no

Font
Theme

"အားလျန်...အားလျန်...အားလျန်"

အမျိုးသမီး၏ခေါ်သံက သူ၏နားထဲတွင် ပို၍ ပို၍ ထင်ရှားလာပြီး စုလျန် နှလုံးခုန်သံတို့ မြန်လာကာ ရုတ်တရက် အသိပြန်ဝင်လာခဲ့သည်။ သတိရလျှင်ရချင်း သူ့ဘေးရှိ အမျိုးသမီးက စိုးရိမ်တကြီးဖြင့် သူ့နှဖူးကို စမ်းသပ်ရန် လက်လှမ်းလာသည်ကို မြင်လိုက်ရ၏။

"မင်း ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား။ မင်း ဘာလို့ ဒီရက်တွေမှာ အားမရှိသလို ဖြစ်နေရတာလဲ"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး စုလျန် ခေါင်းကို အလျင်အမြန် ယမ်းလိုက်ကာ "ကျွန်တော် အဆင်ပြေပါတယ် အစ်မ စိတ်မပူပါနဲ့။ ကျွန်တော် ဒီတိုင်း... ကောင်းကောင်း အိပ်မပျော်လို့ပါ" ဟု ပြောလိုက်ရသည်။

သူနှင့် စကားပြောနေသူမှာ စုလျန်၏ အစ်မဖြစ်သူ စုနွမ်ပင်။ စုနွမ်သည် စုလျန်က သူ နေကောင်းကြောင်း ထပ်ကာ ထပ်ကာ အာမခံ ထားသော်လည်း အနည်းငယ် စိတ်ပူနေသေး၏။

"တကယ်လား ငါ့ကို မလိမ်နဲ့နော်။ မင်း ဒီလို ဖြစ်တာမျိုး အရင်က တစ်ခါမှ မမြင်ဖူးပါဘူး"

အစ်မဖြစ်သူက သက်ပြင်းသာ ချလိုက်မိပြီး သူ့မျက်လုံးများတွင်လည်း စိုးရိမ်မှုများနှင့် ပြည့်နေသည်။

နေရောင်စူးစူးသည် ပြတင်းပေါက်မှ တစ်ဆင့် အ‌ခန်းထဲသို့ ဝင်ရောက်နေသည်။ သူတို့ မောင်နှမနေထိုင်သည့် အိမ်မှာ သာမန် ၃ထပ်တိုက်ကလေးသာ ဖြစ်သည်။

ထိုအိမ်လေး၏ မီးဖိုချောင်ထဲတွင် စုလျန်က လတ်လတ်ဆတ်ဆတ် ဖုတ်ထားသည့် ဘီစကစ်ပန်းကန်ကို ကိုင်ကာ ထိုင်နေ၏။

ထို့နောက် သူရှေ့ရှိ အမျိုးသမီး၏ မျက်ဝန်းများက သူ့မျက်ဝန်းများနှင့် အလွန်ဆင်တူ နေသည်ကို မြင်လိုက်သဖြင့် သူ့ရင်ဘတ်မှာ ရုတ်ခြည်း နာကျင်သွားရသည်။

ဒါက ငါ့အစ်မ စုနွမ် ပဲပေါ့။

ယခင်ဘဝတွင် စုလျန်သည် လုကျစ်ကျောက်နှင့် အဓိပ္ပာယ်မဲ့စွာ ခိုးရာလိုက်ပြေးခဲ့ပြီး မကြာခင်မှာပင် သူ့အစ်မနှင့်ယောက်ဖသည် လုမိသားစု၏ လုပ်ရပ်များကြောင့် မြို့မှ ထွက်ခွာသွားချိန်တွင် ကားတိုက်မှုဖြစ်၍ သေဆုံးသွား ခဲ့ရသည်။

ထိုအချိန်တွင် သူသည် အလွန်အမင်း နေမကောင်း ဖြစ်နေခဲ့ပြီး ဘဏ်အကောင့်နှင့် အကြွေးကတ်များ အားလုံးကိုလည်း လုမိသားစုမှ လုံးဝ ပိတ်ပင်ထားသဖြင့် စျာပနအခမ်းအနားကို အချိန်မီ မတက်ရောက်နိုင်ခဲ့ပေ။

နောက်ဆုံး မရမကကြိုးစားကာ ပြန်သွားနိုင်သောအခါတွင် အေးစက်နေသော ကမ္ပည်းကျောက်တိုင်များကိုသာ တွေ့လိုက်ရတော့သည်။

ပြန်လည်မွေးဖွား လာပြီးတာတောင်မှ စုလျန်သည် ယခင်ဘဝက ထိုမြင်ကွင်းကို တွေးမိလိုက်တိုင်း သူ့မျက်လုံးများက ပူနွေးစိုစွတ်သွားရမြဲ ဖြစ်သည်။

'ဒါက တကယ် ကောင်းတာပဲ...'

