ဒီကမ္ဘာမှ အယ်လ်ဖာများသည် တခြားလိင်အမျိုးအစားများထက် မွေးရာပါ အားသာချက်များစွာ ရှိလေသည်။ အယ်လ်ဖာများက ခန္ဓာကိုယ် ကြံ့ခိုင်ကြသလို အာရုံခံနိုင်စွမ်းလည်း မြင့်ကြပြီး အားကောင်းသော စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားကြ၏။
ထိုသို့ ပြင်းထန် အားကောင်းသော အားသာချက်များကြောင့်ပဲ သူတို့၏စိတ်စွမ်းအင် ဖောက်လွဲ ဖောက်ပြန် ဖြစ်သောအခါတွင်လည်း ကြီးမားသော ထိခိုက်မှုဆုံးရှုံးများ ဖြစ်နိုင်ခြေအလွန်များ၏။
ထို့ကြောင့်လည်း ဖက်ဒရေးရှင်းတွင် မွေးဖွားလာသော အယ်လ်ဖာ အားလုံးနီးပါးသည် သိတတ်စအရွယ်ကတည်းက တင်းကြပ်သော စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုကို စတင် သင်ကြားခံကြရသည်။
ထိုသို့သော အကြောင်းပြချက် အမျိုးမျိုးဖြင့် ငယ်စဥ်ကတည်းက နှစ်ရှည်လများ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ခြင်းကို သင်ကြားခဲ့ကြရသော်လည်း ဤဖက်ဒရယ်အဖွဲ့အစည်းတွင် အယ်လ်ဖာများ စိတ်စွမ်းအင် ဖောက်ပြန်သောကိစ္စက ရှားပါးသွားသည်တော့ မဟုတ်ချေ။
ဖြစ်ရိုးဖြစ်စဥ်အရဆိုလျှင်တော့ ဒီလို စိတ်စွမ်းအင် ဖောက်ပြန်မှု သည် လုမိသားစု၌ ဘယ်တော့မှ ဖြစ်ပွားနိုင်ခြေ မရှိပေ။
ဖက်ဒရယ်တွင် စစ်တပ်လက်ကိုင်ရှိသည့် အင်အားကြီး မိသားစုတစ်စုအနေဖြင့် လုမိသားစုသည် တခြားမိသားစုများထက် စိတ်စွမ်းအားကို မြှင့်တင်ခြင်း နှင့် ထိန်းချုပ်ခြင်း အပေါ် ပို၍ အလေးထားခဲ့ကြသည်။
ထို့ကြောင့်လည်း လုကျစ်ကျောက် စိတ်စွမ်းအင် မထိန်းချုပ်နိုင်တော့သည့် မတော်တဆမှုဖြစ်ပေါ်ခဲ့ခြင်းက အထူးအဆန်းလို ဖြစ်ခဲ့ရသည်။
အကြောင်းက လုကျစ်ကျောက် ဖြစ်နေလို့ပင်။
သူက S အဆင့် အယ်လ်ဖာ တစ်ယောက် ဖြစ်ပြီး နောက်တစ်ချိန်တွင် အာဏာကို ဆုပ်ကိုင်နိုင်မည့် အလားအလာအရှိဆုံး အယ်လ်ဖာ တစ်ယောက်ဟု အများက ထင်ကြေးခံရသူလဲ ဖြစ်သည်။
တခြားကလေးငယ်များက အခြေခံလေ့ကျင့်မှုများကို မျက်ရည်ဆက်လက်ဖြင့် အထစ်ထစ် အငေါ့ငေါ့ လေ့ကျင့်နေကြစဥ် လုကျစ်ကျောက်က စစ်လေ့ကျင့်ရေးမှ အဆင့်နိမ့် မက်ချာများကို ထိန်းချုပ်ရန် သူ၏စိတ်စွမ်းအားကို အောင်မြင်စွာ အသုံးပြု နိုင်နေပေပြီ။
လုကျစ်ကျောက်၏ လေ့ကျင့်ရေး ရလဒ်များက အမြဲတမ်း စိတ်ကျေနပ်စရာ ဖြစ်ခဲ့သည်။ အတင်းကျပ်ဆုံး စည်းမျဥ်းနှင့် အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့လျှင်တောင် သူ၏စိတ်စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းက ပြီးပြည့်စုံအောင် ကောင်းမွန်နေခဲ့၏။
လုကျစ်ကျောက် သည် လူကြားထဲတွင် သူ၏စိတ်စွမ်းအား ထိန်းချုပ်မှု ဆုံးရှုံးပြီး အကျပ်အတည်းကြား ရောက်လာမည့် နေ့တစ်နေ့ကို မည်သူကမှ စိတ်ကူးမိမည် မဟုတ်ပေ။
ကံမကောင်းသော စုလျန် က ဤရှင်းမပြနိုင်သော အဖြစ်အပျက်တွင် ပါဝင်သွားခဲ့ပြီး အလိုအလျောက် ကာကွယ်ရေးစက်ရုပ်များသည် သူနှင့် လုကျစ်ကျောက် နှစ်ယောက်လုံးကို ဖမ်းထား၏။ သို့သော် လုကျစ်ကျောက်ကို မကြာခင် အထူးထိန်းချုပ်ရေးစင်တာသို့ ပို့ဆောင်လိုက်ပြီး စုလျန် ကိုမူ အဖန်တရာထပ်နေသော မေးခွန်းများ စစ်မေးရန်အတွက် လုံခြုံရေးစင်တာ ၌ ချန်ထားခဲ့၏။
သူ့အစ်မနှင့် ယောက်ဖတို့ စုလျန်ကို ခေါ်ထုတ်ရန် လုံခြုံရေးစင်တာကို အပြေးအလွှား ရောက်ရှိလာချိန်တွင် ညဉ့်ပင် အတော်နက်နေလေပြီ။
ခန့်မှန်းထားကြသလိုပင် လုကျစ်ကျောက်၏ မတော်တဆမှုကြောင့် လုမိသားစုတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်နေလေရာ အစ်မနှင့် ယောက်ဖက သူ့ကို လာခေါ်သွားကြသည်ကို သတိထားမိသူ သိပ်မရှိလိုက်ချေ။
ဒါကပင် စုလျန် ကို စိတ်သက်သာရာရစေခဲ့သည်။
ထိုသို့မဟုတ်ဘဲ လုမိသားစုသာ သတိထားမိသွားပါက သူ ဒီလို လွယ်လွယ် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
အိမ်အပြန်လမ်းတွင် စုနွမ် ၏မျက်နှာမှာ အိုးမဲဖင်ကဲ့သို့ မည်းမှောင်နေ၏။
စုလျန်သည် ရပ်ထားသော ကားပေါ်တွင် တောင့်တောင့်ကြီးထိုင်ကာ သူ့ယောက်ဖကို အကူအညီတောင်းဟန်ဖြင့် ကြည့်သည်။
သို့သော် စုလျန်ဘက်တွင် အမြဲရပ်တည်ပေးခဲ့သော ယောက်ဖ၏မျက်နှာမှာ ထိတ်ထိတ်ပျာပျာ ဖြစ်နေကာ စကားတစ်ခွန်းမျှ မပြောရဲသလို စုလျန်ကိုလည်း ကြည့်ပင် မကြည့်လာတော့ပေ။
သွားပြီ ....
သူ့အစ်မစုနွမ်က ဒီတစ်ခေါက် ဒေါသအကြီးအကျယ်ထွက်နေပြီဆိုတာကို ယောက်ဖ၏ အမူအယာကို ကြည့်ရုံနှင့် စုလျန် သိလိုက်လေပြီ။
"စုလျန်၊ ဘယ်သူ့ကို ကြည့်နေတာလဲ၊ ဘာလဲ မင်းအတွက် တစ်ယောက်ယောက်က ကူပြောပေး စေချင်သေးတာလား"
စုနွမ်က သုန်သုန်မှုန်မှုန်ဖြင့် စုလျန်ကို မာန်မဲလိုက်၏။
ထို့ကြောင့် အပြစ်ရှိသည့် စုလျန်မှာ မတ်ရပ်အမြန်ရပ်ပြီး ရိုကျိုးသော အမူအယာ ပြုလုပ်ကာ ....
"မဟုတ်ဘူး မဟုတ်ပါဘူး မမရဲ့ ၊ကျွန်တော် မှားတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ပြီးတော့ ကျွန်တော့်အတွက် ဘယ်သူမှ ကူပြောပေးဖို့ မထိုက်တန်ပါဘူး" ဟု မိမိမှားကြောင်းကို အလေးအနက် တောင်းပန်လိုက်၏။
စုနွမ်သည် “ဟွန့်” ဟု မကျေနပ်သေးဟန် နှာတစ်ချက်မှုတ်လိုက်ပြီး လက်တစ်ချောင်းထုတ်ကာ စုလျန်၏ နဖူးကို ထိုးလျက်
"အိုး.. ဒီတော့ မင်းသိတယ်ပေါ့ စုလျန်။ စုလျန် နင်က အရမ်းဥာဏ်ကောင်းတယ် မဟုတ်လား။ ဟိုကောင် လုကျစ်ကျောက်နဲ့ တွေ့လိုက်ရင် နင့်ရဲ့ဦးနှောက်က ခွေးစားသွားတာလား၊ ငါအရင်ကတည်းက နင့်ကို ပြောထားတယ်။ သူတို့လို လူတွေနဲ့ မဆက်ဆံပါနဲ့လို့၊ သူက လုမိသားစုရဲ့ အမွေဆက်ခံသူ။ ပြဿနာကိုပဲ မီးထိုး ရှာနေတာလား ၊ နောက်ပြီးတော့ အဲဒီကောင်မှာ စေ့စပ်ထားတဲ့ နင်းမိသားစုရဲ့ အိုမီဂါ သခင်လေး ရှိနေပြီးသား၊ သူက လု မိသားစုမှာ လာနေနေတာ ဘယ်လောက်ကြာနေပြီလဲ၊ ကွဲပြားခြင်းကာလ အောင်မြင်ဖို့ စောင့်ရုံပဲ ပြီးကျရင် စေ့စပ်ကြမှာ။ အဲဒီကောင်ပြောစကားတွေကို ယုံနေတဲ့ မင်းကသာ အရူး။ သူက သခင်လေးနင်း နဲ့ ဖြူဖြူစင်စင် သူငယ်ချင်းတွေတဲ့ ဘယ်လောက်တောင် အဓိပ္ပါယ်မရှိလိုက်သလဲ"
စုလျန် သည် သူ့ခေါင်းကို မမော့ရဲသည်အထိ စုနွမ် ဆူတာ ခံနေရသည်။
သို့သော် စုနွမ် သူ့အား ခပ်စပ်စပ်လေး ဆူပူနေမှုကြောင့် နားနှစ်ဖက်လုံး ပူလောင်နေသော်ငြား နားထောင်ကြည့်လေလေ သူ့နှလုံးသားမှာ ပိုမိုနွေးထွေးလာလေလေပင်။
သူ့အရင်ဘဝတွင်လည်း စုနွမ် က သူ့ကို အလားတူပင် ဆူပူခဲ့ဖူး၏။
သို့သော် ထိုအချိန်တုန်းက စုလျန် က သူ့အစ်မသည် လု မိသားစုကို မလိုမုန်းတီးနေသည်ဟုသာ အမြဲထင်ခဲ့မိ၏။ စုနွမ်၏ ဖျောင်းဖျမှုတွေက သူ့ရင်ထဲမရောက်ခဲ့ပေ။
လုကျစ်ကျောက် က သူ့ကို ထားခဲ့ပြီးနောက်မှသာ စုလျန်သည် စုနွမ်၏ ဆုံးမစကားများကို မရေမတွက်နိုင်အောင် ထပ်ကာထပ်ကာ ပြန်ကြားလာရ၏။
သို့သော် ထိုအချိန်တွင် သူ စုနွမ် ဆုံးမသမျှကို နားထောင်ရန် ဆန္ဒရှိလျှင်တောင်မှ မဖြစ်နိုင်တော့ပေ။
ကောင်းလိုက်တာ... နောက်ဆုံးတော့ မမ စကားနားထောင်ဖို့ အခွင့်အရေးတစ်ခု ထပ်ရလာပြီ။
စုလျန် သည် မျက်လွှာကို ချထားပြီး စုနွမ်၏ ဆိုဆုံးမနေတာတွေ အားလုံးကို နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ နားထောင်နေလိုက်၏။
လုကျစ်ကျောက် အနားကို ဘယ်တော့မှ ထပ်မသွားနဲ့တော့။
အဲလူကြောင့် ဖြစ်လာမဲ့ ကံဆိုးခြင်းတွေ ထပ်ပြီး ဖြစ်ခွင့်မပေးနဲ့တော့။
စုလျန်သည် သူ့စိတ်ဝိညာဥ်မှ သတိပေးစကားကိုလည်း ပြန်ကြားနေရသည်။
ပြန်လည်စတင်ဖို့ အခွင့်အရေးက လိုချင်တိုင်း ရနိုင်လိမ့်မည် မဟုတ်။ ထို့ကြောင့် တူညီသော အမှားကို ထပ်မလုပ်မိရန် သူ့မသိစိတ်ကကော အသိစိတ်ဖြင့်ပါ မလိုလားတော့ချေ။
****
"နေ့လယ်တုန်းက မင်း ဘာလို့ ငါ့ကို အဲဒီကောင်အတွက် ဖုံးကွယ်ပေးခဲ့တာလဲ! စုဆိုတဲ့ အပျက်ကောင်က ဘာလို့ လုမိသားစုဆီကနေ မောင်းမထုတ်လိုက်တာလဲ။ ငါ သူ့ကိုမုန်းတယ် ဆိုတာ မင်းမသိဘူးလား အားကျောက်! သူ့ကို ဟိုကောင်က မြူစွယ်နေတာ။ ဒီအတိုင်းဆို ဘယ်လိုလုပ်ပြီး ငါက အားကျောက် နဲ့ ချောချောမွေ့မွေ့ လက်ထပ်နိုင်မှာလဲ"
စုလျန် နှင့် စုနွမ် တို့က လုကျစ်ကျောက် အကြောင်းပြောနေကြစဉ် လု မိသားစု၏ ကိုယ်ပိုင်လူနာဆောင်၌ နင်းကျားရိ ကလည်း သူ့ရဲ့နာမည်ခေါ်ကာ ပြင်းထန်စွာ ကျိန်ဆဲနေ၏။
နင်းကျားရိသည် ဆေးပုလင်းတစ်လုံးကို ချိတ်ထားပြီး ဆေးရုံဝတ်စုံကို ဝတ်ထားဆဲ ဖြစ်သည်။ အသက် အန္တရာယ်မှ လွတ်မြောက်လာတာ မကြာသေးသော်လည်း သူ၏အသံက ပုံမှန်လို ကြမ်းတမ်းမာထန်နေ၏။
လုကျစ်ကျောက်သာ နင်းကျားရိ ကို ဒီလိုမျိုး မြင်လိုက်ရလျှင် အံ့ဩသွားလောက်သည်။
အဘယ်ကြောင့်ဆိုသော် မျက်နှာရှစ်ခေါက်ချိုးဖြင့် ရိုင်းရိုင်းစိုင်းစိုင်းပြောနေသည့် ဒီလူသည် သူသိသည့် ချစ်စရာကောင်းပြီး တဇွတ်ထိုးမလုပ်တတ်သော ကြင်နာတတ်သည့် ဖြူဖြူစင်စင် သခင်လေးနှင့် လုံးဝမတူပေ။
နင်းကျားရိသည် သူ့ကုတင်ရှေ့က လူကို စိတ်တိုစွာ ကြည့်လိုက်၏။
ထိုနေရာတွင် မတုန်မလှုပ်အေးစက်စက် မျက်နှာဖြင့် လူငယ်တစ်ယောက် ရပ်နေသည်။ သူသည် နင်းကျားရိထက် အသက်အနည်းငယ်ကြီးပုံရကာ မျက်ခုံးမျက်လုံးများက နင်းကျားရိနှင့် ဆင်တူ၏။ နင်းကျားရိ တွင် အိုမီဂါတစ်ယောက်၏ လက္ခဏာများ ပေါ်လွင်နေခဲ့သော်ငြား ထိုလူငယ်က ဘီတာ စစ်စစ်တစ်ဦး ဖြစ်နေသည်။
မိသားစုအများစုတွင် အယ်လ်ဖာများကသာ အာဏာကို ချုပ်ကိုင်သည့် အဓိကလူများဖြစ်ပြီး သူတို့နောက်တွင် အာဏာရှိသည့်လူက အိမ်ထောင်ဖက်များ ဖြစ်ကြသည့် အဆင့်မြင့် အိုမီဂါများပင်။
နင်းမိသားစု၏ အာဏာခွဲဝေမှုကလည်း ဒီသတ်မှတ်ချက်အတိုင်း ဖြစ်သော်ငြား ယခုလူနာခန်းတွင်း အခြေအနေက အတော်လေး ထူးခြားနေ၏။
လူငယ်က ဒေါသဖြင့် အမျှင်မပြတ် ကျိန်ဆဲနေသည့် နင်းကျားရိကို စိတ်မရှည်စွာဖြင့်
"ပိတ်ထားစမ်း" ဟု အသံနိမ့်ဖြင့် ဟောက်လိုက်၏။ ထိုအခါ နင်းကျားရိ၏မျက်နှာမှာ တွန့်ရှုံ့သွားပြီး လည်လိမ်ခံလိုက်ရသော ကြက်တစ်ကောင်ကဲ့သို့ ချက်ချင်း တိတ်ဆိတ်သွား၏။
သို့သော် သူ့အမူအရာနှင့် အကြည့်များကတော့ မကျေနပ်မှုကို ဖော်ပြနေသည်။
"နေ့လယ်ကရတဲ့ သင်ခန်းစာက မလုံလောက်သေးဘူးလား"
လူငယ်က အတက်အကျမရှိသော လေသံဖြင့် ခံစားချက်မဲ့စွာ ပြောလိုက်၏။
"ငါတို့ မင်းကို အရင်က ဘယ်လိုမှာထားလဲ ၊ ပြင်းပြင်းထန်ထန် စိတ်လှုပ်ရှားလို့ မရဘူး၊ မဟုတ်ရင် မင်းသေလိမ့်မယ် ။ ပြီးတော့ မင်းသေရင် မင်းအပေါ် ရင်းနှီးထားတဲ့ မိသားစုရဲ့ အားထုတ်မှုတွေအားလုံး အလဟဿဖြစ်သွားမှာ။ နင်းကျားရိ နှစ်တွေ ဒီလောက်ကြာအောင် ကြိုးစားထားတဲ့ လူတိုင်းရဲ့ အားထုတ်မှုတွေကို မင်းရဲ့ အသုံးမဝင်တဲ့ သဝန်တိုမှုကြောင့်နဲ့ အလကား ဖြစ်သွားစေချင်တာလား"
" ကျွန်တော့်မှာ အဲ့လိုမဟုတ်ပါဘူး။ အစ်ကိုနှစ် ကျွန်တော်က..."
နင်းကျားရိ က ရှင်းပြဖို့ ကြိုးစားရင်း သူ့နှုတ်ခမ်းကို ကိုက်လိုက်၏။
သူ အစ်ကိုနှစ် ဟုခေါ်လိုက်သော လူငယ်သည် သူ့ရှေ့က စိတ်အနှောင့်အယှက်ဖြစ်စေသော လူကို ကြည့်နေ၏။
ထို့နောက် သူ၏ချောမွတ်နေသော သူ့လည်ပင်းနောက်ကို ပွတ်သပ်လိုက်မိသည်။ သူ၏ ဘီတာဂလင်းက အယ်လ်ဖာ၏ အာရုံစိုက်မှုကို မရနိုင်သော ပေါ့ပါးပြီး သာမန်အနံ့ကိုသာ ထုတ်ပေးနိုင်သည်။ ထိုအကြောင်း စဉ်းစားမိလျှင် ဒုတိယအစ်ကို၏ မျက်လုံးများတွင် ခက်ထန်သောအရိပ်အယောင်များ ဖြတ်ပြေးသွား၏။
စမ်းသပ်မှုတွင် အောင်မြင်ခဲ့သူမှာ သူ့အရှေ့က အရူးအစား သူသာဖြစ်ခဲ့လျှင် ယခုကဲ့သို့ အရှုပ်အထုပ်များ ပေါ်လာမည် မဟုတ်ပေ။
နင်းမိသားစု၏ ဒုတိယသား နင်းထန်ရှန်းမှာ ရင်ထဲ မကျေမချမ်း ဖြစ်နေမိ၏။
နင်းကျားရိ နေရာတွင် သူသာဆို ယခုအချိန် ဟိုကောင့်အနား ရောက်နေလောက်ပြီဟု ယုံကြည်၏။ သို့သော် လက်တွေ့တွင် နင်းကျားရိ က ဘီတာတစ်ယောက်ကို အရေးအရာလုပ်ကာ စကားထဲထည့်ပြောနေပြီး ဆေးရုံကုတင်မှာ ထိုင်နေရသည်။ ပြီးတော့ လုမိသားစု၏အရူး လုကျစ်ကျောက် ကိုတောင်မှ မကိုင်တွယ်နိုင် ဖြစ်နေ၏။
"မင်း ပြောသလို စုလျန် ကို လုမိသားစုကနေ ကန်ထုတ်လိုက်ပြီး ဘာဆက်ဖြစ်မယ် ထင်လဲ။ မင်းက လုကျစ်ကျောက်နဲ့ လက်ထပ်ပြီးရင် ၂၄ နာရီလုံး သူ့အနားမှာနေပြီး စုလျန်နဲ့ ဆက်သွယ်တာကို တားမယ်လို့ တွေးနေတာလား။ ပြီးတော့ ဒါကို စဉ်းစားစမ်း။ မင်း ဒီနည်းလမ်းနဲ့ စုလျန် ကို အဝေးရောက်အောင်လုပ်ရင် လုကျစ်ကျောက် ဘာဖြစ်သွားမယ်ထင်လဲ။ ဒီလို အတင်းအကျပ် အခွဲခံလိုက်ရရင်၊ လုကျစ်ကျောက်က သူ့ကြောင့် ဖြစ်တာပါဆိုပြီး ဟိုကောင်ဘက် ပိုတောင်ပါသွားဦးမယ်၊ နေ့နေ့ညည အသဲကွဲနေတော့မှာ"
နင်းထန်ရှန်းက ဆယ်ကျော်သက်အချစ်အကြောင်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြနေ၏။
“စွန့်လွှတ်လိုက်ရတဲ့ ငယ်ချစ်ဦးကို တသက်လုံး အမှတ်ရနေဦးမှာ။ မင်းကတော့ အသက်နဲ့ ရင်းပြီး သူတို့ချစ်ခြင်းကို ကွဲစေတဲ့သူ၊ မရမက လက်ထပ်ယူတဲ့ လူယုတ်မာပဲ။ မင်းက သူ့ရဲ့ အနီးဆုံးမှာနေပြီး စိတ်ပျက်စရာအကောင်းဆုံးသူ ဖြစ်လာလိမ့်မယ်"
"အားကျောက် က အဲ့လိုလူစား မဟုတ်ပါဘူး..."
နင်းကျားရိသည် လုကျစ်ကျောက်ဘက်မှ ဝင်ပြောပေးလိုက်သော်လည်း သူ့အသံမှာ သူ့အစ်ကို၏ ပျက်ရယ်ပြုနေသော မျက်လုံးများအောက်တွင် အကြောင်းပြချက်မရှိ အားပျော့သွားကာ
"ငါတို့ခံစားချက်တွေကို ဖျက်ဆီးနေတာက ဟိုကောင် စုလျန် "
"မင်းကို သတိပေးပါရစေဦး မင်းကို မိသားစုက လုကျစ်ကျောက်နဲ့ တွဲနိုင်ဖို့ နည်းလမ်းရှာခိုင်းရတဲ့ ရည်ရွယ်ချက်က မင်းရဲ့ရူးမိုက်တဲ့ အချစ်ဦးနှောက်ကို ကျေနပ်စေဖို့ မဟုတ်ဘူး။ ငါတို့ အတွက် လု မိသားစုရဲ့အကူအညီ လိုအပ်တယ်။ ပြီးတော့ ဒါက ငါတို့ရဲ့ အရင်းအမြစ်ဖြစ်လာဖို့ အကောင်းဆုံးပဲ ဒါတွေအားလုံးအတွက် မင်း လုမိသားစုကိစ္စကို သေသေချာချာ ချုပ်ကိုင်ထားဖို့ လိုတယ်"
နင်းထန်ရှန်း က ဆေးရုံ ကုတင်အရှေ့တွင် ထိုင်ရာမှ မထဘဲ နင်းကျားရိ ၏မျက်နှာကို ရက်ရက်စက်စက်ညစ်ရင်း ခေါင်းကို မြှောက်တက်လာစေကာ
"အချစ်မခံရတဲ့ အိုမီဂါက ဘာအဆင့်မှ မဟုတ်တော့ဘူး။ နင်းကျားရိ မင်း မင်းရဲ့ အဖိုးတန်လှတဲ့ အဆင့်မြင့်ဂလင်းကို မဖြုန်းတီးတာ ပိုကောင်းမယ်"
အေးစက်ကြမ်းတမ်းသော လက်ချောင်းများက နင်းကျားရိ၏ မေးစေ့မှ လည်ပင်းအနောက်က ဂလင်းသို့ ပွတ်သပ်ကာ သတိပေးလိုက်သည်။
" ဒါဆိုရင် မင်းဘာလို့ စုလျန် ကို လု မိသားစုမှာ ထားနေသေးတာလဲ ၊ မင်းသိလား ၊ အဲဒီကောင် အဲဒီမှာ ရှိနေသေးသရွေ့ အားကျောက် က ငါ့တစ်ယောက်တည်းအတွက် ဖြစ်လာမှာ မဟုတ်ဘူး"
နင်းကျားရိ ၏အသံမှာ တိုးကာတိုးကာသွားရင်း သူ့မျက်နှာမှာလည်း အနည်းငယ်ဖြူဖျော့လာ၏။
နင်းထန်ရှန်းသည် သူ့လက်ထဲက သနားစရာကောင်းသော နင်းကျားရိကို ကြည့်ပြီး ရုတ်တရက် ထရယ်လိုက်၏။ ထို့နောက် သူ့လက်တွေကို ဖြန့်ကာ ကောင်ကလေး၏ပါးကို ဖွဖွလေး ပုတ်ရင်း
"စိတ်မပူပါနဲ့ ညီလေး၊ ငါ အဲဒီကောင်ကို ပထုတ်ပြီး ပျောက်ကွယ်သွားအောင် လုပ်ပေးမယ်" ဟု ပြောလိုက်၏။
ထို့နောက် သူသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့လက်ထဲက ဆက်သွယ်ရေးစက်ကို ကြည့်လိုက်သည်။
" မင်းရဲ့ကံက အရမ်းကောင်းတယ် ၊ လုကျစ်ကျောက် က ဒီနေ့ စုလျန် ကို ရှာဖို့သွားခဲ့သေးတာ ပြီးတော့ အကြောင်းအရင်းမရှိဘဲ စိတ်စွမ်းအင် ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။ လုမိသားစုက မင်းမုန်းနေတဲ့ စုလျန် ကို အလွတ်ပေးမှာ မဟုတ်တော့ဘူး။ သူတို့ စုလျန် ကို "မြွေတွင်း" ဆီပို့ဖို့ ငါ နည်းလမ်းတစ်ခု ရှာထားမယ်"
" ဟမ်? မြွေတွင်း?"
နင်းကျားရိ၏မျက်လုံးများ ကျယ်သွားပြီး သူ၏ ဒုတိယအစ်ကိုကို စိတ်ရှုပ်စွာ ကြည့်လိုက်မိ၏။
"မင်းဆိုလိုတာက စုလျန် ကို အဲ့ဒီလူရဲ့ အိမ်ထဲကို ပို့ချင်တာပေါ့။ ဒါပေမဲ့ ဘာထူးလို့လဲ စုလျန် က လု အိမ်မှာပဲ ရှိနေတုန်းမလား"
သူ့အစ်ကို၏ အစီအစဥ်ကို စိတ်မကျေနပ်သည့် နင်းကျားရိက “အဲ့ဒီလူ” ဟု ပြောလိုက်ချိန် မျက်နှာတစ်ခုလုံးမှာ ပိုလို့တောင် ရှုံ့တွနေသေးသည်။
အဲ့ဒီလူက ဘယ်သူလဲ၊ လု မိသားစုရဲ့ မြွေပွေး က ဘယ်သူ့ကို ရည်ညွှန်းလဲဆိုတာကို ဒီဖယ်ဒရယ်ဂြိုလ် တစ်ခုလုံး သိကြ၏။
ထိုသူက SS level ကို ရောက်ရန် ကြိုးစားနေသော ထိပ်တန်း အယ်လ်ဖာ တစ်ယောက်။ ထို့အပြင် လု မိသားစုကို ဖဒရယ်၏ အထက်တန်းလွှာအဖြစ် ရောက်ရှိအောင် သူတစ်ယောက်တည်း ဦးဆောင်ကြိုးစားခဲ့သူ ဖြစ်သည်။
စစ်သည်သိန်းချီသော ခါနန်စစ်တပ်ကို တစ်ယောက်တည်း ခုခံကာ နတ်ဆိုးတစ်ယောက်လို စွမ်းအားဖြင့် ချေမှုန်းခဲ့သူ လုထိုက်ဖန်။
လုထိုက်ဖန် မရှိပါက ယနေ့ လုမိသားစုဆိုတာ ရှိမလာနိုင်ဟု ဆိုနိုင်ပေသည်။
သို့သော် လုထိုက်ဖန်က သူ၏ခန္ဓာကိုယ်အခြေအနေကြောင့် ဒီနှစ်တွေအတွင်း လူရှေ့သူရှေ့ ပေါ်လာခဲ၏။
ဒုတိယအစ်ကိုသာ လုထိုက်ဖန် အကြောင်း ရုတ်တရက်ကြီး ထမပြောခဲ့လျှင် လုမိသားစု၏ လက်ရှိမိသားစုခေါင်းဆောင်မှာ လုထိုက်ဖန် ဆိုတာကို နင်းကျားရိ တကယ်ပင် မေ့နေပေပြီ။
ခါနန်စစ်သည် သိန်းပေါင်းများစွာ၏ အသက်ကို ရက်ရက်စက်စက် သတ်ခဲ့သည့် လုထိုက်ဖန် က ကြောက်စရာကောင်းသည်ကိုတော့ နင်းကျားရိလည်း လက်ခံသည်။ ထို့ကြောင့် သူနေထိုင်သည့် နေရာကိုပင် ''မြွေတွင်း'' ဟု ခေါ်ဝေါ်ကြ၏။
လုထိုက်ဖန်၏ စိတ်စွမ်းအားသည် မည်သည့်လက်နက်ကိရိယာမှ မလိုဘဲ စိတ်စွမ်းအားချည်းဖြင့်ပင် သတ်ဖြတ်နိုင်လောက်အောင် အားကောင်းသည် ဟု ဆိုကြ၏။
မြွေဆိပ်ကဲ့သို့ပင် ကိုက်ရာသေးသေးလေး၊ အဆိပ်နည်းနည်းလေးက လူထောင်ပေါင်းများစွာ၏ အသက်ကို နုတ်ယူပစ်နိုင်သည်။ အလွန့်အလွန် ရက်စက်ကြမ်းကြုတ်ပြီး အလွန့်အလွန် သွေးအေးရက်စက်လွန်းသည်။
သူ့အနား ကပ်မိလျှင်တောင် ကြောက်လန့်ပြီး တုန်ရီနေကြ၏။
သို့သော် လုထိုက်ဖန်က ကြောက်စရာကောင်းတာနှင့် စုလျန်ကို လုထိုက်ဖန်၏နေအိမ်သို့ ဘာကြောင့် ပို့ချင်လဲဆိုတာကို နင်းကျားရိ ဆက်စပ်လို့ မရပေ။
နင်းထန်ရှန်း သည် သူ့ရှေ့က ဉာဏ်မမှီသော သူ့ညီလေးကို ကရုဏာဖြင့် ကြည့်လိုက်၏။ ခဏကြာပြီးနောက် ထို့ နောက်ထပ် ရူးမိုက်သောအရာတွေ မလုပ်မိစေရန် သူမေးတာကို ဖြေဖို့ သက်ညှာစွာ ဆုံးဖြတ်လိုက်သည်။
"အရင်က ဒဏ်ရာဟောင်းကြောင့် လုထိုက်ဖန် က တခြားဆေးရုံတစ်ခုမှာ ပြန်သက်သာဖို့ လုပ်နေတာဆိုပြီး လု မိသားစုက လူထုကို ပြောထားတာ။ ဒါပေမဲ့ ငါတို့ရထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် အဲ့အဆိပ်ကောင်က အချိန်အတော်ကြာမပေါ်လာရတဲ့ အကြောင်းပြချက်က သူ အရူးတစ်ပိုင်း ဖြစ်နေပြီမို့လို့ပဲ"
"ဘာ! အရူးတစ်ပိုင်း"
"လုထိုက်ဖန် ရဲ့ အဆင့်က အရမ်းမြင့်တယ်လေ" ဟု အစချီကာ အစီအစဥ်ကို အကျဥ်းချုံး ရှင်းပြလိုက်၏။
"ဟမ့်, သမိုင်းမှာ SS အဆင့် အယ်လ်ဖာ ဖြစ်ဖို့ ဘာမှမပေးဆပ်ရဘူးလို့ မင်းထင်နေတာလား။ S အဆင့်ဖြစ်တဲ့ လုကျစ်ကျောက် အတွက် မင်းလို သေချာ မကွဲပြားသေးတဲ့ လူကိုတောင် လု မိသားစုက နှစ်ပေါင်းများစွာ ကျွေးမွေးဖို့ ဆန္ဒရှိနေတာ ဘာလို့လဲ။ သူတို့ ကြောက်တဲ့အရာက လုကျစ်ကျောက် ရဲ့စိတ်ခွန်အား အရမ်းသန်မာလာပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်ဖြစ်လာပြီး အသုံးမကျတဲ့သူ ဖြစ်သွားမှာကိုပဲ " ဒါကို ပြောရင်း နင်းထန်ရှန်း က အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။
နင်းကျားရိ ၏ လည်ပင်းနောက်ကို ကြည့်ကာ "သူတို့က S အဆင့် အယ်လ်ဖာ တစ်ယောက်အတွက် မင်းကို ရှာလို့ရပေမဲ့ SS အဆင့် လုထိုက်ဖန် နဲ့ ကိုက်ညီတဲ့ အိုမီဂါ တစ်ယောက်ကို သူတို့ဘယ်မှာသွားရှာမလဲ"
အလွန် စိတ်ကျေနပ်စရာကောင်းသော အကြောင်းအရာတစ်ခုကို စဉ်းစားမိသလို နင်းထန်ရှန်း က ခပ်ရွှင်ရွှင်လေး ရယ်မောလိုက်ပြန်သည်။
"ဒါကြောင့် လု မိသားစုရဲ့ လုထိုက်ဖန် က ဖယ်ရိုမုန်းကစဉ့်ကလျားဖြစ်တာကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ လူနာတစ်ယောက်ပဲ။ ဟားဟားဟားးး သူက အခု လောကကြီး အပြင်ဘက်တောင် မထွက်ရဲတော့ဘူး၊ ဘာလို့ဆို တခြားသူတွေဆီက ဖယ်ရိုမုန်း လှုံ့ဆော်မှု နည်းနည်းရှိတာနဲ့ ရုန်းရင်းဆန်ခတ် စဖြစ်လာပြီး ရူးသွားမှာမလို့ပဲ။ မကောင်းဆိုးဝါးဟောင်းကြီးရဲ့စိတ်က အခု လုံးဝပျက်စီးနေပြီ။ ဟားဟားဟားးး လု မိသားစုကလည်း ဒီသတင်းတွေကို မဖြန့်ရဲဘူး ဆက်ထိန်းထားတုန်းပဲ။ သူတို့ရဲ့ နောက်ခံကျောရိုးက ပြိုလဲနေပြီဆိုတာကို သိသွားမှာ ကြောက်နေတာလေ"
" ဖယ်ရိုမုန်း ကစဉ့်ကလျားဖြစ်တာ? ဒီရောဂါက သေလုမြောပါး နေမကောင်းဖြစ်တာမလား။ မင်း အဲဒါကို ရတာနဲ့ မကြာခင်သေမှာမလား၊ ဒီသတင်းက အမှန်လား"
နင်းကျားရိ က သူကြားတာတွေကို မယုံနိုင်သေးပေ။
ဖယ်ရိုမုန်း မတည်ငြိမ်ခြင်း(pheromone disorder) ဆိုသည့်အတိုင်း ဖယ်ရိုမုန်း ကစဉ့်ကလျားဖြစ်ခြင်းကို ရည်ညွှန်း၏။ ထို့အတူ အဆင့်မြင့် အယ်လ်ဖာ ဒါမှမဟုတ် အိုမီဂါ တစ်ယောက်က အချိန်အတော်ကြာအောင် သူတို့ အဆင့်နှင့် ကိုက်ညီသည့်တွဲဖက်၏ ဖယ်ရိုမုန်းဖြေလျှော့ပေးမှုကို မရလျှင် စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုကို ဖြစ်စေနိုင်သည်။
ရေမဖောက်ထုတ်နိုင်သော ရေလှောင်ကန်ကဲ့သို့ပင် ၊ ရေ level က ဆက်မြင့်တက်လာသည့်နှင့် နောက်ဆုံးမှာ များပြားလာသော ရေဖိအားကြောင့်က ရေကာတာက ပေါက်ထွက်သွားလိမ့်မည်- ထို့သို့ပင် ဤရောဂါရှိသောသူက အချိန်တိုအတွင်းမှာ သေချာပေါက် သေသွားလိမ့်မည်။
"ဓါတုဖယ်ရိုမုန်း (လူလုပ်ဖယ်ရိုမုန်း) မရှိတော့ဘူးလား။ တကယ့် တွဲဖက်လောက်က မကောင်းရင်တောင်မှ သက်သာရာ ရနိုင်တယ်လေ..."
"လုထိုက်ဖန်ရဲ့စိတ်စွမ်းအင်က ပုံမှန်စိတ်ထက် လုံးဝကျော်လွန်နေပြီ၊ သူက မကောင်းဆိုးဝါးတစ်ကောင်ပဲ ၊ ဓါတုဖယ်ရိုမုန်း အားလုံးက သူ့အပေါ် သက်ရောက်မှုမရှိဘူး ပြီးတော့ သူ့ကျန်းမာရေးကို အခြေအနေ ပိုဆိုးလာစေမှာ" ဟု နင်းထန်ရှန်း က ရှင်းပြပြီးနောက် လက်ခုပ်တီးလိုက်ကာ
"စကားမစပ် ငါတို့က ဟို ဘီတာ ကို ဖယ်ရှားဖို့ ဒါကို သုံးမလို့"
"လွန်ခဲ့တဲ့ရက်ပိုင်းက လုထိုက်ဖန်နေတဲ့ ပေယွမ်အိမ်တော်ကနေ အလောင်းတွေ ဆက်တိုက် သယ်နေကြတယ်။ အဲဒီ အလောင်းတွေဆီမှာ လုထိုက်ဖန်ရဲ့ ဖယ်ရိုမုန်းတွေ ရှိနေတယ်၊ ဘာကိုပြတာလဲ ဆိုတော့ လုထိုက်ဖန်ရဲ့ ဖယ်ရိုမုန်းတွေက ထိန်းမထားနိုင်တော့ဘဲ စိမ့်ထွက်နေလို့ပဲ။ အဲဒီ မြွေတွင်းထဲက စနစ်တွေ စက်ပစ္စည်းတွေကို ထိန်းချုပ်ဖို့ လူလိုနေတယ် ။ ဒီအတောအတွင်း လူအင်အား ပြန်ဖြည့်ဖို့အတွက် လုမိသားစုက စိတ်ချရတဲ့ ဘီတာ တချို့ကို မြွေတွင်း အတွက် ရွေးမယ်လို့ ငါတို့ သတင်းရထားတယ်"
နင်းကျားရိ က မျက်မှောင်ကြုတ်၏။ " မင်းဆိုလိုတာက?"
နင်းထန်ရှန်း က ပြုံးပြီး " ဒါက အရမ်းကောင်းတယ် မဟုတ်ဘူးလား ၊ စုလျန် လို နောက်ကြောင်းရှင်းတဲ့ ဘီတာကို သူတို့ သေချာပေါက် ရွေးလိမ့်မယ်။ သူ့ကို အထဲပို့တဲ့အချိန် သူ့အပေါ်မှာ နည်းနည်းအားကောင်းတဲ့ ဖယ်ရိုမုန်း ကို ထိုးသွင်းပေးလိုက်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်၊ နောက်တော့ လုထိုက်ဖန် က ငါတို့အတွက် ဒီပြဿနာ သေးသေးလေးကို ကူညီဖြေရှင်း ပေးလိမ့်မယ်"
"ဒါပေမဲ့ စုလျန် သေသွားနိုင်တယ် မဟုတ်လား"
နင်းကျားရိ ၏မျက်နှာက ပိုပြီးဖြူဖျော့လာ၏။
နင်းထန်ရှန်း က ပျော်ရွှင်စွာ ခေါင်းညိတ်ပြီး
"ဒါက မင်းလိုချင်နေတဲ့အရာ မဟုတ်ဘူးလား ၊ သူက သေမယ် ၊ မင်းက လုကျစ်ကျောက် ပူဆွေးသောကရောက်နေတဲ့အချိန် သူ့ကို့နှစ်သိမ့် သူ့နောက်လိုက်ပြီး သူ့ဘေးမှာ နေဖို့ပဲလိုတာ ၊ ငါ့ကိုယုံ သူက မင်းကို မကြိုက်ရင်တောင်မှ မင်းတို့ရဲ့ ဆက်ဆံရေးကို အမြဲအမှတ်ရနေမှာ။ ပြီးတော့ လု မိသားစုရဲ့အဖွဲ့ဝင် တစ်ယောက်အနေနဲ့ သူ အာဏာမရခင်အထိ လုထိုက်ဖန်ကို ဘာမှ မလုပ်နိုင်ဘူး ။ အချိန်ကျလာရင် သူတို့နှစ်ယောက် မတိုက်ခိုက်ဖို့ မင်း ဖျောင်းဖျနိုင်တယ်။ ငါတို့ရဲ့ နင်းမိသားစုက အနာဂတ်မှာ ကိစ္စအများကြီးကို အလွယ်တကူ လုပ်နိုင်မယ်။ ကျားရိလေး ဒုတိယအစ်ကိုက အတွေးအခေါ် မကောင်းဘူးလို့ မင်းထင်တာလား"
နင်းထန်ရှန်း က နင်းကျားရိ ကို အပြုံးလေးနှင့် ကြည့်လိုက်ပြီး လူငယ်လေးကလည်း သူ့ရှေ့က ဒုတိယအစ်ကိုကို ကြည့်ကာ ခေါင်းပြန်ညိတ်ပြလိုက်၏။
ခေါင်းသာညိတ်နေရသည် စိတ်ထဲတွင်တော့ နင်းကျားရိ တုန်လှုပ်နေမိ၏။
လုမိသားစုမှ “ထိုလူ”က အကြမ်းကြုတ်ဆုံးနှင့် အဆိပ်အပြင်းဆုံး မြွေပွေး ဆိုတာကို သိသော်လည်း ယခုအချိန်တွင်တော့ သူ့အရှေ့က ဒုတိယအစ်ကိုကသာ လုထိုက်ဖန် ထက် ပိုရက်စက်ပြီး နတ်ဆိုး တစ်ကောင်နဲ့ ပိုတူနေသည်ဟု နင်းကျားရိ ခံစားရသည်။
စုလျန်.. ငါ့ကို အပြစ်မတင်ပါနဲ့။
နင်းကျားရိ က သူ့နှလုံးသားထဲမှာ ရေရွတ်နေ၏။
မင်းကို မသေစေချင်ပေမဲ့လဲ
အားကျောက်က မင်းကို အရမ်းသဘောကျနေအောင် ဘာလို့လုပ်တာလဲ။
ငါနဲ့အားကျောက် ကြားမှာ မင်း ဘာလို့ ပေါ်လာရတာလဲ။
.....
စုလျန် က သူ့အခန်းထဲတွင် နှာချေနေ၏။
သူသည် တစ်ယောက်ယောက်က သူ့မကောင်းကြောင်းပြောနေသည်ဟု တွေးရင်း မျက်မှောင်ကြုတ် လိုက်မိသည်။ ထို့နောက် သူ့လည်ပင်းနောက်က ဘာဖြစ်နေမှန်း မသိဘဲ သူ့လက်ကို မြောက်ကာ ပွတ်သပ်လိုက်၏။
သူ့လည်ပင်းအနောက်ဘက်သည် ဖူးရောင်နေပြီး သူ့ခန္ဓာကိုယ်မှာလည်း ယားယံနေသည်။
စုလျန် သည် သူ၏အင်္ကျီလက်ကို ဆွဲတင်ပြီး ကြည့်လိုက်ရာ သူ့လက်ကောက်ဝတ်ပေါ်က အဖူးအပိန့်အနည်းငယ်ကို တွေ့လိုက်၏။
"ဘာတွေ ဖြစ်ရပြန်တာလဲ?" ဟု မျက်မှောင်ကြုတ်ကာ တိုးတိုး ပြောလိုသည်။
စုလျန်သည် ဒီလို လက္ခဏာမျိုးများနှင့် မစိမ်းပေ။ အဘယ်ကြောင့်ဆိုသော် သူ့ ယခင်ဘဝ၌လည်း တူညီသော လက္ခဏာများ ရှိခဲ့ဖူးသောကြောင့်ပင်။
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။
သူက လုကျစ်ကျောက်၏ ဖယ်ရိုမုန်းနဲ့ ဓါတ်မတည့်ပေ။
မမှားပါဘူး။ ဆရာဝန်များက သူနဲ့ လုကျစ်ကျောက်ရဲ့ ဖယ်ရိုမုန်းတွေက ဗီဇသဘောအရကို တွန်းကန် နေကြတာတဲ့။
ဓါတ်မတည့်မှု အခြေအနေက ပြင်းထန်နိုင်သလို အားပျော့တာလည်း ဖြစ်နိုင်သည်။ သို့သော် စုလျန် က ကံကောင်းခဲ့သည်။ ဘာကြောင့်လဲဆိုတော့ သူက လုကျစ်ကျောက် ရဲ့ ဖယ်ရိုမုန်း နဲ့ မတည့်ရင်တောင်မှ သူ့ဖယ်ရိုမုန်းဖွံ့ဖြိုးမှုက အားနည်းခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ နှာချေခြင်းနှင့် ခန္ဓာကိုယ် ယားယံခြင်းတို့သာ အများဆုံးမှာ ခံစားရနိုင်သည်။
ဒီနေ့မှ ဘာလို့ ဓါတ်မတည့်တဲ့ လက္ခဏာရပ်တွေ ပေါ်နေရလဲဆိုတဲ့ အကြောင်းပြချက်က လုကျစ်ကျောက် ထိန်းချုပ်မှုလွတ်သွားချိန်၌ သူ့ကို လာရောက် ရိုက်ခတ်သည့် ဖယ်ရိုမုန်းတွေ အများကြီး ရှိနေသောကြောင့် ဖြစ်နိုင်၏။
ယခင်ဘဝက နေ့စဥ် ပုံမှန်အတိုင်း လုကျစ်ကျောက်နှင့် ထိတွေ့နေခဲ့သော်လည်း ထိုသို့ ဓါတ်မတည့်မှုမျိုး မဖြစ်ခဲ့ပေ။ ထို့အပြင် ချစ်သူများ ဖြစ်လာကြသောအခါ ချစ်သူတို့ ထုံးစံအတိုင်း ပေါ့ပါ့ပါးပါး ထိတွေမှုများက ထိုသို့ မဖြစ်စေခဲ့။ သို့ဖြင့် ခိုးရာလိုက်ပြေးသည့် အဆင့်အထိရောက်ရှိ သွားခဲ့ကြသည်။
ထိုတော့မှ ပိုပြီးရင်းနှီးသည့် အပြုအမူများ လုပ်ချင်လာသည့် အခါတိုင်း လုကျစ်ကျောက်၏ ဖယ်ရိုမုန်းများ ပြင်းထန်လာချိန်တွင် စုလျန် က ခေါက်ကိုက်ခြင်း၊ အဆက်မပြတ် နှာချေခြင်းနှင့် ကိုယ်ပေါ်တွင် အဖူးအပိန့်ထခြင်းတို့ကို ခံစားလာရ၏။
အကြိမ်များစွာ ကြိုးစားကြည့်ပြီးနောက်တွင် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ဆက်လက် ညှင်းပန်း မနေချင်တော့ပေ။ သူတို့နှစ်ယောက် အခြေကျပြီးမှ ထိုပြဿနာဖြေရှင်းရန် ဆေးရုံကိုသွားမည်ဟု စဉ်းစားခဲ့ကြ၏။
ကံမကောင်းချင်တော့ အဲဒါပြီးနောက် အမှန်တကယ် အခြေကျဖို့ သူတို့မှာ အခွင့်အရေး မရှိခဲ့ပေ။
ပြန်လည်မွေးဖွားလာပြီးနောက် လုကျစ်ကျောက်၏ ဖယ်ရိုမုန်းနှင့် ဓာတ်မတည့်မှုကို ဒီလောက်စောစောစီးစီး ခံစားရမည်ဟု မထင်မှတ်ထားခဲ့ပေ။
လုကျစ်ကျောက်၏ ဖယ်ရိုမုန်းကို လုံးဝ မခံစားခဲ့ရတောင်မှ ဓါတ်မတည့်မှု ဖြစ်လာသောကြောင့် စုလျန် ခါးသပ်သပ် ပြုံးလိုက်မိသည်။
ညဥ့်နက်နေပြီ ဖြစ်ပြီး အိမ်တွင်လည်း ဖယ်ရိုမုန်းဓာတ်မတည့်မှု အတွက် ဆေးဝါးကလည်း အိမ်တွင် အဆင်သင့်ကလည်းမရှိ ဖြစ်နေသည်။
စုလျန် အိပ်ရာထဲ လှဲနေသော်ငြား လည်ပင်းနောက်မှ တင်းမာကိုက်ခဲမှုကြောင့် အလွန် မသက်မသာခံစားနေရပြီး မအိပ်နိုင် ဖြစ်နေ၏။
စုနွမ်ကိုလည်း မနိုးစေချင်တာကြောင့် အိမ်အပြင်ဘက်သို့ ဖွဖွလေး ထွက်လာပြီး လရောင်အောက်တွင် လမ်းလျှောက်နေခဲ့သည်။
စုလျန်၏ စိတ်ကူးအရဆိုလျှင် ပူပြီးဖူးရောင်နေသော လည်ပင်းအနောက်ဘက်ကို သက်သာစေရန် ညလေအေး ခံချင်ရုံသာ။ သို့သော် ရီဝေဝေဖြင့် လုမိသားစုစံအိမ်ကြီးနှင့် အလှမ်းဝေးသော ထောင့်အစွန် တစ်နေရာဆီသို့ လေသယ်ဆောင်ရာအတိုင်း စုလျန် တစ်လှမ်းပြီး တစ်လှမ်း လျှောက်လှမ်း နေမိသည်။
သူသည် ရင်းနှီးသလို မရင်းနှီးသလိုရှိသော ဥယျာဉ်တစ်ခုရှေ့တွင် ရပ်လိုက်၏။
ယနေ့ည၏လရောင်က အလွန်တောက်ပနေပြီး ငွေရောင်အလင်းက သူ့ရှေ့ရှိ ဥယျာဉ်ငယ်လေးကို အလင်းပေးနေသည်။ စုလျန် သူ့ရှေ့က ဥယျာဉ်ကို အံ့ဩစွာ ကြည့်ပြီးနောက် သတိဝင်လာ၏။
ဘာကြောင့် သူ ဒီကို ရောက်လာခဲ့တာပါလိမ့်။
သူ့ကိုယ်သူ မေးနေမိသည်။
သူ့ရှေ့က ဥယျာဉ်ငယ်လေးသည် လုမိသားစုက ဂရုတစိုက်ထိန်းသိမ်းထားသော အခြားဥယျာဉ်များနှင့် လုံးဝ မတူပေ။
အစိမ်းရောင် အုတ်တံတိုင်းတစ်ခု။ နှစ်ပေါင်းများစွာ စုပုံနေသော သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်များက မြေပြင်ပေါ်တွင် ပြန့်ကြဲချင်တိုင်း ပြန့်ကြဲနေပြီး မူလက လှပခဲ့သော ကြမ်းခင်း၊ ကြွေပြားများကိုပင် မမြင်ရတော့ပေ။ ညလေညှင်းနှင့်အတူ လှုပ်ရမ်းနေသော အမှောင်ရိပ်များက တစ္ဆေတစ်ကောင်ကဲ့သို့ ခြံဝင်းထဲတွင် ရိုးတိုးရိပ်တိတ်ဖြင့် တလှုပ်လှုပ် ရှိနေ၏။
ဒီဥယျာဉ်ငယ်လေးက "နှစ်သက်ဖွယ်" ၊ “ရှု့ချင်ဖွယ်” စသည့် စကားလုံးများနှင့် ဘာမှ မသက်ဆိုင်ပေ။ ချောက်ချားဖွယ်ရပ်ဝန်းတစ်ခုဟုတောင် ဆိုနိုင်သည်။
သို့သော် စုလျန် အတွက်မူ သူ သက်သောင့်သက်သာအဖြစ်ဆုံးဟု ခံစားရသော နေရာတစ်ခု ဖြစ်နေသည်။
သို့သော် သူ၏အရင်ဘဝ၌ လုကျစ်ကျောက် နှင့်အတူ ထွက်ပြေးပြီးနောက် သူ့အတွက် လု အိမ်သို့ တစ်ဖန် ပြန်လာဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။ ရှင်းပြရလျှင် သူ ဒီကိုမရောက်တာ အချိန်အတော်ကြာပြီဟု ပြောနိုင်သည်။
ထိုအကြောင်းများကို တွေးမိတော့ စုလျန် ရင်ထဲ၌ အတိတ်ကို လွမ်းဆွတ်လာမိ၏။ မရည်ရွယ်ထားပါပဲ ရင်းနှီးနေသည့် လမ်းလေးအတိုင်း ဥယျာဉ်ဆီသို့ လျှောက်သွားလိုက်၏။
စုလျန် လမ်းလျှောက်လာရင်းမှ စွမ်းအားပြင်းလက်နက်များ တပ်ဆင်ထားသော အနက်ရောင် ကာကွယ်ရေးစက်ရုပ်များ ရုတ်တရက် ထွက်ပေါ်လာပြီး နဖူးကို အနီရောင် pointer များ ဖြင့် ချိန်ထားခြင်းကို ခံလိုက်ရ၏။
စုလျန်၏မျက်နှာက မပြောင်းလဲဘဲ အန္တရာယ်ရှိသောလက်နက်များ ကိုင်ဆောင်ထားသည့် ထိုစက်ရုပ်များကို အေးဆေးစွာ ကြည့်နေ၏။ -စက္ကန့်အနည်းငယ် ကြာပြီးနောက် စက်ရုပ်က သူတို့၏လက်နက်များကို သိမ်းလိုက်ပြီးနောက် စုလျန်က အန္တရာယ်မရှိသည်ကို အတည်ပြုကာ တိရစ္ဆာန်ငယ်လေးများလို သူတို့၏ မူလပုန်းခိုနေသည့် နေရာသို့ ပြန်သွားကြ၏။
" အာ စက်ရုပ်တွေက မော်ဒယ်ပြောင်းသွားတာလား"
စုလျန် က တိုးတိုးလေး ပြောပြီးနောက် ရှေ့သို့ ဆက်သွားလိုက်သည်။
သူသည် ဥယျာဉ်အလယ်က ခြောက်ခမ်းနေသော ရေပန်းနံဘေး၌ ရင်းနှီးစွာ ထိုင်ချလိုက်ကာ လရောင်ကို ခဏကြာ စိုက်ကြည့်နေ၏။
လူအများစု လာရောက်ခြင်းမရှိသော ဒီလျှို့ဝှက်ဥယျာဉ်လေးသည် စုလျန်အတွက် လုမိသားစုအိမ်တော်တွင် ပထမဆုံးတွေ့ရှိခဲ့သော လုံခြုံသည့်ကောင်းကင်ဘုံလေးပင်။
သူ လုမိသားစုကို စဝင်လာခဲ့စဉ်က လူတိုင်းက သူ အိုမီဂါတစ်ယောက်အဖြစ်သို့ ပြောင်းသွားမည်ဟု ထင်ခဲ့ကြသည်။
စုနွမ်က လု မိသားစု၏ဘဝအသစ်တွင် နေသားကျဖို့ ကြိုးစားရုန်းကန်နေရသဖြင့် လုမိသားစု၏ ကြောက်စရာ အမှောင်ခြမ်းများနှင့် ကောလဟာလများကို သတိမပြုမိပေ။ ကောလဟာလများမှာ စုနွမ်က စုလျန်ကို လု မိသားစုသို့ ခေါ်လာရသည့် အကြောင်းအရင်းမှာ စုလျန် အိုမီဂါအဖြစ် ကူးပြောင်း သွားပြီးလျှင် သြဇာရှိသူ တစ်ယောက်ယောက်၏ ကုတင်ပေါ်သို့ တက်ခွင့်ရရန် ဟူ၍ပင်။
စုမိသားစုမှ မောင်နှမနှစ်ယောက်လုံးက ပိုက်ဆံရရန်အတွက် သူတို့၏ အိုမီဂါ ဂုဏ်ပုဒ်ကို အားကိုးပြီး သူ့တို့ကိုယ် သူတို့ ရောင်းချ နေကြသည်ဟုလည်း နောက်ကွယ်တွင် ပြောနေကြသည်။
စုလျန် သည် လု မိသားစုသို့ စတင်ဝင်ရောက်လာသည့်အချိန်၌ သာမန် ဆယ်ကျော်သက် တစ်ယောက် ဖြစ်ပြီး စုနွမ်ကလည်း လုမိသားစု၌ ခြေလှမ်းမမှားစေရန် ခြေလှမ်းတိုင်းကို သတိကြီးကြီး လျှောက်လှမ်းနေရသည်။
သူသည် သူ့အစ်မကို သူနဲ့ပတ်သက်ပြီး နောက်ထပ် မပူပန်စေချင်တော့ပေ။ ထို့ကြောင့် ဒီဒုက္ခတွေ ရင်ဆိုင်ရသည့်အခါ အစ်မနှင့် လူကြီးများကို တိုင်တန်းနေမည့်အစား အံကြိတ်ခံပြီး ပြဿနာနှင့် ဝေးဝေးရှောင် နေလိုက်တော့မည်။
အယ်လ်ဖာများက သူတို့ နေ့စဉ်လုပ်ဆောင်ရသည့် လေ့ကျင့်ရေးများ ပြီးဆုံးလျှင် ကျောင်းက ပြန်လာသော စုလျန် ကို နှောင့်ယှက်ရန် စံအိမ်ကြီးအတွင်း လိုက်လံ ရှာဖွေတတ်ကြ၏။ စုလျန် ကတော့ ခွေးရိုင်းတစ်အုပ်က လိုက်ဖမ်းနေသော တိရစ္ဆာန်ငယ်လေး တစ်ကောင်လိုပင် လွတ်မြောက်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေရသည်။
တစ်ခါတုန်းက သူ မတော်တဆ ဒီဥယျာဉ်ထဲတွင် ဝင်ပုန်းနေခဲ့ဖူးသည်။
ထိုအချိန်က ဒီဥယျာဉ်သည် ဘာကြောင့် တခြားနေရာတွေ အားလုံးနဲ့ တခြားစီ ဖြစ်နေလဲဆိုတာ သူမသိခဲ့ပေ။ ပြီးတော့ ဥယျာဉ်မှူးတွေက ဘာကြောင့် ဒီဥယျာဥ်ကို ဂရုမစိုက်ကြဘဲ နေတာလဲ။ လူသူ အရောက်အပေါက် နည်းအောင် ပစ်ထားသလဲဆိုတာ မသိခဲ့ပေ။
လူတစ်ယောက်ကို ပြာပုံအဖြစ် အလွယ်တကူ လောင်းကျွမ်းစေနိုင်သော လက်နက်ကိုင်ဆောင်ထားသည့် ကာကွယ်ရေးစက်ရုပ်များက ဘာကြောင့် သူ့ကို ဥယျာဉ်ထဲသို့ ပုန်းခိုခွင့်ပြုခဲ့လဲ ဆိုတာလည်း သူမသိခဲ့ပေ။
.....
အတိတ်ကိုတွေးရင်း စုလျန် သည် အသက်ပြင်းပြင်းရှူကာ မပြုံးဘဲမနေနိုင်...ထို့နောက် သူသည် အေးမြသော လေထဲတွင် စိုစွတ်သောရနံ့ အနည်းငယ်ကို ရလိုက်၏။
"ဟင်!"
စုလျန် က သူ၏မျက်လုံးများကို ဖွင့်လိုက်၏။
သူ နေ့လယ်က စာကြည့်တိုက်ထဲရှိနေစဉ် ရခဲ့သည့် ရေမွှေးနံ့ကို ဘာကြောင့် ရင်းနှီးသလို ခံစားရတာလဲဆိုတာကို ရုတ်တရက် သဘောပေါက်လိုက်သည်။
ဒီတော့ အဲရေမွှေးနံ့က ဒီဥယျာဉ်ထဲက ထူးခြားတဲ့ ရနံ့နဲ့ တူနေခဲ့တာပေါ့။
စုလျန် က သက်ပြင်းမချဘဲ မနေနိုင်ပေ။
ဥယျာဉ်ထဲတွင် ခဏကြာနေပြီးနောက် စုလျန် သည် လန်းလန်းဆန်းဆန်း ဖြစ်သွားတာကို ခံစားလိုက်မိ၏။
ဖူးရောင်ပြီး ပူနေသော လည်ပင်းအနောက်ဘက်သည် သူ သတိမထားမိလိုက်ခင်မှာပင် ထူးထူးခြားခြား ပြန်သက်သာသွားခဲ့ပြီ။
စုလျန် ဥယျာဥ်လေးကို အလွမ်းပြေ ပတ်ကြည့်လိုက်မိသည်။ ဥယျာဥ်၏ ထောင့်တနေရာ အရောက်တွင် သူ့ခြေလှမ်းများ ရပ်တန့်သွားပြီး သစ်ရွက်ခြောက်များ ဖုံးအုပ်နေသည့် မှန်လုံ ပန်းအိမ်လေးကို ကြည့်နေမိ၏။
မှုန်ကုပ်အေးစက်နေသည့် ခန့်ညားချောမောသော မျက်နှာတစ်ခုက စုလျန် အတွေးထဲ ရုတ်တရက်ဝင်လာခဲ့သည်။
အဲဒီလူကော ဒီနေရာကို လာသေးလား။