“ဒါပေမဲ့ မင်းကြည့်ရတာ နေမကောင်းနေသလိုပဲ”
စုလျန် သည် လုကျစ်ကျောက်ကို သေချာစွာ ကြည့်လိုက်ကာ ပြောလိုက်၏။
လုကျစ်ကျောက်ဆီမှ ထူးထူးဆန်းဆန်း ခံစားချက်ရနေသောကြောင့် စိတ်မအေးနိုင် ဖြစ်နေကာ ပြဿနာကောင် လက်မှ လွတ်မြောက်အောင် အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်ပါသော်လည်း လုကျစ်ကျောက်က သူ့ကို ပိုမြဲအောင် အားဖြင့် ဆုပ်ကိုင်ထားသည်သာ။
ဤသို့ဖြင့် စုလျန်လည်း လုကျစ်ကျောက် ဆွဲခေါ်ရာသို့သာ ပါသွားလေသည်။ မည်သည့် နည်းလမ်းဖြင့် ရလာမှန်းမသိသည့် ဟိုဗာယဥ်မှာ တဝီဝီ အသံဖြင့် ထွက်ရန် အသင့်ဖြစ်နေလေသည်။
စုလျန်သာ တိရစ္ဆာန်တစ်ကောင်သာဆိုလျှင် လုကျစ်ကျောက် သူ့ကို ကားထဲအတင်းထည့်လိုက်ချိန်တွင် ဒေါသကြောင့် သူ့အမြီးပင် ထောင်သွားလောက်သည်။
“ငါ့ကိုလွှတ် လုကျစ်ကျောက်! မင်းရူးသွားပြီလား?” ဟု စုလျန် အသံကုန် အော်ပစ်လိုက်မိ၏။
“မရူးဘူး” လုကျစ်ကျောက်ကလည်း ထူးဆန်းသောလေသံဖြင့် ပြန်ပြောသည်။
“ကိုယ် မင်းကိုပဲ ကာကွယ်ပေးချင်တာပါ။ ဒီတစ်ခါကျ ကိုယ် မင်းကို သေချာပေါက်ကို ကာကွယ်မယ်”
“ငါ မင်းကာကွယ်ပေးတာကို မလိုဘူး။ မင်းအမှားတစ်ခုခု လုပ်မိ…”
စုလျန် သည်းမခံနိုင်တော့သည့်အချိန်မှာပင် နောက်ဟိုဗာယဥ်တစ်စီး၏ ရုတ်ခြည်း ဘရိတ်အုပ်သံကို ကြားလိုက်ရသည်။
ပိန်ပါးသည့် ပုံရိပ်လေးတစ်ခုက ကားထဲမှ ခုန်ထွက်လာကာ လုကျစ်ကျောက်ထံ အလျင်အမြန် ပြေးဝင်လာသည်။
“အားကျောက် အဲ့လိုမလုပ်ပါနဲ့!”
ရောက်လာသောသူကား ဆေးရုံတွင် အနားယူနေသင့်သည့် နင်းကျားရိပင်။ လူနာအင်္ကျီကိုပင် မချွတ်ရသေးပဲ အလွန်စိုးရိမ်ကာ ကြောက်လန့်နေပုံလဲရသည်။
“အားလျန်ကို လွှတ်ပေးလိုက်ပါနော်။ သူ တာဝန်ထမ်းဆောင်ရမှာက ဒီအတိုင်း မိသားစုအတွင်းမှာ အလုပ်သင်လိုပဲလေ။ အစ်ကို တွေးနေသလို မဟုတ်ပါဘူး”
နင်းကျားရိသည် အသံကို နူးညံ့စွာဖြင့် လုကျစ်ကျောက်၏နောက်မှ ဖြေးညှင်းစွာ ပြောနေပြီး စုလျန်က နင်းကျားရိ၏မျက်နှာ သနားကမားဖြစ်နေသည်ကို မြင်နေရသည်မှာ ယခုထက် စိတ်ကျေနပ်ဖွယ်ရာ မရှိတော့ သလို ကျေနပ်သွားမိသည်။
နင်းကျားရိကဲ့သို့ အကြိုကွဲပြားမှုအဆင့်ရောက်နေသည့်သူမှာ အိုမီဂါအငွေ့အသက် အနည်းငယ်ရှိနေလေပြီ။ ထို့ကြောင့် အိုမီဂါများက အသံကို နူးညံ့စွာ ပြောလျှင် အယ်လ်ဖာ မပြောနှင့် စုလျန်လို ဘီတာပင် ရင်ထဲနွေးထွေးသွားကာ စိတ်သက်သာရာရစေသည်။
စုလျန် ထင်သည်မှာ နင်းကျားရိဆီမှ ထိုကဲ့သို့ စည်းရုံးခံရလျှင် လုကျစ်ကျောက်လည်း စိတ်လျော့ပြီး သူ့ကို လွှတ်ပေးမည် ဟူ၍ပင်။ သို့သော် အမှန်မှာကား လုကျစ်ကျောက်သည် စုလျန် ရှေ့မှာပင် နင်းကျားရိကို အလွန်ကြောက်ဖွယ်ကောင်းစွာ ကြည့်လိုက်လေသည်။
“သေလိုက်-” ဟူ၍ သူ အေးစက်စွာ အော်ထုတ်လိုက်၏။
လုကျစ်ကျောက် ကြည့်သည့်နေရာကို စုလျန် သေချာစူးစိုက်ကြည့်လိုက်မှ နင်းကျားရိ၏ မျက်လုံးထောင့်စွန်းနားတွင် ညိုမဲစွဲနေသည်ကို သွားတွေ့သည်။
ဒဏ်ရာ၏အရောင်ကို ကြည့်ခြင်းအားဖြင့် လောလောလတ်လတ်မှ ရထားပြီး ထိုအရာကို လုပ်ခဲ့သူမှာ သနားညှာတာမှုမရှိမှန်း သိသာသည်။
တစ်ချိန်တည်းမှာပင် လုကျစ်ကျောက်၏ ဘာဖြစ်လာမှန်း မသိရသေးသော အခြေအနေနှင့် ဆက်စပ် စဥ်းစားကြည့်လိုက်မှ အံ့သြစရာကောင်းပြီး ကြောက်စရာကောင်းသည့် မှန်းဆချက်တစ်ခု ထွက်လာ၏။
မဟုတ်မှလွဲလို့ လုကျစ်ကျောက်က တကယ် နင်းကျားရိကို….
စုလျန်သည် သူ့ရှေ့တွင် ရပ်နေသည့် လူနှစ်ယောက်ကို စိုက်ကြည့်လျက် မှင်တက်သွားသည်။
တစ်ဖက်တွင် နင်းကျားရိ၏မျက်နှာကား ပို၍ဖျော့သထက် ဖျော့လာသည်။
“အားကျောက် မင်းအခုပုံစံက ကြောက်ဖို့ကောင်းနေတယ်။ မင်း ရည်ရွယ်ပြီး လုပ်တာ မဟုတ်မှန်း ငါသိပါတယ်။ အဲ့ကြောင့် ငါစိတ်မဆိုးပါဘူး။ ဒါကြောင့် ဒီလို မလုပ်ကြရအောင်နော်…”
နင်းကျားရိသည် လုကျစ်ကျောက်အပေါ် သူသည် အပေါ်ယံ ဂရုစိုက်မှုကို ကြိုးစားလုပ်ပြနေသော်လည်း တုန်ခါနေသော သူ့အသံနှင့် ကြောက်ရွံ့နေသော သူ့မျက်လုံးများက စုလျန်၏ မှန်းဆချက်ကို သက်သေပြနေသည်။
အကယ်၍ နင်းကျားရိသည် ရွေးချယ်၍သာ ရခဲ့လျှင် ရူးနေသော လုကျစ်ကျောက်ဆီ ဒုက္ခရှာရန် လိုက်လာမည်မဟုတ်။
ထိုအချိန်တုန်းက လုကျစ်ကျောက်သည် သောင်းကျန်းထားသောကြောင့် လုကျိန့်အန်း ထံမှ အခန်းပိတ်ကာ အကျယ်ချုပ် ချခံထားရသည်။ နင်းကျားရိလည်း ထိုသတင်းကြားပြီးနောက် လုကျစ်ကျောက်၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုခုတော့ ရှိနေမှန်း ရိပ်မိလိုက်သည်။
ထို စိတ်စွမ်းအင် ကမောက်ကမ ဖြစ်အပြီးတွင် လုကျစ်ကျောက်မှာ ပုံမှန် အတိုင်း ပြန်ဖြစ်သွားသော်လည်း။ အိပ်ချိန်များ ကြာရှည်လာခဲ့ပြီး နိုးလာလျှင်လည်း အခြားတစ်ယောက်ကဲ့သို့ ပြုမူတတ်သည်။
လုကျစ်ကျောက်သည် သွေးအေးလာပြီး သုန်မှုန်လာတတ်သည်။ သွေးဆာမှုများ ဖြစ်လာတတ်ပြီး စိတ်စွမ်းအားမှာလည်း ရုတ်တရက် တိုးလာခြင်းနှင့် စိတ်ထိန်းချုပ်နိုင်စွမ်းတို့ ကမောက်ကမ ဖြစ်လာသည်။ ရှာဖွေတွေ့ရှိရသော လေ့လာချက်များအရဆိုလျှင် သူသည် နတ်ဆိုး လုထိုက်ဖန် ငယ်ရွယ်စဉ်က ပုံစံနှင့်ပင် ဆင်နေလေသည်။
အစပိုင်းတွင် လုကျစ်ကျောက်က S အဆင့် အယ်လ်ဖာ ဖြစ်ခြင်းကြောင့် လုမိသားစုက ပျော်နေကြပြီး လုကျစ်ကျောက်၏စရိုက်များ ပြောင်းလာခြင်းကလည်း ဒုတိယအကြိမ် သူ့စိတ်စွမ်းအား နိုးထလာသောကြောင့်ဟု ထင်နေကြသည်။ သို့သော် များမကြာမီ အကြီးအကဲပိုင်းများလည်း မပျော်နိုင်ကြတော့ချေ။
အကြောင်းမှာကား လုကျစ်ကျောက် သည် ရူးသွားပြီ ဖြစ်ကြောင်း သိရှိလိုက်ရသောကြောင့် ဖြစ်သည်။
သူသည် တစ်ခါတစ်ခါ စိတ်ကူးယဉ်ကမ္ဘာထဲတွင် နစ်မြောနေတတ်ပြီး တစ်ခါတစ်ရံ ကြောက်ဖို့ကောင်းသည်များကို လုပ်နေတတ်သည်။
သူ သတိပြန်ရလာသောအခါ လူတိုင်းအချစ်တော်ဖြစ်သော တက်ကြွတည်ငြိမ်သည့် သခင်လေး လုကျစ်ကျောက်အဖြစ် ပြန်ရောက်သွားသည်။ သို့သော် သူ ရူးသွားသည့် အကြောင်းအရင်းကော မှတ်ဉာဏ်ကော တစ်ခုမှ မရှိတော့ချေ။
ထိုအချိန်မှ လုမိသားစု ပျိုးထောင်ထားသည့် သုတေသန ပညာရှင်များက လုကျစ်ကျောက်၏ စိတ်စွမ်းအင်ကို လေ့လာရာတွင်က ဆိုးရွားသော အမှားလုပ်မိကြောင်း ထိတ်လန့်စွာ သိရှိသွားလေတော့သည်။ လေ့လာရာတွင် ထိပ်တန်းလက်ရွေးစင်၊ ထိတ်လန့်ချောက်ချားစရာအကောင်းဆုံးသူ တစ်ဖြစ်လဲ SS အဆင့် လုထိုက်ဖန်ကို ဒေတာကို နမူနာအဖြစ် အသုံးပြုခဲ့ကြသည်။
လုထိုက်ဖန်၏ စိတ်စွမ်းအင်မှာ လွန်ခဲ့သော နှစ်များက ခါနန်များ နှင့် အပြင်းအထန် တိုက်ပွဲတွင် စိတ်စွမ်းအားကို အလွန်အကျွံသုံးမိသည့်နောက်ပိုင်းမှစတင်၍ မထိန်းချုပ်နိုင်ကာ သွေးရူးသွေးတန်း ဖြစ်သွားခဲ့သည်။
ထို့ကြောင့် လုမိသားစုက ယုံကြည်သည်မှာ S အဆင့် လုကျစ်ကျောက်သည် SS အဆင့် လုထိုက်ဖန်ထပ် ရူးသိပ်နိုင်ချေ နည်းကာ ပို၍အန္တရာယ်ကင်းသည် ဟူ၍ပင်။ စိတ်စွမ်းအင် အလွန်များပြားခြင်းကြောင့် ရူးသွပ်သွားမှု ဖြစ်ပွားလျှင်လည်း နောက်ထပ်နှစ်များစွာ ကြာလွန်ပြီးမှ ဖြစ်နိုင်သည်ဟု မှတ်ထားကြသည်။
သို့သော် လူတိုင်းက လုထိုက်ဖန်လို မဖြစ်နိုင်ပေ။
လုမိသားစုသည် လုကျစ်ကျောက်အတွက် ပြင်ဆင်ပေးထားသည့် အိုမီဂါ အရွယ်မရောက်ခင် ထိုကိစ္စမျိုးဖြစ်လာမည် မဟုတ်ဟု ထင်ခဲ့သည်။ သို့သော် ယခုတော့ လုကျစ်ကျောက်သည် စိတ်စွမ်းအင် အလွန်များပြားမှုကြောင့် စိတ်လွတ်နေလေပြီ။
ထို့ကြောင့်လည်း နင်းကျားရိ၏ အခန်းကဏ္ဍသည် ပို၍ အရေးပါလာသည်။ ထိုအချက်ကလည်း နင်းကျားရိကို အလွန်ကျေနပ်အားရစေသည်။
လုကျစ်ကျောက်နောက် တိတ်တဆိတ်လိုက်လာခဲ့ရခြင်းမှာလည်း လုကျစ်ကျောက်၏စိတ်စွမ်းအင်ကို တည်ငြိမ်အောင် သူ လုပ်နိုင်မည်အထင်ဖြင့် လိုက်လာခဲ့ခြင်းသာ။
သို့သော် သူတွေ့လိုက်ရသော အားကျောက်မှာ သူသိသော ပုံစံမဟုတ်ဘဲ အေးစက်ကာ ရိုင်းစိုင်းပြီး ဒေါသထွက်လွယ်သော မကောင်းဆိုးဝါး ဖြစ်နေလေသည်။
အကျယ်ချုပ်ချခံထားရသည့် လုကျစ်ကျောက်သည် နင်းကျားရိ ရောက်လာသည့်အတွက် ဝမ်းသာသည့်ပုံစံပင် မပြချေ။ နင်းကျားရိက စုလျန်သည် ‘မြွေတွင်း’ တွင် နှစ်ဝက်လောက် အမှုထမ်းသွားတော့မည်ကို ရည်ရွယ်ချက်ရှိရှိ သွယ်ဝိုက်ပြောလိုက်ချိန်တွင် အရမ်းဒေါသထွက်သွားတော့သည်။
ထို့ကြောင့် သူ့ကို ထိန်းသိမ်းထားသော အခန်းတံခါးကို အတင်းအကျပ် ချိုးဖောက်ထွက်လိုက်သည်။ ထိုကဲ့သို့ လုကျစ်ကျောက်၏ ကြမ်းတမ်းသည့်ပုံစံက နင်းကျားရိကိုပင် လန့်သွားစေသည်။
သို့သော်လည်း လုကျစ်ကျောက် စိတ်မတည်ဖြစ်ကာ အကျယ်ချုပ်အခန်းကို ချိုးဖောက်ထွက်သွားပါက လုမိသားစုအတွင်းရှိ လုကျစ်ကျောက် ပုံရိပ်ကို ထိခိုက်သွားစေမည် ဖြစ်သဖြင့် နင်းကျားရိ ရှေ့ထွက်ကာ တားထားတော့သည်။ ရလဒ်ကား သူ့မျက်နှာပေါ်က အညိုကွက်ပင်။
လုကျစ်ကျောက်သည် ညှာတာမှုကင်းစွာ သူ့ကို ရိုက်ခဲ့သည်။
ထို့နောက် ဟိုဗာယဥ်ပျံတစ်စီးကို ခိုးပြီး စုလျန်ကို တားဆီးရန် ထွက်သွားလေသည်။ လုကျစ်ကျောက်က စုလျန်၏ ယဥ်ကို တားထားခဲ့ပြီး ယခုလို နောက်ဆက်တွဲများ ဖြစ်လာခဲ့ခြင်းသာ။
“အားကျောက် ဦးလေးလု စိတ်တိုသွားလိုက်မယ်…”
နင်းကျားရိသည် နှုတ်ခမ်းကို ကိုက်ကာ စည်းရုံးကြည့်သည်။
“အပေါက်ပိတ်ထားပြီး သွားလိုက်”
လုကျစ်ကျောက်သည် နင်းကျားရိ စကားမဆုံးခင်မှာပင် ကြားဖြတ်ကာ ဆဲလိုက်သည်။
နင်းထန်ရှန်းကို ကြောက်ရွံ့ရသည်မှာအပ မည်သူ့ကမှ သူ့(နင်းကျားရိ)ကို ထိုကဲ့သို့ မဆက်ဆံဖူးချေ။
သနားစဖွယ် သူ့မျက်နှာတွင် ဒေါသအရိပ်အယောင်သန်းသွားသော်လည်း ခဏလေးအတွင်း ပျောက်ကွယ်သွားသည်။
အကြောင်းမှာကား သူ မော်ကြည့်လိုက်ချိန်တွင် လုကျစ်ကျောက်၏ စုလျန် ကို ကြည့်နေသော မျက်လုံးများမှာ အရင်ကလို မြတ်နိုးသည့် အကြည့်မဟုတ်ဘဲ အလွန်ကွဲပြားနေသည်။
လုကျစ်ကြောင့် စုလျန် ကို ကြည့်နေပုံမှာ တစ်ခဏချင်းမှာပင် စုလျန်ကို ဝါးစားကာ သူ့အပိုင်လုပ်တော့မည်ဟန် ဖြစ်သည်။
အစက တွန့်ဆုတ်စွာဖြင့် လှည့်ပြန်တော့မည့် နင်းကျားရိ ရင်ထံ စူးခနဲနာသွားသလို ခံစားလိုက်ရ၏။
လုကျစ်ကျောက်သည် စုလျန်ကို သူ့အရှေ့မှာ မည်မျှပင် ချစ်ကြိုက်ကြောင်းပြနေပါစေ သူ မတုန်လှုပ်ခဲ့။ လုကျစ်ကျောက်လို အယ်လ်ဖာမျိုးသည် အဆုံးတွင် သူ့လိုအိုမီဂါဆီ ပြန်လာရမည်ကို သိသောကြောင့် ဖြစ်သည်။
သို့သော် ယခုတော့ သူ လုကျစ်ကျောက်ကိုပင် ဆုံးရှုံးရတော့မည်ဟု ခံစားနေရသည်။
ထို့သို့ အလိုလိုဖြစ်ပေါ်လာသော ဆုံးရှုံးလိုက်ရမှာ ကြောက်သည့် ထိတ်လန့်မှုနှင့်အတူ နင်းကျားရိသည် လုကျစ်ကျောက်အပေါ်ရှိနေသော သူ့ဒေါသကိုပင် မေ့လျော့ကာ အခြားသူများ တားနေသည့်ကြားမှ လုကျစ်ကျောက်ထံ ပြေးဝင်ကာ ဖက်ထားလိုက်မိသည်။
“အားကျောက် ဒီလို မလုပ်ပါနဲ့…”
သူ့အသံပင် ဝမ်းနည်းမှုကြောင့်တုန်ရီနေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် နင်းကျားရိခန္ဓာကိုယ်သည် အပြည့်အဝမကောင်းသေးပေ။ သူသည် အထိအခိုက်လွယ်နေပြီး သူ့ခန္ဓာကိုယ်လည်း ပိန်ပါးကား သေးညှက်နေသည်။ သူ့ကို ကြည့်လိုက်မိသူတိုင်းက သနားမိမည်သာ။
သို့သော် လုကျစ်ကျောက်က မျက်ရည်ဝဲပြီး သနားစရာကောင်းသော နင်းကျားရိ၏မျက်နှာကို လက်ဖြင့် အကြမ်းပတမ်း တွန်းဖယ်ပြီး ဘေးကို တွန်းထုတ်လိုက်သည်။
မထင်မှတ်ထားသဖြင့် နင်းကျားရိသည် မြေကြီးပေါ် လဲကျသွားလေသည်။
ထိတ်လန့်မှုကြောင့် ချောင်းဆိုးလိုက်ရာ ပါးစပ်နားက သွေးစလေးများပင် စီးကျလာ၏။ မူးဝေလာသော နင်းကျားရိသည် ထရန်ပင် အားမရှိတော့ဘဲ မြေကြီးပေါ် လဲကျကာ မလှုပ်နိုင်တော့ပေ။ ထို့အပြင် အနည်းငယ် ရှည်နေပြီဖြစ်သော ဆံပင်များက နင်းကျားရိ၏မျက်နှာကို ဖုံးအုပ်သွားသည်။
နင်းကျားရိ သည် အလွန်ပိန်ပြီး ယခုလို လဲကျသွားချိန်တွင်မူ ပို၍ပိန်ချုံးကာ ထိခိုက်လွယ်ပုံ ပိုပေါက်နေသည်။
“နင်းကျားရိ??”
ထိုသည်ကို စုလျန် မမျှော်လင့်ထားခဲ့။
နင်းကျားရိ၏ခန္ဓာကိုယ်မှာ ဖန်အရုပ်လေးတစ်ရုပ်လို ဖြစ်နေသည့်အတွက် သူ့ကို မနှစ်မြို့သော စုလျန် ပင် ယခု စိုးရိမ်သွားမိသည်။
စုလျန် နင်းကျားရိကို သွားကူရန် ကြိုးစားလိုက်သောအခါ စုလျန်ကိုသာ အာရုံထဲရှိသော လုကျစ်ကျောက်လည်း မြေကြီးကို လှည့်ကြည့်လိုက်မိ၏။
လဲကျနေသော ငယ်ရွယ်သည့် လူငယ်လေးမှာ မလှုပ်မရှားဘဲ အသက်မျှင်းမျှင်းလေးသာ ရူနေပြီး မသိလျှင် သေသွားသကဲ့သို့ပင်။
လုကျစ်ကျောက်၏ ရူးကြောင်ကြောင် မျက်လုံးများသည် ရုတ်တရက် တည်ငြိမ်သွားသည်။
ခန္ဓာကိုယ်ကလည်း တစ်ချက်ယိုင်သွားကာ တုန်ယင်လာခဲ့သည်။
ထို့နောက် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ဖိကိုင်ထားပြီး
“မဟုတ်ဘူး…
ငါ ဘာလုပ်မိတာလဲ…”
လုကျစ်ကျောက်သည် နာကျင်စွာဖြင့် ငြီးတွားလိုက်သည်။ သူမျက်လုံးဖွင့်လိုက်ချိန်တွင် သူ့မျက်လုံးထဲက သားရိုင်းသဖွယ်ပုံရိပ်သည် ဖြေးဖြေးပျောက်ကွယ်ကာ မျက်လုံးများက ကြည်လင်သွား၏။
တကယ့် အပြင်မှာ ဖြစ်နေသလို ကြောက်စရာကောင်းသော အိမ်မက်ဆိုးက နိုးထခဲ့သလိုပင်။
လုကျစ်ကျောက်သည် သူ့ဘေးပတ်လည်ကို ကြည့်လိုက်သောအခါ နင်းကျားရိထံတွင် အကြည့်များက ရပ်သွားသည်။ သူက စိတ်ကူးအိပ်မက်ထဲတွင် မဟုတ်မှန်း သိလိုက်ရသောအခါမှ လုကျစ်ကျောက် စိတ်အေးစွာ သက်ပြင်းချလိုက်နိုင်တော့သည်။
သူသည် စုလျန် ကို မယုံကြည်နိုင်စွာ ကြည့်ရင်း
“လျန်လေး”
လုမိသားစုအကြီးဆုံးသား၏ ပုံရိပ်မှာ ပျက်စီးသွားရသဖြင့် ရှက်ရွံ့မိသွားသည်။
လုကျစ်ကျောက်၏နှုတ်ခမ်းများ တုန်ရီနေကာ တစ်ယောက်သောသူကို တစ်စစီ စုတ်ဖြဲမိမည်ကို ကြောက်နေသည့်အလား စုလျန် ကို ကြည့်လိုက်သည်။
ထို့နောက် သူ့အကြည့်သည် စုလျန် နောက်မှ ဟိုဗာယဥ်ပျံထံတွင် ရပ်သွားပြန်သည်။
ထိုကားတံခါးတွင် လုမိသားစု၏ လက်စွဲတော် အဖွဲ့တံဆိပ် ပါလေသည်။ ထိုတံဆိပ်သည် အဆိပ်ရှိသော မြွေတစ်ကောင် ဝန်းရံထားပုံပါပေ။ ထိုကားသည် မြွေတွင်း ဆီ လူများကို သီးသန့်ပို့ပေးသောကား ဖြစ်သည်။
သူတို့ အချင်းချင်းတော့ ထိုကားကို နိဗ္ဗာန်ယာဉ် ဟုခေါ်လေသည်။
လုကျစ်ကျောက်၏ အသက်ရူနှုန်းသည် မြန်လာသည်။
သူ အနှောင်အဖွဲ့မှ ရုန်းပြီး ထိုအခန်းမှ ထွက်လာရသည့်အကြောင်းအရင် မှာ စုလျန် ကို ရှာရန်ဖြစ်သည်ကို သူ ဝိုးတိုးဝါးတား ပြန်မှတ်မိလာသည်။
“လျန်လေး ကိုယ်နဲ့ပြန်လိုက်ခဲ့ပါ။ မင်း အဲ့ကို မသွားရအောင် ကိုယ် နည်းလမ်းရှာပေးမယ်လေ” ဟု စိုးရိမ်တကြီး ပြောလိုက်သည်။
“မင်းအတွက် အရမ်းအန္တရာယ်များလွန်းတယ်!”
သူ ပြောနေစဉ်အတွင်း မရေတွက်နိုင်သော ကားပေါင်းများစွာက ရောက်ရှိလာကြသည်။
စုလျန်သည် သူ့ရှေ့တွင် အရပ်ရှည်ကြီးဖြင့် ပိတ်ရပ်ကာ မသွားရန် ပြောဆိုနေသည့် လုကျစ်ကျောက် စကားကို နားထောင်ရမည့်အစား နောက်မှာ အုပ်စုလိုက် ချီတက်လာသောယာဥ်များကိုသာ ကျော်ကြည့် နေမိသည်။
လုမိသားစုနှင့် နင်းမိသားစုမှ လူများ ရောက်လာကြပြီ။
“သခင်လေးနင်း ဘာဖြစ်ကြတာလဲ?”
“သခင်လေးနင်း ဒဏ်ရာရနေတယ်။ မြန်မြန်လူနာတင်ယာဉ်ခေါ်လိုက်!”
“သခင်လေးနင်းကို တွေ့ပါပြီ။ ဟုတ်ကဲ့ ဒဏ်ရာမရထားပါဘူး”
“ဟုတ်တယ်။ စုလျန်လဲ ဒီမှာပဲ” ဟု အော်လိုက်သည့် လုကျစ်ကျောက်၏အော်သံကို ဆူညံသံများကို ဖုံးလွှမ်းသွားသည်။
အစောင့်များ၊ ဆရာဝန်များ နှင် လုမိသားစု၏ လက်အောက်ငယ်သားများအားလုံးသည် ကားထဲမှ အသည်းအသန် ထွက်လာကြပြီးနောက် နေရာတစ်ခုလုံး ပွတ်လောရိုက်သွား၏။
စုလျန် သည် သူ့ရှေ့မှ မြင်ကွင်းကို တောင့်တောင့်ကြီး ကြည့်နေသည်။ သူ့ခေါင်းပင် ကိုက်ခဲလာသည်။
သူ ဘာလို့ ထပ်ပြီး ဒီပြဿနာတွေထဲ ပါဝင်သွားရတာလဲဆိုတာ တကယ်ကို မသိတော့နိုင်တော့ပေ။
လုကျစ်ကျောက်ကို အစောင့်များက ထိန်းသိမ်းထားလိုက်ပြီး နင်းကျားရိကတော့ သူ့မိသားစုက လူနာတင်ယာဉ်ဆီ ခေါ်သွားကြသည်။
“လုမိသားစုကို ဒီကိစ္စကို ရှင်းလင်းဖို့ ငါတို့ တောင်းကို တောင်းဆိုမှာ! “
နင်ကျားရီကို ပွေ့ထားသော နင်မိသားစုဝင်တစ်ဦး၏ မျက်နှာမှာ မဲပြာနေပြီး စုလျန်နှင့် လုကျစ်ကျောက်ကို မီးထတောက်တော့မလို မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
“ဒီကိစ္စ ဒီအတိုင်းထားမယ် မထင်နဲ့!”
"ကျွန်တော်တို့ သေချာပေါက် တာဝန်ယူ ရှင်းပေးပါမယ်!"
"စိတ်ချပါ"
လုမိသားစု၏ လက်အောက်ငယ်သားများမှာ စုလျန် ကို မသိကျိုးကျွံပြပြီး လျစ်လျူရှူထားကာ နင်းမိသားစုဝင်များကို တောင်းပန်နေသည်မှာ စုလျန် သေချာကြားနိုင်အောင် တမင်မြှင့်ထားသော အသံကျယ်ကျယ်များဖြင့်။
လုမိသားစုဘက်က လူများသည် လုကျစ်ကျောက်ကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်သော်လည်း အဓိက ပြဿနာရှာသူမှာ လုမိသားစု၏ အကြီးဆုံးသခင်လေး ဖြစ်နေတာမို့ ဘာမှမလုပ်နိုင်ပေ။
ထို့ကြောင့်လည်း သူတို့၏ အမုန်းတရားနှင့် ရွံ့ရှာမှုတို့က အမြဲတမ်းလိုလို စုလျန်ထံသို့ မြှားဦးလှည့်လာသည်သာ။
တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်၊ သုံးခါလည်း မဟုတ်…
လုကျစ်ကျောက်တွင် ပြဿနာဖြစ်တိုင်း နင်းကျားရိသည် ဆေးရုံရောက်ကာ သူကလည်း ထိုနေရာတွင် ရှိနေတတ်သည်။
စုလျန် သည် အကူအညီမဲ့စွာ ငြီးတွားမိလေသည်။
လုမိသားစု လက်အောက်ငယ်သားများ၏ ရွံရှာမှုကို သူစိတ်ထဲ မထားချေ။ သို့သော် ခက်သည်မှာ လုကျစ်ကျောက်သည် သူ့ကို လွှတ်မပေးချင်ဘဲ အော်ဟစ်သောင်းကျန်းနေသည်။
“လျန်လေး မစိုးရိမ်နဲ့ ကိုယ် ဒါကို ဖြေရှင်းပေးပြီး မင်းကို ကာကွယ်ပေးမယ်-“
“ကိုယ့် အသက်ကို စွန့်စားရရင်တောင် မင်းကို အဲ့လို နေရာ မလွှတ်နိုင်ဘူး”
သူ ထိုကဲ့သို့ အော်နေသောကြောင့် စုလျန် ကို ကြည့်နေကြသော အကြည့်တို့မှာ ပိုစူးရှလာကြတော့သည်။
စုလျန် သည် အသက်ဝဝ ရှူသွင်းလိုက်ကာ သည်းမခံနိုင်သည့်အဆုံး လုကျစ်ကျောက် အော်နေသည်ကို ကြားဖြတ်ပြောလိုက်သည်။
“အားတော့နာပါရဲ့ ။ မင်း ငါ့ကို ကယ်ပေးဖို့မလိုဘူး။ ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်က လိုလိုလားလားပဲ အဲ့နေရာကို သွားမှာ ဖြစ်လို့!”
စုလျန် သည် ရိုးသားစွာ ပြောလိုက်ခြင်းဖြစ်သည်။
ပိုယုံကြည်စေရန် သူ့ဘာကြောင့်သွားချင်သည့် အကြောင်းအရင်း အခိုင်အမာကို ပြောမှသာ ဖြစ်ချေမည်။
“ငါက လုမိသားစုခေါင်းဆောင်ကို အမြဲတမ်း လေးစားခဲ့တာ။ သူက ဒီဖက်ဒရယ်ရဲ့ သူရဲကောင်း မဟုတ်ဘူးလား? လုထိုက်ဖန် နေတဲ့နေရာကို သွားရမှာက ငါ့အတွက် ဂုဏ်ယူစရာတစ်ခုလိုပဲ ! လုကျစ်ကျောက် မင်းထင်ချင်ရာထင်ပြီး ဇွတ်လုပ်မနေနဲ့။ ငါ့ခံစားချက်တွေကိုလည်း ထင်ကြေးပေးပြီး ငါ့အနာဂတ်ကို မနှောင့်ယှက်ပါနဲ့။ ငါ တစ်ခုပြောပါရစေ။ ငါက လုထိုက်ဖန်ကို သဘောကျတယ်။ ငါသဘောကျတဲ့ သူရဲကောင်းနဲ့ ငါ နေချင်တယ်။ အဲ့ကြောင့် ငါသွားမှာ။ အဲ့နေရာကိုလည်း ငါသဘောကျတယ်!”
စုလျန် ပြောစကားအဆုံး နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
လူတိုင်းသည် လူအုပ်စု၏အလယ်တွင်ရှိနေသော ဘီတာကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ငယ်ရွယ်သေးလျပြီး အလွန်လှပသော ကောင်လေးတစ်ယောက်က ထိုအံ့သြစရာစကားများကို တည်ငြိမ်သော မျက်လုံးများဖြင့် ပြတ်ပြတ်သားသား ပြောချလိုက်သည်ကို ကြည့်နေကြ၏။
… အရမ်း ယုံကြည်မှု လွန်ကဲနေတာပဲ။
နားထောင်ကြည့်တော့ လုံးဝအဓိပ္ပါယ်မရှိဘူး ဆိုပေမဲ့ ဒီကလေး ဒီလို တကယ်တွေးနေတာလဲ ဖြစ်နိုင်တယ်။
စုလျန် သည် သူ့ရှေ့မှောက်တွင်ရှိနေသော လူအုပ်ကြီးကို ကျေနပ်အားရစွာ ကြည့်လိုက်သည်။ ကြောင်တောင်တောင်ဖြင့် လုကျစ်ကျောက်ကား ပြောစရာစကားများ ပျောက်ဆုံးနေလေပြီ။
စုလျန်တစ်ယောက် သူ့ဟာသူ ပြောပြီး အကျေနပ်ကြီး ကျေနပ်ကာ ခေါင်းပင် ညိတ်လိုက်မိသည်။ ထို့နောက် အခြားသူလက်ထဲ ပျော့ခွေနေသော နင်းကျားရိကို လှမ်းကြည့်လိုက်သည်။
စာရွက်တစ်ရွက်ကဲ့သို့ ဖြူလျော့သော ကောင်လေးနှုတ်ခမ်းမှာ သွေးပေနေသည်။
လုကျစ်ကျောက်ကြောင့် သူ ဒဏ်ရာရသွားသည်မှာ မှန်သော်လည်း လုကျစ်ကျောက်ကား နင်းကျားရိကို တစ်ချက်မျှ လှည့်မကြည့်ပေ။
နင်းမိသားစု၏ ကာကွယ်မှုအောက်တွင် ရှိနေစေကာမူ သူတွင် စိတ်ရင်းအမှန်ဖြင့် စိုးရိမ်ပေးမှုကို မရရှိပေ။
နင်းမိသားစု၏ လူများသည် လုမိသားစုတာဝန်ရှိသူများအား နင်းကျားရိ အနာတရ ရသွားသည်ကို ရေးကြီးခွင်ကျယ် လုပ်ပြောနေသော်လည်း မည်သူမျှ နင်းကျားရိကို နာသလား ဟူ၍လည်းကောင်း၊ အဆင်ပြေရဲ့လား ဟူ၍လည်းကောင်း မမေးကြ။
တစ်ခဏတာမျှ စုလျန် သည် နင်းကျားရိအတွက် သနားသွားသည်။
“မင်း… ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်”
စုလျန် သည် နှုတ်ခမ်းမပွင့်တပွင့်ဖြင့် တိုးတိုးပြောသွားပြီး သူ့ကို ကြည့်နေသူများထံမှ လှည့်ထွက်လာကာ လုကျစ်ကျောက်ဆီမှ အဝေးကို တစ်လှမ်းချင်း လျှောက်သွားသည်။
စုလျန် သည် သူလုပ်လိုက်သည့် အပြုအမူ အသေးအမွှားတိုင်းနှင့် စကားတစ်လုံးချင်းတိုင်း အသေးစား စစ်တပ်ထောက်လှမ်းရေးစက်ရုပ်က ရိုက်ကူးထားသည်ကို မသိပေ။ ထို့နောက် ဟိုလိုဂရပ်ဖစ် ထိုးပေးထားသည့် စခရမ်အကြီးစားတွင် တိုက်ရိုက်ထုတ်လွှင့်ထားလေသည်။
လုမိသားစု စံအိမ်တော် သို့မဟုတ် နက်ရှိုင်းသည့် မြေအောက် ‘မြွေသားရဲတွင်း’
မရေတွက်နိုင်သော စခရမ်ပေါင်းများစွာနှင့် ဝန်းရံထားသည့် စောင့်ကြည့်ခန်းတွင် လူတစ်ယောက်ထပ်ပင် ခံစားချက် အတက်အကျဖြင့် အသက်ဝင်အောင် ပြောဆိုနိုင်သော အီလက်ထရောနစ် စက်ရုပ်သံက ပြောဆိုနေသည်။
“ဝါး လုမိသားစုက လူတွေ ဒီတစ်ခေါက် ကြောင်ပေါက်လေးကို ပစ်မှတ်ထားနေပြန်ပြီပဲ။ ဒီအလကားလူတွေ ငါ့သနားစရာလေးကို ဒုက္ခထပ်ပေးဦးမှာလား မသိဘူး?! အရမ်း စိုးရိမ်ပူတာပဲ!”
“ကွမ်ကျား” အမည်ရသော အေအိုင်က အိမ်ထိန်းစက်ရုပ်၏ကိုယ်ထဲမှ ပြောဆိုနေသည်မှာ သူ့ဘေးမှ လူသားထက်ပင် ပိုလူသားဆန်သေးသည်။
တကယ့်လူသားအစစ်က “ကွမ်ကျား”ကို လျစ်လျူရူကာ သူ့ရှေ့က သတင်းအချက်အလက်များကိုသာ ကြည့်၍ နေလေသည်။
လုထိုက်ဖန် ဘာမျှမတုန့်ပြန်သည့်တိုင် ကွမ်ကျားသည် စိတ်မပျက်သေးဘဲ စုလျန်ဘက်မှ အခြေအနေများကို အချိန်နှင့် တပြေးညီ ဆက်ထုတ်လွှင့်နေဆဲ ဖြစ်လေသည်။
“အဲ့ဒီ လဲကျနေသွားတဲ့ ယဥ်မောင်းက ဘာမှမထိခိုက်ပေမဲ့ စိတ်စွမ်းအင်ကတော့ တူလေးဆီက တိုက်ခိုက်ခံလိုက်ရတဲ့အတွက် သက်သာဖို့က အချိန်ယူရပါလိမ့်မယ်။ အား အခုတော့ ကြောင်ပေါက်လေး အဲမှာ ပိတ်မိနေပြီ။ ဒရိုင်ဘာအသစ်က အဲ့နေရာကို ရောက်ဖို့တော့ နည်းနည်းကြာဦးမယ်။ လုမိသားစုက ပမွှားကောင်တွေက ဒီအခွင့်အရေးကို အမိအရယူပြီး သူ့ခေါင်းပေါ်အကုန် ပုံချလိမ့်မယ်။ ပြောမှပဲ ရာသီဥတုက ကောင်းတယ်နော်။ လေကတော့ နည်းနည်းအေးတယ်။ ဒီပိန်ပိန်ပါးပါးလေးက အအေးမိသွားမလား မသိ…”
လုထိုက်ဖန် သည် ကွမ်ကျား၏ ဆူညံမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသည့်အလား မျက်လုံးကို ပင့်ကာ အေးစက်စွာ ကြည့်လိုက်သည်။
"ကွမ်ကျား" ၏ စကားများက ချဲ့ကားပြောဆိုနေတာတော့ မဟုတ်ပေ။ ရောက်လာကြသည့် ယာဥ်တန်းကြီးနှင့် လူအုပ်စုကြီးကတော့ ရှင်းသွားလေပြီ။
လုကျစ်ကျောက်ကိုလည်း အိမ်တော်ဟောင်းဆီ ပြန်ခေါ်သွားသည်။ အဆင့်မြင့် ဖိနှိပ်ရေးကိရိယာများကြောင့် သူ့မျက်လုံးနှင့် မျက်နှာကား အမှောင်အတိပင်။
နင်းကျားရိသည် လူနာတင်ကားထဲ လဲနေကာ ကားအမိုးကို ငေးကြည့်နေသည်။
လုမိသားစုမှ အဖွဲ့များ မထွက်ခင်မှာပင် အစေခံများစွာက စုလျန် နားရပ်နေကာ မေးခွန်းများ ထုတ်နေကြသည်။
ယခုအချိန် စုလျန် အပေါ်ထားသည့် သူတို့ စိတ်ထားမှာ အကျဉ်းသားတစ်ယောက်ကို မေးခွန်းထုတ် နေသကဲ့သို့ပင်။
စုလျန်သည် ထိုသူများကို မထူးမခြားနားသလို ဆက်ဆံပြီး စာရွက်စာတမ်းကို လက်မှတ်ထိုးရန် သူ့ လက်ဆန့်တန်းလိုက်သောအခါ သူ့လက်ကောက်ဝတ်ရှိ ညိုမဲရာကြီးကို တွေ့မြင်နိုင်သည်။ ထိုအရာမှာ လုကျစ်ကျောက်ကာ ဒေါသထွက်ကာ သူ့ကို အားဖြင့် ကိုင်လိုက်ချိန်က ရခဲ့သည့် ဒဏ်ရာ ဖြစ်သည်။
စုလျန် သည် ငယ်ငယ်ကပင် ဖြူလျော့သည်။ ထို့ကြောင့် သူသည် ညိုမဲစွဲလွယ်သည်။ ပြင်းထန်သော အားဖြင့် ညှစ်မိသောကြောင့် ဒဏ်ရာက ခနအတွင်း ခရမ်းပြာရောင်သမ်းလာကာ သူ၏ဖြူစင်သော အသားပေါ်တွင် ကြောက်စရာ ကောင်းနေသည်။
အဆင့်မြင့်စက်ရုပ်ကပင် မထောက်လှမ်းနိုင်။ သို့သော် အေးစက်သော လူတစ်ယောက်ကသာ စုလျန်၏လက်ကောက်ဝတ်ကို ခဏတာ ရပ်ကြည့်လိုက်၏။
ထို့နောက် လုထိုက်ဖန်သည် သူ့ခေါင်းကို တိတ်ဆိတ်စွာ ပြန်ငုံလိုက်ပြီး သာမာန်လူများ ခွဲခြမ်းစိတ်ဖြာ နားလည်နိုင်ရန် မလွယ်သော ပရော်ဖက်ရှင်နယ်ကိရိယာများဖြင့်သာ ခွဲခြမ်းနိုင်သည့် ရှုပ်ယှက်ခတ်နေသည့် ဒေတာများကို ထပ်ကြည့်နေပြန်သည်။
“ဝါး သခင်က အရမ်းရက်စက်တာပဲ! တကယ် ဂရုမစိုက်တာလား? ကြောင်ပေါက်လေးကိုယ်တိုင်က ပြောတယ်လေ။ သူ သခင့်ကို အရမ်းမြတ်နိုးတာပါလို့! အမလေး ဒီကမ္ဘာမှာ သခင့်အပေါ် အကောင်းမြင်ပေးတဲ့သူ ရှိနေတယ်လေ! သခင့်ကို အားကျတဲ့သူ ရှိနေတယ်လေ! အဲ့တာကြောင့်ပဲ သခင်- သခင်က သေချာ ဂရုစိုက်ပေးသင့်တယ်-“
ကွမ်ကျား စကားမဆုံးမီ စခရင်မှ လေတိုက်ခတ်သံ ပြင်းပြင်းများကို ကြားလာရသည်။
“အာ နေပါဦး ဒီအသံက…”
ကွမ်ကျား၏မျက်ဝန်းများ ဝင်းလဲ့သွားသည်။
စပရိုက်နှင့် ထိုအရာသည် ခပ်ဆင်ဆင်ပင်။
သူ အံ့အားသင့်ရသည့်အကြောင်းမှာ နဂိုအသိအရဆိုလျှင် မပေါ်လာသင့်သောအရာက ယခု သူ့ ရှေ့ပေါ်လာသည့်အတွက်ကြောင့် ဖြစ်လေသည်။
မြင်ဖူးသလိုလို အမည်းရောင်ခြယ်ထားသော ဖြောင့်မတ်သည့် ကိုယ်ထည်၊ အဆင့်မြင့်တည်ဆောက်ပုံနှင့် သေနတ်ပြောင်းဝ….
စုလျန် နှင့် လုမိသားစု၏ ခေါင်းပေါ်တွင် မြွေတွင်း မှ တမူထူးခြားသော စစ်တပ်လေယာဉ်တစ်စင်း ပေါ်လာသည်။
ထိုလေယာဉ်ပျံသန်းမှုကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းကြမ်းများကြားမှ အမည်းရောင်သံချပ်ကာ အပြည့်ဝတ်ထားသည့် လူနှစ်ယောက် ခုန်ချလာကာ စုလျန် နှင့် လုမိသားစုဘေးတွင် ဆင်းသက်လိုက်သည်။
“မစ္စတာ စုလျန် မြွေတွင်း ဆီလာပေးတဲ့ အတွက် ဝမ်းသာပါတယ်။ မင်းကို အခုပို့ဆောင်မဲ့ယာဉ်မှာ ပြဿနာတစ်ခု ဖြစ်တာကို ထောက်လှမ်းရမိပါတယ်။ အဲ့ကြောင့် အချိန်မီမရောက်လာတဲ့အတွက် ကျွန်တော် တို့က လာခေါ်ဖို့အမိန့်ကျလို့ပါ”
အစောင့်တစ်ယောက်က လှည့်ပြီး စုလျန် ကို ပြောလိုက်သည်။
မျက်နှာဖုံးအောက်မှ အသံတစ်သံထွက်လာကာ
“နောက် တစ်နှစ်ခွဲထိ တာဝန်ထမ်းဆောင်နေချိန်အတွင်း မင်း မြွေတွင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လုံလုံခြုံခြုံနေနိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်”
အရပ်ရှည်ရှည် ထွားကြိုင်းသော အစောင့်တစ်ယောက်က ထိုကဲ့သို့ ပြောလိုက်၏။
ထိုသူက သာမန်နှုတ်ဆက်စကား ပြောနေခြင်း ဖြစ်သော်လည်း အသံတောင်းတောင်းကြီးကြောင့် သူ့လျှာလိပ်များပင် လိပ်ကာ ကိုက်မိတော့မယောင်။
ထိုစဉ် သူ့အရှေ့ လုမိသားစုမှ လူများကား အံ့အားသင့်နေသည်။
သူတို့သည် မည်သူကမျှ မြွေပွေးစစ်သည် ဟု ဟန်ဆောင်ရဲမည် မဟုတ်သည်ကို သိသည်။ သို့သော် သူတို့ အားလုံးကတော့ သူတို့ ရှေ့တွင်ရှိသူများကို အတုဟူ၍သာ ထင်မှတ်မိမည်သာ။
သတ်ဖြတ်ကျွမ်းကျင်သည့် မြွေပွေးစစ်သည်များက အဆင့်နိမ့်ဝန်ထမ်းလေးကို လာကြိုသည့် တာဝန်ကို ပါ ဆောင်ရွက်နေသလဲ မသိနိုင်။
စုလျန် သည် မြွေပွေးစစ်သည် ၏ စောင့်ကြပ်မှုဖြင့် လေယာဥ်ဆီသို့ လျှောက်သွားသည်ကို မြင်ရသောအခါ လုမိသားစုမှ တာဝန်ရှိသူတစ်ဦးက ထိတ်လန့်တကြားဖြင့် တားဆီးလိုက်၏။
“ခ- ခဏနေပါဦး။ သခင်လေးလုနဲ့ ပက်သက်တဲ့ အက်စီးဒင့်အကြောင်းကို ကျွန်တော် တို့ ပြောမပြီးသေး…”
“မင်းတို့တွေ မြွေတွင်း က လူကို မေးခွန်းထုတ်ချင်နေတာလား”
တာဝန်ရှိသူသည် ထိုစကားကြားသောအခါ မျက်နှာမှာ ဖြူလျော့သွားပြီး ပါးစပ်ပိတ်သွားရသည်။
ဒီလို ပြန်ပြောတယ်ဆိုရင်တော့ မြွေးဆိုး(မြွေပွေးစစ်သည်)တွေ ဆိုတာအမှန်ပဲ။
အကြောင်းမူကား မြွေပွေးစစ်သည်များသည် သူတို့ စကားတစ်ခွန်းဖြင့် လူတစ်ယောက်ကို သေခြင်းတရားနှင့် နီးကပ်သည့် ကြောက်ရွံ့မှုကို ခံစားရစေနိုင်လို့ပင်။