no
Chapter 12
ရှဲ့ရူဟန်က ဝေဖန်ခံလိုက်ရတာမို့ သူ့ရဲ့ ဆုံးဖြတ်နိုင်စွမ်းကိုတောင် စပြီး မေးခွန်းထုတ်မိတော့မလိုပင်။ သူကြည့်နေတုန်းမှာပဲ နောက်တစ်ပိုင်း ထပ်တင်လာခဲ့သည်။
ဇာတ်လိုက်က ထိုဂိုဏ်းအဖွဲ့ဝင်ကို ရိုးရိုးရှင်းရှင်း သတ်ပစ်လိုက်ပြီး အလောင်းကို ထိတွေ့ကာ လက်နက်တွေကို ယူသည်။တစ်စစီဖြုတ်သည်။ပြီးရင် ပြန်တပ်ဆင်ရင်း လက်နက်အသစ်တွေ ဖန်တီးပြီး အဲ့ဒီလက်နက်ကို မှောင်ခိုဈေးကွက်မှာ ရောင်းချရင်း သူ့ရဲ့ပထမဆုံးငွေကို ရှာခဲ့သည်။
ရလာတဲ့ ပိုက်ဆံကို လက်နက်ထုတ်လုပ်ဖို့အတွက်အကြမ်းထည်တွေ၊ လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်ဝယ်ပြီး ထပ်ပြီး ရောင်းချဖို့ လက်နက်တွေ အများကြီးကို ပြန်ထုတ်လုပ်လေသည်။
အမှန်တော့ ဇာတ်လိုက်က လက်နက် တီထွင်ရာမှာ ဉာဏ်ကြီးရှင်ဖြစ်ပြီး သူ့မှာ ပိုက်ဆံမရှိလို့သာ အချိန်တွေကြာခဲ့ရတာ ဖြစ်သည်။ သူ အိုမီဂါ မဖြစ်လာခင်တုန်းက သူ စိတ်ရှုပ်ထွေးနေခဲ့မိသည်။ သူ့ရဲ့ခေါင်းထဲမှာ စက်မှုဆိုင်ရာ အသိပညာတွေနဲ့ လက်နက်ထုတ်လုပ်နည်းတွေ သိပါရက်နဲ့ ပစ္စည်းဝယ်ဖို့ ပိုက်ဆံမရှိတဲ့အတွက် မလေ့ကျင့်နိုင်ခဲ့ပေ။
တစ်ခုတည်းသော ပေါက်ကွဲလက်နက်လေးကတောင် နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရတဲ့ အဝတ်စုတ်တွေနဲ့ လုပ်ထားရတာမလို့ အရမ်းလည်း အစွမ်းမထက်ပေ။
သူ့ကိုယ်သူ အိုမီဂါ ဖြစ်ကြောင်း သိလိုက်ရပြီး မုဒိမ်းကျင့်ခံရမည့် အဖြစ်နဲ့ကြုံတဲ့အခါမှ ဇာတ်လိုက်ရဲ့ဦးနှောက်က ရုတ်တရက် တွေးတောနိုင် သွားခဲ့သည်။ ညစ်ပတ်တဲ့ လမ်းကြားလေးထဲမှာ သူစိမ်းအယ်လ်ဖာ တစ်ယောက်ဆီက မုဒိမ်းကျင့်ခံရပြီး ရက်စက်စွာ အသတ်ခံခဲ့ရတဲ့ သူ့ရဲ့ အိုမီဂါ မိခင်ကို သူပြန်အမှတ်ရသွားခဲ့သည်။
ထိုအချိန်မှာ သူကအရမ်းကို ငယ်သေးတာမို့ ကြည့်ရုံသာ တတ်နိုင်ခဲ့ပြီး လုံးဝ မတားနိုင်ခဲ့ပေ။ သူ့အမေရဲ့ သေဆုံးမှုကို မျက်မြင်တွေ့ခဲ့ရတဲ့ ကိစ္စက သူ့ဘဝရဲ့ အကြီးမားဆုံး အရိပ်ဆိုးကြီးပင်။ နှစ်များစွာ အစာတစ်နပ်ရဖို့ ခွေးတွေနဲ့ လုခဲ့ရပြီး စက်ပစ္စည်းအကြောင်း စာအုပ်တွေ ဖတ်နေချိန်မှာပဲ အေးချမ်းတဲ့ အခိုက်အတန့်လေး ရခဲ့ရတာဖြစ်သည်။
ဒါပေမဲ့ အဲ့ဒါတွေအကုန်လုံး ဒီနေ့ပြောင်းလဲ သွားပြီ။
ဒေါသကြောင့် သူနိုးထသွားပြီး ပိန်ပါးတဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ခွန်အားတွေ ပြည့်နှက်သွား၏။ ထွက်ပြေးနေရုံနဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုတာကို သူနောက်ဆုံးတော့ နားလည်သွားပြီ။ သူ ထွက်ပြေးရုံနဲ့ အဲ့ဆန်ကုန်မြေလေးအယ်လ်ဖာက ထွက်သွားမှာ မဟုတ်ဘူး။ အဲ့လို ဆန်ကုန်မြေလေးတွေက နေရာတိုင်းမှာ ရှိနေမှာဖြစ်ပြီး စိတ်မကောင်းစရာအဆုံးသတ်တွေကလဲ ဖြစ်နေမှာပဲ။
သူ အားလုံးကို ပြောင်းလဲပစ်ချင်ပေမယ့် မလုပ်နိုင်တဲ့အခါ အကုန်လုံး ဖျက်ဆီးပစ်ဖို့ပဲ ရွေးချယ်လိုက်နိုင်သည်။
ဒီဘဝမှာ သူဟာ ဒေါသတွေပြည့်နှက်နေတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားရတာကလွဲရင် ဘာမှ မရှိတဲ့ တစ်ကောင်ကြွက်သာသာပဲ!
ရှဲ့ရူဟန် အနည်းငယ် တုန်လှုပ်သွားပြီး ဒေါသဂယက်ထဲ နှစ်မွန်းသွားပြန်သည်။
ဒါက သူ့လို လူမျိုးအတွက်တောင်မှ ဒီအခိုက်အတန့်မှာ သွေးတွေပူလာပြီး သူ့ကို သွေးဆူပွက်စေသည်။
ဒါပေမဲ့ ထန်းပိုင်က ဘာလို့ ဒီလိုအကြောင်းရေးခဲ့တာလဲ...
ထန်းပိုင်.. မင်းက ဘယ်လိုလူမျိူးလဲ...
ဒုတိယအပိုင်းရဲ့အဆုံးမှာ သူတို့အဖွဲ့ဝင် သေဆုံးခဲ့ရတာကို ဂိုဏ်းကရှာတွေ့သွားခဲ့သည်။ ဒါပေမဲ့ ဒီလို သေဆုံးတာက ဖြစ်နေကျပင်။ ဂိုဏ်းသား ညီကိုတွေတစ်ချို့ကပဲ သူတို့ညီအကိုရဲ့ သေဆုံးမှုကို စုံစမ်းဖို့ တင်းခံနေခဲ့ကြသည်။
………
Commentနေရာမှာ ပေါက်ကွဲသွားတော့၏။
[ ဖောက်ခွဲတယ်? ဖောက်ခွဲတယ်? ဖောက်ခွဲတယ်တဲ့? ငါ့တစ်မိသားစုလုံးတောင် လန့်သွားတယ်... ဇာတ်လိုက်က ငါးမန်းဆီက အတိုက်ခိုက် ခံရတာမို့လို့လား?]
[ဇာတ်လိုက်ရဲ့ အတွင်းစိတ်က အရမ်းကို သံသယလွန်ကဲစိတ် များတာပဲ အိုမီဂါဖြစ်တဲ့ဇာတ်လိုက်က လူတစ်ယောက်ကို ဖောက်ခွဲပစ်တယ်လား ! ဒါက အသက်ရှင်နေတဲ့လူသားတစ်ယောက်နော်]
[ဒီဇာတ်ကြောင်းကို သေချာတွေးကြည့်ပေးလို့ကို မရဘူး...ကြယ်တာရာ ပြက္ခဒိန်ရဲ့ 231ခုနှစ်တောင် ရှိနေပြီကို လူတစ်ယောက်ရဲ့ ဘဝကို မြက်ပင်တစ်ပင်လို ရေးဖွဲ့ထားရလား... ငါသိတဲ့ အိုမီဂါဆိုရင် ကြက်တစ်ကောင်တောင် မသတ်ရဲဘူး အယ်လ်ဖာကို သတ်ဖို့ဆိုတာ ဝေးသေး]
[ငါ..ငါ တစ်ယောက်ပဲ မိုက်တယ်လို့ မြင်နေတာလား အဲ့ဒီ.. အဖွဲ့ဝင်က လူသတ်သမားဖြစ်ရုံတင် မကဘူး မီးရှို့တယ်၊ မှောင်ခိုလုပ်တယ်၊ လူကုန်ကူးတယ်၊ ဆေးကုန်ကူးကြတယ် အဲ့လိုကောင်တွေက သေဖို့တန်တာပဲ မဟုတ်ဘူးလား]
[ဂိုဏ်းကညီအစ်ကို,ကိုသတ်သွားတဲ့သူကို ချစ်မိသွားတဲ့ အချစ်ရေးများဖြစ်နေမလား]
[ဘာလို့ မင်းရဲ့လိင်အမျိုးအစားကို ဖုန်းကွယ်ထားတာလဲ...အိုမီဂါတွေကို ကာကွယ်ပေးတဲ့ အဖွဲ့အစည်းကိုပဲသွားလိုက်တာ မကောင်းဘူးလား]
[ဟာသပဲ အဲ့ဒါထက်ကွာ အိုမီဂါတစ်ယောက်က စွမ်းအင်ကျောက်တုံးကဘာလဲ၊သလင်းကျောက် ဘာလဲဆိုတာကို ပြောနိုင်မှာမလို့လား]
ထန်းပိုင် ကောမန့်မှာ တွေ့လိုက်တဲ့ စာဖတ်သူအများစုက အိုမီဂါတွေကို အဓိပ္ပါယ် သတ်မှတ်ပေးနေတဲ့ အယ်လ်ဖာ အုပ်လိုက်ကြီးပဲ ဖြစ်သည်။ အိုမီဂါဆိုတာ သူတို့ရဲ့ အမြင်မှာ အဝတ်လှလှလေးဝတ်၊ ထမင်းဟင်းချက်ပြီး ကလေးမွေးပြီး ကဗျာလေးတွေ၊သီချင်းလေးတွေပါ ရေးရမယ်ပေါ့။ အိုမီဂါတွေက စက်ပစ္စည်းအကြောင်း လေ့လာဖို့ အသိဉာဏ် မပါဘူးလို့ သူတို့တွေ မှတ်ယူထားကြသည်။ ဒါပေမဲ့ ဝမ်းနည်းဖို့ ကောင်းတာက အိုမီဂါ အများစုက အဲ့လိုမျိူး အယုံသွင်းခဲ့ရပြီး တစ်ပုံစံထဲ တွေးနေကြတာပဲ ဖြစ်သည်။
ဒီလိုမျိုး ကိုယ့်ကိုယ်ကို ငြင်းပယ်ပြီး အထင်သေးနေတော့ အိုမီဂါတွေအပေါ်မှာ လူမှုပတ်ဝန်းကျင်က အထိန်းအချုပ်တွေ သတ်မှတ်ပြီး စွမ်းဆောင်ရည်တွေ ကန့်သတ်ခံခဲ့ရ၏။ ထိုအချိန်မှာ အိုမီဂါ ရှဲ့ရူဟန်ကပဲ အဲ့အထိန်းအချုပ်တွေကြားထဲ ကခုန်ရင်း အိုမီဂါတွေအတွက် အလင်းတန်းဖြစ်တည်လာကာ ဘယ်သူမှမသွားဖူးတဲ့ လမ်းကြောင်းကို သွားခဲ့တာဖြစ်သည်။
ဓားသွားပေါ်မှာ ခြေဖျားတင်ရင်း လေးလံတဲ့ ခြေလှမ်းတွေနဲ့ တားဆီးထားတဲ့ ချိန်းကြိုးတွေကြား သံစဥ်အနောက်ကို လိုက်ပါစီးမျောရင်း သွေးတွေကြားက ကပြခဲ့သည်။
စာအုပ်ထဲမှာ ရှဲ့ရူဟန်က ထိုလမ်းကြောင်းကို ခက်ခဲစွာ လျှောက်လှမ်းခဲ့ရသည်။ အခုအချိန်မှာတော့ ထန်းပိုင်က တစ်ဖက်လူ၏ အတားအဆီးတွေ လျော့ပါးသွားအောင် တစ်ဖက်တစ်လမ်းက ကူညီပေးချင်သည်။
သူ မျက်လုံးမှိတ်လိုက်ပြီး မှတ်ဉာဏ်ထဲက စာအုပ်ကို ရှာဖွေလိုက်သည်။ စာအုပ်ရဲ့ အစပိုင်းမှာ ရှဲ့ရူဟန် သူ့ရဲ့ မျိုးစိတ်အစစ်အမှန်ကို မဖော်ပြခံရသေးခင်တုန်းက အသေးစားလူဆိုးဆီက အနှောက်အယှက် ပေးခံခဲ့ရသည်။
ထိုအသေးစားလူဆိုးက ရှဲ့ရူဟန်နဲ့ အတန်းတူ သူငယ်ချင်း ချင်းကျွင်ဖြစ်သည်။ ချင်းမိသားစုက ရုတ်တရက် အမြင့်တက်နိုင်သွားသည်မှာဆင်းရဲသားတွေဆီက ဂုတ်သွေးစုတ်ကာ ပေါင်းသင်း ဆက်ဆံခဲ့ခြင်းကြောင့် ဖြစ်သည်။
ဆင်းရဲသားရပ်ကွက်တွင် ဖြစ်ပွါးနေသည့်အရာများမှာ ရှုပ်ထွေးလှသည်။ ချင်းမိသားစုက အရင်းအမြစ်နေရာတွေမှာ ခက်ခဲတဲ့ အလုပ်တွေအတွက် စျေးပေါပေါနဲ့ရတဲ့ ဆင်းရဲသားတွေကို မိုင်းတူးဖို့ အသုံးချပြီး ရသမျှ အကျိုးအမြတ်ကို ယူခဲ့သည်။
ချင်းမိသားစုဝင်အနေနဲ့ ချင်းကျွင်က အရမ်းကို အဆင့်အတန်း ခွဲခြားတတ်ပြီး သူ့မျက်စိထဲမှာ ဆင်းရဲသား အားလုံးက အဆင့်နိမ့်တွေဖြစ်ပြီး ဆင်းရဲသားဆိုတာ လောက်ကောင်တွေနဲ့ မခြားတဲ့သူလို့ မှတ်ယူထားတဲ့သူပင် ဖြစ်သည်။
ထို့နောက် ရှဲ့ရူဟန်က သူနဲ့ အတန်းတူတူတက်တာကို သိသွားတဲ့အခါမှာတော့ တိရစ္ဆာန်နဲ့ စားပွဲတစ်ခုတည်း ထိုင်စားနေရသလို ရွံရှာစိတ်တွေ ထွက်လာပြီး သူက ရှဲ့ရူဟန်ကို အချိန်တိုင်း ပစ်မှတ်ထားတော့သည်။
အဲ့နောက်မှာ သူ ရှဲ့ရူဟန်ဆီကနေ လည်ပင်း ညှစ်ခံလိုက်ရသည်။
ထိုကိစ္စပြီးတည်းက သူက ရှဲ့ရူဟန်ကို အငြိုးထားခဲ့ပြီး ချင်းမိသားစု အာဏာနဲ့ ရှဲ့ရူဟန်ကို အပြစ်ပိုတိုးပြီးပေးဖို့ ပြုလုပ်ခဲ့သည်။
ကျောင်းတစ်ကျောင်းလုံးရဲ့ သန့်စင်ခန်းတွေ ဆေးရမယ်…
“ လောက်ကောင်တွေက သူတို့နဲ့တန်တဲ့ နေရာမှာပဲ နေသင့်တယ်”
ချင်းကျွင် အဲ့စကားကို အမြဲပြောခဲ့သည်။
နောက်ပိုင်း ရှဲ့ရူဟန် မြေအောက်တိုက်ပွဲရဲ့ ကြိုးဝိုင်းကို စောင့်ရချိန်တုန်းကလည်း တိုက်ပွဲအတွက် အသုံးပြုခဲ့တဲ့ နည်းပညာတွေကို ပြင်းထန်အောင် ချင်းကျွင်ကပြုလုပ်ခဲ့ပြီး ရှဲ့ရူဟန် မှာအသက်ဘေးကနေ သီသီလေး လွတ်မြောက်လာခဲ့ရသည်။
ထန်းပိုင် ထိုအပိုင်းကို ဖတ်ပြီးနောက်မှာတော့ အနည်းငယ် ဒေါသထွက်သွားရသည်။ ဒါပေမဲ့ အခုက ရှဲ့ရူဟန်နဲ့ချင်းကျွင် သူတို့နှစ်ယောက် ရန်လည်းမဖြစ်ရသေးသလို ရှဲ့ရူဟန်လည်း စစ်တပ်ရဲ့ ပထမလေ့ကျင့်ရေးကို မသွားရသေး။ ဒီတော့ အဲ့ဒါ တွေပြီးသွားမှ ကျင့်ဝတ်အတန်းတွေ စမှာ ဖြစ်သည်။
….
ယဉ်ကျေးမှုအတန်းရဲ့ ပထမဆုံး အတန်းချိန်ကို သူပါ တက်နိုင်အောင်လို့ ထန်းပိုင်က ရှဲ့ရူဟန်ဆီကနေ အတန်းချိန်ကို မေးဖို့ ဆုံးဖြတ်လိုက်သည်။
သူ မက်ဆေ့ထဲ ဝင်လိုက်တော့ တွေ့လိုက်ရတာက ရှဲ့ရူဟန်ဆီက (ကိုယ်သိပြီ) ဆိုတဲ့ ပြန်စာကို သူ စိုက်ကြည့်နေခဲ့မိသည်။
သူက သူနဲ့ ကုထူနန်ကြားက ဆက်ဆံရေးကို ရှဲ့ရူဟန်ဆီကို ရှင်းပြတာပေမယ့် သူ့ရဲ့ ပြန်စာကတော့ အခြေအနေ တစ်ရပ်ကိုသာ ဖော်ပြနေသည်..
(စာတော့ဖတ်သွားသည်..)
ထားပါလေ အနည်းဆုံးတော့ ပြန်စာရောက်လာသေးသည်လို့ မှတ်ရမှာပေါ့..
ထန်းပိုင် နှာတစ်ရှူံ့ရှုံ့ လုပ်ပြီး စာရိုက်ဖို့ ကြိုးစားလိုက်သည်။
ထန်းပိုင် - ရှဲ့ကော ဒါက ကျွန်တော့်အတန်း အချိန်ဇယားပဲ.. (ဝက်ပုံလေး).. အစ်ကိုရှဲ့ရဲ့ အချိန်ဇယားကိုကော ပို့ပေးလို့ရမလား? ကျွန်တော်တို့ ဘယ်လောက်တူလဲ သိချင်တယ်..(ကြောင်ပုံလေး)
စာပို့ပြီးချိန်မှာမှ ထန်းပိုင်တစ်ခုကို သဘောပေါက် သွားခဲ့သည်။ အကယ်လို့ ရှဲ့ရူဟန် ပြန်စာမပို့လာရင် ရှက်ဖို့ ကောင်းတယ်မလား?
ရှဲ့ရူဟန် : (ဓာတ်ပုံပို့လိုက်သည်)
ရှဲ့ရူဟန် - မင်းရဲ့ စာအတွက် အချက်အလက် စုဆောင်းဖို့ ဆင်းရဲသားရပ်ကွက်ကို သွားဖို့ လိုသေးလား
ရှဲ့ရုဟန် သူ့ဆီကို ဓာတ်ပုံချက်ချင်း ပို့ပေးလာတော့ ထန်းပိုင် ပျော်သွားခဲ့ပေမဲ့ သူ့ရဲ့ဖျော့တော့တဲ့ ခံစားချက်လေးဟာ ခဏအတွင်းမှာပဲ…ရှဲ့ရူဟန် မနေ့ညက ပြောခဲ့သော စကားများကို စဥ်းစားရင်း..စိုးရိမ်မှုအဖြစ် ပြောင်းသွားခဲ့သည်။
“မင်းရဲ့ စေ့စပ်ထားတဲ့သူ ရောက်ပြီဆိုတော့ အခုကစပြီး မင်းဘာပဲလိုလို သူ့ဆီကို သွားလို့ရပြီ.. ကိုယ့်ကို ဆက်သွယ်ဖို့ မလိုတော့ဘူး”
ထန်းပိုင် ဂရုတစိုက် စာပြန်လိုက်သည်။
ထန်းပိုင် : စုဆောင်းဖို့က လိုသေးတယ်..ဒါပေမဲ့ အစ်ကိုရှဲ့က အလုပ်များနေမှာမို့ ကျွန်တော့်အတွက် သွားပေးဖို့ မသင့်တော်ပါဘူး.. ကျွန်တော့် သူငယ်ချင်းတွေကို အကူအညီ တောင်းလိုက်ပါ့မယ်.. အစ်ကိုရှဲ့ကို မနှောက်ယှက်တော့ပါဘူး
ရှဲ့ရူဟန် : အလုပ်မများပါဘူး...
ထန်းပိုင် - “......”
ရှဲ့ရူဟန် : လူကြီးလူကောင်းရဲ့ ကတိစကားလိုပဲ.. ကိုယ်မင်းကို အရင်က ကူညီပေးမယ် ပြောထားတာပဲ.. ပြန်ရုတ်သိမ်းလို့ ဘယ်ဖြစ်မလဲ ဟုတ်တယ်မလား
ထန်းပိုင် - “!!!”
ငါ သူငယ်ချင်းဇုံ သင်္ဘောကြီးကို မြင်နေရပြီ! မြန်မြန်ဝင်စမ်း!
ထန်းပိုင် ပြန်ပြောလိုက်သည်။
ထန်းပိုင် - ဒါပေါ့..ဒါပေါ့..ဒါပေါ့... အစ်ကိုရှဲ့ အလုပ်မများဘူးဆိုရင် အကောင်းဆုံးပေါ့.. အစ်ကိုရှဲ့ရဲ့ ဆင်းရဲသားတွေနဲ့ ရင်းနီးကျွမ်းဝင်မှုနဲ့ အစ်ကိုရှဲ့ဆီက သန်မာတဲ့ အကာအကွယ်ကို ခံစားရစေနိုင်တာတွေက တခြားသူနဲ့ ဘယ်အစားထိုးလို့ ရပါ့မလဲ (ကြောင်ပုံ)
ရှဲ့ရူဟန် - မင်းရဲ့စကားတွေကလည်း အစားထိုးလို့ မရနိုင်ပါဘူး...
ရှဲ့ရူဟန် - စောစောနားတော့...
ထန်းပိုင်အစကတော့ ရှဲ့ရူဟန် ရုတ်တရက်ကြီး သူ့ကိုချီးကျူးတာက သူ့ရဲ့ချိုမြိန်လှတဲ့ မြှောက်ပင့်စကားကြောင့်လို့ တွေးခဲ့ပေမဲ့ နောက်ပိုင်းမှ သူ့ရဲ့ဝတ္ထုက ရှဲ့ရူဟန်ရဲ့ ကောမန့်ကို သူ သတိရကာ သဘောပေါက်သွားခဲ့၏။
ဒါကြောင့်များ သူ့အပေါ် ရှဲ့ရူဟန်ရဲ့ အမြင်က အနည်းငယ် ပြောင်းသွားခဲ့တာလား...
ဘုရားရေ! တူညီတဲ့ စိတ်ဝင်စားမှုရှိရင် သူငယ်ချင်း ဆက်ဆံရေးက ပိုခိုင်မာတယ်တဲ့! သူ့ရဲ့ ထက်မြက်လှတဲ့ (စိတ်တူကိုယ်တူနည်းဗျူဟာ) က အလုပ်ဖြစ်သွားပြီ!
*
ကုထူနန် အခန်းထဲကို ဝင်လာသံကို ကြားလိုက်တာမို့ ချင်းကျွင် ပျင်းရိစွာ မေးလိုက်သည်။
“မင်းရဲ့ စေ့စပ်ထားတဲ့ဟာလေးကို ပြန်ရခဲ့လား...”
ကုထူနန်က “ဟင်းးး”လို့ နှာမှုတ်လိုက်သည်။
“ ကျွတ် မင်းရဲ့ စိတ်ဝင်စားမှုကိုရအောင်လို့ ပျောက်ကွယ်သွားသလို ဟန်ဆောင်တဲ့ အထူးနည်းလမ်း သုံးနေတာ မဟုတ်ဘူးလား...”
ချင်းကျွင်က ပြောနေရင်း.ထန်းပိုင်ရဲ့ မျက်နှာကို မြင်ယောင်လာကာ နှာမှုတ်လိုက်ပြီး
“ စေ့စပ်ထားတဲ့သူ ရှိနေတဲ့ အိုမီဂါတစ်ယောက်က သူစိမ်းအယ်လ်ဖာနဲ့ ဘာလုပ်နေတာလဲ...”
ချင်းကျွင် မျက်ခုံးတစ်ဖက် ပင့်လိုက်ကာ ထပ်ပြောသည်။
“မင်းရဲ့ သတို့သားလောင်းလေး ကစားနေတဲ့သူက ဘယ်သူလဲ... နာမည်မှာ ရှဲ့ပါတဲ့ ဟိုငမွဲတော့ မဟုတ်ဘူးမလား”
“အဆင့်နိမ့်ကောင်က ဆင်းရဲသား.ရပ်ကွက်မှာ ရှိနေဖို့ပဲ တန်တယ်.. မင်းရဲ့ သတို့သားလောင်းက သူ့ဆီက ဘာအချက်ကိုများ မြင်နေလို့လဲ မပြောတတ်ဘူး.. နေ့လည်ကတောင် အတူတူ ထမင်းထိုင်စားနေကြတာ”
ချင်းကျွင် ရွံရှာတဲ့ မျက်နှာနဲ့ ဆက်ပြောပြန်၏။
“သူ့ရဲ့ ပုံသဏ္ဍာန်က ကောင်းကောင်းမွန်မွန် မွေးဖွားလာတယ်ဆိုရင်တောင်မှ သွေးထဲမှာ ညစ်ပတ်ပြီး နိမ့်ကျမှုတွေ ပါဝင်နေမှာ.. နေ့တိုင်း နံစော်နေတဲ့ ပိုးကောင်တွေကို စားပြီးကြီးပြင်းလာတဲ့ သူ့ကို ကြည့်တာနဲ့တင် စားချင်စိတ်ပျောက်တယ်..”
နေ့တစ်ဝက်လောက်ကြာတဲ့အထိ ရွံရှာတဲ့မျက်နှာကြီးနဲ့ ပြောဆိုပြီးနောက်မှာတော့ အငြင်းစကား တစ်လုံးမှ ပြန်မပြောလာတဲ့ ကုထူနန်ကို ချင်းကျွင် ကြည့်လိုက်မိသည်။
“တကယ်ကြီး မင်းရဲ့သတို့သားလောင်းက အဲ့ကောင်နဲ့ ပတ်သက်နေတာလား...”
သူ အဓိပ္ပါယ်ပါပါ ပြုံးလိုက်ကာ
“ ကုထူနန် မင်းဘာလို့ ဒီမှာရှိနေသေးတာလဲ.. ပါဝင်ပတ်သက်နေတဲ့ကောင်က ဒီအဆောက်အအုံထဲမှာ ရှိနေတာဆိုတော့ သူ့ဆီကို သွားမေးလိုက်”
“ မင်းရဲ့ တစ်ဦးတည်းသော အိုမီဂါသတို့သားလောင်းလေးက အဲ့ငမွဲကောင်ဆီကနေ ထိပါးခံနေရတာကို မင်းက တုန်လှုပ်နေတဲ့ မိန်းမငယ်လေးလို ဒီမှာရပ်နေအုံးမှာလား..”
ကုထူနန်၏ မျက်နှာမှာ အလိုမကျမှုတွေ ပေါ်လာပြီး အေးစက်စွာ ပြောလိုက်သည်။
“ စကားကို သတိထားပြော”
ချင်းကျွင် အနည်းငယ် တုန်လှုပ်သွား၏။ အယ်လ်ဖာအဆင့်ချင်း ကွာဟမှုက သူ့အတွက် အားနည်းချက်တစ်ခုမို့ ကုထူနန် အနည်းငယ်သော ဖိအားကို ထုတ်လွှတ်လိုက်တာတောင်မှ သူ့ကို ကြောက်ရွံ့စေသည်လေ။
သူ ပခုံးတွန့်လိုက်ကာ လှောင်ပြောင်စွာ ပြောလိုက်သည်။
“ နောက်တာပါ ငါက”
ကုထူနန် အကြည့်ပြန်ရုတ်ပြီး မတ်တပ်ထရပ်လိုက်သည်။
ချင်းကျွင်ရဲ့ စကားတွေက ပြင်းထန်ပေမယ့် တစ်ခုတော့မှန်သည်။ ထန်းပိုင်က သူ့ရဲ့ စေ့စပ်ထားတဲ့သူဖြစ်တာမို့ လှည့်ကွက်တစ်ချို့ သုံးရုံလောက်ဆို အဆင်ပြေသေးပေမဲ့ တစ်ခြားအယ်လ်ဖာနဲ့ အတူရှိနေတဲ့ကိစ္စကတော့ စည်းကျော်သွားပြီ။
ကုထူနန် ထ,ရပ်ပြီး ရှဲ့ရူဟန်ရဲ့ အခန်းဆီကို သွားနေတာကို မြင်တော့ ချင်းကျွင်ရဲ့ နှုတ်ခမ်းထောင့်က ယုတ်မာမှုအပြည့်နဲ့ ကော့တက်သွားခဲ့သည်။ သူ ကုထူနန်ရဲ့ အနောက်ကို လိုက်သွားကာ ကော်ရစ်ဒါမှာ ရပ်ပြီး ပွဲကောင်းတစ်ခုကို ကြည့်ဖို့ လက်ပိုက်ကာ အသင့်စောင့်နေလိုက်လေသည်။
အိပ်ဆောင်တံခါးက ပိတ်ထားတာ ဖြစ်ပြီး ကုထူနန်နဲ့ ချင်းကျွင်ကို တံခါးဝမှာ ချိုးယန် တွေ့လိုက်တဲ့အခါမှာ သူနည်းနည်းတော့ လန့်သွားသည်.. သူတို့နှစ်ယောက်လုံးက မြင့်မြတ်တဲ့မိသားစုကဖြစ်ကြသည်.. ကုထူနန်က အဆင်ပြေသေးပေမဲ့.. ချင်းကျွင်က လုံးဝ နတ်ဆိုးတစ်ကောင် ဖြစ်သည်။
ချိုးယန်က အလယ်အလတ်တန်းစား ဖြစ်သည် ဆိုပေမဲ့ ချင်းကျွင်ရဲ့ မျက်လုံးထဲမှာ အလယ်အလတ်တန်းစားကော ဆင်းရဲသားကော အကုန်လုံးက အဆင့်နိမ့်တွေသာ ဖြစ်၏။ ညစ်ပတ်မှု အဆင့်ကွာသွားရုံသာ..
ပုံမှန်ဆိုရင် ချင်းကျွင်က အလယ်တန်းစားတွေကိုလည်း အနိုင်ကျင့်ပြီး သူ့အစား.အိမ်စာလုပ်ခိုင်းတာမျိုး.. နေ့လည်စာ ဝယ်ခိုင်းတာမျိုး..စသဖြင့် ခိုင်းစားတတ်သည်။ အလယ်တန်းစားဆိုတာ အဆင့်မြင့်တန်းထဲ ရောက်ဖို့ သူတို့လို မင်းမျိုးမင်းနွယ်တွေကို ခယ နေရမှာဖြစ်ပြီး အယ်လ်ဖာဖြစ်ရင်တောင် သူတို့ထက် နိမ့်ကျတဲ့သူတွေလို့ ဘဝင်ဟပ်စွာ ပြောဆိုလေ့ ရှိသည်။
ဒါကြောင့်ပဲ မြို့သားအလယ်တန်းစား ကျောင်းသားတစ်ချို့ဟာ ချင်းကျွင်ရဲ့ အစေခံတွေ ဖြစ်လာခဲ့ကြ၏။ သူတို့တွေ ခုခံခဲ့ရင်တောင် ချင်းကျွင်ဆီကနေ နှိပ်စက် အနိုင်ကျင့်ခံခဲ့ရတာမို့ ဒေါသထွက်နေတာတောင် မပြောရဲကြတော့ပေ။
“မင်းတို့ ဘာလာလုပ်တာလဲ”
ချိုးယန် သတိအနေအထားဖြင့် မေးလိုက်သည်။
ချင်းကျွင်က ချိုးယန်ဆီကို ကပ်ပါးကောင်ဆိုတဲ့ အကြည့်တစ်ချက် ပေးလိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ အထက်တန်းဆန်မှူတွေ ပြည့်လျှံနေပြီး လှောင်ပြောင်သံနဲ့
“ မင်းရဲ့ ဆင်းရဲသားကောင်ကို ခြေတွေ လက်တွေကို သန့်သန့်ရှင်းရှင်းထားဖို့ ပြောထားလိုက်.. မဆိုင်တဲ့အရာကို ထိပြီး လိုချင်တပ်မက်မနေနဲ့လို့”
ရှဲ့ရူဟန် ထွက်လာပြီး ချင်းကျွင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်မှာ သူ့တွင် အတည်ပြုချင်တဲ့ အရာရှိနေသဖြင့် ကုထူနန်ဘက်ကို ကြည့်လိုက်၏။
လျစ်လျူရှုခံလိုက်ရသော ချင်းကျွင်, “....”
ရွံစရာအကောင်းဆုံး ဆင်းရဲသားဆီကနေ လျစ်လျူရှုခံရတာက သူ့အတွက် အကြီးမားဆုံး စော်ကားမှူပင်.. ဘယ်လိုပဲ ထိပ်တန်းအယ်လ်ဖာဖြစ်နေပါစေ ရှဲ့ရူဟန်က သူ့အမြင်မှာ မြေအောက်ကြိုးဝိုင်းထဲ ဟောင်နေတဲ့ ခွေးတစ်ကောင်ထက် မပိုဘူး။
သူ့မျက်စိထဲကနေ ရုတ်တရက် တင်းမာတဲ့ အကြည့်တွေ ထွက်ပေါ်လာခဲ့၏။ ချင်းကျွင်က အရမ်းကိုမှ ရွံရှာနေသောအသံနှင့် လှောင်ပြောင်လိုက်သည်
“ ခွေးကောင်နဲ့ အပျက်ကောင်.. မင်းက ငါတို့ အသုံးပြုပြီးသား အိုမီဂါကို လျက်ဖို့ပဲ တန်တယ်...”
သူ၏ ခနဲ့တဲ့တဲ့စကားလုံးထဲမှာ ထန်းပိုင်ကိုပါ သူဆဲဆိုလိုက်၏။ ရှဲ့ရူဟန်၏ ထန်းပိုင်အပေါ် ထားတဲ့သဘောထားက ပုံမှန်မဟုတ်တာကို သူမြင်နေရတဲ့အပြင် ကုထူနန်ကလည်း ထန်းပိုင်ကို အမြင်မကြည်တာမို့ ထန်းပိုင်ကို ဆဲဆိုတာက ကုထူနန်ရဲ့ ဒေါသကိုပါ ပြေပျောက်အောင် လုပ်ပေးနိုင်လောက်သည်လေ...
ထိုစကားဆုံးသွားတာနဲ့ သားရေလက်အိတ် အမဲဝတ်ထားတဲ့ ရှည်သွယ်သွယ် လက်တစ်စုံဟာ ချင်းကျွင်ရဲ့ လည်ပင်းကို ချုပ်ကိုင်လာခဲ့သည်။
ထိပ်တန်းအယ်လ်ဖာတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက နှိုင်းယှဥ်သင့်တဲ့ အရာမဟုတ်ပေ။ ထို့အပြင် ဘယ်သူမှ ရှဲ့ရူဟန် အရှေ့ထွက်ပြီး ချင်းကျွင်ရဲ့လည်ပင်းကို ဆွဲညှစ်လိုက်တာကို မမြင်လိုက်သလို သူ ဒီလိုမျိုး လုပ်လိမ့်မယ်လို့ မမျှော်လင့်ထားကြပေ။
အရင်တုန်းတည်းက ချင်းကျွင် ရှဲ့ရူဟန်ကို အကြိမ်များစွာ စကားတွေနဲ့ ရန်စခဲ့ဖူးပေမယ့် အကြိမ်တိုင်း ရှဲ့ရူဟန်က ဘာမှမလုပ်ဘဲ နေခဲ့တာမို့ အခုတစ်ကြိမ်လည်း အရင်လို ခေါင်းငုံ့ခံနေမယ်လို့ သူ မှတ်ယူထားခဲ့သည်။
ကျားပါးစပ်လိုမျိုး တင်းကျပ်စွာ သူ့လည်ပင်း အရွတ်ကို ဖမ်းချုပ်ထားတဲ့ လက်ကြောင့် သူ့လည်ပင်းက သွေးကြောတွေလည်း ထောင်ထနေလေပြီ။
ရှဲ့ရူဟန်သာ အားအနည်းငယ် ထပ်ထည့်လိုက်မယ်ဆိုရင် သူ ချင်းကျွင်ရဲ့ လည်ပင်းကိုတောင် ချိုးပစ်နိုင်ပြီ ဖြစ်သည်။
ရှဲ့ရူဟန်က ဖီးနစ်ငှက်တစ်ကောင်လို စူးရှနက်မှောင်နေတဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်ပြီး သူ့ရဲ့ အသံဩဩထဲမှာ အေးစက်မှုတွေ ကိန်းခိုနေကာ တစ်လုံးချင်း ပြောလိုက်သည်။
“ထပ်ပြောကြည့်လိုက်စမ်း...”
သေဘေးနဲ့ ကပ်သီးလေး ကြုံလိုက်ရတဲ့ ချင်းကျွင်တစ်ယောက် ခြေထောက်တွေ ပျော့ခွေစွာ မြေပြင်ပေါ် ပြုတ်ကျသွားခဲ့၏။ သူ့ရဲ့ နှုတ်ခမ်းတွေက မထိန်းနိုင်စွာ တစ်စက်စက် တုန်နေပြီ
း အသံတစ်သံတောင် မထွက်နိုင်တော့ဘဲ အကူအညီ တောင်းဖို့ရန် ကုထူနန်ကို လှမ်းကြည့်လိုက်သည်။
ဒါပေမဲ့ သူမြင်လိုက်ရတာက မလှုပ်မယှက်ရှိနေတဲ့ ကုထူနန်ရဲ့ မျက်လုံးထဲမှာ အထင်သေးမှုတွေနဲ့ အေးစက်မှုတွေသာ….
ချင်းကျွင် : “?!!!!?!?!”
There is No Eng Version