"သခင်လေး စုလျန် "
စုလျန် သည် အရမ်းနူးညံ့သော အီလက်ထရောနစ်အသံကို ကြားလိုက်ရသည့်အခါ လန့်သွားပြီး ခေါင်းလှည့်လိုက်ရာ အလွန်သာမန်ဆန်သော ဖော်ရွေနွေးထွေးသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
လူသားစက်ရုပ်လား
ဒီမျက်နှာကို စုလျန် မှတ်မိသလိုလို ရှိနေသည်။ ထိုမျက်နှာပုံစံက အမျိုးသားပုံစံ လူသားစက်ရုပ်အတွက် တစ်ကမ္ဘာလုံးက စံနမူနာအဖြစ် အသုံးပြုသည့် မျက်နှာဒီဇိုင်းတစ်ခုပင်။
အမှန်ပင် စုလျန်ကို ဖိတ်ခေါ်ရန် ရောက်လာသူက တခြားသူ မဟုတ်ပေ။ ဖယ်ဒရယ်၏ ထိပ်တန်း ဉာဏ်ရည်တု၊ မြွေသားရဲတွင်းခေါင်းဆောင် လုထိုက်ဖန် နှင့် မြွေသားရဲတွင်း တစ်ခုလုံး၏ အယုံကြည်ရဆုံး တည်ရှိမှုတစ်ခု ဖြစ်သည့် အေအိုင်စက်ရုပ် ဖြစ်လေသည်။
သူ့နာမည်မှာ အိမ်တော်ထိန်း ကွမ်ကျား ပင်။
သို့သော် စုလျန်က ဤအကြောင်းအရာများနှင့် ပတ်သတ်ပြီး မသိသေးချေ။
"ဟယ်လို၊ ကျွန်တော့်နာမည်က ကွမ်ကျား ပါ၊ မင်း ကျွန်တော့်ကို အိမ်တော်ထိန်း၊ အိမ်ထိန်း လို့ ခေါ်နိုင်ပါတယ်။ မြွေသားရဲတွင်း မှ ကြိုဆိုပါတယ်။ မင်းရဲ့ ခရီးစဉ် အဆင်ပြေရဲ့လား"
"အိမ်တော်ထိန်း" သည် ကြင်နာသည့်အပြုံးဖြင့် အလွန်ချောမွေ့စွာ မေးလေသည်။
"အာ၊ အရမ်းချောမွေ့တယ်၊ လေယာဉ်က ဟိုဗာယာဥ်ပျံထက် အများကြီး ပိုပြီးသက်တောင့်သက်သာရှိတယ်"
စုလျန်သည် စိတ်တည်ငြိမ်အောင်ထားပြီး အဆင်ပြေပြေ ပြန်ဖြေလိုက်၏။ ချမ်းသာသူ အများအပြားသည် ပြင်ပလူများနှင့် ဆက်သွယ်ရန် အေအိုင်စက်ရုပ်များကို အသုံးပြုကြပြီး အိမ်တော်ထိန်း ကဲ့သို့ စက်ရုပ် များကလည်း မရှားချေ။
‘ဒါပေမဲ့ ‘’မြွေသားရဲတွင်း’ မှာ အသုံးပြုတဲ့ အေအိုင်စက်ရုပ် မလို့ဖြစ်မယ်၊ အိမ်တော်ထိန်းရဲ့ လှုပ်ရှားမှုတိုင်းက ထူးထူးခြားခြား လူနဲ့တူ နေတယ်။’
စက်ရုံထုတ် ရောင်းတန်း အေအိုင်စက်ရုပ်မျက်နှာများနှင့် အရမ်းရင်းနှီးမနေဘူးဆိုပါက စုလျန်သည် တစ်ဖက်လူကို လူတစ်ယောက်ဟု ထင်မိမှာပင်။ ဥပမာ.. အေအိုင်စက်ရုပ် ဖြစ်နေပေမဲ့ သူ့အဖြေကို ကြားပြီးနောက် ဆီလီကွန်မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတာကို စုလျန် ခံစားလိုက်ရသည်။
"ဒါကောင်းတာပဲ။”
အိမ်တော်ထိန်းသည် အရမ်းကြင်နာသည်။
“‘မြွေသားရဲတွင်း’ မှာ လူသစ်တွေ အရမ်းရှားပါးနေခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့နဲ့ ပတ်သက်ပြီး မကောင်းတဲ့ ကောလာဟလတွေလည်း ရှိခဲ့တယ်။ ဒါက ကျွန်တော်တို့ကို အရမ်းစိတ်ဆင်းရဲစေတယ်။ လူတိုင်း မြွေသားရဲတွင်း ကနေ ထွက်သွားပြီးနောက် ဝန်ဆောင်မှုဝန်ထမ်းတွေမှာ ကောင်းမွန်တဲ့ မှတ်ဉာဏ်တွေ ရှိပြီး ပြင်ပကမ္ဘာက ကောလာဟလတွေကြောင့် ထိခိုက်မှု မရှိဖို့ တကယ်ပဲ မျှော်လင့်တယ်။”
သူသည် စုလျန် ကို ပြုံးပြပြီးနောက် သဘာဝအတိုင်း လူငယ်ဘီတာ၏ ခရီးဆောင်အိတ်ကို ယူပြီး မြွေသားရဲတွင်း ထဲကို ခေါ်သွား၏။
လမ်းတစ်လျှောက်၌ သူသည် တကယ့်လူတစ်ယောက်လိုပင် စုလျန် နှင့် လွတ်လွတ်လပ်လပ် စကားပြောဆိုနေသည်။
"အာ၊ မင်းရဲ့ဆေးစစ်ချက်ကို ငါဖတ်ပြီးပြီ၊ မင်းရဲ့ ဖယ်ရိုမုန်းထွက်နှုန်းက အရမ်းနည်းတယ်၊ ကိရိယာတွေနဲ့တောင် ရှာဖွေရတာ ခက်ခဲတယ် မဟုတ်လား"
"ဟုတ်ကဲ့"
စုလျန် သည် ယဉ်ကျေးစွာ ပြန်ဖြေသည်။ အေအိုင်များနှင့် ကြုံတွေ့ရတဲ့အခါ သူတို့က စက်ကိရိယာသက်သက်သာ ဖြစ်သဖြင့် လူအများစုက အေအိုင်များအား ရိုင်းရိုင်းစိုင်းစိုင်း ပြုမူပြောဆို တတ်ကြသည်။ သို့သော် စုလျန် ကတော့ ဒီလိုမျိုးလူစား မဟုတ်ပေ။
အေအိုင်များ၏ ပြောဆိုဆက်သွယ်မှုပုံစံက ကြိုတင်သတ်မှတ်ထားသော လူသားဆန်သည့် ဖော်ပြချက်တစ်ခုသာ ဖြစ်မှန်း စုလျန် သိပေမဲ့၊ အိမ်တော်ထိန်းက အလေးအနက်မေးလာသောအခါ သေချာ ပြန်ရှင်းပြခဲ့သည်။
"ကျွန်တော့်မှာ ဂလင်းကောင်းကောင်း မဖွံ့ဖြိုးတဲ့ လက္ခဏာရှိတယ်။ ကျွန်တော့်လိင်ကို ဘီတာလို့ ရေးထားပေမဲ့ တကယ်တော့ ဘီတာ မဟုတ်ဘူး၊ ပြီးတော့ ဘီတာလောက်တောင် မကောင်းဘူး။ ဖယ်ရိုမုန်း မရှိဘဲ၊ ထိရောက်တဲ့ ဖယ်ရိုမုန်း ကို ဘယ်လိုမှ ပေါင်းစပ်လို့မရဘူး။ ဖယ်ရိုမုန်း ထွက်နှုန်းကလဲ အရမ်းနည်းနေတာက ကျွန်တော့်မှာ ဖယ်ရိုမုန်း လုံးဝမရှိတာကို ပြသနေတာပဲ။"
‘မြွေသားရဲတွင်း’ ၏ ဝန်ဆောင်မှုသဘောတူညီချက်ကို လက်မှတ်ထိုးပြီးနောက် စုလျန်အား အသေးစိတ်ဆေးစစ်မှုအတွက် အမြန်စီစဉ်ပေးလေသည်။
စုလျန်၏ စိတ်ထဲ မဖြေရှင်းနိုင်သည့်အရာတစ်ခုကို နားလည်ဖို့ ဒီအဖြစ်အပျက်က ကူညီခဲ့တယ်လို့ ပြောရမှာပင်။ သူ ပြန်မွေးဖွားလာပြီးကတည်းက သူ့ခန္ဓာကိုယ်ကို စစ်ဆေးချင်နေခဲ့သည်။
ဒါပေမဲ့လည်း ရလဒ်တွေအရ သူ့ခန္ဓာကိုယ်က အခုအချိန်မှာ အတော်လေး ကျန်းမာနေတုန်းပင်။ ထို့ပြင် တန်ဖိုးတွေက သူ ၁၄ နှစ်သားအရွယ်ကနှင့် ကွာခြားချက်အနည်းငယ်သာ ရှိသည်။
ဖယ်ရိုမုန်း အချက်အလက်အရ စစ်ဆေးကြည့်ရင် သူသည် လိင်ကွဲပြားမှုမဖြစ်သေးသော လူငယ်များ၏ အချက်အလက်နှင့် အတူတူပင်။ သူ့ဖယ်ရိုမုန်း ဂလင်းကလည်း ဒီလောက်နှစ်များ ကြာသွားတာတောင် ဖွံ့ဖြိုးမလာသေးချေ။
သို့သော် ဂလင်းကောင်းစွာ မဖွံ့ဖြိုးသည့် အခြေအနေကို လျစ်လျူရှုမယ်ဆိုပါက သူက ကျန်းမာနေတုန်းပင်။ ဘာရောဂါမှ မဖြစ်သေးချေ။ ထို့ကြောင့် စုလျန်သည် သူ့ယခင်ဘဝမှာ သူလုပ်ခဲ့သော အမှားများကို ပြန်ပြင်ရန် အချိန်ရှိသေးမှန်း သိလိုက်သည်။
အခုအချိန်တွင် အိမ်တော်ထိန်းသည် စုလျန်နှင့် ပြုံးပြုံးရွှင်ရွှင် စကားဖောင်ဖွဲ့ကြရင်း တစ်ခါတစ်ရံ လုမိသားစုခြံဝင်း၏ အထူးရှုခင်းကို စုလျန်အား ခံစားခွင့်ရန် ရပ်တန့်ကာ ပြသပေးနေသည်။
"ကျွန်တော်တို့ရဲ့ မြွေသားရဲတွင်း နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲဗျ"
စုလျန်သည် ရှုခင်းကို ပျော်ရွှင်သည့်မျက်နှာနှင့် ကြည့်နေသည်ကို မြင်ပြီးနောက် ကွမ်ကျားကလည်း ရွှယ်ရင်းဟွမ် နဲ့ ဘလက်မမ်ဘာ မေးခဲ့သည့် အလားတူမေးခွန်းမျိုးကို မေးလိုက်သည်။
‘မြွေသားရဲတွင်း’ မှာရှိတဲ့လူတွေက အခြားသူရဲ့ အမြင်နဲ့ အကဲဖြတ်တာကို တကယ် ဂရုစိုက်ပုံရတယ်။’
စုလျန် သည် ထိုသို့တွေးပြီး စိတ်ရင်းမှန်မှန်နဲ့ ပြန်ဖြေလေသည်။
"ဒီမှာက တကယ် သက်တောင့်သက်သာရှိတယ်၊ လေက တကယ် လတ်ဆတ်တယ်၊ ပြီးတော့ ရှုခင်းက တကယ် လှတယ်။ ဒီကိုလာဖို့ ရွေးချယ်ခံရတာ တကယ် ဝမ်းသာပါတယ်။"
အိမ်ထိန်းက ပြုံးကာ “မင်း ဒီနေရာကို ကြိုက်လို့ ဝမ်းသာပါတယ်။ သခင်လေး စုလျန် စကားမစပ် မင်းက ကျွန်တော်တို့ ခေါင်းဆောင် လုထိုက်ဖန်ကို အရမ်းလေးစားတယ်လို့ ကြားတယ်။
သူ့၏ နာမည်ဂုဏ်သတင်းက ပြင်ပမှာ သိပ်မကောင်းတော့ ဒါက ရှားရှားပါးပါးပဲ”
"အာ၊ ဒါက"
သူ တခြားသူတွေကို လိမ်ညာပြောခဲ့သော မုသားစကားက "အိမ်တော်ထိန်း" ထံမှ ရုတ်တရက် ထွက်ပေါ်လာရာ "မြွေသားရဲတွင်း" က အရာရာကို သိတယ်လို့ ဆိုသည့် ကောလာဟလက ဘယ်လိုဖြစ်လာတယ်ဆိုတာ စုလျန် နောက်ဆုံးတော့ သိသွားရသည်။
စုလျန် အနည်းငယ် တုံ့ဆိုင်းနေလျက် ရပ်နေမိ၏။ သူ့ဘေးက အေအိုင်က အားတက်သရော အဆိုပြုလာသည်မှာ
"မင်း လုထိုက်ဖန် ကို အရမ်းလေးစားတာကြောင့်ရယ်၊ ပြီးတော့ ဖယ်ရိုမုန်းထွက်နှုန်းက အရမ်းနည်းတာကြောင့်ရယ်၊ လုမိသားစုခေါင်းဆောင်ရဲ့ အနီးကပ်သူနာပြုအဖြစ် ဆောင်ရွက်ဖို့ကို မင်း စဉ်းစားကြည့်မလား။ ဒီအလုပ်က အရမ်းရိုးရှင်းတယ်၊ မြွေသားရဲတွင်း ထဲက တခြားအလုပ်တွေထက် ပိုလွယ်ကူတယ်။ ပြီးတော့ သာမန်လူတွေနဲ့ ဆက်ဆံစရာလည်း မလိုဘူး၊ စက်နဲ့ပဲ လုပ်ရတဲ့အရာတွေ အများကြီး ရှိတယ်။ စိတ်ရောဂါကုဆရာဝန်က တောင်းဆိုလို့သာ သူနာပြုခေါ်ရတာ မဟုတ်ရင် အဲအလုပ်က မလိုဘူးရယ်။ မင်းသာ သူနာပြုလက်ထောက်ဆိုရင်, လုပ်ရမယ့် အလုပ်က အများဆုံးမှ လူနာရဲ့ အချက်အလက်လေး မှတ်ရုံလောက်ပေါ့ ။ ဒီအလုပ်က ဖယ်ဒရေးရှင်းတစ်ခုလုံးမှာ အသက်သာဆုံးနဲ့ အကောင်းဆုံးအလုပ်နော်။ လစာကလည်း ကောင်းတယ်၊ နှစ်ဝက် ဝန်ဆောင်မှုပြီးရင် နောက်ထပ်ဆယ်နှစ်အတွက် လစာကို တစ်ပြိုင်နက်တည်း ရနိုင်တယ်။"
[T/N: သင်္ဘောကပ္ပတိန် ကွမ်းကျား၏ အားကြိုးမာန်တက် လှော်ခတ်မှုကြီး 🤣🤣]
"တောင်းပန်ပါတယ်"
"အိမ်တော်ထိန်း" သည် ပိုပြီး အားတက်သရော ပြောဆိုနေသည်ကို မြင်သော် စုလျန် သည် တစ်ဖက်သူ၏ အားကြိုးမာန်တက် အဆိုပြုချက်ကို ဖြတ်တောက်ရတော့လေ၏။
"တကယ်တော့ ကိစ္စက ခင်ဗျား ထင်သလို မဟုတ်ဘူး။"
စုလျန် သည် အလွန်တောင့်တင်းနေပြီး "အိမ်တော်ထိန်း" ကို အားနားစွာ ပြုံးပြလိုက်၏။ သူ့မျက်နှာမှာ ဖြူဖတ်နေသော်လည်း စိတ်ထဲကလည်း အနည်းငယ် ကြောက်ရွံ့နေသည်။ စုလျန် သည် လုမိသားစု၏ လူများရှေ့တွင် အရှက်ရခြင်းမှ ကာကွယ်ရန်နှင့် လုကျစ်ကျောက် ယုံကြည်သွားစေရန်အတွက် လုထိုက်ဖန် ကို အရမ်းလေးစား ဟန်ဆောင်ခဲ့ကြောင်း "အိမ်တော်ထိန်း" ကို ဝန်ခံလိုက်လေသည်။
“ဒါပေမဲ့ လု မိသားစုခေါင်းဆောင်ရဲ့ လုပ်ရပ်ကိုတော့ ကျွန်တော် လေးစားတယ်၊ ပြီးတော့ တခြားသူတွေရဲ့ လု မိသားစုနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို မယုံဘူး။ သူက တကယ့်သူရဲကောင်းပဲ၊ ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလောက်တော့ သူ့ကို ကျွန်တော် မလေးစားပါဘူး။ လူတိုင်းက သူ့ကို လေးစားကြည်ညိုသင့်တယ် ဆိုပေမဲ့လဲပေါ့။ ကျွန်တော့်ရဲ့စွမ်းရည်အရဆိုရင် သာမန်ရိုးရိုးအလုပ်တွေပဲ လုပ်နိုင်မှာပါ။ ဒီလို အလုပ်သေးသေးလေးတွေပဲ ပြီးပြည့်စုံအောင် လုပ်မယ်ဆိုတာ အာမခံနိုင်တယ်။”
"အိမ်တော်ထိန်း" ၏ မျက်လုံးများသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားလေ၏။
ကွမ်ကျားသည် စုလျန်၏ ဝန်ခံချက်ကို နားမလည်သည့်ပုံစံ ဖမ်းကာ လုထိုက်ဖန်၏ ကိုယ်ပိုင်သူနာပြုရာထူးကို ဆက်ပြီး ရောင်းချရန် ကြိုးစားနေဆဲပင်။
"လူအများကြီးက ဒီအလုပ်ကို လိုချင်ကြတယ်။ ဘာလို့လဲဆိုတော့၊ မင်းသာ သေဆုံးသွားရင်၊ ပင်စင်က အရမ်းမြင့်မားပြီး လူအများကြီးကို ထောက်ပံ့နိုင်တယ်။"
သူက အားတက်သရော ပြောလေသည်။
"တောင်းပန်ပါတယ်..."
နောက်ဆုံးစာကြောင်းကြောင့် နည်းနည်း စိတ်လှုပ်ရှားသွားသော်လည်း စုလျန် သည် ချက်ချင်းပဲ ငြင်းပယ်လိုက်၏။
အကြိမ်အနည်းငယ် ပြန်ဆွေးနွေးပြီးနောက် "အိမ်တော်ထိန်း" သည် နောက်ဆုံးတွင် ဝမ်းနည်းမှုအနည်းငယ်ဖြင့် ဆွဲဆောင်တာကို လက်လျှော့လိုက်လေသည်။
အပြင်ပန်းတွင် ဝမ်းနည်းပူဆွေး ဟန်ပြသထားသော အေအိုင်စက်ရုပ်၏ စနစ်အတွင်း၌ ခံစားချက်များက တဝူးဝူး တဝုန်းဝုန်းဖြင့် အလွန်အမင်း ပျော်ရွှင်တက်ကြွနေလေသည်။
ထိုအချိန်တွင် လုထိုက်ဖန် သည် သီးသန့်ကုသခန်းထဲ၌ စိတ်ငြိမ်စေသည့်ကုသမှုကို ဆက်လက် ခံယူနေဆဲပင်။
သို့သော်လည်း ပိတ်ထားသော စခရင်မ်က ရုတ်တရက် လင်းလာကာ သွေးနီရောင် စာကြောင်းလေးငါးကြောင်းဖြင့် နှောင့်ယှက်ခံလိုက်ရ၏။
[ကုတ်ဒ်နာမည် "အိမ်တော်ထိန်း" ဆီမှ အရေးပေါ် ဆက်သွယ်မှု - ဟဲဟဲ၊ သူက မင်းရဲ့ ကိုယ်ပိုင်သူနာပြု မဖြစ်ချင်ဘူး။]
လုထိုက်ဖန်: …
[ကုတ်ဒ်နာမည် "အိမ်တော်ထိန်း" ဆီမှ အရေးပေါ် ဆက်သွယ်မှု - မင်း သူ့ကို ဒီရာထူးကို တကယ်ယူစေချင်မှန်း ငါသိတယ်။ လု မိသားစုက ပေးတဲ့ စာရင်းကို မင်းလက်မှတ်ထိုးလိုက်တဲ့ အမြန်နှုန်းက အရင်ကထက် ၀.၂ စက္ကန့် ပိုမြန်တယ်။ ဒါပေမဲ့ ဒီချစ်စရာကောင်းတဲ့ ကောင်လေးက ချက်ချင်း ငြင်းလိုက်တာ။ ပြီးတော့ သူက မင်းကို တကယ် မလေးစားဘူး။]
ချက်ချင်းဆိုသလိုပင် ဖန်သားပြင်၌ အမှန်တရားကို စိုးရိမ်မှုအနည်းငယ်ဖြင့် ဝန်ခံနေသည့် စုလျန် ၏ဗီဒီယိုကို ဖွင့်ပြလိုက်လေသည်။
လုထိုက်ဖန်: …
[ကုတ်ဒ်နာမည် "အိမ်တော်ထိန်း" ဆီမှ အရေးပေါ် ဆက်သွယ်မှု - မင်း ဝမ်းနည်းနေလား၊ ဟဲဟဲဟဲ။]
လုထိုက်ဖန် သည် ကုသခန်းကို မျက်နှာသေဖြင့် တွန်းဖွင့်လိုက်ပြီး စီးကျနေသော ကုသရေးအရည်မှာ သူ၏ပုံမှန်ထက် ထွားကြိုင်းသန်မာသော ခန္ဓာကိုယ်ပေါ်မှ ဖြည်းဖြည်းချင်း လျှောကျလာ၏။
လုထိုက်ဖန် သည် ရေချိုးဝတ်စုံကို ပေါ့ပေါ့ပါးပါး ဝတ်လိုက်ပြီးနောက် လူမရှိသော ဆေးခန်းထဲ၌ အေးအေးဆေးဆေး ပြောလိုက်၏။
"တကယ်တော့၊ မင်းရဲ့ ကိုယ်ပိုင်တွေးခေါ်မှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလည်း ငါ လျှော့ချပစ်လိုက်လို့ရတယ် ကွမ်ကျိုး"
"အနာဂတ်မှာ မင်းဆီကနေ ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ အတွေးတွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ဆက်မလုပ်အောင် တားဆီးဖို့လေ။"
လုထိုက်ဖန် ပြုမူရာ၌ဖြစ်စေ စကားပြောဆိုရာ၌ဖြစ်စေ ဒေါသဟု ပြောရမည့် အရိပ်အယောင်တစ်ခုမှ မတွေ့ရချေ။
သူသည် ရာစုပေါင်းများစွာ ရေခဲအောက်မှာ ထားခဲ့တဲ့ သံတုံးတစ်တုံးကဲ့သို့ အေးဆေးတည်ငြိမ်နေသည်။
သို့သော်လည်း ဤသို့ အေးစက်စက် မှတ်ချက်ကို ပြောပြီးနောက် ယခင် တက်ကြွရွှင်လန်းနေသည့် "အိမ်တော်ထိန်း" သည် သူ့သဘောထားကို အမြန်ဆုံး ပြောင်းလဲလိုက်လေသည်။
"အိမ်တော်ထိန်း": "ကျွန်တော် စုလျန် အတွက် ပုံမှန်အလုပ်တချို့ကို စီစဉ်ပေးပါမယ်၊ အဲဒီအလုပ်တွေက အရမ်းဘေးကင်းပြီး အရမ်းလွယ်ကူပါတယ်။ သူက ပုံမှန်ဝန်ဆောင်မှုဝန်ထမ်းတွေလိုပဲ ပျော်ရွှင်စရာ ဝန်ဆောင်မှုကာလကို လုံးဝပြဿနာမရှိဘဲ ဖြတ်သန်းရပါလိမ့်မယ်။"
လုထိုက်ဖန်၏ ဆက်သွယ်ရေးစက်မှ အီလက်ထရွန်းနစ်အသံတစ်ခုက ပရော်ဖက်ရှင်နယ်ကျသော အတွင်းရေးမှူးတစ်ယောက်ကဲ့သို့ အဆင်ပြေညီညွတ်သော အလုပ်နေရာချထားမှုနှင့် လွန်ကြူးသော ကတိစကားတို့က ထွက်ပေါ်လာလေသည်။
လုထိုက်ဖန် သည် သူ့မျက်လုံးများကို မှေးချလိုက်၏။
"အင်း"
လုထိုက်ဖန်က ပါးစပ်မဖွင့်ဘဲ ခပ်တိုးတိုးသာ ပြန်ဖြေလိုက်၏။
"အိမ်တော်ထိန်း" သည် စုလျန် ကို ဝန်ဆောင်မှု ဝန်ထမ်းတွေ အတွက် သီးသန့်ထားရှိသော အိပ်ဆောင်ဆီကို ခေါ်သွား၏။
ဤနေရာမှာ သာမန်လူများနေသည့် ဟိုတယ်မျိုးနှင့် အနည်းငယ် ဆင်တူသည်။ အလွန် သက်တောင့်သက်သာရှိပုံပင်။ ရှည်လျား ကျဉ်းမြောင်းသည့် စင်္ကြံ၏ ဘေးနှစ်ဖက်တွက် တူညီသော သတ္တုတံခါးများ တန်းစီကာ ရှိနေသည်။
လေယာဉ်သည် ဟိုဗာယာဥ်ထက် များစွာ ပိုမြန်သဖြင့် စုလျန် အိပ်ဆောင် အဆောက်အအုံကို ရောက်သည့်အခါ အခြားမည်သူမှ မရောက်ကြသေးပေ။ ထို့ကြောင့် သူက ကောင်းမွန်သောအခန်းကို ရွေးချယ်ခွင့် ရသွားခဲ့၏။
စုလျန် ဒီအခန်းကို ရွေးချယ်ရတဲ့ အကြောင်းရင်းက အခန်းပြတင်းပေါက်က သေးငယ်ပြီး လှပတဲ့ ဥယျာဉ်လေးကို မျက်နှာမူထားလို့ပင်။
စုလျန်သည် ဥယျာဉ်တွေကို အမြဲကြိုက်သည်။ ဒီအချိန်မှာ သူ "မြွေသားရဲတွင်း" ထဲမှာရှိနေပြီး ဥယျာဉ်တစ်ခုကို မြင်လိုက်ရ၏။ သူ့နှလုံးသားထဲမှာ အသွင်အပြင်တစ်ခု ထပ်ပေါ်လာသည်။
"ဒါဆို မင်းတစ်ခုခု လိုအပ်ရင် ငါ့ကို ပြောပြနိုင်တယ်။ မင်းငါ့ကို ရှာတွေ့ချင်တယ်လို့ အော်တိုရိုဘော့ စက်ရုပ်တွေကို ပြောလိုက်ရုံပဲ။ အဲဒီပျံသန်းနေတဲ့ စက်ရုပ်တွေက ပိုးကောင်တွေလိုပဲ၊ ဒီမှာ အများကြီးရှိတယ်။ မင်း နားနေလိုက်ဦး၊ ငါ သွားလိုက်ဦးမယ်။"
ယခင်က ရွှင်ရွှင်လန်းလန်း ရှိပုံရသည့် အိမ်တော်ထိန်းသည် ယခု အနည်းငယ် စိတ်ပျက်နေပုံရ၏။ လိုအပ်သည့် ကိစ္စများကို ရှင်းပြပြီးနောက် သူထွက်သွားတော့မည်။
ဤအချိန်တွင် စုလျန် သည် တစ်ဖက်လူကို ထူးဆန်းသည့်နည်းဖြင့် ခေါ်လိုက်သည်။
"မစ္စတာကွမ်ကျိုး အဲဒါ”
"ဘာပါလဲ"
အိမ်တော်ထိန်းသည် သူ့ကို လျင်မြန်စွာ ပြန်ကြည့်လိုက်လေသည်။
‘"အိမ်တော်ထိန်း" ရဲ့ မျက်နှာကို ရင်ဆိုင်ရတော့ စုလျန် ခဏတာ တုံ့ဆိုင်းနေပြီး သူ တကယ် စိတ်ထဲကအတိုင်း ပြောသင့် မပြောသင့် သေချာ မသိတော့ပေ။
သို့သော် နောက်ဆုံး၌ ရွှယ်ရင်းဟွမ်နှင့် ဘလက်မမ်ဘာအား သတိရလိုက်ပြီး နောက်ဆုံးသတ္တိကို စုစည်းကာ
"'မြွေပွေး စစ်သည်တစ်ယောက်အကြောင်း မင်းကို မေးချင်တယ်ဆိုရင် 'မြွေသားရဲတွင်း' ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မှာလား"
"မဖြစ်ပါဘူး၊ ငါတို့ဒီမှာ ဒီလောက် တင်းကြပ်တာ မဟုတ်ဘူး ဟဲဟဲဟဲ။"
အိမ်တော်ထိန်း သည် ချက်ချင်းပင် ပျော်ရွှင်စွာ ပြန်ဖြေလေ၏။
"မြွေသားရဲတွင်း" ထဲသို့ အမျိုးမျိုးသော အဖွဲ့အစည်းများနှင့် အင်အားစုများမှ စေလွှတ်လိုက်သော သူလျှိုများက သတင်းအချက်အလက်တွေကို ရှာဖွေ့ရန် နည်းလမ်း ရှာနေကြပင်။ ထို့ကြောင့် အချက်အလက်များကို ကန့်သတ်ထားပါကလည်း အမည်ခံသာ ဖြစ်နေလိမ့်မည်။
သူတို့က ဘာပဲဖြစ်ဖြစ် သတ်ဖြတ်ခံရမှာပဲ ဟီးဟီးဟီး။
ဉာဏ်ရည်တုသည် စုလျန် ကို ဝါကျ၏ နောက်တစ်ဝက်ကိုတော့ မပြောခဲ့ချေ။
နောက်ဆုံးတွင် လုထိုက်ဖန်၏ ညွှန်ကြားချက်များအရ၊ စုလျန် သည် "မြွေသားရဲတွင်း" တွင် တည်ငြိမ်သော ဝန်ဆောင်မှုကာလကို ဖြတ်သန်းရန် လိုအပ်သည်၊ ဆိုလိုသည်မှာ သူသည် အပေါ်ယံအရာတွေကိုသာ သိဖို့ လိုအပ်လေ၏။
အိမ်တော်ထိန်း၏ အတည်ပြုချက်ကို ကြားသော် စုလျန် သည် သူ့နှုတ်ခမ်းကို ကိုက်ပြီး၊ သူ့နှလုံးသားထဲမှ မသက်မသာဖြစ်မှုနှင့် စိုးရိမ်ပူပန်မှုကို ထိန်းချုပ်လိုက်ကာ ဆက်ပြော၏။
"တကယ်တော့၊ လု မိသားစုထဲက 'မြွေပွေးစစ်သည်' တစ်ယောက်ရဲ့ အကူအညီကို ကျွန်တော် လက်ခံခဲ့ဖူးတယ်။ ကျွန်တော့်ကို ကိုယ်ကျိုးစွန့် ကူညီပေးခဲ့တဲ့ စစ်သည်တော်ကို အမြဲတမ်း ကျေးဇူးတင်တယ်။ သူက ကျွန်တော်ရဲ့ အသက်သခင် ကျေးဇူးရှင်ပါ။ ပြီးတော့ နှစ်ပေါင်းများစွာ သူ့အကြောင်း စဉ်းစားနေခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့တစ်ခါပဲ တွေ့ခဲ့တာ၊ ပြီးတော့ သူ ဒဏ်ရာရခဲ့ပြီးနောက် ဘယ်တော့မှ ထပ်မပေါ်လာတော့ဘူး။"
စုလျန် သည် ထိုအချိန်တုန်းက ပန်းအိမ်လေးထဲမှ အေးစက်သော်လည်း ချောမောသည့်လူငယ်လေး၏ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကို မှတ်မိနေပြီး သူ့နှလုံးသားထဲမှ မျှော်လင့်ချက်နှင့် တင်းမာမှုများမှာ ရောယှက်နေကာ၊ သူ့နှလုံးသားကို အနည်းငယ် နာကျင်စေသည်။
"ကျွန်တော် အဲဒီလူရဲ့ သီးခြားအချက်အလက်တွေနဲ့ နာမည်ကို မမေးချင်ပါဘူး၊ သူ့ရဲ့ အသက်ရှင်သန်မှုနဲ့ သေဆုံးမှုကို အတည်ပြုချင်ရုံပဲ။ ဘာလို့လဲဆိုတော့၊ ကျွန်တော်တို့ ခါနန်တွေနဲ့ စစ်ဖြစ်တုန်းက"
စုလျန် ၏အသံမှာ တဖြည်းဖြည်း တိုးဝင်သွားသည်။ မေးလိုက်ပြီးမှ စုလျန် ရုတ်တရက် နောင်တရသွား၏။
‘တကယ်လို့ "အိမ်တော်ထိန်း" ဆီကနေ အဲဒီလူရဲ့ သေဆုံးမှုသတင်းကို သိလာရင် ဘယ်လို တုံ့ပြန်ရမလဲဆိုတာ သူတကယ် မသိဘူး’
‘ဒါက သူ လု မိသားစုထဲကို ပထမဆုံး ဝင်လာတုန်းက သူ့ကို ဒီလို ဘာစကားမှာ မပြောပေမဲ့ ကြင်နာမှု ပေးခဲ့တဲ့ "မြွေပွေး" စစ်သည်တော်ပဲ၊ သူ့ကြောင်သာ ရွှံ့နွံထူထပ်တဲ့ လု မိသားစုထဲမှာ သူ အသက်ရှင်သန်နိုင်ခဲ့တာ။’
"ဒီစစ်ပွဲမှာ ‘မြွေပွေးစစ်သည်ငယ်' တွေ တကယ် အများကြီး သေဆုံးခဲ့ရတယ်"
စုလျန် ၏ စကားများကို ကြားသော် "အိမ်တော်ထိန်း" ၏ အသံကလည်း စို့နင့်ကြေကွဲသကဲ့သို့ နက်ရှိုင်းသွား၏။
"အဲဒီစစ်သားရဲ့ နာမည်က ဘယ်သူလဲ။ ငါ မင်းကို အတည်ပြုတဲ့ အဖြေတစ်ခု ပေးနိုင်မယ်လို့ ထင်တယ်။"
စစ်သည်၏ နာမည်ကို အတည်ပြုသလို မေးလာတော့ စုလျန် ၏ မျက်နှာသည် ပူလာရ၏။
"ကောင်းပြီ၊ သူ့နာမည်ကို ငါလည်း မသိဘူး၊ သူ့အကြောင်းပဲ သိတယ်။ သူ့အသက် နှစ်ဆယ်အရွယ်မှာ၊ အရမ်းတည်ငြိမ်တယ်၊ အရမ်းယုံကြည်စိတ်ချရတယ်၊ ပြီးတော့ အရမ်းချောတယ်၊ သူက အရမ်းအေးစက်တဲ့ ပုံပေါက်ပေမဲ့ သူ့နှလုံးသားကတော့ အရမ်းနူးညံ့တယ်။"
သူပြောနေလျက် စုလျန်သည် ဤဖော်ပြချက်များမှာ အလွန်ယေဘုယျကျပြီး အဓိပ္ပါယ်မရှိဘူးဆိုသည်ကို သိလိုက်ရ၏။ သူ့မျက်နှာမှာ ပိုပူလာပြီး၊ သူ့အစ်ကိုကြီးအကြောင်း မေးရန် "အိမ်တော်ထိန်း" ကို ရုတ်တရက်ကြီး ထမေးမိသည်ကို သူ တကယ် နောင်တရ သွားလေသည်။
"ပြီးတော့ သူ့ကျောရိုးနဲ့ လည်ပင်းနောက်ဘက်မှာ သတ္ထုကျောရိုးတစ်ခု ထည့်သွင်းထားတယ်"
"သတ္ထုကျောရိုးလား"
ဤသည်ကို ကြားသော် "အိမ်တော်ထိန်း" သည် ထိုဝါကျတစ်ခုကိုပင် ထပ်ပြောလိုက်ပြီး သူ့အသံမှာ အနည်းငယ် ဆွဲကာ ပြောသွား၏။
"မြွေပွေး" အများစုရဲ့ ခန္ဓာကိုယ်တွေမှာ စက်ပိုင်းဆိုင်ရာ အရန်ကိရိယာတွေ ထည့်သွင်းထားတယ်၊ စစ်ပွဲမှာ စွမ်းအင်ထိ ရောက်မှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့အတွက်ပဲ”
ရိုးအသော လူသားဘီတာလေးသည် ဥာဏ်များလှသော အေအိုင်စက်ရုပ်၏ ပညာသားပါပါ သတင်းနှိုက်မှုနှင့် လှီးလွှဲစကားများကြား သူသိချင်သော အကြောင်းအရာကို မသိလိုက်ပါချေ။
အဟုတ်ပင် "အိမ်တော်ထိန်း" က မလိမ်ခဲ့ပေ။ စစ်သည်တော်တွေက သူတို့၏ ခန္ဓာကိုယ်များထဲတွင် အရန်စက်ပိုင်းဆိုင်ရာ ကိရိယာများ ထည့်သွင်းထားကြသည်။
သို့သော် ဖယ်ဒရေးရှင်းတစ်ခုလုံးတွင် သတ္တုကျောရိုးတစ်ခုကို ကျောရိုးထဲမှာ တင်းတင်းကျပ်ကျပ် ထည့်သွင်းထားပြီး အာရုံကြောထဲသို့ တားဆေးများ မရပ်မနား ထိုးသွင်းနေရသော လူတစ်ယောက်သာ ရှိပေသည်။
‘ပြီးတော့ အဲဒီလူက’
စုလျန် သည် အိမ်တော်ထိန်းကို မသက်မသာ ကြည့်လိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။
"ဒါနဲ့၊ သူ့ကျောဘက်မှာ မြွေပုံ တက်တူးလှလှလေးတစ်ခု ရှိတယ်။"
"ကျီ…..ကျီ…..."
နောက်တစ်စက္ကန့်၌ စုလျန် သည် သူ့ရှေ့ရှိ စက်ရုပ်ကိုယ်ထည်ဆီမှ မနှစ်မြို့ဖွယ်အသံတစ်ခုကို ကြားလိုက်ရသည်။
ယခင်က အလွန်စကားများခဲ့သော စက်ရုပ်က ခဏအတွင်း လုံးဝရပ်ဆိုင်းသွားပြီး၊ စက်ရုပ်မျက်နှာတွင် "ချွတ်ယွင်းမှု" ကို ကိုယ်စားပြုသော မီးနီနှစ်လုံးသာ လင်းကာ ငြိမ်သက်သွားတော့သည်။ ထို့အပြင် မီးခိုးငွေ့များက နှာခေါင်းနှင့် နားများမှ ဖြည်းဖြည်းချင်း ထွက်လာ၏။
"မစ္စတာ ကွမ်ကျိုး”
စုလျန် အံ့သြသွား၏။
"ဆားကစ်ရှော့ ဖြစ်သွားတာပါ"
နက်ရှိုင်းသည့် အမျိုးသားအသံတစ်ခုသည် အခန်းထဲမှ ရုတ်တရက် ထွက်ပေါ်လာလေသည်။
စုလျန်၏ မျက်လုံးများ အံ့သြစွာ ပြူးကျယ်သွားပြီး၊ အခန်းထောင့်ရှိ အလိုအလျောက်ဖုန်းဖြေစနစ်ကို မြင်လိုက်ရမှ သဘောပေါက်သွား၏။
ထိုသူက အေအိုင်စနစ်ကို ထိန်းချုပ်သော စစ်ဆေးရေးအရာရှိ ဖြစ်နိုင်တယ်လို့ မှန်းဆလိုက်၏။ သူ ဈေးဝယ်စင်တာမှာ စက်ရုပ်များ ထိန်းချုပ်မှုမဲ့သွားတာမျိုးကို အရင်က မြင်ဖူးသည်၊ ခဏအကြာတွင် ဈေးဝယ်စင်တာ အထူးစစ်ဆေးရေးအရာရှိ၏ ကြေညာမှုတစ်ခု ရှိခဲ့သည်။
‘ဒါက မြွေသားရဲတွင်း လို့ကို မပြောရဘူး။ စစ်ဆေးရေးအရာရှိတွေရဲ့ တုံ့ပြန်မှုက အရမ်းမြန်တယ်။’
‘အသံကလည်း အံ့သြစရာကောင်းလောက်အောင် ကောင်းတယ်။’
"စိတ်မပူပါနဲ့၊ တစ်ယောက်ယောက်က လာဖြေရှင်းပေးပါလိမ့်မယ်"
စစ်ဆေးရေးအရာရှိက ထပ်ပြောလေသည်။
မိနစ်ဝက်အတွင်းမှာပင် စုလျန်၏ အိပ်ဆောင်တံခါးကို တွန်းဖွင့်ခံလိုက်ရပြီး အော်တိုရိုဘော့စက်ရုပ်များက အေအိုင်စက်ရုပ်ကို ခြေထောက်မှဆွဲကာ သူ့အခန်းထဲမှ ထုတ်သွားကြသည်။ လေးလံသည့် ဉာဏ်ရည်တု ထုတ်ကုန်လေးမှာ ကြမ်းပြင်ကို မျက်နှာအပ်ထားပြီး တရွတ်တိုက် ဆွဲထုတ်ခြင်းကို ခံလိုက်ရလေသည်။
မြင်ကွင်းမှာ အနည်းကြောက်စရာကောင်းသော်လည်း ရိုင်းစိုင်းပုံပေါက်သော အော်တိုရိုဘော့စက်ရုပ်သည် လူသားများကို ယဉ်ကျေးစွာ ဆက်ဆံရန် မမေ့ဘဲ စုလျန် ၏တံခါးကို ပြန်ပိတ်ပေးခဲ့သည်။
စုလျန်သည် ပိတ်ထားသော တံခါးကို အချိန်ကြာ တွေဝေစွာ ကြည့်နေပြီး ပြန်လည် သတိမဝင်သေးချေ။
"မစ္စတာ စစ်ဆေးရေးအရာရှိ မင်း အဲဒီမှာ ရှိနေတုန်းလား"
ခဏတာ တုံ့ဆိုင်းပြီးနောက် သူသည် မသေချာမရေရာစွာ မေးလိုက်သည်။
အလိုအလျောက် ဆက်သွယ်ရေးစနစ်မှ တုံ့ပြန်မှုမလာခင် စက္ကန့်အတော်ကြာလေသည်။
"ငါ ဒီမှာ ရှိတယ်။"
စုလျန် သည် သူ့စိတ်ထဲ၌ သက်ပြင်းမချဘဲ မနေနိုင်ချေ။ "မြွေသားရဲတွင်း" ရှိ စက်ရုပ်စစ်ဆေးရေးအရာရှိ၏ အသံသည် အလွန်နူးညံ့သည်ဟု ထင်လေသည်။
"မစ္စတာကွမ်ကျိုး သူ အဆင်ပြေရဲ့လား။ သူ့ ချစ်ပ်ပြားက အဆင်ပြေမှာပါနော်"
ခဏတာလေးသာ အတူရှိခဲ့ကြပေမဲ့ စုလျန်သည် မစ္စတာကွမ်ကျိုးကို သဘောကျသည့် စိတ်ခံစားချက်တစ်ခု ရရှိပြီးသားပင်။
ရွှယ်ရင်းဟွမ် နဲ့ ဘလက်မမ်ဘာလို တို့ကဲသို့ပင် မတူညီသော ပင်ကိုယ်စရိုက်များနှင့် မတူညီသော စိတ်ဓါတ်များ ရှိနေပေမဲ့ စုလျန် နှင့် ရင်းနှီးချင်သော စိတ်နေစိတ်ထားတစ်ခုက သူတို့ ဝိညာဉ်ထဲတွင် ရှိနေ၏။
စုလျန်သည် အခုဆိုရင် စနစ်က ဆားကစ်ရှော့ ဖြစ်ပြီးနောက်မှာတောင် သူ့နှင့် ဆက်သွယ်နေသော ဉာဏ်ရည်တု စနစ် ပျောက်ကွယ်သွားမှာကို အရမ်းစိုးရိမ်နေသည်။
ဤအကြိမ်တွင်တော့ သူ ခဏစောင့်ပြီးမှသာ စစ်ဆေးရေးအရာရှိသည် "အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်" ဟု ပြောလေ၏။
စုလျန် သည် သက်ပြင်းရှည်ကြီးချပြီး အိပ်ဆောင်ထဲမှ ကျဉ်းမြောင်းသော ကုတင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်လိုက်ကာ အလိုအလျောက် ဆက်သွယ်ရေးစနစ်ဘက်ကို တောက်ပသည့်အပြုံး ပြုံးပြလိုက်၏။
"အဖြေအတွက် ကျေးဇူးတင်ပါတယ်၊ ဒါက ကျွန်တော့်ကို စိတ်အေးစေတယ်။"
"အင်း"
စစ်ဆေးရေးအရာရှိသည် စကားမများတတ်သည့်ပုံပင်။
စုလျန်သည် တခြားသူ offline ဖြစ်နေပြီလို့ ထင်နေတုန်းမှာပဲ၊ တခြားသူက ရုတ်တရက် သူ့ပါးစပ်ကို ဖွင့်ပြီး မမျှော်လင့်ဘဲ ပြောလာ၏။
"အချက်အလက်အရ၊ မင်း စိတ်ပူနေတဲ့ စစ်သည်တော်က စစ်ပွဲမှာ မသေဆုံးခဲ့ပါဘူး။"
"အာ၊ တကယ်လား"
စုလျန် သည် ဝမ်းသာအားရ ခုန်ပေါက်လိုက်သည်။
"ဒါ တကယ်ကောင်းတာပဲ၊ တကယ်ကောင်းတာပဲ"
သူသည် အခြားဘာမှ မပြောနိုင်လောက်အောင် ပျော်နေပြီး၊ သူပုံစံက အရမ်း ရူးကြောင်ကြောင် နိုင်နေလောက်တယ်ဆိုတာကိုလည်း သိနေသည်။
အဘယ်ကြောင့်ဆိုသော် စကားပြောစက်က ခဏတာ တိတ်ဆိတ်နေသောကြောင့်ပင်။
"ဒါဆို၊ မင်း မြွေသားရဲတွင်း မှာ ပျော်ရွှင်စွာ နေနိုင်ပါစေလို့ ဆုတောင်းပါတယ် စုလျန်"
အဲဒီနောက် သဘောကောင်းသော စစ်ဆေးရေးအရာရှိသည် အမှန်တကယ် offline ဖြစ်သွားလေသည်။