no

Chapter 20 

 

ထန်းပိုင်က သူ့အဖိုးဆီကနေ သုတေသနဌာနက သန့်ရှင်းရေးစက်ရုပ်အစုံလိုက်တွေကို စစ်ဘက်အကယ်ဒမီကို ပို့ပေးတော့မယ်လို့ ကြားထားသည်။ အစက ဒီစက်ရုပ်တွေကို ပို့ရတဲ့ အကြောင်းရင်းတစ်ဝက်က ရှဲ့ရူဟန်အတွက် အိမ်သာတွေကို သန့်ရှင်းရေး မလုပ်ရစေဖို့ ဖြစ်ပေမယ့် ဆရာဝမ်က အရင်ကိုင်တွယ်ခဲ့တာကြောင့် စက်ရုပ်တွေကို အကယ်ဒမီကို မပို့ရခင်မှာပဲ ရှဲ့ရူဟန်ရဲ့ အပြစ်ပေးခံရခြင်းက ပြီးသွားခဲ့သည်။ 

 

သို့သော် သန့်ရှင်းရေးစက်ရုပ်များက ရှဲ့ရူဟန်ကို ချင်းကျွင်ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်များကနေ ကာကွယ်ပေးနိုင်သည်။ 

 

 

ထန်းပိုင်က ဝါးကနဲသမ်းလိုက်ပြီး ဝါးအိုးထဲက ပင်လယ်စာနဲ့ကြက်သား‌ ရောကာချက်ထားသည့် အထူးပရီမီယံဟင်းကို ကာကွယ်ဖို့ မီးသွေးမီးဖိုဘေးမှာ ထိုင်နေသည်။ ဒီအချိန်အတွင်း ထန်းပိုင်က ချက်ဖို့ အချိန်အကြာကြီးယူရတဲ့ စွပ်ပြုတ်ဟင်းကို ချက်ဖို့ ကြိုးစားနေသည်။ ပါဝင်ပစ္စည်းများကို ကိုင်တွယ်တာကနေ အောင်မြင်စွာ ပြုလုပ်နိုင်ဖို့အထိ သုံးရက်လောက် ကြာလိမ့်မည်ဖြစ်သည်။ 

 

ဤသုံးရက်အတွင်းမှာတော့ ရှဲ့ရူဟန်က စစ်ရေးလေ့ကျင့်မှုနဲ့ အလွန်အလုပ်ရှုပ်နေသည်။ 

 

ခုနစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို အဓိက အပိုင်းသုံးခုအဖြစ် ခွဲခြားထားရာ ကာယလေ့ကျင့်မှု၊ နည်းပညာပိုင်းကျွမ်းကျင်မှုနှင့် လက်တွေ့လေ့ကျင့်မှု ဟုသတ်မှတ်နိုင်သည်။ နည်းပညာကျွမ်းကျင်မှုအပိုင်းတွင်တော့ မက်ချာတပ်ဆင်မှု၊ အခြေခံသူနာပြုပြုစုမှု စတာတွေလိုမျိုးအထက်တန်းကျောင်းကပညာကို ပြန်လည်လေ့ကျင့်ခြင်းပဲဖြစ်သည်။ 

 

စစ်ရေးလေ့ကျင့်မှုရဲ့ ပထမဆုံးငါးရက်က လေ့ကျင့်မှုတွေပဲ ဖြစ်သည်။ ဆဋ္ဌမနေ့ရဲ့ နေ့လည်ပိုင်းတွင်တော့ ရေးဖြေဆိုမှုဖြစ်ပြီး နောက်ဆုံးနေ့တွင်တော့ ပြန်လည်သုံးသပ်ရလေသည်။ 

 

ရှဲ့ရူဟန်က အထက်တန်းကျောင်း မတက်ခဲ့သည့်အတွက် သူ၏ နည်းပညာကျွမ်းကျင်မှုနည်းလမ်းများသည် အကြမ်းထည်ဆန်ရုံမျှသာ ကျွမ်းကျင်ထား၍ စစ်ဘက်အကယ်ဒမီရဲ့ စာမေးပွဲ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီ‌ပေ။ဒါကြောင့် လွန်ခဲ့တဲ့ရက်အနည်းငယ်ကစ၍ သိထားသင့်သည့် အချက်များအား အပြင်းအထန် လေ့လာနေရပြီး ထန်းပိုင်နဲ့ နှစ်ယောက် အတူရှိဖို့ အချိန်မရှိပေ။ 

 

ဒါပေမယ့် အချိန်ဆိုတာ ရေမြှုပ်ထဲက ရေလိုပါပဲ အနည်းငယ်‌တော့ ညှစ်ထုတ်ရင် ရသည်။ ရှဲ့ရူဟန်က ဒီည ထန်းပိုင်နဲ့ ကျင့်ဝတ်များကို သင်ယူဖို့ အချိန်ဖဲ့ယူခဲ့သည်။ 

 

ထန်းပိုင်က ဒီနေ့ ပရီမီယံပင်လယ်စာကြက်သားဟင်းကို လုပ်ပြီး ရှဲ့ရူဟန်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေး ပြန်လည်ပြည့်ဖြိုးစေရန် ပေးမည်ဖြစ်သည်။ 

 

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထန်းပိုင် ပရီမီယံပင်လယ်စာ ကြက်သားဟင်း လုပ်တဲ့ အဆင့်တွေကို သေချာလိုက်နာ ပြုလုပ်ခဲ့သည်။ မီးသွေးမီးဖိုပေါ်မှာ ဟင်းချိုကို တည်ထားပြီး နာရီအနည်းငယ်ကြာတိုင်း မီးသွေးနဲ့ ကြာရွက်တွေကို လဲနေရသည်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ရက်က ထန်းပိုင်မှာ ကောင်းကောင်းပင်အိပ်မပျော်ခဲ့ချေ။ 

 

ကံကောင်းစွာနဲ့ ပရီမီယံပင်လယ်စာကြက်သားဟင်းက မကြာခင် အဆင်သင့်ဖြစ်တော့မှာပင်ဖြစ်သည်။ 

 

ထန်းပိုင်က စိတ်လှုပ်ရှားစွာနဲ့ မျက်နှာပေါ်၌ အုပ်ထားသည့် maskကို ဖယ်ရှားလိုက်ကာ ဝါးအိုးထဲက အခြောက်ခံထားတဲ့ ကြာရွက်တွေကို ဆုတ်ဖြဲပြီး အောင်မြင်ခြင်းနဲ့အတူ ဟင်းပွဲ၏ကြွယ်ဝပြီး လတ်ဆတ်တဲ့ ရနံ့ကို ရှူလိုက်သည်။ 

 

သူက ဟင်းကို လေလုံဘူးထဲ ထည့်လိုက်ပြီးနောက် သူ့မျက်နှာကို နေရောင်ကာဖြန်းဆေး ဖြန်းလိုက်သည်။ ပြီးတော့ သူ့ရဲ့ သားရေဖိနပ် နိမ့်နိမ့်လေးတွေကို စီးပြီး တံခါးဝကနေထွက်သွားသည်။ 

 

မကြာခင်မှာပဲသူက ထီးတစ်လက်အောက်မှာ ထမင်းဘူးကို ကိုင်ပြီး စစ်ဘက်အကယ်ဒမီရဲ့ ဝင်ပေါက်ကို လျှောက်သွားသည်။ 

 

"အဲ ကြည့်စမ်း!"  

 

ကျောင်းရဲ့ အစောင့်ခန်းထဲမှာ တာဝန်ကျနေတဲ့ ကျောင်းသားတစ်ယောက်က သူ့ဘေးက အဖော်ကို တံတောင်နဲ့တို့လိုက်သည်။ပြီးနောက် သူတို့နှစ်ယောက်က တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။ 

 

ထီးနဲ့ လျှောက်လာတဲ့ သူက သွယ်လျပြီး ရှည်လျားတဲ့ ခြေထောက်တစ်စုံ ပိုင်ဆိုင်ကာ ခြေသလုံးအလယ်လောက်အထိ ခြေအိတ်များကို ဝတ်ဆင်ထား၍ ထိုသူ၏လှပပြီး နူးညံ့တဲ့ ကောက်ကြောင်းတွေကို ဖော်ပြနေသည်။ 

 

အပေါ်ကိုကြည့်လိုက်တော့ အပြာရင့်ရောင် ဘောင်းဘီတိုကို မြင်လိုက်ရပြီး အပေါ်နဲ့အောက်ကအပြာရင့်ရောင်နှစ်ခုက အလယ်မှာ မျက်စိကျိန်းလောက်အောင် ဖြူဖွေးနေတဲ့ ခြေထောက်အရေပြားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေကာ လိုက်ဖက်လွန်းလှသည်။ 

ဧည့်သည်က သူ့ရဲ့ အနက်ရောင် ထီးအကြီးကြီးကို သိမ်းလိုက်ပြီး အရုပ်လေးနဲ့တူတဲ့ မျက်နှာကို ပြလိုက်တဲ့အခါ အယ်လ်ဖာနှစ်ယောက်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားသည်။ 

 

"ရှဲ့ရူဟန်ကို လာတွေ့တာပါ"  

 

ဒီအိုမီဂါရဲ့ အသံက ချိုမြိန်ပြီး သူစကားပြောတဲ့အခါ ပါးချိုင့်လေးများ ပေါ်လာကြသည်။ 

 

တာဝန်ကျ ကျောင်းသားက ဘောပင်နဲ့ ‌အချက်အလက်‌ဖောင် ကို ကြောင်အအနဲ့ ပေးလိုက်မိသည်။ ထန်းပိုင်က ငုံ့ကြည့်ပြီး အချက်အလက်တွေကို ဖြည့်ကာ တာဝန်ကျအခန်းကနေ ထွက်သွားပြီးနောက်မှာ ကြောင်အနေဆဲဖြစ်တဲ့ အယ်လ်ဖာနှစ်ယောက်က လေထဲမှာ ကျန်နေတဲ့ အိုမီဂါရဲ့ရနံ့ကို ပိုရဖို့ နှာခေါင်းတွေကို အသည်းအသန် ရှူနေကြ ပြီးတော့...


"သူက ထန်းပိုင်ပဲ! ဘာလို့ ငါကသူ့ဆီကနေ ကြက်စွပ်ပြုတ်နံ့ရတယ်လို့ ထင်နေတာလဲ" 

 

တခြား အယ်လ်ဖာက အားရပါးရ ရှူရှိုက်ပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။ 

 

 "ပြီးတော့ အရိုးပြုတ်နံ့လည်း နည်းနည်းပါသလားလို့" 

 

 

အဖွဲ့ထဲက ရှဲ့ရူဟန်က တခြားသူတွေနဲ့ မတူဘဲ အရမ်းဖြူလွန်းနေသည်။ စစ်ဘက်အကယ်ဒမီရဲ့ အနက်ရောင် ယူနီဖောင်းက သူ့ရဲ့ ဖြူဖျော့တဲ့ အသားအရေကို ပေါ်လွင်စေသည်။ သူ့ရဲ့ ခန္ဓာကိုယ်ကသွယ်လျကာ အချိုးအစားကျသည်။ထန်းပိုင်က ထမင်းဘူးကို ကိုင်ပြီး ရှဲ့ရူဟန်ကို နာကျင်စွာကြည့်လိုက်ကာ ပိုပိန်သွားပြီး ပိုညိုသွားတာပဲ... 

 

ထန်းပိုင်က ရှဲ့ရူဟန်ကို ကြည့်နေတုန်းမှာ အယ်လ်ဖာအများအပြားက စစ်ဘက်ကျောင်းတွင် နာမည်ကြီးနေသော အိုမီဂါကို ခိုးကြောင်ခိုးဝှက် ကြည့်နေကြသည်။ 

 

ရုတ်တရက် အုံကြွမှုကို ခံစားမိတော့ ရှဲ့ရူဟန်က မော့ကြည့်လိုက်ပြီး ရင်းနှီးတဲ့ သွယ်လျတဲ့ ပုံရိပ်ကို မြင်လိုက်ရသည်။ 

 

"ကောင်းပြီ..ဒီနေ့ စစ်ရေးလေ့ကျင့်မှုက ဒီလောက်ပဲ"  

 

 

"အိုမီဂါလှလှလေးတစ်‌ယောက်ကို မစောင့်ခိုင်းနဲ့ဦး" 

 

လူတိုင်းက ကုထူနန်ကို မသိမသာကြည့်လိုက်ကြမိသည်။ဒါက ထန်းပိုင်ရဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်းပဲလေ ထန်းပိုင်က ကုထူနန်ကို မရှာရင် ဘယ်သူ့ကို ရှာမှာလဲ။ 

 

ပြီးတော့ ထမင်းဘူးလေးတစ်ဘူးကို ကိုင်ထား‌သေးတာ ဘယ်လောက်တောင် ကောင်းလိုက်လဲ။ 

 

ကုထူနန်ရဲ့ အမူအရာကအနည်းငယ် လှုပ်သွားပြီး ထန်းပိုင်ကသူ့ကို ထမင်းဘူးတွေ ယူလာပေးခဲ့တဲ့ ရက်တွေကို ပြန်သတိရသွားသည်။ သူက ထန်းပိုင်ကို တစ်ချိန်က ပြောခဲ့တဲ့ စကားကို ပြန်သတိရသွားခဲ့သည်။ 

 

ထန်းပိုင်က သူ့စကားတွေကို ဒီလောက်ထိ နှလုံးသားထဲ ထားတယ်ဆိုတာကို သတိမထားမိခဲ့ပေ။ 

 

 

သေချာတာပေါ့ အဘိုးပြောတာ မှန်တာပဲ... ကုမိသားစုက ချင်းမိသားစုကို ဖိအားပေးလိုက်တော့ ထန်းပိုင်မှာအထင်ကြီးသွားပြီး သူ့ဆုံးဖြတ်ချက်ကို နောင်တတွေရကာ သူ့ဆီပဲပြန်လာတာဖြစ်ရမည်။ 

 

အားရပါးရလက်များကိုယမ်းပြီး သူ့ဆီကို ပြေးလာတဲ့ ထန်းပိုင်ရဲ့ ပုံရိပ်ကို ကြည့်ပြီး ကုထူနန်က တည်ငြိမ်စွာ ပြုံးလိုက်ကာ သူ့ရှေ့မှာ တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ အိုမီဂါလေးကို ကြိုဖို့ လက်ကို ဆန့်ထုတ်လိုက်တယ်- 

သို့ရာ ဆံချည်တစ်မျှင်ကိုတောင် မထိမိလိုက်ပေ။ 

 

ထန်းပိုင်က နေဝင်ရီတရော အလင်းရောင်အောက်မှာ ခြေလှမ်းသေးသေး တိုတိုလေးတွေနဲ့ ရှဲ့ရူဟန်ဆီကို ပြေးသွားသည်။ သူ့ခေါင်းထိပ်က ဆံပင်လေးများပင် ဝဲခါနေကာ အလွန်ပျော်နေသည့် ပုံလေးနှင့် ခုန်ပေါက်နေခဲ့သေးသည်။ 

 

သူ့ရဲ့ပါးလေးတွေက ရဲနေပြီး အသက်ကိုမနည်းရှူနေရင်း ရှဲ့ရူဟန်ကို ရတနာတစ်ခုသဖွယ် ထမင်းဘူးကို ကမ်းပေးလိုက်သည်။ သူ့ရဲ့ မျက်လုံးတွေက အံ့သြစရာကောင်းလောက်အောင် တောက်ပလျက်ရှိပြီး 

 

"ရှဲ့ကော ကျွန်တော် ခင်ဗျားအတွက် ဘာလုပ်ပေးထားလဲဆိုတာ ယုံမှာမဟုတ်ဘူး!" 

 

ကုထူနန်: "......?!" 

စစ်ဘက်သင်တန်းသားအုပ်စု: ! 

 

သင်တန်းသား အေ: ငါ့ရဲ့ ရှဲ့ကောကတကယ်ကို မိုက်တယ်! 

 

 

သင်တန်းသား စီ: ငါလည်းတတိယလူဖြစ်ချင်တယ်! 

 

အယ်လ်ဖာတွေက ကုထူနန်ကို အမျိုးမျိုးသော အမူအရာတွေနဲ့ ကြည့်နေကြသည်။ ကုထူနန်ရဲ့ ခေါင်းထိပ်ကနေ အစိမ်းရောင်အလင်းတန်း ထွက်လာတယ်လို့တောင် သူတို့ ထင်နေကြသည်။ပြီးတော့ ရှဲ့ရူဟန်ကို ကြည့်ပြီး မကျေမနပ်ဖြစ်နေကြ၏။ 

 

 

ရှဲ့ရူဟန်: "......" 

 

ရှဲ့ရူဟန်က သူတကယ်ကို နာကျင်နေရတယ်ဆိုတာကို သတိပြုမိလိုက်သည်။ ဒီလိုသတိပြုမှုမျိုးက သူ့ရဲ့ ဝိညာဉ်ကိုပင် စွန့်ပစ်လိုက်ချင်မိ‌အောင်ထိပင်။ သူက ဘယ်လိုလုပ် ဒီလောက်အထိ ကိုယ်ကျင့်တရားမရှိရတာလဲ... 

 

အယ်လ်ဖာ အများအပြားရဲ့ မနာလိုမှုနဲ့ မုန်းတီးမှုကို ခံနေရတဲ့ ရှဲ့ရူဟန်က လေလုံဘူးနဲ့ ထည့်ထားသည့် ထမင်းဘူးကို လက်ခံရရှိလိုက်သည်။ မူလက ဒီလိုအကြည့်မျိုးကို လက်ခံရရှိတဲ့ သူက ကုထူနန် ဖြစ်ပေမယ့် အခုကျ သူ ဖြစ်သွားသည်။ဒါက တကယ်ကို လေတိုက်တဲ့ဘက်ပြောင်းသွားတာပဲ။ ဒါပေမယ့် သက်တောင့်သက်သာတော့မဖြစ်လှပေ.. 

 

ရှဲ့ရူဟန်က လက်ဖက်စိမ်းဆန်တဲ့ အယ်လ်ဖာက ဘယ်လိုခံစားချက်မျိုးလဲဆိုတာကို နားလည်ဖို့သုံးသပ်လိုက်သည်။ ပထမ တစ်စက္ကန့်မှာပဲ တခြားတစ်ယောက်က သူ့ကြောင့် သဝန်တိုနေရတုန်းမှာ နောက်တစ်စက္ကန့်ကျ သူချိုမြိန်သည့်အနံ့ နေရတယ်ဆိုတာကို သတိပြုမိလိုက်သည်။ 

 

 ဟင်? 

 

နှာခေါင်းကနေ ရှဲ့ရူဟန်ကအသက်ကို ပြင်းပြင်းရှူ ကြည့်လိုက်တော့ လေက တကယ်ကို ချိုမြိန်နေတယ်ဆိုတာကို သတိပြုမိလိုက်သည်။ 

 

ထူးဆန်းတဲ့ လတ်ဆတ်တဲ့ ချိုမြိန်မှုမျိုးနဲ့ပေါ့


သူက အနံ့ရဲ့ ရင်းမြစ်ကို လိုက်သွားလိုက်ရာ ထန်းပိုင်က သူ့ကို ပေးခဲ့တဲ့ ထမင်းဘူးတွင် အဆုံးသတ်သည်။ ရှဲ့ရူဟန်က အဖုံးကို စမ်းသပ်သည့်သဘောနဲ့ ဖွင့်လိုက်တော့.. 

 

ပြင်းထန်လတ်ဆတ်တဲ့ ရနံ့က မျက်နှာကိုရိုက်ခတ်လာပြီး လူတိုင်းရဲ့ မျက်နှာမှာ အံ့သြမှုတွေ ပေါ်လာကြသည်။ ရှဲ့ရူဟန်တောင် ခဏလောက် အတွေးထဲမှာနစ်သွားမိသည်။ 

 

သူက သေးငယ်တဲ့ လေလုံဘူးထဲမှာ ခရု၊ ပင်လယ်သခွားသီး၊ သမင်အကြောများ၊ ဝက်သားသုံးထပ်သားနှင့် ငုံးဥ၊ ဘဲကလီစာများအား အနည်းငယ်စီ ထည့်ထားသည်ကို မြင်လိုက်ရသည်။ 

 

သူက တခြား ပါဝင်ပစ္စည်းတွေကို မသိပေမယ့် ဟင်းရဲ့အချိုရည်များဖြင့် ပြည့်နေတဲ့ ပါဝင်ပစ္စည်းတွေက လုံးဝ နူးညံ့နေမည်ကို သိနိုင်သလို အရသာက စိတ်ကူးတာထက်ကို ပိုအရသာရှိမယ်ဆိုတာကိုလည်း ရှဲ့ရူဟန်က သေချာသေးသည်။ 

 

"ဘုရားရေ..ဒါက အရမ်းမွှေးတာပဲ...."  

 

ချိုးယန်ရဲ့ မျက်လုံးတွေက စကြဝဠာကို မြင်လိုက်ရသလို တောက်ပနေသည်။သူက တံတွေးကို မြိုချလိုက်ပြီး 

 

 

 

 

"မနာလိုလိုက်တာနော်..ရှဲ့ရူဟန်ကရုပ်ချောရုံတင်မဟုတ်ဘဲ ကံလည်းကောင်းတာပဲ!" 

 

...... 

 

အယ်လ်ဖာအုပ်စုတစ်စုက ဟင်းအနံ့ကို ရှူပြီး နောက်သူတို့အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ တစ်ယောက်ချင်းစီက ရှဲ့ရူဟန်ဘက်ကို ကြည့်ဖို့လည်ပင်းတွေကို ဆန့်ထုတ်လိုက်ကြကာ သူတို့ရဲ့ ပါးစပ်ထောင့်တွေက စိုစွတ်နေပြီး သူတို့ရဲ့ မျက်လုံးတွေက မနာလိုမှုတွေနဲ့ ပြည့်နေကြသည်။ 

"ပရီမီယံပင်လယ်စာကြက်သားဟင်း"  

 

ထန်းပိုင်ရဲ့ လက်တွေက နောက်ကျောမှာ ရှိနေပြီး သူ့ရဲ့မျက်လုံးထောင့်တွေမှာ ဂုဏ်ယူမှုတွေအပြည့်နဲ့ ရင်ဘတ်ကလေးကို ပုတ်လိုက်သည် 

 

 "မွှေးတယ်မဟုတ်လား" 

 

အဲ့လို ဂုဏ်ယူပြတဲ့ အမူအရာလေးက ရှဲ့ရူဟန်ကို အသည်းယားသွားစေပြီး သူ ခေါင်းမညိတ်ဘဲမနေနိုင်ပေ။ 

 

"ရှဲ့ကော ရှဲ့..!!"  

 

သွားရည်များကျနေတဲ့ အယ်လ်ဖာအုပ်စုတစ်စုက ဝင်ရောက် ပြောဆိုလာကြသည်။ သူတို့မှာအမြီးသာရှိရင် လှုပ်ခါနေလောက်လေပြီ 

 

 

 "ထမင်းတစ်နပ်ရဲ့ ကျေးဇူးကို မမေ့ဘူး‌လေ..နောက်တစ်ခေါက် ခေါင်းဆောင်ကို ရွေးတဲ့အခါ မင်းကို သေချာပေါက် မဲပေးမယ်!" 

 

 "ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်.. ငါက ဟင်းချိုတစ်ငုံလောက်သာရရင် ရှဲ့ကောကို မဲပေးမယ် အားလုံးရောသဘောတူကြတယ်မလား" 

 

ရှဲ့ရူဟန်က တုံ့ဆိုင်းခြင်းမရှိဘဲ ထမင်းဘူးအဖုံးကို ပိတ်လိုက်သဖြင့် လူအုပ်ဆီကနေ အော်ဟစ်သံတွေ ထွက်လာသည်။ 

 

"မလုပ်ပါနဲ့ "  

 

"မင်းက အိုမီဂါလေးရှေ့မှာတောင် သေးသိမ်နေရလားပဲ" 

 

 "တစ်ကိုက်လေးပဲလေ" 

 

ထန်းပိုင် ဒီအယ်လ်ဖာတွေက တစ်ကိုက်ကိုက်ဖို့ပင် အမျိုးမျိုးသော လှည့်ကွက်တွေကို သုံးနေတာကို ကြည့်ပြီး အရယ်ရပ်မရတော့ပေ။ 

 

ဆူညံနေတဲ့ အယ်လ်ဖာတွေက ထန်းပိုင် ပြုံးတာကို မြင်တော့ အပြုအမူများ အေးခဲသွားကြသည်။ သူတို့ရဲ့ ကြောင်သွားတဲ့ အကြည့်တွေက သူတို့ဘယ်လောက်အထိ လွန်လွန်ကျုးကျုးပြောခဲ့ကြလည်း နားလည်သွားသည့်ပုံများ ရှိနေရာ ထန်းပိုင်က သူ့ရဲ့ အပြုံးကိုရပ်လိုက်ပြီး လေးနက်တဲ့ မျက်နှာလေးနဲ့ မေးလိုက်သည်။ 

 

"မင်းတို့ ခုနက ပြောခဲ့တာတွေကို တကယ်လား ဟင်းချိုတစ်ငုံလောက် ပေးရင် ရှဲ့‌ကောကို မဲပေးမယ်ဆိုတာ" 

 

"မင်းတို့ မပြောရင် ငါက အတည်ယူလိုက်မှာ‌..နောက်တစ်ခေါက် ငါက ဟင်းချိုအိုးကြီးတစ်လုံး ချက်ရင် မင်းတို့နဲ့ မင်းတို့ရဲ့ မဲတွေ ဘယ်သူမှလွတ်မြောက်နိုင်မှာ မဟုတ်ဘူး!"  

ထန်းပိုင်က ပြောလိုက်ပြီး 

"မင်းလည်းမဲထည့် ပြီးတော့ မင်း မင်း ..." 

 

တစ်ယောက်ချင်းစီကို သူ့ရဲ့ လက်ညှိုးနှင့်လိုက်ထိုးရာ ကုထူနန်ဆီ ရောက်တဲ့အခါ ထန်းပိုင်ရဲ့ လှုပ်ရှားမှုတွေက ရပ်တန့်သွားသည်။ 

 

အဲဒီ မီးခိုးပြာရောင် မျက်လုံးတွေက ဘယ်လောက်ကြာကြာများသူ့ကို ကြည့်နေခဲ့လဲ မသိပေမယ့် သူတို့ထဲမှ ခံစားချက်တွေက တည်ငြိမ်တဲ့ ပင်လယ်အောက်က မှောင်မိုက်ကာ ပေါက်ကွဲတော့မယ့် လှိုင်းတစ်ခုလို အခြေအနေမှာ ရှိနေ၏။ 

 

ဒါက..,,မနာလိုဖြစ်နေတာလား 

ထန်းပိုင်က ကုထူနန်ကို အနည်းငယ် ကြောက်ရွံ့စွာ ကြည့်လိုက်သည်။ သူက ပထမဇာတ်လိုက်ရဲ့ရှေ့မှာ ဒုတိယဇာတ်လိုက်က သူ့ကို တိုက်ခိုက်လိုက်မှာကို ကြောက်ရွံ့မိသည်။ ပထမဇာတ်လိုက်ကလည်း မကြိုက်မှာ သေချာသည်။ 

ဒါပေမယ့် ငါက မင်းအတွက်လည်း ကောင်းတာကို လုပ်နေတာကွ... ဘာလို့ မင်းက ငါက မင်းကို သစ္စာဖောက်တဲ့ အမူအရာမျိုးနဲ့ ကြည့်နေရတာလဲ... ငါတို့က သူငယ်ချင်းကောင်းတွေပဲလေ ...မင်းက နောက်ပိုင်းမှာ အမှန်တရားကို သိရင် ငါ့ကိုကျေးဇူးတင်မှာ! 

ထန်းပိုင်က သုံးစက္ကန့်အတွင်း သူ့ကိုယ်သူ အပြည့်အ၀ တည်ငြိမ်အောင် လုပ်လိုက်ပြီး သူ့ရဲ့ သေးငယ်တဲ့ လက်ညှိုးကို ယဉ်ကျေးစွာ ပြန်ရုပ်သိမ်းပြီး ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ကာ ရှဲ့ရူဟန်ဘေးကို ရောက်လာသည်။


"သွားကြစို့~" 

 

ထို ပယင်းရောင်မျက်လုံးတွေထဲက အနည်းငယ်မျှသော ခံစားချက် အပြောင်းအလဲကိုတောင် မျက်ခြေမပြတ်တဲ့ ကုထူနန်ရဲ့..မျက်လုံးသူငယ်အိမ်တွေက ရုတ်တရက် ကျုံ့သွားရ၏။ 

အပြစ်ရှိနေသလို ခံစားနေရာကနေ တစ်ခုခုခိုင်မာသွားတဲ့ ခံစားချက်နဲ့ သူ့ကိုမနာလိုအောင် အသုံးချနေတဲ့သူဆီကို လျှောက်သွားတာက အခုရေပန်းစားနေတဲ့.. ဇနီးသည်တွေသုံး‌တဲ့အကွက်ဆိုတာပဲ... 

 

ကုထူနန် နားလည်သွားပြီ! 

 

အဲဒီ အဓိပ္ပါယ်ရှိပြီး ခိုင်မာလှတဲ့ အကြည့်လေးက "မင်းအပေါ်မှာ မူတည်တယ်" လို့ ပြောခဲ့တာ ဖြစ်ရမယ်... 

 

ကောင်းကောင်းပြုမူရင် ဆုလာဘ်အနေနဲ့ရနိုင်မယ်... 

 အပြုအမူညံ့ရင် ဒီကောင်လေးကအလျှော့ပေးမှာမဟုတ်ဘူး... 

 

အဖိုးပြောတာ မှန်တာပဲ အိုမီဂါကိုလိုက်ရတဲ့ လမ်းက ရှည်တယ်။ သူက ဆက်ကြိုးစားသင့်တယ်... 

 

အရာအားလုံးကို ကြည့်နေတဲ့ ရှဲ့ရူဟန်: "......?" 

 

ဘာလို့ မျက်လုံးချင်းဆုံနေတာလဲ...ငါ မကြားနိုင်တဲ့ဟာ တစ်ခုခုများရှိ‌တာလား ဘာတွေလဲ..

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment