သွားဟန် ပုံစံကို ရှုပ်ထွေးစွာ ကြည့်ရှုနေပြီး ရှဲ့ရူဟန်၏ စိတ်ဓာတ်များ ရုတ်တရက် ကျဆင်းသွားရသည့်အကြောင်းကို စဉ်းစားနေမိသည်။
ဖြစ်နိုင်တာက ရှဲ့ရူဟန်က ကုထူနန်ကို ချစ်နေပြီလား... ဒါကြောင့် သူက ကုထူနန် ရဲ့ သတို့သားလောင်းဖြစ်လာမယ့်သူဆိုတာ သိလိုက်ရတဲ့အခါ စိတ်ထိခိုက်သွားတာလား...
ထန်းပိုင်က အသိဉာဏ်ရှိရှိနဲ့ ခွဲခြမ်းစိတ်ဖြာလိုက်သည်။
ရှဲ့ရူဟန်က ကုထူနန်ကို သူတို့ပထမဆုံးတွေ့ဆုံချိန်မှာပဲ စိတ်ဝင်စားခဲ့သည်။ ကုထူနန်က ရှဲ့ရူဟန်နှင့် တန်းတူယှဉ်ပြိုင်နိုင်သည့် ပထမဆုံးအယ်လ်ဖာ ဖြစ်သောကြောင့် သူက ကုထူနန်ကို စိတ်ထဲတွင် အသိအမှတ်ပြုခဲ့ပြီး ဤအစွမ်းထက်သော အယ်လ်ဖာအပေါ် အမြင်ကောင်းများ ရှိခဲ့သည်။
သို့သော် စာအုပ်ထဲတွင် ဇာတ်လိုက်နှင့် ပြိုင်ဘက်၏ ပြိုင်ဆိုင်မှုသည် လေ့ကျင့်ရေးချိန်တစ်ခုအတွင်း မက်ချာပြိုင်ပွဲတွင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
ဆိုလိုတာက......
စိတ်လှုပ်ရှားနေမှုနှင့်အတူ ဆံပင်သေးသေးလေးများက ထောင်မတ်လာသည်။ ထန်းပိုင် သဘောပေါက်လိုက်ပြီ...
ဒါက သူ့အမှားပဲ! သူ့ဖိတ်ခေါ်မှုကြောင့် ဇာတ်လိုက်နှင့် ပြိုင်ဘက်တို့၏ ပြိုင်ဆိုင်မှုက ရှေ့တိုးသွားရခြင်းဖြစ်သည်။ ခုနက ရှဲ့ရူဟန်နှင့် ကုထူနန်တို့၏ မျက်လုံးချင်းဆုံမှုနှင့် ဖိအားပြိုင်ပွဲမှတစ်ဆင့် ကုထူနန်က ထူးချွန်သည့် အယ်လ်ဖာတစ်ဦးဖြစ်ကြောင်း ရှဲ့ရူဟန်ကို သိသွားစေခဲ့သည်။ ထို့ကြောင့် ရှဲ့ရူဟန်က ကုထူနန်ကို ချစ်မိသွားပြီး သတို့သားလောင်း ရှိနေပြီးသားဆိုသည့် အချက်ကို သိလိုက်ရသည့်အခါ သူ့စိတ်ထဲတွင် ထိခိုက်သွားခြင်းဖြစ်နိုင်သည်။
ဆိုတော့ ဒါက အကြောင်းအရင်းပဲ...
ထန်းပိုင်က ရှဲ့ရူဟန်၏ ချစ်ခြင်းမေတ္တာကြောင့် ထိခိုက်နာကျင်နေရသည့် ပုံရိပ်ကို ကြည့်နေမိသည်။ သူ၏ မျက်နှာတွင်လည်း နာကျင်မှုအပြည့်ဖြင့် ဒီလိုကောင်းမွန်တဲ့ အိုမီဂါက ကုထူနန်လိုလူကို ဘာကြောင့် ချစ်မိသွားရတာလဲ ဟူသည့် အပြစ်ရှိသည့်အကြည့်များပြည့်နှက်နေ၏။
ထန်းပိုင်သည် ရှဲ့ရူဟန်က ကုထူနန်ကို ဘာလို့ ကြိုက်တာလဲဆိုတာ စဉ်းစားမရ။ ကုထူနန်က သန်မာတယ်ဆိုရင်တောင် သူသန်မာတာက မပြောပဘူး... ရှဲ့ရူဟန်ကိုယ်တိုင်ကလည်း ဘယ်လောက်တောင်သန်မာလိုက်သလဲ!
မင လူတွေအကြောင်းနားမလည်ဘူးလား? မင်းကိုယ်မင်း အရူးလုပ်နေတာလား?သူ့ရဲ့ အယ်လ်ဖာကောင်းဆိုတဲ့ ပုံပန်းသွင်ပြင်ကြောင့်လား? မင်း ဘာလို့ကြိုက်ရတာလဲ!
ဒါက သိဖို့ သိပ်ခက်ခဲလွန်းတယ်...
ထန်းပိုင်က ရှဲ့ရူဟန်၏ ကုထူနန်ကို မြန်မြန် စိတ်ဝင်စားသွားခြင်းက ဇာတ်လမ်း၏ မဖြစ်မနေဖြစ်ရမည့် တွန်းအားကြောင့်လား ဆိုတာကို စဉ်းစားနေမိသည်။
ဒါဆို ဇာတ်လမ်းကို ပြောင်းလဲလို့ မရဘူးလား...ရှဲ့ရူဟန်က ကုထူနန်ကို ချစ်ရမှာဖြစ်ပြီးအသက် ၃၇ နှစ် ညအချိန်၌ သေဆုံးရမှာတဲ့လား...
ထန်းပိုင်က ဤအဆုံးသတ်ကို စဉ်းစားမိသည့်အခါ သူ၏ လက်သီးများကို ဆုပ်လိုက်မိသည်။
မဟုတ်ဘူး! သူ လုံးဝ ခွင့်မပြုနိုင်ဘူး!
သူ့အိုမီဂါက အခြားသူတွေထက် နှစ်ပေါင်း ၃၀၀ လောက်ပို၍ ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရမယ်! ဇာတ်လမ်းကို ပြောင်းလဲလို့ မရဘူးလို့ ဘယ်သူကပြောတာလဲ ဒီနေရာမှာပဲ ခံစားချက်လိုင်းကို ပြောင်းလဲပစ်မယ်!
ထန်းပိုင်က ကုထူနန်ဘက်သို့ မာန်ပါပါလမ်းလျှောက်သွားပြီး
"ဘာလို့ ဒီလောက်အကျယ်ကြီး အော်နေတာလဲ? ငါတို့က အတူတူအပြင်ထွက်လည်တဲ့ သူငယ်ချင်းကောင်းတွေပါပဲ"
ဒါရိုက်တာဟွမ်က ထန်းပိုင်၏ သူငယ်ချင်းဆိုတဲ့ စကားကို ကြားရသည့်အခါ အလွန်အံ့အားသင့်သွားသည်။ ဒါက မီးကို လောင်စာထပ်ထည့်လိုက်သလိုပဲမလား ...
သေချာပါတယ် ကုထူနန်ရဲ့ အံကြိတ်သံကို သူကြားလိုက်ရသည်လေ။ ကုထုနန်က ပြောလိုက်သည်။
"မင်း ခွင့်စာရွက်ပေါ်မှာ ရေးထားတာက ငါနဲ့ချိန်းတွေ့ဖို့လေ”
ရှဲ့ရူဟန်: "......?"
ရှဲ့ရူဟန်က ဒီစကားလုံးတွေကို သူကြားလိုက်ရတဲ့အခါ ဝိဉာဉ်လွင့်နေတဲ့သူလို မျက်လုံးများကိုပင့်ကြည့်လိုက်မိပြီး လက်ထပ်ဖို့အလားလားအလာရှိတဲ့ သတို့သားလောင်းများကို အေးစက်စွာ ကြည့်လိုက်မိသည်။ သူ့ပတ်ဝန်းကျင်က ဝမ်းနည်းပူဆွေးမှုတွေကတော့ အလွန်ကိုမှပြင်းထန်လွန်းနေ သည်။
ဒါဆို လူတိုင်းရဲ့ မျက်လုံးထဲမှာ ဒီချိန်းတွေ့မှုရဲ့ ဇာတ်လိုက်တွေက ကုထူနန်နဲ့ ထန်းပိုင်တို့ ဖြစ်နေတာပဲ...
သုံးယောက်လုံး ချိန်းတွေ့တာဖြစ်ပေမယ့် သူနာမည်ကတော့ ပါမနေဘူး.....
ရှဲ့ရူဟန်က ရုပ်တုတစ်ခုလို မျက်နှာအမူအရာ ကင်းမဲ့နေသည့်အချိန်တွင် ထန်းပိုင်၏ စကားလုံးများကို ထပ်ကြားလိုက်ရသည်။
"ဘယ်သူက ချိန်းတွေ့တာကို ခွင့်စာရွက်ပေါ်မှာ ရေးရမယ်လို့ ပြောလဲ?"
ရှဲ့ရူဟန်: "......?"
ရှဲ့ရူဟန်က စက်ချွတ်ယွင်းသွားတဲ့ စက်ရုပ်လိုမျိုး ငေးကြည့်နေမိပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ အနည်းငယ်သာ အေးဆေးတည်ငြိမ်နေခဲ့သော မျက်နှာအမူအရာသည် အက်ကွဲသွားခဲ့သည်။ သူက ပေါ်တင်ကြီး လှေနံနှစ်ဖက်နင်းနေတဲ့ ထန်းပိုင်ကို ကြည့်ရင်း စကားလုံးတစ်ခုက သူ့ခေါင်းထဲမှာပေါ်လာသည်။
လက်ဖက်စိမ်း...
လက်ဖက်စိမ်းဆိုသည်မှာ အပြင်ပန်းမှာ ဖြူစင်ရိုးသားပုံရှိပြီး သနားစရာကောင်းသူ၊ လူအများရှေ့တွင် အန္တရာယ်မရှိသည့်ပုံစံ ဟန်ဆောင်ထားသော်လည်း နောက်ကွယ်တွင် စိတ်ကူးယဉ်ပြီး သူတစ်ပါး၏ ခံစားချက်များကို ကစားနေသူများကို ရည်ညွှန်းသည်။
ရှဲ့ရူဟန်က လက်ဖက်စိမ်းအကြောင်းကို ဤမျှနက်နက်နဲနဲ သိနေရခြင်းမှာ သူ၏ ဖယ်ရိုမုန်းသည် လက်ဖက်စိမ်းအနံ့ ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ယခုအခါတွင်တော့ ထန်းပိုင်ထံမှ လက်ဖက်စိမ်းအနံ့ကို ရလိုက်သည်......
ထန်းပိုင် သူ့ကို ဒီနေ့ပေးခဲ့သည့် matcha အရသာ macarons နှင့် green tea ဘူးက ဒီဟာကို အရိပ်အမြွက်ပြတာများလား...
ထန်းပိုင်နှင့် လက်ဖက်စိမ်းတို့ကြား တူညီသည့်အချက်များ:
အပြင်ပန်းက ဖြူစင်ပြီး ဖော်ရွေသည့် ပုံစံရှိသည်။
စိတ်နေစိတ်ထားက သနားစရာကောင်းသည်။
လူအများရှေ့တွင် အန္တရာယ်မရှိသည့်ပုံ ဟန်ဆောင်ထားသည်။
နောက်ကွယ်တွင် ခံစားချက်များကို ကစားသည်။
အင်း ဒါတွေအားလုံး ကိုက်ညီနေပြီ......
ရှဲ့ရူဟန်: ".................”
ရှဲ့ရူဟန် က သူ၏ အိပ်မက်ထဲက O တွင် သတို့သားလောင်းရှိပြီးသားဆိုသည့်အချက်ထက် ပိုဆိုးသည့်အရာကို သိသွားသည်။ ထိုအရာမှာ သူ၏ အိပ်မက်ထဲက O သည် လက်ဖက်စိမ်းဖြစ်နေသည့် အချက်ဖြစ်သည်။ သတို့သားလောင်းရှိမနေရင်တောင်မှ ထိုသူက သူ့ကို ဦးထုပ်စိမ်းဆောင်းဖို့ တခြားအခွင့်အရေးတွေ ထပ်ရှာနိုင်သူတစ်ယောက်ပင်။
ဟားဟားဟားဟား......
ကုထူနန်ကို ပုံမှန်အတိုင်း နှုတ်ဆိတ်စေပြီးနောက် ထန်းပိုင်က ရှဲ့ရူဟန်ကို လှည့်ကြည့်လိုက်သောအခါ သူသည်လည်း နှုတ်ဆိတ်နေခဲ့သည်။
ရှဲ့ရူဟန်က လျှပ်စစ်ဓာတ်လိုက်ခံလိုက်ရသလို ဖြစ်နေပြီး ဝိဉာဉ်လွင့်နေသလို ဖြစ်နေသော်လည်း လှပဆဲပင် ဖြစ်သည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများသည် ဝိညာဉ်မဲ့သွားသည့်တိုင် အခြားသူများ၏ ဝိညာဉ်ကို စုပ်ယူနိုင်လောက်အောင် ဆွဲဆောင်မှုရှိနေသည်။
ထန်းပိုင်က သတိထားပြီး အနားကပ်သွားကာ နူးညံ့သောအသံဖြင့် မေးလိုက်သည်၊
"ဘာဖြစ်နေတာလဲ.. စိတ်မကောင်းဖြစ်နေတာလား...”
မင်းသာဒါကိုမမေးရင် ပိုပြီး အဆင်ပြေလိမ့်မယ်... မင်းမေးလိုက်တာကမှ သူ့ကိုပေါက်ကွဲစေမှာ...
ရှဲ့ရူဟန်က သိလျက်နှင့် မေးနေသော လက်ဖက်စိမ်းလေးကို အမူအရာမဲ့စွာ ငေးကြည့်နေမိ၏။ ထန်းပိုင်က ထိုစကားလုံးများကိုပြောနေချိန်မှာ မျက်လုံးများကို အနည်းငယ်ပြူးကျယ်ထားပြီး သူ၏ မျက်နှာအမူအရာမှာ မျက်နှာချိုသွေးနေသလိုပင်...
ရှဲ့ရူဟန်၏ ပါးလွှာသော နှုတ်ခမ်းများက တုန်ခါနေပြီး တစ်ခုခုပြောချင်နေပုံရသည်။ သို့သော် ထန်းပိုင်၏ ကြီးမားပြီး ကြည်တောက်နေသော မျက်လုံးများနှင့် တွေ့သောအခါ သူ၏ဒေါသသည် လေထဲမှာပဲ ဆိုးရွားစွာ ပိတ်မိနေခဲ့သည်။
ပိတ်မိနေတယ်..
ပိတ်မိနေတုန်းပဲ...
ဆက်တိုက်...
ရှဲ့ရူဟန်: "......"
ထန်းပိုင်က ရှဲ့ရူဟန်၏ မူမမှန်သော မျက်လုံးများကို ကြည့်ရင်း သူသည် သူ ဘာစားမလဲဆိုတာကို ဆာလောင်စွာ စဉ်းစားနေတဲ့ ကြီးမားသော ခြင်္သေ့တစ်ကောင်ကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
မဟုတ်ဘူး၊ မဟုတ်ဘူး၊ မြင့်မြတ်တဲ့ စရိုက်လက္ခဏာရှိပြီး အားနည်းသူကို ဂရုစိုက်တဲ့ ငါတို့ရဲ့ အိုမီဂါအလင်းရောင်လေးက ခွေးလိုအယ်လ်ဖာကြောင့် ငါ့ကို သတ်မှာတဲ့လား?!မဖြစ်နိုင်ဘူး!
အခု ရှဲ့ရူဟန်က သူ့ကို အောင်သွယ်တော်တစ်ယောက်အဖြစ် ဆက်ဆံရမလား၊ ဒါမှမဟုတ် သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ဆက်ဆံရမလား ဆိုပြီး စဉ်းစားရင်း ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတစ်ခုကို ဖြတ်သန်းနေရတာထင်တယ်! ဒါကြောင့် သူက ကုထူနန်နှင့် သူ၏ ဆက်ဆံရေးကို ရှင်းပြရန် လိုအပ်သည်!
ထန်းပိုင်က သူ၏ မျက်နှာကို မော့လိုက်ကာ သနားစရာကောင်းသော အသံဖြင့် ပြောလိုက်သည်။
“ကျွန်တော်တို့ ဆက်ဆံရေးက ခင်ဗျားထင်နေသလိုမျိုး မဟုတ်ဘူး..အထင်မမှား
ပါနဲ..."
ရှဲ့ရူဟန်: "..............."
ဒါရိုက်တာဟွမ်က သူ့မျက်နှာဆီမှ အကြည့်မလွှဲနိုင်တော့ဘဲ သူ၏ အပြစ်များအတွက် စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။ ဒါက ဘယ်လို စံပြ လက်ဖက်စိမ်း စကားတွေလဲ!
There is No Eng Version