no

Font
Theme

Chapter 10.1 - ဒီလူကြီးကတော့ လက်သည်းတွေလိုကို မာကျောနေတာပဲ။ တကယ်ကို အရိုက်ခံသင့်နေပြီ

(ပို့စ်ပိုင်ရှင် - ဟယ်လို၊ နောက်တစ်ကြိမ် ပေါ်လာရပြန်ပါပြီ။ မနေ့က နိုအာအဖွဲ့ရဲ့ ဂုဏ်ပြုညစာစားပွဲ ကျင်းပခဲ့တာ တို့တွေအားလုံး အသိပဲနော်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီပို့စ်ပိုင်ရှင်ရဲ့ မိသားစုနောက်ခံကလည်း နည်းနည်းလေးကောင်းပြီးတော့ ပိစိလေး ချမ်းသာတယ်လေ။(လက်နှစ်ဖက်ကို ပွတ်သပ်)။ တို့ကို follow လုပ်ထားတဲ့သူတွေဆိုရင်တော့ တို့က ဗိုလ်ချုပ်ထန်ကို မျက်စိကျနေခဲ့တာ ၁ နှစ် ၂ နှစ်တောင် မကတော့ဘူးဆိုတာ သိထားကြမှာပါ။ ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းတာက ဘာလဲဆိုရင်လေ သေချာလေး ပြင်ဆင်ဝတ်စားပြီး ဗိုလ်ချုပ်ထန်ကို မတော်တဆ ဝင်တိုက်မိသလို ဂွင်ဆင်ဖို့ ကြံနေတုန်းမှာပဲ ဒရာမာ အကြီးစားကြီးတစ်ခုကို ကိုယ်တိုင် မြင်လိုက်ရတယ်လေ။)

(ပို့စ်ပိုင်ရှင် : စကားတွေ အများကြီးနဲ့ လေရှည်မနေတော့ဘူး။ အားလုံး ဖရဲသီးစားရအောင် လိုရင်းကိုပဲ သွားလိုက်တော့မယ်။ {တိုက်ကားလေးက ကားသုံးစီးလုံးကို ဘယ်လိုမျိုး ဆက်တိုက် ဝင်တိုက်ခဲ့လဲ ကြည့်ဖို့အတွက် link ကိုနှိပ်ပါ။})

ထိုဗီဒီယိုက ရိုမန်ဟာဗေးတစ်ယောက် တတိယမင်းသားအား ရည်ရွယ်ချက်ရှိရှိဖြင့် ဝင်တိုက်ခဲ့ပုံ၊ ထို့နောက် ကြယ်ဓားပြ၏ အင်္ကျီပေါ်သို့ ဝိုင်ခွက် မှောက်ချကာ သူ့စိတ်ရင်းအား ဥက္ကဌဖုထံ ချပြခဲ့ပုံတို့ကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားခဲ့သည်။ ပို့စ်ပိုင်ရှင် ပြလာသည့် ဗီဒီယို အရည်အသွေးမှာ ထင်မထားလောက်အောင်ပင် ကောင်းမွန်လှသည့်အပြင် တည်းဖြတ်မှုမှာလည်း ထိပ်တန်းအဆင့်ပင်။ ရိုမန်က ပထမတစ်ယောက်အား ဝင်လုံးရန် ကြံစည်နေပြီး မျက်တောင်တခတ်စာ အချိန်ပိုင်းအတွင်းမှာပင် နောက်ထပ် အယ်လ်ဖာတစ်ယောက်နှင့် အရှက်မရှိ အီစီကလီ လုပ်နေသည်များကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရ၏။

(ပန်း .. ပန်းပွင့်တွေနားမှာ ဝဲနေတဲ့ လိပ်ပြာလေးလား။)

(မနာလိုလိုက်တာ။ နိုအာအဖွဲ့အစည်းရဲ့ ပွဲကိုတောင် တက်နိုင်တဲ့သူက ဘယ်လိုလုပ် နည်းနည်းလေးတော့ ချမ်းသာတယ်ဆိုတဲ့ အဆင့်မျိုး ဖြစ်မှာလဲ။)

(ဝိုး .. ငါကတော့ ပို့စ်ပိုင်ရှင်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေကို လိုက်ကပ်နေတဲ့ လိပ်ပြာကြီးအကြောင်း ဘယ်လိုတောင် အချိန်ကိုက်တွေ မှတ်တမ်းယူထားနိုင်တာလဲ သိချင်နေပြီ။)

(ပို့စ်ပိုင်ရှင် : ရေစက်တွေပေါ့ကွယ်။ ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး။)

(ဟားဟားဟား။ ရေစက်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဂြိုဟ်ဆိုးဝင်တယ်ဆိုတာကမှ ပိုပြီး ဖြစ်နိုင်ဦးမယ်။ ဟားဟား .. ရယ်ရလွန်းလို့ ခေါင်းတွေတောင် ပေါက်ကွဲထွက်တော့မှာပဲ။)

(ရိုမန်ဆိုတဲ့ကောင်က ရူးနေတာလား။ သူများကို လိုက်ပြီး မြှူဆွယ်တယ်ဆိုတာက ထားလိုက်ပါဦး။ သူ့စကားကြီးက ဘယ်လိုတောင် ပေါက်ကရကြီးလဲ။ “ကျွန်တော်နဲ့ စေ့စပ်ထားတဲ့သူက ခင်ဗျားရဲ့ ခြေဖျားကိုတောင် မမီဘူး” ဆိုတာ ဘယ်လို ခွေးစကားမျိုးလဲ။ တကယ်ကြီး အံ့ဩလိုက်တာ။ အားးး .. ထွက်သွားလိုက်စမ်း။)

(အမ် .. အပေါ်က အိုမီဂါရေ .. ငါလည်း သူ ပြောတဲ့စကားကို တော်တော်လေး စိတ်တိုမိသွားပေမယ်လေ .. နင် ပြောတဲ့ပုံစံက ပိုပြီးတော့ကို ရယ်စရာ ကောင်းနေသလိုပဲ။)

(ဒါပေမဲ့ သူ ပြောတာလည်း မှန်တော့ မှန်တာပဲလေ။ နေဦး .. ငါ မရတော့ ... ဟားဟားဟား ... ငါ့ကို အရင်ဆုံး အားရအောင် ရယ်ခွင့် ပေးကြပါဦး(အူတက်အောင် အော်ရယ်နေတဲ့ JPG) အဟမ်း အဟမ်း .. တော် .. တော်ကြတော့။ အဲ့ဒါ ငါ့ကို အတွေးတွေ ချော်သွားအောင် လုပ်တဲ့သူရဲ့ အမှားပဲ။ ငါ ပြောချင်တာကကွာ .. ဗိုလ်ချုပ်ထန်ဆိုတာ စစ်ရေးနဲ့ ပတ်သက်ပြီး ရထားတဲ့ ဆုတံဆိပ်တွေမှ အများကြီး။ ဇာ့ဂ်တွေ လာတိုက်ခိုက်တိုင်းလည်း သူ ကိုင်တွယ်ဖြေရှင်းပေးခဲ့တဲ့ အကြိမ်ရေဆိုတာ ရေလို့တောင် မရဘူးကွာ။ ဒါပေမဲ့ ရိုမန်ဟာဗေးကရော။ ငါ့စကား ရိုင်းသွားရင် နည်းနည်းတော့ သည်းခံပေး။ သူက ဘာကောင်ကြီးမိုလို့လဲ။)

(အဖြောင့်ကောင် အယ်လ်ဖာတစ်ယောက်အနေနဲ့ ငါလည်း သခင်လေးရိုမန်ကို လက်တွဲဖော်အိုမီဂါအဖြစ် စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ .. မေ့လိုက်ပါတာ့။ ငါက မထိုက်တန်ပါဘူး။)

(အပေါ်က အစ်ကိုကြီးအတွက် တစ်သျှူးလေး(တစ်သျှူးကမ်းပေးတဲ့ jpg) သနားစရာကောင်းတဲ့ အရူးကောင်ရေ။ အတွေးတွေကို ရေနဲ့ သန့်ရှင်းလိုက်ပါဦး။ ရိုမန်ကို အခုအချိန်အထိ သန့်ရှင်းဖြူစင်တဲ့ ကြာပန်းဖြူလေးလို့ ထင်နေတုန်းလား။ နိုးနော် ။ သူက ပင်လယ်ရဲ့သားတော်ကွ။)

(ဟားဟားဟား။ မင်းတို့က ဘယ်လို လူရွှင်တော်မျိုးတွေလဲကွာ။ ငါ့မှာ ထွက်လက်စ ဒေါသတွေတောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး။)

(ဒါနဲ့ ငါ ကြားတာတော့ ရိုမန်က သူ့အဖေ နိုင်ငံရေးသမားရဲ့ အရှိန်ကို အားကိုးပြီး မောက်မာနေတာဆို။ သူက မကောင်းဘူး ဆိုပေမယ့် သူ့အဖေကလည်း ထူးပြီး ကောင်းနေတာတော့ မဟုတ်ပါဘူး။ ပြောကြတာတော့ သူက သူဌေးသားတစ်ယောက် အိုမီဂါလေးကို မုဒိမ်းကျင့်တဲ့အမှုကို လူမသိအောင် ဖုံးပေးထားတာတဲ့။)

(what the fuck!! ဟို ဆန်ကုန်မြေလေး ခွေးမသားလား။ ဒင်းက အခုထိ ထောင်မကျသေးဘူးလား။)

(ဘယ်ကလာ။ ထောင်မကျတဲ့အပြင် တခြားဂြိုဟ်မှာ ပျော်ပါးမော်ကြွားနေတယ်လေ။)

အွန်လိုင်းပေါ်ရှိ အခြေအနေများမှာ ပို၍ ဆိုးဝါးလာတော့သည်။ ဟာဗေးမိသားစု လက်အောက်ရှိ ရေတပ်ကလည်း စတင် လှုပ်ရှားလာကာ ဖက်ဒရယ်၏ သံအမတ်အား သက်သေအခိုင်အမာ မရှိပါဘဲ ကောလာဟလများဖြင့် စွပ်စွဲသည်ဟု စွဲချက်တင်လာကြ၏။ သူတို့က ထို အင်တာနက်ပေါ်မှ မကောင်းသည့် မှတ်ချက်များမှာ ထန်ထန့်ဘက်က ငှားရမ်းထားသည့် ရေတပ်များ ဖြစ်သည်ဟုပင် အပြစ်တင်လိုက်ကြသေးသည်။ ထို့နောက်တွင် သူတို့သခင်လေး၏ အမိန့်အတိုင်း “အများပြည်သူ အထင်အမြင် လွဲမှားစေရန် မလျော်မကန် တည်းဖြတ်သည်” ဆိုသည့် စွဲချက်ဖြင့် မူရင်းပို့စ်ပိုင်ရှင်အား တန်ပြန်တိုက်ခိုက်လိုက်ကြတော့သည်။ ထိုမျှသာမက သူ တင်သည့် ဗီဒီယို၏ စစ်မှန်မှုကို မေးခွန်းထုတ်ကာ ထိုပို့စ်ပိုင်ရှင်က လူချမ်းသာ အယောင်ဆောင်နေခြင်း ဖြစ်သည်ဟုသာ တိုက်ခိုက်လာကြတော့သည်။

ဟာဗေး ငှားရမ်းထားသည့် ရေတပ်များက အွန်လိုင်းပေါ်တွင် ရှိရှိသမျှ လူတိုင်းကို ဆွဲထည့်ကာ သူတို့၏ မကောင်းသတင်းများအား ဖုံးဖိရန် ကြိုးစားရင်း အလုပ်များနေကြသည်။ အင်တာနက် တစ်ခုလုံးအား သူတို့လူများဖြင့် လွှမ်းမိုးနိုင်တော့မည့်ဆဲဆဲတွင် .. သူတို့၏ အကောင့်များအားလုံး ရုတ်ခြည်း ရပ်နားခံလိုက်ရကြောင်း တွေ့ရှိသွား၏။

စတူဒီယိုထဲတွင် .. ရှိရှိသမျှ ကွန်ပျူတာအားလုံး တစ်ခုမှ အကောင်းမကျန်။ ရေတပ်၏ တာဝန်ရှိသူက သူတို့၏ သခင်လေးအား အလန့်တကြား ဆက်သွယ်လိုက်ရတော့သည်။ သူတို့ဘဝတွင် ဤမျှအထိ ထိတ်လန့်ဖွယ် အခြေအနေမျိုးနှင့် မကြုံတွေ့ခဲ့ဖူးချေ။

“ဘာလို့ ဒီတစ်ခေါက် အကောင့်ပိတ်ခံရတာက ပိုပြီး မြန်လာရတာလဲ။ တစ်ယောက်မှကို မကျန်ခဲ့ဘူးလား။”

တာဝန်ရှိသူက အံ့ဩတကြီး မေးလိုက်သည်။

ဘေးနားမှ စိတ်ပျက်လက်ပျက် ရပ်နေသူက ဝင်ပြောလိုက်၏။

“ဘော့စ်။ ကျွန်တော်တို့တွေ ဒီတစ်ခေါက်တော့ ပျားအုံကို တုတ်နဲ့ သွားထိုးမိပြီထင်တယ်။”

(ပွဲကြည့်သူ ပြည်သူတစ်ဦး : [တရားခံ သူဌေးသားက ပြစ်ဒဏ်ကနေ ရှောင်တိမ်းနိုင်ဖို့ ကြိုးစားတဲ့နေရာမှာ ဟာဗေးရဲ့ အကူအညီ ပါခဲ့ကြောင်း မောက်မာစွာဖြင့် ထုတ်ပြောလာခဲ့] [ဟာဗေးမိသားစု၏ လတ်တလော မကောင်းမှုများ] [လူအိုကြီးဟာဗေးမှ ဗိုလ်ချုပ်ထန်အား ကြံစည်ခြင်း] စိတ်ဝင်စားတဲ့သူတွေအတွက် သက်သေလေးတွေပါ။ အားလုံးပဲ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။)

(ပို့စ်ပိုင်ရှင် : အားလုံးပဲ။ ငါ့နာမည်အရင်းက ကျွမ်ချင်းပါ။ ဟုတ်တယ် “ကျွမ်ကော်ပိုရေးရှင်း” ရဲ့ “ကျွမ်” နဲ့ အတူတူပဲ (ငါက ချမ်းသာတယ်လေ lol) မင်းတို့ကို ငါ ပိုင်တဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ် လာပြီး ငါ့ကို အပုပ်ချရမယ်လို့ ဘယ်သူက ခွင့်ပြုထားလဲ။ (ဟာဗေးမိသားစုရှေ့နေထံသို့ အကြောင်းကြားစာ))

အင်တာနက်တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြတော့၏။

အိုး .. ဘုရားရေ ...

ဟာဗေးမိသားစု၏ ရေတပ်ခေါင်းဆောင်မှာ ဘုရားသာ တမိသွားတော့သည်။ ရှေ့ဆက်ပြီး ဘာလုပ်ရမည်မှန်း စက္ကန့်ပိုင်းမျှ မစဉ်းစားတတ်တော့။ သူ့ခေါင်းထဲတွင် သခင်လေးရိုမန်၏ မောက်မာထောင်လွှားသည့် စကားသံများကိုသာ ကြားမိလာတော့သည်။ ရိုမန်က သူ့ကို အသရေ ဖျက်ကြသူများအား အရေခွံ ချွတ်ကာ အင်တာနက်ပေါ် ပြန်ပေါ်မလာရဲတော့သည်အထိ အနိုင်ကျင့်ပစ်မည်ဟု စိတ်ကူးယဉ်နေဆဲပင်။

မစ္စတာထန်၏ ဘက်တွင်မူ .. အားလုံး၏ အရင်းအမြစ်ဖြစ်သည့် "ပွဲကြည့်သူ ပြည်သူတစ်ဦး" နှင့် ကျွမ်မိသားစု၏ အင်အားကို ပါးပါးနပ်နပ် ထုတ်သုံးသွားသည့် ဥက္ကဌဖုတို့က သူတို့၏ အကြံအစည် အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် သဲလွန်စများကို ချက်ချင်း ရှင်းလင်းလိုက်ကြတော့သည်။

အမှတ်(၁) တပ်မဟာတွင် ...

သွားလာလှုပ်ရှားနေကြသူများဖြင့် ပျားပန်းခတ် စည်ကားလှသည့် လေ့ကျင့်ရေးကွင်းပြင်မှာ ပုံမှန်နှင့် မတူ၊ အယ်လ်ဖာအုပ်စုဖြင့် ဝန်းရံခံထားရသည်။ သူတို့က ဖန်သားပြင်၏ အနောက်တွင် ရပ်ကာ ရှေ့တည့်တည့်ရှိ စင်မြင့်ထက်သို့သာ အာရုံအလုံးစုံကို ပို့ထားကြသည်။ ရံဖန်ရံခါ အသက်ကို ပြင်းပြင်းရှူကာ အံကြိတ်သံများလည်း ထွက်ပေါ်လာ၏။

ပုံရိပ်တစ်ခုက ကန့်တော့ချွန်ပုံ လမ်းကြောင်းကို ဖြတ်ကာ ဖန်သားနံရံသို့ ဝုန်းခနဲ ဝင်ဆောင့်မိသွားသည်။ ထိုလူ၏ ဝင်ဆောင့်သည့် အားကြောင့် ကျည်ကာနံရံပင် အနည်းငယ် တုန်ခါသွားကာ ခပ်တိုးတိုး ညည်းသံနှင့်အတူ ဖြည်းဖြည်းချင်း လျှောကျသွား၏။

“အာ့။”

မျက်မြင်ကြုံတွေ့လိုက်ရသည့် အယ်လ်ဖာအားလုံး ပြိုင်တူ ပင့်သက်ရှိုက်မိသွားကြသည်။

လေ့ကျင့်ရေးစင်ပေါ်တွင် ယောက်ျားတစ်ယောက်က ကြယ်ငါးပုံစံအတိုင်း ခြေပစ်လက်ပစ် လဲကျနေခဲ့သည်။ ထိုသူက လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားကာ အနည်းငယ် ရှည်စပြုနေပြီ ဖြစ်သည့် ခပ်ဖျော့ဖျော့ ဆံပင်တို့မှာ ချွေးစက်တို့ဖြင့် စိုရွှဲပြီး ပုံပျက်ပန်းပျက် ဖြစ်နေ၏။ ချွေးစက်တို့က ဖြူလွလွ အရေပြားမှတစ်ဆင့် အချိုးအစား ပြေပြစ်သည့် ကြွက်သားများနှင့် ကျယ်ပြန့်သော ရင်အုပ်၊ အဆီပို မရှိသော ခါးထက်သို့ တစက်ချင်း စီးကျသွားခဲ့သည်။ ယခင်က ချောမောခံ့ညားကာ အပူအပင် ကင်းမဲ့သည့် မျက်နှာထက်တွင် နှုတ်ခမ်းက ဖူးယောင်ကွဲအက်နေပြီး ပါးပြင်က အညိုအမည်း စွဲနေကာ အနိုင်ကျင့်ခံရသည့် အလှလေးတစ်ဦး၏ ပုံစံမျိုး ဖြစ်ပေါ်စေတော့၏။

အန်ဂျလိုက သူ့မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်သည်။ ကျွင့်ယန်ရှောင်းတစ်ယောက် ကန်ထုတ်ခံလိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးများပင် ပြူးကျယ်သွားရတော့၏။ လက်သီးကို တင်းတင်းဆုပ်ကာ ကြောက်လန့်တကြား တံတွေးမျိုချမိလိုက်တော့သည်။

သို့သော် ၎င်းက အထူးခြားဆုံးအပိုင်း မဟုတ်လှသေး။ ကျည်ကာမှန်၏ အပြင်ဘက်မှ ချောင်းကြည့်နေသည့် အယ်လ်ဖာအရာရှိများအား စိတ်ဝင်စားသွားစေသည့် အရာမှာ ဗိုလ်ချုပ်ထန်၏ ဘေးတွင် ပြသထားသည့် ဥက္ကဌဖု၏ ပုံရိပ်ပင် ဖြစ်ပေသည်။

ပရိုဂျက်တာမှတစ်ဆင့် မြင်နေရသည့် သုံးဖက်မြင်ပုံရိပ်မှာ ရှင်းလင်းလှပေသည်။ ရုံးခန်းအပြင်အဆင်ထဲတွင် ကျော့မော့သန့်ရှင်းသည့် အနောက်တိုင်းဝတ်စုံနှင့် မျက်မှန်ကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ရှိနေခဲ့သည်။ ပရိုဂျက်တာ စတင်သည်နှင့်တစ်ပြိုင်နက် စခရင်တွင် ပြထားသည့် စတော့ဈေးကွက် အတက်အကျကို အကဲခတ်ရင်း စာချုပ်တစ်ခုကို တည်ငြိမ်အေးဆေးမှုအပြည့်ဖြင့် လက်မှတ်ထိုးနေသည့်ပုံရိပ်က ပေါ်ထွက်လာခဲ့သည်။ သူက အလုပ်များစွာကို တစ်ပြိုင်တည်း ကိုင်တွယ်ဖြေရှင်းသည့် နေရာ၌ ဆရာတစ်ဆူပင်။ ဒေါ်လာ သန်းနှင့်ချီသည့် လုပ်ငန်းကိစ္စများကိုပင် အေးအေးဆေးဆေး ခန့်ခွဲနေခဲ့၏။

လက်မှတ်ထိုးနေသည့် လက်ချောင်းတို့ မသိမသာ တုန်ရီသွားကာ သူက နှာတံပေါ်ရှိ မျက်မှန်ကို အနေရခက်စွာဖြင့် ပြန်ပြင်လိုက်သည်။ စိတ်ထဲမှ မသိုးမသန့် ခံစားလာရသည်မှာ အခြားသူများအား သင်ခန်းစာ ပေးနေသည်ကို မဆီမဆိုင် မြင်တွေ့လိုက်ရသည့်အလားပင်။

“အာ့ .. အာ့ .. အားးး။”

ကျွင့်ယန်ရှောင်းက အားနည်းဖျော့တော့စွာဖြင့် ညည်းကာ သူ့ကိုယ်ကို ဘောလုံးသဖွယ် ကွေးထားလျက် ခုခံလိုက်သည်။

“အရှုံးပေးပြီ။ အရှုံးပေးပါပြီလို့။ အရိုးတွေ အကုန်လုံး ကျိုးကုန်ပြီထင်တယ်။”

အယ်လ်ဖာက အသံတိတ်နေဆဲပင်။ လူတိုင်းတန်းတူ ဒုက္ခခံရမည်ဟူသော သဘောထားအား လက်ကိုင်ထားသူ ကျွင့်ယန်ရှောင်းက သနားစဖွယ်ကောင်းစွာ ငိုညည်းနေရင်းမှာပင် အခြားသူများကိုပါ ဆွဲထည့်လိုက်ပြန်၏။

“ဖုချန်ကျစ်ကို ခေါ်လိုက်ပါ့လား။ အဲ့ဒီ ခွေးအိုကြီးက လက်သည်းလိုကို မာကျောတာလေ။ သူဆို သေချာပေါက် အရိုက်ခံနိုင်မှာ။”

အန်ဂျလိုကလည်း အားတက်သရော ဝင်ထောက်ခံလိုက်သည်။

“ဟုတ်တယ်။ ဟုတ်တယ်။”

ဆောရီးပါ ဘရိုရေ .. ဒါပေမဲ့ ရှေ့တည့်တည့်ကို ရောက်လာတဲ့ အခွင့်အရေးကို လက်လွှတ်ခံလိုက်လို့ မဖြစ်ဘူးလေ ...

“...”

ဖုချန်ကျစ်မှာ လက်ထဲတွင် ကိုင်ထားသည့် ဖောင်တိန်ကိုပင် နှစ်ပိုင်း ချိုးပစ်မိလုမတတ် ဖြစ်သွားတော့သည်။

ဗိုလ်ချုပ်ထန်က နဖူးထက်တွင် ချွေးပေါက်များ စီးကျနေလျက်ဖြင့် မျက်လွှာချကာ ခါးကို ဖြည်းဖြည်းချင်း အကြောလျှော့လိုက်သည်။ နာရီပေါင်းများစွာ အပြင်းအထန် လေ့ကျင့်ရေး ဆင်းထားသည့်အတွက် တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေတော့၏။ မွှေးပျံ့သည့် ချွေးစက်တို့က ဖြောင့်စင်းနေသော အနက်ရောင် ဆံပင်များမှတစ်ဆင့် လည်ပင်းအထိ တောက်လျှောက် စီးကျကာ အင်္ကျီကော်လံတစ်ခုလုံးကို စိုရွှဲသွားစေခဲ့သည်။

ချွေးစက်များကြောင့် လက်ကို တစ်ဝက်နီးပါး လိပ်တင်ထားသည့် ရှပ်အင်္ကျီ၏ နောက်ကျောဘက်တွင် ချွေးကွက် အကြီးကြီးတစ်ခု ပေါ်လာတော့သည်။ အနက်ရောင် ပိတ်စက သူ၏ အချိုးအစား ကျနသည့် ခန္ဓာကိုယ်အား တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားကာ အသက်ရှူလိုက်လေတိုင်း နိမ့်ချည်မြင့်ချည် လှုပ်ရှားသွား၏။ စိမ့်ထွက်လာသည့် ဟော်မုန်းနံ့များက တစ်ပတ်လုံးလုံး အသားမစားခဲ့ရသည့် သားရဲသုံးကောင်အား ခုခံခြင်းငှာ မစွမ်းသာလောက်အောင် နေမထိထိုင်မသာ ဖြစ်လာစေတော့သည်။

ကျန်နှစ်ဦးထံမှ အကြံပေးစကားများကို ကြားလိုက်ရသည့်အခါ ထန်ထန်၏ ပယင်းရောင်မျက်ဝန်းတို့ လှုပ်ရှားသွားကာ တွေးတောနေဟန် အကြည့်တို့ဖြင့် သုံးဖက်မြင်ပရိုဂျက်တာဘက်သို့ လှည့်ကြည့်လာခဲ့သည်။

ဖုချန်ကျစ်က ဖောင်တိန်ကို ဘေးသို့ ချကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။

“အသည်းလေး။ ကိုယ်က အလုပ်ကိစ္စနဲ့ ကာရန်ကြယ်ကို ရောက်နေတာလေကွာ။”

ထန်ထန်က သူ့ကို အေးစက်သည့် အကြည့်တစ်ချက် ပစ်ပေးလိုက်သည်။

“...”

ဖုချန်ကျစ်က မျက်မှန်ကို ဆွဲချွတ်ကာ မျက်ခုံးနှစ်ဖက်ကြားကို ခပ်တင်းတင်း ဖိထားလိုက်သည်။ လက်မှတ် ထိုးလက်စ စာချုပ်အား အတွင်းရေးမှူးထံ ပေးကာ ညွှန်ကြားလိုက်၏။

“အထုပ်အပိုးတွေ သိမ်းထားလိုက်တော့။ ဖက်ဒရယ်ပြည်ထောင်စုကို ဒီနေ့ နေ့ခင်းပဲ ပြန်သွားမယ်။”

အတွင်းရေးမှူးမှာ ရယ်ချင်စိတ်ကို မနည်း ထိန်းနေရ၏။

“နားလည်ပါပြီ ဥက္ကဌဖု။”

သုံးဖက်မြင်ပုံရိပ်က ယာယီ အဆက်အသွယ် ပြတ်တောက်သွားကာာ ထန်ထန်၏ အေးစက်စက် အကြည့်တို့က အပြင်ဘက်ရှိ အရာရှိများထံသို့ ရောက်ရှိသွားတော့၏။ အပြင်ဘက်ရှိ ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးက ချက်ချင်း သတိအနေအထားဖြင့် မတ်တတ်ရပ်လိုက်ကြကာ ဗိုလ်ချုပ်၏ အကြည့်များ သူတို့အပေါ်မှ ကျော်လွန်သွားသည်အထိ တစ်မုဟုတ်ချင်း ငြိမ်သက်သွားတော့သည်။ ထို့နောက်တွင် အမြီးကို ခြေထောက်နှစ်ဖက်ကြား ဖွက်ထားလျက်ဖြင့် အယ်လ်ဖာအရာရှိများသည် လေ့ကျင့်ရေးကွင်းနှင် ဝေးရာသို့ ခပ်သုတ်သုတ် ပြေးထွက်သွားကြတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment