no
Chapter 19
"ဆယ်မိနစ်နားချိန်!"
သင်တန်းဆရာရဲ့အမိန့်နဲ့အတူ မတ်တပ်ကြီးရပ်နေကြတဲ့ အယ်လ်ဖာတွေက ချက်ချင်းပဲ မြေကြီးပေါ်၌ထိုင်ကာ အနားယူကြသည်။
ဒီနေ့က စစ်ရေးလေ့ကျင့်မှုရဲ့ တတိယမြောက်နေ့ဖြစ်ပြီး ရှဲ့ရူဟန်တစ်ယောက်ကလွဲရင် အယ်လ်ဖာအများစုက အသားတွေမည်းကုန်ကြပြီဖြစ်သည်။
လုလုက ရှဲ့ရူဟန်သုံးတဲ့ နေရောင်ကာခရင်မ်ကို မြင်ပြီး ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။
"ဒီတံဆိပ်ကို ငါ့အစ်ကိုလည်း သုံးတယ်.. လက်သည်းခွံလောက်လေးကို ညှစ်ထုတ်ပြီး ပွတ်လိမ်းတာပဲ"
"မင်းအစ်ကိုလည်း.........ခေတ်မီသားပဲ”
ချိုးယန်က မူလက “အိုမီဂါကျနေတာပဲ”လို့ပြောချင်ပေမယ့် ရှဲ့ကောက သူ့ရှေ့မှာ နေရောင်ကာခရင်မ် လိမ်းနေတာကို တွေ့လိုက်ရတာမို့ ပြောင်းပြောလိုက်သည်။
"ငါ့အစ်ကိုက အိုမီဂါလေ" လုလုက ပြန်ဖြေလိုက်သည်။
"လုလု မင်းမတရားဘူး မင်းမှာအိုမီဂါအစ်ကိုရှိတာကို ဘာလို့ ငါတို့ကို မပြောတာလဲ!"
"ဟုတ်တယ်!"
"ဖယ် ဖယ် ဖယ် ဖယ်"
လုလုက အသံမာမာနဲ့ ပြောလိုက်သည်။
"မင်းတို့ ငါ့အစ်ကိုကို မလိုက်ကြနဲ့..ကျင့်ဝတ်အတန်းမှာ အိုမီဂါတွေရှိနေတာလေ မင်းတို့အရမ်းအထီးကျန်နေရင် ကိုယ့်ဘာသာကိုယ်ရှာကြ..."
ကျင့်ဝတ်သိက္ခာအကယ်ဒမီရဲ့ အိုမီဂါတွေဆိုပြီးပြောလိုက်တာနဲ့ အယ်လ်ဖာအုပ်စုက ရုတ်တရက် တိတ်ဆိတ်သွားကြသည်။
အားပေးတဲ့အဖွဲ့တွေက စစ်ရေးလေ့ကျင့်မှုရဲ့ ပထမဆုံးနေ့နဲ့ နောက်ဆုံးနေ့မှာပဲ ရှိနေပေမယ့် ဒီအယ်လ်ဖာအုပ်စုအပေါ်မှာ သက်ရောက်မှုကြီးမားခဲ့သည်။
ခဏအကြာမှာ အယ်ဖာတစ်ယောက်က ထန်းပိုင်အကြောင်းကို စပြောလိုက်သည့်နောက် အယ်လ်ဖာအများအပြားထံမှစကားများထွက်လာသည်။
"ထန်းပိုင်ဆိုတဲ့ အိုမီဂါလေးက တကယ်ကို ချစ်ဖို့ကောင်းတယ်. …ရုပ်ရည်လေးလည်းကောင်းတယ်.. အသံကလည်းကောင်းတယ်..စိတ်ဝင်စားစရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးပါရှိသေးတာကွ လုံးဝကို ငါ့ရဲ့အိပ်မက်ထဲက အိုမီဂါလေးပဲ"
"ဟုတ်တယ်... ငါလည်းသူ့ကိုချိန်နေတာ"
"သူ့ရဲ့ ဖယ်ရိုမုန်းတွေက ဘယ်လိုအနံ့ရှိလဲ သိချင်လိုက်တာကွာ..တစ်ခါလောက်လေးပဲရှုကြည့်ချင်တယ်"
"အိုး..ငါတော့သူ့ကို မလိုက်ရဲပါဘူး..သူ့မိသားစုနောက်ခံက အရမ်းကောင်းတာ.. သူသာ သာမန်အိုမီဂါတစ်ယောက် ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ"
"ငါ့ရဲ့ အိပ်မက်က သူ့လို အိုမီဂါတစ်ယောက်ကို ဇနီးအဖြစ်ရနိုင်ဖို့ပဲ..မြက်ခြောက်ပဲစားပြီး ငါ့ရဲ့ လစာအားလုံးကို သူ့ကိုပဲအပ်မယ်.. ပြီးရင်သူ့ကို တစ်သက်လုံး ချစ်သွားမယ်!"
"ထန်းပိုင်က ငါတို့ရဲ့ မက်ချာဌာနကို စိတ်ဝင်စားတယ်ထင်တယ်... သူက မက်ချာဌာနရင်ပြင်မှာ ပန်းနှစ်ခါတောင်ကျဲလိုက်တာ"
အယ်လ်ဖာတစ်ယောက်ကလေသံတိုးတိုးနှင့်ပြောလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ငါလည်း အဲ့ဒါကိုပြောချင်တာ တိုက်ရိုက်ထုတ်လွှင့်မှု ကိုပြန်ကြည့်တော့လေ.. ငါတို့ဌာနကို မျက်စိမှိတ်ပြသွားတာကို သတိထားမိတယ်ကွ!!!"
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ထန်းပိုင်ရဲ့ ဗီဒီယိုအပိုင်းများကို ထပ်ခါထပ်ခါ ကြည့်နေတဲ့ ရူးကြောင်ကြောင်လူတစ်ယောက်က ပြောလိုက်သည်။
ထန်းပိုင်က ရှဲ့ရူဟန်ကို ထမင်းဘူးတွေ ပို့ပေးနေခဲ့တာကို သိတဲ့ ချိုးယန်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
"ကိုယ့်ကိုကိုယ် အရမ်းအထင်မကြီးနဲ့..ငါတို့ဌာနထဲမှာ အချောဆုံးဆိုတဲ့သူက ဘယ်သူလဲဆိုတာကို မျက်လုံးနဲ့ ကြည့်စမ်းပါ..ရှဲ့ကောကလွဲရင် ဘယ်သူရှိနိုင်မှာလဲ!"
ချိုးယန်ကလည်း ရှဲ့ရူဟန်ကို မျက်နှာချိုသွေးပြီး ကြည့်လိုက်သည်။ အစက ရှဲ့ရူဟန်ဆီက ဘာတုံ့ပြန်မှုမှ မမျှော်လင့်ခဲ့ပေ။ အကြောင်းကတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က အိုမီဂါအများအပြားက ရှဲ့ရူဟန်နှင့် ဆက်သွယ်ရန် အချက်အလက်များကို တောင်းခဲ့ကြသော်လည်း ရှဲ့ရူဟန်က ထိုအိုမီဂါများ အားလုံးကို ငြင်းပယ်ခဲ့သည်။
အဲ့ဒီဖီးနစ်မျက်လုံးများထံမှ သူ့ကို.. မှန်ကန်ကြောင်း အတည်ပြုသလိုအကြည့်နဲ့ ရှဲ့ရူဟန်က ပြန်ကြည့်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးလေ!
ချိုးယန်က ပထမဆုံးအကြိမ် အောင်မြင်စွာ မျက်နှာချိုသွေးခြင်းပြီးနောက် မျက်ရည်များပင်ကျချင်လာလေသည်။ သူက ရွှေပေါင်လုံးကို ဖက်တွယ်ရန် နည်းလမ်းမှန်ကို ရှာဖွေတွေ့ရှိခဲ့ရုံသာမက သူ့ရဲ့အနာဂတ် ခယ်မလောင်းက ဘယ်သူဖြစ်လာမလဲဆိုတာကိုလည်း ခန့်မှန်းနိုင်ခဲ့တယ်လို့ ခံစားမိလိုက်သည်။
အယ်လ်ဖာတစ်ယောက်က ခေါင်းကိုကုတ်လိုက်ပြီးပြောသည်။
"ဟုတ်တယ်နော်..ထန်းပိုင်က ငါတို့ရဲ့ ရှဲ့ကောကို စပီကာတောင် ပေးလိုက်သေးတယ်"
အယ်လ်ဖာတွေက သူတို့ရဲ့ မျက်နှာအသွင်အပြင်ကို များသောအားဖြင့် ယုံကြည်မှု အလွန်ရှိကြပေမယ့် ရှဲ့ရူဟန်ရဲ့ ရုပ်ရည်ကတော့ တကယ့်ကို ပို၍ သာလွန်မှန်းသိရှိကြလေသည်။ ထန်းပိုင်က ရှဲ့ရူဟန်ကို စကားပြောနိုင်ဖို့ စပီကာကို ပေးခဲ့တယ်လို့ တွေးမိတဲ့အခါ မောပန်း၍ ချွေးများ ထွက်နေကြတဲ့ အယ်လ်ဖာအုပ်စုထဲက သံပရာရနံ့(မနာလိုမှု)တွေ ထွက်လာကြသည်။
ကုထူနန်မှလွဲ၍ အခန်းထဲက အယ်လ်ဖာအားလုံးနီးပါးက ရှဲ့ရူဟန်ကို မနာလိုတဲ့မျက်လုံးများနဲ့ ကြည့်နေကြသည်။ သူ့ရဲ့ မျက်မှောင်ကြုတ်ထားတဲ့ မျက်နှာပေးနဲ့ မီးခိုးပြာရောင် မျက်လုံးတွေက မုန်တိုင်းမစသေးသော ကောင်းကင်နဲ့ တူနေသည်။
ထိုအိုမီဂါလေးက သူ့ရဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်းဆိုတာ မသိသာဘူးလား။ ဒီအယ်လ်ဖာတွေက သူ့ရဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်းကို တပ်မက်နေတာနဲ့တင် မပြီးသေးဘူး။ သူတို့က ရှဲ့ရူဟန်နဲ့ ထန်းပိုင်ကို စုံတွဲအဖြစ်တောင် ပြောနေကြသေးတယ်လား...
ထန်းပိုင်က သူ့နဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်သည်ဆိုသော အချက်ကိုဝောာ့ ဒေါသထွက်နေတဲ့ ကုထူနန်က မသိစိတ်ကနေ လျစ်လျူရှုထားလေသည်။
ကုထူနန်က သူ့ကိုယ်သူဂုဏ်ယူပုံရနေတဲ့ ရှဲ့ရူဟန်ကို မကြည့်ဖို့ကြိုးစားခဲ့သည်။ ဒါပေမယ့် ဘေးကနေမီးကို လောင်စာထပ်ထည့်ပေးနေတဲ့ အယ်လ်ဖာတစ်ယောက်ကရှိနေသည်။
"ရှဲ့ကောလို အယ်ဖာမျိုးကပဲ ထန်းပိုင်လိုမျိုး သေးငယ်တဲ့ ငရုတ်ချိုတောင့်မျိုးလေးကို ကိုင်တွယ်နိုင်မှာပေါ့..သူကအရမ်းမိုက်တာကွ ငါတို့ကတော့--"
"သူက နည်းနည်းလေးတော့ ထိန်းရခက်တယ်"
ကုထူနန်က ရုတ်တရက် အသံထွက်လာသည်။ သူ့ရဲ့ အမူအရာက တည်ငြိမ်သလို သူ့ရဲ့ အသံကတည်ငြိမ်သည်။ သူ့ရဲ့ တစ်ကိုယ်လုံးက အရေးကြီးသည့်ပညာရပ်ဆိုင်ရာ အစီရင်ခံစာတစ်ခုကို ဖတ်နိုင်လောက်တဲ့အထိ တည်ငြိမ်နေသည်။
ဒါပေမယ့် ကုထူနန်ကိုယ်တိုင်ပဲ သူ့ရင်ဘတ်ထဲမှာ မကောင်းဆိုးဝါးသဖွယ် မီးတောက်တစ်စုံ လောင်ကျွမ်းနေသည်ကို သိလေသည်။ အဲ့မီးတောက်မှာ သူ့ရဲ့ စိတ်ကို လောင်ကျွမ်းနေ၍ မည်သို့မျှ တည်ငြိမ်အောင် မလုပ်နိုင်ပေ။
"သူက အလိုလိုက်ခံထားရလို့ အရမ်းကလေးဆန်တယ်.. အစားလည်းရွေးတယ်.. စိတ်လည်းအရမ်းကြီးတယ်.. နည်းနည်းဆိုးချင်ပေမယ့်..နူးညံ့သိမ်မွေ့တယ်..ပြီးတော့ နို့ကို မြန်မြန်သောက်ပြီး သီးတတ်သေးတယ်..သူက လှပတဲ့ ဝတ်စုံတွေနဲ့ လက်ဝတ်ရတနာတွေကို ကြိုက်တယ်..ဂီတပြဇာတ်တွေကို နားထောင်ရတာ ကြိုက်တယ် သူ ကြိုက်တာတွေက..."
ထန်းပိုင်နဲ့အတူ ဖြတ်သန်းခဲ့တဲ့ မြင်ကွင်းတစ်ခုပြီးတစ်ခုက သူ့စိတ်ထဲကို ရောက်လာ၏။ သူက တကယ်ကို အဆင်အခြင်မရှိတဲ့ အိုမီဂါတစ်ယောက်ပဲ။ သူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုမှာ သူ့ရဲ့ အိမ်ထောင်ဖက်ရွေးချယ်မှုကို ကြားပြီးနောက် လက်ချောင်းတွေကို ချိုးပြီး ဘာမှ မတွန့်ဆုတ်ဘဲ သူ့ရဲ့ အိမ်ထောင်ဖက်ရွေးချယ်မှုကို မစာမနာပြောခဲ့သည်။
-- "ငါက နူးညံ့သိမ်မွေ့ပြီး စာနာတတ်တဲ့ အယ်လ်ဖာတစ်ယောက်ကို လိုချင်တာ..ငါ့ကို ဒေါသမထွက်ဖို့..ငါ့ကို ဆူပူစကားတစ်ခွန်းမှ မပြောဖို့..ငါ့ကို ညစ်ပတ်တဲ့အလုပ်တွေ မလုပ်ခိုင်းဖို့..ငါ့ကို တစ်ယောက်တည်း မထားခဲ့ဖို့..ကောင်းတဲ့ အစားအစာတွေ..ပျော်စရာတွေနဲ့ ကြည့်ကောင်းတဲ့အရာတွေအားလုံးကို ငါ့အတွက် ပေးဖို့..တစ်သက်လုံး ငါ့ကို ချစ်မြတ်နိုးပြီး ကာကွယ်ပေးဖို့ အဲ့အချက်တွေရှိဖို့လိုတယ်"
သူက ရှည်လျားတဲ့ စာရင်းကို အဆုံးသတ်ပြီးတာနဲ့ သူ့ခွက်ထဲက နို့ကို အငမ်းမရ သောက်လိုက်သေး၏။ ပြီးတော့လည်း မြန်မြန်သောက်လိုက်တာကြောင့် နှုတ်ခမ်းမှာ နို့အစွန်းအထင်းတွေ ဝိုင်းနေသေးတာ...
သူတို့က ခရီးအတူတူ သွားခဲ့ကြတယ်..လမ်းမှာ မိုးတွေ သည်းစွာရွာနေခဲ့တော့ အဲဒီအိုမီဂါလေးက ရွှံ့နဲ့ ရေတွေ မစိုရအောင် သူ့ရဲ့ ဖိနပ်အသစ်တွေကို ချွတ်လိုက်ပြီး လမ်းတစ်လျှောက်လုံး ဝမ်းနည်းတဲ့ပုံလေးနဲ့ပြောသေးတာ...
"ကုထူနန်ရေ ...ငါ့ခြေထောက်တွေကမြက်တွေနဲ့ ရှသွားတာ ဖြစ်ရမယ်သိလား နာနေတယ်"
"ဒါက မင်းရဲ့ အမှားလေ မင်းသာ နောက်မကျရင် ဂီတပြဇာတ်ကို ကြည့်ရမှာကို မင်း ကနောက်ကျသွားတာ"
ညည်းညူနေတဲ့ အိုမီဂါလေးက ရုတ်တရက် ရပ်တန့်လိုက်ကာ သူ့ဘေးက ရေအိုင်ကို ခြေဗလာနဲ့ နင်းလိုက်ပြီး ပြုံးရယ်ကာထွက်ပြေးမသွားခင် သူ့ကို ရွှံ့ရေတွေနဲ့ ပက်လိုက်သေးတယ်...
"ငါ မင်းနဲ့ မကစားတော့ဘူး..မင်းဘာသာမင်း ဆက်သွားတော့~"
အမြဲတမ်းခုန်ပေါက်နေလေ့ရှိတဲ့ အိုမီဂါလေးက ပြုံးတဲ့အခါ မျက်လုံးတောက်တောက်လေးတွေနဲ့အတူ ချိုမြိန်ပြီးနူးညံ့တဲ့ အသံလေးကလည်း သူ့ရဲ့မှတ်ဉာဏ်တွေထဲမှာ အသက်ဝင်လာကြသည်။
သူ စားဖို့ ထမင်းဘူး လုပ်ပေးခဲ့တဲ့ အိုမီဂါ သူ့ကိုပေးဖို့ စာအုပ်ယူလာခဲ့တဲ့အိုမီဂါ "ကုထူနန် မင်း ရင့်ကျက်တော့" လို့ ပြောတဲ့အိုမီဂါ..
နောက်ဆုံး စင်ပေါ်မှာ အသံချဲ့စက်ကို ကိုင်ထားတဲ့ အိုမီဂါလေးကို မြင်ယောင်မိပြီး အတွေးများ တည်ငြိမ်သက်သွားသည်။ သူက ချင်းကျွင်ကို အေးစက်စက်အသံနဲ့ အော်ဟစ်နေသည်။သူ့ရဲ့ မျက်နှာက ဘုရားသခင် နမ်းရှိုက်ထားခြင်းခံရသလို အရမ်းလှပလွန်းပြီး သူ့ရဲ့ ဆံပင်မျှင်တွေကတောင် အလင်းများဖြင့်တောက်ပနေပုံရသည်။
ကုထူနန်က ခဏလောက် ရပ်သွားပြီး ညင်သာသည့်အသံနဲ့ပြောလိုက်သည်။
"ဒါပေမယ့် သူက လွတ်လပ်ပြီး ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ အိုမီဂါကောင်းတစ်ယောက်ပါ"
အယ်လ်ဖာများ: "????"
အယ်လ်ဖာတစ်ယောက်က မမေးဘဲမနေနိုင်တော့..
"မင်းက ထန်းပိုင်ကို အရမ်းသိနေပုံရတယ်နော်.."
ကုထူနန်က တည်ငြိမ်စွာပြောလိုက်သည်။
"ငါက သူ့ရဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်း မို့လို့လေ"
အယ်လ်ဖာများရဲ့ မျက်လုံးတွေက အံ့သြတုန်လှုပ်စွာနဲ့ ပြူးကျယ်သွားကြပြီး ကုထူနန်ကို မယုံနိုင်စွာ ကြည့်လိုက်ကြသည်။
ကုထူနန် အရင်က ထန်းပိုင်ကို သဘောမကျခဲ့ဘူး။ ပြီးတော့လည်း ထန်းပိုင်နဲ့ သူ့ရဲ့ ပတ်သက်မှုကို သူ့ရဲ့အတန်းဖော်တွေကို ဘယ်တော့မှမပြောပြခဲ့ဖူးဘူးပေ။ ဒါ့အပြင် သူတို့က ကျောင်းကို ခုမှစစတက်တာဖြစ်ပြီး အတန်းဖော်တွေက သူ့အကြောင်းကို သိပ်မသိကြသေးသည့်အတွက် ကုထူနန်ရဲ့ စကားတွေက လူတိုင်းအတွက် ပေါက်ကွဲစေတဲ့ ဗုံးအကြီးကြီးတစ်လုံး ကျသွားသလိုပင်ဖြစ်သည်။
ချိုးယန်က အတည်ပြုဖို့အတွက် ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောလိုက်သည်
ငါ့ရဲ့ ရှဲ့ကောကရော ဘာလဲ?
ကုထူနန်က လူအုပ်ရဲ့ အံ့သြတုန်လှုပ်နေတဲ့ အကြည့်တွေ၊ အထူးသဖြင့် ရှဲ့ရူဟန်ရဲ့ မျက်နှာပျက်သွားတဲ့ အမူအရာကို ကြည့်ပြီးနောက် သူ့ရင်ဘတ်ရှိ အုံကြွနေသည့်အရာများက ငြိမ်သက်သွားပေသည်။ ကုထူနန်က မျက်ခုံးပင့်ပြီး ဂရုမစိုက်သလိုပုံဟန်ဆောင်ကာ ခေါင်းညိတ်လိုက်သည်။
"လွန်ခဲ့တဲ့တစ်ခေါက်က သူက ငါတို့ရဲ့ ကျောင်းစားသောက်ဆိုင်ကိုတောင် လာပြီး သူကိုယ်တိုင်လုပ်ထားတဲ့ ထမင်းဘူးကို ပေးခဲ့တာလေ ငါကမလိုချင်လို့ သူ့ကစိတ်ဆိုးသွားတာ"
မီးခိုးပြာရောင် မျက်လုံးများက ရှဲ့ရူဟန်ကို ကြည့်ပြီး ကုထူနန်က ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။
"သူကစိတ်ဆိုးပြီး ငါ့ကိုမနာလိုဖြစ်အောင်တောင် အယ်လ်ဖာတစ်ယောက်နဲ့ စကားပြောခဲ့သေးတာ"
ရှဲ့ရူဟန်: "......"
အမှန်တရားကို မသိတဲ့ အယ်လ်ဖာတစ်ယောက်က ညည်းညူလိုက်သည်။
"အဲဒါက တော်တော် မဆင်မခြင်နိုင်တာပဲ..စေ့စပ်ထားတဲ့ သတို့သားလောင်းရှေ့မှာ တခြားအယ်လ်ဖာတစ်ယောက်နဲ့ ဘယ်လိုများ စကားပြောနိုင်တာလဲ"
ရှဲ့ရူဟန်: "............"
ရှဲ့ရူဟန်ရဲ့ မျက်နှာ မည်းမှောင်သွားပြီး ဖီးနစ်မျက်လုံးတွေထဲမှာ လူသတ်ချင်တဲ့ အငွေ့အသက်တွေ ရှိနေတာကို မြင်တော့ ချိုးယန်က နာကျင်စွာ ခေါင်းကို ငုံ့လိုက်သည်--
တော်ပါတော့..တော်ပါတော့..အားလုံးကို ဆက်မပြောကြဖို့တားပေးပါတော့ ထန်းပိုင်က ကုထူနန်ရဲ့ သတို့သားလောင်းဆိုတာနဲ့တင် ရှဲ့ကောရဲ့ မျက်နှာက အရမ်းပျက်နေပြီလေ မြင်းစောင်းကမြင်းကို ဇက်ကြိုးလွတ်အောင် မလုပ်ကြပါနဲ့တော့..
"ဒါဆို လွန်ခဲ့တဲ့တစ်ခေါက်က ထန်းပိုင်က မင်းကို လျစ်လျူရှုသွားတာကလည်း သူ စိတ်ဆိုးနေသေးလို့လား"
တစ်ခါမှ ချစ်သူမရှိဖူးတဲ့ အယ်လ်ဖာတစ်ယောက်က သူ့ဆီကနေ ပြန်သင်ယူချင်တဲ့သဘောထားနဲ့ မေးလိုက်သည်။
ကုထူနန်က အရှက်မရှိစွာ ခေါင်းညိတ်လိုက်သည်။
"စိတ်ဆိုးနေတုန်းပဲ... စိတ်တိုနေတုန်းဆိုတော့လည်း မတတ်နိုင်ဘူးလေ"
ရှဲ့ရူဟန်: "........"
ချီးလား ဘာတွေပြောနေတာလဲ ဘာတွေလဲ!
ဘာတွေလဲကွာ!
သူ့ရဲ့ ဖြူဖျော့ချောမောလှတဲ့ မျက်နှာပေါ်က အမူအရာက အလွန်သိသာလာပြီး ထိုဖိနှိပ်မှုတွေကြောင့် တစ်ချက်ကြည့်ရုံနဲ့ လူတွေရဲ့ နှလုံးခုန်နှုန်းကို မြန်စေနိုင်သည်။ ပိုပြီး ကြောက်စရာကောင်းတာက ထိပ်တန်းအယ်လ်ဖာတစ်ယောက်ရဲ့ ဖိအားဟာ ရူးသွပ်တော့မယ့် အခြေအနေကို ရောက်နေပြီ ဖြစ်ကာ ကျန်ရှိနေတဲ့ အငွေ့အသက်တွေက ဖြည်းညှင်းစွာ ပျံ့နှံ့ထွက်လာတာကြောင့် ရှဲ့ရူဟန်နဲ့ အနီးဆုံးဖြစ်တဲ့ ချိုးယန်က ကြောက်ရွံ့တုန်လှုပ်နေပြီဖြစ်သည်။
ကုထူနန်က သက်တောင့်သက်သာပုံစံနဲ့ အဓိပ္ပါယ်ရှိရှိ ပြောလိုက်သည်။
"စေ့စပ်ထားတဲ့ သတို့သားလောင်းဆိုတော့ တစ်ယောက်ကိုတစ်ယောက် ပိုပြီး သည်းခံသင့်တယ်လေ သူနဲ့ငါက လိုက်ဖက်ညီတဲ့အပြင်.. ငါတို့ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက်ကလွဲရင် လိုက်ဖက်မယ့် တခြားဘယ်သူ့ကိုမှ မတွေ့နိုင်ဘူး"
ရှဲ့ရူဟန်ရဲ့ နှလုံးသားထဲက ရန်လိုမှုဟာ ထိန်းချုပ်မရတဲ့ ဓားသွားတွေ ပြိုကျလာသလိုပင် သူ၏စိတ်နှလုံးသားအတွင်းကအဆုံးမရှိ သားရဲအား အပျက်ပျက်နဲ့သွေးထွက်လာစေသည်။
ထန်းပိုင်ရဲ့ မျက်နှာကို တွေးလိုက်ပြီးနောက် လက်ချောင်းတွေကို တဖြည်းဖြည်း ဆုပ်ထလိုက်သည်။ ရှဲ့ရူဟန်က အသက်ကို ပြင်းပြင်းရှူပြီး ခံစားနေရသော ဖိအားကို ဖယ်ရှားဖို့ ကြိုးစားလိုက်၏။
ရှဲ့ရှုဟန် မင်းက ဘာလို့များ ဒေါသထွက်နေရတာလဲ...ဒေါသထွက်ပိုင်ခွင့်ရှိနေလို့လား။
ထန်းပိုင်မှာ စေ့စပ်ထားတဲ့ သတို့သားလောင်းရှိတာ မင်းသိရဲ့သားနဲ့....
မင်းရဲ့ နှလုံးသားကို မင်း မထိန်းချုပ်နိုင်သေးဘူးပဲ...
မင်း ဒေါသထွက်သင့်တဲ့သူက မင်းကိုယ်တိုင်ပဲ! မင်းက ကိုယ်ကျင့်တရား ပျက်ပြားနေတာပဲ! တခြားသူတွေရဲ့ ဆက်ဆံရေးမှာ ဝင်ရောက်စွက်ဖက်ချင်တဲ့ အယ်လ်ဖာပဲ!
ရှဲ့ရူဟန် အတွေးထဲတွင် အပိုင်းနှစ်ပိုင်း ကွဲသွားပုံရကာ ဆင်ခြင်တုံတရားရှိတဲ့ အပိုင်းက သူ့ကိုယ်သူ တံတွေးထွေးပြီး ဆဲဆိုကာ နိုးထဖို့ ကြိုးစားနေသည်။
မေ့လိုက်တော့! သူက မင်းကို ကူညီပြီး အစားအစာတွေ ယူလာပေးရုံလေးနဲ့ မင်းမြောမနေနဲ့! မင်းနဲ့သူက ဘာဆက်ဆံရေးမှမရှိဘူး..သူ့ကိုသဝန်တိုတာတောင် မင်း ပေါ်ပေါ်တင်တင် မပြရဲဘူးမလား! တိတ်တိတ်ကလေးပဲ သဝန်တိုနေနိုင်တာလေ!
ဒါပေမယ့် အယ်လ်ဖာဗီဇပိုင်းက ဆင်ခြင်တုံတရားအပိုင်းထံကနေ လွတ်မြောက်လာပြီး ပြန်လှောင်လိုက်သည်။
ဒါက စေ့စပ်ထားတဲ့ သတို့သားလောင်းဖြစ်ရုံပဲလေ.. အမှတ်အသား လုပ်ထားတာလည်း မဟုတ်သလို၊ လက်ထပ်ထားတာ မဟုတ်ဘူး... "စေ့စပ်ထားတဲ့" ဆိုတဲ့ စကားလုံးတောင် မဖယ်ရှားရသေးဘူး... အဲ့တာလေးနဲ့ သူတို့မှာ လေးနက်တဲ့ ဆက်ဆံရေး ရှိနေတာလို့ ပြောလို့ရနိုင်လို့လား..
ကုထူနန်က မင်းကိုမနာလိုဖြစ်အောင်သုံးတဲ့ကိရိယာလေးသပ်သပ်ပဲလို့ ပြောရုံနဲ့ မင်းက တကယ်ပဲ ကိရိယာပဲလို့ ထင်နေတာလား..ကုထူနန်ကို တမင်တွဲပြတာဖြစ်နိုင်ပြီး မင်းကမှ အချစ်စစ် ဖြစ်နိုင်တယ်လေ!
ရှဲ့ရူဟန်ရဲ့ အတွေးအခေါ်အပိုင်းနှစ်ခုက တစ်ယောက်ကိုတစ်ယောက် ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး ခဏအတွင်း အနိုင်အရှုံး ခွဲခြားလို့ မဖြစ်နိုင်ပေ။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရှဲ့ရူဟန်က ဒီနေ့ စစ်ရေးလေ့ကျင့်မှု အဆုံးသတ်တဲ့အထိ စောင့်ပြီးတာနဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘာလဲဆိုတာ ထန်းပိုင်ကို တိုက်ရိုက် မေးဖို့ ဆုံးဖြတ်လိုက်တော့သည်။
There is No Eng Version