no

Font
Theme

Chapter 6 - အပေါ်ထပ်မှ အောက်ထပ်သို့ ဖိအားပေးအပြောင်းခံရပြီးနောက် ပုဂ္ဂိုလ်ရေးရန်ငြိုးများကို သည်းခံခြင်း...

ဖုန်းအရေးပေါ်မြည်သံက ထန်ထန်၏ ငိုက်မျဉ်းမှုကို နှောင့်ယှက်လိုက်သည်။ သူ မဖြေမချင်း ရပ်တန့်ရန် ရည်ရွယ်ချက်မရှိပုံပေါ်သဖြင့် နိုးတစ်ဝက်ပျော်တစ်ဝက်နှင့် သူ့ဖုန်းကို လှမ်းယူလိုက်သည်။

သူ့အိပ်ခန်းထဲ လဲလျောင်းရင်း ထန်ထန်က ဖုန်းအဆက်မပြတ်တုန်ခါမှုများကြောင့် သိသိသာသာကို စိတ်ဆိုးသွား၏။ သူက စောင်အောက်တွင် အနည်းငယ် လူးလိမ့်လိုက်ပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

အဆက်မပြတ်ဖုန်းမြည်သံက ဆက်လက်ထွက်ပေါ်နေပြီး အပေါ်မျက်နှာကြက်က မြင်နေသည်မှာ ရင်းနှီးလွန်း၏။ မန်နေဂျာလေးက တစ်ဝက်တစ်ပျက် အိပ်ချင်နေသေးသော်လည်း ဒွိဟဖြစ်နေပုံပင်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်က သာယာမှု မဟုတ်သောခံစားမှုကို တဖြည်းဖြည်း ပြန်လည်ခံစားလာရသည်။

ပြိုကွဲတော့မလို... နာကျင်တယ်...

ထန်ထန်က စူးရှစွာ သက်ပြင်းရှိုက်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ တောက်ပသော အခန်းက အာရုံထဲသို့ ဝင်လာပြီး ရုတ်တရက် နိုးကြားသွား၏။ သူ့ခန္ဓာကိုယ်မှ အဆင်မပြေမှုများအတွက် စိတ်ထဲမထားဘဲ မျက်မှန်ကို အလျင်အမြန်ဆွဲကာ ဖုန်းကို ပြန်ဖြေလိုက်၏။

"ဟယ်လို။"

"အို ငါ့ရဲ့ ချစ်လှစွာသော မန်နေဂျာထန်ရေ၊ အပြင်က နေကို ကြည့်စမ်းပါဦး။"

"တောက်ပနေတယ်မဟုတ်လား...အခုဘယ်အချိန်ရှိပြီလဲ!! မင်းတို့ဘယ်မှာလဲ"

စတိုင်လ်လစ်၏ ဒေါသထွက်နေသော အသံက ဖုန်းစပီကာမှတစ်ဆင့် ထွက်ပေါ်လာသည်။

ထန်ထန်က နှာခေါင်းရိုးကို ပွတ်သပ်လိုက်ပြီး စောင်များကို တွန်းဖယ်ကာ ဖိနပ်စီးလိုက်သည်။ သူစကားပြောနေစဉ် ဖုန်းကို အသံချဲ့လိုက်ပြီး လည်ချောင်းရှင်းလိုက်သည်။

"ငါ အခုချက်ချင်းရောက်မယ်။ ငါ့လက်ထောက်ကို အသားညှပ်ပေါင်မုန့်နဲ့ နွားနို့တွေ ကြိုပြင်ထားခိုင်းလိုက်။"

သူက အမိန့်ထုတ်ပြီးနောက် ရှုံ့မဲ့ရင်းဖြင့် အဝတ်အစားလဲလိုက်သည်။

သခင်ငယ်လေး၏ နောက်ကွယ်အဖွဲ့မှာ စတိုင်လ်လစ်မှ PR ကျွမ်းကျင်သူများအထိ အနုပညာနယ်ပယ်တွင် အကောင်းဆုံးသောအဖွဲ့ဖြစ်သည်။ အသစ်ငှားရမ်းထားသော ဤစတိုင်လ်လစ်က ထန်ထန်နှင့် လက်တွဲပြီး အဆင်ပြေပြေ ပေါင်းသင်းနိုင်ခဲ့သည်။ အစီအစဉ်ကို နှောင့်နှေးမည်မဟုတ်ကြောင်း ကြားသိရ၍ စိတ်သက်သာရာရသွားကာ စတိုင်လ်လစ်က အကြောင်းအရာကို တဖြည်းဖြည်း ပြောင်းပြောလိုက်သည်။

စကားဝိုင်းက ခေတ္တနားသွားစဉ် သူက စပ်စုစွာ မေးလိုက်သည်။

"ဟေး၊ ဒါနဲ့... မင်းအသံက ဘာလို့ အရမ်းအက်ကွဲနေတာလဲ။"

ထန်ထန်ခမျာ ဆွံ့အသွား၏။

"... "

မင်းမှာ ဘာလို့ ဖိန်းကျယ်မောင်းနဲ့ တူညီတဲ့အမြင်ရှိနေရတာလဲ...

စတိုင်လ်လစ်က အတင်းအဖျင်းပြောခြင်းကို ရပ်လိုက်ရာ ထန်ထန်ကလည်း ချက်ချင်းပင် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။ အဝတ်အစားလဲပြီးသည်အထိ တစ်အိမ်လုံး ဘာသံမှ မကြားရဘဲ တိတ်ဆိတ်နေ၏။

ပွဲဦးထွက် ဖျော်ဖြေပွဲ စတင်တော့မည်ဖြစ်သော်လည်း ကြယ်ပွင့်များက မနိုးသေးပေ။ ခုတင်ဘေး စားပွဲပေါ်ရှိ စမတ်ဖုန်းတွင် မက်ဆေ့ချ်များနှင့် ဖုန်းခေါ်ဆိုမှုများဖြင့် တောက်လျှောက် နီရဲနေခဲ့သည်။ ထိပ်တန်းအမှုဆောင်များမှ အဖွဲ့အထိ အားလုံး အထိတ်တလန့်ဖြစ်ကာ တံတိုင်းထဲသို့ ပြေးဝင်ချင်နေကြသည်။

သူ့အနေနှင့် အပေါ်ထပ်မှ အောက်ထပ်သို့ အတင်းအကျပ် အပြောင်းခံရပြီးနောက် ကိုယ်ရေးကိုယ်တာကိစ္စများကို သည်းခံနိုင်နေချေပြီ။

မန်နေဂျာထန်က အသက်ပြင်းပြင်းရှူကာ သခင်ငယ်များ၏ အခန်းထဲသို့ ဝင်သွားပြီး နူးညံ့သိမ်မွေ့အောင် တတ်နိုင်သမျှ ညင်သာရန် ကြိုးစားခဲ့သည်။

ပြီးနောက် သူတို့သုံးယောက်လုံးကို အိပ်ရာထဲမှ ကန်ချပစ်လိုက်သည်...

မိန်းချန်ရီက ကျယ်လောင်စွာ အော်ဟစ်ပြီး တွားမသွားမီအထိ စောင်ကို အချိန်အတော်ကြာ ဆွဲခြုံထားသည်။ ချီယန်က မြေခွေးလို မျက်လုံးများကို ပြူးကျယ်အောင် ဖွင့်ထားသော်လည်း လုံးဝ အသိဝင်နေပုံမပေါ်။ ချင်းယွီက နိုးလာသည်နှင့် ဆဲရေးလိုက်၏။ သူ့စောင်ကို လွှင့်ပစ်လိုက်ပြီး အမူအရာက မည်းမှောင်သွားသော်လည်း မန်နေဂျာလေးကို တွေ့ပြီးနောက် ချက်ချင်းဆိုသလို ထိတ်လန့်သွားသည်။

ပြဿနာကောင်လေးသုံးဦးက ငြိမ်သက်စွာထကာ ရေချိုးပြီးနောက် ခန်းမသို့သွားရန် မန်နေဂျာကားပေါ်တွင် ထိုင်နေကြ၏။

ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုပြီးနောက် နောက်ဆုံးတွင် သခင်ငယ်သုံးဦးကို အိပ်ရာပေါ်မှ ခေါ်ယူနိုင်ခဲ့သည်။ အဖွဲ့ထဲက ဝန်ထမ်းများမှာ အလွန်စိတ်သက်သာရာရကာ ဝမ်းသာပီတိဖြစ်စွာဖြင့် မျက်ရည်ကျခဲ့ရသည်။

ထန်ထန်၏ကားက ပွဲကျင်းပရာနေရာသို့ ရောက်ရှိလာချိန် စတိုင်လ်လစ်၊ မိတ်ကပ်ပညာရှင်နှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများအားလုံး မျက်ရည်ကျမိတော့မတတ်ပင်။ အနက်ရောင်အစုအဝေးကြီးပမာ လူအုပ်ကြီးက သူတို့ကို ကြိုဆိုရန် လာခဲ့ကြသည်။

သခင်ငယ်လေးများက လူတိုင်း၏ အချိန်ကို ဖြုန်းတီးခဲ့မိကြောင်းကိုလည်း သိသည်။ သူတို့အားလုံးက မိတ်ကပ်ဆရာ ပြင်ပေးနေချိန် ငြိမ်ငြိမ်လေးထိုင်ပြီး နာခံမှုအပြည့်နှင့် ပူးပေါင်းဆောင်ရွက်နေကြ၏။ သူတို့က သူတို့မန်နေဂျာအား တစ်ခါမှ အစွယ်မပြဖူးသော လိမ္မာရေးခြားရှိသည့် ခွေးပေါက်လေးများဟုပင် ထင်ရသည်။

နှုတ်ခမ်းနီမလိမ်းခင် ထန်ထန်က လက်ထောက်ဝယ်ထားသော အသားညှပ်ပေါင်မုန့်နှင့် နို့များကို သူတို့ရှေ့မှာ ချထားလိုက်၏။

ကခုန်ခြင်းက စွမ်းအင်များစွာလိုအပ်သောကြောင့် အစာမစားဘဲ နေရန်မှာ ရွေးချယ်စရာမဟုတ်ပေ။

ရွှေရောင်အသားညှပ်ပေါင်မုန့်က အလွန်ကြီးမားပြီး အမဲသား၊ ဘေကွန်နှင့် ဟင်းသီးဟင်းရွက်များဖြင့် ပြည့်နေသည်။ နို့ကလည်း နွေးနေဆဲဖြစ်ကာ သောက်သုံးဖို့အတွက် သင့်တော်၏။

မန်နေဂျာတစ်ယောက်အနေနှင့် ထန်ထန်က အားလပ်ချိန်မရှိသလောက်ပင်။ ပစ္စည်းများ ချပြီးနောက် သတင်းထောက်များအား နှုတ်ဆက်ကာ သတင်းစာရှင်းလင်းပွဲအသေးစိတ်ကို အတည်ပြု၍ စင်မြင့်ပစ္စည်းများကို စစ်ဆေးခဲ့သည်။ သူပြန်လာချိန်တွင် သခင်ငယ်လေးများ၏ မိတ်ကပ်က ပြီးခါနီးဖြစ်၍ နှုတ်ခမ်းနီဆိုးရန်သာ ကျန်တော့သည်။ သူတို့က ကုလားထိုင်တွင် ထိုင်ကာ မိတ်ကပ်ပညာရှင်ကို စိုက်ကြည့်နေကြသည်။

သခင်ငယ်လေးများနှင့် စိန်ခေါ်သော အကြည့်ချင်းဖလှယ်ရင်း နှုတ်ခမ်းနီတံကို ကိုင်ထားသော မိန်းမပျိုသုံးယောက်၏ ပတ်ဝန်းကျင်က တင်းမာနေသည်။

"ဘာတွေဖြစ်နေတာလဲ။"

ထန်ထန်က ဒီဇိုင်နာချုပ်အင်္ကျီကို ဝတ်ဆင်၍ ထူးချွန်ထက်မြက်ပြီး နူးညံ့သိမ်မွေ့ကာ ဆွဲဆောင်မှုရှိသော အသွင်အပြင်ဖြင့် ချဉ်းကပ်လာစဉ် လက်ရှိအခြေအနေက ရယ်စရာကောင်းသည်ကို တွေ့လိုက်ရသည်။ သခင်ငယ်လေးများက အနီရောင်နှုတ်ခမ်းနီကို ဆိုးရန် ဝန်လေးနေကြပုံပင်။ သူက လှောင်ရယ်ကာ ရှင်းပြလိုက်သည်။

"အနီရောင်တောက်တောက်ကို ငါ မဆိုးခိုင်းပါဘူး။ စင်မြင့်အပြင်အဆင်နဲ့ဆို ပိုပေါ့တဲ့အရောင်ကို သုံးကြမယ်။"

နောက်ဆုံးတွင် သုံးဦးသားက မသေချာမရေရာသလို အကြည့်များဖလှယ်ကာ ချီယန်က မိတ်ကပ်ပညာရှင်ကို ထွက်သွားပေးရန် ယဉ်ကျေးစွာ တောင်းဆိုခဲ့သည်။ အခန်းထဲတွင် သူတို့သာ ကျန်ရှိချိန် စောစောက ထန်ထန်တင်ထားသော မနက်စာအိတ်ကို ထုတ်ယူလိုက်သည်။

သူတို့က အဝတ်အစားများပေါ် ကျမည်ကို ဂရုတစိုက်ရှောင်ရှားကြပြီး အသားညှပ်ပေါင်မုန့်များ ပတ်ပတ်လည်မှ ဆီစိမ်စက္ကူကို ဖွင့်လိုက်သည်။ သူတို့ကောကော ပေးထားသည့် မထိရသေးသော အစားအစာများကို စားနေကြကာ ခွေးပေါက်လေးများ၏ မျက်လုံးများထဲမှ စိတ်အားထက်သန်မှုက သူ့နှလုံးသားကို ပျော့ပျောင်းစေ၏။

မနေ့ညက သူတို့မှားခဲ့သည်ကို သူတို့သိ၏။ ယနေ့က ပွဲဦးထွက်ဖြစ်သည်ကို သူတို့သိထားပြီး ထန်ထန်ကလည်း သူတို့၏မန်နေဂျာအနေဖြင့် မယုံနိုင်လောက်အောင် အလုပ်များနေလိမ့်မည်။ သို့သော် သူ့ခမျာ အိပ်ရာထ နောက်ကျပြီး မနက်စာပင် မစားဘဲ အလုပ်ထဲကို ဆင်းရ၏။

သူတို့ကိုယ်သူတို့ တော်တော်လေး စဉ်းစားဉာဏ်မရှိတာပဲဟု တွေးနေမိကြသည်။

"ကောကော၊ ကိုယ့်အတွက်ကိုယ်ဝယ်ဖို့ မေ့နေတာလား။"

ချီယန်က မှတ်ချက်ချလိုက်သည်။ မီးခိုးရောင်ပိုးသားပါးပါးနှင့် လိုက်ဖက်လွန်းသော ကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး သူ့မိတ်ကပ်က အေးစက်ကာ စွဲဆောင်မှုရှိသော အသွင်ပေါက်နေသည်။ သူ့ရှပ်အင်္ကျီအဖြူ၏ ကြယ်သီးနှစ်လုံးကို ဖြုတ်ထားပြီး ညှပ်ရိုးနှင့် ဖြူဖျော့ဖျော့ တောင့်တင်းသည့် ရင်ဘတ်ကို ဖော်ထား၏။ သူက နှလုံးသားများကို ခိုးယူနိုင်သော မြေခွေးဝိညာဉ်နှင့် ဆင်တူပြီး မယုံနိုင်လောက်အောင် ချောမောလှသည်။

မိန်းချန်ရီကတော့ ပေါ့ပေါ့ပါးပါး၀တ်စုံဖြင့် ငယ်ရွယ်နုပျိုသော အသွင်ကို ဆောင်သည်။ သူ၏ ခွေးပေါက်လေးလို မျက်လုံးများက အပြစ်ကင်းသောအသွင်အပြင်ကို ပေးစွမ်းနိုင်သော်လည်း သူ့မိတ်ကပ်က ယခုတစ်ကြိမ်တွင် ယုံကြည်မှုရှိကြောင်း ပိုမိုခိုင်မာစေသည်။ အထက်စီးဆန်ဆန် အလင်းအမှောင်နှင့် ခံ့ညားသော အသွင်အပြင်က သူ့ဝတ်စုံကို CEO စတိုင်ဝတ်စုံအဖြစ် ပြောင်းလဲသွားစေ၏။

ဝံပုလွေလေး ချီယန်က သူ့အမြီးကို ခါယမ်းပြီး ကောကောအား ပြုံးပြလိုက်သည်။

"ကောကော၊ ကျွန်တော်တို့နဲ့ အတူစား၊ ကော ကိုက်ထားတဲ့အပိုင်းကို ကျွန်တော်စားချင်တယ်..."

“ကျွန်တော်လည်း ကောကောကိုက်တာကို စားချင်တယ်။"

ချင်းယွီကလည်း စနောက်ကျီစယ်သော အရိပ်အမြွက်နှင့် တမင်တကာ ချဲ့ပြောလိုက်သည်။

ထန်ထန်မှာ ခေတ္တမျှ အံ့အားသင့်သွားပြီး သူဘာလွတ်သွားတာလဲဟု တွက်ချက်လိုက်သည်။ သူ စကားတစ်ခွန်းမှ မပြောခဲ့ပေ။

မန်နေဂျာ‌လေးက အနည်းငယ် တုန်ရီနေသော ကျောက်မီးသွေးအနက်ရောင် မျက်တောင်များဖြင့် တိတ်တဆိတ် ချဉ်းကပ်လာသည်။ သူ တစ်ကိုက်စားပြီးမှသာ သခင်ငယ်လေးများက သူတို့၏ အသားညှပ်ပေါင်မုန့်များကို လက်ခံခဲ့ကြသည်။ သူတို့ဘာသာ စားမြိန်နေစဉ် သူတို့ကောကောကိုလည်း ကျွေးခဲ့ကြသည်။

ထန်ထန်က အစာစားချင်စိတ်မရှိ၍ အနည်းငယ်ကိုက်ပြီးနောက် လျင်မြန်စွာ ကျေနပ်သွားသည်။ သူ နို့ဘူးအဖုံးကို ဖြုတ်လိုက်ချိန်တွင် ယခင်နို့နွေးနွေးက အေးသွားသည်ကို တွေ့လိုက်ရသည်။ သူတို့အရွယ်က ကြီးပြင်းနေချိန်ဖြစ်၍ ဗိုက်ဆာခြင်းကို ခံနိုင်ရည်ရှိရန် ခက်ခဲလှသည်။

သူတို့တွေ သူ့ကိုစောင့်နေတာ ဘယ်လောက်ကြာပြီလဲဟု တွေးနေမိသည်...

မိုးသောက်ကြယ်အင်တာတိန်းမန့်၏ ယောက်ျားလေးအဖွဲ့သစ်နမူနာ ထွက်ရှိလာချိန်တွင် ကြီးမားသော လှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့သည်။ အကြောင်းရင်းမှာ ဖျော်ဖြေရေးနယ်ပယ်ကို သိမ်းပိုက်နိုင်သော မျက်နှာရှိသည့် လူငယ်သခင်လေးသုံးဦးကြောင့်မှလွဲ၍ အခြားမရှိပေ။

ဖျော်ဖြေရေးလောကတွင် ရုပ်ရည်ချောမောသူများမှာ မျှတသော အချိုးအစားရှိသော်လည်း အများအပြားက ယင်းသို့ကြည့်ကောင်းပြီး ထိုကဲ့သို့ ထူးခြားသော ဆွဲဆောင်မှုမျိုး မရှိကြပေ။ ပရိသတ်များက သူတို့၏အသွင်အပြင်ကြောင့် ဖျော်ဖြေရေးအသိုင်းအဝိုင်းသို့ ရောက်ရှိလာကြပြီး တရားဝင်အကောင့်မှ ဖြတ်သွားဖြတ်လာများသည်ပင် နှစ်မိနစ်မှ သုံးမိနစ်ခန့် အကနမူနာဗီဒီယိုကို ကြည့်ရှုပြီးနောက် စတော့ဈေးကွက်ထဲသို့ ခြေချရန် လှုံ့ဆော်ခံခဲ့ရသည်။

မိုးသောက်ကြယ်အင်တာတိန်းမန့်က သူတို့၏ ပွဲဦးထွက်ပွဲအတွက် အဆင့်မြင့်နေရာတစ်ခု စီစဉ်ပေးခဲ့ပြီး မီဒီယာအများအပြား တက်ရောက်ခဲ့ကြသည်။ ပွဲတစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး သူတို့၏ အသွင်အပြင်ကြောင့် ဆွဲဆောင်ခံရသူများနှင့် ပရိသတ်များက လက်မှတ်ကို ပထမဆုံးရယူပြီး ခန်းမသို့ ပျော်ရွှင်စွာရောက်ရှိလာခဲ့ကြသည်။

သခင်ငယ်လေးများက တရားဝင်ပွဲဦးထွက်မရသေးသော်လည်း လက်ရှိအချိန်တွင် ပရိသတ်အတော်များများ ရှိနေချေပြီ။

ပရိသတ်များ၏ စိတ်အားထက်သန်မှုနှင့်အတူ ပွဲဦးထွက်ကို စတင်ခဲ့သည်...

နောက်ခံစခရင်တွင် ၃၊ ၂၊ ၁ ဟူသော ရေတွက်မှုဖြင့် စတင်ခဲ့၏...

King of Wands...

ငွေရောင် 3D စာသားက ခမ်းနားထည်ဝါလှသည်။ ရုတ်တရက် စင်မြင့်မီးများ ပေါက်ကွဲသွားပြီး တွဲပါလာသော တေးဂီတသံများက တိတ်ဆိတ်မှုကို ညင်သာစွာ ဖြတ်တောက်ပစ်လိုက်သည်။ ၀တ်စုံပြည့်ဝတ်ထားသော လူငယ်သုံးယောက်က စင်မြင့်ထက် ပေါ်လာ၏။

ပရိသတ်များက သူတို့၏ ချောမောသောအသွင်အပြင်ဆီမှ သတိပြန်မဝင်လာမီ ချီယန်က အလယ်ဗဟိုအနေအထားတွင် ယူ၍ ဂီတနှင့်ပူးပေါင်းကာ တိတ်ဆိတ်မှုကို ချိုးဖြတ်လိုက်ရာ ပရိသတ်ကြားတွင် အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။ ချီယန်၏ မြင့်မားသော တေးသံများက တက်ကြွနေပြီး လူများအား ကြက်သီးထစေကာ နှလုံးခုန်နှုန်းတိုးလာစေသည်။

ကင်မရာက မြင်ကွင်းကို ရှင်းရှင်းလင်းလင်း ဖမ်းယူထားပြီး တိုက်ရိုက်ထုတ်လွှင့်သည့်ဆော့ဖ်ဝဲလ်က ငြိမ်သက်စွာ လည်ပတ်နေသည်။ မူလက သက်ဝင်လှုပ်ရှားနေသော မှတ်ချက်စကားများက မှန်သားမျက်နှာပြင်တစ်ခုလို ရုတ်တရက် ရှင်းလင်းသွားသည်။

ခဏအကြာတွင် ဆက်တိုက်ဆိုသလို မှတ်ချက်များ ထွက်ပေါ်လာသည်။

(သေစမ်းကွာ၊ ဒီအသံက မယုံနိုင်စရာပဲ။)

(ဘုရားရေ...ငါ ကြက်သီးတွေပါထတယ်။)

(ပြောရမယ်ဆိုရင် ဒီသုံးယောက်က တော်တော်ကြည့်ကောင်းကြတာပဲ။ ဖျော်ဖြေရေးနယ်ပယ်ရဲ့ မျက်နှာကြက်ကို ရောက်သွားကြမယ်ထင်ပါရဲ့)

(ငါ လက်လှမ်းမှီသေးရဲ့လား။ (တုန်လှုပ်ခြောက်ခြားနေသော မျက်နှာ) သူတို့ထက် ပိုချောတဲ့သူရှိသေးလားလို့ ငါ့ကို ပြောစမ်းပါဦး...)

(တိတ်စမ်း၊ သီချင်းကို သေချာနားထောင်။)

ဂီတသံနှင့်အတူ စင်မြင့်ပေါ်မှ မီးရှူးမီးပန်းများ ပေါက်ကွဲသွားပြီး သူတို့၏အမူအရာများက ပြီးပြည့်စုံနေခဲ့သည်။ လှုပ်ရှားမှုတိုင်းက စည်းချက်နှင့် ကိုက်ညီနေသည်။ သူတို့သုံးယောက်၏ အသံများက တုန်ရီခြင်းမရှိဘဲ နားကြပ်မှတစ်ဆင့် ထွက်ပေါ်လာသည်။ ထူးထူးခြားခြား အဆင့်အတန်းမြင့်မှုကြောင့် ပရိသတ်များခမျာ သူတို့အနေနှင့် ထိပ်တန်းအမျိုးသား တေးဂီတ ဖျော်ဖြေပွဲကို တက်ရောက်နေသလို ခံစားနေရသည်။

(အားးးးးးးးး ငါ့လောင်ကုန်းပဲ!!! ငါ ကောင်းကင်ဘုံရောက်နေပြီး!!)

(ငါက ပရိသတ်အသစ်ပါ၊ ငါက ပရိတ်သတ်အသစ်ပါလို့ ဝူးးးးး ငါ သူတို့နဲ့ ရင်းနှီးခွင့်ရတာကို ဒီတစ်သက် နောင်တရမှာမဟုတ်ဘူး အားးးးးးးး)

(ဒါက သူတို့ရဲ့ ပွဲဦးထွက်ပွဲတဲ့...ပွဲဦးထွက်ပွဲလေး...အားးးးးးးးးးးးး)

ပရိသတ်များက အော်ဟစ်နေရင်း ရင်တဒိန်းဒိန်းခုန်နေကြ၏။ ပရိသတ်ထိုင်ခုံများက မီးမှိန်မှိန်ဖြင့် လင်းလက်နေပြီး အပြာရောင်အလင်းချောင်းများက အမှောင်ထဲတွင် စကြဝဠာအရောင်များလို ဖြာထွက်နေပုံရသည်။ တောက်ပနေသော တုတ်ချောင်းများက တစ်ခုပြီးတစ်ခု မြင့်တက်လာပြီး ပြိုးပြိုးပြက်ပြက်ပြက် လင်းလက်လာသော ဂလက်ဆီများကဲ့သို့ပင်။

ဂီတသံပြောင်းလဲလာသည်နှင့်အမျှ ချီယန်နှင့် မိန်းချန်ရီတို့က ကျက်သရေရှိရှိ လှည့်လိုက်ပြီး ချင်းယွီက နှုတ်ခမ်းများကို ကျီစယ်သလို မခို့တရို့ ပြုံးလိုက်၏။ သူက ရှေ့ကို နှစ်လှမ်းလှမ်းပြီး တစ်ခဏချင်းပင် သူ၏ rap သံဖြင့် ခန်းမတစ်ခုလုံးကို လောင်မြိုက်သွားစေခဲ့သည်။

(Kings of Wands အရမ်းကောင်းတယ်!! ချင်းယွီက တော်လိုက်တာ။ အားးးးးး...ငါကိုယ့်ငါ ကော်နဲ့ နံရံမှာ ကပ်ထားလိုက်ပြီ။)

အော်ဟစ်သံများ ထွက်ပေါ်လာပြီး တောက်ပသော အလင်းချောင်းများက နဂါးငွေ့တန်းကဲ့သို့ ဝှေ့ယမ်းကာ ဂီတကလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ချီယန်နှင့် မိန်းချန်ရီတို့ ပြန်လှည့်လာပြီး စင်မြင့်ပေါ်မှ တေးဂီတသံများနှင့်အညီ ကလိုက်ကြရာ လေထုကို ပိုမိုပြင်းထန်လာစေခဲ့သည်။

(ဝူးဝူးဝူး.....နတ်ဘုရားချီယန်၊ အဲ့ဒါ C3 အမြင့်သံမဟုတ်လား အိုး ဘုရားသခင်!!)

(မိန်းချန်းရီ!! အားးးးး ငါ့လောင်ကုန်းရေ၊ ရှင့်ရဲ့အကတွေက မိုက်လိုက်တာ!!)

နောက်ခံစင်မြင့်...

ထန်ထန်က အသက်ပြင်းပြင်းရှူရင်း ချွေးစေးများကပ်နေသော လက်ဖဝါးများကို ဆုပ်ကိုင်ထားရန်မှတစ်ပါး လုပ်စရာမရှိပေ။

စင်မြင့်ပေါ်ရောက်ရှိချိန်မှစပြီး မရပ်မနား လှုပ်ရှားနေခဲ့သော လူငယ်လေးများက ပင်ပန်းနွမ်းနယ်မှု လက္ခဏာကို နည်းနည်းလေးတောင် မပြခဲ့ပေ။ သူတို့က စင်မြင့်ဘုရင်များကဲ့သို့ ထင်ရပြီး ရံဖန်ရံခါ မထီမဲ့မြင်ပြုသော အကြည့်များကပင် ပရိသတ်များအား ရင်ဘတ်ထဲမှ နှလုံးသားများ ပေါက်ကွဲလုနီးပါး ဖြစ်စေသည်အထိ ခံစားရစေခဲ့သည်။

ခန်းမတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားကာ အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

ပရိသတ်များက သူတို့၏ အလင်းချောင်းများကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းခဲ့ကြ၏။ ဤအခိုက်အတန့်တွင် အပြာရောင်အလင်းတန်းများက သူတို့အတွက် တောက်ပနေခဲ့သည်။

King of Wands...

တရားဝင် ပွဲဦးထွက်သွားလေပြီ...

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment