no

Font
Theme

လုထိုက်ဖန်၏ခန္ဓာကိုယ် တစ်နေရာမလပ် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။

အာရုံကြောတိုင်းက ဆာလဖျူရစ်အက်ဆစ်နှင့် စိမ်ခံရသည့်အလား လောင်မြိုက်ပူပြင်းနေသည်။

ထုတ်ဖော်မပြောကြပေမဲ့ ကမ္ဘာ့ဖက်ဒရေးရှင်းတစ်ခုလုံးက ကြောက်ရွံ့ရသော လူ့သမိုင်းတစ်လျှောက် တစ်ဦးတည်းသာ ရှိသော SS အဆင့် အယ်လ်ဖာ ဖြစ်သည့် သူက လုမိသားစု၏ လက်ရှိ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။

ယခုတော့ ထိုသူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အသုံးပြုခဲ့သော လုမိသားစုအိမ်ဟောင်းရှိ လျှို့ဝှက် ဆေးခန်းသို့ ဝင်လာခဲ့သည်။

သူသည် ငရဲတမျှ နာကျင်မှုကို ခံစားနေရသော်လည်း မျက်နှာတွင် မည်သည့်ခံစားမှုမျှ ရှိမနေချေ။ အနည်းငယ် ယိုင်နဲ့နေသော ခြေလှမ်းများကသာ တစ်ခုခု မှားယွင်းနေကြောင်းကို ဖော်ပြနေသည်။

နောက်ထပ် ဖော်ပြနေသည့် အရာတစ်ခုမှာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလုနီးပါးဖြစ်နေသည့် သတ္ထုထိန်းချုပ်ရေးကိရိယာ ထံမှ ထွက်ပေါ်နေသည့် အသံများပင်။

ထိန်းချုပ်ကိရိယာ၏စခရင်ကို မကြည့်လျှင်တောင် သူ၏လက်ရှိ စိတ်စွမ်းအားဖရိုဖရဲ ဖြစ်မှု ညွှန်ကိန်းမှာ အမြင့်ဆုံးသို့ ရောက်နေပြီ ဖြစ်ကြောင်း လုထိုက်ဖန် ကောင်းကောင်း သိနေသည်။

“အားလုံးကို ခြုံငုံပြီး တင်ပြရမယ်ဆိုရင် သခင်ရေ ၊ ကျွန်တော် အခု ရထားတဲ့ ဒေတာအရဆို သခင်က ကုသမှုကို မလုပ်ဘူးဆိုရင် စိတ်စွမ်းအင်ပင်လယ်က ၃နာရီအတွင်း ပြိုကွဲသွားပြီး ဖယ်ရိုမုန်းဂလင်း ပျက်စီးနိုင်ခြေ အရမ်း မြင့်နေပါတယ်။ သခင် လေ့ကျင့်ပေးထားတဲ့ အိမ်ထိန်းအေအိုင် တစ်ခုအနေနဲ့ Plan B ကို လုပ်ဖို့ အလေးအနက် အကြံပေးချင်ပါတယ်။ သခင့်ညီအစ်ကိုတွေ ပြင်ဆင်ပေးထားတဲ့ ဒီနေရာကို မလာသင့်ပါဘူး”

အလိုအလျောက် ကုသရေးစက်ရုပ် စတင်လှုပ်ရှားလာသည့် အသံနှင့်အတူ ပန်းအိမ်အတွင်းတွင် နောက်ထပ် အသံတစ်သံသည် ထွက်ပေါ်လာခဲ့သည်။

ရှင်းချွမ်တက္ကသိုလ် စာကြည့်တိုက်ဟောင်းတွင် ကြားခဲ့ဖူးသော အေအိုင် စက်ရုပ်အသံလို အီလက်ထရောနစ် အသံတစ်ခုပင်။ ခြားနားချက်က အသံလာရာ အရပ် မတူခြင်း ဖြစ်သည်။

ရှင်းချွမ်တက္ကသိုလ်၌ firewall ဖျက်ဆီးခံလိုက်ရသည့် စက်ရုပ်၏ ကိုယ်ထည်က ပျက်စီးသွားသည်မှာ ကြာနှင့် လေပြီ။ ယခုအသံမှာ လုထိုက်ဖန်၏ အိတ်ကပ်ထဲမှ စကားပြောနေသည့် မိုက်ခရို ချစ်ပ်အပြားလေးသာ။ ထိုချစ်ပ်ပြားပေါ်ရှိ ပွန်းရာ ရှရာများက လောလောလတ်လတ် စက်ရုပ်ကိုယ်ထည်မှ ဆွဲထုတ်လာကြောင်း ပြသနေသည်။

သူတို့သည် ယခုလေးတင် ကြမ်းတမ်းသော တိုက်ပွဲတစ်ခုကို တိုက်ခိုက်လာပုံရ၏။ သနားစရာအခြေအနေ ဖြစ်နေသော အေအိုင်ချစ်ပ်ပြားနှင့် လုထိုက်ဖန်၏ သတ္ထုကျောရိုးနှင့် အပေါ့စားမက်ချာ ပေါ်ရှိ ယမ်းမှုန့်များက သက်သေပင်။

“သခင် စိတ်ပိုင်းဆိုင်ရာ ငြိမ်သက်အောင်လုပ်ဖို့နဲ့ ဖယ်ရိုမုန်း ကုသမှုခံဖို့ ‘မြွေတွင်း’ကို အမြန်ပြန်သင့်နေပြီ။ မဟုတ်ရင် လူစိတ်ပျောက်ပြီး မြင်မြင်ရာ လိုက်ကိုက်ချင်တဲ့ ခွေးရူးလို ဖြစ်သွားလိမ့်မယ်။”

အေအိုင်က သူ၏ မထုံတက်သေးသခင်ကို နောက်တစ်နည်းသုံးပြီး ဖြောင်းဖြ အကြံပေးနေသော သစ္စာရှိ လက်အောက်ငယ်သားတစ်ဦးကဲ့သို့ ပြောဆိုနေသည်။

လုထိုက်ဖန်သည် လွန်ခဲ့သော နာရီအနည်းငယ်က ‘ကွမ်ကျား(အိမ်တော်ထိန်း)’ ဟု နာမည်ပေးထားသော အဆင့်မြင့်အေအိုင်ကို ရှင်းချွမ်တက္ကသိုလ်မှ တိတ်တဆိတ် ယူဆောင်လာခဲ့သည်။ ထိုအရာသည် ခါနန်ဘုရင် မကျရှုံးမီက ကမ္ဘာပေါ်တွင်ထားခဲ့သော နောက်ဆုံးလက်နက် ဖြစ်သည့် ဖယ်ဒရေးရှင်းမှ မသိသေးသော နိယာမနှင့် လုပ်ဆောင်ချက်များ ပါဝင်သော ကော်စမစ်အဆင့် စွမ်းအင်မြင့် လက်နက်မော်ဂျူးတစ်ခု ဖြစ်လေသည်။

လုထိုက်ဖန်၏ ယခုလုပ်ဆောင်ချက်ကြောင့် ဤကမ္ဘာသည် နောက် ၁၀စုနှစ်တစ်ခုစာအထိ အေးချမ်းသွားလေပြီ။ သို့သော် အရာတိုင်းတွင် ပေးဆပ်မှုမရှိဘဲ ဘာမှဖြစ်မလာနိုင်ပေ။

လူအများ တွက်ချက်ထားသည့်အတိုင်း လုထိုက်ဖန်၏ခန္ဓာကိုယ်တွင် ပြင်းထန်သော ပြဿနာများ ရှိနေသည်။

လုထိုက်ဖန်၏ အဆင့်သတ်မှတ်ချက်သည် အလွန့်အလွန် မြင့်မားလွန်းသည်။

ထိုမြင့်မားလွန်းသော အဆင့်ကြောင့် စိတ်စွမ်းအင်များ အဆမတန် တိုးပွားပြီး စွမ်းအင်ပင်လယ်က အဆက်မပြတ် မငြိမ်မသက် ဖြစ်နေသည်။ သူ့ဖယ်ရိုမုန်းများမှာလည်း ထိန်းချုပ်မရသည့် အခြေအနေတွင် ရှိနေပြီး သူနှင့် လိုက်ဖက်ညီမည့် အဆင့်မြင့် အိုမီဂါကိုလည်း လုံးဝ ရှာလို့ မရနိုင်ချေ။

လုထိုက်ဖန်သည် သူ့ကျောရိုးပေါ်က ထိန်းချုပ်ရေးကိရိယာနှင့် စိတ်ကို ဖိနှိပ်ပေးသည့် ဆေးဝါးများဖြင့်သာ သူ့ဝေဒနာကို ယခုအချိန်ထိ ထိန်းထားရင်း နေလာခဲ့ရသည်။ သို့သော် လွန်ခဲ့သော ငါးနှစ်က တိုက်ပွဲကြောင့် ဆေးဝါးဖြင့် ထိန်းသိမ်းထားသော မျှခြေအနေအထားက ပျက်စီးသွားခဲ့သည်။

လွန်ခဲ့သော နှစ်များကတည်းက လုထိုက်ဖန်၏ ထိန်းချုပ်ဆေး ပမာဏကို တိုးပေးထားသည့်တိုင် သူ၏ စိတ်စွမ်းအင်မှာ အံ့အားသင့်စရာကောင်းလောင်အောင် တိုးပွားနေသည့်အတွက် ဖယ်ရိုမုန်း လွန်ကဲမှု အန္တရာယ်က ဆရာဝန်များ မှန်းဆထားသည့် အချိန်ထက် စောစောစီးစီး ရောက်ရှိလာခဲ့သည်။

လုထိုက်ဖန်၏ အခြေအနေမှာ အဆိုးရွားဆုံးအဆင့်တွင် ရှိနေသော်ငြား ယခုကဲ့သို့ သာမန်အတိုင်း တည်ငြိမ်သောအသွင် ရှိနေခြင်းအကြောင်းကို ဆရာဝန်များကလည်း သိချင်နေကြ၏။

ပြင်းထန်သော နာကျင်မှုကို နှစ်ရှည်လများ ခံစားလာရသူ တစ်ဦးအနေဖြင့် စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာပါ လုံးဝ ပြိုလဲနေသင့်သည်။

သို့သော် သူသည် အာရုံခံစားမှုကော ခံစားချက်ပါ မရှိသည့် စက်ရုပ်ပမာ သွားလာလှုပ်ရှား နေ၏။

သူ ကိုယ်တိုင် ထိန်းချုပ်နိုင်မှု မည်မျှပင် ကောင်းနေပါစေ ကန်သတ်ချက်က လူတိုင်းတွင် ရှိစမြဲပင်။ မကြာသေးခင်က တိုက်ပွဲတွင် လုထိုက်ဖန် အသုံးပြုလိုက်သော စိတ်စွမ်းအင်ကြောင့် ခန္ဓာကိုယ် ထပ်မံ ပျက်စီးမှုကလည်း ရှိမှာပင်။

ထိုယိုယွင်းမှုများက အသက်အန္တရာယ်နှင့် နီးကပ်လွန်း၍ ခံစားချက်မရှိသော စက်ရုပ်ကိုပင် စကားများ တတွတ်တွတ် ပြောကာ စိတ်ပူမိစေသည် အထိပင်။

လုထိုက်ဖန်ကတော့ သူ့ဘေးမှ ပြောဆိုစည်းရုံးများမှုကို လျစ်လျူရှုထားရင်း မျက်နှာက စာရွက်ဖြူကဲ့သို့ ဖြူဖျော့လာကာ မျက်ဆံများက မည်းနက် သထက် မည်းနက် လာ၏။

ထို့ကြောင့် ဖြေးညှင်းစွာ ထကာ ကုသရေးစက်ရုပ် မျက်နှာပြင်ပေါ်မှ ခလုတ်အနည်းငယ်ကို နှိပ်လိုက်ပြီးနောက် ကျွမ်းကျင်စွာ ဆေးကုပေးသော စက်ရုပ်လက်တံဘက်ကို ကျောပေးကာ ထိုင်လိုက်သည်။ ထိုကုသရေး စက်ရုပ်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက အရန်အဖြစ်ထားသော ကုသရေးစနစ် တစ်ခု ဖြစ်သည်။ စက်ရုပ်လက်တံက အားပြင်းသော တားဆေးများကို လုထိုက်ဖန်၏ သတ္တုကျောရိုးထဲသို့ ချောချောမွေ့မွေ့ ထိုးသွင်းလိုက်၏။

လုထိုက်ဖန်က ဆေးကုသမှုခံယူရန် ကိုယ်တိုင် ခလုပ်နှိပ်လိုက်သည်ကို မြင်လိုက်ရသော အိမ်ထိန်းအေအိုင်က စိတ်ပျက်အားလျော့သွားကာ

“သခင့်အတွက် ပြောတာပါ! ရှုးသွားပြီလား? အခု ထိုးလိုက်တဲ့တားဆေးက လွန်ခဲ့တဲ့နှစ်တွေက ဗားရှင်းအဟောင်းကြီး! သခင်အခု ဖယ်ရိုမုန်း မငြိမ်သက်ပုံနဲ့ဆို ဒီဆေးက လုံးဝအလုပ် ဖြစ်မှာ မဟုတ်ဘူး! သခင်ရေ ကျေးဇူးပြုပြီး ‘မြွေတွင်း’ ကိုပဲ ပြန်သင့်တယ်။ အဲမှာဆိုရင် အနည်းဆုံးတော့ သခင့် အခြေအနေကို တည်ငြိမ်အောင် ပြန်ထိန်းလို့ရမှာ…”

“အဲကို ပြန်လိုက်ရင် ရန်သူကို တပ်လှန့်လိုက်သလို ဖြစ်သွားမှာ ။ ငါ့ရဲ့ ညီအစ်ကိုကောင်းတွေက တစ်ခုခုမှား ဖြစ်နေပြီဆိုတာ သိသွားအောင်လား။ ခါနန်နဲ့ ပူးပေါင်းထားတဲ့ သက်သေတွေကို ဖျောက်ဖျက်ပစ်အောင်လား။”

တားဆေး ထိုးလိုက်သည့်အတွက် လုထိုက်ဖန်မှာ အားအနည်းငယ်ရှိလာပြီး ပြန်မသွားချင်သည့် အကြောင်းအရင်းကို ရှင်းပြလိုက်၏၊

“ ‘မြွေတွင်း’ကို ပြန်ပြီး ဆေးကုတာခံမယ်ဆိုရင်လဲ အသက်ရှင်နိုင်ခြေက နည်းတာပဲလေ။ ငါ့မှာ အချိန်သိပ်ရှိတာ မဟုတ်ဘူး။ ဒီကိစ္စကို မြန်မြန် ရှင်းချင်တယ်”

အသံက ခံစားချက် မပါချေ။

သို့သော် ကွမ်ကျား အိမ်ထိန်းအေအိုင်ကတော့ ထိုစကား၏ နောက်ကွယ်တွင် လုထိုက်ဖန်က သူကိုယ့်သူတောင် သနားကြင်နာခြင်းမရှိသော ရက်စက်သည့် ဆုံးဖြတ်ချက်ကို ချထားကြောင်း သိနေလေသည်။

“ဒါပေမဲ့ ဒီဗားရှင်းအဟောင်းကြီးက သခင့်အပေါ် ဘာသက်ရောက်မှုမှ ရှိမှာ မဟုတ်ဘူး။ တခြားနည်းတွေလည်း စဥ်းစားသင့်တယ်။ ဥပမာ သခင်ရဲ့ ဆိုးရွားတဲ့အခြေအနေကို ခဏတာ ဖိနှိပ်ဖို့ အတွက် အဆင့်နိမ့်တဲ့ အိုမီဂါဖယ်ရိုမုန်းကို သုံးတာတို့…”

ထိုကဲ့သို့ ပြောရင်း လုထိုက်ဖန်၏ စိတ်စွမ်းအားညွှန်ကိန်းများ ပြောင်းလဲသွားမှုကို ကြည့်ပြီး ကွမ်ကျား၏အသံမှာ ဖြည်းဖြည်းချင်း တိုးဝင်သွား၏။

နူးညံသိမ်မွေ့ပြီး စိတ်ခံစားမှုမျိုးစုံရှိသော အေအိုင်တစ်ခု ဖြစ်သည့်အလျောက် ထိုအခြေအနေက အံ့အားသင့်သော ခံစားမှုဖြင့် တုံ့ပြန်သင့်သည်ဟုပင် ယူဆလိုက်မိသည်။

အမှန်တကယ်လဲ အံ့သြသင့်ပေသည်။ ခေတ်နောက်ကျနေပြီ ဖြစ်သော ဗားရှင်းဟောင်းတားဆေးကို ထိုးထားသော်လည်း ထိန်းချုပ်မရနိုင်အောင် ပေါက်ကွဲထွက်နေသော စွမ်းအင်များက လျော့ကျလာခဲ့သည်။ “မြွေတွင်း”ရှိ အလွန်အမင်း ပြင်းထန်သော အဆင့်မြင့်ဆုံး ကုသမှုကို ခံရပြီးနောက် အခြေအနေထက်ပင် ကောင်းမွန်နေသေးသည်။

“သခင် ပြန်ကောင်းလာတာလား? ဘာတွေဖြစ်သွားတာလဲ- ဘာများ လုပ်လိုက်လို့လဲ??”

လုထိုက်ဖန်၏ အိတ်ကပ်ထဲမှ ထွက်လာသော ကွမ်ကျား၏အသံက အံ့သြမှုများဖြင့် တုန်ခါနေ၏။

လုထိုက်ဖန်၏ မျက်လုံးများလည်း ကျယ်သွားပြီး စက်ပေါ်တွင် ပြသနေသော ကိုယ်ခန္ဓာ စောင့်ကြည့်ကိန်းညွှန်းများကြောင့် သူ့မျက်ခုံးများ ပင့်တက်သွားမိသည်။

အမြဲတမ်း တည်ငြိမ်ခဲ့သော သူ့မျက်လုံးထဲ၌ပင် အံအားသင့်သည့် အရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။

လုထိုက်ဖန် ကိုယ်တိုင်တောင် ဤတားဆေးက ထိုမျှလောက် အစွမ်းထက်မည်ဟု မမျှော်လင့်ခဲ့တာ အမှန်ပင်။ သူလက်ရှိ အသုံးပြုနေသော သက်ရောက်မှုအရှိဆုံးဆိုသည့် တားဆေးကပင် အလွန်ဆုံး နာကျင်မှုအနည်းငယ်ကို လျော့ချပေးနိုင်ရုံသာ တတ်နိုင်သည်။

သူ့အစီအစဥ်ကို ပြီးမြောက်အောင် လုပ်နိုင်ရန် ခဏတာ အနာသက်သာစေဖို့သာ ဤဆေးကို သုံးလိုက်ခြင်း ဖြစ်သည်။

လုထိုက်ဖန်သည် သူ့ကိုယ်မှ ငရဲတမျှ ခံစားနေရသော နာကျင်မှုများ တဖြည်းဖြည်း လျော့ပါးသွားသည်ကို ခံစားမိလေသည်။ လောင်ကျွမ်း လုမတတ် ခံစားနေရသော သူ့အကြောအမျှင်တို့သည် ရေအေးထဲ စိမ်လိုက်သကဲ့သို့ တဖြည်းဖြည်း သက်သာလာ၏။

လုထိုက်ဖန်သည် ဤကဲ့သို့ သက်သာမှုကို ဘယ်အချိန်က နောက်ဆုံးခံစားခဲ့ရသလဲပင် မမှတ်မိတော့ချေ။

ငရဲပြည်တွင် တိုက်ခတ်လာသော လေပြေညှင်းအလား၊ ကျိန်စာသင့်သလို လောင်မြိုက်နေသော အပူများကို ပျားသကာရည်နှင့် လောင်းချလိုက်သည့် အလား အေးငြိမ်း ချိုမြိန်မှုကို ခံစားလိုက်ရသည်။

ရုတ်တရက် လုထိုက်ဖန် စိတ်ထဲတွင် ပိန်ပိန်ပါးပါး ပုံသဏ္ဌာန်တစ်ခုက ပေါ်လာ၏။

(ကျွန်တော် က စုလျန်ပါ!)

လွန်ခဲ့သောနှစ်များက ကောင်လေးတစ်ယောက်၏ ကြည်လင်ပြတ်သားသော အသံကို သူ့နားထဲ ကြားယောင်လာသည်။

သူ့မှတ်ဉာဏ်ဟောင်းများထဲမှ ထိုကောင်လေး၏ မိုးရေစိုနေသည့်ကြောင်ပေါက်လေးလို သနားစရာ ပုံရိပ်လေးနှင့် စာကြည့်တိုက်ထဲတွင် တွေ့ခဲ့ရသော ငယ်ရွယ်လှပသည့် လူငယ်လေး၏ပုံရိပ်တို့ ထပ်တူကျ သွားသည်။

မရင်းနှီးသော ခံစားချက်တစ်ခုက လုထိုက်ဖန် ရင်ထဲ တိုးဝှေ့ဝင်လာပြီး မကြာခင်မှာပင် ပျောက်ကွယ်သွားသည်။

“ကွမ်ကျား ငါသုံးလိုက်တဲ့ တားဆေးကို နမူနာယူပြီး ပါဝင်ပစ္စည်းတွေကို စစ်ဆေးလိုက်”

လုထိုက်ဖန်သည် အချိန်ခဏ အတွင်းမှာပင် ပြန်လည် တည်ငြိမ် သွားသည်။

ယခုအချိန်လောက်ဆို လုမိသားစု၏ ယာယီခေါင်းဆောင် အိမ်တော်သို့ ပြန်ရောက်နေလောက်ပေပြီ။

လုထိုက်ဖန်သည် ကွမ်ကျားကို ညွန်ကြားချက်ပေးပြီးနောက် သူ့မက်ချာနှင့် ကုတ်အင်္ကျီကို ဝတ်လိုက်၏။

လုထိုက်ဖန်သည် လုမိသားစုခြံဝင်းထဲက သူ၏လျှို့ဝှက်ဆေးကုသခန်းဖြစ်သော ပန်းအိမ်လေးမှ ထွက်ခွာတော့မည့်အချိန်တွင် မသိစိတ်၏ ဦးဆောင်မှုဖြင့် ဟိုးနှစ်များက ထုံထုံထိုင်းထိုင်းကောင်လေး ထိုင်ခဲ့ဖူးသော အခန်းထောင့်နားလေးမှ ဖြတ်သွားလိုက်မိသည်။

ပန်းအိမ်လေးတွင် တပ်ဆင်ထားတော လုံခြုံရေးစနစ်များကသာ ခေတ်မနောက်ကျခဲ့လျှင် သူ့စိတ်ထဲ ပေါ်လာသည့် ထိုငယ်ရွယ်လှပသော ဘီတာလေးသည် လွန်ခဲ့သောနာရီအနည်းငယ်က ဤနေရာတွင် ညအိပ်ခဲ့မှန်း လုထိုက်ဖန် သိနိုင်လိမ့်မည်။

ထိုနေရာသို့ ဖြတ်သန်းသွားစဥ် လုထိုက်ဖန် မှိန်ဖျော့သော မွှေးရနံ့တစ်ခုကို ရလိုက်၏။

ချိုမြိန်သောရနံ့က

အရမ်း… ဖျော့တော့လွန်းသည်။

သို့သော် လူကို ရှိန်းဖိန်းသွားအောင် လုပ်နိုင်သည်။

“သခင်?”

ကွမ်ကျားမှ စိုးရိမ်တကြီး ခေါ်လိုက်သံကြောင့် သူအသိ ပြန်ဝင်လာ၏။

“သခင် ငေးငိုင်နေတယ်” ဟု ကွမ်ကျားက ပြောလိုက်သည်။

“ပုံမှန်မဟုတ်သလိုဘဲ သခင်။ အဲတားဆေးက သခင့်အပေါ် ဘာသက်ရောက်မှုမှ မရှိဘူးဆိုတာ ဟုတ်ရဲ့လား?”

ကွမ်ကျား၏ အမေးကို ပြန်မဖြေခင် လုထိုက်ဖန် အသက်ဝဝကြီး ရှူလိုက်၏။ အလွန်အမင်း နည်းပါးနေပြီ ဖြစ်သော နူးညံ့သိမ်မွေ့သည့်ရနံ့ကို ပိုမို ရနိုင်ရန် SS အဆင့် အယ်လ်ဖာ၏ အာရုံခံနိုင်စွမ်းအားဖြင့် သူ ဘယ်လောက် ကြိုးစားပါစေ ရနံ့လေးက ပျောက်ဆုံးသွားခဲ့သည်။

သူ ဘာအနံ့ကိုမျှ မရတော့ပေ။

“’မြွေတွင်း’ကို ပြန်ရောက်တာနဲ့ ငါ့ခန္ဓာကိုယ်ကို အသေးစိတ် စစ်ဆေးမှုတွေ လုပ်ရမယ်”

ထိုတားဆေးတွင် အထူးပါဝင်ပစ္စည်းများ ပါလေသလားဟူ၍ပင် သံသယ ဝင်လာမိကာ လုထိုက်ဖန် ကိုယ်တိုင်ပင် ထိုသို့သော စကားမျိုးကို ပြောလာခဲ့ပြီ။

ယခုအချိန်တွင် လူတိုင်းက ‘နတ်ဆိုး’ ဟု သတ်မှတ်ထားသော ကြမ်းတမ်းသည့် လူတစ်ဦး၏ နှလုံးသားထဲတွင် လစ်ဟာမှုဆိုသည့် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်လို့နေလေသည်။

စာရေးသူ မှတ်ချက်။ ။ ဇနီးကို ပါးစပ်နဲ့အပြည့်သာ သုံးဆောင်လိုက်ပါ။ အဲ့လိုဆို ရောဂါပျောက်သွားပါလိမ့်မယ်။

ဒါနဲ့ လုထိုက်ဖန်က သူ့ကိုယ်သူတောင် ဘာဖြစ်မှန်း မသိဘူး။

ဖယ်ရိုမုန်းကြောင့် မဟုတ်ဘဲ စုလျန် မျက်နှာလေးကို စွဲလမ်းသွားတာပါ။

မြင်မြင်ချင်း...

ဒီအတိုင်း ရိုးရိုးလေး ချစ်မိသွားတာပါ

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment