no


Chapter 8


ထန်းပိုင်က သူ့ကို ရှဲ့ရူဟန်က စိုက်ကြည့်နေတာကို သတိပြုမိသွားတာမို့ တုန်လှုပ်သွားကာ ဦးခေါင်းပေါ်ရှိ အရောင်ဖျော့ဖျော့ ဆံပင်အစုလေးသည်လည်း သူနှင့်အတူ တုန်လှုပ်နေသည်။

“အစ်ကိုရှဲ့?”


ရှဲ့ရူဟန်က ပြန်လှည့်ကြည့်ကာ ပြောလာ၏။

“အချိန်နောက်ကျနေပြီ..မမှောင်ခင် တစ်နေရာတော့ ကိုယ်လိုက်ပြပေးနိုင်သေးတယ်.. ဘယ်ကိုသွားချင်လဲ?”


အနီရောင်ဧရိယာ၊ မြေအောက်တိုက်ခိုက်ရေးကွင်း၊ မှောင်ခိုဈေးကွက်...

ဒီသုံးခုထဲကနေ ရွေးချယ်ဖို့ ထန်းပိုင်က စဉ်းစားနေမိသည်။ “ကျွန်တော် မှောင်ခိုဈေးကွက်ကို သွားချင်တယ်”


စာအုပ်ထဲတွင် မှောင်ခိုဈေးကွက်ကုန်သည် လူအိုကြီးချင်းကို ဖော်ပြထားသည်။ ထိုသူ့ထံမှ ရှဲ့ရူဟန်က အယ်လ်ဖာအဖြစ် အသွင်ယူနိုင်သော ဆေးဝါးကို ဝယ်ယူခဲ့သည်။


ထန်းပိုင်က ရှဲ့ရူဟန်ကို ဇာတ်လိုက်အဖြစ် သတ်မှတ်ထားပြီး ဖြစ်သော်လည်း စာအုပ်ထဲက အရေးကြီးဇာတ်ကောင်များနှင့် လက်တွေ့ဘဝကဇာတ်ကောင်များ တူညီမှုရှိမရှိ ထပ်မံစစ်ဆေးရန် လိုအပ်နေသေးသည်။


မှောင်ခိုဈေးကွက်သည် အနောက်ဘက်စွန်းစွန်းတွင် တည်ရှိပြီး အပြင်ဘက်မှ ကြည့်လျှင် အထပ်လေးထပ်ရှိကာ ဟောင်းနွမ်းနေသည့် လူနေအိမ်တစ်လုံးနှင့် တူသည်။ မြေညီထပ်တွင် ဆိုင်ငယ်လေးများ ငှားထားပြီး၊ အခြားအထပ်များတွင်တော့ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားသည်။ ပထမထပ်ရှိ လသာဆောင်မှာတော့ ကြိုးပေါ်တွင် ဘောင်းဘီကြီးများကို အခြောက်ခံထားသည်။


သို့သော် သာမန်နေအိမ်ဟု ထင်ရသည့် ယင်းအဆောက်အဦးသည် ဆင်းရဲသားရပ်ကွက်၏ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖလှယ်ရာနေရာ၊ လက်နက်မှောင်ခိုရောင်းဝယ်ရာနေရာနှင့် တားမြစ်ထားသော ပစ္စည်းများ ရောင်းဝယ်‌ဖောက်ကားရာနေရာဖြစ်သည်။ သာမန်လူများကိုပင် ပွင့်ပွင့်လင်းလင်း ရောင်းနေကြသည်။


ရှဲ့ရူဟန်က ကားထဲမှ အနက်ရောင်ကုတ်ကို ယူကာ ထန်းပိုင်ကို ဝတ်ဆင်ပေးလိုက်သည်။ ကျယ်ပြန့်သော ဦးထုပ်က သူ၏မျက်နှာအစိတ်အပိုင်းအများစုကို ဖုံးကွယ်ထားပြီး၊ သွယ်လျသော မေးရိုးသာ ပေါ်နေသည်။


တံခါးဖွင့်လိုက်သည်နှင့် ပြင်းထန်သော အနံ့ဆိုးများက ထန်းပိုင်ကို နှာခေါင်းတွန့်စေသည်။


ကားပတ်ပတ်လည်ရှိ မြေပြင်တွင် အမှိုက်များ ပြန့်ကျဲနေပြီး၊ ပိုးဟပ်များနှင့် ယင်ကောင်များ လျှောက်သွားနေသည်ကို ထန်းပိုင် တွေ့လိုက်ရသည်။ သူလန့်ဖျပ်သွားပြီး အော်သံမထွက်စေရန် ပါးစပ်နှင့် နှာခေါင်းကို လက်ဖြင့် အုပ်လိုက်ရသည်။


ပိုးဟပ်အသိုက်ပဲ! သူတို့ကအကြီးကြီး‌တွေ ! ပြီးတော့ ပျံလည်းပျံနိုင်တယ်!


သူ၏ မဆီလျော်သော အပြုအမူသည် ပတ်ဝန်းကျင်ရှိ လူများစွာ၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သို့သော် ထန်းပိုင်နှင့်အတူ ရှဲ့ရူဟန်ရပ်‌နေသည်ကို မြင်သောသူများက သူတို့၏ အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ကြသည်။


ရှဲ့ရူဟန်က ထန်းပိုင်ကို မြေညီထပ်ရှိ ဆိုင်ငယ်လေးဆီခေါ်သွားသည်။ ထိုဆိုင်ကို ခေတ်နောက်ကျလှတဲ့ မျက်မှန်ကိုတပ်ထားသည့် လူကြီးတစ်ဦးက ပိုင်ဆိုင်၏။ သူက ကြိမ်ကုလားထိုင်တွင် ထိုင်ရင်း ငိုက်မျဉ်းနေသည်။ 

“ဒါ ရှောင်ရှဲ့လား?” ဟု လူကြီးက မေးလာသည်။


ထန်းပိုင်က ရှဲ့ရူဟန်၏ နောက်တွင် နာခံစွာရပ်နေပြီး၊ ကြိမ်ကုလားထိုင်ပေါ်ရှိ လူကြီးနှင့် သူ့နောက်ရှိ ပစ္စည်းများဖြင့် ပြည့်နေသော စင်တန်းများကို လေ့လာနေသည်။ ကာဗွန်နိတ်အချိုရည်၊ နို့ထွက်ပစ္စည်းမှုန့်၊ စတစ်ကာများ၊ ပေါင်မုန့်၊ ဘီစကစ်များ ...... သာမန်ဆိုင်ငယ်လေးနှင့် တူသော်လည်း အထုပ်များထဲတွင် မူးယစ်ဆေးဝါးများ ပြည့်နေသည်။


ရှဲ့ရူဟန်က သယ်ဆောင်ရလွယ်ကူသော ငွေသားကဒ်ကို ထုတ်ယူကာ ပြောလိုက်သည်။

“အရင်လိုပဲ ...ဆယ်လုံး”


ဒါက အယ်လ်ဖာအဖြစ် အသွင်ယူနိုင်တဲ့ ဆေးဝါးကို ဝယ်နေတာများလား?!

သူက သတိထားလိုက်ပြီး ပျားရည်ရောင်မျက်လုံးများနဲ့ လူအိုကြီးချင်းကို စိုက်ကြည့်နေမိသည်။ထန်းပိုင်က ထိုအတွင်းတွင် အသွင်ယူဆေးနှင့် ထိန်းချုပ်ဆေးများ ပါဝင်နေသည်ဟု ထင်နေ၏။


လူအိုကြီး၏ လက်များက အရေပြားများတွဲကျနေကာ နေ‌ လောင်ဒဏ်ကြောင့် အစက်အပြောက်များဖြင့် ပြည့်နေသည်။ လူအိုကြီးချင်းသည် မှောင်ခိုဈေးကွက်၏ အလျှို့ဝှက်ဆုံး ဆေးဝါးပညာရှင်ဖြစ်ကြောင်း စာအုပ်တွင် ဖော်ပြထားခြင်းသာမရှိပါက၊ ထန်းပိုင်က ထိုသူ့ကို ဒီလူအိုကြီးနှင့် ဆက်စပ်မှုပြုနိုင်မည်မဟုတ်ပေ။


တခြား အသေးစိတ်အချက်တစ်ခုကလည်း မှန်ကန်နေပြန်သည် ......

၎င်းသည် ထူးဆန်းသော ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း ထန်းပိုင်က သူ့ကိုယ်သူ စာအုပ်ထဲတွင် အမှန်တကယ် နေထိုင်နေသည်ဟု ရှင်းရှင်းလင်းလင်း သ‌ဘောပေါက်လာသည်။


ရှဲ့ရူဟန်က အနာပျောက်ဆေးများနှင့် စိတ်ကြွဆေး(ပင်ပန်းနေတာတောင် တက်ကြွစေတဲ့ဆေးStimulant)များကို ဝယ်ယူပြီးနောက် ပြန်လှည့်ကြည့်သောအခါ ထန်းပိုင်က မျက်နှာတစ်ခုလုံး ကြည်လင်ပြတ်သားစွာဖြင့် သူ့ဘက်သို့ ကြည့်နေသည်ကို တွေ့မြင်ရသည်။ သူ၏နှုတ်ခမ်းများကို တင်းတင်းကျပ်ကျပ် စုထားပြီး တစ်ခုခုပြောဖို့ စဉ်းစားနေပုံရသော်လည်း နောက်ဆုံးတွင် ရပ်တန့်သွားသည်။


ရှဲ့ရူဟန်: "......?"


"ဒီဆေးက နာကျင်စေတယ်မလား?"

ထန်းပိုင်က ညည်းညည်းညူညူနှင့် ပြောလိုက်သည်။


လူအိုကြီးချင်း လုပ်ထားတဲ့ စိတ်ကြွဆေးတွေက ပိုပြီးနာကျင်‌စေနိုင်သော်လည်း ရှဲ့ရူဟန် က မြေအောက်တိုက်ခိုက်ရေးကွင်းရဲ့ ထိပ်တန်းပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး ကွင်းကို စောင့်ရှောက်ရတဲ့ တာဝန်ကို မကြာခဏ ထမ်းဆောင်ရ၏။ မြေအောက်တိုက်ခိုက်ရေးကွင်းမှာရှိတဲ့ ကစားသမားတွေက စာနာစိတ်ကင်းပြီး အခြေခံအားဖြင့် လူတိုင်းဟာ မူးယစ်ဆေးဝါးတွေကို သုံးစွဲကြသည်။ အင်အားကြီးမားတဲ့ ရှဲ့ရူဟန်လိုလူတောင် လိုအပ်တဲ့အချိန်မှာ ဆေးတစ်မျိုးမျိုးကို သောက်ရ၏။


"ကိုယ့်ခန္ဓာကိုယ်က ခံနိုင်ရည်ရှိတယ်"


ရှဲ့ရူဟန် ပြောပြီးသွားတဲ့အခါ "လူငယ်တွေက သူတို့ကိုယ့်သူတို့ ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ မသိဘူးပဲ" ဆိုတဲ့ ထန်းပိုင်ရဲ့ မျက်နှာအမူအရာကို တွေ့လိုက်ရပြန်သည် 


ရှဲ့ရူဟန်: "......?"


လူအိုကြီးချင်း က မျက်မှန်ကိုင်းကို ပင့်ပြီး ဖြည်းဖြည်းချင်းပြုံးရင်း ပြောလာ၏။

"ရှောင်ရှဲ့...မင်းခေါ်လာတဲ့ အိုမီဂါ‌လေးက မင်းကို ကျန်းမာရေးဂရုစိုက်ဖို့ သတိပေးနေတယ်" 


ထန်းပိုင်က ရှဲ့ရူဟန် အရင်တစ်ခါကလို စိတ်ဆိုးသွားမှာကို ကြောက်နေတာမို့ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်သည်။ ထို့နောက် သူက တိုးတိုးလေးပြောလိုက်၏။

“အခု ခင်ဗျားက အသက်ငယ်သေးတော့ ကိစ္စမရှိပေမယ့် အိုမင်းလာတဲ့အခါကျ ဘယ်လိုလုပ်မလဲ"

ဒီစကားကို ကြားလိုက်ရတဲ့ လူတိုင်းက တုန်လှုပ်သွား၏။


စာအုပ်ထဲမှာ ရှဲ့ရူဟန် ရောဂါဖြစ်ပြီး သေဆုံးသွားတဲ့ အသက်အရွယ်ကို တွေးမိတဲ့အခါ ထန်းပိုင်ရဲ့ မျက်လုံးထဲမှာ အတိတ်ကို ပြန်သတိရမိတဲ့ အရိပ်အယောင်လေးတစ်ခု ဝင်လာပြီး လူအိုကြီးချင်း ရဲ့ မျက်လုံးထဲမှာလည်း အတိတ်ကို ပြန်သတိရမိတဲ့ အရိပ်အယောင်လေးတစ်ခု ဝင်လာခဲ့သည်။

ရှဲ့ရူဟန်ကတော့......

သူဟာ ဆင်းရဲသားရပ်ကွက်က လူတစ်ယောက်ဖြစ်ပြီး လွင့်ပျံနေတဲ့ ကျည်ဆန်သံတွေနဲ့အတူ အိပ်စက်ခဲ့သူဖြစ်ကာ မတည်မငြိမ်ဖြစ်နေတဲ့ ကြောက်ရွံ့မှုတွေကို အရိုးထဲအထိ ခံစားခဲ့ရသူဖြစ်တဲ့အတွက် သူအိုမင်းလာတဲ့အခါ ဘာဖြစ်မလဲဆိုတာကို တကယ်တော့ ဘယ်တော့မှ တွေးခဲ့ဖူးခြင်းမရှိပါပေ။


အချိန်အတော်ကြာပြီးနောက် လက်အိတ်အနက် ဝတ်ထားတဲ့ လက်တစ်စုံက ထန်းပိုင် ရဲ့ ဦးထုပ်အနားစွန်းကို ဖြည်းဖြည်းချင်း ဆွဲချလိုက်သည်။

"ဒါက အတော်လေး လိုပါသေးတယ်ကွာ"


ထန်းပိုင်က စိတ်မကောင်းဖြစ်နေပြီး သူ့စိတ်ထဲမှာ သုတေသနအဖွဲ့ချုပ်က အသွင်ယူဆေးကို တိုးတက်အောင် လုပ်နိုင်မလားဆိုတာကို တွေးနေမိသည်။ဒါပေမယ့် အဖွဲ့ချုပ်က ဒီလို အန္တရာယ်များတဲ့ သုတေသနကို မလုပ်လောက်ဘူး...ဒါဆို ရှဲ့ရူဟန်ရဲ့ ဆေးထိုးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တွေကို ဘယ်လိုလျှော့ချရမလဲ...

အဖိုးကို သွားပြီး အကူအညီတောင်းမရလား...

ဒါပေမဲ့ ဖြစ်နိုင်ခြေ နည်းတယ်....


ထန်းပိုင်ရဲ့ အဖိုးက သူ့ကို ချစ်ပေမယ့် O ကို A အဖြစ် ပြောင်းလဲပေးမယ့် ဒီလိုဆေးကို ဖွံ့ဖြိုးအောင် လုပ်ဖို့တော့ ဘယ်တော့မှ သဘောတူမှာ မဟုတ်ပေ။


အဖြေမရှာနိုင်တဲ့အတွက် ထန်းပိုင်က ရှဲ့ရူဟန်နဲ့အတူ မှောင်ခိုဈေးကို လှည့်လည်ကြည့်ရှုဖို့ ဆက်လိုက်သွား၏။ မြေညီထပ်ကနေ ဝင်လိုက်တဲ့အခါ ထန်းပိုင် က မှောင်မိုက်နေတဲ့ လမ်းကြောင်းထဲမှာ ထိုင်နေတဲ့ လူလေးငါးယောက်ကို တွေ့လိုက်ရသည်။ သူတို့ကိုကြည့်ရတာ ဆေးထိုးနေတာပဲဖြစ်ဖြစ်၊ မူးယစ်ဆေးသုံးနေတာပဲဖြစ်ဖြစ် တစ်ခုခုလုပ်နေကြ၏။ သူတို့ရဲ့ သွားတွေက မည်းနက်နေပြီး ခန္ဓာကိုယ်တွေမှာလည်း ဆေးထိုးအပ်ရာတွေ ပြည့်နှက်နေသည်။ ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင် ပြည်တွေထွက်နေတဲ့ အပေါက်တွေ ဒါဇင်နဲ့ချီ ရှိနေနိုင်ကြ၏။


ဒီမူးယစ်ဆေးစွဲသူတွေဟာ ဆင်‌ခြေဖုံးရပ်ကွက်က လူတွေထဲက အုပ်စုသေးသေးလေးလောက်သာ ဖြစ်သည်။ မူးယစ်ဆေးဝါး မှောင်ခိုကုန်သွယ်မှုကနေ ရရှိတဲ့ အမြတ်အစွန်းတွေဟာ လက်နက်မှောင်ခိုကုန်သွယ်မှုနဲ့ လူကုန်ကူးမှုတွေကနေ ရရှိတဲ့ အမြတ်အစွန်းတွေထက် ပိုများပြီး မရေမတွက်နိုင်တဲ့ လူတွေဟာ ဒီအမြတ်အစွန်းတွေရဲ့ သားကောင်တွေ တဖြည်းဖြည်း ဖြစ်လာကြသည်။


ထန်းပိုင်ရဲ့ ခြေလှမ်းတွေက နှေးကွေးလာပြီး သူ့ရဲ့ ရှေ့မှာရှိတဲ့ အရာအားလုံးကို ငေးကြည့်နေမိကာ တခြားကမ္ဘာတစ်ခုကို ကြည့်နေရသလိုပင်...


ဒီလိုကမ္ဘာမှာ အိုမီဂါ တစ်ယောက်ဟာ ဘေးကင်းစွာ ကြီးပြင်းရုန်းကန်ပြီး မာရှယ်တစ်‌ယောက်ဖြစ်လာဖို့ ဘယ်လောက်ခက်ခဲလိုက်မလဲ...


စာအုပ်ထဲမှာ ရှဲ့ရူဟန်ဟာ အိုမီဂါအဖြစ် မွေးဖွားလာတာမဟုတ်ဘဲ အသက် ၁၄နှစ်မှာ ဘီတာကနေ အိုမီဂါအဖြစ် ရုတ်တရက် ပြောင်းလဲသွားတာဖြစ်၏။ ကံကောင်းထောက်မစွာပဲ လူအိုကြီးချင်းက ရှဲ့ရူဟန်ကို အိုမီဂါမှ အယ်လ်ဖာအဖြစ် အသွင်ယူနိုင်တဲ့ မဖွံဖြိုးသေးတဲ့ ဆေးတစ်မျိုးအတွက် စမ်းသပ်ခံလူသားအဖြစ် အသုံးပြုခဲ့သည်။ဒါကြောင့် ရှဲ့ရူဟန်ဟာ သူ့ရဲ့ လိင်အစစ်အမှန်ကို ဖုံးကွယ်နိုင်ခဲ့၏။


အခု အိုမီဂါ တစ်ယောက်ဟာ မက်ချာတည်ဆောက်သူဖြစ်လာဖို့ ရုန်းကန်နေတဲ့အကြောင်းကို ဘယ်လိုရေးရမလဲနော်...

ဘုရားသခင်၏ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တောင် ဇာတ်လမ်းတွေအားလုံးက ဇာတ်ကောင်အတွက် အဓိကထားပေးထားတာဖြစ်ပေမယ့် ထန်းပိုင်က သူ စာရေးဖို့ စွမ်းအားမဲ့နေတယ်လို့ ခံစားရပြီး သူဘုရားတနေရုံပဲတတ်နိုင်သည်။


ဒီအချိန်မှာပဲ ဘီတာတစ်ယောက်က သူ့မျက်နှာကိုမော့ကာ ဆိုးသွမ်းတဲ့အသွင်အပြင်နဲ့ ချဉ်းကပ်လာပြီး ထန်းပိုင်ကို ရုတ်တရက် ဝင်တိုက်လာသည်။ ဒီလို အားပြင်းတဲ့ တိုက်ခိုက်မှုကို ထန်းပိုင်လို အားနည်းတဲ့ အိုမီဂါ တစ်ယောက်အနေနဲ့ ရှောင်တိမ်းဖို့ မဖြစ်နိုင်ပါချေ။


ထန်းပိုင်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး သူဘာလုပ်ရမှန်း မသိခင်မှာပဲ သူ့ကို အားကောင်းတဲ့လက်နှစ်ဖက်က ဖက်ထားတာကို ခံစားလိုက်ရသည်။ ရှဲ့ရူဟန်ရဲ့ မျက်နှာက အေးစက်နေပြီး ထိုဘီတာကို ကန်ထုတ်ပစ်လိုက်၏။ ဒီလိုကန်လိုက်တဲ့အားက ဘီတာကို နံရံဆီ ပြန်တိုက်သွားစေပြီး သူဟာ ခဏကြာတဲ့အထိ ထလို့မရနိုင်ခဲ့ပေ။သူ့လက်မောင်းထဲကဆေးတွေကလည်း ပြုတ်ကျသွား၏။


"မကြောက်နဲ့နော်..ဒီအရာတွေကို မထိနဲ့..ပြီးတော့ သူစိမ်းတွေပေးတဲ့ အစားအစာတွေကို မစားနဲ့" 

ဟု ရှဲ့ရူဟန်က အေးစက်စွာပြောလာသည်။


ထန်းပိုင်ရဲ့မျက်နှာက ဖြူဖျော့သွားပြီး ခေါင်းညိတ်လိုက်ကာ ရှဲ့ရူဟန်နောက်ကို မလိုက်ရမှာ ကြောက်နေတဲ့ သတ္တဝါလေးတစ်ကောင်လို ခြေသေးသေးလေးတွေနဲ့ နောက်ကနေ လိုက်နေ၏။


ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ရှဲ့ရူဟန်က တစ်ခုခုကို သတိရသွားပြီး ပြန်လှည့်ကြည့်‌လိုက်‌သောအခါ ထန်းပိုင်ရဲ့ စိုစွတ်စွတ်မျက်လုံးလေးတွေကို တွေ့လိုက်ရသည်။ ထန်းပိုင်က ကြောက်လို့ ငိုနေတာမဟုတ်ဘူးဆိုတာ သေချာသွားမှ ရှဲ့ရူဟန် က ဖြည်းဖြည်းချင်း ထပ်ပြောလိုက်သည်။

"‌မကြောက်နဲ့တော့နော် ကိုယ်ရှိတယ်”


“ကိုယ်နဲ့အတူရှိနေသရွေ့ဘယ်သူမှ မင်းကို ထိခိုက်အောင် မလုပ်နိုင်ဘူး...”


ထန်းပိုင်၏ နှလုံးသားလေး အေးချမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထန်းပိုင်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်ပြီး ရှဲ့ရူဟန်၏ အင်္ကျီအနားစကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်သည်။ ရှဲ့ရူဟန်က ကန့်ကွက်ခြင်းမရှိသောအခါ သူက ကပ်စေးလေးတစ်ခုလိုမျိုး ဆက်ပြီး ဆုပ်ကိုင်ထားလိုက်သည်။


ပထမထပ်သည် တားမြစ်ထားသော ပစ္စည်းများနှင့် အမည်မသိ အရင်းအမြစ်များမှ ခိုးယူထားသော ပစ္စည်းများကို ရောင်းဝယ်ရာနေရာဖြစ်သည်။ တတိယထပ်သည် လက်နက်ကြီးများစွာရှိသော နေရာတစ်ခုနှင့် တူသည်။ ထန်းပိုင်သည် စစ်တပ်မှာသာ သုံးစွဲသော လက်နက်များစွာကို မှတ်မိသည်။ ထို့အပြင် အစိတ်အပိုင်းများနှင့် တန်ဖိုးကြီးသော စွမ်းအင်ကျောက်များလည်း ရှိ၏။ ဤနေရာသည် လက်နက်သုတေသနဌာန၏ ပစ္စည်းဆိုင်ထက်ပင် ပိုမိုပြည့်စုံပုံရသည်။


“ဒီမှာရှိတဲ့ လက်နက်တွေက အကောင်းဆုံးမဟုတ်‌သေးဘူး၊ ပိုကောင်းတဲ့ပစ္စည်းတွေကို တတိယနဲ့ စတုတ္ထထပ်မှာ လေလံတင်ရောင်းတယ်။” ဟု ရှဲ့ရူဟန်က တိုးတိုးလေးပြောသည်။

“ဒါပေမယ့် များသောအားဖြင့် ဒီမှာလောက်နဲ့တင် လက်နက်တွေ ဖြည့်တင်းဖို့ လုံလောက်ပါတယ်”


ပထမထပ်တွင် လူများစွာရှိပြီးအားလုံးက တောင့်တင်းသော ခန္ဓာကိုယ်များရှိပြီး သန်မာကြသည်။ တကယ်တော့ ထန်းပိုင်က အိုမီဂါတစ်ယောက်အနေဖြင့် ဤနေရာတွင် ကြောက်ရွံ့နေသင့်သော်လည်း ထန်းပိုင်၏ မျက်လုံးများသည် ပိုတောက်ပလာပြီး သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေသည်။ ဤနေရာသည် သူအတွက် အသုံးအဆောင်ပစ္စည်းဆိုင်တစ်ခုနှင့် တူနေသည်။


ဤနေရာတွင် Backlight Blade (လက်နက်)လုပ်ရန် လိုအပ်သော ပင်မအစိတ်အပိုင်းများလည်းရှိသည်။ ဤသွေးနီသတ္တုရိုင်းမှာ Sunbeam Axe(လက်နက်) ၏ လက်ကိုင်အတွက် ပစ္စည်းဖြစ်သည်။ ဤစွမ်းအင်ကျောက်ကို ပေါက်ဈေးထက် အဆပေါင်းများစွာ ပိုတင်ရောင်းနေကြတာမို့ တစ်စုံတစ်ယောက်က တစ်ပတ်ရစ်ရောင်းသူ ဖြစ်လာလိုခြင်းမှာ အံ့ဩစရာမရှိပေ။


“ဒီမှာဆိုရင် လက်နက်အမျိုးမျိုးကို ဝယ်ယူနိုင်တယ်... လက်နက်သုတေသနဌာနက ဖန်တီးထားတဲ့ နောက်ဆုံးပေါ် လက်နက်တွေကိုတော့ ငွေနဲ့ဝယ်လို့မရဘူးပေါ့ ”

ရှဲ့ရူဟန်က ဖြည်းဖြည်းချင်း ပြောသည်။


ထန်းပိုင်က ပတ်ဝန်းကျင်ကို ကြည့်ရှုနေစဉ်မှာပဲ ရှဲ့ရူဟန်၏ အသံကိုကြားလိုက်ရပြီး ထိုအသံတွင် ပြောမပြနိုင်တဲ့ ခံစားချက်မျိုးရှိ‌နေသယောင်။ သူ ငယ်စဉ်က မက်ချာမော်ဒယ်တွေ အစုံလိုက် ဝယ်ချင်ပေမဲ့ သူ့မုန့်ဖိုးနဲ့ မဝယ်နိုင်လို့ နောင်တရနေခဲ့တာများလား...


ပျားရည်ရောင် မျက်လုံးများဖြင့် ထန်းပိုင်က မိခင်ကဲ့သို့ ကရုဏာထားသည့် အမူအရာဖြင့် မေးလိုက်သည်။

“ခင်ဗျား ‘Commander’ စုဆောင်းမှုကို လိုချင်လားဟင်”


ရှဲ့ရူဟန်: “......?”


ရှဲ့ရူဟန်: “ဟုတ်တယ်...”


ရှဲ့ရူဟန်က ထန်းပိုင်ကို ပထမနှင့် ဒုတိယထပ်များအား လှည့်ပတ်ပြသပြီးနောက် ညနေခင်းရောက်သောအခါ သူ့ကို ထိုနေရာမှ ပြန်ခေါ်လာသည်။

Hover carထဲသို့ ရောက်သောအခါတွင်တော့ ထန်းပိုင်က သူ့အင်္ကျီအနားစကို ရှက်ကိုးရှက်ကန်းလှန်လိုက်ကာ သူ့ရဲ့ ဖြူသွယ်သော ခါးကျင်ကျင်‌လေးကို ဖော်ပြလိုက်သည်။ သူက ရှဲ့ရူဟန်ကို ညင်ညင်သာသာ ခေါ်ကာ

“ဒီကို လာဦး ကျွန်တော် ခင်ဗျားကို ရတနာတစ်ခု ပြမယ်”


ရှဲ့ရူဟန် မျက်လုံးပြူးသွားရသည်။


ထန်းပိုင်နှင့် ရှဲ့ရူဟန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ထန်းပိုင်၏ ပျားရည်ရောင် မျက်လုံးများက ပိုမိုတောက်ပလာပြီး သူ့ရဲ့ ပြုံးနေသော မျက်နှာမှာ ရိုးသားပြီး စင်ကြယ်နေသည်။ သူ့ရဲ့ ဖြူသွယ်လှတဲ့ ခါးကျင်ကျင်‌လေးကို ဖော်ပြထားသောအခါတွင်ပင် သူက မသိနားမလည်တဲ့ ကောင်ငယ်လေးတစ်ယောက်လို...


ရှဲ့ရူဟန်၏ မျက်လုံးများ မှောင်မိုက်လာရသည်။


ထန်းပိုင်က သူ၏ ခါးပတ်မှ စိန်စီထားသော စွမ်းအင်သေနတ်ကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်ကာ မျက်နှာများနီရဲ‌နေပြီး စိတ်လှုပ်ရှားနေပုံရသော ရှဲ့ရူဟန်ထံ ပေးလိုက်သည်။ဝါး...ငါ့အိုမီဂါ အလင်းရောင်လေးက ဘယ်လိုတောင် စိတ်လှုပ်ရှားနေရတာလဲ...Commanderစီးရီးရဲ့စွမ်းအင်သေနတ်ကို မြင်လိုက်ရတာ အရမ်းကို ပျော်ရွှင်သွားတယ်ထင်တယ်...


ထန်းပိုင် ဒီစွမ်းအင်သေနတ်ကိုသဘောကျပေမယ့် သူသဘောကျတဲ့သူကိုပေးလိုက်တာက သူ့ကို နှစ်ဆပျော်ရွှင်မှု ရစေမည်ပင်...


“ဒါက Commander series က စွမ်းအင်သေနတ်ပဲ” 

ရှဲ့ရူဟန်က ခဏလောက်ထိတ်လန့်သွားရပြီးနောက် မေးလိုက်သည်။

“ဒီသေနတ်ကို ဘယ်လိုရလာခဲ့တာလဲ...”


“ကျွန်‌တော့်အဘိုးက လက်နက်သုတေသနဌာနကို ဦးဆောင်နေတဲ့သူ‌လေ” 

ထန်းပိုင်က စွမ်းအင်သေနတ်ကို ရှဲ့ရူဟန်ထံ ပေးလိုက်သည်။

“ဒါက ခင်ဗျားအတွက်ပါ...ဒီသေနတ်က ခင်ဗျားလက်ထဲမှာရှိမှပဲ အစွမ်းထက်လိမ့်မယ်...”


ဤသေနတ်သည် အလွန်ကို ဆွဲဆောင်မှုရှိသည်။ သူသာ လက်ဆန့်ထုတ်လိုက်ပါက ဤတန်ဖိုးမဖြတ်နိုင်သော စွမ်းအင်သေနတ်က သူ့ဟာ ဖြစ်လာလိမ့်မည်။


လက်ချောင်းများက ဖြည်းညင်းစွာ လှုပ်ရှားလာသည်။


ထန်းမိသားစုဝင်တွေက ဒီနည်းနဲ့ သူတို့၏ ချစ်ခြင်းမေတ္တာကို ဖော်ပြကြတာလား ..

ရှဲ့ရူဟန်က လက်နက်သုတေသနဌာန၏ ဦးဆောင်သူ အကြီးအကဲထန်းက သူ့ကို မကြာသေးမီက ခေါ်ယူခဲ့ကြောင်း သိသည်။ အကြီးအကဲထန်းက ပါရမီရှင် အယ်လ်ဖာ စမ်းသပ်သူများကို ရှာဖွေနေခဲ့သည်။ သို့သော် Commander series အတွက် မဟုတ်ဘဲ ထုတ်မပြရသေးတဲ့ စီးရီးအသစ်အတွက် သာဖြစ်သည်။


ထန်းပိုင်က အကြီးအကဲထန်း ၏ မြေးဖြစ်ကြောင်း သိလိုက်ရတော့ ထန်းပိုင်က သူ့ကိုသိနေတာကို သူမအံ့ဩမိတော့ပေ။ အကြီးအကဲထန်း၏ စမ်းသပ်သူစာရင်းတွင် ရှဲ့ရူဟန်ဆိုတဲ့နာမည်ကို တွေ့ပြီး ထန်းပိုင်က သူ့အပေါ် စိတ်ဝင်စားလာတာများလား...


အကြီးအကဲထန်းက Commander series လက်နက်များထဲမှ တစ်ခုကို သူ့ မြေးအတွက် ပေးခဲ့ပြီး ထန်းပိုင်ကတော့ မျက်တောင်မခတ်ဘဲ ရှဲ့ရူဟန်ထံ ပေးလိုက်သည်။ ......


ရှဲ့ရူဟန်က စိတ်ထဲတွင် ပြုံးနေမိသည်။


“ဒါက ဈေးကြီးလွန်းတယ်” 

ရှဲ့ရူဟန်က ချိုမြိန်သော မုန့်အိတ်ကို ညွှန်ပြလိုက်သည်။

“ဒါတွေနဲ့တင် လုံလောက်ပါပြီ”

သူ့အသံက မကျယ်ပေမယ့် ငြင်းမရအောင်ပင် သူ့ဆုံးဖြတ်ချက်ခိုင်မာကြောင်း ပြသနေ၏။


ထန်းပိုင်၏ ဆံပင်လေးတွေက တုန်ခါသွားပြီး ရှဲ့ရူဟန်၏ ခံစားချက်ကို ချက်ချင်း သတိပြုလိုက်မိသည်။ သူက သတိထားပြီး မေးလိုက်သည်။

“ဒါဆို ...... ဒါဆို ခင်ဗျားညစာမစားရသေးဘူးလား...ကျွန်‌ေတာ်လာပြီး ချက်ပေးရမလား?”


အလွန်အမင်း ရိုးသားသော ချဉ်းကပ်မှုက ရှဲ့ရူဟန်၏ ဖီးနစ်မျက်လုံးများကို ကူကယ်ရာမဲ့စေ၏။


ဤအခိုက်အတန့်သည် “ချမ်းသာတဲ့ အိုမီဂါလေးက ငါနဲ့ချစ်ကျွမ်းဝင်သွားတယ်” ဇာတ်လမ်း၏ ဇာတ်ကွက်နှင့် အလွန်ဆင်တူလှသည်။ဇာတ်လမ်းရဲ့ နာမည်ကိုကြားရုံနဲ့ အဲ့ဒီဇာတ်ကြောင်းကို ခန့်မှန်းနိုင်လိမ့်မည်ပင်။ ရှဲ့ရူဟန် ဤဇာတ်လမ်းကို သိနေရခြင်းမှာ သူသည် နေ့လည်ခင်းက ထန်းပိုင်ဇာတ်လမ်းရေးမည်ဟု သိရသောအခါ အင်တာနက်ပေါ်တွင် ဇာတ်လမ်းများ ရှာဖွေခဲ့မိသည်။


ထို့နောက် သူ ထိုဇာတ်လမ်းကို သုံးခန်းထက် ပိုမဖတ်နိုင်ခဲ့ပေ။


ရှဲ့ရူဟန်က ဇာတ်လမ်းကို ဖတ်နေစဉ်က သူစဉ်းစားလိုက်မိသည်။ သူသာ ဆင်းရဲသော အယ်လ်ဖာ ဖြစ်ပါက သူ့အတွက်နှင့် အိုမီဂါ‌လေးကို မိသားစုနှင့် အဆက်အသွယ်ဖြတ်ခိုင်းမည် မဟုတ်ပေ။ ဤသည်မှာ ဆုံးရှုံးမှုတစ်ခုပင်ဖြစ်သည်။


အကယ်၍ တစ်ဖက်မိသားစုက ကန့်ကွက်ပါက သူသည် ထိုသူကို ခမ်းခမ်းနားနားလက်ထပ်နိုင်ဖို့ အင်အားကြီးမားလာသည်အထိ၊အမြင့်တစ်နေရာရောက်တဲ့အထိ ကြိုးစားမည်ဖြစ်၏။

ဒီလို ကျေနပ်ဖို့ ခဲယဉ်းတဲ့အိုမီဂါလေးကို သေချာလေး ဂရုစိုက်မှဖြစ်မှာ...

အစကတည်းက သူ သဘောကျနေမိတာက ထန်းပိုင်ရဲ့ ဆိုးသွမ်းတဲ့ပုံစံလေးနဲ့ တောက်ပတဲ့အသွင်အပြင်လေးပဲလေ..


“ကိုယ်ဝယ်‌ကျွေးမယ်”

ရှဲ့ရူဟန်က ပြောလိုက်သည်။

“မင်း ဘာစားချင်လဲ..."


ထန်းပိုင်: “...... Eh?!”


အမေ‌ရေ ကျွန်တော်အောင်မြင်သွားပြီ။ အိုမီဂါ‌လေးက သားကို ညစာစားဖို့ ကမ်းလှမ်းလာပြီ။ လျှောက်လည်လိုက်ပြီး သားတို့ သူငယ်ချင်းဖြစ်သွားပြီ...


ထန်းပိုင်မျက်နှာက အပျော်တို့ဖြင့်ပြည့်နှက်သွားသည်။ထိုအချိန်တွင် light brain ဆီမှ ဆက်သွယ်မှုတစ်ခုကို သူကြားလိုက်တာမို့ ထန်းပိုင်က တုံ့ဆိုင်းမနေဘဲ ချလိုက်ပြီး ချိုသာလှတဲ့အသံဖြင့် ရှဲ့ရူဟန်ကိုပြောလိုက်သည်။

“ရွေးစရာမရှိပါဘူး...ဘာမဆို စားနိုင်ပါတယ်”


မဟုတ်သေးဘူး!ဒီလိုဖြေတာက ရွေးရအခက်ဆုံးပဲလေ...ထန်းပိုင်က ပြန်ပြောင်းကာ ပြောရန် ပါးစပ်ဖွင့်နေတုန်းမှာပဲLight brain မှ ဆက်သွယ်မှုက ထပ်မြည်လာသည်။ တစ်ဖက်မှ မရပ်မနား ဆက်ခေါ်မည်ကို စိုးရိမ်တာမို့ သူက အောက်ကို ကြည့်လိုက်တော့ ကျောင်းအုပ်ကြီးရဲ့ ခေါ်ဆိုမှုဆိုတာကို တွေ့လိုက်ရသည်။


“ရှောင်ထန်း ခုနစ်နာရီထိုးနေပြီ...မင်းရဲ့ မိသားစုဝင် အယ်လ်ဖာနဲ့ ချိန်းတွေ့တာ မပြီးသေးဘူးလား...”


ရှဲ့ရူဟန်: “......?”


ရှဲ့ရူဟန်က ထန်းပိုင်က ကျောင်းအုပ်ကြီးနှင့် ထူးထူးဆန်းဆန်းအမူအရာဖြင့် စကားပြောနေသည်ကို ကြည့်နေမိသည်။


ဖုန်းချပြီးနောက် ထန်းပိုင်က ရှဲ့ရူဟန်ကို ပြောလိုက်သည်။

“ကျွန်‌တော်တို့ကျောင်းက ပိတ်ချိန်ရောက်နေပြီ ...နောက်မှ ပြန်တွေ့မယ်..” 

သေစမ်း! သေစမ်း!သေစမ်း! ငါ့ရဲ့ အပြင်ထွက်ဖို့ တောင်းဆိုချက်‌ခေါင်းစဉ်က ကုထူနန်နဲ့ ချိန်းတွေ့ဖို့ ဆိုတာကို ရှဲ့ရူဟန် ကြားသွားလောက်လား...


ထန်းပိုင်၏ စိတ်ထဲက ဗီလိန်လေးက သူ့လက်ကိုင်ပဝါကို အရူးလို ကိုက်နေမိသည်။ သူက သွားလေးကိုစိရင်း ရှဲ့ရူဟန်ကို ကြည့်ဖို့ ခေါင်းမော့လိုက်သည်။ ရှဲ့ရူဟန်က သူ့ကို စိုက်ကြည့်နေတာမြင်တော့ ထန်းပိုင်က မျက်နှာများနီရဲလာကာ ခေါင်းကိုငုံ့လိုက်မိသည်။ သူ တွင်းတစ်တွင်းတူးပြီး ပုန်းဖို့ကို မစောင့်နိုင်တော့ဘူး....


ရှဲ့ရူဟန်: အိုး...ရှက်နေတာပဲ...


ရှဲ့ရူဟန်၏ နှုတ်ခမ်းထောင့်စွန်းများက ပျော်ရွှင်မှုဖြင့် ကွေးတက်သွားသည်။ သူက မိသားစုဝင် အယ်လ်ဖာအဖြစ် ခံယူလိုက်ပြီး ထန်းပိုင်ကို ကျောင်းသို့ ပြန်ပို့လိုက်သည်။


အခြားတစ်ဖက်တွင် ဒါရိုက်တာဟွမ်က လူလွတ် A နှင့် O ကြား တစ်ခုခုဖြစ်မည်ကို စိုးရိမ်နေမိသည်။ သူက ကုထူနန်ကို ဖုန်းခေါ်လိုက်သည်။

“...... ဘာ? ရှောင်ထန်းက မင်းနဲ့မရှိနေဘူးလား”


“ဘယ်လိုဖြစ်နိုင်မှာလဲ...ရှောင်းထန်းက မင်းသူ့ကို ကျောင်းအထိ လိုက်ပို့မယ်လို့ ပြောတယ်”


ကုထူနန်က ဖုန်းချလိုက်ပြီး သူ၏ အင်္ကျီကို လျင်မြန်စွာ ဝတ်ဆင်ကာ ထန်းပိုင်၏ ကျောင်းသို့ သွားရန် အပြေးအလွှားထွက်လာသည်။ ထိုအချိန်တွင် ရှဲ့ရူဟန်၏ Hover carက ကျောင်းရှေ့တွင် ရပ်လိုက်သည်။


‌ဒါရိုက်တာဟွမ်က ကျောင်းရှေ့တွင် လမ်းလျှောက်နေစဉ် အပြေးလာနေသည့် ကုထူနန်၏ ပုံရိပ်ကို တွေ့လိုက်သည်။


သူလက်ဝှေ့ယမ်းမပြခင်မှာဘဲ Hover car၏ မီးများက အမှောင်ထုကို ဖယ်ရှားလိုက်သည်။ ထိုအခါ ချောမောခန့်ညားသော အယ်လ်ဖာတစ်ယောက် ကားထဲမှ ထွက်လာပြီး ထန်းပိုင်အတွက် တံခါးဖွင့်ပေး‌နေတာကို မြင်လိုက်ရ၏။


ရှဲ့ရူဟန်၏ တည်ရှိနေမှုသည် အလွန်အားကောင်းလှသည်။ သူက မည်သည့်အချိန်တွင်ဖြစ်စေ သူ ထွက်ပေါ်လာတာနဲ့ လူတိုင်း၏ အာရုံကို မရပ်မနား ဆွဲဆောင်နေလိမ့်မည်ပင်...


ကုထူနန်က ညအမှောင်ထဲတွင် ရပ်နေပြီး သူ၏ မီးခိုးပြာရောင် မျက်ဝန်းများက ရေခဲတမျှ အေးစက်နေသည်။ သူက ရှဲ့ရူဟန်ကို အေးစက်စွာ ကြည့်နေသည်။


ရှဲ့ရူဟန်၏ နက်ရှိုင်းလှသော ဖီးနစ်မျက်ဝန်းများမှာမူ ထန်းပိုင်ကိုသာ စူးရှ စွဲလန်းစွာ ကြည့်နေလေ၏။


ဒါရိုက်တာဟွမ်က ဘယ်ဘက်နှင့် ညာဘက်ကို ကြည့်ရင်း စိတ်ထဲတွင်

စဉ်းစားနေမိသည်။ သူက ထူးချွန်သော ကျောင်းသားများအတွက် ကြီးမားသော ပြဿနာတစ်ခုကို ဖန်တီးမိသည်ဟု သူ့ကိုယ်သူ သံသယဖြစ်မိသွား၏။


ဒီ...ဒီ... ဒီနှစ်‌ယောက် ဘာလို့ ဆရာကို အရင် မပြောရတာလဲ? ဆရာက မင်းတို့ကို မကာကွယ်ပေးနိုင်ဘူးများ ထင်လို့လား..


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment