no


Chapter 13 


နောက်ရက်မှာ ထန်းပိုင်က ပန်းပွင့်အဆင်ဇာကွတ်လေးပါတဲ့ အေပရွန်လေးကို ဝတ်ကာ ဆင်တူ ဘောင်းဘီလေးပါ ဝတ်ပြီး ဟင်းချက် သင်တန်းအတွက် ထုံးမန်နဲ့အတူ သွားခဲ့သည်။ 


အတန်းချိန်တစ်ခုမှာ ဟင်းပွဲတစ်မျိုးစီကို သင်ရပြီး နောက်ဆုံးစာမေးပွဲရဲ့ မေးခွန်းက.. သူတို့ သင်ဖူးတဲ့ ဟင်းလျာတွေထဲကတစ်ပွဲကို ကျပန်းအနေနဲ့ ရွေးချယ်ပေးခံရပြီး အချိန်အကန့်အသတ်အတွင်းမှာ ပြင်ဆင်ပေးရမည်ဖြစ်ကာ ဟင်းလျာရဲ့ အရောင်နဲ့အရသာ အပေါ် မူတည်ပြီး အဆင့်သတ်မှတ်ပေးမှာ ဖြစ်သည်။ 


သို့ပေမယ့်လည်း ပါရမီပါတဲ့ ကျောင်းသားတွေသာ စာမေးပွဲအပြင်က ခက်ခဲတဲ့ဟင်းလျာတွေ ကို စိန်ခေါ်နိုင်ပြီး အောင်မြင်စွာ ပြင်ဆင်နိုင်ပါက ဟင်းချက်အတန်းကနေ ပြီးပြည့်စုံသော ရမှတ်ကို ရရှိနိုင်လေသည်။ 


ဒီနေ့ သင်မယ့်ဟင်းလျာက ငါးအသားလွှာ စွတ်ပြုတ်ဖြစ်သည်။ 


ကျန်တာက ကိစ္စမရှိပေမဲ့ ငါးသတ်ရမှာကို စိတ်ပူနေသော ထုံးမန်က ထန်းပိုင်ကို လှမ်းကြည့်လိုက်သည်။ 


စားပွဲပေါ်မှာ ငါးအနီကြီးက အသက်ရှင်လျက်ကြီး ရှိနေတာဖြစ်ပြီး မသိရင် စားပွဲပေါ်ကနေ ခုန်ထွက်လာတော့မယ့် အတိုင်း ဖြစ်နေသည်။ လှပတဲ့လက်တစ်ဖက်က ငါးခေါင်းပေါ်ဖိထားကာ ကျန်တစ်ဖက်က ဓားကိုကိုင်ရင်း ငါးကို မေ့သွားစေရန် ထန်းပိုင် ရိုက်ချလိုက်သည်။ 

ထန်းပိုင်က ကျွမ်းကျင်စွာ ငါးရဲ့ ဗိုက်ကို ဖွင့်လိုက်ပြီး ကြေးခွံချွတ်လိုက်သည်။ ပြီးနောက် ဓားနဲ့ ပါးစပ်ကနေ အမြှီးထိ လှီးချလိုက်ပြီး အရိုးကို ဖယ်လိုက်သည်။ 


ကြက်သွန်မြိတ်လို ရှည်သွယ်သွယ် လက်လေးရဲ့လက်ချောင်းထိပ်လေးတွေက နူးညံ့စွာ အသားလှီးနေသည်မှာ ကြည့်တဲ့သူတွေကို ထိုလက်လေးများ ဒဏ်ရာရသွားလေမလားဟု စိုးရိမ်မိစေနေလေသည်။ 


ကျွမ်းကျင်ပိုင်နိုင်တဲ့ ကျောင်းသားဆီကနေ လက်တွေ့ ကြည့်လိုက်ရပြီမို့ ထုံးမန်လည်း ငါးကို ကောက်ကိုင်လိုက်သည်။ သို့ပေမယ့် သူ့ရဲ့ အတွေ့အကြုံမရှိမှုကြောင့် တစ်ကြိမ်ထဲနဲ့ ငါးကို မေ့လဲအောင်တော့ မလုပ်နိုင်ဘဲ ငါးကို နာကျင်စွာနဲ့ အချိန်အကြာကြီး ရုန်းကန်နေရအောင် သူလုပ်မိခဲ့သည်လေ... 


ထန်းပိုင် ခေါင်းလှည့်လိုက်ကာ ငါးသတ်နေတဲ့ သူ့ရဲ့အိုမီဂါ သူငယ်ချင်းလေးကို ကြည့်လိုက်သည်။ 


မနေ့က ကော်မန့်တွေထဲမှာ အိုမီဂါတွေက အရမ်းနူးညံ့တာမို့ လူဘယ်လိုသတ်နိုင်မှာလဲလို့ ပြောခဲ့တာကို သတိရပြီး သူ့ခေါင်းထဲမှာ အတွေးတစ်ခု ပေါ်လာခဲ့သည်.. 

လူကိုသတ်တာနဲ့ ငါးကိုသတ်တာက ကွာလို့လား... 

လက်ကိုသုံးပြီး ဓားနဲ့ဖွင့်ချတာပဲလေ။ 


“မင်း ဓားကိုင်တာ တကယ်ကျွမ်းတာပဲ” 


ထုံးမန် ငါးကိုသတ်နေရင်း မနေနိုင်စွာ လှမ်းချီးကျူးလိုက်သည်။ 


ရိုးသားမှုတွေ ထင်ဟပ်နေတဲ့ သမင်လို မျက်လုံးကျယ်လေးများနဲ့ ထန်းပိုင် ပြန်လှမ်းကြည့်လိုက်ကာ သူ့ရဲ့ နှုတ်ခမ်းကို ဖိပြီး အသာလေးပြုံးလိုက်သည်။ ချီးကျူးခံရတာကို ရှက်ရွံနေသလိုလေးဖြစ်နေကာ ပြုံးလိုက်တာမို့ သူ့ရဲ့ ပါးချိုင့်လေးတွေကလဲ အနည်းငယ် အတွင်းသို့ ဝင်နေခဲ့သည်။ 


၁၁နာရီ ထိုးပြီးလို့ အတန်းဆင်းချိန်မှာ ထန်းပိုင်က သူလုပ်ထားတဲ့ ငါးအသားလွှာ စွတ်ပြုတ်ကို နေ့လည်စာဗူးလေးထဲ ထည့်ပြီးတာနဲ့ ဒါရိုက်တာဟွမ်ဆီကို သူ့ရဲ့ ပျက်ကွက်ခွင့် လက်ခံပေးဖို့ သွားပြောမည် လုပ်လိုက်သည်။ 


အခုတစ်ခေါက်က ကုထူနန်ကို အသုံးချပြီး ခွင့်ယူမယ့် နောက်ဆုံးအကြိမ်ဖြစ်ပြီး ကုထူနန်နဲ့ မျက်နှာချင်းဆိုင် လမ်းခွဲဖို့ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခွင့်ယူလိုက်သည်။ 


သူနဲ့ ကုထူနန်က နှစ်ဖက်လုံးရဲ့ မိဘတွေနဲ့လည်း တွေ့ဖူးပြီးသားဖြစ်သည်။ သူက ကုထူနန်ကို ပြတ်ပြတ်သားသား၊ ယဥ်ယဥ်ကျေးကျေးနဲ့ သေချာရှင်းလင်းအောင် ပြတ်စဲမှာဖြစ်ပြီး ကုမိသားစုက သူ့ရဲ့နောက်ကွယ်မှာ သူက အကျင့်မကောင်းတဲ့သူဆိုပြီး မပြောနိုင်အောင် လုပ်ချင်သည်။ 


“ ရှောင်ထန်း..အာ.. မင်းသေချာ စဥ်းစားအုံး.. တကယ်ကြီး ကုထူနန်နဲ့ ပျက်ချင်တာလား ကုထူနန်လိုမျိုး အဆင်ပြေတဲ့ အယ်လ်ဖာရှာဖို့ ဆိုတာ မလွယ်ဘူးနော်” 


ဒါရိုက်တာဟွမ်က စကားတစ်ခွန်းပြောတိုင်း တံတွေးမြိုချရင်း ခါးသီးစွာ အကြံပြုခဲ့သည်။ 

“အရမ်းမွှေးတာပဲ..ဒါက မင်းအဲ့ဒီစွတ်ပြုတ်ကို မနေ့ညကတွေ့ခဲ့တဲ့ အယ်လ်ဖာဆီပေးမလို့လား” 


ထန်းပိုင် ခေါင်းညိတ်ပြလိုက်သည်။ 


“အဲ့ဒီတစ်ယောက်လည်း မဆိုးဘူး.. သူက ကုထူနန်နဲ့ ယှဥ်ရင် သိပ်မကောင်းပေမဲ့ သူ့မှာလည်း ကောင်းကွက်တွေ အများကြီးရှိတယ်.. အထူးသဖြင့် ရုပ်ရည်” 


ဒါရိုက်တာဟွမ်က ထန်းပိုင်ရဲ့ ပုခုံးကို ပုတ်လိုက်ကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။ 


“ မင်း ရွေးချယ်ပြီးပြီဆိုမှတော့ အကောင်းဆုံးလုပ် ထပ်ပြီး စိတ်မပြောင်းနဲ့တော့နော် ကြားလား!” 


ထန်းပိုင်, “.....” 


ထန်းပိုင်: “ ဆရာ အထင်လွဲနေပြီ.. ကျွန်တော်နဲ့ ရှဲ့ရူဟန်နဲ့က အဲ့လို ဆက်ဆံရေးမျိုး မရှိဘူး” 


ဒါရိုက်တာဟွမ်: “အိုးအိုးအိုး ဒါဆို အဲ့တစ်ယောက် နာမည်က ရှဲ့ရူဟန်ပေါ့ မြန်မြန်လေး ဒီနေ့လည်စာဗူးကို ရှဲ့ကျောင်းသားဆီကို ပို့ပေးလိုက်.. အေးသွားရင် စားမကောင်းဘူး”


ထန်းပိုင်, “....” 


ထားလိုက်တော့! နောက်ကျ ဒီနားလည်မှု လွဲတာကို ခွင့်ယူချင်တယ်ဆိုပြီး အကြောင်းပြချက်ပေးဖို့ သုံးလို့ရသေးသည်။ 


ထန်းပိုင် နေ့လည်စာဗူးကို ယူကာ စစ်တက္ကသိုလ်ကို သွားလိုက်သည်။ သူအရင် ဆုံး ရှဲ့ရူဟန်ကို ရှာပြီး နေ့လည်စာဗူးပေးပြီးရင် ကုထူနန်နဲ့ စကားသွားပြောမယ် တွေးထားခဲ့သည်။ 


လေ့ကျင့်ရေးတွေက မနက်ဖြန်မှ တရားဝင်စမှာဖြစ်သောကြောင့် ရှဲ့ရူဟန်မှာ လုပ်စရာ ဘာမှရှိမှာမဟုတ်ဘူးလို့ ထင်ပေမယ့် ထန်းပိုင် ဧည့်ကြိုခန်းမှာ အကြာကြီးစောင့်လိုက်ရပြီးမှ ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာနေသော ရှဲ့ရူဟန်ကို သူတွေ့လိုက်ရသည်။ 


“အစ်ကိုရှဲ့” 


ထန်းပိုင် တက်ကြွစွာ အော်ခေါ်လိုက်သည်။ သူ့ရဲ့ပါးချိူင့်လေးများက စကားပြောတိုင်း ချစ်စရာကောင်းစွာ ပေါ်နေတတ်ကာ အပြစ်ကင်းပုံ ပေါက်စေသည်။ သူ ရှဲ့ရူဟန်ကို နေ့လည်စာဗူးကမ်းပေးလိုက်ပြီး 

“ကျွန်တော် ငါးအသားလွှာ စွတ်ပြုတ် လုပ်လာတယ်.. ရှဲ့ကော ကြိုက်မလားတော့ မသိဘူး!” 


“နောက်တစ်ခေါက်ကျ နေ့လည်စာဗူး နေ့တိုင်း မပို့နေပါနဲ့.. မင်းအလုပ်ပိုတယ်” 


ရှဲ့ရူဟန် ဗူးကို ကြည့်ရင်း.ပြောလိုက်သည်။ 


“မပိုဘူး မပိုဘူး.. ဒါက ကျွန်တော့်ရဲ့ ဟင်းချက်သင်တန်းက အိမ်စာလေ.. ရှဲ့‌ကော အတွက် သီးသန့်မဟုတ်ဘူး..ပြီးတော့ လက်ရာကောင်းတစ်ခုကို အတန်းဖော်တွေကို မျှဝေပေးရတယ်တဲ့” 


ထန်းပိုင် ဆက်ပြောလိုက်သည်။ 


“ အစ်ကိုရှဲ့ကို ပေးရရင် ကျွန်တော်လည်း ပျော်တယ်!” 


သူ နီးနီးကပ်ကပ် ရပ်လိုက်မိတဲ့အခါမှာတော့ ရှဲ့ရူဟန်ရဲ့ ဦးထုပ်ဆောင်းထားတဲ့ အောက်က ဆံပင်တွေက စိုနေပြီး သူက အခုမှ ရေချိုးပြီးစ ပုံစံလိုဖြစ်နေတာကို သတိထားမိသွားခဲ့သည်။ 


ထန်းပိုင် သူ့ရဲ့ လက်ကိုင်ပုဝါ အသေးလေးကို ထုတ်လိုက်ကာ လက်သေးသေးလေးနဲ့ အချက်ပြလိုက်သည်။ 


“ အစ်ကိုရှဲ့ အောက်နည်းနည်း ငုံ့ပါ့လား “ 


ရှဲ့ရူဟန် : “..?” 


ထန်းပိုင်က ရှဲ့ရူဟန်ရဲ့ ဆံပင်အစိုတွေကို နူးညံ့စွာ သုတ်ပေးနေရင်း အက်ရှရှ အသံနဲ့ ပြောလာခဲ့သည်။ 


“ ဆံပင်က မခြောက်သေးဘူး..အာ.. အစ်ကိုရှဲ့ရဲ့ ဆံပင်က အရမ်းကောင်းတာပဲ.. ပုံမှန် ရေချိုးရင် ပျော့ဆေးသုံးတာလား” 


ဒီလောက်နီးကပ်တဲ့ အနေအထားမှာ ထန်းပိုင်ရဲ့ ခန္ဓာကိုယ်က နို့နံ့ဖျော့ဖျော့လေးကို ရှဲ့ရူဟန် ခံစားလို့ရနေသည်။ သူ အသက်ဝဝ ရူလိုက်ပြီး မလှုပ်မယှက်ပဲ ရပ်နေလိုက်ကာ ထန်းပိုင် ပြောလိုက်တဲ့စကားကို အာရုံစိုက်မနေခဲ့ပေ။ 


ဆံပင်က ရေစက်က သူ့ပါးပြင်ကနေ လည်ပင်းကို စီးကျသွားတဲ့အခါမှာ ထန်းပိုင်က သုတ်ပေးလိုက်သည်။ 


ရှဲ့ရူဟန် အသက်ခဏ အောင့်မိသွားတော့သည်။ 


လည်ပင်းဆိုတာ အထိမခံနိုင်ဆုံး အပိုင်းဖြစ်ပြီး သူကသူ့ရဲ့ ခန္ဓာကိုယ်ကို ဘယ်သူ့ကိုမှ အလွယ်အထိခံတာ မဟုတ်တော့ အခုချိန်မှာ သူ့ရဲ့တစ်ကိုယ်လုံးက တောင့်တင်းသွားလေသည်။ 


ရှဲ့ရူဟန် နောက်ကိုတစ်လှမ်းဆုတ်ဖို့ ကြိုးစားတော့မဲ့ အချိန်မှာပဲ ထန်းပိုင်ရဲ့ ကျေနပ်စွာ အသက်ရှူသွင်းလိုက်တာကို မြင်လိုက်ရသည်။ 


“ အစ်ကိုရှဲ့ရဲ့ အနံ့က အရမ်းမွှေးတာပဲ.. ကိုယ်တိုက်ဆပ်ပြာကို ဘာအနံ့ သုံးတာလဲ” 


ရှဲ့ရူဟန်ရဲ့ နားရွက်ဖျားတွေ လှုပ်ခတ်သွားခဲ့သည်။ 


အိုမီဂါတစ်ယောက်က (မင်းရဲ့အနံ့ကိုငါကြိုက်တယ်)လို့ အယ်လ်ဖာတစ်ယောက်ကို ပြောတာက (မင်းရဲ့ ဖယ်ရိုမုန်းကို ငါကြိုက်တယ်)လို့ ပြောတာနဲ့ အတူတူပဲ ဖြစ်ပြီး မင်းကိုကြိုက်တယ်လို့ ပြောလိုက်ခြင်းဖြစ်သည်! 


ဒီလက်ဖက်စိမ်းလေးက အရမ်းရဲတာပဲ! 


သူရှက်သွားတာကို မဖော်ပြချင်တဲ့ ရှဲ့ရူဟန်က တည်ငြိမ်ပြီး ဆွဲဆောင်မှု အရှိဆုံးပုံစံကို ပြင်လိုက်ကာ အချစ်ကျမ်းကျေနေသူ တစ်ယောက်လို ပြန်ပြောလိုက်သည်။ 


“မင်းရဲ့ အနံ့လည်း ကောင်းပါတယ်” 


ထန်းပိုင် ရေမွှေးပုလင်းကို ထုတ်လိုက်ကာ 


“စွတ်မလား ကျွန်တော် ဖြန်းပေးမယ်လေ” 


ရှဲ့ရူဟန် ခဏတာ စွံ့အသွားခဲ့ချိန်မှာ ထန်းပိုင်က သူ့ကို တိရစ္ဆာန်လေးလို အနံ့ခံနေပြန်သည်။ 


“ဒါမှမဟုတ် ထားလိုက်ပါ.. အစ်ကိုရှဲ့ရဲ့ လက်ရှိအနံ့ကလဲ ကောင်းနေပြီးသားပဲကျွန်တော့်ရဲ့ အနံ့ က ရောထားတဲ့အနံ့ဆိုတော့..” 


မင်းရဲ့အနံ့နဲ့ ငါ့ရဲ့အနံ့…. 


မမြင်ရတဲ့ ကားတစ်ခုက ရှဲ့ရူဟန်ရဲ့ဘေးကနေ မောင်းဖြတ်သွားကာ ရှဲ့ရူဟန် မိန်းမောသွားပြီး ပြန်လည်မချေပနိုင်တော့ပေ။ 


ရှုံးသွားတဲ့ ရှဲ့ရူဟန်: …... 


ထန်းပိုင် မေးလိုက်သည်။ 

“ဒါနဲ့ အကိုရှဲ့က ဒီနေ့အားတယ်ပေါ့ ယဥ်ကျေးမှူ အတန်း မတက်ရသေးဘူးလား” 


ရှဲ့ရူဟန် ခဏ တိတ်ဆိတ်သွားခဲ့ပြီး.. 


“ယဉ်ကျေးမှုအတန်းတက်ဖို့ အလျင်မလိုပါဘူး ပြီးတော့ ဒီနေ့သင်ဖို့လည်း မလိုသေးဘူး ကိုယ် ခဏ အလုပ်များနေမှာဆိုတော့ ဒီည ဆင်းရဲသားတွေဆီကို သွားတဲ့အချိန်မှာလဲ ကိုယ်မင်းနဲ့ အဖော်မလိုက်ပေးနိုင်တော့ဘူး” 


“တောင်းပန်ပါတယ်…ကတိဖျက်မိတဲ့အတွက်..” 


အလုပ်များတယ်? တစ်ခုခု မှားနေလို့လား 


“ရပါတယ် ကျွန်တော်လည်း အစ်ကိုတို့ကျောင်းက စာကြည့်တိုက်မှာစာအုပ်ငှားပြီး စက်နဲ့ဆိုင်တာတွေ ဖတ်ဖို့လိုလာလို့လေ.. နောက်မှ ကျွန်တော်တို့ အတူသွားလဲရတာပဲ!”


ရှဲ့ရူဟန်ရဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်သံတွေ ထွက်လာမှာစိုးတာမို့ ထန်းပိုင် အသံကျယ်ကျယ်နဲ့ ပိတ်ပြောလိုက်သည်။ 


“ အထူးထုတ်ထားတဲ့ စာအုပ်တွေကို ဖတ်တာ လေ့လာရာကျတာပဲလေ.. ကျွန်တော့်ရဲ့ ဝတ္ထုအတွက် အကျိူးရှိမှာပဲ” 


အစီအစဥ်ပျက်သွားတဲ့အတွက် ထန်းပိုင်လို အလိုလိုက်ခံထားရတဲ့ အိုမီဂါလေးက စိတ်တိုသွားမယ် ထင်ခဲ့ပေမဲ့ သူက နားလည်ပေးနေတာမို့ ရှဲ့ရူဟန်ရဲ့ မျက်လုံးထဲမှာ နွေးထွေးမှူတစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။ 


“ ဘယ်လိုစာအုပ်မျိုးကို ရှာနေတာလဲ မင်း စာအုပ်သွားငှားတဲ့ အချိန်ကျရင် အဖော်လိုက်ခဲ့ပေးမယ်” 


“စက်မှုအခြေခံနဲ့ တည်ဆောက်ပုံ၊ လက်နက်တွေ ဖွဲ့စည်းပုံနဲ့ ထုတ်လုပ်ပုံ၊ စွမ်းအင်တုန်ခါမှု၊ မက်ချာ မော်ဒယ်ဖန်တီးခြင်းတို့ ပန်းချီလက်မှု ပညာပိုင်းတို့..”  


