“တောင်းပန်တယ်”။
စုလျန် မျက်ခုံးပင့်ကာ သူ့ရှေ့ရှိ လှပနုနယ်သော လူငယ်လေးကို ကြည့်လိုက်သည်။
အကြိုကွဲပြားခြင်းကာလကို ရောက်ရှိနေသည့် နင်းကျားရိသည် ယခုအခါတွင် အိုမီဂါ အငွေ့အသက် အနည်းငယ်ရှိ နေခဲ့ပြီ။ နောင်တချိန်တွင် ဖြစ်လာမည့် အိုမီဂါ နင်းကျားရိနှင့် နှိုင်းယှဥ်ကြည့်လျှင် ယခု မြင်တွေ့ရသည့် နူးညံ့လှပသော မျက်နှာလေးမှာ ဖယ်ရိုမုန်း မတည်ငြိမ်မှုကို ခံစားနေရပြီး နာမကျန်း ဖြစ်နေမှန်း သိသာနေ၏။
ထို့အပြင် လည်ချောင်းထဲမှ မအောင့်အီးနိုင်စွာ ထွက်ပေါ်လာသော ချောင်းဆိုးသံက နင်းကျားရိ၏ အားနည်းသော အသွင်ကို ပိုပေါ်စေကာ လေတစ်ချက်တိုက်တာနှင့် ချက်ချင်းလဲကျသွားမည့် ပုံစံမျိုး ဖြစ်နေတယ်။
စုလျန်တစ်ယောက် လမ်းသွားလမ်းလာများစွာက သူ့ကိုရော နင်းကျားရိကိုပါ စူးစမ်းစွာ ကြည့်နေသည်ကို ခံစားမိသည်။
ဤအရာက စုလျန်ကို အနည်းငယ် စိတ်တိုစေ၏။
"အဲဒီနေ့က အစ်ကို့ပစ္စည်းတွေကို ကျွန်တော် တမင်တကာ ဖျက်ဆီးခဲ့တယ်လို့ အစ်ကိုက ထင်နေတယ်ဆိုပြီး အားကျောက် ကျွန်တော့်ကို ပြောတယ်”။
နင်းကျားရိသည် သူ့နှုတ်ခမ်းကို ဖိကိုက်ထားကာ သူ့အသံမှာလည်း တုန်ယင်မှု တချို့ပါဝင်နေ၏။
“ကျွန်တော်တို့ကြား အထင်လွဲတာတွေ ရှိနေတယ် ထင်တယ်။ စုလျန်ကော ကျွန်တော်... အဟွတ်... ကျွန်တော် တကယ်တမ်းတော့ မရည်ရွယ်ပါဘူး။ အစ်ကိုက ဘီတာတစ်ယောက်ဆိုတော့ အစ်ကို သိချင်မှ သိပါလိမ့်မယ်။ အိုမီဂါအဖြစ် မပြောင်းလဲသေးတဲ့ ဒီခန္ဓာကိုယ်ကြီးက ဖိစီးမှုတွေ များလွန်းလို့ပါ။ ဒီရက်တွေမှာ ကျွန်တော် အမြဲတမ်း မူးဝေနေခဲ့ပြီး ပါကင်ထုတ်ထားတဲ့ စက္ကူနဲ့ အထဲက ကတ်တွေကို ကျွန်တော်တကယ် သတိမထားမိခဲ့လို့ပါ။ ပြီးတော့ အဲတုန်းက ကလေးလေးကို မငိုစေချင်ခဲ့ရုံပါ"
စကားပြောနေစဥ်မှာပင် နင်းကျားရိ၏ မျက်လုံးများမှာ အနည်းငယ် နီရဲလာ၏။
"စုလျန်ကော ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါနော်။ ကျွန်တော် အစ်ကို့ဟာမှန်းသိလို့ တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး။ အစ်ကိုနဲ့အတူ ရှိရတာကို ကျွန်တော် ကြိုက်ပါတယ်"
"အိုး”
စုလျန်သည် မရှင်းမလင်းသာ ပြန်ဖြေလိုက်၏။
ထို့နောက် လက်ထဲရှိ သူ့တာမီနယ်ကို ကြည့်ပြီး အချိန်ကို စစ်ဆေးလိုက်သည်။
နင်းကျားရိက စုလျန်၏ လှုပ်ရှားမှုကို သတိမထားမိသလိုလုပ်ကာ နှာခေါင်းရှုံ့လိုက်ပြီး သူ့ယာဥ်မောင်းကို လက်ဟန် ပြလိုက်၏။
တန်ဖိုးကြီး ဇိမ်ခံယာဉ်ပျံ၏ ယာဉ်မောင်းက ကားနောက်ဖုံးကို ချက်ချင်းဖွင့်ကာ လှပစွာ ထုပ်ပိုးထားသော လက်ဆောင်ဘူးတစ်ခုကို ထုတ်ယူလိုက်သည်။
စုလျန် အဖုံးအကြည်ရောင်ကို ဖြတ်၍ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ လုကျစ်ကျောက်ကို ပေးခဲ့သည့် အရုပ်မော်ဒယ် ဖြစ်ကြောင်း မြင်နိုင်သည်။ ထိုမော်ဒယ်ကို ဂရုတစိုက် အသေးစိတ် သေချာကြည့်မည်ဆိုပါက လက်ဆောင်ဘူးထဲရှိ မော်ဒယ်မှာ စုလျန်ဝယ်ပေးခဲ့သည် မော်ဒယ်နှင့် ဆင်တူသော်ငြား ပို၍ အနုစိတ် ပြုလုပ်ထားပြီး အရောင်အသွေးမှာလည်း ပိုမိုတောက်နေပေသည်။
နင်းကျားရိ လက်ခုပ်တီးလိုက်သောအခါ ယာဥ်မောင်းက ဗူးကို စုလျန်ထံသို့ ကမ်းပေးလိုက်၏။
“စုလျန်ကော ကျွန်တော် အစ်ကို့ မော်ဒယ်လ်အတိုင်း ပြန်ပေးတာပါ။ အစ်ကို စိတ်မဆိုးပါနဲ့တော့နော်”
ယဉ်မောင်း နောက်ရှိ နင်းကျားရိက စုလျန်အား သနားချင်စဖွယ်ပြောလိုက်၏။
“ဒီမော်ဒယ်က ကျားရှစ်လောင်ရှီး လုပ်ထားတဲ့ နမူနာ မော်ဒယ်ပါ။ အစ်ကို ကြည့်ကြည့် အောက်ခြေမှာ သူ့လက်မှတ်ပါ ပါတယ်” နင်းကျားရိက မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ထပ်ဖြည့်ပြောလိုက်၏။
“ဒါက ကမ္ဘာပေါ်မှာ တစ်ခုထဲရှိတဲ့ ဟမ်းမိတ်(Handmade)ပစ္စည်းမို့ အရမ်းကို တန်ဖိုးရှိပါတယ်။ ကျွန်တော်ဒါကို အခြား စုဆောင်းသူတွေဆီကနေ မနည်း လုယက်ပြီး ဝယ်ခဲ့ရတာ။ အစ်ကိုသာ အားကျောက်ကို ပေးလိုက်မယ်ဆိုရင် သူ အပျော်လွန်ပြီး သေနိုင်တယ် ၊ စုလျန်ကော စိတ်မဆိုးပါနဲ့တော့နော်—”
စုလျန်သည် နင်းကျားရိ စကားမဆုံးခင်ပင် ယာဉ်မောင်းလက်ထဲမှ ဘူးကို ယူလိုက်သည်။
ထိုအချိန်တွင် နင်းကျားရိက အံ့သြသွားကာ ဘာဆက် ပြောရမှန်းမသိဘဲ ရပ်တန့်သွား၏။
သူ့မျက်လုံးများထဲတွင်လည်း အံ့ဩသင့်သည့် အရိပ်အယောင်များရှိနေခဲ့၏။
စုလျန် ဤမော်ဒယ်ကို လက်ခံလိုက်ဖို့ သူမမျှော်လင့်ထားခဲ့သလို စုလျန် ဘာအမူအရာမှ မပြဘဲ သူ့ကို မျက်နှာသေဖြင့် တည်ငြိမ်စွာ ပြန်ပြောလာလိမ့်မည်ဟုလည်း သူ မထင်ထားခဲ့ပေ။
“ကောင်းပြီလေ ငါမင်းကို ခွင့်လွှတ်ပါတယ်”
“ဒါ.. ဒါဆို ကောင်းတာပေါ့..”
နင်းကျားရိမှာ အသက် မပါသလိုသာ ပြန်ဖြေနိုင်ခဲ့၏။
… အကယ်၍သာ သူ့နေရာမှာ အတိတ်ဘဝက စုလျန် ဖြစ်မည်ဆိုလျှင် နင်းသခင်ငယ်လေး၏ ‘နားရွက်တံတွေးစွပ်’သည့် လုပ်ရပ်များအတွက် နူးညံ့သိမ်မွေ့သည့် အပြုံးလေးဖြင့် ခွင့်လွှတ်ပေးခဲ့မှာပင်။
အနည်းဆုံးတော့ သူ(စုလျန်)က ဒီလို တန်ဖိုးကြီး ဟမ်းမိတ်မော်ဒယ်ကို ဒီလောက်လွယ်လွယ်နှင့် လက်ခံခဲ့မှာ မဟုတ်ချေ။
နင်းကျားရိက ဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်အတိုင်း ပြောခဲ့ခြင်းသာ ဖြစ်သည်။ လောင်ရှီးတွေ လုပ်သော မော်ဒယ်များက ဈေးက အလွန်မြင့်မားသည်။ မဟုတ်လျှင် limited edition များ ဖြစ်လာမည် မဟုတ်ပေ။
ဒီလက်ဆောင်က ဈေးကြီးလွန်းသော တောင်းပန်လက်ဆောင်တစ်ခုဖြစ်သည့်အတွက် အရင်တုန်းက စုလျန်သာဆို ဒီလိုမျိုးလက်ဆောင်ကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးဆိုသည့်က အမှန်ပင် ဖြစ်သည်။ ပြီးခဲ့သည့်ဘဝက စုလျန်သည် သခင်လေးတစ်ယောက် မဟုတ်သော်လည်း လုမိသားစု၏ သခင်လေး၊ သခင်မလေးများကြားတွင် နေခဲ့ရသည်။ ထို့ကြောင့် သူက နူးညံ့သိမ်မွေ့သော စရိုက်ရှိသူ ဆိုပေမဲ့ သူ့ကိုယ်ပိုင်ဂုဏ်သိက္ခာကိုတော့ အမြင့်ဆုံးမှာ ထားခဲ့သည်။
ထို့ကြောင့်လည်း လုမိသားစုမှ ပိုင်ဆိုင်သည့် ဈေးကြီးသော၊ အဖိုးတန်သော ပစ္စည်းများကို သူ လက်လေး တစ်ချောင်းနှင့်တောင် မထိခဲ့ပေ။ လုမိသားစုကို မှီခိုနေခဲ့ပါက လုကတော် ဖြစ်သော စုနွမ်၏ မောင်လေးတစ်ယောက်အနေနှင့် တက္ကသိုလ်တက်ရင်း အားလပ်ချိန်တွေမှာ အချိန်ပိုင်း အလုပ်တွေ လုပ်ပြီး ပိုက်ဆံ ရှာခဲ့စရာလိုခဲ့မည် မဟုတ်သလို လုကျစ်ကျောက်ကို ပေးမည့် လက်ဆောင်အတွက်လည်း အဲ့လောက် ခက်ခဲနေခဲ့မှာ မဟုတ်ချေ။
“ကောင်းပြီ ၊ မင်း အခုသွားလို့ရပြီ”
စုလျန်က မော်ဒယ်ဘူးကို ယူကာ သူ့လက်မောင်းကြားညှပ်ရင်း လှည့်ထွက်သွားလိုက်တော့သည်။
နင်းကျားရိ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး မသိစိတ်ကနေ စုလျန်အား တားဖို့ ကြိုးစားမိခဲ့၏။
“စုလျန်ကော ၊ ကော—”
စုလျန်သည် ရုတ်တရက် သူ့ဆီသို့ လှမ်းလာသော နင်းကျားရိ၏ လက်ကို ရှောင်လိုက်မိသည်။
“အစ်ကို စိတ်ဆိုးနေတုန်းလားဟင်”
နင်းကျားရိမှာ သူ့ကို ပိုးဟပ်များကို ရှောင်သလိုဖြစ်နေသည့် စုလျန်၏ လှုပ်ရှားမှုများကို မြင်လိုက်ရသည့်အခါ ရုတ်တရက် ပိုပြီး စိုးရိမ်လာတော့သည်။
စုလျန်သည် နင်းကျားရိကို ပြန်လှည့်ကြည့်လိုက်ချိန်တွင် တီဗီဖန်သားပြင်ထက်က မင်္ဂလာပွဲမှ မျက်နှာကို မစဉ်းစားဘဲ မနေနိုင်ခဲ့ချေ။ သူကိုယ်တိုင်တောင် မယုံကြည်နိုင် ဖြစ်နေသည့် အချက်တစ်ခုလည်း ရှိနေသေးသည်။
ထိုအချက်က မင်္ဂလာပွဲ၏ နောက်ထပ် ဇာတ်လိုက်တစ်ယောက်ဖြစ်သော နင်းကျားရိအပေါ် မကောင်းသည့် ခံစားချက်မျိုး အပြစ်တင်မိတာမျိုး မရှိခဲ့တာပင်။
တစ်ဖက်လူက လုကျစ်ကျောက်ကို သူ့ဆီက ခိုးယူခဲ့တာ ဆိုလျှင်တောင် ဖြစ်၏။ ဒီလို နင်းကျားရိအပေါ် မကောင်းမြင်ဘူးဆိုပေမဲ့ သူ(စုလျန်)က ဘာမှ မသိတာတော့ မဟုတ်ခဲ့ပေ။
အရင်ဘဝတုန်းက လုကျစ်ကျောက် ထွက်သွားပြီးနောက် လုမိသားစုက စုလျန်အပေါ် ကန့်သတ်ထားသော ဖိနှိပ်ချုပ်ချယ်မှုများကို ဘက်ပေါင်းစုံကနေ ရုတ်သိမ်းခဲ့ပြီးသား ဖြစ်သည်။
သို့သော်လည်း စုလျန်၏ ပိုင်ဆိုင်မှုများနှင့် စာရင်းများက ချက်ချင်းဆိုသလို ပြန်ပြီး သုံးမရ ဖြစ်သွားခဲ့တယ်။
ထို့နောက် ဘာအကြောင်းပြချက်မှမရှိဘဲ အရင်ကထက်ကို ပိုပြီး တင်းတင်းကျပ်ကျပ် ပိတ်ပင်ခြင်း ခံလိုက်ရသည်။
ထို့အပြင် စုလျန်မှာ ဖြေရှင်းလို့ မရနိုင်သော ချေးငွေ မှတ်တမ်းများနှင့် စွပ်စွဲချက်ပေါင်းများစွာကလည်း အကြောင်းအရင်း ရေရေရာရာမရှိဘဲ ထပ်တိုးလာခဲ့သည်။
ထိုကဲ့သို ရှင်းမပြနိုင်သော ကိစ္စများ ရှိနေခဲ့ခြင်းကြောင့် စုလျန်မှာ အခြေခံအကျဆုံး ဆေးကုသမှုလေးကိုတောင် မခံယူနိုင်ခဲ့ချေ။
စုလျန်သည် လူ့ငရဲခန်းဟု သတ်မှတ်ခံထားရသော ခရိုင် ၄၈ က အမှိုက်ပုံသို့ ပြောင်းရွေ့နေထိုင် ပြီးသောအခါမှသာ နင်းမိသားစုနှင့် ရန်ငြိုးဖွဲ့မိခြင်းကြောင့် ဤမျှလောက် ဆိုးရွားသော အခြေအနေကို ရောက်ရှိခဲ့ရမှန်း မတော်တဆ သိခွင့်ရခဲ့သည်။
ယခင်ဘဝက လုမိသားစုနှင့် နင်းမိသားစု၏ မင်္ဂလာပွဲအကြောင်း စဉ်းစားကြည့်လိုက်လျှင် ကိစ္စတော်တော်များများက ပိုပြီးရှင်းလင်းလာခဲ့သည်။
နောက်ထပ် တွေးမိသည်က… လုကျစ်ကျောက် ထွက်သွားပြီးသည့်နောက် အဲဒီလူက ဘာလို့ပြန်မလာခဲ့သလဲ ဟု စုလျန် အကြိမ်ကြိမ်အခါခါ တွေးခဲ့ဖူးသည်။
စုလျန်က အရူး မဟုတ်သရွေ့တော့ နင်းကျားရိ၏ မပိမရိဖုံးကွယ်ထားသော မနာလိုစိတ်နှင့် ရွံရှာဖွယ် စိတ်ဓါတ်ကို သိမြင်နိုင်၏။
ယခုအခါ ဘဝသစ် တစ်ခုတွင် သူ့အစ်မနှင့်အတူ ရှင်သန်နေနိုင်သည့် ဒုတိယအခွင့်အရေးကို ရရှိခဲ့တာကပင် စုလျန်အဖို့ ကျေးဇူးတင်စရာ ကောင်းနေပြီ။
ဤဘဝတွင်တော့ စုလျန်က နင်းကျားရိကို မုန်းသည်။
စုလျန် နင်းကျားရိကို တကယ် မမြင်ချင်တော့ပေ။
“မင်း လုမိသားစုကနေပဲ အိမ်ကို ဆရာခေါ်ပြီး စာသင်နေခဲ့တာကို ငါမှတ်မိတယ်”
စုလျန်သည် နင်းကျားရိ၏ လက်ကို ခါချလိုက်ချိန် တစ်ဖက်လူ၏ လက်ဖဝါးမှာ မြွေတစ်ကောင်က သူ့တွင်းထဲမှ ယခုလေးတင် ထွက်လာခဲ့သလိုမျိုး စိုစွတ်ကာ အေးစက်နေသည်။
သူတို့နှစ်ယောက်၏ စကားအကြောင်းအရာက ဘာကြောင့် ရုတ်တရက်ပြောင်းသွားမှန်း နင်းကျားရိ နားမလည်နိုင်ပေ။
“အာ ဟုတ်ပါတယ် ကျွန်တော် နေမကောင်းလို့ အဲ့တာကြောင့်…”
နင်းကျားရိသည် ရှက်ရွံ့စွာပင် ပြန်ပြောလိုက်၏။
“မထူးဆန်းပါဘူး”
စုလျန်သည် သူ့လက်ကို မြှောက်ကာ သူ့ကိုယ်ပိုင်တာမီနယ်ပေါ်ရှိ အချိန်ဇယားအား နင်းကျားရိကို ပြကာ “သခင်လေးနင်း ငါတကယ်တောင်းပန်ပါတယ် ၊ ငါက သာမန်လူတန်းစား တစ်ယောက်ပါပဲ။ ကျောင်းမှာ ကျောင်းသားတွေ အများကြီး ရှိပြီး သာမာန်ကျောင်းသားတွေသာ အတန်းနောက်ကျမယ်ဆိုရင် ဆရာခေါ်တာ ခံရလိမ့်မယ်”
နင်းကျားရိ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်း သွားရလေသည်။
စုလျန် တက်ရောက်နေသည့် ရှင်းချွမ်တက္ကသိုလ်သည် ဖက်ဒရယ် ဂြိုလ်များအားလုံးရှိ အကောင်းဆုံး တက္ကသိုလ်ထဲမှ တစ်ခုပင်ဖြစ်၏။
နှိုင်းယှဥ်ကြည့်ရမည်ဆိုလျှင် နင်းကျားရိ၏ လုမိသားစုမှ စီစဥ်ပေးသော သီးသန့်ပညာရေးမှာ အနည်းငယ် ရှက်ဖို့ကောင်းလှသည်ပင်။
နင်းကျားရိ မျက်နှာပေါ်မှ နူးညံ့သိမ်မွေ့သော သနားစဖွယ် အမူအရာမှာ ခဏတာ ပျောက်ကွယ်သွားပြီး သူသည် စုလျန်အား ပြင်းထန်စွာ စူးစူး စိုက်စိုက် ကြည့်လိုက်၏။
စုလျန်ကလည်း သူ့ကို ပြန်ကြည့်နေလိုက်သည်။
နင်းကျားရိသည် စုလျန်က ဤကဲ့သို့ ထီမထင်သော အကြည့်မျိုးဖြင့် ပြန်ကြည့်တတ်မှန်း အံ့သားသင့်စွာ သိလိုက်ရ၏။
“မင်းငါ့ကို အတန်းနောက်ကျအောင် လုပ်နေတာပဲ သခင်လေးနင်း”
စုလျန် ခပ်ဖွဖွလေး ပြုံးလိုက်ကာ နင်းကျားရိကို ကြည့်လိုက်ရင်း စကားကို တစ်ခွန်းချင်းစီ ပြောလိုက်သည်။
နင်းကျားရိသည် စုလျန်၏ မျက်လုံးများထဲမှ မလိုလားမှု နဲ့ လှောင်ပြောင်မှုတို့ကို သတိမပြုဘဲ မနေခဲ့ချေ။
ထိုအကြည့်က မြက်ခြောက်ဖြူဖြူလေးများပေါ်က ဆူးချွန်လေးတွေလိုပင်။ ပုံမှန်ဆိုရင် ဘာမှ မရှိသလို ပါးလွှာပေမဲ့ အရေပြားထဲ ရောက်သွားပြီဆိုတာနှင့် ယားယံမှုသေးသေးလေးများဖြင့် လူကို မအီမသာဖြစ်စေပြီး မခံမရပ်နိုင်အောင် ဖြစ်စေနိုင်သည်။
"ဘာပြောလိုက်တာလဲ"
နင်းကျားရိသည် စုလျန်ကို တားမြစ်ရန် သူ့မသိစိတ်မှ အလိုအလျောက် ပြေးကာ လှမ်းဆွဲလိုက်သော်လည်း စုလျန်၏ လှုပ်ရှားမှာများက သူ့ထက် များစွာ မြန်နေခဲ့၏။
တန်ဖိုးကြီး မော်ဒယ်အရုပ်ကို ဂျိုင်းကြားညှပ်ထားသော စုလျန်သည် သစ်တောထဲက သမင်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
နင်းကျားရိ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် သူ့နောက်ကျောဘက်မှ ဆွဲခေါ်ခံလိုက်ရ၏။
“သခင်လေး သူ့နောက် လိုက်ချင်လို့လား”
နင်းမိသားစုမှ ယာဉ်မောင်းသည် အနည်းငယ် ဦးညွှတ်လျက် နင်းကျားရိ နားကပ်ကာ ယဉ်ကျေးစွာ မေးလိုက်သည်။
"..."
ခဏလောက် တိတ်ဆိတ်နေပြီးနောက် နင်းကျားရိသည် မျက်နှာကိုမဲ့ကာ ကားထဲသို့ ပြန်ဝင်ထိုင်လိုက်တော့၏။
“မလိုက်တော့ဘူး”
ထိုသို့ပြောလိုက်ပြီးနောက် သူ့မျက်နှာမှာ ကြည့်ရဆိုးနေခဲ့သည်။
သူကားထဲသို့ ဝင်ရောက်သည်နှင့် တပြိုင်နက် နင်းကျားရိ၏ တာမီနယ်က တုန်ခါလာတော့၏။
လုကျစ်ကျောက်ထံမှ ခေါ်ဆိုမှုပင်။
နင်းကျားရိသည် မျက်လွှာချကာ ဆက်သွယ်ရေးဆက်ကို စိုက်ကြည့်ပြီးနောက် သူ့မျက်လုံးများကို မှိတ်ချသည်။
သူ့ မျက်လုံးတွေ ပြန်ဖွင့်လိုက်သောအခါ ခုနက စုလျန်ကို တောင်းပန်နေခဲ့သော သနားစဖွယ် တုန်ရီနေသည့် ပန်းဖြူနုနုလေးတစ်ပွင့်လို ကောင်လေးက ဆက်သွယ်ရေးစက်၏ စခရင်မှာ ထပ်မံ ပေါ်လာခဲ့သည်။
“ကျားရိ မင်း ဘယ်ရောက်နေတာလဲ။ ဒီမနက် ကုသဆောင်မှာ မင်းရဲ့ကုသမှုက မပြီးသေးတာကို မင်းဘာလို့ ဆေးရုံမှာ မရှိရတာလဲ”
လုကျစ်ကျောက်၏ စိုးရိမ်တကြီး တင်းမာနေသော မျက်နှာက မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
သူသည် နင်းကျားရိကို တစ်ချက် သေချာစိုက်ကြည့်လိုက်ပြီးနောက် နင်းကျားရိကားထဲတွင် ရှိနေကြောင်း တွေ့လိုက်ရလေကာ : “မင်းတကယ်ကြီး ထွက်ပြေးသွားတာလို့တော့ ငါ့ကိုလာမပြောနဲ့နော်။ မင်းခန္ဓာကိုယ်ကို မင်း လိုချင်သေးရဲ့လား”
လုကျစ်ကျောက်၏ အသံမှာ တစ်ဖန် မြှင့်တက်လာပြန်သည်။
“ကျွန်တော်… အဟွတ်… ကျွန်တော်”
နင်းကျားရိသည် ချောင်းဆိုးလိုက်ပြီးနောက် လုကျစ်ကျောက်ကို ပြုံးပြရန် ကြိုးစားပါသော်လည်း ထိုအပြုံးမှာ ငိုတာထက်တောင် ဆိုးရွားလှသည့်အပြုံးသာ ဖြစ်နေတော့၏။
"ငါ မင်းစိတ်ပူအောင် လုပ်တာ မဟုတ်ပါဘူး။ စုလျန်ကောကို တောင်းပန်ချင်ရုံ သက်သက်ပါပဲ"
"..."
လုကျစ်ကျောက်မှာ ချက်ချင်းပင် ကြောင်အသွားရသည်။
ခဏ တိတ်ဆိတ်သွားပြီးနောက် လုကျစ်ကျောက် က ဆက်ပြောလိုက်သည်။ သို့သော် သူ့အသံက အလွန် ခြောက်ကပ် နေ၏။
"ကုသမှုပြီးမှ စုလျန်ဆီ သွားလို့ရတယ်လေ။ ကုသမှုမလုပ်ဘဲ ခိုးထွက်ပြီး ဘာလုပ်တာလဲ"
“ဒါပေမဲ့ မင်းပဲ ငါ့ကို စုလျန်ကောက တကယ်စိတ်ဆိုးနေပြီး ငါက သူ့ဟာကို တမင်လုပ်တယ်လို့ ထင်နေတယ်ဆိုပြီး ပြောခဲ့တာလေ ၊ ဘယ်လိုလုပ် ကုသဆောင်ထဲမှာ နေပြီး ကုသမှု ဆက်ခံယူနေနိုင်မှာလဲ ၊ အားကျောက်… မင်းလဲသိပါတယ် မင်းနဲ့ စုလျန်ကောက လုမိသားစုထဲမှာ ငါ့အချစ်ဆုံးသူငယ်ချင်းတွေပဲ ၊ ငါ ဘယ်သူငယ်ချင်းကိုမှ မဆုံးရှုံးချင်ဘူး”
“ဒါပေမဲ့-”
"မင်း ငါ့အတွက် စုလျန်ကောကို တောင်းပန်ပေးတာကိုတောင် စုလျန်ကောက စိတ်ဆိုးနေသေးမှတော့ ငါကိုယ်တိုင်ပဲ လိုက်ရှာပြီး တောင်းပန်ရတာပေါ့"
နင်းကျားရိ စကားပြောနေစဉ်၌ပင် မက်ဆေ့တစ်ခုမှ သူ့တာမင်နယ်ထဲ ဝင်ရောက်လာသည်။
နင်းကျားရိက မက်စေ့ကို ဖတ်လိုက်တာကြောင့် မျက်စိအကြည့်က ရွေ့သွားခဲ့ပြီး မျက်နှာအမူအရာလည်း ခဏအတွင်း တောင့်တင်းသွား၏။
လုကျစ်ကျောက်သည် နင်းကျားရိ တစ်ခုခု ဖြစ်နေမှန်း ချက်ချင်းသတိထားမိ၍ မျက်မှောက်ကြုတ်ကာ "ကျားရိ မင်း ဘာဖြစ်နေတာလဲ" ဟု မေးလိုက်သည်။
နင်းကျားရိတစ်ယောက် မျက်ဝန်းထဲရှိ ခံစားချက်များကို ဖုံးကွယ်ရန် မျက်လွှာချလိုက်သော်လည်း သူ့အသံထဲတွင် များစွာသော ပူပင်သောကများ ရှိနေလေသည်။
“ငါ ဒီကိုရောက်နေတာ စုလျန်ကောကို တောင်းပန်ဖို့ပါ ၊ လောင်ရှီးတစ်ယောက် ဖန်တီးထားတဲ့ မော်ဒယ်နဲ့ စုလျန်ကောကို ပြန်လျော်ပေးခဲ့တယ်။ စုလျန်ကောကလဲ ငါတောင်းပန်တာကို လက်ခံခဲ့ပါတယ် ၊ သူ…သူ ငါ့ကို ခွင့်လွှတ်ပြီလို့ ထင်ခဲ့တာ ဒါပေမဲ့ …ဒါပေမဲ့ သူ အခုလေးတင် အဲ့တာကို ရောင်းပစ်လိုက်ပြီမှန်း တွေ့လိုက်ရတယ်”
နင်းကျားရိသည် မော်ဒယ်အကြောင်း အချက်အလက်များကို သေချာရှာဖွေခဲ့ရပြီး ဤအရာမှာ သာမန်မော်ဒယ်မဟုတ်သဖြင့် ကြယ်ကွန်ယက်တွင် ရောင်းချသည့် သတင်းပေါ်လာသည်နှင့် ဉာဏ်ရည်မြင့်စနစ်သည် နင်းကျားရိကို အလိုအလျောက် သတင်းပို့ပေးလိမ့်မည်။
နင်းကျားရိ၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်နေလေပြီ။
"အားကျောက် ငါဘာလုပ်ရမလဲ မသိတော့ဘူး။ စုလျန်ကော ငါ့ကို ဘာလုပ်စေချင်မှန်းလဲ မသိတော့ဘူး။ ငါ အကောင်းဆုံးကြိုးစားပြီး တောင်းပန်ခဲ့ပေမယ့် သူက စိတ်ထဲရှိတဲ့ ပုံမပေါ်ဘူး။ ငါ့ကို ခွင့်လွှတ်ပါ ၊ ငါ ဒီလိုလုပ်မိလို့ သူ ငါ့ကို စိတ်ဆိုးနေတုန်းပဲ ဖြစ်ရမယ်”
"မင်း အများကြီး တွေးနေတာပဲ"
လုကျစ်ကျောက်၏ ပြတ်သားသောအသံသည် ဆက်သွယ်ထားသည့် တစ်ဖက်မှ ထွက်ပေါ်လာ၏။
"လျန်လေး က အဲဒီလို လူစားမျိုး မဟုတ်ပါဘူး။ သူက အရမ်းရိုးရှင်းပြီး သတိထားတတ်တဲ့ အတွေးတွေတောင် မရှိဘူး။ မင်းရဲ့တောင်းပန်မှုကို သူလက်ခံတယ်ဆိုရင် သူက မင်းရဲ့တောင်းပန်မှုကို တကယ် လက်ခံလိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒါမော်ဒယ်ကို ရောင်းလိုက်တာက လောင်ရှီးလုပ်တဲ့ မော်ဒယ်က အရမ်းထူးခြားလို့ပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ အဲ့မော်ဒယ်ကို ကြိုက်တာက ငါပဲ။ မင်း သူ့ကို တောင်းပန်တာလေ ဘာလို့ သူ့ကို အဲ့မော်ဒယ် သွားပေးရတာလဲ။ သူက အဲမော်ဒယ် မကြိုက်ဘူးဆိုတာ မင်းကို တိုက်ရိုက်ပြောလိုက်လို့ မကောင်းဘူးလို့ တွေးတာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သူဒီလို လုပ်တာ။ အများကြီး မတွေးပါနဲ့"
နင်းကျားရိသည် ခေါင်းငုံ့ထားကာ ဆက်သွယ်ရေး ကင်မရာ မမြင်နိုင်သည့်နေရာတွင် ကောင်လေး၏ လက်သီးများမှာ ဖြူဖွေးသည်အထိ ဆုပ်ထားပြီးလေပြီ။
"ဟုတ်လား၊ ဒီလိုဆိုရင်တော့ စိတ်အေးရပြီ"
နင်းကျားရိ ခေါင်းမော့လိုက်ပြီး စိတ်မပါစွာ ပြုံးလိုက်၏။
"အဲဒါက လျန်လေးလို သဘောထားကြီးတဲ့ လူမျိုးမို့ပေါ့ ။ မင်း တခြားလူတွေကို အဲလို ပေးရင် ပိုစိတ်ဆိုးနိုင်တယ်" ဟု လုကျစ်ကျောက် က ဆက်ပြောလေသည်။
နင်းကျားရိ၏ ကိုယ်လုံးလေးမှာ ရုတ်တရက် အနည်းငယ် ယိမ်းထိုးသွားပြီး သူ့နှုတ်ခမ်းကိုက်လိုက်ကာ အသက်ရှူနှုန်းမှာ သိသိသာသာ မြန်ဆန်လာသည်။
သူ့ရင်ဘတ်ကို လက်တစ်ဖက်နှင့် ဖိရင်း မောဟိုက်စွာဖြင့် လုကျစ်ကျောက်၏ စုလျန်ကို မရပ်မနား ချီးကျူးနေခြင်းကို ခက်ခဲစွာ ဖြတ်ပြောလိုက်ရသည်။
"အားကျောက်၊ တောင်းပန်ပါတယ်၊ ကျွန်တော်... ကျွန်တော် အသက်ရှူရ ခက်လာသလိုပဲ။" ဟု ပြောပြီးနောက် ထိုင်ခုံပေါ်သို့ ရုတ်တရက် လဲကျသွားတော့၏။
“ကျားရိ”
လုကျစ်ကျောက် ထိတ်လန့်တကြား အော်လိုက်သည်။ သို့သော် ထိုအချိန်တွင် နင်းကျားရိ က သူ့ကို တုံ့ပြန်ခြင်း မရှိတော့ပေ။
နင်းကျားရိ သည် ကိုယ်ခန္ဓာ မအီမသာ ဖြစ်မှုကြောင့် မေ့လဲသွားခြင်းပင်။