စုလျန်သည် သူ့အရှေ့မှ အစ်မဖြစ်သူကို လောဘတကြီး ကြည့်လိုက်မိပြီး စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်၏။

'အစ်မ အသက်ရှင်နေတုန်းပဲ'

'ဘာတစ်ခုမှ မဖြစ်သေးဘူး'

'အရမ်း မနောက်ကျသေးဘူးပဲ'

စုလျန် ပြန်လည်မွေးဖွားလာသည်မှာ တစ်ပတ်ခန့်ကြာပြီ‌ ဖြစ်သော်လည်း သူ့စိတ်ခံစားချက်များနှင့် မျက်နှာအမူအရာများကို အပြည့်အဝ ထိန်းချုပ်နိုင်ကာ လက်တွေ့ဘဝကို လက်ခံနိုင်သွားသည်မှာ နှစ်ရက်ခန့်သာ ရှိသေး၏။

တစ်ခါတစ်ရံတွင် အတွေးထဲတွင် ရစ်ဝဲနေတတ်ကာ ငေးငေးငိုင်ငိုင်ဖြစ်သွားတတ်သော သူ့အပြုအမူကြောင့် စုနွမ်၏ စိုးရိမ်စိတ်က လျော့ကြသွားခြင်းမရှိခဲ့။

သူ ဘာကြောင့် နောက်တစ်ကြိမ် ပြန်လည် မွေးဖွားလာသည်မှန်း စုလျန် ကိုယ်တိုင်လည်း မသိပေ။ ယခင်ဘဝက သူ့အတွက် အိမ်မက်ဆိုး ရှည်ရှည်ကြီးတစ်ခု မက်ခဲ့ရသလို ဖြစ်နေခဲ့၏။

စုလျန်သည် ယိုယွင်းပျက်စီးနေသော အမှိုက်ပုံထက်တွင် မျက်လုံးမှိတ်ကျသွားပြီး သေခြင်း၏ အသူရာချောက်နက်ထဲသို့ နစ်မြုပ်ကာ အိပ်ပျော်သွားခဲ့သည်။

သူ မျက်လုံးပြန်ဖွင့်လိုက်သည့်အချိန်တွင် နောက်တစ်ကြိမ် အသက်ရှင်နေကြောင်း သိရှိလိုက်ရ၏။

စုလျန်တစ်ယောက် မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့မှန်း မသိသော်ငြား ဘုရားသခင်က ဤကဲ့သို့ အဖိုးတန်သည့် ဒုတိယအခွင့်အရေးကို ပေးခဲ့သည့်အတွက် အလွန်အမင်း ကျေးဇူးတင်လိုက်မိသည်။

သူ နိုးထလာသည့်အချိန်တွင် အရာအားလုံးက အကောင်းဆုံးအခြေအနေမှာ ရှိနေသေး၏။

ယခင်ဘဝကို ပြန်တွေးကြည့်လိုက်လျှင် သူလုပ်ခဲ့သောအရာများက အတော်လေး အတွေးတိမ်ကာ လှောင်ပြောင်ရှုံချဖွယ်ရာ လုပ်ရပ်များ လုပ်ခဲ့သည်ဟု စုလျန်ကိုယ်တိုင်ပင် ထင်မြင်မိသည်။

'အဲ့အချိန်တုန်းက ငါ့အစ်မသာ ကောင်းကင်ဘုံကနေ ကြည့်နေခဲ့ရင် ငါ့ကိုယ်ငါ ဖျက်စီးနေတာကို မြင်နေရတာ ဘယ်လောက် စိတ်မကောင်းဖြစ်နေလိုက်မလဲ'

ထိုအကြောင်းကို တွေးမိတော့ စုလျန် မတ်တပ်ရပ်ကာ အစ်မဖြစ်သူ စုနွမ်ကို ပြေးဖက် ထားလိုက်မိသည်။

"အစ်မ... တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်"

စုလျန်သည် တောင်းပန်စကားကို ဆို့နင် တိုးညင်းစွာ ထုတ်ပြောလိုက်မိ၏။

စုနွမ် တစ်ခဏလောက် ကြက်သေသေသွားပေမဲ့ စိတ်ပူပန်သော အမူအယာတို့ ချက်ချင်း ပေါ်လာကာ "အားလျန့် မင်း တကယ် ဘာမှ မဖြစ်ပါဘူးနော်.."

"ကျွန်တော် ဘာမှမဖြစ်ပါဘူး ၊ နည်းနည်း ဝမ်းနည်းနေလို့ပါ"

စုလျန်တစ်ယောက် သူ့ခေါင်းကို သူ့အစ်မ၏ ပခုံးများကြားတွင် နှစ်မြှုပ်ထားပြီး သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်ထုတ်လိုက်၏။

"အစ်မ ကျွန်တော် အရမ်းများ တုံးနေလား?" ဟု တီးတိုးရေရွတ်နေပြန်သည်။

စုနွမ်သည် ဘာဖြစ်နေမှန်း မသိရသော စုလျန်ကို ပွေ့ဖက်ထားရုံသာ တတ်နိုင်၏။

"မင်း ဘာလို့ ရုတ်တရက် ဒါတွေကို ပြောရတာလဲ။ မင်းက ပထမအဆင့် ပညာသင်ဆုကိုရထားတာလေ။ ဘယ်သူက မင်းကို တုံးတယ်လို့ပြောတာလဲ။ မင်းကို လုမိသားစုက အဆိုးအဆာတွေက လှောင်ပြောင်လို့လား။ ဒီကိစ္စကို ရှင်းဖို့ ငါ သူတို့ဆီကို သွားလိုက်မယ်-"

