no

Font
Theme

Chapter 1.1 - နူးညံ့တဲ့ ဆယ်လီမန်နေဂျာလေး…

(အမြှောက်စာဇာတ်ရုပ် အစားထိုးခြင်း - ထန်ထန်၊ မိုးသောက်ကြယ်အင်တာတိန်းမန့်မှ ထိပ်တန်းအဆင့်မန်နေဂျာ။ သူက လေးနှစ်အတွင်း နာမည်ကျော်အော်ပရာအဆိုတော်နှင့် ဂီတပညာရှင်တစ်ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး ထူးခြားသော စွမ်းရည်များကို ပြသကာ ဒဏ္ဍာရီလာ လုံ့လဝီရိယအရှိဆုံးဂုဏ်ပုဒ်ကို ရယူခဲ့ပါသည်။)

နွေရာသီရောက်လာသည်နှင့်အမျှ နူးညံ့သော နွေဦးနေရောင်ခြည်က အပူဓာတ်ကို ဖြန့်ကျက်ပေးနေချေပြီ။ နံနက်စောစောတွင် စည်ကားနေသော လူအုပ်ကြီးက အလုအယက် လမ်းလျှောက်နေကြသည်။ မြို့လယ်ခေါင်ရှိ လည်ပတ်ကြသူများကြားတွင် ဆယ်လီများ၏ ပရိသတ်များက ခေတ်ဆန်တောက်ပနေသော မိုးသောက်ကြယ်အင်တာတိန်းမန့်အဆောက်အအုံကို ဓာတ်ပုံရိုက်ရန် ရည်ရွယ်ချက်ရှိရှိ ရပ်စောင့်နေကြ၏။

သူတို့က စိတ်လှုပ်ရှားစွာ စကားပြောနေကြပြီး ယနေ့တွင် သူတို့နှစ်သက်သူများ၏ အရိပ်အယောင်ကို ဖမ်းမိရန် ကံကောင်းနိုင်မည်လောဟု ဆွေးနွေးနေကြစဉ် ရုတ်တရက် ရပ်တန့်သွား၏။ အနီးနားတွင် ရပ်ထားသော ဘန်တလေကားတံခါးက ပွင့်သွားပြီး သားရေဖိနပ်လေးတစ်ရံက မြေပြင်နှင့် ပထမဆုံး ထိမိသွား၏။ အနက်ရောင်ဘောင်းဘီရှည်ကျပ်ကျပ်ကို ၀တ်ဆင်ထားသော ဆွဲဆောင်မှုရှိရှိ ခြေထောက်ရှည်များက စိုက်ကြည့်နေသော မိန်းကလေးများ၏ အသံများကို ရပ်တန့်စေခဲ့သည်။

ထိုခြေထောက်ပိုင်ရှင်က ကားပေါ်မှ ကျက်သရေရှိရှိ ထွက်လာခဲ့၏။ အနက်ရောင် ဆံပင်ရှည်အနည်းငယ်က နေရောင်နွေးနွေးအောက်တွင် တောက်ပနေပြီး ဖြူဖျော့ဖျော့ အသားအရည်က ဝင်းလက်တောက်ပနေသည်။ သူက ခပ်တောင့်တောင့် အဖြူရောင်ရှပ်အင်္ကျီပေါ်ရှိ ကြယ်သီးကို ဖြုတ်လိုက်သည်။ အဆောက်အအုံအ၀င်ဝဆီသို့ ကြော့ကြော့မော့မော့ လျှောက်မသွားမီ နေရှိန်မှုကြောင့် ထိုလူ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ထိုအချိန်တွင် အနုပညာရှင်တစ်ဦးက ပြေးလာပြီး သူ့အား နှုတ်ဆက်လိုက်သည်။ သူ့ခေါင်းကို ပေါ့ပေါ့ပါးပါး လှည့်လိုက်ပြီး နှာခေါင်းပေါ်ရှိ ငွေရောင်မျက်မှန်ကို အသာအယာ ချိန်ညှိလိုက်သည်။ အရောင်ဖျော့ဖျော့နှုတ်ခမ်းထောင့်များက အနုပညာရှင်ပြောသမျှကို တုံ့ပြန်လိုက်သလို အနည်းငယ် ကွေးညွတ်သွား၏။

ဘုန်း...

တစ်စုံတစ်ယောက်လက်မှ လက်ကိုင်ဖုန်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ မိန်းကလေးများက သူတို့အပေါ် နွေဦးနေရောင်ခြည် ကျရောက်လာသလို ခံစားလိုက်ရပြီး အသက်ရှူမဝဘဲ မူးဝေသွားကြ၏။ ရင်ဘတ်ထဲ လိပ်ပြာတစ်ကောင်ပျံသန်းသွားသလို ခံစားမှုက ထိန်းချုပ်မရနိုင်လောက်အောင်ပင်။

“အိုး ဘုရားသခင်…ဒီနတ်သားလေးက ဘယ်သူလဲ။"

"ဝူး...ငါဂရုမစိုက်ပါဘူး၊ ငါ ဒီနံရံကို တွယ်တက်မိသွားပြီ၊ မိုးသောက်ကြယ်က လက်မှတ်ရေးထိုးထားတဲ့ နတ်သားလေးနဲ့တူတဲ့ အနုပညာရှင်အသစ်လား။”

"ဒါ... မန်နေဂျာပဲ ဟုတ်တယ်မဟုတ်လား၊ ငါ သူ့အကြောင်း ကြားဖူးတယ် ထင်တယ်။"

"မန်နေဂျာလား။ ဘယ်သူ့မန်နေဂျာလဲ။"

...............

ဧည့်ခန်းအတွင်းတွင် အနုပညာရှင်များစွာ အလုပ်ရှုပ်နေကြ၏။ အချို့က ကြေငြာချက်တင်ရန် အပြေးအလွှား သွားနေကြသည်။ အချို့က လေ့ကျင့်ရေးခန်းဘက်ကို သွားနေကြ၏။ ထန်ထန် အဆောက်အအုံထဲ လှမ်းဝင်လိုက်သည်နှင့် အမြင်စူးရှသော အနုပညာရှင်များက သူ့ကို နှုတ်ဆက်ကြ၏။

"လူကြီးမင်း..."

"ကောင်းသောနေ့ပါ လူကြီးမင်း။"

လူငယ်အနုပညာရှင်များ၏ မျက်လုံးများက တောက်ပနေပြီး သူတို့လေသံမှာ လေးစားမှုအပြည့်နှင့်။ နောက်ဆုံးတော့ ဒဏ္ဍာရီလာပုဂ္ဂိုလ်က ရောက်ရှိလာပြီ!

သူတို့အားလုံးက သူ့အာရုံကို ရယူရန် စိတ်အားထက်သန်နေကြ၏။

ထန်ထန်က ပြုံးပြီး ခေါင်းညိတ်ပြကာ ဓါတ်လှေခါးဆီ ဦးတည်လိုက်သည်။

အမျိုးသားတီးဝိုင်းအဖွဲ့ဝင်များက ထွက်ခွာသွားသည့်ပုံရိပ်ကို စူးစမ်းစွာ စိုက်ကြည့်နေကြပြီး သူတို့ထဲမှ တစ်ဦးက အံ့ဩစွာ ပြောလိုက်သည်။

"ဟေး၊ ကျန်းရှီက ဘာလို့ သူ့ရဲ့စာချုပ်ကို ဖျက်သိမ်းပြီး ရှန့်ချင်းအင်တာတိန်းမန့်ကို ပြောင်းရွှေ့ခဲ့တာလဲ။"

အခြားအဖွဲ့ဝင်တစ်ဦးက သဘောတူလိုက်သည်။

"ဟုတ်ပါ့၊ မစ္စတာထန်မှာ အရင်းအမြစ်အများကြီးရှိတာ၊ သူ့စီမံခန့်ခွဲမှုအောက်မှာ လုပ်ချင်တဲ့သူတွေ အများကြီးပဲ၊ တစ်ဖက်လှည့်ပြောရင် ကျန်းရှီက သူ့မှာရှိတာကို သဘောမပေါက်ဘူးပဲ။"

"ဟ...အဲ့ဒါကို ထပ်မပြောပါနဲ့၊ မစ္စတာထန်နဲ့ ကျန်းရှီတို့ ချိန်းတွေ့တာကြာနေပြီလို့ ငါကြားတယ်၊ ဒါပေမဲ့ သူတို့ လမ်းခွဲလိုက်ပုံပဲ။"

"မဖြစ်နိုင်တာ..."

ဓာတ်လှေကားတံခါးများ ဖြည်းညင်းစွာ ပိတ်သွားသည်နှင့်အမျှ အတင်းအဖျင်း အပိုင်းအစများ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။ ထန်ထန်က ဓာတ်လှေကားအတွင်း၌ ငြိမ်သက်စွာ ရပ်နေ၏။ သူ့မျက်မှန်မှတစ်ဆင့် ဓါတ်လှေကားတံခါးများပေါ်တွင် ထင်ဟပ်နေသော ချောမောသန့်စင်သည့် မျက်နှာပေါ် တည်ငြိမ်စွာ ကြည့်နေမိ၏။

ဒါက သက်သေမရှိဘူးလို့ သူတွေးခဲ့တာမလား...

ကျန်းရှီတွင် ကျွမ်းကျင်အဆင့် သို့မဟုတ် အဆင့်မြင့်ပညာရေး နောက်ခံမရှိပေ။ သူ၏ထူးခြားသော သီချင်းဆိုသံနှင့် ရင်သပ်ရှုမောဖွယ် အသွင်အပြင်က သူ့ကို မထင်ရှားစေပေ။ ထိုနှစ်များတွင် ဂီတလောကတွင် သကြားဘေဘီလေးအဖြစ် ကမ်းလှမ်းမှုများ အပြည့်ရရှိခဲ့သည့်အပြင် ထူးထူးခြားခြား မတိုးတက်ဘဲ တစ်နှစ်ကြာအောင် ရုန်းကန်ခဲ့ရသည်။

ထန်ထန်၏ နာမည်ကျော် အမျိုးသမီးအော်ပရာအဆိုတော်က အိမ်ထောင်ကျ ကလေးမွေးပြီးမှသာ ကျန်းရှီကို သူ့တောင်ပံအောက် ခေါ်ခဲ့တာမလား...

သူ့ကို ရွှေရောင်ဖီးနစ်အဖြစ် ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့၏။

ကံမကောင်းစွာပဲ အရာရာတိုင်းက စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ...

ဓာတ်လှေကား ပွင့်လာသည်။ မျက်မှန်အောက်ရှိ ထန်ထန်မျက်လုံးများက အဓိပ္ပါယ်မဖော်နိုင်သော အရိပ်အယောင်များနှင့် တောက်ပလာခဲ့၏။ သူ့ကော်လာကို အနည်းငယ် ချိန်ညှိပြီးနောက် ခြေတံရှည်ရှည်များဖြင့် ပေါ့ပါးစွာ စီအီးအိုရုံးခန်းဆီသို့ ရည်ရွယ်ချက်ရှိရှိ လျှောက်သွားလိုက်သည်။

စီအီးအိုရုံးခန်းက ၂၆ လွှာတွင် ရှိပြီး မိုးသောက်ကြယ်အင်တာတိန်းမန့်၏ သက်တောင့်သက်သာ အရှိဆုံးနေရာလည်းဖြစ်သည်။ အနုပညာရှင်များက မလိုအပ်ဘဲ ဤအထပ်သို့ လာလေ့မရှိသလောက်ပင်။ သို့သော် ထန်ထန်က ဤတစ်ကြိမ် ဖြတ်ကျော်လာပြီး ခြေလှမ်းများ အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။

အခုလိုခေတ္တရပ်ရမည့် အကြောင်းပြချက်တစ်ခု ရှိပေသည်။ ဆိုဖာပေါ်မှာထိုင်ပြီး ဂိမ်းဆော့ရင်း သီချင်းနားထောင်နေသော ကောင်လေးသုံးယောက်က မျက်စိဖမ်းစားချင်စရာပင်။ ဖျော်ဖြေရေး နယ်ပယ်တွင် လေးနှစ်ကြာ လုပ်ကိုင်ခဲ့သော်လည်း မန်နေဂျာထန်က သူတို့၏ တည်ရှိမှုကို သဘောကျ၏။

မန်နေဂျာထန်က သူ့ပညာရှင်ဗီဇကို ထိန်းချုပ်ရန် မတတ်နိုင်ပေ။ သူတို့မျက်နှာများကို မြင်လိုက်သည့် အချိန်တိုလေးအတွင်း သူ့စိတ်ထဲ သူတို့ကို အောင်မြင်စေနိုင်မည့် ပြီးပြည့်စုံသော အစီအမံက ပေါ်လာ၏။

ဒါပေမယ့်... သူ့မှာ ဒီထက်ပိုပြီး အရေးကြီးတဲ့ ကိစ္စရပ်တွေ ရှိနေတယ်...

သူ့မှာ လူသစ်လေးများနှင့် ဆက်ဆံရန် စိတ်အားထက်သန်မှု ရှိလေ့မရှိ။ နောင်တနည်းနည်းဖြင့် အစီအစဉ်ကို မစဉ်းစားတော့ဘဲ အကြည့်ပြန်ရုပ်ကာ ရုံးခန်းဆီသို့ ဆက်လျှောက်သွားလိုက်၏။

မျက်နှာတစ်ဝက်ကို ဘေ့စ်ဘောဦးထုပ်ဖြင့် ဖုံးကွယ်ထားသော ချင်းယွီက အကြည့်ကို သတိပြုမိကာ ဂိမ်းမကစားတော့ဘဲ ရပ်လိုက်သည်။ သူ မျက်ခုံးပင့်၍ မော့ကြည့်လိုက်ရာ စူးရှသောမျက်လုံးများက ဝါးပင်နှင့်တူသော နောက်ပြန်ဆုတ်သွားသော ရုပ်ပုံကို တွေ့လိုက်ရ၏။

ချင်းယွီက မျက်လွှာချလိုက်ပြီး မျက်ခုံးများက တဖြည်းဖြည်း ဖြေလျှော့သွားသည်။ သူက ရွှတ်နောက်နောက်ဖြင့် ကျီစယ်သလို အရိပ်အမြွက်ပြောလိုက်သည်။

"အတော်လေး ကိတ်တဲ့ တင်ပါးပဲ။"

"ဟာ... မင်းက ငကြောင်လား။"

သူ့ရှေ့တွင်ထိုင်နေသော မိန်းချန်ရီက ထိတ်လန့်တုန်လှုပ်သွားပြီး သူ့ဂိမ်းကို မှားနှိပ်မိလိုက်သည်။ သူက ချီယန်နား ပိုတိုးကပ်သွားပြီး ကျိန်ဆဲလိုက်သည်။

"ဟေး ယွီ၊ မင်းက ငါ့အကြောင်း ထူးထူးခြားခြား တွေးနေတာတော့ မဟုတ်ဘူးမလား။"

"သေလေ...ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။"

ချင်းယွီက အညှာတာမဲ့စွာ ပြန်ဖြေလိုက်သည်။

သူ့ခြေထောက်ကို ထောက်လိုက်ပြီး ချီယန်အား မေးစေ့မှ ပင့်ဟန်ပြကာ မေးလိုက်သည်။

"ဟေး ချီရမ်၊ မင်း အဲ့ဒါကို မြင်လိုက်လား၊ ခုနက လမ်းလျှောက်သွားတဲ့ အနုပညာရှင်ကို။"

ချီယန်ဟု အမည်ရသော ကောင်လေးက သူတို့နှင့် ဂိမ်း၀င်မကစားပေ။ ယင်းအစား သူက Bluetooth နားကြပ်တပ်ထားပြီး သီချင်းနားထောင်နေ၏။ သူ့မျက်လုံးများပေါ်တွင် အနက်ရောင်ဆံပင်အနည်းငယ်ဖြင့် အုပ်ထားပြီး အသားအရေမှာ ဖြူဖျော့ကာ နှုတ်ခမ်းများက အနီရောင်ဖျော့ဖျော့သန်းနေသည်။ သူ့တွင် ခပ်ကျဉ်းကျဉ်းမျက်လုံးများရှိပြီး ချစ်စဖွယ် သူ့မျက်နှာက စကားလုံးအနည်းငယ်ဖြင့် နှလုံးသားကို ခိုးယူနိုင်သည့် မြေခွေးမလို ခပ်နက်နက်မျက်လုံးများကြောင့် ပြင်းထန်စွာ ရန်လိုမည့်ပုံပင်။

"မြင်လိုက်တယ်။"

ချီယန်၏နဖူးထက် ဆံနွယ်လေးများ အနည်းငယ်ကျနေ၏။ သူက တစ်စုံတစ်ရာ တွေးလိုက်သလို နှုတ်ခမ်းထောင့်တွင် သိမ်မွေ့သော အပြုံးလေးတစ်ခု ကော့တက်သွားသည်။

"သူ့ခါးက တော်တော်ဆွဲဆောင်မှုရှိတယ်။"

အလှတရားကို နှစ်သက်ကျေနပ်သလိုမျိုး ချင်းယွီနှင့် ချီယန်တို့က အကြည့်ချင်းဖလှယ်လိုက် ကြသည်။ သူတို့ပြောခဲ့သူကို မတွေ့လိုက်ရသော မိန်းချန်ရီက စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ အကြည့်လွဲ၍ ဖုန်းကို ဘေးဖယ်လိုက်သည်။ သူ့အကြည့်များက တင်းတင်းကျပ်ကျပ်ပိတ်နေသော တံခါးတွင် ကျရောက်နေသည်။

"ဟေး ဟေး ဟေး၊ မင်းတို့ နှစ်ယောက်က ညွှန်းလွန်းနေတာ မဟုတ်ဘူးလား။”

မိန်းချန်ရီက မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး မရပ်မနား စနောက်လိုက်သည်။

"ဖျော်ဖြေရေးနယ်ပယ်မှာ အနုပညာရှင်တွေနဲ့ နာမည်ကြီးတွေ အများကြီးလေ၊ ချောတဲ့သူကို တစ်ခါမှ မမြင်ဖူးတာမျိုး မဟုတ်ဘဲနဲ့။ အခု ဒီကောင်လေးက ဘယ်လောက် ဆွဲဆောင်မှု ရှိလဲဆိုတာကို ငါ့ကို သိချင်လာအောင် လုပ်နေကြတာပဲ။"

ချင်းယွီ မျက်လုံးလှိမ့်လိုက်၏။ ဦးထုပ်လျှာကို နိမ့်ချလိုက်ရာ လက်ညိုးနှင့် လက်ခလယ်ရှိ လေးထောင့်ပုံကျောက်မျက်ရတနာကွင်းများ ဝတ်ဆင်ထားသော လက်ချောင်းလှလှများက ပေါ်လွင်လာသည်။ ၎င်းတို့မှ အလင်းတန်းများက ခဏမျှ ရိပ်ခနဲ ထွက်ပေါ်လာ၏။

.............

ထန်ထန် ရုံးခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။

"အိုး ထန်လေး ဒီကို လာတာပဲ။"

စားပွဲနား ထိုင်နေသော စီအီးအိုက မစ္ဆရိယဗုဒ္ဓတွေ့လိုက်သလို ရွှင်မြူးစွာ နှုတ်ဆက်လိုက်သည်။

“လာ...ထိုင်ပါဦး။”

"ဥက္ကဋ္ဌစုန့်"

ထန်ထန်က ကုလားထိုင်မှာ ဝင်ထိုင်လိုက်ပြီး အနည်းငယ် အကြံအိုက်သွားသည်။

"ခင်ဗျား ကျွန်တော့်ကို တစ်ခုခုအတွက် ခေါ်ခဲ့တာလား"

"အင်း၊ ကုမ္ပဏီမှာ မင်းအတွက် တာဝန်တစ်ခုရှိတယ်။"

စီအီးအိုလည်း ကောလာဟလကို ကြား၏။ သူ့ရှေ့တွင် အရည်အချင်းရှိပြီး ခံ့ညားသော မန်နေဂျာကို ကြည့်ကာ အသာအယာ သက်ပြင်းချရင်း ပြောလိုက်၏။

"မင်း လွန်ခဲ့တဲ့ တစ်ပတ်လောက်က အနားယူလိုက်တာ၊ နောက်ရက်မှာ ကျန်းရှီက ကုမ္ပဏီနဲ့ စာချုပ်ဖျက်ပြီး ရှန့်ချင်းအင်တာတိန်းမန့်ကို ပြောင်းသွားတယ်။ ကုမ္ပဏီက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျန်းရှီဆီမှာ အရင်းအမြစ်တွေ အများကြီး ရင်းနှီးမြှုပ်နှံခဲ့တာ။ ဒါပေမဲ့ အခု ကသောင်းကနင်းဖြစ်တော့ ရှန့်ချင်းအင်တာတိန်းမန့်က အကျိုးအမြတ်တွေ ရသွားတယ်လေ။"

ဥက္ကဋ္ဌ၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသော နူးညံ့သိမ်မွေ့သည့် မန်နေဂျာက တိတ်ဆိတ်နေပြီး ဂရုတစိုက် နားထောင်နေသည်။

ကျန်းရှီက အကြံအစည်နက်နဲသူပင်။ ကံမကောင်းစွာပင် မူလပိုင်ရှင်က သူ့ကို ရိုးအအပြစ်ကင်းသော ယုန်တစ်ကောင်လို ဆက်ဆံခဲ့၏။ ထန်ထန်က ဖျော်ဖြေရေးနယ်ပယ်တွင် နှစ်ပေါင်းများစွာ ဝင်ရောက်လာခဲ့ပြီး ညစ်ညမ်းမှုများစွာကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် သူက ဖြူစင်ပြီး ချစ်စဖွယ်အရာအချို့အတွက် အနည်းငယ် ပိုသည်းခံတတ်ခဲ့သည်။

ပြီးတော့ ကျန်းရှီ...

ထန်ထန်တွင် အရင်းအမြစ်ကောင်းများ ရှိသည်ကို သူသိ၏။ သူ့မိသားစုအတွက် ရုန်းကန်နေသော ရိုးသားကြိုးစားသည့် အရည်အချင်းရှိသူ လူငယ်တစ်ယောက်လို ချစ်စဖွယ်ပုံရိပ်နှင့် အထင်ကြီးလေးစားမှု၊ ဆင်းရဲနွမ်းပါးသဖွယ် ဟန်ဆောင်မှု၊ အကူအညီမဲ့ဟန်ဆောင်မှုများနှင့် မူလပိုင်ရှင်ကို အစပိုင်းတွင် ဆွဲဆောင်ခဲ့၏။ မူလပိုင်ရှင်ကို သူ့အပေါ် သနားလာစေရန် ဆွဲဆောင်ခဲ့ပြီး နောက်ဆုံးတွင် ချစ်မိသွားကာ ဤအပျံသင်စ စာငှက်လေးကို လေးစားဖွယ် ရွှေရောင်ဖီးနစ်အဖြစ် ပြောင်းလဲစေခဲ့၏။

အဆုံးသတ်ပြောလျှင် ဟာသနည်းနည်းဖြင့် ရှက်သွေးဖြန်းတတ်သော ဤလူငယ်လေးက ထိုမျှ ကောက်ကျစ်လိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားပေ။

စီအီးအိုက ခဏမျှ စကားပြောပြီး ထန်ထန်ကို ကိုယ်တိုင်ရွေးချယ်ရန် အကြံပေးခဲ့၏။ သူ ပြစ်တင်ရှုံ့ချပြီးနောက် နောက်ဆုံးတွင် အဓိကအချက်ဆီ ရောက်သွား၏။

“ဒီတစ်ခါ ကုမ္ပဏီက မင်းကို ယောက်ျားလေးတီးဝိုင်းအဖွဲ့အသစ်ကို စီမံခန့်ခွဲခိုင်းလိမ့်မယ်…”

သူ ခေတ္တရပ်ပြီး ဆက်ပြောလိုက်သည်။

"အင်း၊ မင်းကို သတင်းတစ်ခု ပေးပါရစေ။ ဒီသုံးယောက်က ငွေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့ တရားဝင်သခင်လေးတွေပဲ၊ ကံကောင်းချင်တော့ လောလောဆယ်မှာ မင်းက အားနေတာ၊ ငါ့ရည်ရွယ်ချက်က သူတို့ဘဝရဲ့ ကဏ္ဍပေါင်းစုံကို အာရုံစိုက်ပြီး ပိုကောင်းအောင် ကိုင်တွယ်ဖို့ပဲ။"

"မင်းက သူတို့အားလုံးရဲ့ မန်နေဂျာရော လက်ထောက်ရောဖြစ်ရမယ်၊ မင်း နားလည်လား"

ထန်ထန်က ဤနှစ်များအတွင်း ကျန်းရှီထံမှ ကုမ္ပဏီ၏ အရင်းအမြစ်များကို ကောင်းစွာ သိခဲ့ပြီး သူနှင့် လမ်းခွဲပြီးနောက် မိုးသောက်ကြယ်ကို လှောင်ပြောင်မှုပြောဆိုမှု ကြုံတွေ့ခဲ့ရသည်။ သူ ဝန်လေးစွာ ဖြေလိုက်သည်။

"ကောင်းပြီ၊ နားလည်ပါပြီ။"

စီအီးအိုက ပြုံးရွှင်သော အမူအရာဖြင့် ဘောပင်ကိုချလိုက်၏။

"ကောင်းပြီ၊ ငါ မင်းကို သူတို့နဲ့ မိတ်ဆက်ပေးပါရစေ။"

ထန်ထန်က ခေါင်းညိတ်လိုက်ပြီး အနည်းငယ် ဆုတ်၍ စီအီးအို၏ ဝဖိုင်ဖိုင် ပုံရိပ်နောက်သို့ လိုက်သွားလိုက်သည်။

အပြင်ဘက်ဆိုဖာတွင် တစ်ဝက်လဲလျောင်းနေသော မိန်းချန်ရီက ပျင်းရိစွာ လက်ဆန့်ထုတ်လိုက်ကာ စောဒက တက်လိုက်သည်။

"သူ ဘာလို့ မထွက်လာသေးတာလဲ..."

သူ့စကားမဆုံးခင် တံခါးက ပွင့်သွား၏။ လွန်ခဲ့သည့်အခိုက်အတန့်တွင် သေဆုံးမလိုဖြစ်နေသော မိန်းချန်ရီက အန်ဒါရီလိုင်းဆေး ထိုးသွင်းခံလိုက်ရပုံပင်။ သူ မတ်တတ်ထထိုင်လိုက်ပြီး ခွေးလေးလို မျက်လုံးများက တံခါးကို စိုက်ကြည့်နေ၏။

ပထမဆုံး ပေါ်လာသူက စီအီးအိုပင်။ မိန်းချန်ရီက မျက်လုံးများ ခဏမှိတ်ထားကာ လောင်ကျွမ်းနေသော နှလုံးသားကို တည်ငြိမ်စေပြီ ပြန်ဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။

စီအီးအို၏ နောက်မှ လိုက်လာသူက ဝါးပင်လိုပင် ကျက်သရေရှိ၏။ ထိုသူက ငွေရောင်မျက်မှန်ကို ဖြုတ်ထားရာ အနီးမှုန်ခြင်းကြောင့် မျက်လုံးအနည်းငယ် မှေးနေ၏။ မျက်ရည်ခံမှဲ့က မျက်လုံးထောင့်တွင် သွေးထွက်နေသကဲ့သို့ ကြက်သွေးရောင် တောက်နေသည်။ သန့်စင်ပြီး ချောမောသော သူ့မျက်နှာက ဆွဲဆောင်မှုရှိသော အရိပ်အမြွက်ကို သယ်ဆောင်လာသည်။ အောက်ဘက်သို့ အကြည့်ရွေ့လိုက်ရာ ရွှေရောင်ခါးပတ်ကြိုးက ကိုယ်တိဘောင်းဘီရှည်ကို ရစ်ပတ်ထားပြီး ခြေထောက်များက ရှည်လျားသွယ်လျလွန်းသဖြင့် ရုပ်ပြစာအုပ်ထဲကလို ဖြောင့်စင်းနေပုံရသည်။

"... သူက ကြည့်ကောင်းတယ်။"

သူက ယခင်အမြင်နှင့် မတူတော့ဘဲ ထောင်လွှားမှုမရှိတော့။ မိန်းချန်ရီက အသက်ပြင်းပြင်းရှူပြီး သူ့အကြည့်များကို ယင်းခြေထောက်များဆီမှ အတင်းဆွဲထုတ်လိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment