no

Chapter 6


အနာဂတ်မှာ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းမှ ရှဲ့ရူဟန်ရဲ့ ဆက်သွယ်ရေးမှတ်တမ်းကို စစ်ဆေးတဲ့အချိန်တွင် ပြဿနာ တစ်စုံတစ်ရာမဖြစ်စေဖို့အတွက် ထန်းပိုင်က ‘မင်းအိုမီဂါဆိုတာ ငါသိတယ်’ ဆိုတဲ့ အကြောင်းအရာမျိုးကို မဖော်ပြခဲ့ပေ။ သို့ပေမဲ့ စကားလုံးတွေနဲ့တော့ အရိပ်အမြွက် ဖော်ပြခဲ့သည်…။


စာအုပ်ထဲက ဇာတ်လိုက်က မက်ချာတိုက်ခိုက်ရေးသမားအဖြစ်ကနေ မက်ချာထုတ်လုပ်သူအဖြစ် ပြောင်းလဲထားရတဲ့ အကြောင်းကတော့ သူ(ထန်းပိုင်)ကြောက်‌လို့လေ… တစ်ယောက်ယောက်က သူရေးတဲ့ ဝတ္ထုကို မြင်ပြီး ရှဲ့ရူဟန်ရဲ့ လိင်အမျိုးအစားကို သံသယဖြစ်လာမှာကို သူစိုးရိမ်တယ်…


ဒီစာက ရှဲ့ရူဟန်ရဲ့ လျို့ဝှက်ချက်ကို သူသိနေကြောင်း ဖော်ပြချင်ရုံတင်မဟုတ်ဘူး သူနဲ့ ရှဲ့ရူဟန်က စိတ်တူကိုယ်တူ တစ်ဖက်ထဲကလူတွေ ဆိုတာကိုပါ ပြောပြချင်တာပင်။စာတစ်ခုလုံးက ရိုးစင်းပြီး အဓိကအချက်ကို ရှင်းရှင်းလင်း ဖော်ပြထားပြီး ရှဲ့ရူဟန် သူ့ကိုသံသယဝင်မှာကိုသာ ကြောက်မနေဘူးဆိုရင် သူ့ခေါင်းထဲမှာ တခြားအပို စာအုပ်တစ်အုပ်ရှိနေတယ်ဆိုတာကို သူဝန်ခံပစ်လိုက်မှာပင်…။


အချိန်တန်ရင်တော့ ရှဲ့ရူဟန်ကို အရာအားလုံး ပြောပြမည်…။


အခုကတော့ ရှဲ့ရူဟန်ပေါ်မှာပဲ မူတည်တော့သည်။ထန်းပိုင်က ရှဲ့ရူဟန်ဆီက ပြန်စာကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေခဲ့၏။


သန်မာပြီး နူးညံ့သိမ်‌‌မွေ့တယ်တဲ့လား…

နူးညံ့တာလား…

ရှဲ့ရူဟန် မျက်ခုံးပင့်လိုက်သည်။ တစ်ယောက်ယောက်က သူ့ကို နူးညံ့သိမ်မွေ့တယ်လို့ ပြောတာ သူ့ဘဝမှာ ပထမဆုံးပဲ…။


“အကိုရှဲ့ ဘာတွေကြည့်နေတာလဲ..?” 

ချိုးယန်က ရှဲ့ရူဟန်ရဲ့ ဒီလို အံ့အားသင့်နေတဲ့ အမူအရာကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ အဲ့ဒါကြောင့် အကြောင်းပြချက်ကို ဖော်ထုတ်ရန်အတွက် မိန်းမစိုးတစ်ယောက်လို ရိုရိုသေသေ မေးလိုက်သည်။


ရှဲ့ရူဟန် : “ငါက နူးညံ့သိမ်မွေ့တယ်လို့ မင်းထင်လား”


ချိုးယန် : …..?????


တကယ်ကြီးလား...မင်းရဲ့ ကိုယ့်ကိုယ်ကို ခံယူချက်‌တွေ သွေဖည်သွားတာလား အကို..သတိထားပါဦး  ကိုယ့်စိတ်ကိုယ် ထိန်းပါဦး..


ချိုးယန်ရဲ့ အတွေးတွေက သူ့မျက်နှာပေါ်မှာ အတိုင်းသားပေါ်နေ၏။ 

နူးညံ့သိမ်မွေ့တယ်လို့တောင် ပြောတယ်ဆိုတော့ ‌ဒီကောင်လေး သူ့ကို ဘယ်လောက်တောင် လေ့လာဆန်းစစ်ထားတာလဲ…

ရှဲ့ရူဟန်က သဘောတကျ ရယ်မောပြီး ဆက်ဖတ်လိုက်သည်။အိုမီဂါတွေရဲ့ ပုံစံခွက်ထဲရောက်နေတဲ့ အတွေးအခေါ်တွေကို ဖောက်ထွက်နိုင်ဖို့တဲ့လား…?

ဇာတ်လိုက်က အိုမီဂါတစ်ယောက်ဖြစ်ပြီး မက်ချာထုတ်လုပ်သူ တစ်ယောက် ဖြစ်လာဖို့ ဆန္ဒရှိတယ်တဲ့လား…?

ဒီဇာတ်လိုက်ဆိုတာက ကိုယ့်အကြောင်းကိုယ် ပြန်ရေးနေတာလား…


ရှဲ့ရူဟန်က ထန်းပိုင်ရဲ့စာကို ထူးဆန်းတဲ့ အမူအရာနဲ့ ဖတ်ပြီးနောက် ကြောင်ကလေးက ချစ်စရာကောင်းအောင် လုပ်ပြနေတဲ့ emoticon လေး၌ အဆုံးသတ်သွားသည်။


ထန်းပိုင်ရဲ့ စိတ်အားထက်သန်ပြီး ချစ်စရာကောင်းတဲ့ ပုံစံနဲ့ ထပ်တူညီစွာပဲ ကြောင်လေးက အလင်းချောင်းလေးကို ဝှေ့ယမ်းနေသည်။


ဒီစကား‌လုံးတွေက Emoticon ထဲကအတိုင်း အပြင်မှာပါ နူးညံ့သိမ်မွေ့လှတဲ့ အိုမီဂါလေးဆီက ထွက်လာတယ်ဆိုတာ တကယ်ကို မယုံနိုင်ပေ။ ပြီးတော့ ဒီလို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပုံစံမျိုးက သူ့ရဲ့သိချင်စိတ်ကို နှိုးဆွပေးနေ၏။

ထန်းပိုင်ပို့တဲ့ စာကို ပြန်ဖတ်ပြီး သူမပြုံးဘဲ မနေနိုင်ပေ။

နုံနုံအအလေးနဲ့ တကယ်ကို ချစ်စရာကောင်းတာပဲ…


ဒီလိုအကြောင်းအရာ‌မျိုးက ရိုးရိုးရှင်းရှင်း စဉ်းစားတတ်တဲ့ ကလေးတစ်ယောက်ဆီကနေသာ ထွက်လာနိုင်တာဖြစ်သည်။အိုမီဂါတွေကို ပုံမှန်အတွေးအခေါ်တွေကနေ ဖောက်ထွက်စေနိုင်တဲ့ ခွန်အားရအောင် ဝတ္ထုရေးမယ်ဆိုတဲ့ အတွေးကို အသာထားဦး သူ့စိတ်ကူးထဲက အကြံအစည်တွေကို ထိန်းချုပ်မထားဘဲ ရဲရဲကြီး ထုတ်ပြောလာတာနဲ့တင် သူဘယ်လောက် ရိုးသားပွင့်လင်းမှန်း သိသာလွန်းလှ၏။


သူသာ ဒီအိုမီဂါကို ဒုက္ခရောက်စေချင်ရင် ဒီအကြောင်းအရာတွေကို တစ်ဖက်လှည့်နဲ့ အပြင်ကိုထုတ်လိုက်ရုံနဲ့တင် ထန်းပိုင်ရဲ့ ဂုဏ်သတင်းကို ပျစ်စီးစေနိုင်သည်။

အိုမီဂါတစ်ယောက်က လူ့အဖွဲ့အစည်းကြီးကို မမျှတဘူးလို့ ထင်နေတဲ့ ဒီအချက်တစ်ခုတည်းနဲ့တင် ရှေးရိုးစွဲဝါဒီသမားတွေကို ဒေါသထွက်စေနိုင်၏။


ရှဲ့ရူဟန်ကတော့ ထန်းပိုင်ရဲ့ မှတ်ချက်တွေကိုကြားရင် ဒီအိုမီဂါက အကောင်းအဆိုးကို နားမလည်ဘူးလို့ အယ်လ်ဖာအများစုက ထင်ကြမယ်ဆိုတာ သေချာသည်။

ရှဲ့ရူဟန်က စစ်ဦးစီးချုပ်ဖြစ်ဖို့ ကြိုးစားနေတာကို သိသွားတဲ့အချိန်တုန်းက ဖက်ဒရယ်စစ်တက္ကသိုလ်က လူအများစုက စိတ်ကူးယဉ်ဆန်တယ်လို့ထင်ခဲ့ကြ၏။


အဲ့ဒီအကြောင်းကိုတွေးမိတော့ ရှဲ့ရူဟန်ရဲ့ ခန့်ငြားလှသော ဓားသွားကဲ့သို့ မျက်ခုံးများက တဖြည်းဖြည်းတွန့်လာသည်။ ‌ဇင်ယော်တောင်လို ကော့ညွှတ်နေတဲ့ မျက်ခုံးနဲ့ စူးရှတဲ့ မျက်ဝန်းတို့က အလွန်ကို လွှမ်းမိုးနိုင်စွမ်းပြင်းတဲ့ အရောင်အဝါတွေကို ထုတ်လွတ်နေတော့၏။


ဒါပေမယ့် လင်းနေတဲ့ စခရင်ပေါ်တွင် ကြောင်အီမိုဂျီက အလင်းချောင်းလေးကို လှုပ်ရမ်းနေတာမြင်တော့ ရှဲ့ရူဟန်ရဲ့ တွန့်နေတဲ့မျက်ခုံးတန်းတွေ တဖြည်းဖြည်းချင်း ပြေလျော့သွားရသည်။သူကပြန်ဖြေလိုက်၏။

'‌ကောင်းပြီလေ..တစ်ရက်လောက်ချိန်းကြရအောင်'


ထန်းပိုင် : '!!!'


ထန်းပိုင်က စိတ်လှုပ်ရှားစွာနဲ့ပဲ လက်ခုပ်တီးလိုက်မိသည်။ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတာကို အခွင့်ကောင်းယူပြီး ပျော်ပျော်ကြီးလက်ခုပ်တီးနေ၏။ပြီးတော့ မျှော်လင့်ချက်အပြည့်နဲ့ စာရိုက်လိုက်သည်။

'ကျွန်‌ေတာ်က ဘယ်အချိန်ဖြစ်ဖြစ် အားပါတယ်၊ ခင်ဗျားရဲ့ အချိန်ဇယားပေါ်ပဲ မူတည်ပြီး ချိန်းလိုက်ပါ! ဒါနဲ့ စကားမစပ် ခင်ဗျား ဒီညအတွက် ညစာဘာစားချင်လဲ၊ ကျွန်တော်ပြင်ဆင်ပြီး ခင်ဗျားအတွက်ပို့ပေးမယ်‌လေ~'


တစ်ချိန်တည်းမှာပဲ ထန်းပိုင်စိတ်ထဲမှာ တွက်နေတာက  Dragon's Bounty series အချိုပွဲနဲ့ Buddha Jumping wallလိုမျိုး ဟင်းလျာတွေပြင်ဆင်ဖို့ အခွင့်အရေးရှာနိုင်မလားဆိုတာပင်။ စစ်တက္ကသိုလ်က လေ့ကျင့်ရေးအစားအစာတွေက စားရခက်ပေမယ့် အာဟာရရှိသည်။ ဒါကြောင့်မို့ သူက တခြားဖြည့်စွက်စာတွေ လုပ်ဖို့အခွင့်အရေးရှာရမည်။ ပြီးတော့ ရှဲ့ရူဟန်က အိုမီဂါတွေအတွက်ဖြည့်စွက်စာကို စားချင်ပါ့မလားဆိုတာ သူလည်း မသေချာပေ။ 


ထန်းပိုင်  သူ့မိသားစုက အိုမီဂါဖြည့်စွက်စာတစ်မျိုးကို ဝယ်‌ပေးထားတယ်ဆိုတာကို မှတ်မိလိုက်၏။ အဲဒါက heat ကာလမမှန်တာကိုထိန်းညှိပေးပြီး မျက်နှာကိုဖြူဖတ်ဖြူရော်ဖြစ်တာကို‌ ပျောက်စေသည်။ ရှဲ့ရူဟန်လိုမျိုး inhibitor ကိုစွဲသုံးနေတဲ့သူရဲ့ heat ကာလက ရှုပ်ထွေးနေမှာ အသေအချာပင်။


စာအုပ်ထဲမှာပါတဲ့ ဇာတ်ကွက်တစ်ခုမှာ ရှဲ့ရူဟန်ရဲ့ heat ကာလတွင်  inhibitorထိုးထားတာ‌တောင် heat ဝင်လာခဲ့ကာ ကုထူနန်နဲ့တိုးပြီး သူ့ရဲ့ အထောက်အထား အစစ်အမှန်က ဖော်ထုတ်ခံလိုက်ရသည်။

မဖြစ်ဘူး!မဖြစ်ဘူး! မဖြစ်ဘူး!အဲဒီဇာတ်ကွက်ဖြစ်လာတဲ့အချိန်ကျ သူ(ထန်းပိုင်)က ရှုဲ့ရူဟန်ကို ခေါ်ထုတ်ပြီး ကုထူနန်လို  နုံနုံအအကောင်က သူ့(ရှဲ့ရူဟန်)ကို အခွင့်အ‌ရေးယူမဲ့ကိစ္စနဲ့ ပတ်သက်ပြီး တစ်ခွန်းမှ မပြောပြဘူး…!


ထန်းပိုင်က သူ့လက်သီးလေးတွေကို တင်းတင်းဆုပ်ထားပြီး တစ်ကယ်ကိုဒေါသထွက်နေသည်။သူ့နှလုံးသားထဲမှာ "ပန်းလှလှ‌လေးတွေက နွားချေးထဲရောက်နေသလို" မသင့်တော်တဲ့ အရာကိုမြင်လိုက်ရတဲ့ ခံစားချက်မျိုးဖြစ်နေပြီး စိတ်ပျက်ဒေါသထွက်နေ‌တော့၏။ သူကညည်းတွားပြီးနောက် ခေါင်းငုံ့ပြီးစာဆက်ရိုက်လိုက်သည်။

"ဖြည့်စွက်စာစားချင်လား? အဲဒါက ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အဲ့အပိုင်းကို အာဟာရဖြည့်ပေးတာလေ၊ သိလား~"


အခုချိန်မှာ ရှဲ့ရူဟန်က ထန်းပိုင်ကို ဘယ်လိုပြန်ပြောရမလဲဆိုတာကို စဉ်းစားနေမိသည်။ ထန်းပိုင်က နေ့တိုင်း သူ့အတွက် ချက်ပြုတ်ပေးဖို့ မလိုဘူးဆိုတာကို ပြောဖို့အတွက် ဒီလိုမျက်ရည်လွယ်တဲ့ အိုမီဂါတစ်ယောက်ကို ရှဲ့ရူဟန်က တကယ်စိတ်ပူမိ၏။ထန်းပိုင် မီးဖိုချောင်မှာ မီးခိုးမွှန်မှာကို သူစိုးရိမ်မိသည်။ ဒါပေမယ့် သူက ပြန်ပို့မဲ့ စကားလုံးတွေကိုစီပြီးတဲ့နောက် ထန်းပိုင်ရဲ့ ဒီမက်‌ဆေ့ချ်ကို မြင်လိုက်ရ၏။


ရှဲ့ရူဟန် : "......?"


အဲ့ဒါလား? ဘယ်အပိုင်းလဲ? သူကဘာကိုသိသင့်တာလဲ?


ရှဲ့ရူဟန်ရဲ့ မျက်နှာအမူအရာပြောင်းသွား၏။ ဒီစာ‌ကြောင်းထဲမှာ အချက်အလက်တွေ အများကြီးပါနေပြီး အဓိပ္ပာယ်ကို သူချက်ချင်းဖော်လို့မရ။ ဒီအိုမီဂါလေးက အဲဒီအပိုင်းနဲ့ ပတ်သက်ပြီး သူ့အရည်အချင်းကို စမ်းသပ်နေတာလား? ဒါမှမဟုတ် သူက အဲဒီအပိုင်းအတွက် ဖြည့်စွက်စာလိုနေတဲ့ပုံစံများ ပေါက်နေလို့လား?


သူ့ရဲ့‌ ချောမောတဲ့မျက်နှာက ခဏတာတောင့်တင်းသွားပြီး ရှဲ့ရူဟန်က စာကို ဖြည်းဖြည်းချင်း ရိုက်လိုက်၏။

"မင်းအမြင်မှာ ကိုယ်က ဖြည့်စွက်စာတွေ လိုနေတဲ့ ပုံစံပေါက်နေတာလား…?"


ထန်းပိုင်က ရှဲ့ရူဟန်ဆီက ပြန်စာရတဲ့အခါ သူ့ခေါင်းလေးကို အားရပါးရ ညိတ်လိုက်၏။ 

ဟေ့လူကြီး နောက်ပိုင်းကျ မင်းခန္ဓာကိုယ်က ဘယ်လောက် အခြေအနေဆိုးလာမလဲဆိုတာ မင်းသိရဲ့လား?


စာအုပ်ထဲမှာ ရှဲ့ရူဟန်ရဲ့ သူ့ခန္ဓာကိုယ်ကို ဂရုမစိုက်တဲ့အကြောင်းကို ပြန်တွေးမိတဲ့အခါ ထန်းပိုင်က ဒေါသထွက်သွားသည်။ သူကပြန်ညည်းတွားလိုက်ကာ

"ဟုတ်တယ်လေ၊ ခင်ဗျားကိုယ်လည်း ပြန်ကြည့်ဦး၊၊ မျက်နှာကဖြူ‌ရော်နေတာပဲ၊ အဲ့တာက ခင်ဗျားကို အားနည်းတဲ့ ပုံပေါက်စေတယ်၊ ၊ ခင်ဗျားကိုယ်ခင်ဗျားသာ ကောင်းကောင်း ဂရုမစိုက်ရင် နောက်ပိုင်းကျ ကျန်းမာရေး ပိုဆိုးလာလိမ့်မယ်လေ!"


တကယ်တော့ ရှဲ့ရူဟန်က မွေးကတည်းက အသားဖြူတာကို ထန်းပိုင်သိသည်။ ဒါပေမယ့် ရှဲ့ရူဟန်ကို ဒါက ဘယ်လောက်ဆိုးလဲဆိုတာ သိအောင်လုပ်ဖို့လိုတယ်‌လေ။ အဲ့တော့ ကိစ္စတွေကို ပိုလေးနက်အောင် ပိုပိုသာသာ ပြောရတာပေါ့။


ရှဲ့ရူဟန် : "............?"


အဲဒီမျက်နှာ၊ အမြဲတမ်း အေးဆေးတည်ငြိမ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ပုံစံနဲ့ အရာရာတိုင်းကို သိနေတဲ့အတိုင်း ကမ္ဘာကြီးကို အပေါ်စီးကနေ ကြည့်နေသလိုမျိုး ပုံပေါက်နေတဲ့သူ့မျက်နှာကို  ပထမဆုံးအကြိမ်အဖြစ် သံသယဝင်မိသွား၏။


ထန်းပိုင်က ရှဲ့ရူဟန်ရဲ့ ပြန်စာကို အကြာကြီးစောင့်နေသော်လည်း အဖြေမရသည့်အတွက် ခေါင်းကို ပွတ်သပ်ကာ သူနဲ့ ရှဲ့ရူဟန်ရဲ့ စကားပြောမှတ်တမ်းများကို ပြန်ဖတ်‌နေသည်။


သူ့စကားတွေကများ ပြင်းထန်လွန်းသွားသလား။ ရှဲ့ရူဟန်က မာနကြီးပြီး သူ့ကျန်းမာရေးမကောင်းကြောင်း အခြားသူများက ပြောလာသည်ကို မကြိုက်နိုင်ပေ။ သူတို့က အခုမှ တွေ့ခါစဖြစ်ပြီး ဤကဲ့သို့ ပြောရလောက်အောင် မရင်းနှီးသေးပေ။


ဒီအချက်ကို စဉ်းစားမိပြီးနောက် ထန်းပိုင်က ရှဲ့ရူဟန်နဲ့ သူ့ရဲ့ မ‌ရေမရာ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ရန် ကြိုးပမ်းခဲ့သည်။ သူပြောဖို့ စကားလုံးများကို စီနေချိန်တွင် ရှဲ့ရူဟန်က ဗီဒီယိုတစ်ခု ပို့လာသည်။


ဗီဒီယိုက ရှဲ့ရူဟန်၏ လေ့ကျင့်‌ရေးခန်းက ပုံစံဖြစ်ပြီး ကျောပေါ်တွင် လက်တစ်ဖက်ကို ထားကာ  လက်တစ်ချောင်းတည်းဖြင့် ဒိုက်ထိုးနေသည့် ပုံစံဖြစ်သည်။


လေ့ကျင့်ခန်းလုပ်ရတာ အဆင်ပြေစေရန် သူက အဖြူရောင်ရှပ်အင်္ကျီ၏ ပထမကြယ်သီးသုံးလုံးကို ဖြုတ်ထားသောကြောင့် လေ့ကျင့်ခန်းလုပ်နေစဉ်တွင် အင်္ကျီကော်လာမှတစ်ဆင့် ဖြူ‌ဖြူဖွေးဖွေး ဝမ်းဗိုက်ကြွက်သားများကို မြင်တွေ့နိုင်သည်။


ဗီဒီယိုထဲတွင် အော်ဟစ်အား‌ပေးသံများ၊ ရယ်မောသံများနှင့် "အစ်ကိုရှဲ့ အရမ်းတော်တာပဲ" ဟု ပြောနေသည့် စကားသံများကို ကြားနိုင်ပြီး စစ်တပ်ကျောင်းသားများ၏ လေချွန်သံများပင် ပါဝင်နေတာကြောင့် ပိုအသက်ဝင်လှသည်။


ဗီဒီယို၏အဆုံးတွင် ရှဲ့ရူဟန်က အလွယ်တကူပြန်ထလိုက်သည်။ သူ၏ ချောမောလှသောမျက်နှာသည် သွေးမရှိသလို ဖြူ‌ရော်နေပြီး မျက်လုံးထောင့်စွန်းတွင် မျက်ရည်ခံမှဲ့တစ်ခုရှိသည်။ ထိုအရာက သူ့ကို ပို၍ ဆွဲဆောင်မှုရှိစေသည်။


ထန်းပိုင်က နှာခေါင်းကိုထိကာ ရှက်ပြုံးလေးပြုံးလိုက်သည်။ အဲ့ဒါက ရှဲ့ရူဟန်ရဲ့ မျက်နှာကို ကြည့်လိုက်တိုင်း အလှတရားတွေက ပေါက်ကွဲထွက်လာသလို ခံစားချက်မျိုးပင်။ 


ရှဲ့ရူဟန်က private မှာ ဒီ‌လောက်ချစ်စရာကောင်းမယ်လို့ သူမထင်ထားခဲ့ဘူး။ သူ့ကိုယ်သူ အားမနည်းကြောင်း သက်သေပြဖို့ ဗီဒီယိုတစ်ခုတောင် ရိုက်ခဲ့‌သေးသည်။ တကယ်ချစ်ဖို့ကောင်းတာပဲ။


ဒီအိုမီဂါက ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးဆိုတာ အမှန်ပဲ။


ဗီဒီယိုထဲက စစ်တပ်ကျောင်းသားတွေလိုပဲ ထန်းပိုင်ကလည်း ချီးမွမ်းလိုက်သည်။

"အစ်ကိုရှဲ့ အရမ်းတော်တာပဲ...ကျွန်တော့်ရဲ့ အသိဉာဏ်မဲ့မှုအတွက် ကိုယ့်ကိုယ်ကို အပြစ်ပေးလိုက်ပါမယ်.gif"


ရှဲ့ရူဟန်က ကြောင်လေး ဝိုင်ခွက်ထဲ ခေါင်းဝင်ပြီး ပြန်ထုတ်မရသည့်ပုံစံကို မြင်ပြီး ထပ်မကြည့်ဘဲမ‌နေနိုင်ခဲ့။ ဒီလို ချစ်စရာကောင်းတဲ့ အီမိုဂျီ‌တွေကို သူပထမဆုံးအကြိမ် မြင်ဖူးတာပင်။


ဘယ်လိုလုပ်ပြီး ဒီလောက်ချစ်စရာကောင်းနိုင်တာလဲ၊ ချစ်စရာကောင်းလွန်းလို့ စိတ်တိုလာပြီနော် ......


ဒီအိုမီဂါက ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးဆိုတာ အမှန်ပဲ...


ရှဲ့ရူဟန်က စာပြန်လိုက်သည်။

"လေးနာရီကျော်ရင် ကိုယ်အားတယ်။ မင်းကို ဆင်းရဲသားရပ်ကွက်ကို ခေါ်သွား‌ပေးမယ်။ ထမင်းဘူးတွေကိုတော့ နေ့တိုင်းပြင်ဆင်‌ပေးစရာမလိုဘူး၊ ကျင့်ဝတ်တွေပဲ သင်ပေးပါ..."


ထန်းပိုင်က စာအမြန်ပြန်လိုက်သည်။

"ကောင်းပြီ..ညနေလေးနာရီကျ အစ်ကို့ရဲ့ကျောင်းရှေ့မှာ စောင့်နေလိုက်မယ်။ ကျင့်ဝတ်တွေကို အရင်သင်ပေးမယ် Catwink.gif"


အချိန်သတ်မှတ်ပြီးနောက် ထန်းပိုင်က ပျော်ရွှင်စွာဖြင့် ကျောင်းသို့ အမြန်ပြန်သွားသည်။ သူ့အခန်းဖော်က အိပ်ရာပေါ်မှာ လက်သည်းဆိုးနေပြီး ထန်းပိုင် ပျော်ပျော်ရွှင်ရွှင် ပြန်လာတာကို မြင်သောအခါ စိတ်ဝင်စားစွာမေးလိုက်သည်။

"ဘာလို့ ဒီလောက်ပျော်နေတာလဲ...မင်းရဲ့ စေ့စပ်ထားသူက မင်းဟင်းချက်တာကို စွဲလမ်းသွားလို့လား။"


ထန်းပိုင်ရဲ့ မျက်နှာသေးသေးလေးက ရှုံ့မဲ့ပြီး ကြက်သီးထလာသည်။ ထို့နောက် သူက အမြန်ပြင်‌ပြောလိုက်သည်။ "စေ့စပ်ဖို့ အလားအလာ ရှိရုံပါပဲ၊ တကယ်မဖြစ်‌သေးပါဘူး အလားအလာရှိတယ် ဆိုတဲ့စကားလုံးကို ဖယ်မထားနဲ့။"


ထန်းနှင့် ကုမိသားစုမှ အကြီးအကဲများက ထန်းပိုင်နှင့် ကုထူနန်ကို ကြည့်၍ အလွန်ကျေနပ်နေကြပြီး သူတို့နှစ်ယောက်ကို ချက်ချင်းလက်ထပ်စေချင်‌နေကြသည်။ သို့သော် ထန်းပိုင်နှင့် ကုထူနန်နှစ်ယောက်လုံးက မိသားစု‌တွေကို အချိန်ဆွဲထားကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်က အကြီးအကဲတွေရဲ့ ပါးစပ်ထဲတွင် စေ့‌စပ်ထားသူများ ဖြစ်လာကြသည်။


"နှစ်ခုလုံးက အတူတူနီးပါးပါပဲ။" 

ထန်းပိုင်ရဲ့ စူးစူးဝါးဝါး အကြည့်ကို မြင်လိုက်ရတော့ ထုံးမန်က စကားလုံးများကို အမြန်ပြန်ပြောင်း‌ပြောလိုက်သည်။

"ငါမှားတာ၊ ငါမှားတာ၊ မင်းရဲ့ စေ့စပ်ဖို့အလားအလာရှိတဲ့သူက တစ်ခုခုကို စိတ်အနှောက်အယှက် ထပ်ပြီးဖြစ်သွားပြန်ပြီလား။"


"ထပ်ပြီး"ဆိုတဲ့စကားလုံးက "00"ပဲဖြစ်လိုက်သင့်တယ်.. ပြီးတော့ ကုထူနန်က ‌ဒီလိုပုံစံလုပ်နေခဲ့တာအတော်ကြာပြီလေ...

(00ကinfinityဖြစ်မယ်ထင်တယ် အမြဲတမ်းစိတ်အနှောင့်အယှက်ဖြစ်နေတာပါ ရေးဖို့ရှာမရလို့ပါ)


ထန်းပိုင်နှင့် ကုထူနန်တို့ ပထမဆုံးတွေ့ဆုံခဲ့သည်မှာ ဟိုတယ်တစ်ခုတွင် ဖြစ်သည်။ ထန်းပိုင်က ‌ဝတ်စားပြီး ချိန်းဆိုမှုကို သွားခဲ့သည်။ ထိုအချိန်တွင် ကုထူနန်က "ငါက ခေတ်ဆန်တဲ့အိုမီဂါမျိုးကို သဘောကျတယ်" ဟု ပြောခဲ့သည်။


ကုထူနန်ရဲ့ သာမန်မဟုတ်တဲ့ စကားကို မျက်နှာအမူအရာမပြောင်းပဲ နားထောင်ပြီးနောက် ထန်းပိုင်က ပြန်လည်တုံ့ပြန်ပြောရန် လက်ပိုက်၍ ညည်းညည်းညူညူဖြင့် ပြန်ပြောလိုက်သည်။

"ငါက နူးညံ့တဲ့ အယ်လ်ဖာမျိုးကို သဘောကျတယ်၊ ငါ့ကို ကလေးလေးလို ဂရုတစိုက် ချစ်ပေးနိုင်တဲ့သူမျိုးကို သဘောကျတယ်။"


ထို့နောက် ကုထူနန်က ထန်းပိုင်၏ လုပ်ရပ်ကို စိတ်တိုပြီး ညစာမစားဘဲ ထွက်သွားခဲ့သည်။


ထိုအချိန်မှစ၍ ကုထူနန်သည် ထန်းပိုင်နှင့် စတင်တိုက်ခိုက်ခဲ့သည်။ သူတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုက စိတ်ကျေနပ်စရာ မကောင်းခဲ့ပေ။


ယေဘုယျအားဖြင့် ပတ်ဝန်းကျင်ရှိ အိုမီဂါများသည် ကုထူနန်၏ လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်သဖြင့် သူ၏ မိဘများသည် ကုထူနန်၏ လက်ထပ်မှုကို မျှော်လင့်နေကြသည်။ ထို့ကြောင့် ထန်းပိုင်သည် ထိုအချိန်တွင် ကံဆိုးပြီး အကာအရံတစ်ခု ဖြစ်လာသည်။


ကုထူနန်က ထန်းပိုင်ကို စိတ်မကျေနပ်သော်လည်း သဘောကျသည်ဟု ဆုံးဖြတ်ပြီး ထန်းပိုင်နှင့် blind-dateဖို့ သူ့ကိုယ်သူ တွန်းအားပေးခဲ့သည်။


အစကတော့ ကုထူနန်က သူ့ကို တမင်နှိပ်စက်နေတာကို ထန်းပိုင်မသိခဲ့‌ပေ ။ ကုထူနန်က ထန်းပိုင်ကို ပထမဆုံးအချိန် ချိန်းတွေ့တုန်းက ထားခဲ့တော့ ထန်းပိုင်က ကုထူနန်၏ ညီမလေးနှင့် ပျော်ရွှင်စွာ ကစားခဲ့သည်။ ဘာလို့ဆို အိုမီဂါများအတွက် ကျောင်းမှ အားလပ်ရက်ရရန် မလွယ်ကူသောကြောင့် ဖြစ်သည်။


ဒုတိယအကြိမ် ချိန်းတွေ့ပြန်တော့ ကုထူနန်က ထန်းပိုင်ကို  ထပ်ပြီး ပစ်ထားခဲ့သည့်အခါတွင်လည်း ထန်းပိုင်က ဆက်လက်ပျော်ရွှင်စွာဖြင့် သူ၏ညီမလေးနှင့် ကစားခဲ့သည်။


ထို့ကြောင့် တတိယအကြိမ် ကုထူနန်က သူ့ကို ချိန်းတွေ့ရာတွင် ပစ်ထားခဲ့သည့်အခါ ထန်းပိုင်နောင်တရခဲ့သည်။

ဒီလိုဖိုဝါဒီကြီးစိုးနေတဲ့ စိတ်သဘောထားရှိတဲ့ အယ်လ်ဖာနဲ့ အတူရှိရတာက ညီမလေးနှင့် ကစားရတာလောက် ပျော်စရာကောင်းနိုင်လို့လား?


ထန်းပိုင်က ငတုံးမဟုတ်ပေ။ ကုထူနန်က သူ့ကို တမင်နှိပ်စက်နေတာကို သူသိသည်။ ဒါ့အပြင် ကုထူနန်က သူ့ကို အကာအရံအဖြစ် အသုံးပြုနေတာကိုလည်း သူသိသည်။ တိုက်ဆိုင်တာက ထန်းပိုင်ကလည်း အကာအရံတစ်ခု လိုအပ်နေတာပင်။ ကုထူနန်၏ စရိုက်က အနည်းငယ် ရိုင်းစိုင်းသော်လည်း သူရဲ့အသွင်အပြင်ကတော့ ကြည့်ကောင်းသည်။ ထို့အပြင် ကုထူနန်က သူနှင့် စကားပြောရန် လုံးဝမလိုလားပေ။ ထို့ကြောင့် သူတို့ချိန်း‌တွေ့သည့်အခါတိုင်း တာဝန်အရလိုသာ မြန်မြန်ပြီးအောင် လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် ထန်းပိုင်က သူ့ညီမလေးနှင့် ကစားဖို့ အချိန်ပိုမိုရရှိနိုင်သည်။


ထန်းပိုင်က အခြားချိန်းဆိုမှုများတွင် အချိန်အများကြီးဖြုန်းနေရမှာထက် ကုထူနန်ကို အကာအရံအဖြစ် သုံးလိုက်တာက ပိုကောင်းသည်။ သူက စကားစစ်ထိုးတဲ့နေရာမှာ ဘယ်တော့မှ မရှုံးဖူးပေ။


"ငါပျော်နေတာက သူငယ်ချင်းအသစ်ရလို့ပါ။" 

ထန်းပိုင်က အချိန်ကို ကြည့်လိုက်တော့ ညနေတစ်နာရီခွဲရှိပြီဖြစ်သည်။ လေးနာရီမတိုင်မီ ထမင်းကောင်းကောင်းချက်ဖို့က အနည်းငယ် ကသုတ်ကရက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူ့ဘာသာ လုပ်ထားတဲ့ အချိုပွဲများကို ယူဆောင်သွားတာက ပိုကောင်းလိမ့်မည်။


စာအုပ်ထဲတွင် ရှဲ့ရူဟန် ဘာကြိုက်သည်ကို ဖော်ပြထားခြင်းမရှိသော်လည်း အိုမီဂါများက ယေဘုယျအားဖြင့် အချိုကြိုက်ကြပြီး ရှဲ့ရူဟန်လည်း ထိုနည်းတူဖြ‌စ်‌လောက်မည်။ ထန်းပိုင်က သီချင်းလေးညည်းကာ macaron‌ကို ထုတ်ယူလိုက်ပြီး နူးညံ့လှပသောအိတ်‌လေးကို ရွေးပြီး ဂရုတစိုက်ထုပ်ပိုးလိုက်သည်။


ထုံးမန်က အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး

"မင်းရဲ့ ညီမလေးကို ဘယ်တစ်ခုကို ပေးမှာလဲ။ မင်းညီမလေး ငြီးငွေ့မသွားအောင် လက်ဖက်ရည်ပါယူသွားဖို့ အကြံပေးချင်တယ်။"


ထန်းပိုင်သည် macaronကို လေထဲကို မြှောက်လိုက်ပြီး ဖမ်းယူ၍ ပျော်ရွှင်စွာ တစ်ကိုက်တည်းစားလိုက်သည်။ သူ၏ပါးပြင်များက ဖောင်းနေသည်။

"ဒါက မင်းကို ပျော်ရွှင်စေဖို့ လုံလောက်အောင်ကို ချိုပြီးသား~"


ထုံးမန်က သွားကိုက်နေပြီး "ငါကတော့ ပျော်ရွှင်စွာ အဆီတက်မှာကိုပဲ ကြောက်တယ်...မင်းလိုလူမျိုးတွေ ဘယ်လိုစားစား မဝတဲ့သူတွေကို တော်တော် အားကျမိတယ်။"


ထန်းပိုင်က လှပစွာထုပ်ပိုးထားသော green tea တစ်ဘူးကို ရှာပြီးနောက် ရှဲ့ရူဟန်ကို လက်ဆောင်အဖြစ် ပေးဖို့ ပြင်ဆင်သည်။ ထို့နောက် သူက "If You Had Little Alpha"(မင်းမှာအယ်လ်ဖာကလေးတစ်ယောက်ရှိလာခဲ့လျှင်)ရဲ့ copy စာအုပ်ကို စာအုပ်စင်မှ ယူလိုက်သည်။


ဒီစာအုပ်မှာ အယ်လ်ဖာတစ်ယောက် မွေးဖွားချိန်မှစ၍ ကောလိပ်တက်တဲ့အထိ ဖတ်သင့်သည့် ခေါင်းစဉ်များကို ဖော်ပြထားသည်။


သူက သူ၏ကျောင်းပြဋ္ဌာန်းစာအုပ်ကိုတော့ ကုထူနန်ကို ပေးဖို့ ရည်ရွယ်ထားသည်။ နောက်ဆုံးအဆင့် ထိုဖိုဝါဒီကောင်များအတွက် အိုမီဂါတစ်ယောက်က ကျောင်းတက်ဖို့ ခက်ခဲတာကို နားလည်ဖို့ မျှော်လင့်သည်။ 

"အိုမီဂါတစ်ယောက်က ပညာမတတ်လျှင် ကောင်းသည်ဟု" ပြောသည့် လူ့အဖွဲ့အစည်းအတွင်းက အယ်လ်ဖာများကို လုပ်ကျွေးဖို့အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများကို သင်ယူရန် ကြိုးစားရတာကို နားလည်စေရန် ဖြစ်သည်။


ဒါ့အပြင် မည်မျှပင် လေ့လာပါစေ အယ်လ်ဖာများ၏ မျက်စိထဲမှာ အိုမီဂါများက အလှပန်းအိုတစ်ခုသက်သက်ပဲ ဆိုတာကို ဖယ်ရှားမရနိုင်ပေ။  ထိုသာလွ‌န်‌နေတဲ့ အယ်လ်ဖာများက အိုမီဂါများကို ဝေဖန်သည့်အခါ လူတိုင်းမှာ သူတို့လို အားသာချက်မရှိဘူးလို့များ တွေးနေကြတတ်သည်။


အယ်လ်ဖာကျောင်းများက ဖက်ဒရယ်ကို ကာကွယ်ဖို့ ဓားနှင့် ဒိုင်းများကို ထုတ်လုပ်ရန် ရည်ရွယ်ကြသော်လည်း အိုမီဂါကျောင်းများကမူ အလှပန်းအိုးများကို ပျိုး‌ထောင်ရန်သာ စိတ်ဝင်စားကြသည်။


တစ်ခါက ထန်းပိုင် တွေးဖူးသည်၊ အိုမီဂါတစ်ယောက် အယ်လ်ဖာကျောင်းမှာ တက်ရောက်ပါက သူ၏ကြိုးစားမှုများအပြီးနောက်မှာတောင် သူက အလှပန်းအိုတစ်ခုပဲ ဖြစ်နေဦးမှာလား.... အလားတူပဲ အယ်လ်ဖာတစ်ယောက် အိုမီဂါကျောင်းမှာ တက်ရောက်ပါကလည်း သူက ခေါင်းဆောင်၊ အုပ်စိုးသူတစ်ယောက် ဖြစ်နေပါ့ဦးမလား။


နောက်ဆုံးမေးခွန်းအတွက် အဖြေမရှိသော်လည်း ရှဲ့ရူဟန်က ပထမမေးခွန်းအတွက် အကောင်းဆုံးအဖြေကို ပေးခဲ့သည်။


ထန်းပိုင်က ဂုဏ်ယူစွာဖြင့် ရင်ကို‌ကော့ပြီး လက်ဆောင်နှစ်ခုကို ထုပ်ပိုးလိုက်သည်။ ထိုစာအုပ်ကို ကုထူနန်ထံ ပေးရခြင်း၏ အခြားအကြောင်းရင်းမှာ ထန်းပိုင်က ကုထူနန်ကို အားလပ်ရက်ယူရန် ကိရိယာတစ်ခုအဖြစ် အသုံးပြုနေခြင်းကြောင့် ဖြစ်သည်။


ထန်းပိုင်၏ကျောင်းသည် အိုမီဂါများ၏ ဝင်ထွက်ခွင့်ကို အလွန်တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ အိုမီဂါတစ်ယောက် တစ်ယောက်တည်း ထွက်ခွာရန် ခက်ခဲသော်လည်း "ရည်းစားဖြစ်ရန် ချိန်းဆိုမှု" ဟူသည့် အကြောင်းပြချက်ဖြင့် အားလပ်ရက်ယူရန် လွယ်ကူသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းသည် အိုမီဂါများက ကောင်းမွန်သော အယ်လ်ဖာကို ရှာဖွေတွေ့ရှိရန် မျှော်လင့်နေသောကြောင့် ဖြစ်သည်။


တိုက်ရိုက်ပြောရလျှင် အခြားကျောင်းများသည် ကျောင်းသားများ၏ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှုကို ကြည့်ရှုသော်လည်း ထန်းပိုင်တက်နေသည့်ကျောင်းသည် ကျောင်းသားများ၏ လက်တွဲဖော်များရဲ့ အသက်မွေးဝမ်းကျောင်းမှုနှင့် လူမှုရေးအဆင့်အတန်းကို ကြည့်ရူပြီး ကျောင်းသားများ ကောင်းမွန်စွာ လက်ထပ်တာကို ဂုဏ်ယူသည်။ ထို့ကြောင့် "သတို့သမီးတက္ကသိုလ်" ဟု အမည်တွင်ခြင်းဖြစ်သည်။


"ရည်းစားဖြစ်ရန် ချိန်းဆိုမှု" သည် အားလပ်ရက်ယူရန် အကောင်းဆုံးအကြောင်းပြချက်ဖြစ်သည်။ ထို့ကြောင့် ထန်းပိုင်က ကုထူနန်နှင့် ပတ်သတ်ပြီး ဂရုမစိုက်သော်လည်း ထမင်းဘူးများ ယူဆောင်ပေးခြင်းကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။


အဘယ်ကြောင့်ဆိုသော် အားလပ်ရက်ယူတိုင်း ဆရာမထံ ဗီဒီယိုဖြင့် အစီရင်ခံရန် ကုထူနန်ကို လိုအပ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထမင်းဘူးပေးခြင်းက ငွေပေးချေမှုတစ်မျိုးပင်ဖြစ်သည်။


ထန်းပိုင်က အားလပ်ရက်လျှောက်လွှာကို ဖြည့်နေစဉ် ထုံးမန်သည် ခြေသည်းများကို ဆိုးနေပြီး

"အချိန်မီပြန်လာဖို့ သတိရဦး။ အယ်လ်ဖာကို ကျောင်းကို ပြန်လိုက်ပို့ဖို့ သေချာ‌ပြောဦး။"


"ပြီးခဲ့တဲ့ရက်က ဆင်းရဲသားရပ်ကွက်မှာ အိုမီဂါတစ်ယောက် အကြမ်းဖက်ခံရတယ်လို့ ကြားတယ်။ ဒီနေရာက ဆင်းရဲသားရပ်ကွက်ထက် လုံခြုံရေးပိုကောင်းတယ်ဆိုပေမယ့် ဘာမှမဖြစ်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။"


ထန်းပိုင်က အားလပ်ရက်လျှောက်လွှာဖြည့်နေသည့် လက်ကို နှေးကွေးစွာ လုပ်ဆောင်နေသည် ။

"ဘာတွေဖြစ်ကုန်တာလဲ။"


ထုံးမန်က သက်ပြင်းချလိုက်သည်။

"ငါလည်း သေချာမသိဘူး၊ ငါ့အစ်ကိုက ဒီအကြောင်းကို ပြောပြတာ။ ဒါပေမယ့် ဒီနေရာက ဆင်းရဲသားရပ်ကွက်ထက် လုံခြုံရေးပိုကောင်းတယ်။ ဒါကြောင့် လမ်းကြားတွေထဲမှာ တစ်ယောက်တည်း လျှောက်မနေဘူးဆိုရင် ပြဿနာဖြစ်မှာ မဟုတ်ဘူး။"


ဆင်းရဲသားရပ်ကွက်သည် တကယ်ပဲ ရှုပ်ထွေးသည်။ ဒီဝတ္ထုကြောင့် ထန်းပိုင်သည် ဆင်းရဲသားရပ်ကွက်တွင် မြေအောက်တိုက်ခိုက်မှုများသာမက ဖက်ဒရေးရှင်းတစ်ခုလုံးတွင် အကြီးဆုံး အနီရောင်မီးပန်းခရိုင်လည်း ရှိတာကို သိရှိလိုက်ရ၏။ ပျောက်ဆုံးနေတဲ့ အိုမီဂါများစွာသည် ထိုအနီရောင်မီးပန်းခရိုင်သို့ ပို့ဆောင်ခံရခြင်းဖြစ်သည်။

(အနီရောင်မီးပန်းခရိုင်ဆိုတာက ပြည့်တန်ဆာတွေပဲရှိတဲ့ နေရာမျိုးပါ)


စာအုပ်ထဲတွင် ရှဲ့ရူဟန်က သူ၏လိင်ကို ဖုံးကွယ်ထားခြင်းသည် လုံခြုံရေးအတွက် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။


ရှဲ့ရူဟန်နှင့်အတူ သွားပါက ဘာမှမဖြစ်နိုင်သော်လည်း ထန်းပိုင်သည် အနည်းငယ်စိတ်မသက်မသာ ဖြစ်နေသည်။ ထို့ကြောင့် သူသည် သူ၏အဖိုးတန်ရတနာဘူးထဲမှ စိန်စီထားသော လက်ကိုင်စွမ်းအင်သေနတ်ကို ထုတ်ယူလိုက်သည်။


ဤစွမ်းအင်သေနတ်၏ မျက်နှာပြင်ပေါ်ရှိ စိန်များကို ဖယ်ရှားလိုက်လျှင် စစ်တပ်ကျောင်းသားများစွာက ဤသေနတ်သည် စစ်သုတေသန‌ ကောလိပ်၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနမှ ထုတ်လုပ်ထားသည့် နောက်ဆုံးပေါ်"ကွန်မန်ဒါ" စီးရီးဖြစ်သည်ကို သိရှိနိုင်သည်။


ဤစွမ်းအင်သေနတ်၏ ဈေးနှုန်းသည် အလွန်မြင့်မားပြီး ကြားရသည်ကပင် ဝမ်းနည်းစရာဖြစ်သည်။ သို့သော် ဤလက်နက်စီးရီးကို ဝယ်ယူလို့ မရနိုင်သေးပေ။ ထန်းပိုင်၏ အဖိုးသည် စစ်သုတေသန‌ ကောလိပ် လက်နက်ဌာန၏ ညွှန်ကြားရေးမှူးဖြစ်သည်။ ထို့ကြောင့် ထန်းပိုင်ကို ဤကဲ့သို့သော အဖိုးတန်လက်ဆောင်ကို ပေးနိုင်ခဲ့ခြင်းဖြစ်သည်။


"ပင်လယ်ပြာ" ဆွဲကြိုးမှ မှော်ငွေသတ္တုကိုလည်း ထန်းပိုင်၏ အဖိုးက ပေးခဲ့တာပင်။


ဤအရာများကို တောင်းဆိုနိုင်ခဲ့သည့် အကြောင်းရင်းမှာ ထန်းပိုင်၏ ငယ်ဘဝမှ သင်ခန်းစာများကြောင့် ဖြစ်သည်။ သူ့မိသားစုကို "ကျွန်တော် အယ်လ်ဖာတိုက်ပွဲဝတ်စုံ ဝတ်ချင်တယ်" ဟု ပြောပါက သူတို့သည် နှစ်ရာ ရာခိုင်နှုန်းလောက် ထူးဆန်းသွားမည်ဖြစ်သည်။


သို့သော် သူက "ကျွန်တော် ပန်းရောင်တိုက်ပွဲဝတ်စုံနဲ့ ဇာပန်းထိုးထားတာကို ဝတ်ချင်တယ်" ဟု ပြောပါ

က သူတို့သည် အနည်းငယ်သာတွန့်ဆုတ်သွားမည်ဖြစ်သည်။ ထန်းပိုင်က "ကျွန်တော် လိုချင်တဲ့ အဝတ်အစားအသစ်တွေကို မဝယ်ပေးဘူး၊ မာမားတို့က မကောင်းဘူး" ဟု ပြောပါက သူတို့က ထန်းပိုင် စိတ်ဆိုးနေ‌သေးသည်ကို မြင်ပြီး စိတ်သက်သာရာရသွားမည်ဖြစ်သည်။


____


ထန်းပိုင်က အလားတူ နည်းလမ်းမျိုးတွေကို သုံးပြီး အဘိုးထန်းကို နူးညံ့သော အသံဖြင့် ပြောလိုက်သည်။

“ကျွန်တော်က တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေနဲ့ လက်နက်တွေ ဘယ်လောက်ကိုက်ညီမလဲဆိုတာ စမ်းကြည့်ချင်တာပါ၊ အလှဆင်ပြီးရင် စုဆောင်းမှုမှာအသုံးပြုမှာပါ" ဆိုတဲ့ အဓိပ္ပာယ်မရှိသော စကားများဖြင့် ရည်ရွယ်ချက်များကို အောင်မြင်အောင် လုပ်ဆောင်ခဲ့သည်။


"မင်းရဲ့ လက်ဝတ်ရတနာတွေက ဘယ်လိုကြီး‌တွေလဲ၊ ဘာလို့ သေနတ်ပုံစံနဲ့လဲ၊ မလှဘူး။" 

လက်ရှိအချိန်တွင် ထုံးမန်က သူ၏အခန်းဖော်သည် ခေါင်းကို တစ်ချက်တည်း ဖြတ်ပစ်နိုင်သည့် အရာတစ်ခုကို ခါးကြားထိုးထားသည်ကို မသိရှိသေးပေ။


ထန်းပိုင်က ပြန်လည်ရှင်းပြခြင်းမပြုဘဲ သူ၏အဝတ်အစားများကို ရွေးချယ်ရန် အဝတ်ဘီရိုကို ဖွင့်လိုက်သည်။

"ဒီတစ်ခုက အရမ်းတောက်ပြောင်လွန်းနေလား။"

ထန်းပိုင်၏ လက်ဝဲလက်တွင် စိန်စီထားသော အပြာရောင်ဝတ်စုံကို ကိုင်ထားပြီး လက်ယာလက်တွင် ဇာပန်းထိုးထားသော ဝတ်စုံကို ကိုင်ထားသည်။

"ဒီတစ်ခုကလည်း floral ဒီဇိုင်းကြီး"


ထုံးမန်က  ထန်းပိုင် အရမ်းစိတ်ရှုပ်‌ထွေးနေတာကိုတွေ့တော့ သူ့ရဲ့ Omega ညီမ‌လေးနဲ့ တွေ့ဖို့သွားမယ်လို့ ထင်လိုက်သည်။ သူတို့ရဲ့ Omega ညီမတွေနဲ့ တွေ့တဲ့အခါမှသာ ဒီ‌လောက် ကြီးကြီးကျယ်ကျယ် ပြင်ဆင်ကြတာလေ...

" ပိုပြီး လန်းဆန်းတဲ့ တဲ့အဝတ်အစားတွေ ဝတ်ပါလား?။ မင်းရဲ့မျက်နှာနဲ့ လိုက်ဖက်တဲ့ သန့်ရှင်းတဲ့ပုံစံကို ထုတ်ဖော်ပြဖို့ ရိုးရိုးရှင်းရှင်းဝတ်သင့်တယ်။ ငါ့ကိုယုံ အဖြူရောင်  ရှပ်အင်္ကျီကို ရိုးရိုးရှင်းရှင်းသာဝတ် အယ်လ်ဖာတွေမပြောနဲ့ ငါ့လို မိန်းကလေးဆန်တဲ့ အိုမီဂါတွေပါ သဘောကျလိမ့်မယ်။"


ထန်းပိုင်က ကောင်းကင်တမန်တစ်ပါးကဲ့သို့ ကြည်လင်ပြတ်သားသော မျက်နှာပုံသဏ္ဍာန်ရှိသည်။ ညတိုင်း ရေချိုးပြီးနောက် ရိုးရိုးအဖြူရောင် ညဝတ်အင်္ကျီ ဝတ်ထားသောအခါ ထုန်းမန်သည် သူ့သူငယ်ချင်း၏ အပြစ်ကင်းစင်သော အလှတရားကို မြင်တွေ့ရသည့်အခါတိုင်း အံ့အားသင့်သွားရသည်။


ထန်းပိုင်က ချမ်းသာသောမိန်းမများကဲ့သို့ လှပဆန်းသစ်သော အဝတ်အစားများကို နှစ်သက်တာကတော့ ဝမ်းနည်းစရာပင်။ သို့သော်လည်း ထိုအဝတ်အစားများက ထန်းပိုင်အတွက် ပိုမိုကိုက်ညီပြီး သူက စင်ကြယ်စွာ လှပနေလိမ့်မည်ဖြစ်၏။


ထန်းပိုင်က လျစ်လျူရှုနေတာကို မြင်တော့ ထုန်းမန်က

“အာ မေ့လိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် မင်းတို့သွားမယ့်နေရာက ဒီလိုချမ်းသာတဲ့ မိန်းကလေးတွေပုံစံနဲ့ သွားတာလည်း သင့်တော်ပါတယ်လေ” လို့ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။


ထန်းပိုင်က ပြန်ပြုံးပြပြီး ရုတ်တရက် သတိပြုမိလိုက်သည်။ သူသွားမည့်နေရာသည် ဆင်းရဲသားရပ်ကွက်ဖြစ်သည်။ ဒီလို ဝတ်ဆင်ပါက သိသာထင်ရှား‌နေလိမ့်မည်ဖြစ်သည်။


ထန်းပိုင်က ဝတ်စုံနှစ်ခုကို တွန့်ဆုတ်စွာ ကြည့်ပြီး သူဘာပဲဝတ်ဝတ် ဝတ်ရတာ ပျော်တယ်လို့ ယုံကြည်သော်လည်း သူဝတ်ဆင်သည့်အရာက ရှဲ့ရူဟန်အတွက် ပြဿနာဖြစ်စေမည်ကို စိုးရိမ်သည်။


တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကို ပျော်အောင်နေဖို့ အရေးကြီးပေမဲ့ ‌အဲ့ဒီပျော်ရွှင်မှုက ကိုယ်ဂရုစိုက်တဲ့သူတွေအတွက် ပြဿနာ မဖြစ်သင့်ပေ။


ထန်းပိုင်က စိတ်လျှော့လိုက်ပြီး ထုံးမန်ကို "မင်းမှာ ပိုရိုးရှင်းတဲ့ အဝတ်အစားတွေ ရှိလား။" ဟုမေးလိုက်သည်။


ထုံးမန်: "!!!"


ထုံးမန်က မျက်ရည်များဖြင့်

"ငါ့မှာ ရှိတယ်။"


ထန်းပိုင်က ဖက်ဒရယ်စစ်တက္ကသိုလ်၏ ဝင်ပေါက်တွင် ရပ်နေပြီး လူများစွာ၏ မျက်လုံးများကို ဆွဲဆောင်နေမိသည်ကို သတိထားမိလိုက်သည်။


သူက ယခင်ကတည်းက လူကြိုက်များသော်လည်း ဒီအကြိမ်မှာတော့ လူအများစု၏ မျက်လုံးများသည် ပို၍ရူးသွပ်နေသလိုပင်။


ထန်းပိုင်က ထိုအယ်လ်ဖာများဆီမှ ဒီလို စိတ်အားထက်သန်တဲ့ အလွန်အကျွံ အာရုံစိုက်ခံရမှုမျိုးကို မကြိုက်ပေ။ သူတို့၏ မျက်လုံးများသည် လိင်ပိုင်းဆိုင်ရာ စိတ်အားထက်သန်မှုတို့နှင့် ပြည့်နှက်နေသည်ဟု ခံစားရသည်။ ထို့ကြောင့် ဈေးကြီးသောအဝတ်အစားများကို ဝတ်ဆင်ခြင်းဖြင့်  ထိုအယ်လ်ဖာများကို သိစေနိုင်သည်…..ငါက မြင့်မြတ်တယ်။ မင်းတို့က မထိုက်တန်ဘူး။


နာရီကို ကြည့်လိုက်တော့ ညနေသုံးနာရီထိုးပြီ။ သူက ကုထူနန်ထံ ဤစာအုပ်ကို ကိုယ်တိုင်ပေးရန် တစ်နာရီစောလာခဲ့သည်။


အဓိကအားဖြင့် ကုထူနန်က အလုပ်များသောကြောင့် သူ့ပစ္စည်းများကို အစောင့်ရုံတွင် မထား‌ခိုင်းဘဲ ကိုယ်တိုင်ပေးပို့ရသည်။


ထန်းပိုင်က သူ့ပစ္စည်းများကို စောင့်ကြည့်ရုံတွင် ဒီတိုင်း ထားခဲ့ပါက ကုထူနန်သည် ထန်းပိုင်၏ ဆရာ့ထံ တိုက်ရိုက်ဆက်သွယ်ပြီး သူက ထန်းပိုင်၏ လုံခြုံရေးကို စိုးရိမ်သည့်အတွက် အစီအရင်ခံစာတစ်ခု ပို့လိမ့်မည်ဖြစ်ပြီး ထန်းပိုင်ကို ‌မတွေ့လိုက်ကြောင်း ပြောပေလိမ့်မည်။


ကုထူနန်က အယ်လ်ဖာ တစ်ဦးဖြစ်ပြီး စိတ်ထားအလွန်သေးသိမ်ကာ ထန်းပိုင်ကို သူရှုံးတဲ့အခါတိုင်း သေးငယ်တဲ့ကိစ္စလေးတွေနဲ့ စိတ်ဆင်းရဲအောင် လုပ်တတ်သည်။


ဥပမာပြောရရင် ချိန်းဆိုထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ မိနစ်၂၀ မှ ၃၀ အထိ နောက်ကျအောင် လုပ်ပြီး ထန်းပိုင်ကို စောင့်ခိုင်းတတ်သည်။ ပြီးတော့ ကုထူနန်က ကြိုတင်ရောက်လာပြီး ထန်းပိုင်ကတော့ မရောက်သေးဘူးလို့ မကောင်းသတင်းဖြန့်တဲ့ လှည့်ကွက်မျိုးကိုလည်း သုံးတတ်၏။  


ဤအစီရင်ခံမှု၏ အဓိကပစ်မှတ်မှာ ထန်းပိုင်ကို အားလပ်ရက်ပေးခဲ့သည့် ဒါရိုက်တာဟောင်ဖြစ်သည်။


ဒါရိုက်တာဟောင်သည် ဤအကြောင်းကို သိရှိသွားပါက ထန်းပိုင်ကို ဆွဲခေါ်ပြီး ကုထူနန်ကို နှစ်သက်စေရန် အိုမီဂါတစ်ယောက်အနေဖြင့် ဘယ်လိုနေထိုင်ရမည်ကို ပြောပြလိမ့်မည်၊ ဒီလိုဦးနှောက်ဆေးခြင်းသည် သုံးနာရီမှ လေးနာရီထိကြာမြင့်မည်ဖြစ်ပြီး ထန်းပိုင်ကို ခေါင်းမူးစေလိမ့်မည်ဖြစ်သည်။ သို့သော် ဒါရိုက်တာဟောင်သည် ထန်းပိုင်၏ ကောင်းကျိုးအတွက် လုပ်ဆောင်နေသည်ဟု သူ့ကိုယ်သူ ယုံကြည်နေသည်။


ဟုတ်တယ်...လူတိုင်းက ကုထူနန်နှင့် အတူနေခွင့်ရတာက ထန်းပိုင်အတွက် ကောင်းသည်ဟု ထင်ကြသည်။


သူ့ကို အချစ်ဆုံး သူ့အဖိုးကတောင် အဲ့လိုထင်နေတယ်လေ...

ကုထူနန်က ကောင်းမွန်သော မိသားစုမှ လာသည်၊ ကောင်းမွန်သော အသွင်အပြင်ရှိသည်၊ ကောင်းမွန်သော ကျောင်းသားဖြစ်သည်၊ နောင်တွင် ကောင်းမွန်သော အနာဂတ်ရှိသည်။ ထန်းပိုင်နှင့် ကုထူနန်တို့ အတူနေပါက သူသည် အနည်းဆုံး ဗိုလ်ချုပ်ကြီးတစ်ယောက်၏ ဇနီးဖြစ်လာမည်။


ကုထူနန်က ထန်းပိုင်ကို ချစ်ချစ်မချစ်ချစ်၊ ထန်းပိုင်သည် ကုထူနန်ကို ချစ်ချစ်မချစ်ချစ် ဘယ်သူမှ ဂရုမစိုက်ကြပေ။


ထန်းပိုင်သည်  သူ့ဆရာက "ကျောင်းသားထန်း၊ ကုထူနန်က မင်းကို အမှတ်အသား‌ ပေးလိုက်တဲ့အချိန်ကျ မင်းက ချစ်မိသွားလိမ့်မယ်" ဟု ပြောခဲ့ဖူးသည်ကို မှတ်မိသည်။ ......


ထန်းပိုင်၏ လှပသော ပယင်းရောင်မျက်လုံးများသည် မှောင်မိုက်သွားပြီး သူ၏နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ ဒီအရာတွေအကုန်လုံးက ရယ်စရာပဲ။


ဒီလို ပြီးပြည့်စုံတဲ့ အမှတ်အသားတစ်အခုအတွက်နဲ့ သူက ကုထူနန်အပေါ်ကို မှီခိုအားကိုးသူ၊ နာခံလွယ်သူ၊ လေးစားသူဖြစ်လာလိမ့်မယ်လို့ တွေးတောင်မတွေးနိုင်ပေ။


အကယ်၍ အဲ့ဒါက ကုထူနန်မဟုတ်ဘဲ အခြားအယ်လ်ဖာတစ်ယောက်ဖြစ်‌နေလည်း သူလက်ခံနိုင်မှာမဟုတ်ပေ။


အမှတ်အသားပေးပြီးတဲ့နောက်မှာ အဲ့လူကရော အရင်ပုံစံအတိုင်း ရှိနေနိုင်လို့လား။


ထန်းပိုင်က ခန္ဓာကိုယ်၏ သဘာဝအတိုင်း ဖြစ်ပေါ်လာသော စိတ်အားထက်သန်မှုကို မလိုလားပေ။ သူလိုချင်သည်မှာ စိတ်နှလုံးသား၏ လွတ်လပ်မှု၊ စိတ်ဝိညာဉ်၏ ပျော်ရွှင်မှုဖြစ်သည်။


သို့သော် ထန်းပိုင်က အဖိုးတန် အိုမီဂါတစ်ယောက်ဖြစ်သည်။ အယ်လ်ဖာတ‌စ်ယောက်နှင့် လက်ထပ်ပြီး အမှတ်အသားပြုခြင်းကို ခံယူရမည်ဖြစ်သည်။ ဤသည်မှာ ဖက်ဒရယ်ဥပဒေဖြစ်သည်။


သူ့တွင် ငြင်းဆိုခွင့်မရှိပေ။


ဤအကြောင်း‌တွေကြောင့် သူက ရှဲ့ရူဟန်ကို နှစ်သက်တာဖြစ်နိုင်သည်။ ရှဲ့ရူဟန်လိုမျိုး လွတ်လပ်မှုကို ရွေးချယ်နိုင်သည့် အခွင့်အရေးကို သူလိုချင်သည်။ ရှဲ့ရူဟန်၏ လွတ်လပ်မှုအတွက် သူ၏ဂလင်းကို ဖြတ်တောက်ပြီး အကာအကွယ်ဆေးထိုးခြင်းကို သူလေးစားသည်။


သူသည် ရှဲ့ရူဟန်ကဲ့သို့သော လူများကို နှစ်သက်သည်။ သူတို့ဘာဖြစ်ချင်သည်ကို သိပြီး ထိုအရာကို ရယူရန် ရဲရင့်စွာ ပေးဆပ်နိုင်သူများကို နှစ်သက်သည်။


ထန်းပိုင်က နှာခေါင်းရှုံ့လိုက်ပြီးနောက် ကုထူနန်၏ ပုံရိပ်ကို မြင်လိုက်ရသည်။


ကုထူနန်က ထန်းပိုင်ကို ဘယ်တော့မှ ကောင်းကောင်းမကြည့်ဖူးသော်လည်း ယခုတစ်ကြိမ်တွင်တော့ ထန်းပိုင်၏ အဝတ်အစားကို မြင်ပြီးနောက် စိတ်သက်သာရာရသွားသည်။


အယ်လ်ဖာတစ်ယောက်အတွက် ထန်းပိုင် ယခုလိုမျိုးဝတ်ဆင်လာသည်ကို စိတ်အနှောင့်အယှက်ဖြစ်ရန် ခက်ခဲလှ၏။


ထန်းပိုင်၏ ကိုယ်ခန္ဓာမှာ သေးငယ်သော်လည်း လှပသောအဝတ်အစားနှင့် လိုက်ဖက်သော နူးညံ့သိမ်မွေ့မှုမရှိပေ။ သို့သော် ယခုမြင်နေရတဲ့ အဖြူရောင်ပန်းပွင့်ကဲ့သို့ နူးညံ့သိမ်မွေ့မှုမှာ မိဘများ နာမကျန်းဖြစ်နေပြီး တစ်ကိုယ်တည်း ဆင်းရဲနွမ်းပါးနေသော ကလေးငယ်ကဲ့သို့ နူးညံ့သိမ်မွေ့မှုဖြစ်သည်။


အရမ်း ဖိုဝါဒီစိတ်ကြီးတဲ့သူပဲ...


ကုထူနန်မှာ ထန်းပိုင်ကို သူ ယခင်က သူကြိုက်နှစ်သက်တတ်သည့် အိုမီဂါပုံစံကဲ့သို့ ရိုးရှင်းသောအဝတ်အစားများ ဝတ်ဆင်ရန် ပြောခဲ့သည်ကို မှတ်မိသည်။


သူ၏ မီးခိုးရောင်မျက်လုံးများတွင် နားလည်မှုတစ်ခု ဖြစ်ပေါ်လာပြီးနောက် ကုထူနန်က ထန်းပိုင်ကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။


ထန်းပိုင်: "????"


ဒီပဲပင်က ဘာ‌တွေတွေးနေတာလဲ။


ထန်းပိုင်က စာအုပ်ကို ကုထူနန်ထံ အရင်ပေးလိုက်ပြီး

"စာပိုဖတ်ပြီး ကိုယ့်အသိဥာဏ်ကို ပြည့်ဝ‌အောင်လုပ်၊ နောက်ပိုင်းမှာ အကုန်လုံးကိုသိလာလိမ့်မယ်။"


ကုထူနန်က မျက်ခုံးများကို ကျုံ့ပြီး စာအုပ်ခေါင်းစဉ်ကို ကြည့်လိုက်သည်။ 

"If you have a little alpha" ဟု ဖတ်မိသောအခါ ဤသေးငယ်သော အိုမီဂါကို နက်နက်နဲနဲ ကြည့်လိုက်သည်။ ထို့နောက် မြင့်မြတ်သော နောက်ကျောကို ချန်ထားခဲ့ပြီး ထွက်သွားလေသည်။


ထန်းပိုင်: "????"


ဒီပဲပင်က ဘာတွေးနေတာလဲ။


ထန်းပိုင်က ကျောင်းဝင်ပေါက်တွင် ရပ်နေပြီး သူနှင့် ရှဲ့ရူဟန်တို့ လေးနာရီတွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ယခုအချိန်သည် သုံးနာရီခွဲသာရှိသေးသည်ကို သတိပြုလိုက်မိသည်။ သို့သော် မိနစ်အနည်းငယ်အတွင်း၌ ထန်းပိုင်က ရှဲ့ရူဟန်ကို မြင်လိုက်ရသည်။


ရှဲ့ရူဟန်က ချိန်းဆိုမှုအတွက် စောစောလာခဲ့သည်။


ထန်းပိုင်က ပျော်ရွှင်စွာဖြင့် ရှဲ့ရူဟန်ဆီသို့ ပြေးသွားသည်။ ထိုအချိန်တွင် ကျောင်းဝင်ပေါက်တွင် တာဝန်ကျနေသော လူက စဉ်းစားလိုက်သည်၊း။

ငါမှားမယ်မထင်ဘူး၊ ဒီအိုမီဂါက ငါတို့ကျောင်းက ယောက်ျားလေးနှစ်ယောက်နဲ့ တစ်ချိန်တည်း ဆက်သွယ်နေတာလား????


_____



There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment