“နင်းကျားရိ?”
လုကျစ်ကျောက်၏ ပါးစပ်ကနေ ထိုနာမည်ကို ရုတ်တရက်ကြားလိုက်ရသည့်အခါ စုလျန် တအံ့တသြဖြင့် မျက်လုံးပြူးသွားမိသည်။
နူးညံ့ချောမောလှပလွန်းသော ထိုမျက်နှာလေးတစ်ခု သူ့စိတ်ထဲတွင် ဖြည်းညင်းစွာ ပေါ်လာပြီး နောက်ဆုံးမှတ်ဉာဏ်ထဲရှိ မင်္ဂလာပွဲ၌ သိမ်မွေ့ကာလှပနေသည့် အိုမီဂါလေး၏ မျက်နှာနှင့် တထပ်တည်းကျသွားခဲ့သည်။
စုလျန်က နင်းကျားရိကို အသေအချာကို သိတာပေါ့။
လုမိသားစုက လုကျစ်ကျောက်ကဲ့သို့ နင်းကျားရိကလည်း နင်းမိသားစု၏ ချစ်လှစွာသော သခင်ငယ်လေး တစ်ယောက်ပင်။
အရေးအကြီးဆုံးအချက်မှာ နင်းကျားရိသည် လူပျိုဖော်ဝင်ခါစဖြစ်ပြီး အမျိုးမျိုးသောရုပ်ပိုင်းဆိုင်ရာ အချက်အလက်များက ထိပ်တန်းအဆင့် အိုမီဂါ အဖြစ်သို့ ကွဲပြားနိုင်ခြေများကြောင်း ပြသလာ၏။ ထိုအချက်ကြောင့်လည်း နင်းကျားရိ၏ခန္ဓာကိုယ်အား အတော်လေး မတည်ငြိမ် ဖြစ်နေတာပင်။
လုမိသားစု၌ အဖွဲ့အစည်းတစ်ခုလုံးတွင် အဆင့်အမြင့်ဆုံး ဖယ်ရိုမုန်းအမျိုးအစားခွဲသောကိရိယာ ရှိခြင်းကဲ့သို့ အလွန်ထူးခြားသော အကြောင်းပြချက်များလည်း ရှိသေးသည်ပင်။ အမှားအယွင်းမရှိဘဲ ကွဲပြားခြင်းကာလထဲသို့ ဝင်ရောက်နိုင်ရန်အတွက် နင်းမိသားစုက နင်းကျားရိကို ဆယ်ကျော်သက်အရွယ်ကတည်းက လုမိသားစုထံ ပို့ထားခဲ့ကာ လုမိသားစုထံမှ နင်းကျားရိ၏ ရုပ်ပိုင်းဆိုင်ရာ ချိန်ညှိမှုများကိုလည်း ပုံမှန် ခံယူစေခဲ့၏။
နင်းမိသားစု၏အကြံအစည်က လုမိသားစုထက် သာ၍ ကောင်းလှသည်။ သူတို့၏သခင်လေးကသာ လုမိသားစုထံနေလျှင် လုကျစ်ကျောက်နှင့် ရင်းနှီးသောသူငယ်ချင်း အလိုအလျောက် ဖြစ်လာလိမ့်မည်။
ထို့နောက် လုကျစ်ကျောက်၏ အချစ်ဆုံးသူငယ်ချင်း ..... ငယ်ချစ်ဦး ။
နင်းကျားရိက လုကျစ်ကျောက်၏ စေ့စပ်ထားသော အမျိုးသားဖြစ်လာရန် သတ်မှတ်ထားပြီးသား ဖြစ်လောက်မှန်း စုလျန် ယခုမှ ပြန်စဉ်းစားမိသည်။
သူ အရင်ဘဝက ရူးမိုက်လွန်းလို့သာ လုကျစ်ကျောက်၏ မျက်တောင်တစ်ချက်မခတ်ဘဲ ပြောခဲ့တဲ့ ဖြေရှင်းချက်တွေကို ယုံကြည်မိတာပင်။ ယခင်ဘဝတစ်ခုလုံးနဲ့ ရင်းပြီး ရခဲ့သည့် သင်ခန်းစာမို့ ဒီဘဝအတွက်တော့ လုံလောက်သွားခဲ့ပြီ။
“ငါနဲ့ နင်းကျားရိလား။ လုပ်စမ်းပါ။ သူနဲ့က တကယ့်ကိုမှ ရိုးရိုးသားသား သူငယ်ချင်းပဲ အိုခေ! သူ့မှာ ဝက်ခြံတွေ စထွက်လာတုန်းက အရမ်းရှက်လို့ အိပ်ရာပေါ်မှာ အကြာကြီးငိုခဲ့တာကို ငါအခုထိမှတ်မိသေးတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင်ကွာ… မင်းသိလား ၊ ဒီလိုကောင်လေးအတွက် ခံစားချက်ရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”
လုကျစ်ကျောက် မျက်မှောင်ကြုတ်ကာ သူ၏လက်များကို ဆန့်ထုတ်လိုက်ပြီးနောက် သူ့လက်ပေါ်မှ ထောင်နေသော အမွှေးနုလေးများကို စုလျန်အား ထိကြည့်စေသည်။
“မြင်လား ၊ ငါ ကြက်သီးတောင် ထလာပြီ။ နင်းကျားရိနဲ့ ငါက အဲဒီလို ဆက်ဆံရေးမျိုး ရှိလာဖို့ ဆိုတာ ငါ့ဘဝမှာ မဖြစ်နိုင်ဘူး။ မုန်းစရာကောင်းတယ်လေ ဟုတ်ပြီလား! သူကတောင် ပြောလိုက်သေးတယ်? ငါသာ သူ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေမယ်ဆိုရင် ကိုယ့်ဟာကိုယ်ကို သတိထားသင့်တယ် တဲ့”
လုကျစ်ကျောက်က မနှစ်မြို့သည့်ပုံဖြင့် “ကျစ် သူက တတယ်ကို အတွေးလွန်နေတာပဲ ဘယ်သူက သူ့ကို ကြိုက်မှာလဲ… ငါ့မှာ ငါကြိုက်တဲ့သူရှိပြီးသားပါနော်”
သူ၏ယခင်ဘဝက မှတ်ဉာဏ်ထဲတွင် လုကျစ်ကျောက် နောက်ဆုံးစကားကို ပြောလိုက်သည့်အချိန်၌ သူ(လုကျစ်ကျောက်)၏ မျက်ဝန်းများက ရုတ်တရက် ပိုပြီးနူးညံ့သွားခဲ့သည်။
ထိုအကြည့်က စုလျန်၏ ကိုယ်ပေါ်မှာ ကျရောက်နေသည့်အခါ သူ့(စုလျန်)အား အလိုအလျောက်ပင် ရှက်သွေးဖြာစေခဲ့၏။
ထိုအချိန်က လုကျစ်ကျောက်၏ သဘောထားမှာ ခိုင်မြဲလွန်းနေသည့်အတွက် စုလျန်ကား ထိုအရာကို တကယ်ပင်ယုံခဲ့မိ၏။
လုကျစ်ကျောက်နှင့် နင်းကျားရိကို ယုံကြည်ရင်း သူတို့က သူငယ်ချင်းတွေသာ ဖြစ်ပြီး ဒီထက် ဘာမှမပိုဟု ယုံကြည် မိခဲ့သည်။
ထို့အပြင် စုလျန်နှင့် ဆက်ဆံရေးမှာ ပို၍ နီးကပ်လာသောအခါ လုကျစ်ကျောက်က နင်းကျားရိဆီ သွားသည့်အခါများ၌ စုလျန်ကိုလည်း တစ်ခါတစ်လေ ခေါ်သွားတတ်၏။ စုလျန် တွေ့လိုက်ရသည့် နင်း မိသားစု၏ သခင်လေးမှာ လုကျစ်ကျောက် ပြောသကဲ့သို့ တဇွတ်ထိုးနိုင်ပြီး မုန်းချင်စရာ ကောင်းနေတာမျိုး မဟုတ်ပါချေ။
သူက တကယ်ကို ကြင်နာတတ်သည် ဟုပင် ပြောနိုင်ပါ၏။
သူက စုလျန်ထက်ငယ်ပြီး အမြဲတမ်း “စုလျန်ကော” ဟု ခေါ်ကာ စုလျန်ကို ချိုသာစွာ ပြုံးပြတတ်သည်။
[“စုလျန်ကော ကျွန်တော့်ကို ကိတ်သေးသေးလေး ဝယ်ဖို့ ကူညီပေးနိုင်မလားဟင် ၊ ကျွန်တော် ကိတ်အသေးလေးတွေကို တကယ်စားချင်နေတာ ဆိုပေမယ့် သူတို့က ကျွန်တော့်ကို အပြင်စာတွေ စားခွင့်မပေးဘူးရယ်...အပြင်အချိုပွဲဆိုင်က ကိတ်တွေ အစ်ကိုဝယ်ခဲ့တယ်လို့ ပြောတာ ကျွန်တော်ကြားမိတယ် ၊ အဲဒါ အရမ်းကောင်းမှာပဲ ကျွန်တော် အဲ့တာတွေကို တစ်ခါမှ မစားဖူးဘူး။ လုမိသားစုက အစားအသောက်တွေက အာဟာရဓာတ်တွေ ၊ ကယ်လိုရီတွေနဲ့ ပြည့်နေပြီး သူတို့လုပ်တဲ့ကိတ်တွေက အရမ်းစားမကောင်းဘူး”]
[“စုလျန်ကော ကျွန်တော် တောင်းပန်ပါတယ်။ မနက်ဖြန် အားကျောက်နှင့်အစ်ကိုတို့ ဒိတ်မှာမှန်း မသိခဲ့ဘူး...အာ အဲတာက ဒိတ် မဟုတ်ဘူး ၊ ကျွန်တော်လျှောက်ပြေးနေမိတာက အစ်ကိုတို့ကို နှောက်ယှက်သလို ဖြစ်နေမှာကို စိတ်ပူတာပါ”]
[“စုလျန်ကော အားကျောက်က မနေ့က ကျွန်တော်နှင့်အတူ ရှိနေခဲ့တာရယ်။ ကျွန်တော် တောင်းပန်ပါတယ်နော် ၊ လုမိသားက ကျွန်တော့်ကို အမြဲစောင့်ကြည့်နေတတ်တော့ ကျွန်တော့်မှာ သူငယ်ချင်း သိပ်မရှိလို့ပါ”]
…
စုလျန်သည် တစ်ခါတစ်ရံတွင် နင်းကျားရိ၏ အထက်စီးဆန်သည့် အပြောအဆို၊ အမူအယာလေးများက သူကိုယ်တိုင်နှင့် (စုလျန်) သိပ်သဟဇာတမဖြစ်မှန်း အသေအချာ သိပါသော်လည်း ပိုးမွေးလိုမွေးခံရသည့် သခင်ငယ်လေးတစ်ယောက်ထံတွင် ရှိနေတတ်သည့် အထက်စီးဆန်မှုမျိုးဟုသာ ခံစားမိခဲ့သည်။ ဒါကိုလည်း သခင်လေးတစ်ယောက်အနေနှင့် နည်းနည်းလောက် မာနကြီးတာက သဘာဝကျတယ်လို့သာ စုလျန်က မှတ်ယူထား၏။
“လျန်လေး ကျားရိရဲ့စိတ်က ဒီလိုဆိုတာ မင်းသိပါတယ်။ ပြီးတော့ သူက အခု အကြိုကွဲပြားတဲ့ကာလထဲ ရောက်နေတယ်လို့ ဆရာဝန်က ပြောထားတယ် ၊ သူ ဒီအတောအတွင်း အရမ်းကြီး သက်တောင့် သက်တာမဖြစ်တဲ့အပြင် အဲဒါကြောင့်ပဲ သူအရမ်းစိတ်ရှုပ်ထွေးနေရုံပါ…”
လုကျစ်ကျောက် က တတွတ်တွတ် ပြောနေဆဲပင်။
ဤသည်ကို ကြားပြီးနောက် အရင်က လုကျစ်ကျောက် ဘာတွေပြောခဲ့မှန်း စုလျန် တဖြေးဖြေး မှတ်မိလာတော့သည်။
ဟုတ်၏ ၊ တကယ်ကို ထိုကဲ့သို့ကိစ္စမျိုးမှာ အရင်ဘဝတုန်းက ဖြစ်ခဲ့သည့်ပုံပင် – သူ လုကျစ်ကျောက်အား ပေးခဲ့သော မွေးနေ့လက်ဆောင်မှာ နင်းကျားရိကြောင့် ပျက်ဆီး သွားခဲ့ရသည်။
အမှန်အတိုင်းဆိုရလျှင် ထိုကဲ့သို့ပစ္စည်းမျိုးက လုကျစ်ကျောက်နှင့် နင်းကျားရိတို့လို လူမျိုးများအတွက် အရမ်းတန်ဖိုးကြီးသည့် ပစ္စည်းမျိုး မဟုတ်ပါချေ။
ထိုပစ္စည်းမှာ လုကျစ်ကျောက် လိုချင်နေခဲ့သော limited edition အရုပ်တစ်ရုပ်သာ ဖြစ်၏။ စုလျန်အတွက်တော့ ထိုစျေးနှုန်းသည် အချိန်ကြာမြင့်စွာ အလုပ်လုပ်ပြီးမှ ရရှိနိုင်သည့် ကိန်းဂဏန်းတစ်ခုသာ။ လုကျစ်ကျောက်က ထိုအကြောင်း အကြိမ်များစွာ ပြောခဲ့သော်လည်း လုမိသား၏ အာ်လ်ဖာလေ့ကျင့်ရေးအတွက် အနှောက်အယှက် ဖြစ်သည်စိုးသဖြင့် ထိုအရုပ်ကို မဝယ်ခဲ့ချေ။
စုလျန်ကတော့ စျေးကြီးသည့်အရုပ်ကို မျက်စိစုံမှိတ်ပြီး ဝယ်ခဲ့သည်။ အရုပ်ကို သေသေချာချာထုပ်ပိုးကာ လုကျစ်ကျောက်၏အိပ်ရာဘေးသို့ လျှို့ဝှက်စွာ ကြိုတင်ပို့ထားခဲ့၏။
သို့သော် လုကျစ်ကျောက် က အထုပ်ကိုဖွင့်လိုက်သည့်အခါ မျှော်လင့်ခဲ့ထားသလို အံ့ဩသွားခဲ့ခြင်းမျိုးက ဖြစ်မလာခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် သူ အရုပ်ကို တွေ့လိုက်ရသည့်အခါ ထိုအရုပ်လေးက ကလေးက တစ်စစီဖြုတ်ထားသလို အဖြုတ်ခံ ထားရလေ၏။
သူ(လုကျစ်ကျောက်)က လုမိသားစုမှ သခင်ကြီး၏ အချစ်မြတ်နိုးရဆုံးမြေးပင်။ သူသည် အရုပ်များအတွက်နှင့် စိတ်ပျက်စရာကောင်းအောင် နားပူနားဆာ လုပ်စရာလိုပါချေ။ နင်းကျားရိသည် လုကျစ်ကျောင်း အိပ်ရာဘေးမှ ထိုအရုပ်ကို မြင်သောအခါ တွေဝေခြင်းမရှိစွာဖြင့် ကလေးများကို အပျင်းပြေကစားရန် ပေးလိုက်လေ၏။
“အာ! အဲတာက အစ်ကို့ဆီက လက်ဆောင်လား။ တောင်းပန်ပါတယ်။ ကျွန်တော်မသိလိုက်ဘူး ၊ အဲတာကို အားကျောက်ရဲ့ဟာလို့ ထင်လို့ပါ။ သူက နှစ်တိုင်း ထုပ်ပိုးထားတဲ့ လက်ဆောင်တွေ အများကြီးရတာရယ်။ ကျွန်တော်က လျန်ကောဟာကို အဲဒီထဲက မဖွင့်ရသေးတဲ့ တစ်ခုလို့ ထင်သွားမိလို့။ ဒီတစ်ခုလည်း အရင်ဟာတွေနဲ့ အတူတူပဲ ထင်လို့ပါ”
ထိုအဖြစ်အပျက်ပြီးနောက် နင်းကျားရိသည် သူ့မျက်လုံးများကို အပြစ်ကင်းစင်လှစွာ ဖွင့်ထားရင်း အံ့ဩသင့်နေသည့်ပုံစံဖြင့် ရှင်းပြခဲ့သည်။
“အစ်ကိုသိလား။ အားကျောက်က ဒီလိုပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ သိပ်ဂရုမစိုက်ဖူးဘူးလေ။ ပြီးတော့ ကလေးတွေက အရမ်းဆူညံနေတဲ့အပြင် ကျွန်တော်ကလည်း ကလေးတွေ ငိုမှာကြောက်တာနဲ့… တောင်းပန်ပါတယ်.. စုလျန်ကော ၊ ဒါမှမဟုတ် ကျွန်တော်အသစ်တစ်ခုဝယ်ပြီး အစ်ကို့ကို ပြန်ပေးရင်ရော”
နင်းကျားရိက ထိုစကားများကို နူးညံ့သိမ်မွေ့စွာ ပြောခဲ့၏။
“ကျားရိ မင်းဦးနှောက်က ဒီရက်ပိုင်း တကယ်မကောင်းတော့ဘူးပဲ။ ငါ့မွေးနေ့လက်ဆောင်ကို ကလေးတွေ ဆော့ဖို့ ပေးလိုက်တယ်ပေါ့လေ” လုကျစ်ကျောက် က နင်းကျားရိအား သူ၏တံတောင်ဆစ်ဖြင့် တွန်းလိုက်ပါသော်လည်း သူ အားမသုံးခဲ့ပေ။
သူ့အသံက စိတ်ဆိုးနေသည်ဟု ထင်ရသော်လည်း သူ့မျက်လုံးထဲ၌ အပြစ်တင်သည့် အရိပ်အယောင်မရှိခဲ့ပါချေ။
“နောက်တစ်ခါကျရင် ပိုသတိထားပေးပါ။ ပြီးတော့ မင်း ဒီအရုပ်အတွက် ပိုက်ဆံနဲ့ ပြန်ပေးလို့ရမလား ၊ ဒါက ငါ့မိသားစုက လျန်လေး ပေးတဲ့ဟာလေ… မင်း ဒီတန်ဖိုးထက် ပိုပြီး ပိုက်ဆံပေးရမယ်။ မြန်မြန် မင်းရဲ့ star card account ကို ထုတ်လိုက်”
လုကျစ်ကျောက်က နင်းကျားရိ၏ ကိုယ်ပေါ်တွင် Card ကို ရှာဟန်ဖြင့် လက်ဖြင့် ဟိုရှာဒီရှာ လုပ်ကာ နင်းကျားရိကို အပြုံးလေးဖြင့် စတင် တိုက်ခိုက်တော့သည်။
မှုန်ဝါးဝါးမှတ်ဉာဏ်များက သူ့(စုလျန်)အတွေးထဲ ဖြတ်ကနဲပေါ်လာတော့၏။
သူ အတိတ်ဘဝတုန်းက ဘယ်လိုခံစားခဲ့ရလဲ။
သူ မမှတ်မိနိုင်တော့မှန်း စုလျန်သိလိုက်ပါသည်။
ဤကိစ္စမှာ အဆုံးသတ်တွင် အေးချမ်းစွာပြီးဆုံးခဲ့ကြောင်း သေချာပါ၏။
ထို့နောက်တွင် နင်းကျားရိကဲ့သို့သော သခင်ငယ်လေးက ဘာအမှားမှ မလုပ်ခဲ့သလိုပါပင်။
အဲဒါအပြင် စုလျန်အတွက် မျက်စိစုံကြိတ်ဝယ်ခဲ့ရသော အနှီအရုပ်မှာ လုကျစ်ကျောက်အတွက်တော့ ပူပန်စရာမလိုသည့် အရာလေးတစ်ခုသာ ဖြစ်ခဲ့သည်။
သို့သော် ဒီဘဝတွင် စုလျန် ပြန်လည်မွေးဖွားလာပြီ ဖြစ်သည့်အတွက် လုကျစ်ကျောက်ကို တစ်ပတ်ကျော်ကျော်လောက် အာရုံမစိုက်မိတော့ပေ။
ထို့ကြောင့်လည်း လုကျစ်ကျောက်သည် ဒီည၌ သူ့အခန်းသို့လာကာ အလွန်ရိုးသားစွာဖြင့် ဂရုတစိုက် တောင်းပန်ခဲ့လေ၏။
ဒါကို တွေးကြည့်ပြီးနောက် စုလျန်တစ်ယောက် မရယ်ဘဲ မနေနိုင်တော့ပေ။
သူသည် ထိုအကြောင်းအရာက မှန်ကန်မှန်း နောက်တစ်ကြိမ်ထပ်ပြီး သေချာစေပြန်၏– သူက အရင်ဘဝတွင် တကယ် ရယ်စရာကောင်းလောက်အောင် ရူးမိုက်ခဲ့သည်ဆိုတာပင်။
တကယ်တော့ သူသည် အစကနေ နောက်ဆုံးအချိန်ထိ လုကျစ်ကျောက် ၊ နင်းကျားရိတို့နှင့် မတူခဲ့ပေ။ ထို့ကြောင့် အသေးအဖွဲ့ဟု ထင်ရသည့် အဖုအထစ်များ၊ လှည့်ကွက်များ အများအပြား ဖြစ်ပျက်ခဲ့ပြီး သူ လုံးဝ သတိမမူ မိခဲ့ခြင်းသာ ဖြစ်သည်။
ဘာလို့များ လုကျစ်ကျောက် နဲ့ ထွက်ပြေးတဲ့အထိ သူ ရူးမိုက်ခဲ့တာလဲ။
ဤတစ်ကြိမ်ပြန်လည်မွေးဖွားပြီးနောက် စုလျန်တစ်ယောက် နောက်ဆုံးတော့ သူ့ကိုယ်သူ နည်းနည်း အထာကျလာသလို ခံစားရသည်။
ဒါမှမဟုတ် နိုးထလာတယ်လို့ ခေါ်ရမလား။ အသိတရားရလာတယ် လို့ ခေါ်ရမလား ပဲ။
ဒီအချိန်တွင် သူ့အရှေ့၌ တောင်းပန်ကာ ရှင်းပြနေဆဲဖြစ်သော လုကျစ်ကျောက်ကို မြင်ရသော်လည်း စုလျန် ရင်မခုန်တော့ပါချေ။
“လုကျစ်ကျောက်”
သူ ခံစားချက်မဲ့စွာပင် ခေါ်လိုက်၏။
“လျန်လေး ဘာလို့ ငါက သူအစား မင်းကို ပြန်မပေးရမှာလဲ။ ငါ ကျိန်ရဲတယ် ဒီတစ်ခါ သူ့ရဲ့ပိုက်ဆံအိတ်ကို အပြောင်ရှင်းနိုင်စေရမယ်။ ပြီးတော့ ငါ့အခန်းထဲက ပစ္စည်းတွေကို သူဘယ်တော့မှ လာမထိစေရဘူး …”
“လုကျစ်ကျောက် ၊ မင်းနဲ့ နင်းကျားရိရဲ့ ဆက်ဆံရေးက ဘာလဲ”
စုလျန် လုကျစ်ကျောက်ကို ကြားဖြတ် မေးလိုက်၏။
အနှီလူမှာ အချိန်ခဏလောက် ထိတ်လန့်သွားကာ စုလျန်၏ မကြည်မလင် ဖြစ်မှန်း သိသာနေသည့်အသံက သူ့အား ရှုပ်ထွေးသွားစေခဲ့သည်။
“လျန်လေး” ရှင်းမပြနိုင်လောက်အောင်ပင် လုကျစ်ကျောက်တစ်ယောက် သူ၏လျှာမှာ တောင့်တင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ သိသာစွာပင် သူက ထိပ်တန်း အယ်လ်ဖာတစ်ယောက် ဖြစ်သော်လည်း ယခုအချိန်တွင် ရင်တထိတ်ထိတ် ဖြစ်နေရကာ “...မဟုတ်ဘူး ငါ ဒါကို အကြိမ်ကြိမ်ပြောပြီးပြီလေ။ သူနဲ့ ငါက ဒီတိုင်း သူငယ်ချင်းကောင်းတွေပါပဲ”
“တကယ်လား” စုလျန် သရော်လိုက်လေ၏။
“မင်းတို့က သူငယ်ချင်းကောင်းတွေမို့ နင်းကျားရိက မင်းအခန်းထဲက ပစ္စည်းတွေကို ကိုင်လို့ရပြီးတော့ မင်းက ‘သူ့အတွက်’ ငါ့ဆီလာပြီးတောင်းပန်ပေးတယ်ပေါ့”
“ဒါ…သူက အဲ့လိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး”
“မင်း ဒါကိုပြောနေတာ အကြိမ်ပေါင်းများစွာရှိနေပြီ လုကျစ်ကျောက်”
ခဏတာရပ်တန့်သွားပြီးနောက် လုကျစ်ကျောက်က စုလျန်ကို ဗလာဖြစ်စွာ ကြည့်လိုက်မိရင်း ပြောလိုက်သည် : “လျန်လေး မင်းတကယ်စိတ်ဆိုးသွားတာလား”
တကယ်တော့ စုလျန်၏ အသံမှာ စကားပြောသည့်အခါတွင် နူးညံ့နေဆဲဖြစ်ပြီး သူ့စကားအသုံးအနှုန်းကလည်း တည်ငြိမ်နေပြီး ဒေါသအရိပ်အယောင် မပါပေ။
မည်သို့ပင်ဆိုစေကာမူ လုကျစ်ကျောက် စုလျန်ကို အရင်ကထက်ပင် စိတ်အနှောက်အယှက် ဖြစ်သွားခဲ့သည်။
“ဟုတ်ပြီလေ၊၏။ အမှန်ပဲ ငါအရမ်းဒေါသထွက်တယ်” စုလျန် လုကျစ်ကျောက်ကို ဘုကန့်လန့်သာ ပြန်ပြောလိုက်၏။ ထို့နောက် တံခါးပေါက်ကို ဆွဲဖွင့်လိုက်သောအခါ ညလေအေးက တံခါးပေါက်မှ တစ်ဆင့် အခန်းထဲသို့ဝင်ရောက်လာကာ သူ ပြတင်းတံခါးဝကို မှီလိုက်ပြီး လုကျစ်ကျောက် နဲ့အကြည့်ဆုံရန် သူ့ခေါင်းကို လှည့်လိုက်သည်။
“ကျေးဇူးပြုပြီး နင်းကျားရိကို ငါ့ဆီ လာတောင်းပန်ခိုင်းလိုက်ပါ”
“လျန်လေး”
“ငါ မင်းကို ပေးခဲ့တဲ့ လက်ဆောင်မှာ မွေးနေ့ကဒ်နဲ့ လက်မှတ်တွေ ပါတယ်” စုလျန် က ရုတ်တရက် ပြောလိုက်ခြင်းပင်။ “နင်းကျားရိက အဲဒါ ငါ့ဆီက လက်ဆောင်ဆိုတာကို သဘောမပေါက်ခဲ့ရင်တောင်— သူ အဲဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ”
ထို့နောက် သူသည် တံခါးပေါက်ကို ညွှန်ပြလိုက်ချေ၏။
“အိုခေ မင်းအခုသွားလို့ရပြီ”
(T/N - [" "] အဲ့လို အပိတ်ထဲက စာတွေက အရင်ဘဝတုန်းက စကားတွေပါ)