ထန်းပိုင် ဘာကိုမှ မကြည့်ပဲ ပါးစပ်ဖွင့်ကာ စာအုပ်နာမည်တွေ ထိုင်ရွတ်လိုက်တာမို့ ရှဲ့ရူဟန်လည်း သူ့ရဲ့ စကေးကို အနည်းငယ် အထင်ကြီးသွားခဲ့သည်။  


ဒါပေမဲ့ လက်နက်လေ့လာရေး တက္ကသိုလ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ထန်းပိုင်ရဲ့ အဘိုးကို တွေးကြည့်ပြီးတော့ သူအရမ်း မအံ့သြတော့ပေ။ 


သူ ထန်းပိုင်ကို စာကြည့်တိုက်ထိ ခေါ်သွားပေးပြီးနောက်မှာ လုပ်စရာတွေ အရမ်းများနေသလိုမျိုး အလောတကြီး ထွက်သွားခဲ့သည်။ 


ထန်းပိုင်က ဘာကိစ္စလဲ.. သူကူညီပေးလို့ ရမလားလို့ မေးခဲ့ပေမဲ့ ရှဲ့ရူဟန်က ဘာမှ မပြောပြခဲ့ပေ။ 


ငါ ညကျ ဗိုက်ဆာဦးမလားမသိဘူး ဒီည ရှဲ့ရူဟန်အတွက်လည်း အစာပြေစားဖို့ လုပ်ပေးရမယ်... 

ထန်းပိုင်ရဲ့ မျက်လုံးတွေ အရောင်လက်သွားလေသည်။


ထို့နောက် စားသောက်ဆိုင်မှာ ကုထူနန်နဲ့ တွေ့ဖို့ချိန်းထားတာကို ထိုင်စောင့်နေလိုက်ပြီး အံ့ဩစရာကောင်းအောင်ပင် ပုံမှန်ဆို နောက်ကျတတ်သည့် ကုထူနန်က ဒီနေ့တော့ အချိန်မီ ရောက်လာခဲ့သည်။ 


ဒါဆို ကုထူနန်က အချိန်ကို လေးစားတတ်သေးတယ်ပေါ့ ဟု ထန်းပိုင် တွေးမိသွားသည်။ 


“မင်း မှာပြီးပြီလား" 


ထန်းပိုင် မမှာရသေးတာ တွေ့တော့ သူမီနူးကတ်ကို ယူလိုက်ကာ ဟင်းပွဲတစ်ချို့ မှာလိုက်ပြီး အိုမီဂါတွေက အချိုတွေကို ကြိုက်တတ်တာမို့ သရက်သီးအုန်းနို့မစ်ရှိတ် တစ်ခွက်ကိုပါ မှာလိုက်သည်။ 


ဟင်းမှာပြီးနောက်မှာ သူ ထန်းပိုင်နဲ့ စကားကောင်းပြောဖို့ အသင့်ပြင်ကာ လက်ပိုက်လိုက်သည်။ ရှဲ့ရူဟန်နဲ့ ဝေးဝေးနေဖို့.. တစ်ခြားအယ်လ်ဖာတွေနဲ့ ကင်းကင်းနေဖို့ ပြောထားရမယ်လေ.. သူ့ရဲ့ သတို့သားလောင်းဖြစ်ချင်တယ်ဆိုရင်ပေါ့... 


“ဒီနေ့ ကျွန်တော်တို့ လမ်းခွဲမဲ့ကိစ္စကို ပြောဖို့လာခဲ့တာပါ” 


ကုထူနန်,”...?” 


“ အိုး ကျွန်တော် မှားတာပါ.. လမ်းခွဲတာ မဟုတ်ဘူး” 


ကုထူနန်ရဲ့ မျက်နှာက အနည်းငယ် ဖျော့သွားကာ ရေတစ်ငုံယူသောက်လိုက်သည်။ 


“ကျွန်တော်တို့က တွဲဖူးတာမှ မဟုတ်ပဲ” 


ထန်းပိုင်ရဲ့ စကားဆုံးတာနဲ့ ကုထူနန် ရေသီးပြီး ချောင်းဆိုလေတော့သည်။ 


“ မင်းဘာကို ပြောချင်နေတာလဲ” 


ရေသီးထားတဲ့ အတွက် ကုထူနန်ရဲ့ အသံက ကြမ်းနေပြီး သူ ထန်းပိုင်ကို မရင့်ကျက်သေးတဲ့ ကလေးတစ်ယောက်လို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။ 


ထန်းပိုင် ထိုအကြည့်ကို မကြိုက်ပေ။ သူနည်းနည်းမှ မကြိုက်နေဘူး။ သူလုံးဝကို မကြိုက်တာ။ သူ့ကို အဲ့လိုမျိုး (အထင်သေးတဲ့) အကြည့်နဲ့ ကြည့်တာကို မကြိုက်ဘူး! 

အဲ့ဒီအကြည့်က လေးစားမှု မရှိဘူး။ 


သူမေးကို ပင့်လိုက်ပြီး ဒေါသမျက်လုံးများနဲ့ ကုထူနန်ကို ကြည့်လိုက်ကာ 

“ ကျွန်တော်တို့ နှစ်ယောက် လုံးဝကို အတူမရှိတော့ရတဲ့ အကြောင်းအရင်းကို မိသားစုကိုလည်း သေချာလေး ရှင်းပြပေးလိုက်ပါ့မယ် .. ကျွန်တော်တို့ရဲ့ ကြားမှာ အချစ်လည်းမရှိသလို အမူအကျင့်ကလဲ မကိုက်ညီဘူး အချင်းချင်း မသင့်တော်ကြဘူး” 


တစ်ဖြည်းဖြည်းနဲ့ ကုထူနန်ရဲ့ ပုံစံက တောင့်တင်းလာခဲ့သည်။ 


“ ဦးလေးနဲ့ အဒေါ် စိတ်တိုမှာကို ကြောက်ရင် ကျွန်တော့်ကိုပဲ အပြစ်တင်လိုက်ပါ.. ကျွန်တော်က ထွက်သွားချင်နေတာဖြစ်ပြီး ခင်ဗျားက တားဖို့ လုပ်ခဲ့တယ်ပြောလိုက်ပါ” 


ထန်းပိုင် မျက်ခုံးတစ်ဖက်ပင့်ကာ ရိုးသားစွာ ဆုတောင်းပေးလိုက်သည်။ 


“ ခင်ဗျားလိုချင်တဲ့ အိုမီဂါပုံစံမျိုး ရှာတွေ့ဖို့ မျှော်လင့်ပါတယ်” 


ကုထူနန် မျက်မှောင်ကြုတ်နေခဲ့သည်။ မျက်မှောင်ကြုတ်ရလွန်းလို့ သူ့ရဲ့ မျက်ခုံးကြီး အပြင်တောင် ထွက်လာတော့မယ်.. 

“ မင်းက ရှဲ့ရူဟန်နဲ့ အတူရှိချင်တာလား” 


ထန်းပိုင်, “???” 


မင်းတို့နှစ်ယောက်က ဘာတွေလဲ.. 


တစ်စုံတစ်ယောက်က သူ့ပိုင်ဆိုင်မှုကို လုယူသွားတဲ့ စိတ်တိုမှုက အရင်ထက် ပိုပြင်းသည်.. ချင်းကျွင် ပြောခဲ့တဲ့ စကားတွေက သူ့ခေါင်းထဲကို ပြန်ရောက်လာခဲ့သည်.. 


“ ဆင်းရဲသားရပ်ကွက်မှာပဲ နေသင့်တဲ့ အဆင့်နိမ့်ကောင်ကိုများ မင်းရဲ့ သတို့သားလောင်းက ဘာတွေ မြင်နေတယ် မသိဘူး” 


“မင်းရဲ့ တစ်ဦးတည်းသော စေ့စပ်ထားသူ အိုမီဂါလေးက ဆင်းရဲသားတစ်ကောင်ဆီကနေ ထိတွေ့ခံနေရတယ်” 


“အဆင့်နိမ့်နဲ့ အပျက်ကောင်..” 


ချင်းကျွင်ရဲ့ ပါးစပ်ဆိုးကြီးကို ပြန်စဥ်းစားမိတာ အရမ်းကို ကောင်းတယ်...စိတ်ထဲက အလိုမကျမှုတွေက မလျော့ပါးသွားတော့ပေ။ သူ့ရဲ့နှုတ်ခမ်းကို အနည်းငယ် ဖိမိသွားပြီး ရေခဲလိုမျိုး မီးခိုးပြာရောင် မျက်လုံးများနဲ့ စိုက်ကြည့်ကာ သူပြောလိုက်သည်။


“မင်းသူ့ရဲ့ ခန္ဓာကိုယ်ကနေ နံဟောင်နေတာကို အနံ့မရဘူးလား” 


“သူ့ရဲ့ အသွင်အပြင်က အဆင်ပြေရင်တောင်မှ သူ့ရဲ့သွေးက အဆင့်နိမ့်ပြီး ညစ်ပတ်နေတာ” 


ထန်းပိုင်.,”???” 


ခင်ဗျား ဘာတွေ လာပြောနေတာလဲ? ငါ အနံ့ခံပြီးပြီး! ငါ့အိုမီဂါအလင်းတန်းလေးရဲ့ အနံ့က အရမ်းမိုက်တယ်! မင်းရဲ့ ချဥ်စူးစူး.အလ်ဖာနံ့လိုမျိုး မဟုတ်ဘူး! 


“ သန့်စင်ခန်းတွေ ဆေးထားတဲ့သူနဲ့ အတူတူစားရမှာ စိတ်မကုန်ဘူးလား” 


“ အဲ့ဒီ လောက်ကောင်နဲ့ အတူစားရမှာ စားချင်စိတ်ပါ ပျောက်စေတယ်..” 


ကြောင်နေတဲ့ ထန်းပိုင်တစ်ယောက် နောက်ဆုံးစကားကို ကြားပြီးနောက်မှာ သူ့ရဲ့ မျက်နှာက ထုံသွားခဲ့သည်။ 


“ ခင်ဗျား ဘာပြောတယ် ရှဲ့ရူဟန်က ဘာဖြစ်လို့လဲ” 


“သူ့ အတန်းဖော်ကို တိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းကနေ အပြစ်ပေးခံခဲ့ရတယ်” 


ကုထူနန် အေးစက်စွာ ဆက်ပြောလိုက်သည်။ 


“ တစ်လလုံး တစ်ကျောင်းလုံးရဲ့ သန့်စင်ခန်းတွေကို ဆေးကြောရမှာ.. ငါ့အထင် တစ်လပြီးသွားရင် သူ့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လောက်ဆေးဆေး.အိမ်သာနံ့ နံနေ တော့မှာပဲ” 


ထန်းပိုင်, “!!” 


ထန်းပိုင် စိတ်ပျက်သွားသည်။ သူ့ရဲ့ မွှေးပျံ့စင်ကြယ်တဲ့ အိုမီဂါအလင်းတန်းလေးက ဒီလိုမျိုး အပြစ်ပေးတာကို ခံနေရတယ်! 


ဒါပေမဲ့ မူရင်းဇာတ်ကြောင်းမှာ ချင်းကျွင်နဲ့ ရှဲ့ရူဟန်တို့ ယဥ်ကျေးမှုအတန်းမှာ တိုက်ရိုက်တွေ့တာကနေ စခဲ့တာလို့ ရေးထားတာကို ဘယ်လိုလုပ် စောပြီး ဖြစ်ခဲ့ရတာလဲ... 


ထန်းပိုင် မသေချာစွာ မေးလိုက်သည်။ 

“ရှဲ့ရူဟန်က ချင်းကျွင်ကို လည်ပင်းညှစ်ခဲ့လို့လား” 


မီးခိုးပြာ

ရောင် မျက်လုံးတွေမှာ လှောင်ပြောင်ရိပ်တို့ ဖြတ်ပြေးသွားပြီး ရွံရှာစွာ ပြောလိုက်လေသည်။ 


“ ရှဲ့ရူဟန်က မင်းကို အကုန် ပြောပြနေတာလား” 


“သူ ချင်းကျွင်ကို ရိုက်ခဲ့တာက မင်းကို စော်ကားခဲ့လို့ ဆိုတာကော သူပြောလိုက်သေးလား” 


ထန်းပိုင်, “???????”


________


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment