ညသန်းခေါင် လမ်းလျှောက်ထွက်ခြင်းက ဤကမ္ဘာကြီးကို သူယခင်က ကြုံခဲ့ဖူးသည့် ကမ္ဘာနှင့် လုံးဝကွဲပြားသွားစေကြောင်း စုလျန် လုံးဝ မသိလောက်ပေ။ စိတ်စွမ်းအား ထိန်းချုပ်မှုကို ဆုံးရှုံးလိုက်ရပြီး ရုပ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်သွားသင့်သည့် လုထိုက်ဖန်သည် ဤကမ္ဘာတွင်မူ လုကျိန့်အန်းနှင့် အောင်မြင်စွာ ညှိနှိုင်းနိုင်ခဲ့ပြီး ဟန်ဆောင်ပြုံးရယ်ရင်း သဘောတူညီမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။
စုလျန်ကတော့ ရှင်းချွမ်တက္ကသိုလ်တွင် တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သော "တစ်စုံတစ်ခု"က ခါနန်အစိုးရနှင့် ကမ္ဘာ့မဟာမိတ်အဖွဲ့ကြားရှိ နောက်ထပ် လျှို့ဝှက်တိုက်ပွဲတစ်ခုကို အစပျိုးစေခဲ့ကြောင်းကိုလည်း သိမည် မဟုတ်ချေ။ ယခင်ကမ္ဘာနှင့် မတူသည်က ဤတစ်ကြိမ်တွင် ကမ္ဘာ့မဟာမိတ်အဖွဲ့က အသာစီး ရနေခဲ့ခြင်းပင်။
ထိုအချိန်တွင် လူငယ်ဘီတာလေးက ပြဿနာကို သယ်ဆောင်လာသူ လူနှစ်ဦးနှင့် ဆက်ဆံရေးကို အပြီးအပိုင် ဖြတ်တောက်နိုင်မည့် နည်းလမ်းတစ်ခုကို ခေါင်းမီးတောက်မတတ် စဥ်းစားနေလေသည်။
ထို့နောက် ရက်အနည်းငယ်အကြာတွင် လုမိသားစုအကြီးအကဲများထံမှ သဘောတူညီချက် စာချုပ်တစ်စောင်က သူ့ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သူတို့ကတော့ သဘောတူညီချက်ဟု ဆိုသော်ငြား သူ့အနေနှင့် ငြင်းဆန်ရန် မဖြစ်နိုင်သော အမိန့်တစ်ခုဟု ဆိုလျှင် ပိုမှန်လိမ့်မည်။ ဖယ်ရိုမုန်းထွက်ရှိမှု အလွန်နိမ့်ပါးလှသော ဘီတာတစ်ဦး ဖြစ်သည့် စုလျန်ကို လုမိသားစုက အခြားအိမ်တော်သို့ သွားရောက်ရန် ရွေးချယ်ခဲ့ကြသည်။
ထိုနေရာမှာ လုမိသားစုအကြီးအကဲ လုထိုက်ဖန်၏ ကိုယ်ခန္ဓာ ပြန်လည်ထူထောင်ရေး ပြုလုပ်သော လျှို့ဝှက်နေရာ ဖြစ်ပြီး စုလျန်က ထိုနေရာတွင် မိသားစု၏တာဝန်ကို ထမ်းဆောင်ပေးခြင်း ခေါင်းစဥ်ဖြင့် နှစ်ဝက်မျှ တာဝန်ထမ်းဆောင်ရမည် ဖြစ်၏။
"မိသားစုအတွင်း အမှုထမ်းကာလ... ကျွန်တော်လက်ခံပါတယ်"
စုလျန်က သူ့ရှေ့တွင် ရှိနေသော စာရွက်စာတမ်းများကို ကြည့်ပြီး သိပ်ပင်မစဥ်းစားဘဲ ခေါင်းညိတ် လက်ခံလိုက်လေသည်။
"ဒီတစ်ခေါက် မင်းရဲ့ရွေးချယ်မှုအတွက် လေးလေးနက်နက် စဉ်းစားချင့်ချိန်မယ်လို့ ငါတို့မျှော်လင့်ပါတယ်။ လုကျစ်ကျောက် စိတ်ပိုင်းဆိုင်ရာ ကသောင်းကနင်း ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်မှာ မင်း ပါဝင်ပတ်သက်ခဲ့တာကို ထည့်သွင်း စဉ်းစားမယ်ဆိုရင် ဒါကို ပြစ်ဒဏ်ဖြေလျှော့တယ်လို့တောင် သတ်မှတ်လို့ရတယ်။ မင်း လက်ခံလား"
နိုင့်ထက်စီးနင်းဆန်ပြီး သိမ်းသွင်းလိုဟန် စကားများကို အစပျိုးနေသည့် ခေတ်ဟောင်းဝတ်စုံကို ဝတ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက စုလျန်၏ ခပ်ပြတ်ပြတ် အဖြေစကားကို ကြားလိုက်ရသောအခါ လျှာကိုက်မိမတတ်ပင် ဖြစ်သွားရသည်။
သူသည် အံ့အားသင့်စွာဖြင့် စုလျန်ကို ကြည့်ရင်း မျက်နှာအမူအရာကို ပြန်ထိန်းညှိရန် အချိန်ပင် အတော်ယူလိုက်ရ၏။
"လုမိသားစုကို ကျေးဇူးဆပ်နိုင်တာ မင်းအတွက် အ... အရမ်းကောင်းတာပေါ့" ဟု သာ ခြောက်ကပ်ကပ် ဆိုလိုက်ရသည်။
သို့သော် စုလျန်ကို ကြည့်နေသည့် မျက်လုံးထဲတွင်မူ လှောင်ပြောင်မှုနှင့် ကရုဏာသက်မှု အရိပ်အယောင်တစ်ခု ရှိနေချေသည်။
သာမန် လုမိသားစုဝင်များမှာ လုထိုက်ဖန်၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဘာမှမသိသော်လည်း မိသားစုအတွင်း အမှုထမ်းရမည်ဟူသော ဤအမိန့်ကို လက်ခံရရှိချိန်ဝယ် တုံ့ဆိုင်းတွေဝေနေကြပြီး အမိန့်ကို ဆန့်ကျင်ချင်နေကြသည်။
လုထိုက်ဖန် နေထိုင်သည့် အခြားအိမ်တော်တစ်ခု၏ လျှို့ဝှက်မှုအဆင့်ကား အလွန်မြင့်မားလှပြီး ကမ္ဘာမဟာမိတ်အဖွဲ့ရှိ စစ်ဌာနချုပ်တချို့နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ "မြွေသားရဲတွင်း" သို့ အမှုထမ်းရန် သွားရောက်ရခြင်းဆိုသည်မှာ မိသားစုနှင့် မိတ်ဆွေများကို ခြောက်လကြာ ခွဲခွာရမည်ဟု ဆိုလိုခြင်းပင်။
"မြွေသားရဲတွင်း"ထဲရှိ တင်းကျပ်လှသော စည်းမျဉ်းစည်းကမ်းများနှင့် အသက်မရှိသော လေထုကို ထည့်သွင်းစဉ်းစားကြည့်ပါက "မြွေသားရဲတွင်း"ထဲသို့ အလုပ်သွားလုပ်ခြင်းမှာ အချုပ်ခန်းထဲသို့ သွားရခြင်းနှင့် အလားတူပင်။
အရေးအကြီးဆုံးမှာ ရှင်းချွမ်တက္ကသိုလ်၏ ကျောင်းသားတစ်ဦးဖြစ်သော စုလျန်၏ ပညာသင်ကြားမှုကလည်း ရပ်ဆိုင်းထားရဦးမည်။
လုမိသားစု၏"မန်နေဂျာ"ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးနေသူ၏ အဆိုအရ သူတို့သည် ရှင်းချွမ်တက္ကသိုလ်ကို အကြောင်းကြားပြီး ခြောက်လကြာ အမှုထမ်းကာလကို အဖွဲ့အတွင်း အလုပ်သင်ဆင်းခြင်း အဖြစ် မှတ်တမ်း တင်ကြလိမ့်မည်။ သို့သော် စုလျန်က တက္ကသိုလ်ကို ခြောက်လကြာ ခွဲခွာရမည့်အချက်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။
အမှန်တရားကို လုံးဝမသိဘဲ လုမိသားစု၏ အဓိကလုပ်ငန်းဆောင်တာများမှ လုံးဝဖယ်ထုတ်ခံထားရသော ထိုအစွယ်အပွားမိသားစုဝင်လေးများကသည် "မြွေသားရဲတွင်း"ထဲတွင် အမှုထမ်းရန်အတွက် လွယ်လင့်တကူ သဘောတူ ကြပေလိမ့်မည်ဟု ထိုမန်နေဂျာက ယူဆပုံရ၏။
စုလျန် ထိုမန်နေဂျာဆိုသူက သူ့ကို ကြည့်နေသော ထူးဆန်းလှသော အကြည့်များကိုလည်း သတိမပြုမိဘဲ မနေ။ ထို့ကြောင့် မျက်လွှာကို ချပြီး သူ့အရှေ့ရှိ သဘောတူညီချက်ကိုသာ တစ်ချက်ကြည့်လိုက်ပြီးနောက် ဘာစိတ်ခံစားချက်ကိုမှ ပြမနေတော့ပေ။
စင်စစ်တွင် စုလျန်သည် "မြွေသားရဲတွင်း"ထဲသို့ သွားရခြင်းမှာ ကောင်းသောအရာတစ်ခု မဟုတ်ကြောင်း သိထားသည်။ ဤသည်မှာ အပေါ်ယံပြဿနာများကြောင့်သာမက သူ၏အခြေခံ သိနားလည်မှုကြောင့်လည်း ပါသည်။ ဥပမာဆိုရလျှင် "မြွေသားရဲတွင်း"၏ အရှင်သခင်ဖြစ်သူ လုထိုက်ဖန်၏အခြေအနေမှာ အလွန်ဆိုးဝါးနေကြောင်း သူ ကောင်းကောင်းသိထားသည်။ သူ၏ စိတ်ဝိညာဉ်ပင်လယ်က လုံးဝပြိုလဲသွားပြီး ထိုသူသည်လည်း လုံးဝအသုံးမကျတော့သည့် လူတစ်ယောက် ဖြစ်သွားနိုင်ခြေ မြင့်လှသည်။ ထို့ပြင် လုထိုက်ဖန်ကဲ့သို့ SS အဆင့်ရှိ အယ်လ်ဖာတစ်ယောက်ကသာ လုံးဝပြိုလဲသွားပါက အလွန်ကြောက်မက်ဖွယ်ကောင်းလှသော စိတ်ပိုင်းဆိုင်ရာ မငြိမ်မသက်မှုကို ဖြစ်ပေါ်စေလိမ့်မည်သာ။ ထိုအချိန်တွင် သူ့စိတ်စွမ်းအင်နယ်ပယ်ထဲတွင် ပိတ်လှောင်ထားသော အရာအားလုံးလည်း သက်ရောက်ခံရပြီး အပြင်းအထန် ဒဏ်ရာရနိုင်ပေသည်။
ထို့ပြင် လုထိုက်ဖန်တွင် ပြင်းထန်လှသော ဖယ်ရိုမုန်း မတည်ငြိမ်သည့် ရောဂါတစ်ခု ရှိသည်။ ဖယ်ရိုမုန်း အနည်းငယ် ထွက်ရုံမျှဖြင့် လူများကို အပြင်းအထန် ထိခိုက်စေနိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။
သို့သော်...
စုလျန်က အခြားကိစ္စတစ်ခုကို ပိုသတိထားမိသည်။ လုမိသားစုက သူ့ကို လွှတ်ပေးဖို့ မဖြစ်နိုင်ပေ။
ယခင်ဘဝတွင် သူသည် အချစ်ကြောင့် စုံလုံးကန်းသွားခဲ့သောကြောင့် လုမိသားစု၏ လက်ရှိ တင်းမာနေသော အခြေအနေအောက်ရှိ လျှို့ဝှက်လှုပ်ရှားမှုများကို မမြင်နိုင်ခဲ့ပေ။
လုမိသားစုနှင့် နင်းမိသားစုကြားရှိ လက်ထပ်ထိမ်းမြားခြင်းသည် လုမိသားစု၏ လက်ရှိခေါင်းဆောင် လုကျစ်ကျောက်၏ ဖခင်ဖြစ်သူ လုကျိန့်အန်းအတွက် မရှိမဖြစ် လိုအပ်သော ပေါင်းစည်းမှုတစ်ခု ဖြစ်၏။ အကြောင်းမှာမူ နင်းမိသားစု၏ထောက်ပံ့မှုကို မှီခိုရုံဖြင့်သာ လုကျိန့်အန်းသည် လုထိုက်ဖန် သေပြီးနောက် လုမိသားစု၏ခေါင်းဆောင် ဖြစ်လာနိုင်သောကြောင့်ပင်။
ထိုသို့သော အခြေအနေမျိုးတွင် လုကျစ်ကျောက်က တန်းတန်းစွဲနေသော လူငယ်ဘီတာတစ်ဦးက အဆိုးဝါးဆုံးသော တည်ရှိမှုတစ်ခု ဖြစ်လာသည်။
ယခင်ဘဝတွင် လုကျစ်ကျောက်နှင့် ခိုးရာလိုက်မပြေးခဲ့ဘဲ လုမိသားစုအတွင်း နေထိုင်ခဲ့ပါက သူ့အနေနှင့် "မတော်တဆမှု"တစ်ခုခုကြောင့် သေဆုံးနိုင်ခြေရှိသည်ဟုပင် စုလျန် သံသယ ဖြစ်မိသည်။
သို့ဆိုလျှင် အန္တရာယ်ရှိပြီး ပိတ်လှောင်မွန်းကျပ်ပုံပေါ်သော "မြွေသားရဲတွင်း"သည် သွားရှောင်နေရန် ကောင်းမွန်သောနေရာတစ်ခု ဖြစ်လာသည်။
လုကျစ်ကျောက်သည် ယခင်က လုထိုက်ဖန်၏ ကြောက်မက်ဖွယ်ကောင်းသော လုပ်ရပ်များအကြောင်း ပြောပြဖူးသော်ငြား စုလျန်အတွက်မူ ကောလာဟလထွက်နေသော ထိုလူနှင့်ပတ်သက်ပြီး မကောင်းမြင်ရန် ခက်ခဲလှသည်။
သဘောတူညီချက်ထဲတွင် "မြွေသားရဲတွင်း"ဟူသော စကားလုံးကို မြင်သောအခါ စုလျန်၏စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည့်အရာမှာ သူ့နာမည်ကို မပြောပြခဲ့သည့် "မြွေပွေးစစ်သည်"၏ အေးစက်သော်ငြား အလွန်ခန့်ညားသော မျက်နှာလှလှလေးပင်။
လုထိုက်ဖန်၏ အမိန့်အောက်ရှိ "မြွေများ"သည် သူ့အတွက် အသက်ပေးနိုင်သည်အထိ သူ့အပေါ် သစ္စာရှိပြီး ချစ်ခင်ကြကြောင်း လူတိုင်းသိသည်။
ထို့ပြင် သူ့မှတ်ဉာဏ်ထဲရှိ အေးစက်သော်ငြား အလွန်ကြင်နာတတ်သည့် ထိုအစ်ကိုကြီးက လုထိုက်ဖန်၏ အရေးကိစ္စကို အသက်ပေး၍ ထောက်ခံပေးသည်ဆိုပါက လုထိုက်ဖန်ဆိုသော နတ်ဆိုးက လူဆိုးတစ်ယောက် မဟုတ်နိုင်ကြောင်း စုလျန် ယုံကြည်သည်။
အနည်းဆုံးတော့ လုထိုက်ဖန်သည် အားနည်းလှသည့် လူမသိသူမသိ သာမန်ဘီတာတစ်ယောက်ကိုတော့ အခက်တွေ့အောင် လုပ်မည်မဟုတ်ချေ။
လုထိုက်ဖန်နှင့် နှိုင်းယှဉ်လိုက်လျှင် လုကျစ်ကျောက်နှင့် နင်းကျားယိတို့ကသာ စုလျန်အတွက် ပြဿနာများကို ပိုသယ်လာတတ်သည်။
"မြွေသားရဲတွင်း"သို့ သွားပြီးလျှင် လုကျစ်ကျောက်နှင့် နင်ကျားယိတို့ကြားရှိ ကျိန်စာသင့် အရေးအရာကိစ္စများကို နှစ်ဝက်လောက် လျစ်လျူရှု့ထားနိုင်ကြောင်း တွေးမိသောအခါ စုလျန်သည် သဘောတူညီချက်ပေါ်တွင် သူ့နာမည်ကို လက်မှတ် ရေးထိုးလိုက်လေတော့သည်။
တစ်ခုတည်းသော အခက်အခဲမှာ စုနွမ်ကို သူ့ဆုံးဖြတ်ချက်အား လက်ခံစေရန် သိမ်းသွင်းဖို့ပင်။
ကံကောင်းထောက်မစွာဖြင့် စုနွမ်နှင့် သူ့ခဲအိုတို့က လုမိသားစု၏ လက်ခွဲမိသားစုဝင်များသာ ဖြစ်သောကြောင့် လုထိုက်ဖန်၏ လက်ရှိအခြေအနေကို မသိကြပေ။
စုနွမ်သည် စုလျန်၏ပညာရေးကို စိုးရိမ်နေပြီး သူ့ကို သူ(မ)အနားက ထွက်သွားခွင့်ပေးရမည်ကို အင်တင်တင် ဖြစ်နေ၏။
ပထမအချက်နှင့်ပတ်သက်၍ စုလျန်သည် ပါမောက္ခကို ထိုခြောက်လအတွင်း ခရိုင် ၄၈ အတွက် အခြေခံဆရာတစ်ဦးဖြစ်လာရန် လိုအပ်သော အသိပညာနှင့် အသေးစိတ်အချက်အလက်များကို လေ့လာထားပါမည် ပြောပြခဲ့သည်။ သူ သင်ယူရမည့် အရာများမှာ ဘွဲ့ရပြီးနောက် အဖွဲ့အစည်းကြီးများသို့ ဝင်ရောက်ရန် စီစဉ်ထားကြသော ကျောင်းသားများနှင့် လုံးဝကွဲပြားလှသည်။
နောက်တစ်ချက်မှာ ပို၍ ရိုးရှင်းလှပေသည်...
"ကျွန်တော်မရှိတဲ့ လဝက်အတွင်းမှာ လုကျစ်ကျောက်နဲ့ နင်းကျားယိတို့ စစ်မှန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ အချိန် လုံလုံလောက်လောက်ရမှာပါ။ သူတို့နှစ်ယောက် တွဲဖြစ်သွားရင် ကျွန်တော့်ကို အနှောင့်အယှက်ပေးဖို့ တွေးမှာ မဟုတ်တော့ဘူးလေ"
စုလျန်သည် ထိုကိစ္စနှင့် ပတ်သက်ပြီး သူ့အစ်မနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ခဲ့သည်။
"မင်းပြောတာ မှားတော့မမှားပါဘူး"
စုနွမ်ကို ဖျောင်းဖျရန်အတွက် အနည်းငယ် အားထုတ်ပြီးနောက် စုလျန်လည်း လုမိသားစု၏ အခြားအိမ်တော်တစ်ခု ဖြစ်သော "မြွေသားရဲတွင်း"သို့ သွားမည် ဖြစ်ကြောင်း လုမိသားစု၏ စီနီယာ မန်နေဂျာကို ခပ်မြန်မြန် သဘောတူညီခဲ့သည်။
စုလျန် က မြန်မြန်ဆန်ဆန် သူလိုချင်နေသော သဘောတူညီမှုကို လက်ခံလိုက်သောကြောင့် လာဘ်ထိုးငွေများကို တိတ်တိတ်လေး လက်ခံထားသော မန်နေဂျာကိုပင် အံ့အားသင့်သွားစေခဲ့ပြီး စုလျန် အပေါ်ထားသော သူ့အမြင်များကပင် လွဲနေသယောင် ထူးဆန်းသွားရ၏။
ရက်အနည်းငယ် ကြာပြီးနောက်..
"တကယ်တော့ အမှုထမ်းကာလက လဝက်လောက်ပဲ ကြာမှာမို့လို့ မင်း ဒီလောက်အထိ အလျင်စလို လုပ်စရာမလိုပါဘူး"
မန်နေဂျာက ခရီးဆောင်အိတ်များကို သယ်ဆောင်ပြီး ကား ပေါ်တက်ရန် ပြင်နေသော စုလျန်ကို ပြောလာသည်။
စုလျန်က သူ့အား ချိုမြိန်စွာ ပြုံးပြလိုက်သော်လည်း ဘာတစ်ခွန်းမှ မပြောခဲ့ပေ။
အမှန်စင်စစ် စုလျန်၏ စိတ်ထဲတွင်မူ အော်ဟစ်နေခဲ့သည်။
[ဘယ်လိုလုပ်ပြီး မြန်မြန်မလုပ်ဘဲ နေနိုင်မှာလဲ]
စုလျန် လိုက်လံ မေးမြန်းထားပြီး ဖြစ်၏။ လုကျစ်ကျောက် အကျဉ်းချခံရသည့်အချိန်ကား ကုန်ဆုံးတော့မည်။
ကောင်းကင်ထက်ရှိ ဘုရားသခင်ထံ သူ ဆုတောင်းမိသည်။ စုလျန်အနေနှင့် လုမိသားစု၏ အခြားအိမ်တော်သို့ မသွားခင် လုကျစ်ကျောက်နှင့် ထပ်မတွေ့လိုချေ။
လုထိုက်ဖန် အပေါ်ထားသော လုကျစ်ကျောက်၏ ဆန့်ကျင်ချင်သည့်စိတ်ကို ထည့်သွင်းစဉ်းစားပါက သူ့(စုလျန်)ကို ကာကွယ်သည်ဟု အကြောင်းပြကာ အခြားအိမ်တော်သို့ မသွားရဖို့ အရေး တတ်နိုင်သလောက် တားဆီးလိမ့်မည် ဖြစ်ကြောင်း စုလျန် ခန့်မှန်း ကြည့်နိုင်သည်။
သူ့ယခင်ဘဝတွင် လုကျစ်ကျောက်က လုမိသားစု၏ အမွေဆက်ခံသူ အလောင်းအလျာအဖြစ် အမည်ခံထားသော်လည်း သူနှင့် သူ့ဦးလေးကြားရှိ ဆက်ဆံရေးမှာ ရင်းနှီးသည်ဟု မဆိုနိုင်ကြောင်း စုလျန် သိထားသည်။ မည်သို့ပင်ဖြစ်စေ လုကျစ်ကျောက်၏ဖခင် လုကျိန့်အန်းနှင့် လုထိုက်ဖန်ကြားက ဆက်ဆံရေးမှာ နက်နဲ သိမ်မွေ့ လေသည်။
စုလျန်သည် ဤအထက်တန်းလွှာ အမွေဆက်ခံသူများကြားက လျှို့ဝှက်ပြီး သွေးထွက်သံယိုကိစ္စများနှင့် ပြည့်နှက်နေသော အာဏာလုပွဲများအကြောင်းကို တကယ်ပင် စိတ်ဝင်စားခြင်းမရှိပေ။ သူသည် ယခင်ဘဝကလို တုံးအလှသော နည်းလမ်းမျိုးဖြင့် ပါဝင်ပတ်သက်ပြီး ရှက်ဖွယ်လိလိ မသေဆုံးချင်ရုံမျှသာ။
လုကျစ်ကျောက်နှင့် နင်ကျားယိတို့ကို တွေးလိုက်မိလျှင် သူတို့၏ သွေးအေးတိုက်ပွဲအတွင်း မိမိ ကြားညပ်ခဲ့သည့် အဖြစ်ကို ပြန်စဥ်းစားမိကာ ကြက်သီးဖြန်းဖြန်းထ မတတ်ကြောက်ရွံ့မိသည်။
ထို့ကြောင့် သူ အလျင်အမြန် ထွက်ခွာဖို့ မစောင့်နိုင်တော့ချေ။
စုလျန်၏အစီအစဉ်က အလွန်ပြီး ပြည့်စုံပြီး လုကျစ်ကျောက်ကိုလည်း ကောင်းကောင်း နားလည်သည်ဟု ဆိုနိုင်သည်။
သို့သော် စုလျန် မည်မျှပင် မျှော်လင့်ထားစေကာမူ ခရီးတစ်ဝက်တွင် ရပ်တန့်ခံရလိမ့်မည်ကိုမူ မမျှော်လင့်ထားခဲ့ပေ။
"ကျွီ"
စုလျန် စီးလာသော ယာဥ်ပျံဟိုဗာကားသည် ကျွီခနဲ မြည်သံပေး၍ ရုတ်တရက် ရပ်တန့်သွားလေသည်။
အရေးပေါ် ဘရိတ်အုပ်ပြီးနောက် ယာဉ်မောင်းက ဖြူဖျော့နေသော မျက်နှာဖြင့် ရှေ့တည့်တည့်ကို ကြည့်နေလေသည်။
"ဒီလူက ဘယ်က ရောက်လာတာလဲ။ ဒါက အန္တရာယ်များလိုက်တာ။ ကားကို ဒီလိုမျိုး ရပ်ခိုင်းရဲတယ်ပေါ့..."
လုမိသားစု၏ ယာဉ်မောင်းက ဆူပူကြိမ်းမောင်းရန် ပြင်လိုက်သော်လည်း အလွန်အမင်း တဇွတ်ထိုးနိုင်ပြီး သေစေလောက်သော မျက်နှာကို မြင်လိုက်ရသောအခါတွင်မူ သူ့ပါးစပ်ကို ချက်ချင်းပိတ်ထားလိုက်သည်။
"သခင်လေးလု?!"
တစ်ဖက်ကားထဲမှ ဆင်းလာသူသည် အလွန်ရင်းနှီးကျွမ်းဝင်နေသော ရုပ်ရည်မျိုး ဖြစ်ပြီး စုလျန် ရှောင်ရှားချင်နေသောသူလည်း ဖြစ်၏။
"လျန်လေး ဆင်းလာခဲ့"
အနည်းငယ် စိမ်းဖန့်နေသော လုကျစ်ကျောက်၏မျက်နှာက စုလျန်၏ကား အပြင်ဘက်တွင် ပေါ်လာခဲ့သည်။
သူသည် နောက်ဆုံးတစ်ခေါက် တွေ့တုန်းကထက် ပို၍ပင် မျက်တွင်းချောင်ကျနေသည်။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ပိန်လှီပြီး ပုံပျက်ပန်းပျက် ဖြစ်နေသဖြင့် စိတ်ဒဏ်ရာ တစ်ခုခုများ ရခဲ့သလားဟုပင် စိုးရိမ်စရာ ဖြစ်နေလေသည်။
သူက ကားပြတင်းပေါက်ကို ခပ်ကြမ်းကြမ်း ရိုက်နှက်နေပြီး အက်ရှလှသော သူ့အော်ဟစ်သံကိုလည်း ပြတင်းပေါက်မှတစ်ဆင့် ကားထဲက ရှင်းရှင်းလင်းလင်းကြားနေရသည်။
စုလျန်ခမျာ ကားပြတင်းပေါက်ကို ဖြတ်ကာ အနည်းငယ် စိမ်းသက်သွားသော လုကျစ်ကျောက်ကို တွေဝေတုံ့ဆိုင်းစွာ ကြည့်နေမိသည်။ သူ တွေဝေတုံ့ဆိုင်းနေစဉ်မှာပင် တစ်ဖက်လူက ရှေ့တစ်လှမ်းတိုးကာ ကားတံခါးကို ဆွဲဖွင့်လိုက်၏။ ကားတံခါးမှာ အလွန်ခိုင်ခံ့နေသင့်သော်လည်း S အဆင့်ရှိသော အယ်လ်ဖာ၏ခွန်အားနှင့် ရင်ဆိုင်ရချိန်ဝယ် စက္ကူတစ်ချပ်ကဲ့သို့ အားနည်းသွားခဲ့သည်။
"လုကျစ်ကျောက်?"
စုလျန်ခမျာ လုကျစ်ကျောက်၏နာမည်ကို ခေါ်ရန်သာ အချိန်ရလိုက်ပြီး နောက်တစ်စက္ကန့်မှာပင် လုကျစ်ကျောက်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်၍ ပိန်ပါးလှသောဘီတာကို ယာဥ်ပျံထဲမှ ဆွဲထုတ်သွားတော့သည်။
"သခင်လေးလု မင်းဘာလုပ်နေတာလဲ"
ယာဉ်မောင်းကလည်း လုကျစ်ကျောက်၏ အခြေအနေမှာ မူမမှန်ကြောင်း သတိထားမိလိုက်သည်။ သူက သတ္တိစုစည်း၍ ရှေ့တိုးပြီး တားမြစ်ရန် ကြိုးစားလိုက်သော်ငြား လုကျစ်ကျောက်ကမူ ခေါင်းပင် လှည့်မလာချေ။
လျှပ်တစ်ပြက်အတွင်းမှာပင် အယ်လ်ဖာ၏ ဖိအားကို ဖြန့်ကြက်လာရာ ယာဉ်မောင်း၏မျက်နှာမှာ အပြာရောင်သန်း သွားပြီးနောက် ချက်ချင်းဆိုသလို ခေါင်းကို အုပ်ကာ၍ နာကျင်မှုကြောင့် တွန့်လိမ်ကာ ရှေ့တိုးရန်လည်း ခွန်အားမရှိတော့ပေ။
"လုကျစ်ကျောက်.. မင်းက မဆိုင်တဲ့လူတွေကိုတောင် တိုက်ခိုက်နေပြီလား။ မင်း ဘာဖြစ်နေတာလဲ"
သူ့အရှေ့ရှိ ဖြစ်ရပ်ကို မြင်ရသောအခါ စုလျန်၏ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထောင်ထ သွားရသည်။
လုကျစ်ကျောက်က သူ့အတွက် ပြဿနာကောင်တစ်ယောက် ဖြစ်သော်ငြား ဤနှစ်များအတွင်း စုလျန် ဝန်ခံရမည်ဆိုလျှင် သူသိထားသော လုကျစ်ကျောက်သည် အမြဲတစေယုံကြည်စိတ်ချရပြီး အေးဆေးတည်ငြိမ်ကာ ယုံကြည်ကိုးစားရသူ ဖြစ်၏။
နီရဲနေသော မျက်ဝန်းအစုံ၊ မှုန်မှိုင်းနေသော မျက်နှာနှင့် သူ့အရှေ့ရှိ ဤအမျိုးသားမှာ သူသိခဲ့ဖူးသော လုကျစ်ကျောက်နှင့် လုံးဝမတူပေ။
"လုကျစ်ကျောက် မင်းက အကျဉ်းထောင်ထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား"
လုကျစ်ကျောက်က စုလျန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားခဲ့သည်။ သူသည် ခွန်အားအကုန် ထုတ်သုံးထားဟန်ပင်။ စုလျန်၏လက်ကောက်ဝတ်မှာ အလွန်နာကျင်နေပြီး နာလွန်းသောကြောင့် အော်မိမတတ်ပင်။
သို့သော် စုလျန် ချုပ်တည်းထားခဲ့၏။
ရှင်းပြရန် ခက်ခဲလှသော အတွင်းစိတ်အသိကြောင့် စုလျန်လည်း လုကျစ်ကျောက် စိတ်ဆိုးစေမည့် လုပ်ရပ်များကို မလုပ်ရဲခဲ့ပေ။ သူ လုကျစ်ကျောက်ကို မလှုံ့ဆော်ရဲသဖြင့် သူ့ကိုယ်သူ စိတ်အေးအေးထားပြီး တည်ငြိမ်ချင်ယောင်ဆောင်၍ မေးလိုက်လေသည်။
"မင်းက ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ"
"ကိုယ် ထွက်ပြေးလာတာ"
လုကျစ်ကျောက်က စုလျန်ကို တည့်တည့်စိုက်ကြည့်ပြီးနောက် ပြောလိုက်ချေသည်။
"လူတစ်ယောက်က ငါ့ကို ပြောတယ်။ မင်းကို ငါ့ဦးလေးရဲ့အိမ်တော်ကို ပို့တော့မယ်တဲ့"
"အဲဒါကြောင့် ကိုယ် မင်းကို လာရှာတာ"
စကားအဆုံးတွင် လုကျစ်ကျောက်က တစ်ဖက်လှည့်ကာ စုလျန်၏လက်ကို ဆွဲ၍ ထွက်သွားရန် ကြိုးစားလိုက်သည်။
"မင်းက အဲဒီလိုနေရာမျိုးကို သွားဖို့ မသင့်တော်ဘူး။ အရမ်းအန္တရာယ်များတယ်။ လျန်လေး.. မကြောက်နဲ့နော်။ အမိန့်ကို ပြန်ရုပ်သိမ်းဖို့ ကိုယ့်အဖေကို ပြောလိုက်မယ်"
"အဲလောက်လည်း မဆိုးပါဘူး။ ငါ တကယ်သွားချင်တာ.... လုကျစ်ကျောက် နေပါဦး မင်းအဆင်ပြေရဲ့လား"
စုလျန်အနေနှင့် လုကျစ်ကျောက်ကို စိတ်မဆွပေးချင်သော်ငြား လုကျစ်ကျောက်က သူ့ကို ဆွဲခေါ်သွားမတတ် လုပ်နေသောအခါ မအော်ဘဲလည်း မနေနိုင်ခဲ့ပေ။
လုကျစ်ကျောက်၏ ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာများစွာ ရှိနေသည်ကို သူ သတိထားမိသည်။ သူ့လက်များနှင့် လည်ပင်းထက်တွင်လည်း သွေးများ တစက်စက်ကျနေသည်။ ဤသည်မှာ လုကျစ်ကျောက်သည် တစ်စုံတစ်ခုသော ချုပ်နှောင်သည့် ကိရိယာများကို အားသုံး၍ ဆွဲဖြုတ်ကာ ထွက်ပြေးလာခဲ့သလိုပင်။
"လုကျစ်ကျောက် မင်း ဒဏ်ရာရထားတာလား"
စုလျန်၏မေးခွန်းကို ကြားသောအခါ လုကျစ်ကျောက်၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူက ရုတ်တရက်လှည့်လာပြီးနောက် စုလျန်ကို ကြောက်မက်ဖွယ်ကောင်းပြီး မှိုင်တွေနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ခဏအကြာ သူသည် မချိပြုံးတစ်ခုကို ပြသလာပြီး
"ကိုယ် အဆင်ပြေပါတယ်"
လုကျစ်ကျောက်က အက်ရှနေသောအသံဖြင့် ပြောလေ၏။
"ဒါပေမဲ့ ဒီရက်ပိုင်း အိပ်မက်ဆိုးတွေ မက်နေလို့ ကောင်းကောင်း မအိပ်ရဘူး"
"လျန်လေး.. မင်းအဆင်ပြေနေတာကို မြင်ရတော့ ကိုယ်လည်း အဆင်ပြေပါတယ်" ဟု ခပ်တိုးတိုး ရေရွတ်နေခဲ့သည်။
သူကသာ စုလျန်ကို ကြောက်လန့်စေခဲ့မှန်းကို လုကျစ်ကျောက် သတိမထားမိပါချေ။