no

Font
Theme

Chapter 12.1 - တောင်းပန်ပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်လည်း ထပ်လုပ်ဦးမှာပဲ

ကြယ်သင်္ဘောထဲတွင် ... လက်ထောက်အရာရှိက တံခါးဖွင့်သင့် မဖွင့်သင့် ဆုံးဖြတ်ရ ခက်နေသည့်အတွက် ဆယ်မိနစ်ခန့် တုံ့ဆိုင်းနေခဲ့သည်။ နောက်ဆုံးတွင်မူ တံခါးကို မဖွင့်ရန်သာ ဆုံးဖြတ်လိုက်တော့၏။ ဇာ့ဂ်တို့၏ အကြိုက်ဆုံး စားစရာမှာလည်း အယ်လ်ဖာနှင့် အိုမီဂါများသာ ဖြစ်ကြကာ သူတို့က ဖယ်ရိုမုန်း မရှိသည့် ဘီတာများအား စိတ်ပင် မဝင်စား။ ကြယ်သင်္ဘောကလည်း သံလိုက်ကြယ်ရပ်ဝန်းထဲမှ ထွက်ခွာတော့မည် ဖြစ်သည့်အတွက် လက်ထောက်အရာရှိက အနည်းငယ် ထပ်စောင့်လိုက်ခြင်းက ပိုပြီး ဘေးကင်းပေလိမ့်မည်ဟုသာ ဆုံးဖြတ်လိုက်တော့သည်။

ထိုသို့ဖြင့် ချင့်ချိန်စဉ်းစားတတ်သူ လက်ထောက်အရာရှိသည် တံခါးရှေ့တွင် ဆယ်မိနစ်ထက်မနည်း ထပ်စောင့်နေကာ ကြယ်သင်္ဘောက သံလိုက်ကြယ်ရပ်ဝန်းမှ ထွက်ခွာလာကာမှ တံခါးကို ဖွင့်လိုက်တော့သည်။

ထို့နောက်တွင် သုန်မှုန်နေသည့် အမူအရာနှင့် ဗိုလ်ချုပ်ထန်က လူသတ်ချင်သည့် အရှိန်အဝါတို့ကို ထုတ်လွှတ်လျက် ထွက်လာသည့်အတွက် လက်ထောက်အရာရှိမှာလည်း ချက်ချင်းပင် ကျောကို မတ်မတ်ထားလျက် သူ့ကို အလေးပြုရန် ပြင်လိုက်သည်။ သို့သော် အားနည်းနွမ်းလျစွာဖြင့် ကပ်လိုက်လာသည့် အင်ပါယာ၏ တတိယမင်းသားကိုပါ တွေ့လိုက်ရသည်။

ဤသည်က သူ့ကို ညွှန်းဆိုရန် အကောင်းဆုံးသော နာမဝိသေသန မဟုတ်သော်ငြား တတိယမင်းသားမှာ ညှိုးနွမ်းနေသည့် ဂေါ်ဖီထုပ်တစ်ထုပ်အလားပင်။ နဖူးက ရောင်ရမ်းကာ နှုတ်ခမ်းက ကွဲနေပြီး ပါးပြင်မှာလည်း ညိုမည်းနေ၏။ မည်သည့်ဘက်မှ ကြည့်ပါစေ သူ့ပုံစံမှာ လူသားသဲအိတ်အဖြစ် သဘောထားပြီး ဆက်တိုက် ထိုးနှက်ခံထားရသည့်နှယ်ပင်။

လက်ထောက်အရာရှိက ခေါင်းကို အသည်းအသန် ခါယမ်းကာ သူ၏ စပ်စုလိုသည့် အကြည့်များအား ရုတ်သိမ်းပြီး ပေါက်ကရ အတွေးများကို ရှင်းထုတ်လိုက်သည်။ ပြည်ထောင်စု နှစ်ခုအကြား သံတမန် ဆက်ဆံရေးကို ရှေးရှုကာ ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်လိုက်၏။

“အရှင်အန်ဂျလို ... အရှင့်ရဲ့ မျက်နှာက ဘာဖြစ်ထားတာပါလဲ။”

အန်ဂျလိုက အေးစက်ခက်ထန်သည့် ဗိုလ်ချုပ်ထန်ကို ခိုးကြည့်လိုက်သည်။ တစ်ဖက်လူက သူ့အား တစ်ချက်လေးပင် ငဲ့စောင်းကြည့်မလာကြောင်း သိလိုက်ရသည့်အခါ မမြင်ရသည့် အမြီးလေးက ဘုတ်ခနဲ ပြုတ်ကျသွားပြီး သနားစဖွယ်ကောင်းစွာ နှုတ်ခမ်းကို စူလိုက်သည်။

“ပြုတ်ကျတာ။”

လက်ထောက်အရာရှိမှာ ပြောစရာစကား ကင်းမဲ့သွားရှာတော့၏။

“...”

တဲ့တိုး ပြောမိတာကို ခွင့်လွှတ်ပေးပါ .. ဒါပေမဲ့ အရှင်ရေ ခင်ဗျားက ဘာမှ မသိတဲ့လူကို လာပြီး အရူးလုပ်ဖို့ ကြိုးစားနေတာလား ...

လက်ထောက်အရာရှိက ယဉ်ကျေးမှုအရ ခေါင်းကိုသာ အသာ ညိတ်ပြလိုက်သည်။ ထို့နောက် ကြိုတင် ခန့်မှန်းထားသည့် ဆိုက်ရောက်ချိန်အား ဗိုလ်ချုပ်ထန်ကို တင်ပြကာ ထိန်းချုပ်ခန်းသို့ ပြန်သွားလိုက်တော့သည်။

အခန်းထဲတွင် စစ်သားများက နားနေဧရိယာ၌ ရှိနေကြဆဲ ဖြစ်သည့်အတွက် အပြင်ဘက်၌ နှစ်ဦးတည်းသာ ကျန်ရှိပေသည်။ အယ်လ်ဖာက တောင်းပန်တိုးလျှိုးသည့် အရိပ်အယောင်များဖြင့် သနားကမား ခိုးကြည့်နေ၏။ သို့သော် ထန်ထန်၏ မျက်နှာကမူ အေးစက်ခက်ထန်နေဆဲပင်။ သူက လက်ပိုက်ထားလျက်ဖြင့် ပြတင်းပေါက်ဘေးတွင် ရပ်ကာ ကြယ်တာရာများကို ငေးကြည့်နေခဲ့သည်။

တစ်စုံတစ်ယောက်က သူ့အင်္ကျီအား မသိမသာ ဖွဖွလေး ဆွဲကိုင်လိုက်သည်။

ထန်ထန်က မျက်လွှာချကာ သူ့အင်္ကျီစအား ဖွဖွလေး ကိုင်ဆွဲထားသည့် လက်သည်းများကို ငုံ့ကြည့်လိုက်၏။

“ဒီလက်တွေကို ထပ်ပြီး မလိုချင်တော့ဘူးလား။”

လက်ချောင်းများက ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းသွားသည်။ တစ်ဖန် လက်ကို နောက်တစ်ကြိမ် တိတ်တိတ်လေး ဆန့်ထုတ်လာပြန်ကာ သူ့အင်္ကျီစအား ဆွဲကိုင်လှုပ်ယမ်းလိုက်သည်။

“အချစ်လေး .. ကိုယ် တောင်းပန်ပါတယ်။”

တောင်းပန်ပါတယ် .. ဒါပေမဲ့ နောက်တစ်ခေါက်လည်း ထပ်လုပ်ဦးမှာ ...

“...”

ထန်ထန်က သူ့လက်ကို ပုတ်ထုတ်ကာ ပယင်းရောင်မျက်ဝန်းများဖြင့် စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။ သို့သော် ပါးစပ်ကမူ စကားတစ်ခွန်းမှ ထုတ်ပြောမလာခဲ့ချေ။

ဗိုလ်ချုပ်ထန်က အမှန်တကယ် ဒေါသထွက်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ အန်ဂျလို၏ ပုံစံကလည်း သနားကမား ဖြစ်သွားတော့သည်။ ထန်ထန်၏ အာရုံစိုက်မှုကိုရရန်အတွက် ဖုချန်ကျစ်ကိုပင် သူနှင့်အတူ ဆွဲချလိုက်သေး၏။ ဆေးကို စတင် ထုတ်လုပ်သည့်အချိန်အကြောင်း ပြောပြရုံသာမက ပြီးခဲ့သည့်အခေါက်က ထိုသူ ထန်ထန့်အား လုပ်ခဲ့သည့် မှတ်တမ်းဗီဒီယိုများကိုပါ ဖွင့်ပြလိုက်သေးသည်။

ဗီဒီယို ပြီးသွားသည်နှင့်တစ်ပြိုင်နက် သူက ထန်ထန်ကို ဖြူစင်ရိုးသားလေဟန်ဖြင့် မျက်တောင် တဖျပ်ဖျပ် ခတ်ပြလိုက်သေးသည်။

ကြည့်ပါလား .. ဒါက ကိုယ့်အမှား မဟုတ်ဘူး .. ဟို လူယုတ်မာကောင် ဖုချန်ကျစ် အရင် စလုပ်ထားတာ ...

ထန်ထန်က ဗီဒီယိုအား အေးစက်ခက်ထန်သည့် မျက်နှာဖြင့် အစအဆုံး စိုက်ကြည့်ကာ အသက်ကို ပြင်းပြင်းရှူ၍ ဖုချန်ကျစ်ထံ စာတစ်စောင် ပို့လိုက်သည်။

(ထန်ထန် : သံလိုက်ကြယ်ရပ်ဝန်းအတွက် အထူးသီးသန့် ထုတ်ထားတဲ့ဆေး?)

(ထန်ထန် : ငါ ပြန်ရောက်လာမှာကို စောင့်နေလိုက်။ ပြုံးနေတဲ့ jpg)

ဖက်ဒရယ်ပြည်ထောင်စုဘက်တွင် ...

ဖုချန်ကျစ်က သုံးဖက်မြင် ကွန်ပျူတာကို ပိတ်ပြီးသည်နှင့်တစ်ပြိုင်နက် သူ့ခုံပေါ်ရှိ အင်တာကွန်းကို ဖိကာ အတွင်းရေးမှူးအား အမိန့်ပေးလိုက်သည်။

“ဆရာဝန်တွေ နောက်ထပ် ထပ်စီစဉ်ထားလိုက်ဦး။”

သူ အရိုးအထူးကုဆရာဝန်ကို ငှားထားရုံနှင့်ပင် မလုံလောက်တော့ဟု ခံစားမိလာတော့သည်။

ကြယ်တာရာ စစ်မြေပြင်တွင် ...

ဒုံးကျည်တို့က ဇာ့ဂ်တို့ ရှိရာထံသို့ မိုးရွာသည့်အလား ဆက်တိုက် ကျဆင်းလာကာ ဇာ့ဂ်အုပ်စု တစ်ခုလုံးကို ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ သို့သော် နောက်တန်းရှိ မက်ခါတစ်စီး အရွယ်ခန့် ရှိသော အဆင့်မြင့် ဇာ့ဂ်တစ်ကောင်က တောင်ပံများကို ဖြန့်လျက် စူးစူးဝါးဝါး အော်ဟစ်လိုက်သည့်အခါ မြောက်များစွာသော ဇာ့ဂ်တို့က တောင်ပံကိုယ်စီဖြင့် ရှေ့တိုးလာကြပြန်တော့သည်။

မည်းနက်ပြောင်လက်နေသည့် စစ်သုံးကြယ်သင်္ဘာ၏ တံခါး ပွင့်သွားကာ မက်ခါများ ထွက်လာကြသည်။ ထိုအထဲ၌ SSS အဆင့်မက်ခါ “ယင်ယွဲ့” နှင့် “ကျုံးကွမ်” ကလည်း တစ်ဟုန်ထိုး ပြေးထွက်လာ၏။ မက်ခါ၏ လက်မောင်းတို့က ဓားသွားအဖြစ် ပြောင်းလဲသွားကာ သာမန်မျက်လုံးဖြင့်ပင် လိုက်မမီလောက်သည့် အရှိန်ဖြင့် အဆင့်မြင့်ဇာ့ဂ်၏ ကျောပေါ်သို့ တက်နင်းလိုက်၏။ အဖြူရောင် အလင်းတန်းတစ်ခုနှင့်အတူ ၎င်း၏ တောင်ပံများအား ဖြတ်ခုတ်ကာ ခေါင်းကိုပါ မညှာစတမ်း ထက်ပိုင်းပိုင်းလိုက်သည်။

အဆင့်မြင့်ဇာ့ဂ်၏ ခန္ဓာကိုယ်မှာ မက်ခါ၏ သံချပ်ကာကိုယ်ထည်နီးပါး ကြံ့ခိုင်ပေသည်။ တောင်ပံများ အကြားမှ ထွက်လာသည့် တုန်ခါလှိုင်းများက လူ့စိတ်စွမ်းအင်ကို ထိခိုက်စေကာ ၎င်းက ဇာ့ဂ်၏ အားအကောင်းဆုံး စွမ်းရည် ဖြစ်သလို သေစေနိုင်သည့် အားနည်းချက်ဆိုလည်း မမှားပေ။ အလစ်အငိုက်ဖမ်းကာ ထိုတောင်ပံများအား ဖြတ်ထုတ်နိုင်သည်နှင့်တစ်ပြိုင်နက် ဓားချက် သူတို့၏ အရိုးအဆစ်များထဲအထိ တိုးဝင်ကာ အသက်ကို ယူငင်သွားနိုင်ပေသည်။

ထူထဲပျစ်နှစ်သည့် သွေးစေးတို့ ပန်းထွက်လာသည်။ အန်ဂျလိုနှင့် ထန်ထန်က အတွဲညီညီ တိုက်ခိုက်ကာ အဆင့်မြင့်ဇာ့ဂ်ဘက်မှ တုံ့ပြန်မလာနိုင်သေးခင်မှာပင် ၎င်း၏ တောင်ပံများအား ဖြုတ်ပစ်ကာ စိတ်စွမ်းအင်ကိုပါ အပြီးတိုင် ဖျက်ဆီးပစ်လိုက်တော့သည်။ ဇာ့ဂ်က စူးစူးဝါးဝါး အော်ဟစ်ကာ ဧရာမကိုယ်ထည်ကြီးအား ဘယ်ညာလှုပ်ရှားရင်း ဝုန်းခနဲ မြည်သံနှင့်အတူ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

တောက်ပနေသည့် ကြယ်ရောင်များအောက်ရှိ အနီရင့်ရောင်နှင့် ငွေမင်ရောင် မက်ခါတို့မှာ စစ်နတ်ဘုရား ဆင်းသက်လာလေသည့်အလားပင်။ သူတို့က အကြည့်ချင်း ဖလှယ်လိုက်ကြကာ စစ်မြေပြင်ရှိ ကျန် အဆင့်မြင့်ဇာ့ဂ်တစ်ကောင်ထံသို့ ဦးတည်ချဉ်းကပ်လိုက်ကြတော့သည်။

ဇာ့ဂ်နှင့် လူသားတို့အကြား တိုက်ပွဲမှာ ကြယ်တာရာခေတ်ပြက္ခဒိန် ၅၃၃၀ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သည်။ ဗိုလ်ချုပ်ထန် ဦးဆောင်သည့် အမှတ်(၁) တပ်မဟာက အမှတ်(၁၇) ကြယ်ပေါ်တွင် စခန်းချကာ အင်ပါယာတပ်မတော်နှင့် ပူးပေါင်းပြီး အဆင့်မြင့်ဇာ့ဂ် (၁၅)ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။ စစ်မြေပြင်တစ်ခုလုံး မီးခိုးများဖြင့် ဖုံးလွှမ်းနေကာ SSS အဆင့် မက်ခါများက ကြံ့ခိုင်သန်မာသည့် ဓားသွားများဖြင့် ဇာ့ဂ်ဘုရင်မ၏ ခံတပ်စခန်းထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့ကြတော့သည်။

ဇာ့ဂ်တို့က ယာယီ ဆုတ်ခွါသွားကျသည့်အတွက် ခြေကုန်လက်ပန်းကျနေပြီဖြစ်သော တပ်သားများမှာလည်း အနနည်းငယ် စိတ်အေးသွားရတော့သည်။ သို့သော် ထိုဇာ့ဂ်များက သူတို့၏ နယ်စပ်ဒေသကို ပစ်မှတ်ထားနေဆဲဖြစ်ကြောင်းကိုလည်း ကောင်းကောင်း သိပေသည်။ ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ထန်ထန်မှာမူ ကောင်းကောင်း အနားယူချိန် မရှိသေး။ ထိုဇာ့ဂ်များက သူတို့အား ကြောက်လန့်နေဟန် ရှိသော်ငြား ထို ရွံစရာသတ္တဝါများက အားလုံး သတိလက်လွတ် ဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ နောက်တစ်ကြိမ် တန်ပြန်ထိုးစစ်ဆင်မလာပါဟု မည်သူမှ တပ်အပ် မပြောနိုင်ချေ။ ထို့ကြောင့် သူက ဗျူဟာများ ရေးဆွဲရင်း ညလုံးပေါက် အလုပ်များနေခဲ့သည့်အတွက် နောက်တစ်နေ့ ရေချိုးနေရင်း အိပ်ပျော်သွားခဲ့ရတော့သည်။

ရေချိုးဇလုံထဲရှိ ရေပူဖောင်းများကြောင့် အန်ဂျလိုမှာ ပျာယာခတ်သွားကာ ထန်ထန်ကို အတင်း ဆွဲထုတ်ပြီး အိပ်ရာပေါ်သို့ ဆွဲတင်ကာ တင်းမာခက်ထန်သည့် မျက်နှာထားဖြင့် အတင်း အနားယူခိုင်းလိုက်တော့သည်။ သို့သော် ထန်ထန်က မနာခံ၊ အတင်း ရုန်းထွက်နေခဲ့၏။ အန်ဂျလို၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားကာ သုံးဖက်မြင်ကွန်ပျူတာမှတစ်ဆင့် ကျန်နှစ်ဦးကိုပါ ဆက်သွယ်လိုက်တော့သည်။ သုံးဦးစလုံးက မီးဟုန်းဟုန်း တောက်လုမတတ် ဆူပူငေါက်ငမ်းနေကြသည့်အတွက် ဗိုလ်ချုပ်ထန်၏ ပခုံးတို့ တုန်ရီစပြုလာတော့သည်။

၅၃၃၀ ခုနှစ် အကုန်တွင် ဇာ့ဂ်ဘုရင်မက နှစ်ဦးနှစ်ဖက်စလုံး အကျိုးယုတ်စေသည့် ရက်စက်ကြမ်းကြုတ်လှသော လုပ်ကြံမှုတစ်ရပ်ကို ဖန်တီးခဲ့သည့်အတွက် ဂြိုဟ်ပေါင်းများစွာမှ သိပ္ပံပညာရှင်များအားလုံး ပဟေဠိဖြစ်သွားကြရတော့သည်။ ဇာ့ဂ်တို့၏ ခန္ဓာကိုယ်မှ ကြွင်းကျန်ခဲ့သည့် ရေဒီယိုသတ္တိကြွမှုအား စမ်းသပ်စစ်ဆေးအပြီးတွင်မူ .. ဇာ့ဂ်တို့ ပုန်းအောင်းနေသည့် ဂြိုဟ်မှာ ပျက်စီးလုနီးနီး အခြေအနေသို့ ရောက်ရှိနေပြီဟုသာ ကောက်ချက်ချလိုက်ကြတော့သည်။

ဤသည်မှာ လူသားမျိုးနွယ်အတွက် ကြောက်မက်ဖွယ် သတင်းဆိုးတစ်ခုပင်။ ၎င်းက ဤတိုက်ပွဲတွင် မျိုးပွားနိုင်စွမ်း မြင့်မားသည့် ဇာ့ဂ်တို့က သူတို့အသက်ကို စတေးကာပင် တိုက်ခိုက်ကြတော့မည်ဟု ဆိုလိုခြင်းပင်။. ဇာ့ဂ်တို့၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲကာ စတေးမှုများနှင့် ကြိမ်ဖန်များစွာ ကြုံတွေ့ရသည့်အတွက် ဗိုလ်ချုပ်ထန်နှင့် အန်ဂျလိုတို့မှာလည်း ထပ်ကာတလဲလဲ အပြင်းအထန် ဒဏ်ရာရလာကြတော့သည်။ သို့သော် သူတို့က လုံးဝ နောက်မဆုတ်ခဲ့။

ဇာ့ဂ်ဘုရင်မကလည်း သူမ၏ ပစ်မှတ်မှာ လွယ်ကူလှသူ မဟုတ်၊ အားကောင်းသည့် ပြိုင်ဘက်များ ဖြစ်နေကြောင်း သဘောပေါက်သွားသည့်ဟန်ပင်။ လူသားဦးနှောက်မှ ထွက်လာသည့် အနံ့က သန္ဓေဆောင်ထားသော ဇာ့ဂ်ဘုရင်အား အလွန် ဆာလောင်မွတ်သိပ်လာစေ၏။ သို့သော် လူသားများ၏ ခံတပ်ကိုလည်း မချိုးဖောက်နိုင်သည့်အတွက် သူမက တပ်ဖွဲ့အင်အားကို ခွဲထုတ်ကာ လူသားများအကြားသို့ ခိုးဝင်နိုင်မည့် အခွင့်အရေးကို ရှာဖွေလိုက်တော့သည်။

၅၃၃၁ ခုနှစ် နွေဦးတွင် ဇာ့ဂ်များက အမှတ် (၁၆)ကြယ်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြသည်။

ထိုနှစ်မှာပင် ကြယ်တာရာဓားပြ ကျွင့်ယန်ရှောင်းက အမှတ် (၁၆)ကြယ်ပေါ်သို့ ကျူးကျော်ဝင်ရောက်လာသည့် ဇာ့ဂ်များအား တစ်ကိုယ်တော် ရှင်းထုတ်ကာ ဖက်ဒရယ်ပြည်ထောင်စုကို ကူညီပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုအာအဖွဲ့အစည်း၏ ဥက္ကဌဖြစ်သူ ဖုချန်ကျစ်ကလည်း လိုအပ်သည့်ပစ္စည်းများအား ရက်ရက်ရောရော ထောက်ပံ့ပေးခဲ့၏။ လိုအပ်သည်များအားလုံးကို အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့သည့်အတွက် ဒဏ်ရာရနေသည့် တပ်သားများနှင့် ပြည်သူများ၏ မျှော်လင့်ချက်အလင်းရောင်တို့ ပြန်လည် ရှင်သန်လာတော့သည်။

အောင်မြင်မှုနှင့် လက်တစ်ကမ်းသာ လိုတော့သည့်အချိန်တွင် အမှတ်(၁)တပ်မဟာ၏ မက်ခါများ အစုလိုက်အပြုံလိုက် ပျက်စီးယိုယွင်းစပြုလာတော့သည်။ တပ်သားများက ဇာ့ဂ်များ၏ အနိုင်ပိုင်းခြင်းအား ခံရတော့မည့် အခြေအနေတွင် ဗိုလ်ချုပ်ထန်ထန်က တိုက်ပွဲအား ပြောင်းပြန်လှန်ကာ ဇာ့ဂ်ဘုရင်မ၏ လက်မောင်းတစ်ဖက်ကို သေသေသပ်သပ် ဖြတ်ထုတ်နိုင်လိုက်သည်။

ဇာ့ဂ်ဘုရင်မမှာ လူတစ်ပိုင်း၊ အင်းဆက်တစ်ပိုင်း ဖြစ်သည့်အတွက် သူမ၏ ဘယ်ဘက်လက်မောင်းမှ သွေးများ ပန်းထွက်လာကာ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ သူမ၏ အဆင့်မြင့်ရုပ်သေးကောင်များ၏ ရုပ်အလောင်းမှ ထွက်လာသည့် စေးကပ်ကပ် အရည်များကြောင့် ယင်ယွဲ့၏ ငွေမင်ရောင် အပေါ်လွှာမှာ အပြာရောင်အဖြစ်သို့ ပြောင်းလဲနေတော့သည်။ ယင်ယွဲ့မက်ခါက ကြောက်လန့်ဖွယ် အေးစက်စက် အရှိန်အဝါတို့ကို ထုတ်လွှတ်ရင်း လေထဲတွင် ပျံဝဲနေခဲ့၏။ ထို့ကြောင့် ဇာ့ဂ်မျိုးနွယ်ဝင် အဆင့်နိမ့် အင်းဆက်ကောင်များအားလုံး ကြောက်လန့်ကုန်ကြကာ တိုက်ခိုက်မည့်အကြံကို လက်လျှော့ပြီး လက်နက်ချလိုက်ကြတော့သည်။

တိုက်ပွဲအပြီးတွင် .. ဟာဗေးမိသားစုက ဇာ့ဂ်ဘုရင်မနှင့် ပူးပေါင်းကာ လူသားမျိုးနွယ်ကို သစ္စာဖောက်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။ ထိုအချက်က ကြယ်တာရာတစ်ခုလုံးအနှံ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေကာ စုံစမ်းစစ်ဆေးမှုအားလုံးမှာ ပြည်သူများအား အာရုံလွှဲရန်အတွက် ချန်ရစ်ခံခဲ့ရသည့် ရိုမန်ထံသို့ ရောက်ရှိသွားတော့၏။

ဖက်ဒရယ်ပြည်ထောင်စု၏ နှင်းဆီပန်းလေးက သွေးစုပ်ကပ်ပါးကောင်ဘဝသို့ ညတွင်းချင်း ရောက်ရှိသွားတော့သည်။ ရိုမန်က ထန်ထန်အား မသတ်နိုင်သေးခင်မှာပင် သူ့အဖေ၏ ရက်စက်လှသော အကြံအစည်ကြောင့် သူ့ဘဝကို ဆုံးရှုံးလိုက်ရတော့၏။

လူအိုကြီးဟာဗေးကလည်း သူ၏ လုပ်ရပ်များမှာ ကျားအား အရေခွံ ချွတ်ခိုင်းနေခြင်းနှင့် အတူတူ ဖြစ်ကြောင်း သတိပြုမိပေသည်။ သို့သော် သူ့တွင်လည်း ရွေးချယ်စရာ မရှိခဲ့။ နှစ်ပေါင်းများစွာ သူ ကျူးလွန်ထားခဲ့သမျှ နိုင်ငံရေး အရှုပ်အရှင်းများကပင်လျှင် အကြိမ်ရေ ရာပေါင်းမက သေဒဏ်ချခံရရန် လုံလောက်နေပြီ ဖြစ်ပေရာ ဖက်ဒရယ်ပြည်ထောင်စုသာမက အင်ပါယာကပါ သူ့ကို လက်ပိုက်ကြည့်နေလိမ့်မည် မဟုတ်ချေ။ မည်သည့်နေရာသို့ပင် သွားပါစေ ကျိန်းသေ အဖမ်းခံရမည်ဖြစ်ကြောင်း သိနေသည့်အတွက် လူအိုကြီးဟာဗေးက နောက်ဆုံးတစ်ကြိမ် လောင်းကြေးထပ်ကြည့်ရန်သာ ရွေးချယ်လိုက်တော့သည်။

သို့သော် သူ၏ လောင်းကြေးထပ်မှုသာ ကျရှုံးသွားခဲ့ရလေတော့သည်။ ၅၃၃၁ ခုနှစ် နှစ်ကုန်တွင် ဇာ့ဂ်ဘုရင်မက ထန်ထန်၏ လက်ထဲရှိ သူ့ငယ်သားများနှင့် ပြန်လည်ဆုံစည်းခွင့် ရသွားခဲ့သည်။ လူအိုကြီးဟာဗေးနှင့် ဟာဗေးမိသားစု၏ ပင်မအနွယ်များက စစ်ခုံရုံးတွင် တရားစွဲဆိုခံရကာ အပြင်းထန်ဆုံးသော ပြစ်ဒဏ်များ ချမှတ်ခံရမည်ကို စောင့်ဆိုင်းနေခဲ့ကြရတော့သည်။

တစ်နှစ်ပတ်လုံး စစ်မြေပြင် ဖြစ်ခဲ့ရသည့် အမှတ်(၁၇)ကြယ်မှာ အပျက်အစီးများဖြင့် ပြည့်နှက်နေပေသည်။ အဆောက်အအုံများ ပြိုကျပျက်စီးနေရုံသာမက နေရာအနှံ့ ဗုံးပေါက်ကွဲမှုများကလည်း ဖြစ်နေဆဲပင်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment