no


Chapter 15 


စာချုပ်ကို ရွှေရောင်ရှေ့နေရုံး၏ အတော်ဆုံး ဉာဏ်ကြီးရှင်ဖြစ်တဲ့ စကားပြောအရမ်းကိုမှ ပြတ်သားကာ အရမ်းကိုမှ ခြိမ်းခြောက်နိုင်စွမ်းရှိလို့ သူ့ရှေ့မှာ သူရဲဘောကြောင်တဲ့ သူတစ်ယောက်သာ ရှိခဲ့မယ်ဆိုရင် ထိုသူရဲ့ နှလုံးတစ်ပိုင်းသေသွားစေတဲ့အထိ ဖြစ်စေနိုင်သည့် ရှေ့နေ၏ လက်မှတ်နှင့် ပို့ပေးလာတာ ဖြစ်လေသည်။ 


ဒါပေမဲ့ ချင်းကျွင်ကလည်း ဘယ်သူမို့လိို့လဲ...သူသာ ပြဿနာတက်မှာကို ကြောက်မယ်ဆိုရင် သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကနေ အကြောက်လွန်နေပြီး ဒီနေရာမှာတောင် ဘယ်ရှိနိုင်ပါ့မလဲ.. 


ချင်းကျွင် စာကို ကြည့်ပြီး ရယ်လိုက်သည်။ 


“ သင်ဟာ ထန်းမိသားစု၏ သခင်လေးကို စော်ကားပြောဆိုခဲ့ပါသည်။ ဦးညွတ်ပြီး မတောင်းပန်ရင် ကျွန်ပ်တို့တရားစွဲပါမည်။” 


တရားဥပဒေရဲ့ အကျိုးဆက်က ပြင်းထန်တယ်ဆိုပေမဲ့ သက်သေကဘယ်မှာလဲ... 


သူ ထန်းပိုင်ကို စော်ကားပြောဆိုခဲ့ပါတယ်ဆိုတဲ့ သက်သေက ဘယ်မှာလဲ... 


မနေ့ညတုန်းက လူတစ်ယောက်အား သူ့ကို စိတ်မသက်မသာဖြစ်စေတဲ့ အဖြစ်အပျက်တွေကို မော်နီတာကနေ ဖျက်ခိုင်းခဲ့ပြီး ထန်းပိုင် လှည့်ပတ်ပြီး ရှာဖွေရင်တောင်မျက်မြင်သက်သေ အနည်းငယ်လောက်ပဲ ရှာတွေ့နိုင်မည်။ 


လူမျက်မြင် သက်သေ နည်းနည်းလောက်နဲ့ ဘာလုပ်နိုင်မှာမလို့လဲ 


ချင်းကျွင်ရဲ့ မျက်လုံးထဲမှာ လှောင်ပြောင်လိုစိတ်တွေ ပြည့်နေခဲ့သည်။ ထန်းပိုင်လို အားပျော့တဲ့ အိုမီဂါလေး တစ်ယောက်နဲ့ မကစားချင်တာမို့ မက်ဆေ့ကို လျစ်လျူရှုလိုက်တော့သည်။ ချင်းကျွင်ရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားကာ ရှဲ့ရူဟန်ကို ဘယ်လို ဖျက်ဆီးရမလဲ တွေးနေခဲ့သည်။ 


အိမ်သာသန့်ရှင်ရေး လုပ်ခိုင်းတာက ဒီတိုင်း စိတ်ပြေရုံသက်သက်ပဲ။ အဲ့ဒီ ငမွဲကောင်က ငါသခင်လေးကို စော်ကားခဲ့တာမို့ သူ့ရဲ့ဘဝနဲ့ ပြန်ပြီး ပေးဆပ်ရမယ်... 



ထန်းပိုင် သူ့ရဲ့ စိတ်အလိုမကျမှုကို အသုံးချကာ စစ်တက္ကသိုလ်၏ စာသင်နှစ်ဝက်တစ်ခုလုံးစာ အတွက် သန့်ရှင်းရေးအဖွဲ့ငှားပေးဖို့ အဘိုးထန်ဆီကို ပူဆာကာ မက်ဆေ့ပို့လိုက်သည်။ 


ထို သန့်ရှင်းရေးအဖွဲ့က သာမန်လူတွေနှင့် ဖွဲ့စည်းထားတာမဟုတ်ပေ။ လက်နက်တက္ကသိုလ်ရဲ့ ရှင်းလင်းရေး စက်ရုပ်တွေ ဖြစ်လေသည်! 


ထိုသို့တောင်းဆိုလိုက်ခြင်းရဲ့ အကြောင်းအရင်း နှစ်ချက်ရှိသည်။ တစ်ခုက အကယ်လို့ သာမာန် ရှင်းလင်းရေးအဖွဲ့ကိုသာ ပို့ပေးခဲ့ရင် ထိုလူတွေက ချင်းကျွင်ကြောင့် လမ်းချော်သွားပြီး ရှဲ့ရူဟန်ကို အလုပ်တွေ ပြန်ခိုင်းနေနိုင်သည်။ 


ဒုတိယတစ်ချက်ကတော့ ရှဲ့ရူဟန်ကို အနောက်မှာ မနေစေချင်လို့ပဲ ဖြစ်သည်။ 


သေးငယ်တဲ့အကြောင်းအရာတွေရဲ့ သက်ရောက်မှုကြောင့် အခုဆို ဝတ္ထုက မူရင်းဇာတ်လမ်းကနေ အနည်းငယ် လွဲချော်သွားခဲ့သည်။ မူရင်းဇာတ်လမ်းမှာ ရှဲ့ရူဟန်နဲ့ ချင်းကျွင်က ယဥ်ကျေးမှုအတန်းမှာ ပြဿနာဖြစ်ခဲ့တာဖြစ်သည်။ ဒါပေမဲ့ အခုတစ်ခေါက်မှာ ရှဲ့ရူဟန်နဲ့ ချင်းကျွင်ရဲ့ ပြဿနာက စစ်တပ်လေ့ကျင့်ရေး ကာလမှာပဲ ဖြစ်သွားခဲ့တာမို့ ဇာတ်ကြောင်းထဲမှာ မပါတဲ့ တစ်ခုခု ချင်းကျွင် ရှဲ့ရူဟန်ကို လုပ်မှာ စိုးရသည်။ 


ရှဲ့ရူဟန်ရဲ့ လုံခြုံမှုကို ရှင်းလင်းရေး စက်ရုပ်တွေက ကာကွယ်ပေးနေသရွေ့ စိတ်ချရသည်။ 


ချင်းကျွင်သာ ရှဲ့ရူဟန်ကို ကျောင်းမှာ ပြဿနာ ရှာရဲရင် ထန်းပိုင်က ချင်းကျွင်ကို ဖောက်ခွဲပစ်မှာ ဖြစ်သည်။ 

ဗုံးတစ်လုံးလိုမျိုး… 


ထိုသို့တွေးလိုက်တာနဲ့ ဒေါသရောင် လက်နေတဲ့ မျက်ဝန်းတို့က ဈေးကြီးပြီးအေးမြတဲ့ ကျောက်စိမ်းလို အရောင်လက်သွားခဲ့သည်။ 


စက်ရုပ်တွေကို အသုံးချပြီး ကာကွယ်မယ့် နည်းလမ်းကို နူးညံ့ပြီး ဘာကိုမှ မကိုင်တွယ်နိုင်ပုံပေါက်တဲ့ သူ့ရဲ့ မြေးဖြစ်သူက မလိမ့်တပတ် စီစဥ်ထားတယ်ဆိုတာကို အဖိုးထန်းပင် မသိခဲ့ပေ။ 


တကယ်တော့ ထန်းပိုင်က စည်းမျဥ်းတွေကို လိုက်နာပြီး ငြိမ်သက်လိမ္မာတဲ့ အိုမီဂါတစ်ယောက်လို နေထိုင်ပြခဲ့တာမို့ ထန်းပိုင်ဟာ မက်ချာတည်ဆောက်ရေးပိုင်းက သူ့ရဲ့အရည်အချင်းနဲ့ စိတ်ဝင်စားမှုတွေကို ဖိနှိပ်ကာ အယ်လ်ဖာတစ်ယောက်နှင့် သားဖောက်ပြီး ဘဝကို ရှင်သန်မယ်လို့ ကိုယ့်ကိုယ်ကို လက်ခံလိုက်ပြီဆိုပြီး အဖိုးထန်းက တွေးနေခဲ့တာ ဖြစ်သည်။ 


နှစ်ပေါင်းများစွာ ကိုယ့်ကိုယ်ကို လက်ခံပြီး နောက်မှာ ထန်းပိုင်က ရုန်းထွက်လိုစိတ်ကို အရှုံးပေးမိတော့မလိုပဲ။ 

ဘယ်လိုပဲ သူ့ရဲ့ကံကြမ္မာကို လက်ခံနိုင်တယ်ဆိုဆို ရှဲ့ရူဟန်ကိုတော့ မခံစားစေချင်ဘူး။ 


သူက လှောင်အိမ်ထဲက ငှက်လေး တစ်ကောင်ဖြစ်ပြီး ရှဲ့ရူဟန်ကတော့ ကောင်းကင်ကို ဆန်တက်မဲ့ ဖီးနှစ်ငှက်တစ်ကောင် ဖြစ်လေသည်။ လောင်မြိုက်နေတဲ့ မီးတောက်ကြားက အလင်းရောင်က ဒီလောက် တောက်ပမယ်မှန်း သူ ရှဲ့ရူဟန်ကို မတွေ့ခင်က မသိခဲ့ပေ.. 


ထိုသို့ တောက်ပမဲ့ မြင်ကွင်းမျိုးရှိလာမှာကို သူ့ရဲ့အရာအားလုံး ပုံအပ်ပြီး ကူညီပေးချင်သည်။ 


ရှဲ့ရူဟန်ရဲ့ လုံခြုံမှုက ထန်းပိုင်ရဲ့ မိုင်းတွင်း ဖြစ်သည်။ နင်းမိတဲ့သူ ရှိတာနဲ့ တန်းပြီး ဖောက်ခွဲပစ်ခံရမည်။ 


မြေးဖြစ်သူရဲ့ မပျော်မရွှင် မျက်နှာလေးကြောင့် အဖိုးထန်း မဖြစ်မနေ လတ်မှတ်ထိုးလိုက်ရသည်။


“ အဲ့ဒီ စစ်တက္ကသိုလ်ရဲ့ စက်မှုဌာနက အဖိုးကြီးတွေ ငါ့ရှေ့လာပြီး ငိုယို ပြတုန်းကတောင် ငါ ရှင်းလင်းရေး စက်ရုပ်တွေ ငှားဖို့ သဘောမတူခဲ့တာကို မင်းသိလား” 


အဖိုးထန်းက သူ့ရဲ့ မုတ်ဆိတ်မွှေးကို ဆွဲနေရင်း မျက်နှာမှာတော့ (ငါ မင်းကိုတော့ မနိုင်ဘူး) ဆိုတဲ့ ပုံစံကို ဖော်ပြထားခဲ့သည်။ 


“ တစ်လပဲ တစ်လပဲနော် တစ်ရက်တောင် ပိုမရဘူး!” 


ထန်းပိုင် မျက်လုံးမှိတ်ပြလိုက်ပြီး လက်တစ်ဖက်ကို ရင်ဘတ်မှာတင်ကာ အတည်ပေါက်ပုံစံ ကဗျာတစ်ပုဒ် ရွတ်ဆိုဟန်နှင့် 

“ ဘုရားရေ! အရမ်းပျော်တာပဲ! ကမ္ဘာပေါ်မှာ အကောင်းဆုံး အဖိုးကို ရထားတဲ့အတွက်!” 


ရောင်စုံသက်တန့်ကြီးလို လှပတဲ့ ချီးကျူးစကားများက ပျားရည်ထဲ နစ်ဝင်ထားသလို ချိုမြနေကာ တိုးဖျော့ဖျော့ အသံလေးကို သုံးထားသည်.. ဒီအကွက်က ထန်းပိုင် သူတစ်ယောက်ယောက်ကို အထင်ကြီးစေချင်တဲ့ အချိန်တိုင်း သုံးနေကြဖြစ်ပြီး အခုတစ်ခေါက်မှာတော့ ချစ်စရာ ပုံစံလေးပါ လုပ်ပြခဲ့တာမို့ ဒါကလုံးဝအနိုင်လို့ ပြောလို့ရသည်။ 


လိုင်းပေါ်မှာ အလိုလိုက်ခံနေရတဲ့ အိုမီဂါလေးကို လူတိုင်းမကြိုက်ကြပေမဲ့ အဖိုးထန်ကတော့ လုံးဝကို ကျရှုံးသွားခဲ့လေသည်။ သူ့မျက်နှာ အမူအရာက (ငါ မနိုင်ဘူး) ကနေ (ငါတကယ်ကို မနိုင်ဘူး) အဖြစ် ပြောင်းသွားလေသည်။ နီရဲသွားတဲ့ မျက်နှာပေါ်က မုတ်ဆိတ်မွှေးများကို သပ်လိုက်ရင်း အဖိုးထန်း ပြောလိုက်သည်။ 


“ တော်ပါတော့ မင်း အပြောချိုတာ သိပြီးသား.. ဘာတွေ ထပ်လိုချင်နေသေးတာလဲ ပြောပါအုံး” 


အဖိုးထန်းက သူ့မြေးအကြောင်းကို သေချာ သိသည်။ သူ့မြေးကို ဘယ်တော့မှ တစ်ခုတည်းနဲ့ အရမ်း အလိုလိုက်ခံရတယ်လို့ ခံစားရစေမှာ မဟုတ်ဘူး။ 


ထင်တဲ့အတိုင်းပဲ ဒရာမာကင်းလေး ထန်းပိုင် တစ်ယောက် ပြောပြလိုဟန်နဲ့ မျက်လုံးတွေကို ပွတ်လိုက်လေသည်။ လက်ချောင်းထိပ်တွေက ထူထဲတဲ့ မျက်တောင်မွှေးတွေကို ပွတ်ဆွဲသွားတဲ့အခါ မျက်ဝန်းထောင့်မှာ အနီရောင် အရိပ်လေးကို ဖြစ်ပေါ်သွားစေသည်။ သူ့ရဲ့ မျက်လုံးထောင့်က နီနေခဲ့ပြီး ငိုတော့မလို ဖြစ်နေခဲ့သည်။ 


တစ်ခဏကြာပြီးနောက်မှာ ထန်းပိုင်က ရှေ့နေဆီက ရထားတဲ့ ချင်းကျွင် ဆူပူနေတဲ့ မှတ်တမ်းသွင်းထားတာကို အဖိုးဆီကို ပို့ပေးလိုက်ပြီး ကူကယ်ရာမဲ့ပြီး ဖျော့တော့စွာ ထိုင်နေခဲ့သည်။ 


ခပ်ဝဝအဖိုးကြီးတစ်ယောက်က ဝင်လာတဲ့ မက်ဆေ့ ကို ဖွင့်ကြည့်ပြီးနောက် ခဏအကြာမှာ သူ့ရဲ့ မှုတ်ဆိတ်မွှေးတွေကို လက်မှာ အားထည့်ပြီး ဆွဲလိုက်မိလေသည်။ 


“အပျက်ကောင်” 


“ သုံးပြီးသား အိုမီဂါ” 


ခပ်ပြုံးပြုံးနဲ့ အမြဲ သဘောကောင်းပုံပေါ်သော မျက်နှာက သူ့ရဲ့ သဘောကောင်းမှုတို့ ပျောက်ဆုံးသွားချိန်မှာ ဓားအိမ်ထဲက ထွက်လာတဲ့ ဓားတစ်လက်လို အရှိန်အဝါတွေ ပေါ်ထွက်လာတာမို့ သူဘယ်သူမှန်း မသိရင်တောင် ဘယ်သူကမှ ဒါက သာမာန်အဖိုးအို တစ်ယောက်လို့ ပြောရဲတော့မှာ မဟုတ်ပေ။ 


“စာရေးထားတဲ့ မှတ်တမ်းပဲလား ဗီဒီယို မှတ်တမ်း မရှိဘူးလား” 


အဖိုးထန်းက ဖြေးဖြေးချင်း မေးလိုက်လေသည်။ 


ထန်းပိုင် အမြန်ပြောလိုက်သည်။ 


“ သားအထင် ချင်းကျွင်က သူ့ကို ဆန့်ကျင်မဲ့ ဗီဒီယိုမှတ်တမ်းကို တိတ်တဆိတ် ဖျက်ထားတယ်!” 


သာမာန်ရှာဖွေသူတွေအတွက် ချင်းကျွင်ဆီက အဖျက်ခံထားရတဲ့ မှတ်တမ်းကြောင့် ဒုက္ခများနိုင်ပေမဲ့….စစ်တက္ကသိုလ် တစ်ခုလုံးရဲ့ စောင့်ကြည့်မှတ်တမ်း အားလုံးကို စစ်လက်နက်ဌာနက ရယူထားတာမို့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အဖိုးထန်းအတွက် ပြန်အရယူဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုပဲ ဖြစ်သည်။ 


ရှေးကျတဲ့ မျက်မှန်တစ်လက်ကို ထုတ်တပ်လိုက်ကာ အဖိုးထန်းက သူ့ရဲ့ ကွန်ပြူတာကို ဖွင့်လိုက်သည်။ သူ့ရဲ့ ခပ်တုတ်တုတ် လက်ချောင်းများက ကီးဘုတ်ပေါ်မှာ လှုပ်ရှားနေခဲ့သည်။ အဖိုးထန်းရဲ့ အပြုအမူကို ကြည့်နေရင်း ထန်းပိုင်ရဲ့ မျက်လုံးတွေ တောက်ပစွာ လင်းလက်နေခဲ့သည်။ 


အဖိုးထန်းက ထိုသို့ကိစ္စမျိူး ဆောင်ရွက်နေချိန်တိုင်း ထန်းပိုင်ကို မရှောင်ခဲ့ပေ။ ထန်းပိုင် နားလည်မှာ မဟုတ်ဘူးလို့ တွေးထားလို့လဲ ဖြစ်နိုင်သလို ငယ်ကတည်းက ဒီိတိုင်းပဲ လုပ်နေကျမို့ အကျင့်ဖြစ်နေတာလဲ ဖြစ်နိုင်သည်။ 


ခြောက်နှစ်အရွယ်လောက်က ထန်းပိုင်က အလ်ဖာ အိုမီဂါ မသိရသေးခင်မှာ အဖိုးထန်းက စက်ပစ္စည်းတွေအကြောင်း ထန်းပိုင်ကို သင်ပေးလေ့ ရှိပြီး သူကလည်း အမြဲ နားလည်လွယ်ကာ အဖိုးထန်းကို အရမ်းပျော်ရွှင်စေခဲ့သည်။ 


အဖိုးထန်းရဲ့ သား ထန်းပိုင်ရဲ့ အဖေက လက်နက်ပိုင်းမှာ အရည်အချင်းမရှိဘဲ စီးပွားရေး အမြင်ထက်မြက်လေသည်။ ပါးပါးထန်းရဲ့ ကုမ္ပဏီကလည်း အခုဆို ကောင်းကောင်း လည်ပတ်နေတာ ဖြစ်သည်။ ထန်းမိသားစုမှာ ငွေကြေးလိုအပ်တာ မရှိကြဘူး။ အဖိုးထန်းက သူ့ရဲ့ခြေရာနင်းနိုင်မဲ့ သူကို လိုချင်ခဲ့သည်။ 


အဖိုးထန်းက ထန်းပိုင်ကို အရမ်းချစ်သည်။ 


ထန်းပိုင်ရဲ့ ငယ်ဘဝ ကစားစရာ အားလုံးကို အဖိုးထန်းက ကိုယ်တိုင်လုပ်ပေးတာ ဖြစ်သည်။ ပြောရရင် ထန်းပိုင်ရဲ့ ငယ်ဘဝက ယာဥ်ငယ်လေးဖြစ်တဲ့ ကြယ်ယာဉ်ပျံဆိုလည်း အဖိုးထန်း လုပ်ပေးတာ ဖြစ်သည်။


ထိုပုံမှန်အရွယ်ယာဥ်မှာ ထိန်းချုပ်ရေး ခလုတ် ခြောက်ရာခုနှစ်ဆယ့်သုံးခု ရှိပြီး ဗားရှင်း သုံးရာကျော်ရှိသည်။ သာမာန် ဆယ်ကျော်သက် တစ်ယောက် တစ်လလောက် သုံးပြီး ကီးဘုတ်ကို အလွတ်မှတ်ကာ လုပ်ဆောင်ပုံတွေကို လေ့လာမယ်ဆိုရင်တောင် ပထမဆုံးအကြိမ် လမ်းပေါ်မှာ စနစ်တကျ မောင်းတဲ့အခါမှာ စမ်းတဝါးဝါးနဲ့ အလွန်ကို ပြာယာခတ်နေခဲ့မှာ ဖြစ်သည်။ 


ဒါပေမဲ့ လေးနှစ်အရွယ် ထန်းပိုင်အတွက် တစ်ရက်သာ ကြာပြီး လုံခြုံစွာနဲ့ လမ်းပေါ် တက်မောင်းနိုင်ခဲ့သည်။ 


သူနဲ့ သူ့အဖိုးနဲ့ ယာဥ်ငယ်လေးနဲ့ ဈေးဝယ်ထွက်တဲ့အခါမှာ သူ့အဖိုးက စက်ပစ္စည်း ဆိုင်ရာ အချက်တွေကို သင်ပြပေးခဲ့ပြီး အိမ်ပြန်ရောက်တာနဲ့ သူက ထိုအချက်တွေကို အသံချိုချိုလေးနဲ့ ပြန်ရွတ်ပြနိုင်ခဲ့သည်။ 


ဒါပေမဲ့ ထန်းပိုင်ကအိုမီဂါ တစ်ယောက်အဖြစ် ရလဒ်ထွက်လာတဲ့အခါမှာ ထိုအရာတွေကို အဖိုးထန်းက ဘယ်တော့မှ မသင်ပေးတော့ပဲ အိုမီဂါ တစ်ယောက်အတွက် မသင့်တော်တဲ့ အရုပ်အားလုံးကို ဖုန်မှူန့်အဖြစ် ပြောင်းပစ်ခဲ့သည်။ 


“ ပြန်ယူပြီးပြီ” 


အတိတ်တွေကို ပြန်စဥ်းစားနေတဲ့ ထန်းပိုင်ကို အဖိုးထန်းရဲ့ အသံက ဖျက်ပစ်လိုက်ပြီး သူ့အဖိုးရဲ့ Virtual brainကို ထန်းပိုင်ကြည့်လိုက်တဲ့အခါမှာ ဗီဒီယို နှစ်ခုကို တွေ့လိုက်ရသည်။ 


ထန်းပိုင်ရဲ့ နားမလည်တဲ့ မျက်ဝန်းများကို တွေ့တဲ့အခါမှာတော့ သူ့ကို အမြဲတမ်းစက်ပစ္စည်းတွေရဲ့ ပုံစံက ဘာလို့ အသည်းပုံ ပုံစံမဟုတ်တာလဲ၊ ယာဉ်တွေကိုလည်း ဘာလို့ ပန်းရောင်မခြယ်တာလဲလို့ လိုက်မေးတတ်တဲ့ ကလေးငယ်လေးကို အဖိုးထန်း အမှတ်ရသွားခဲ့သည်။ 


သူ့ရဲ့မြေးကို အယ်လ်ဖာလို့ ထင်ခဲ့ပေမဲ့ နတ်ဘုရားက သူ့ကို ကျီစယ်သွားခဲ့တာပဲ.. 

နှစ်များစွာ ထန်းပိုင်ကို ဘာမှ မသင်ပေးပဲ အလိုလိုက်ခဲ့ပေမဲ့… 

အိုမီဂါဆိုရင်လည်း သင်ပေးသင့်သည်။ 


ကိုယ့်ကိုယ်ကို ခုခံပြီး ကာကွယ်ဖို့ သင်ထားသင့်သည်။ အကယ်လို့ တစ်ရက်မှာ သူမရှိတော့ရင်တောင် ထန်းပိုင် ဒါမှ အနိုင်မကျင့်ခံရမှာ ဖြစ်သည်။ 


သူ့ရဲ့ မြေးကို စက်ပစ္စည်းအကြောင်း မသင်ပေးနိုင်ရင်တောင် တခြားဟာ သင်ပေးလို့ရသည်။ 


အဖိုးထန်းရဲ့ ပြာလဲ့လဲ့ မျက်လုံးများက အနည်းငယ် နူးညံ့သွားကာ မြေးဖြစ်သူရဲ့ ခေါင်းကိုထိပြီး ပြောလိုက်လေသည်။ 


“ ချင်းကျွင်က ဗီဒီယိုတွေ အများကြီးကို ဖျက်ထားတာ တွေ့ခဲ့တယ်.. တစ်ခြား တစ်ခုမှာ သူ အိုမီဂါတစ်ယောက်ကို မုဒိန်းကျင့်ထားခဲ့တယ်” 


“ ထန်းထန်း အဖိုးမင်းကို ဒီဗီဒီယို နှစ်ခု ပေးလိုက်မယ်.. ဘာလုပ်ရမယ်ဆိုတာ သိတယ်မလား” 


စစ်တက္ကသိုလ်ရဲ့ ယဥ်ကျေးမှု ရုံးခန်းတွင်.. 


ဆရာ တစ်ယောက်က မေးလိုက်လေသည်။ 


“ဆရာကျောက် ချင်းကျွင်နဲ့ ရှဲ့ရူဟန်ကြားက ပြဿနာက မနေ့က ဖြေရှင်းပြီးပြီ မဟုတ်ဘူးလား ဘာလို့ ချင်းကျွင်ကို ဒီနေ့ ထပ်ခေါ်ရတာလဲ” 


“ ကောလိပ်က အိုမီဂါတစ်ယောက်က ချင်းကျွင် အိုမီဂါတစ်ယောက်ကို နှုတ်အားဖြင့် စော်ကားနေတဲ့ ဗီဒီယိုကို ပိုပေးခဲ့တယ်” 


ပြန်ယူထားတဲ့ ကင်မရာ မှတ်တမ်းကို အယ်လ်ဖာ ဆရာကျောက်က ပြလိုက်သည်။ 


ချင်းကျွင်ရဲ့ ဆဲဆိုသံက အရမ်းပြင်းတာမို့ ကြားလိုက်ရတဲ့ ရုံးခန်းထဲက ဆရာ တော်တော်များများ မနေနိုင်စွာ တုန်လှုပ်သွားရသည်။ 


“ ချင်းကျွင်ကအပြစ်မဲ့တဲ့ အိုမီဂါ ကျောင်းသား တစ်ယောက်ကို တစ်ဖက်သတ် စကားလုံးများနဲ့ အသရေဖျက်ခဲ့တာဖြစ်ပြီး အဲ့တာက ဆိုးကျိုး အများကြီး သက်ရောက်စေနိုင်တယ်” 


“ အာ မှားနေပြီ ဆရာကျောက် ငါတွေ့လိုက်တယ်... အဲ့ဒီကျောင်းသား ချင်းကျွင်က အစကနေ အဆုံးထိ အဲ့ဒီအိုမီဂါကို နာမည်မတပ်ခဲ့ဘူး.. တိုင်ကြားခဲ့တဲ့ အိုမီဂါကကော မှန်ရဲ့လား” 


မစ္စတာဝမ်က ခေါင်းကို ရမ်းလိုက်ပြီး ဆက်ပြောလိုက်သည်။ 


“ တစ်ချို့ အိုမီဂါတွေက သေချာ မနေထိုင်ကြဘူး ချင်းကျွင်က ကိုယ့်ကိုယ်ကို ရှက်တတ်သင့်ပြီး အဲ့ဒါက ကိုယ့်ဘဝကိုပါ သက်ရောက်စေနိုင်တယ်ဆိုတာကို အဲ့ဒီအိုမီဂါတွေကို သိစေချင်လို့အဲ့ဒီဂရုမစိုက်တတ်တဲ့ အိုမီဂါတွေကို ပြောဆိုခဲ့တာပါ” 


“ အိုး တကယ်လား” 


ဆရာကျောက် တည်ငြိမ်စွာ ပြောလိုက်သည်။ 


“ ဒါပေမဲ့ ရှဲ့ရူဟန်၊ ချိုးယန်နဲ့ ကုထူနန်က အဲ့အချိန်တုန်းက ချင်းကျွင်က အပြစ်မဲ့တဲ့ အိုမီဂါကို ပြောဆိုနေခဲ့တာကို အတည်ပြုပေးနိုင်တယ်” 


“မင်း ပြောနေတဲ့ နှုတ်မစောင့်တဲ့ ကိုယ့်ဘဝကိုယ် မချစ်တဲ့ အိုမီဂါက ဘယ်သူလဲ ဆိုတာ မစ္စတာဝမ်သိလား..” 


“ အဲ့ဒါက ထန်းမိသားစုရဲ့ အငယ်ဆုံးဖြစ်တဲ့  

ဒါရိုက်တာထန်းရဲ့ အလေးပေးခံရဆုံး ထန်းပိုင်ပဲ” 


မစ္စတာဝမ် အသက်ရှုနေတာ ရပ်သွားပြီး မျက်နှာကချက်ချင်း အရုပ်ဆိုးသွားကာ ခြောက်ကပ်ကပ် တစ်ချက် ရယ်လိုက်လေသည်။ 


“ ဆရာကျောက် အပြစ်မဖို့ပါနဲ့.. ငါဘယ်တုန်းကမှ သခင်လေးထန်းက အဲ့လို အိုမီဂါလို့ မပြောခဲ့မိပါဘူး.. ဒီတိုင်း အဲ့ဒီအချိန်က ချင်းကျွင်ပြောခဲ့တာကို ဝေဖန်ကြည့်ရုံတင်ပါ” 


ဆရာကျောက် ခေါင်းညိတ်လိုက်ပြီး နောက် ဗီဒီယို တစ်ပုဒ်ကို ဖွင့်လိုက်သည်။ 


ဒါက ပြင်ထားတဲ့ ဗီဒီယိုဖြစ်ပြီး အစနဲ့အဆုံးပဲ ပါသည်။ ဒါပေမဲ့ ရုံးခန်းထဲက သူအားလုံး တစ်ချက်ကြည့်ရုံနဲ့ ဗီဒီယိုထဲမှာ ဘာဖြစ်သွားလဲ သိလိုက်ကြသည်။


မစ္စတာဝမ်ရဲ့ ပုံစံက အနည်းငယ် ပြောင်းသွားတော့သည်။ အိုမီဂါ တစ်ယောက်ကို နှုတ်နဲ့စော်ကားတာနဲ့ မုဒိန်းကျင့်တာက မတူညီတဲ့ ကိစ္စပဲ။ 


ပိုဆိုးစေတာက အဲ့ဒါက အင်အားမရှိတဲ့ အိုမီဂါ မဟုတ်ဘူး.. ထန်းမိသားစုရဲ့ တစ်ချိန်လုံး အချစ်ခံလေး သခင်လေးထန်းလေ။ 


အကယ်လို့ ချင်းကျွင်သာ ထန်းပိုင်နဲ့ သွားရှုပ်နေမှန်း သိခဲ့လို့ကတော့ ချင်းမိသားစုက သူ့ကို ပိုက်ဆံပိုပေးခဲ့ရင်တောင်မှ သူ ချင်းကျွင်ဘက်ကနေ ခုခံပြီး ပြောပေးမှာ မဟုတ်ပေ။ 


တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ချင်းကျွင်ရဲ့ တံခါးခေါက်သံက ဖြိုခွင်းလိုက်သည်။ သူ ဝင်လာတဲ့အခါမှာ မနေ့ညကနဲ့ မတူညီတဲ့ လေထုကို ခံစားလိုက်ရသည်။ ဆရာအားလုံးက သူ့ကို မပျော်မရွှင် ကြည့်နေကြပြီး ကင်မရာ ဗီဒီယို ဖျက်ပေးကာ သူ့ကို ကူညီပေးခဲ့တဲ့ မစ္စတာဝမ်ကလည်း သူ့ရဲ့အကြည့်ကို ရှောင်နေခဲ့သည်။ 


စစ်တက္ကသိုလ်ရဲ့ ဆရာအားလုံးက အနည်းဆုံး Aအဆင့် အလ်ဖာများ ဖြစ်ကြတဲ့အတွက် အခုလိုမျိုး Aအဆင့် အလ်ဖာတွေဆီက ဝိုင်းပြီး စိုက်ကြည့်ခံရတာက ချင်းကျွင်အတွက် မတောင့်ခံနိုင်စရာ ဖြစ်နေသည်။ သူ တွန့်ဆုတ်စွာ မေးလိုက်သည်။ 


“ဆရာကျောက် ဘာဖြစ်လို့ပါလဲ” 


အေးစက်နေတဲ့ မျက်နှာနဲ့ ဆရာကျောက်က light brainကို အသုံးပြုလိုက်လေသည်။ 


ဗီဒီယိုနှစ်ပုဒ်ရဲ့ စခရင်ရှော့က လေထုထဲမှာ ပေါ်လာခဲ့သည်။ ချင်းကျွင်ရဲ့ မျက်လုံးတွေက မယုံနိုင်စွာ ကျယ်လာခဲ့လေသည်။ သူ အစတည်းက ဒီဗီဒီယိုတွေကို ဖျက်ထားခဲ့တာကို ဘယ်လိုလုပ် ရှာတွေ့သွားကြတာလဲ... 


“ ကျောင်းသားချင်း ...မင်းသာ အခြေခံဥပဒေ အတန်းမှာ သေချာနားထောင်ခဲ့ရင် စစ်ဥပဒေမှာ အိုမီဂါတွေရဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ပိုင်ခွင့်ကို ကာကွယ်ခြင်းဆိုတဲ့ စာပိုဒ်သုံးကို သိခဲ့သင့်တယ်.. အကြမ်းဖက်ပြီး အိုမီဂါတစ်ယောက်ကို မုဒိန်းကျင့်တဲ့ ဘယ်သူမဆို အကြမ်းဖက်မှုနဲ့ ထောင်ဆယ်နှစ်အထက် ကျနိုင်ပြီး တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်ပါ ပေးခံရနိုင်တယ်” 


“ပြီးတော့ မုဒိန်းမှုကြောင့် သေမိန့်ပေးခံရရင် လူကို ချိတ်ဆွဲခံထားရမှာ ဖြစ်ပြီး.တစ်ချို့အကျဥ်းကျပြီးသား.ထောင်သားတွေဆို အဲ့လိုမျိုး ကွပ်မျက်စင်မှာ ခေါင်းကနေ ချိတ်ဆွဲပြီး အသတ်ခံရမှာကို သေမတတ် ကြောက်ကြတယ်” 


သူ့ရဲ့ လည်ပင်းရှိ လက်ရာက မမြင်ရတဲ့

ကြိုးတစ်ချောင်း သူ့ရဲ့လည်ပင်းကို ချည်နှောင်ထားသလို အနည်းငယ် နာလာပြီး….. တစ်ဖြည်းဖြည်းနဲ့ ချင်းကျွင်ရဲ့ မျက်လုံးတွေ အရောင်ပြောင်းလာကာ မတ်တပ်မရပ်နိုင်တော့သလိုပင် ဖြစ်သွားရတော့သည်။


________


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment