လေတိုက်ခတ်လာသည့်အတွက် ထန်ထန်က ဦးထုပ်အနားစွန်းကို ပင့်မလိုက်ရာ သူ့အနောက်ရှိ နက်ပြာရောင် ဝတ်ရုံရှည်မှာ လေယူရာအတိုင်း တဖျပ်ဖျပ် လှုပ်ယမ်းသွားတော့သည်။ ပယင်းရောင် မျက်ဝန်းများက တပ်စခန်းထဲရှိ တပ်သားများထံ ကျရောက်သွား၏။ သူတို့၏ မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေကြသည့်တိုင် ပီတိဖြစ်မှုများနှင့်လည်း ပြည့်နှက်နေပေသည်။ အနာတရ ဖြစ်နေသည့် တပ်သားများ၏ ငိုကြွေးသံက သူ့နားထဲအထိ ပဲ့တင်ရိုက်ခတ်လာ၏။ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းမော ချလိုက်မိသည့်တစ်ခဏ၌ သူ့စိတ်ထဲရှိ စိတ်ရှုပ်ထွေးမှု တစ်စုံတစ်ရာလည်း ပျောက်ကွယ်သွားပေတော့သည်။
အားလုံး ပြီးဆုံးသွားချေပြီ။
ခပ်လှမ်းလှမ်းရှိ ထန်လန်က လေထဲတွင် ပျံဝဲကာ ထန်ထန်၏ အရှေ့တည့်တည့်ရှိ တဲတစ်လုံးထံသို့ ဦးတည်ပျံသန်းလာလိုက်သည်။ မက်ခါ၏ ထိန်းချုပ်ခန်းတံခါး ပွင့်သွားကာ ကျွင့်ယန်ရှောင်းက အပြင်ဘက်သို့ ထွက်လာ၏။
စစ်ပွဲ ပြီးဆုံးသွားပြီးနောက် အန်ဂျလိုမှာ တုံ့ဆိုင်းစွာဖြင့် အင်ပါယာသို့ ပြန်သွားခဲ့ရသည်။ သူက ဧကရာဇ်ဟောင်းထံမှ ထီးနန်း လွှဲပေးမှုအား လက်ခံကာ သူ့ညီအစ်ကိုကောင်းများအား ဂရုစိုက်ပေးရင်း အလုပ်များနေခဲ့ရသည်။ အမှတ်(၁၆)ကြယ်ကိုမူ ကျွင့်ယန်ရှောင်းက သူ့လက်ထောက်အား ကိုင်တွယ်ဖြေရှင်းရန် လွှဲပြောင်းပေးခဲ့ကာ သူ့အယ်လ်ဖာနှင့် ပြန်လည် ဆုံစည်းရန် မစောင့်နိုင်တော့သည့်အတွက် အမှတ်(၁၇)ကြယ်သို့ ခရီးနှင်လာခဲ့လိုက်တော့သည်။
“ဘာတွေ ကြည့်နေတာလဲ။”
သူက ကလူကျီစယ် ပြုံးပြကာ ဗိုလ်ချုပ်ထန်၏ အနားသို့ ကပ်၍ ပါးလေးကို ထိကိုင်ရန် ကြံလိုက်သည်။ သို့သော် မညှာမတာ တွန်းထုတ်ခြင်းကိုသာ ခံလိုက်ရတော့၏။
ထန်ထန်က ထိုလူ၏ မျက်နှာအား လက်ဖြင့် တွန်းထားကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“ဘာလုပ်တာလဲ လူရှေ့ကြီးကို။”
ကျွင့်ယန်ရှောင်း၏ မျက်ခုံးတို့ ကွေးညွတ်သွားကာ သူ့လက်ဖဝါးကြီးဖြင့် ထန်ထန်၏လက်ကို အုပ်မိုးပြီး ပွတ်သပ်လိုက်သည်။
“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ဒါဆို ကိုယ်တို့နှစ်ယောက်ပဲ ရှိကာကျမှ နမ်းတော့မယ်။”
“နှစ်ယောက်ပဲ ရှိတဲ့အချိန်မှာလည်း နမ်းခွင့်မပေးဘူး။”
“ဟမ်။ ဘာလို့လဲ။ အရင်ကလည်း ကိုယ်တို့တွေ မနမ်းဖူးတာမှ မဟုတ်တာ။”
ဗိုလ်ချုပ်ထန်က ဒေါသတကြီး ပြန်ပြောလိုက်၏။
“ငါက မရဘူးဆို မရဘူးပဲ။”
“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ အိမ်မှာ မင်းက ဘော့စ်ဆိုတော့ အကုန် မင်းစိတ်ကြိုက်သာလုပ်။”
ကျွင့်ယန်ရှောင်းက ပျားရည်ဆမ်းထားသည့် စကားချိုချိုတို့ကို ဆက်ပြောလိုက်သည်။
“ကိုယ်ကတော့ တကယ်ကို မင်း မရှိရင် ဘာမှ မလုပ်နိုင်တော့ဘူးထင်တယ်။”
သူ့စကားများက စိတ်အနှောင့်အယှက် ဖြစ်ဟန်ပြနေသည့် ဗိုလ်ချုပ်ထန်အား ရှက်သွေးဖြာကာ မျက်နှာတစ်ခုလုံး နီမြန်းလာအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ထန်ထန်က ဦးထုပ်ကို အောက်ဆွဲချကာ နီမြန်းနေသည့် ပါးပြင်ကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် ဆံပင်များအကြားမှ ထွက်နေသည့် နားရွက်ဖျားလေးများကလည်း နီရဲနေ၏။ သူက အံကို တင်းတင်းကြိတ်ကာ သူ့အယ်လ်ဖာအား အင်္ကျီကော်လံမှ ဆွဲ၍ “အိမ်တွင်း အကြမ်းဖက်မှု” အချို့ကို ဖန်တီးရန် အလို့ငှာ ဟင်းလင်းပြင်ထဲသို့ ခေါ်သွားလိုက်တော့သည်။
စစ်သားများက သန်သန်မာမာ ယောကျ်ားကြီးအား လည်ပင်းမှ ကိုင်ဆွဲကာ ခေါ်သွားသည့် ဗိုလ်ချုပ်ထန်ကို ပါးစပ်အဟောင်းသားဖြင့် အံ့ဩတကြီး လိုက်ငေးကြည့်နေလိုက်ကြတော့သည်။ ကျွင့်ယန်ရှောင်း၏ မျက်ဝန်းများက ပျော်ရွှင်မြူးထူးသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေကာ လုံးဝ ရုန်းကန်ခြင်း မပြုဘဲ ထန်ထန် ဆွဲခေါ်သည့်နောက်သို့ အေးအေးဆေးဆေး လိုက်ပါသွားခဲ့သည်။ ထိုမျှသာမက ပါးစပ်ကလည်း မနားတမ်း သူ့ကို စနောက်နေခဲ့သေး၏။
“အိုး .. ကိုယ် ပြောလိုက်လို့ ရှက်သွားတာလား .. မဟုတ်လောက်ပါဘူးနော်။”
ထန်ထန်မှာ ပိုမိုကာပင် ဒေါသူပုန်ထလာတော့သည်။ သို့သော် သူ့တွင် မလျော်ကန်သည့် ကိစ္စများအား စဉ်းစားနေချိန် မရှိသေး။ သူ့တိုက်ကွက်တိုင်းကို ခုခံလာသည့် ကျွင့်ယန်ရှောင်းအား နှစ်နာရီတိတိ ပညာပေးလိုက်တော့သည်။ ပြင်းထန်လှသည့် အိမ်တွင်းအကြမ်းဖက် တိုက်ခိုက်မှုက သူတို့နှစ်ဦးလုံး၏ သုံးဖက်မြင်ကွန်ပျူတာများ တုန်ခါလှုပ်ရှားလာမှသာ ရပ်တန့်သွားတော့၏။
အနက်ရောင် အနောက်တိုင်းဝတ်စုံ၊ အစင်းကြောင်းပါသည့် လည်စည်းကို ဝတ်ဆင်ကာ ရင်ဘတ်တွင် ငွေရောင်ဖောင်တိန်တစ်ချောင်း ထိုးထားသည့် ဖုချန်ကျစ်၏ ပုံရိပ်က ပရိုဂျက်တာမှတစ်ဆင့် ပေါ်ထွက်လာခဲ့သည်။ နူးညံ့သိမ်မွေ့ကာ လူကြီးလူကောင်းဆန်သည့် ပုံရိပ်ကို ပိုင်ဆိုင်ထားသည့်တိုင် ထိုသူမှာ ကောက်ကျစ်ကာ ဉာဏ်နီဉာဏ်နက်များသည့် မြေခွေးအိုကြီးတစ်ကောင်ဆိုသည့် အချက်ကိုမူ မငြင်းဆန်နိုင်ချေ။
“ဒီနေ့က နှစ်သစ်ကူးနေ့လေ .. အချစ်လေး .. အိမ်ပြန်လာချိန်တန်နေပြီ။”
သူ့အသံက နားဝင်ပီယံ ရှိနေမြဲပင်။
ဖခင်ဖြစ်သူ ကွယ်လွန်သွားကတည်းက ဆယ်ကျော်သက်အရွယ် ထန်ထန်မှာ မိသားစု၏ အရေးကိစ္စအဝဝကို သူတစ်ဦးတည်း ထမ်းပိုးထားခဲ့ရသည်။ ဗိုလ်ချုပ်ထန်ဟူသော ရာထူး၏ အောက်တွင် သူ့အချိန်အားလုံးကို စစ်တပ်ထဲ၌ မြှုပ်နှံထားခဲ့ရသည့်အတွက် နှစ်သစ်ကူးပွဲတော်ကို မည်သည့်အချိန်က နောက်ဆုံး ဆင်နွှဲခဲ့ကြောင်းကိုပင် မမှတ်မိတော့ချေ။
ထန်ထန်က စက္ကန့်ပိုင်းမျှ ကြောင်အသွားကာ ခေါင်းကို ငုံ့ထားလျက်ဖြင့် တိုးတိုးလေး ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ။ အိမ်ပြန်ကြတာပေါ့။”
တစ်နှစ်တာမှာ မရှည်လျားသည့်တိုင် တိုတောင်းခြင်းလည်း မရှိ။ ထန်ထန်က သူ့ခံစားချက်များအား အပြည့်အဝ သဘောမပေါက်သေးသော်ငြား သူ ငယ်စဉ်ကအတိုင်း တစ်ဇွတ်ထိုး လုပ်တတ်နေဆဲပင်။
သူ့တွင် တစ်လှမ်းပြီးတစ်လှမ်း အဆင့်တက်ရန် အချိန်များစွာ ကျန်ရှိနေဆဲပင်။ ထို့ကြောင့် ဤတစ်ကြိမ်မှာ ဖက်ဒရယ်ပြည်ထောင်စု၏ ဗိုလ်ချုပ်ထန် မဟုတ်၊ “ထန်ထန်” ဟူသည့် သူကိုယ်တိုင်သာ ဖြစ်ပေသည်။