"မဟုတ်ဘူး၊ သူတို့ မဟုတ်ပါဘူး" စုလျန်သည် စုနွမ်ကို အလျင်အမြန်တားလိုက်ပြီး

"ဒီတစ်ခါတော့ သူတို့နဲ့ တကယ်ကို ဘာတစ်ခုမှ မဖြစ်ခဲ့ပါဘူး။ ကျွန်တော်ကသာ အတွေးလွန်နေလို့ပါ"

"တကယ်လား"

စုနွမ်က သံသယအကြည့်ဖြင့် ကြည့်နေဆဲပင်။

စုလျန်က စုနွမ်ကို အလျင်အမြန် ပြုံးပြလိုက်ရင်း "တကယ်ပါ" ဟု ဖြေလိုက်၏။

ဒီလို အဖြေလေးတစ်ခုဖြင့် စုနွမ်၏ စိုးရိမ်မကင်းဖြစ်နေမှုကို လျော့သွားအောင် မလုပ်နိုင်သေးကြောင်းကိုတော့ စုနွမ်၏ မျက်နှာတွင် မြင်နေရသည်။

သေဆုံးခဲ့ရသည့် ယခင်ဘဝကို ပြန်တွေး ကြည့်မည်ဆိုလျှင်__

ယခုလို အသက်အရွယ်ကာလမှာလည်း သူ့ထံ၌ ပျော်စရာကိစ္စများ ရှိခဲ့သည်တော့ မဟုတ်ပေ။ နောက်ဆုံးတော့လည်း စုလျန်၏တည်ရှိမှုက လုမိသားစုအတွက် အရှက်ရဖွယ်သာ ဖြစ်ခဲ့ရ၏။

အသက် ၁၂နှစ်မတိုင်ခင်က စုလျန်သည် ဖယ်ဒရယ်တရုတ်နိုင်ငံ၏ သာမန်အဖြစ်ဆုံး ဆယ်ကျော်သက်လေး ဖြစ်ခဲ့သည်။ သူသည် သာမန် မိသားတစ်စုတွင် သာမန်ဘဝဖြင့် နေထိုင်နေသူပင်။

အခြား သာမန်မိသားစုများနှင့် ကွဲပြားသည့် တစ်ခုတည်းသောအရာမှာ မိဘများ စောစီးစွာ ဆုံးပါးသွား၍ အစ်မဖြစ်သူ စုနွမ်ပေါ်တွင်သာ မှီခိုနေရခြင်းပဲ ရှိသည်။

စုလျန်သည် သူ့ပတ်ဝန်းကျင်ရှိ သာမန်လူများကဲ့သို့ သူ့ဘဝကလည်း ရိုးရိုးရှင်းရှင်းဖြင့် ကြီးပြင်းလာလိမ့်သည်ဟု ထင်ထားခဲ့သည်။ သူသည် ကျောင်းစာများကို ကြိုးစားပြီး နောင်အခါတွင် အလုပ်တစ်ခုလုပ်ကိုင်ကာ တတ်နိုင်သမျှ သူ့အစ်မ၏ တာဝန်များကို လျော့ချပေးမည်ဟု ငယ်စဥ်ကတည်းကပင် အစီအစဉ်ဆွဲထားခဲ့၏။

သို့သော်လည်း အသက် ၁၂နှစ်သို့ ရောက်သောအခါ စုနွမ်က ကွဲပြားခြင်းကာလထဲသို့ စတင် ဝင်ရောက်သွားပြီး သူ့ဘဝလည်း အပြောင်းအလဲ တစ်ခု ဖြစ်သွားရသည်။

(T/N - ကွဲပြားခြင်းကာလဆိုတာက အိုမီဂါ ၊ အယ်လ်ဖာ အမျိုးအစား ကွဲတဲ့ကာလကိုပြောတာပါ)

သူ့အစ်မသည် AA အဆင့် အိုမီဂါ အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု စုလျန် တစ်ခါမှ တွေးမထားခဲ့မိပေ။

အဆင်မြင့် အိုမီဂါများသည် အဆင့်မြင့် အယ်လ်ဖာများအတွက် အလွန်အရေးပါ အရာရောက်၏။

အဆင့်မြင့် အယ်လ်ဖာများ၏ စိတ်စွမ်းအင်တိုးမြှင့်နိုင်မှုကို အဆင့်မြင့် အိုမီဂါများ၏ ဖယ်ရိုမုန်းက အထောက်အပံ့ပေးနိုင်သလို အရွယ်ရောက်ပြီးပေါင်းစပ်မှုကလည်း အယ်လ်ဖာကို နောက်ထပ်တစ်ဆင့် မြင့်တက်အောင် လုပ်ဆောင်ပေးနိုင်သည်။

ထို့အပြင် အဆင့်တူ A နှင့် O ပေါင်းစပ်မှု သည် အရည်အသွေးမြင့် မျိုးဆက်များကို မွေးဖွားနိုင်ခြေများ၏။

သို့‌သော်ငြား အဆင့်မြင့် အိုမီဂါအဖြစ် ကွဲပြားမှုနှုန်းသည် အဆင့်မြင့် အယ်လ်ဖာ ကွဲပြားမှုနှုန်းထက် အလွန့်အလွန်ကို နည်းလေသည်။

ထို့ကြောင့် သူ့အစ်မ အောင်အောင်မြင်မြင် ကွဲပြားပြီး မကြာခင်မှာပဲ လုမိသားစုက စုနွမ်ကို သတိထားမိသွား၏။

သိပ်ကြာခင်မှာပင် သူ့အစ်မက "မစ္စလု" ဖြစ်လာခဲ့သည်။ သာမန်လူတန်းစားသာ ဖြစ်သော စုနွမ်သည် အဆင့်မြင့် AA အိုမီဂါ ဖြစ်နေလျှင်တောင်မှ လုမိသားစု၏ မိသားစုအခွဲမှ မထင်မရှားသူတစ်ဦးနှင့်သာ လက်ထပ်နိုင်ခဲ့သည်။ သာမန်လူတန်းစား အသိုင်းအဝိုင်းက လူအများအတွက်တော့ ထိုအရာသည် စိတ်တောင် မကူးနိုင်သည့် ကံကောင်းခြင်းပင် ဖြစ်၏။

လုမိသားစု၏ ပင်မမိသားစု မဟုတ်ရင်တောင် "လုမိသားစု" ဖြစ်နေသေးလို့ပင်။

လုမိသားစုသည် စစ်နတ်ဘုရား ဟု ခေါ်ဆိုနိုင်သော S အဆင့် ရှိသည့် ဗိုလ်ချုပ် လုထိုက်ဖန်ကို ပိုင်ဆိုင်ထားသည်။

စုနွမ်၏ အဆင့်မြင့်စွာ ကွဲပြားသွားခြင်းကြောင့် ၊ စုလျန်ထံတွင် မည်သို့သော ကွဲပြားခြင်း ဖြစ်လာမည်မှန်း မသိသေးသော်လည်း လုမိသားစုဆီသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရ၏။

"ငါတို့မိသားစုက ဒီလိုမျိုး လှပတဲ့ကလေးလေး စုလျန်ကလဲ နောင်အခါ သေချာပေါက်ကို အဆင့်မြင့် အိုမီဂါဖြစ်လာလိမ့်မယ်..."

ထိုအချိန်က အစ်မသည် သူ့ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးနေရင်း ထိုကဲ့သို့ ပြောခဲ့ဖူးသည်ကို စုလျန် မှတ်မိနေသေးသည်။

တကယ်လဲ လူတိုင်းက စုလျန်ကို အဆင့်မြင့်အိုမီဂါအဖြစ် ပြောင်းသွားလိမ့်မည်လို့ ထင်ခဲ့ကြ၏။

စုလျန်က အစ်မဖြစ်သူထက်ပင် လှပလွန်းလေရာ အိုမီဂါအဖြစ် ကွဲပြားသွားပါက အစ်မ၏ အဆင့်ထပ် ပိုမြင့်မည်ဟုပင် ထင်ကြေးပေးခဲ့ကြသည်။

အိုမီဂါ ဆိုသည်မှာ အဆင့်မြင့်လေလေ ပိုချော ၊ ပိုလှ ၊ ပိုနူးညံ လာလေလေပင်။

စုလျန်က ပြောစမှတ် ပြုလောက်အောင် လှပလွန်း၍ တစ်ချက်ကြည့်ရုံဖြင့် စွဲမက်သွားစေနိုင်လောက်သော အလှပိုင်ရှင်လေး ဖြစ်သည်။

သို့သော် တစ်နှစ်ပြီး တစ်နှစ် ကုန်လွန် သွားပြီးနောက် စုလျန်၏ ကွဲပြားခြင်းကာလက လုံးဝရောက်ရှိ မလာခဲ့ပေ။

စုလျန် အသက် ၁၄နှစ်တွင် သူ၏ဂလင်းက ပြည့်စုံခြင်းမရှိဘဲ ချို့ယွင်းချက်များ ရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ စုလျန်၏ ဂလင်းသည် တစ်သက်လုံး ဖွံ့ဖြိုးတော့မှာ မဟုတ်သောကြောင့် သူအတွက် ကွဲပြားခြင်းကာလလည်း ရှိလာမှာ မဟုတ်တော့ပေ။

စုလျန် ထိုအချိန်မှစ၍ တမူထူးခြားသော ဘီတာတစ်ဦး ဖြစ်သွားခဲ့၏။

ဤကမ္ဘာတွင် ဘီတာများသည် မည်သူမှ အရေးအရာမလုပ်သော လုပ်သားပျားများသာ ဖြစ်သည်။

လုမိသားစုမှ စုလျန် အပေါ်ထားသည့် မျှော်လင့်ချက်နှင့် ရင်းနှီးမြှုပ်နှံမှုများက အရှုံးပေါ်သွားကာ လူရယ်စရာ ဖြစ်ခဲ့ရတော့၏။

ကံကောင်းထောက်မစွာဖြင့် စုလျန်၏ အစ်မနှင့် ယောက်ဖသည် ဘီတာဖြစ်သွားသော စုလျန်ကို တစ်ခါမှ အေးတိအေးစက် မဆက်ဆံခဲ့ဖူးပေ။

စုလျန်၏ယောက်ဖသည် သူ့အစ်မ၏ အိုမီဂါ အဆင့်ကြောင့် လက်ထပ်ခဲ့ရသော်လည်း လုမိသားစု၏ သွေးဝေးသည့် ဆွေမျိုးမှ မွေးဖွားခဲ့ခြင်းဖြစ်လေရာ နွေးထွေးသည့် အကျင့်စရိုက်နှင့် စိတ်ကောင်းရှိပြီး အခြား လုမိသားစုဝင်များနှင့် အလွန်ကို ခြားနားသည်။

စုလျန်၏ ချို့ယွင်းချက်ကို စစ်ဆေး တွေ့ရှိသွားပြီးနောက် ယောက်ဖသည် စုလျန်ကို လာရှာကာ စိတ်ရင်းဖြင့် နှစ်သိမ့် ပေးခဲ့သေးသည်။

"အမှန်တော့ လုမိသားစုထဲမှာ ဘီတာ ဖြစ်သွားတာက မင်းအတွက် ပိုကောင်းတယ်။ မင်းအစ်မကိုပဲ ကြည့်လေ၊ သူမက အဆင့်မြင့်အိုမီဂါ ဖြစ်တာတောင်မှ ဖိအားအများကြီး ခံစားနေရတယ်။ ဒီ ပတ်ဝန်းကျင်က တကယ့်ကို..."

ယောက်ဖလုပ်သူ၏ နှစ်သိမ့်စကားက ကိုးရိုးကားယားနိုင်‌သော်လည်း သူ့စေတနာကတော့ သူ့အစ်မကဲ့သို့ ထပ်တူထပ်မျှပင်။

နောက်ဆုံးတော့ စုလျန်လည်း ကျီစယ်သလို မျက်နှာမဲ့ပြကာ "တကယ်တော့ ကျွန်တော်လည်း အဲ့လိုပဲထင်တယ်" ဟု ရယ်ကာ မောကာ ပြောရင်းဖြင့်သာ ဖြေသိမ့်လိုက်ရ၏။

စုလျန်သည် ဘီတာအဖြစ် ပြောင်းလဲပြီးနောက် သာမန်ဘဝဖြင့် အေးအေးချမ်းချမ်း နေနိုင်မည်ဟု ထင်ခဲ့သော်လည်း ကံကြမ္မာက သူ့ကို အမြဲတမ်း နောက်ပြောင်နေတတ်သည်။

ထိုနှစ်က စုလျန် သူ့အစ်မကိုယ်စား နှစ်စဉ်ပုံမှန်တွေ့ဆုံပွဲ တက်ရောက်ရန် လုမိသားစုအိမ်သို့ သွားခဲ့ရသည်။ ထိုပျင်းစရာကောင်းသည့် ညစာစားပွဲ၌ ချောမောကာ ပျော်ရွှင်တက်ကြွနေသည့် လူငယ်လေးတစ်ယောက်နှင့် စုလျန် တွေ့ဆုံခွင့် ရလိုက်သည်။

ထိုကောင်လေးက စုလျန်အား သူ့ကို "အားကျောက်" ဟု ခေါ်ခိုင်းတတ်‌ချေ၏။

"အားကျောက်" သည် စုလျန်၏ ယောက်ဖကဲ့သို့ပင် မောက်မာသည့် လုမိသားစုဝင်များနှင့် လုံးဝ မတူပေ။ သို့သော်လည်း စုလျန်၏ ယောက်ဖမှာ အကျင့်စရိုက်ကောင်းရှိသော်လည်း စကားပြော‌ မကောင်းပေ။ "အားကျောက်"သည် ဖော်ရွှေပြီး တက်ကြွကာ ရိုးစင်းသည်။

တစ်ခါတစ်ရံတွင် အားကျောက်သည် မရင့်ကျက်သေးသည့် ကောင်လေးတစ်ယောက်ကဲ့သို့ အဓိပ္ပာယ်မရှိသည့် အရာများအား လုပ်ရန် အမြဲတမ်း တက်ကြွနေတတ်၏။

စုလျန်သည် ငယ်ငယ်ကတည်းက ဤကဲ့သို့ တက်ကြွပြီး ထိန်းမနိုင် သိမ်းမရ ပျော်တတ်သည့်လူမျိုးနှင့် မပေါင်းသင်းဖူးပေ။ ထို့နောက် စုလျန်သည် အားကျောက် နည်းတူ အထိန်းအကွပ်မဲ့လာခဲ့ပြီး အားကျောက်အပေါ်တွင်လည် ထူးဆန်းသည့် ငြိတွယ်မှုများ ရှိလာခဲ့သည်။

"အားကျောက်" သည် စုလျန် စိတ်ကူးယဥ်ဖူးသော ကောင်လေး မျိုးနှင့်တူ၏။

အပြုံးချိုပြီး စိတ်အားထက်သန်နေကာ ဘယ်အရာဆီကမှ ထိန်းချုပ်ခြင်း မခံဘဲ လေရူးကဲ့သို့ လွတ်လပ်စွာ ပျော်မြူးနေတတ်သည်။

အချိန်အတော်ကြာပြီးနောက် ကိစ္စတော်တော်များများ ဖြစ်ပျက်သွားကာ “အားကျောက်” သည် လုမိသားစုတစ်ခုလုံး၏ ဂုဏ်ယူရပြီး အလုံးစုံ ယုံကြည်အားကိုးမှုခံထားရသည့် သခင်လေး ဖြစ်မှန်း စုလျန် သိရှိလိုက်ရ၏။

သူ(အားကျောက်)သည် သမိုင်းတစ်လျောက်တွင် S အဆင့်ထိ ရောက်နိုင်သော အယ်လ်ဖာ အနည်းစုထဲမှ တစ်ယောက်ပင်။ အားကျောက်က ယခုအချိန်တွင် အသက်ငယ် လွန်းသေးတာကြောင့် အနာဂါတ်တွင် ဒီထပ်မက အောင်မြင်နိုင်သည့် အလားအလာကောင်းများလည်း ရှိသည်။

ကံကောင်းထောက်မပြီး လုကျစ်ကျောက်သာ အဆင့်မြင့် အိုမီဂါတစ်ယောက်ကို ရှာတွေ့ခဲ့လျှင် သူ့စိတ်ဝိညာဥ်ပင်လယ်ကို ရှင်းလင်းပြီး နောက်ထပ်အဆင့် တစ်ခုသို့ ထပ်မံ တိုးတက်နိုင်ခြေ ရှိသေးသည်။

သိုသော်လည်း ထိုလုကျစ်ကျောက်သည် ထူးထူးဆန်းဆန်း သာမန် ဘီတာတစ်ယောက်ဖြစ်သည့် စုလျန်နှင့် ချစ်မိသွားခဲ့၏။

ယခုအချိန် ပြန်တွေးကြည့်လိုက်လျှင် ဘယ်အရာက သူ့ကို လွှမ်းမိုးသွားခဲ့လဲ စုလျန် မသိတော့ပေ။

သူသည် မစဉ်းစားမဆင်ခြင်ဘဲ လုပ်တတ်သည့်လူမျိုး လုံးဝမဟုတ်တာ သေချာပါ၏။

ငယ်ငယ်ရွယ်ရွယ်မှာ မိဘနှစ်ပါးစလုံး ဆုံးပါးသွားခဲ့ခြင်းကြောင့် လွတ်လပ်ပျော်ရွှင်သင့်သည် ငယ်ရွယ်ဘဝ ခံစားချက်များကို စောစီးစွာ စွန့်လွှတ်ခဲ့ရသည်။

ထို့နောက် အစ်မဖြစ်သူက လုမိသားစုထဲသို့ ဝင်ရောက်သွားခဲ့သည်။ လုမိသားစု နှင့် အသိုင်းအဝိုင်းများကို စုလျန် ဂရုမစိုက်သော်လည်း သူက ဒီလိုအာဏာရှိသူများ၏ ပတ်ဝန်းကျင်နှင့် လုံးဝမကိုက်ညီကြောင်း သဘောပေါက်သွားခဲ့သည်။

သူက အေးဆေး သိမ်မွေ့စွာပဲ နေလိုပြီး ပြဿနာများကို မုန်းတီးသူပင် ဖြစ်သည်။

အရင်ဘဝက စုလျန်သည် သူထံသို့ ပြဿနာအလုံးအရင်းနှင့် ရောက်လာမည်မှန်း သိသည့်တိုင်အောင် လုကျစ်ကျောက်နှင့် ချစ်ရဲသေး၏။

အိုးးး.. စကားမစပ် ချစ်ခဲ့ရုံတင် မဟုတ်ဘဲ ခိုးရာတောင် လိုက်ပြေးလိုက်သေးသည်။ အမှန်တွင်လည်း လုမိသားစု အတွင်း ဆက်နေပါက သူတို့နှစ်ယောက်၏ အချစ်ဇာတ်လမ်းက ရှေ့ဆက်နိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ချေ။

ယခင်ဘဝမှ အကြောင်းကို ပြန်တွေးရင်း ထိုနေရာအရောက်တွင် စုလျန် စိတ်ပျက်လက်ပျက်ဖြင့် သူ့နှဖူးသူ လက်ဖြင့် ဖိထားလိုက်ရသည်။

အရင်ဘဝတုန်းက သူ ဘာတွေတွေးခေါ်ပြီး ဘာတွေလုပ်ခဲ့မှန်း စုလျန် တကယ်ကို နားမလည်နိုင်တော့ပေ။

လူကြားကောင်းအောင် ပြောရလျှင် "အချစ်စိတ် မွှန်ခြင်း" ဖြစ်ပြီး အမှန်အတိုင်းပြောရလျှင်တော့… ရူးမိုက်ခြင်းသာ ဖြစ်၏။

ကံကောင်းထောက်မ၍ သူ့တွင် အခွင့်အရေး ရှိသေးသည်။

ဒီတစ်ကြိမ်တွင်တော့ သူအစ်မနှင့် ယောက်ဖသည်လည်း မသေဆုံးသေးသကဲ့သို့ စုလျန်သည်လည်း သူ့အစ်မနှင့် ယောက်ဖကို အနှီဝမ်းနည်းစရာ ကားတိုက်မှုအား ဖြစ်ခွင့် မပေးနိုင်တော့ပေ။

ယခု သူ့အစ်မနှင့် ယောက်ဖတို့သည် လုမိသားစုမှ ခွဲထွက်ကာ သူတို့၏ ကိုယ်ပိုင် စီးပွားထူထောင်ရန် ဆွေးနွေးနေကြကြောင်းကို စုလျန် သတိထားမိသည်။

သူက ပညာရေးတွင် ထူးချွန်သည်။ ထို့ကြောင့် စုလျန်သာ အချစ်ကြောင့် မပျက်စီးခဲ့လျှင် သူ၏ပညာရေးသည် ဆုံးခန်းတိုင် ရောက်ရှိနိုင်ပြီး သူ လိုချင်သည့် အလုပ်ကမ်းလှမ်းချက်များအား ရရှိနိုင်ကာ လုမိသားစု၏ ထိန်းချုပ်မှုမှ လုံးဝ ကင်းလွတ်နိုင်မှာ သေချာ၏။

ဘုရားသခင်က သူ့အတွက် ပေးလိုက်သည့် လက်ဆောင်က အရာအားလုံး ပြည့်စုံလှသည်။

အပြစ်တစ်ခုကို ရှာဖွေပြောရမည်ဆိုလျှင် ထိုအရာက စုလျန် ဒီအချိန်ထပ် စောစော ပြန်လာလို့ မရခဲ့တာဘဲ ရှိမည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိဘဝက စုလျန်သည် လုကျစ်ကျောက်နှင့် ဧည့်ခံပွဲတွင် တွေ့ပြီး ရင်းနှီးပြီးသားဖြစ် နေခဲ့လို့ပင်။

လုကျစ်ကျောက်ကလည်း သူ မည်သူဖြစ်ကြောင်း ဖော်ထုတ်ပြီးလို့ စုလျန်က လုမိသားစုတွင် လုကျစ်ကျောက်၏ အရင်းနှီးဆုံးသူငယ်ချင်း ဖြစ်နေခဲ့ပြီ။

အမှန်အတိုင်းဆိုရလျှင် စုလျန်နှင့် လုကျစ်ကျောက်၏ ဆက်ဆံရေးသည် အနည်းငယ် ပို၍ ရင်နှီးသွားပြီး သူငယ်ချင်းထက် အနည်းငယ်ပိုကာ ဟိုလိုလိုသည်လိုလို ဖြစ်နေ၏။

စုလျန်သည် ဤကဲ့သို့ ဆက်ဆံရေး ဘယ်လိုမှ ရှေ့ဆက်ခွင့် မပြုနိုင်ပါ‌ချေ။

'ငါ လုကျစ်ကျောက်နှင့် ဒီဆက်ဆံရေးကို ဖြတ်ပစ်ဖို့ နည်းလမ်းရှာရမယ်…’

ဆက်ဆံရေးဖြတ်တောက်ရန် ဆုံးဖြတ်လိုက်သော ည၌ပင် စုလျန်၏ ပြတင်းပေါက်ဆီမှ စည်းချက်မှန်မှန် ခေါက်သည့် "ဒေါက် ဒေါက်" ဟူသော အသံ ထွက်ပေါ်လာလေသည်။

စုလျန်သည် ဤအပတ်အတွက် ကျန်ရှိနေသည့် အိမ်စာများကို ပြင်ဆင်နေသည့်အတွက် ပြတင်းပေါက်မှ အသံကို ကြားလိုက်သော်လည်း မတုံ့ပြန်ခဲ့ပေ။

ထိုအသံက သစ်ကိုင်းများ လေတိုက်၍ ပြတင်းပေါက်နှင့် ရိုက်မိသည့်အသံဟုသာ စုလျန် ထင်မိလိုက်သည်။ ရှည်လျားသည့် ပုံရိပ်တစ်ခုက ပြတင်းပေါက်တွင် ပေါ်လာသည့်အချိန်မှ "ဒေါက် ဒေါက်" ဟူသည့် အသံသည် သစ်ရွက်များ လေတိုက်၍ ပြတင်းပေါက်နှင့် ရိုက်မိသည့် အသံလုံးဝ မဟုတ်မှန်း နားလည်သွားသည်။

ထိုအချိန်တွင် လုကျစ်ကျောက်သည် စုလျန်၏ အခန်းထဲသို့ ချောင်းကြည့်ကာ ပြတင်းပေါက်အား ခေါက်လာပြန်၏။

ယခင်ဘဝတွင်လည်း စုလျန်နှင့် လုကျစ်ကျောက်သည် ချစ်သူစုံတွဲလေးတွေလို ခိုးကြောင်ခိုးဝှက် တွေ့တတ်သည့် မပြတ်မသားအချိန်များစွာ ရှိခဲ့သည်ပင်။

ဤဘဝတွင်တော့ စုလျန်သည် ပြတင်းပေါက် အပြင်ဘက်တွင် သူ့ကို လက်ယမ်းပြနေသည့် လူအား ကြည့်ကာ ကြောက်ရွံ့လိုသာနေမိ၏။

"လျန့်လျန့် ပြတင်းပေါက် ဖွင့်ပေးဦး။ ငါ မင်းတို့အိမ်ရဲ့ ကာကွယ်ရေးစနစ်ကို တစ်မိနစ်လောက်ပဲ ရပ်ထားလို့ရတာ။ မင်း ပြတင်းပေါက် မဖွင့်ရင် ငါ့ကို ဖမ်းမိသွားလိမ့်မယ်နော်"

လုကျစ်ကျောက်သည် ခြေကားယား လက်ကားယားဖြင့် သူ့မျက်နှာအား ပြတင်းပေါက် အက်ကြောင်းတွင် ကပ်ပြီး ချဲ့ကား ပြောဆိုနေသည်။

တကယ်တမ်း၌ လုကျစ်ကျောက်၏ အရှိန်အဝါဖြင့် ဖမ်းမိမှာ မကြောက်ရသော်လည်း ထိုစကားသည် စုလျန်အား သူတို့နှစ်ယောက်၏ကိစ္စကို စုနွမ် မသိစေချင်ကြောင်း သတိပေးခြင်းပင်။

စုလျန်က မျက်နှာသေဖြင့် ပြတင်းပေါက်အား ဖွင့်ပေးလိုက်ရလေသည်။

လုမိသားစု၏ အလေးစားခံရဆုံး အယ်လ်ဖာသည် စုလျန်၏ အခန်းထဲသို့ ခိုးကြောင်ခိုးဝှက်ဖြင့် တွားဝင်လာသည်။ သူ့ခန္ဓာကိုယ်တွင် အိမ်အပြင်ဘက်မှ ပရုတ်ပင်၏ အနံတောင် ဖျော့ဖျော့လေး ကျန်နေသေး၏။

"လျန်အာလေး"

လုကျစ်ကျောက်သည် စုလျန်အား ဖက်လိုက်ကာ "ဝိုး အပြင်မှာ အရမ်းအေးတာပဲ”

လုကျစ်ကျောက်တစ်ယောက် စုလျန်၏ ပခုံးအား ပွတ်သပ်ကာ ပြောနေပုံမှာ သခင်ကို ချွဲနေသည့် ခွေးကြီးတစ်ကောင်ကဲ့သို့ပင်။

စုလျန်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းသွားရလေ၏။

စုလျန်သည် သူ့အရှေ့ရှိ အမျိုးသားကို လေဟာနယ်ကို ကြည့်သလိုမျိုး ကြည့်လိုက်မိသည်။

နောက်တစ်ခါ အသက် ပြန်ရှင်လာသည့် စုလျန်အတွက် လုကျစ်ကျောက်အား လူကောင်လိုက် မမြင်ရသည်မှာ အတော်ကြာနေပြီပင်။

တီဗွီဖန်သားပြင်ထဲက မင်္ဂလာပွဲမှ လုကျစ်ကျောက်သည် သူ့ပခုံးကို မျက်နှာအပ်ထားသည့် အမျိုးသား ထက်ပို၍ သွေးအေးမှုန်မှိုင်းသည့်အသွင် ဖြစ်နေခဲ့သည်။ ထိုနှစ်တွေတုန်းက ခိုးရာလိုက်ပြေးခြင်းသည်လည်း လုကျစ်ကျောက်အား အလွန်ပြောင်းလဲစေခဲ့သည်မှန်း ယခုအချိန်မှ စုလျန် ဖြည်းဖြည်းချင်း နားလည်လာရ၏။

စုလျန်၏ တိတ်ဆိတ်နေမှုသည် လုကျစ်ကျောက်ကို သိသိသာသာ နားလည်မှုလွဲသွားစေသည်။

စုလျန် သူ့ကို အချိန်အကြာကြီး မတုံ့ပြန်ဘဲ‌နေသည်ကို မြင်လိုက်ရသည့်အခါ လုကျစ်ကျောက် ရှက်ရွံ့စွာဖြင့် သူ၏ နှာခေါင်းအား ပွတ်သပ်လိုက်ပြီး မတ်မတ်ရပ်ကာ သူ့ဘေးမှ အမျိုးသား‌လေးကို အသေးစိတ် ကြည့်ရှုလိုက်၏။

"ကောင်းပြီ မင်း ဘာလို့ ဒီရက်တွေမှာ ငါ့စာတွေကို မပြန်တာလဲ?"

စုလျန်သည် မျက်‌တောင်သာ ခတ်လိုက်ကာ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ဤအပတ်တွင်း စုလျန်တစ်‌ယောက် သူ၏ ပြန်လည်မွေးဖွားလာခြင်းနှင့် ပတ်သတ်၍ ရှုပ်ထွေးသည့် အတွေးများထဲတွင် နစ်မြောနေခဲ့ခြင်းသာ။ စုလျန် ဆက်သွယ်ရေးစက်မှ လုကျစ်ကျောက်၏ စာများကို မြင်သော်လည်း ဖတ်ကြည့်ဖို့အတွေး မရှိပေ။ ဖွင့်တောင် မ‌ဖွင့်ခဲ့ပေ။

စုလျန်က စကားပြန် မပြောသည်ကို မြင်တော့ လုကျစ်ကျောက်မှာ အနည်းငယ် တုံ့ဆိုင်း သွားရ‌တော့သည်။

တစ်ခဏလောက် ကြာပြီးနောက် လုကျစ်ကျောက်က မပွင့်တပွင့် ဖြင့် "...မင်း တကယ်တော့ စိတ်မဆိုးသင့်ဘူးလေ"

"စိတ်ဆိုးတာလား" စုလျန် ပြန်မေးလိုက်မိ၏။

စုလျန်သည် အတိတ်ဘဝက ဤအချိန်တွင် လုကျစ်ကျောက်နှင့် ဘာပြဿနာရှိခဲ့သည်ကို တကယ် မမှတ်မိတော့ပေ။

စုလျန် မေးလိုက်သည့် စကားက သူ စိတ်ဆိုးနေကြောင်း လုကျစ်ကျောက်ကို အတည်ပြု ပေးလိုက်သလို ဖြစ်သွားသည်။

"လျန်အာလေး စိတ်မဆိုးပါနဲ့တော့နော်။ ကိုယ် နင်းကျားရိ အစား တောင်းပန်ပါတယ်! သူ တကယ် တမင်တကာလုပ်ခဲ့တာ မဟုတ်ပါဘူး”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment