စုလျန်သည် ခန္ဓာကိုယ်က နာကျင်နေသလို စိတ်ကလည်း အိပ်မက်ဆိုးများထဲတွင် မောဟိုက်ရုန်းကန် နေရလေ၏။
သူ့ခန္ဓာကိုယ်က မည်မျှ ပူလောင်နေသည်မသိ အိပ်မက်ထဲ၌လည်း ခြောက်သွေ့သော သဲကန္တာရ ခရီးရှည်ကြီးတစ်ခုထဲတွင် အဆက်မပြတ် လမ်းလျှောက်နေသည့် ခရီးသွားတစ်ဦး ဖြစ်နေသည်။
စုလျန်၏ အရေပြား တစ်လက်မတိုင်း၊ သွေးကြောတိုင်းသည် ရေငတ်ခြင်းနှင့် အပူဒဏ်ကြောင့် ပြာကျလုနီးပါး အပူချိန် မြင့်တက်နေကာ ပြင်းထန်လွန်းသော နာကျင်မှုကြောင့် အသက်ရှူရန်ပင် ခက်ခဲ နေလေသည်။
စိတ်ဓာတ်များ ပြိုလဲတော့မည့်အချိန်၌ ခြောက်သွေ့သော ကန္တာရအလယ်တွင် သူ့ကို ဆက်လက် ရှင်သန်စေခဲ့သော တစ်ခုတည်းသော အရာမှာ လေထဲက ပေါ့ပါး အေးမြသည့် ရနံ့လေး တစ်ခုပင်။
ရေခဲနှင့် နှင်းပွင့်လို စိုစွတ်အေးမြကာ သင်းပျံ့သည့် မွှေးရနံ့များက သူ့ပတ်ဝန်းကျင်တွင် ရစ်ဝဲနေပြီး ပူပြင်း ခြောက်သွေ့နေမှုများကြားမှ သူ့အတွက် နှစ်သိမ့်ရာ တစ်ခု ဖြစ်ပေး နေလေသည်။
စုလျန်သည် ထိုဖျော့တော့ အေးမြသော မွှေးရနံ့လေးကို အားကိုးရာအဖြစ် တက်မက်စွာ လိုက်ရှာနေခဲ့သည်။
ခြောက်ကပ် လောင်မြိုက်နေသော ကန္တာရတွင်း လမ်းပျောက်နေသူတစ်ဦးက သူ့ခန္ဓာကိုယ်အတွင်းမှ လောင်ကျွမ်းနေသော မီးလျှံများကို ပပျောက်စေရန် လက်တစ်ဆုပ်စာ ရေခဲနှင့် နှင်းကို အသည်းအသန် လိုအပ်နေလေသည်။
လက်တွေ့တွင် လုထိုက်ဖန် သည် ဆေးဌာန၏ ခန်းမကြီးထဲတွင် စကားတစ်ခွန်းမှ မဆိုဘဲ မျက်နှာ တည်တင်းစွာဖြင့် ရပ်နေခဲ့၏။
ဤခန်းမသည် ကြီးမားသော အဖြူရောင်ခန်းမ ဖြစ်ပြီး တောက်ပသော အပြာရောင် အလင်းတန်းများက ထောင့်တိုင်းကို ကြည်လင်ပြတ်သားစွာ လင်းထိန်နေစေသည်။ ကမ္ဘာ့ဖက်ဒရေးရှင်းတစ်ခုလုံးသာ မဟုတ်ဘဲ ဂယ်လက်ဆီတစ်ခုလုံး၏ အဆင့်မြင့်ဆုံးဟု ဆိုနိုင်သော ပစ္စည်းကိရိယာများ အားလုံးသည် ဤနေရာတွင် ရရှိနေခဲ့သည်။
ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာ အများအပြားဖြင့် ဝန်းရံထားသော်လည်း စုလျန်သည် ဆေးကုသခန်းထဲတွင် နာကျင်မှုဖြင့် တုန်ယင်လျက် အကူအညီမဲ့စွာ လဲလျောင်းနေဆဲပင်။
ကောင်ငယ်လေး၏ အခြေအနေမှာ ပို၍ပင် ဆိုးလာသကဲ့သို့ပင်။ ရှုထုတ်လိုက်သောလေများက ပူနွေးနေကာ ချွေးအေးများက ဆံသားတွေကို စိုစွတ်နေစေ၏။ အနက်ရောင် ဆံပင်များက သူ့ပါးပြင်နှင့် နဖူးပြင်ပေါ်တွင် ကပ်ညှိနေသဖြင့် သူ့အရေပြားကို ပိုမိုဖြူဖျော့သွားစေခဲ့သည်။
"ဘာဖြစ်တာလဲ"
လုထိုက်ဖန် သည် မျက်မှောင်ကြုတ်ကာ ဆေးကုသခန်းပြင်ပရှိ စခရင်မ် မျက်နှာပြင်ကို ကြည့်လိုက်သည်။ ဆက်တိုက်မြင့်တက်နေသည့် ညွှန်ကိန်းများက စိုးရိမ်စရာ ကောင်းနေပေသည်။
"ကျွန်တော်တို့ရဲ့ ဆေးက မတိုးဘူး"
ကွမ်ကျိုး၏အသံသည် ဆေးဘက်ဆိုင်ရာ စက်ရုပ်၏ ပါးစပ်မှ ထွက်လာသည်။
"ကျွန်တော်တို့ သခင်လေး စုလျန်ရဲ့ သွေးနမူနာကို ဆက်လက် စမ်းစစ်နေတုန်းပါ၊ သီးခြားပါဝင်ပစ္စည်းတွေကို အပြည့်အဝ ခွဲခြမ်းစိတ်ဖြာတာ မပြီးသေးပေမဲ့ တစ်ခုတော့ အတည်ပြုနိုင်ပါတယ်။ ဆေးထဲမှာ ပါဝင်တဲ့ဓာတ်တစ်မျိုးက ဆေးမတိုးအောင် ပြင်းပြင်းထန်ထန် ဝင်ရောက်နှောင့်ယှက်တယ်။ လောလောဆယ်မှာတော့ သူဟာ အတုယောင်ဖယ်ရိုမုန်း မြင့်တက်ဆဲကာလမှာ ရှိနေတယ်လို့ ကနဦး ဆုံးဖြတ်နိုင်ပါတယ်။ ဒါက အိုမီဂါ ရဲ့ heat ကာလနဲ့ နည်းနည်းဆင်ပါတယ်"
"ဖြေရှင်းနည်းကို ပြော"
လုထိုက်ဖန် က ကွမ်ကျိုး ကို ဖြတ်ပြောလိုက်သည်။
“ထိုးဆေးရဲ့အာနိသင်ကို ပျက်ပြယ်အောင်လုပ်ဖို့ သူ့ကို သခင့်ရဲ့ ဖယ်ရိုမုန်း ပမာဏတစ်ခု ပေးဖို့ လိုအပ်တယ်"
ဆေးကုသစက်ရုပ်က တစ်လုံးချင်းစီ ပြောလာ၏။
"မဟုတ်ရင် သခင်လေး စုလျန်က လက်ရှိအခြေအနေအတိုင်း ဖြစ်နေလိမ့်မယ်။ ဒါက သူ့ရဲ့ နှလုံးနဲ့ ဖယ်ရိုမုန်းဂလင်းတွေကို ဖိအား အများကြီးပေးတယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ သခင့်ဆီကနေ ဖယ်ရိုမုန်းတွေ ထုတ်ယူပြီး သခင်စုလျန် ရဲ့ ခန္ဓာကိုယ်ထဲကို ထိုးသွင်းလိုက်မယ်ဆိုရင်လည်း ဒါက အန္တရာယ် ရှိနေတုန်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သခင်ရဲ့ အခြေအနေကလည်း ထူးခြားနေတယ်ဆိုတော့…"
နင်းထန်ရှန်း၏ အစီအစဉ်က အဆင့်နိမ့်ပြီး ဆိုးရွားပေမဲ့ အသုံးဝင်တယ်လို့ ပြောရမှာပင်။
အဘယ်ကြောင့်ဆိုသော် လုထိုက်ဖန်နှင့် ပတ်သက်သော ဖယ်ရိုမုန်း ပြဿနာက အမြဲတမ်း ရှုပ်ထွေးနေတတ်တာကြောင့် ဖြစ်သည်။
"မကောင်းဆိုးဝါး" လို့ လူသိများတဲ့ SS အဆင့် အယ်လ်ဖာ၊ လုထိုက်ဖန်၏ ခန္ဓာကိုယ်ပေါ်က ဖယ်ရိုမုန်းနှင့် ပုံမှန်အယ်လ်ဖာတွေကနေ ထွက်တဲ့ ဖယ်ရိုမုန်း တွေက လုံးဝကို မတူညီတဲ့ အရာနှစ်ခုသာ။
ပြင်ပစနစ်က သန့်စင်ခြင်း ပြုလုပ်ထားသော သူ၏ ဖယ်ရိုမုန်းကပင် သတ္တုကိရိယာများကို တိုက်ရိုက် ပျက်စီးစေနိုင်သည်။
သူ့ ဖယ်ရိုမုန်းသည် သူ၏ ဝိညာဉ်စွမ်းအင်နှင့် တူညီသည်ဟု ဆိုနိုင်ပြီး ကမ္ဘာပေါ်ရှိ သတ္တဝါများအတွက် အန္တရာယ်ရှိသည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် လုထိုက်ဖန်၏ခန္ဓာကိုယ်မှာ အမြဲသတ္တုပြားများနှင့် ဖုံးအုပ်ထားပြီး နေ့စဉ် ၂၄ နာရီလုံးလုံး တားမြစ်ဆေးနှင့် အားရုံကြောတားဆေးများ ထိုးသွင်းခံနေရကာ စွမ်းအားမြင့် ပိုင်းခြားခြင်း ကိရိယာများဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ပြီး သို့မှသာ တခြားသူများက သူ့ကို ဘေးကင်းစွာ ချဉ်းကပ်နိုင်မှာပင်။
နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း လုထိုက်ဖန် ၏ ဖယ်ရိုမုန်းက မည်သို့ အနံ့ရှိ သည်ကို မည်သူမှ မသိသေးချေ။
အဘယ်ကြောင့်ဆိုသော် ဖယ်ရိုမုန်းနှင့် ထိတွေ့မိသည့် ပြင်းအားကို ခံနိုင်ရည်ရှိသူ မည်သူမှ မရှိခြင်းကြောင့် ဖြစ်၏။
"ဖယ်ရိုမုန်းကို သွေးထဲ တိုက်ရိုက်ထိုးသွင်းတာက လက်ခံသူအတွက် ပြင်းထန်တဲ့ စိတ်လှုံ့ဆော်မှုတစ်ခု ဖြစ်စေမှာပါ။ ပြီးတော့ ဆေးထဲမှာပါတဲ့ သခင့်ရဲ့ ဖယ်ရိုမုန်းကလဲ ထူးခြားပါတယ်။ စမ်းသပ်မှု ဒေတာအရ ဒီနည်းလမ်းကို သုံးရင် သခင်လေးစုလျန် မှာ ပြင်းထန်တဲ့ ခုခံတုံ့ပြန်မှု ရှိလာမယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဘီတာတစ်ဦးသာ ဖြစ်ပြီး သူ ထုတ်လုပ်တဲ့ ဖယ်ရိုမုန်းကလည်း ဆေးဝါးတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ထွက်လာတာပါ။ ပုံမှန်အိုမီဂါတွေက အယ်လ်ဖာတွေကို ဆွဲဆောင်သလို အိုအမျိုးအစား ဖယ်ရိုမုန်း ထုတ်လုပ်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အယ်လ်ဖာဖယ်ရိုမုန်းကြောင့် ဖြစ်တဲ့အဆိပ်ကို ချေဖျက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ"
ဆေးဘက်ဆိုင်ရာ စက်ရုပ်၏ အသံစနစ်သည် လူသားလောက် သဘာဝမကျသော်လည်း ညင်သာသောလေသံနှင့် တလေးတစားပြောဆိုကာ အနည်းငယ် စိုးရိမ်မှုကို ဖော်ပြနေဆဲပင်။
စက်ရုပ်၏စကားသံအဆုံးတွင် လုထိုက်ဖန်၏ မျက်နှာအမူအရာ အနည်းငယ် တင်းမာသွားလေသည်။
သူသည် ရုတ်တရက် လက်လှမ်းကာ ကုသခန်း၏ အကွေးပုံစံ အကာအကွယ်ကို ဖွင့်လိုက်သည်။
ချိုမြိန်သော ရနံ့များ ကုသခန်းထဲတွင် ပျံ့လွင့်နေပြီး လုထိုက်ဖန်၏ လက်ချောင်းထိပ်များက စုလျန် ၏ လည်ပင်းနောက်ဘက်ကို ညင်သာစွာ ထိလိုက်သည်။
ပူလောင်နေသော အရေပြားအောက်ရှိ ဂလင်းက ဖူးရောင်နေပြီး အတုအယောင်ဖယ်ရိုမုန်းများ ထွက်နေလေသည်။
"ဒါဆို ဂလင်းတွေထဲကနေ စုပ်ယူလိုက်ရင် ဘာဖြစ်မလဲ"
လုထိုက်ဖန် သည် ရုတ်တရက် မေးလိုက်၏။
"ဟင်"
ဆေးဘက်ဆိုင်ရာစက်ရုပ်သည် ခဏတာ ရပ်တန့်သွားလေသည်။
ကွမ်ကျိုးပင် လုထိုက်ဖန် ၏ အဆိုပြုချက်ကို အပြည့်အဝ နားလည်ဖို့ အချိန်ယူလိုက်ရသည်။
အိုမီဂါဂလင်းထဲသို့ သွားဖြင့်ကိုက်ကာ အရည် ဖယ်ရိုမုန်းကို ထိုးသွင်းပြီးနောက်မှ ဖယ်ရိုမုန်းကို ဂလင်းကနေ ပြန်လည်စုပ်ယူစေခြင်းဟာ အယ်လ်ဖာနှင့် အိုမီဂါတို့အကြား နှစ်ထောင် ပေါင်းများစွာကတည်းက ရှိခဲ့သော အရိုးရှင်းဆုံးနှင့် ရှေးဦးအကျဆုံး ဖယ်ရိုမုန်း ထည့်သွင်းသည့်ပုံစံ ဖြစ်သည်။
အမှန်ဆို ၎င်းမှာ ဖယ်ရိုမုန်းတွေကို သွေးကြောထဲကို တိုက်ရိုက်ထိုးသွင်းတာထက် ပိုမိုလုံခြုံပြီး နူးညံ့သည်။ ထို့အပြင် ထိုနည်းလမ်းကို လုပ်ဆောင်သူ နှစ်ဦးတွေအတွက် ဒါက အရမ်းကို ကိုယ်ရေးကိုယ်တာ... ဆက်ဆံရေးကိုလည်း ဖော်ပြနေသလိုပင်။
လုထိုက်ဖန်၏ အတိတ်မှ လုပ်ရပ်တွေကို ထည့်သွင်းစဉ်းစားမယ်ဆိုပါက တစ်နေ့တွင် သူလိုလူက အခြားသူကို နှစ်သိမ့်ဖို့အတွက် ဒီရှေးရိုးနည်းလမ်းအတိုင်း ဖယ်ရိုမုန်းတွေကို ထိုးသွင်းဖို့ တည်တည်ငြိမ်ငြိမ် အဆိုပြုလိမ့်မယ်လို့ ကွမ်ကျိုး ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။
ကွမ်ကျိုး နောက်ဆုံးအကြိမ် သတင်းအချက်အလက်များက ရှုပ်ထွေးသွားရသည့်အချိန်မှာ တစ်စုံတစ်ယောက်က လုထိုက်ဖန် နောက်ဘက်ရှိ အထူးအဓိပ္ပာယ်ရှိသော တက်တူးကို မြင်လိုက်ရသည့် အခါက ဖြစ်ခဲ့သည်။
“အဲဒီနည်းလမ်းအတိုင်း ဖယ်ရိုမုန်း ထည့်မယ်ဆိုရင် သခင်လေးစုလျန် ကို ပိုလုံခြုံပေမဲ့လဲ လက်တွေ့မှာ အလုပ်ဖြစ်ပါ့မလား”
ဆေးဘက်ဆိုင်ရာ စက်ရုပ်တွင်လည်း ခံစားချက်များကို ပြသနိုင်မည်ဆိုလျှင် ကွမ်ကျိုး ကဲ့သို့ပင် မျက်နှာပျက်ယွင်း နေလောက်လေပြီ။
"သခင့်ရဲ့ ကိုယ်ပေါ်က ပစ္စည်းအားလုံးကို ဖယ်ရှားပစ်ရမယ်၊ ဒါမှ ဖယ်ရိုမုန်းကို အပြည့်အဝ ထုတ်လွှတ်နိုင်မယ်။ ဒါပေမဲ့ သခင်ရဲ့ ကိုယ်ခန္ဓာအခြေအနေကို ထည့်သွင်းစဉ်းစားတဲ့အခါ ဒါကိုလုပ်ဖို့ စွန့်စားရတာ အရမ်းများတယ်။ နောက်တစ်ချက်က သခင့်ရဲ့ ကိုယ်ခန္ဓာဆိုင်ရာ အချက်အလက်တွေက မကောင်းသေးပါဘူး။ အဲ့ဒီဆေးရည်ကလည်း သခင့်အပေါ် သက်ရောက်မှု ရှိနေတာမျိုးလည်း ဖြစ်နိုင်တယ်။"
"ငါ့ရဲ့ စွမ်းအင်မတည်ငြိမ်မှု နဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ညွှန်ကိန်းတွေကို စစ်ဆေးလိုက်"
လုထိုက်ဖန် က ကွမ်ကျိုး ကို ထပ်မံဖြတ်ပြောလိုက်၏။
"ကျွန်တော် တကယ် မထောက်ခံပါဘူး သခင်၊ နောက်ဆုံးတော့... အင်း… ဒီညွှန်ကိန်းနှစ်ခုက အခုအချိန်မှာ ကောင်းမွန်နေတယ်လို့ ထင်ရပါတယ်။”
ကွမ်ကျိုးက ပြီးပြည့်စုံလုနီးပါး ကောင်းမွန်နေသော ညွှန်ကိန်းများကို အံ့အားတသင့်ဖြင့် အကြိမ်ကြိမ် ပြန်စစ်ဆေးနေလေသည်။
လုထိုက်ဖန်၏ ခန္ဓာကိုယ်ဆိုင်ရာ အချက်အလက်များအရ ထိုဆေးဝါးက သူ့(လုထိုက်ဖန်)အပေါ် တွင်လည်း သက်ရောက်မှုရှိပြီး အနည်းငယ် ပူလောင်လာသည့် တုံ့ပြန်မှုကိုတောင် ပြသနေသည်။ ယခင် အချက်အလက်များအရ မြွေတွင်း၏ခေါင်းဆောင်သည် စိတ်စွမ်းအင် ဝန်ထုပ်ဝန်ပိုးများကြောင့် ပိုမို မတည်မငြိမ် ဖြစ်လာသင့်သည်။ သို့ပေမဲ့ အခုအချိန်မှာတော့ လုထိုက်ဖန်၏ မျက်နှာ အနည်းငယ် ဖြူဖျော့နေသည်မှ အပ သူ့ရဲ့ စိတ်စွမ်းအင်နှင့် ဖယ်ရိုမုန်း အခြေအနေက ထူးထူးခြားခြား ပြီးပြည့်စုံနေပေ၏။
"ကောင်းပါပြီ၊ ဒါဆိုရင် သခင်လေးစုလျန်ကို ဖယ်ရိုမုန်း ရှေးရိုးနည်းလမ်းအတိုင်း ကုသဖို့ ဒုတိယ အစီအစဉ်ကို ကျွန်တော်တို့ ပြုလုပ်ပါမယ်" ဟု ကွမ်ကျိုးက ခြောက်သွေ့စွာ ပြောလိုက်၏။
ကွမ်းကျိုးက အခြေအနေများကို နောက်တစ်ကြိပ် သေချာစိစစ်ပြီးနောက် ကုဒ်များထည့်သွင်းလျက် သတ္ထုကျောရိုးထဲသို့ ထည့်သွင်းထားသည့် ထိန်းချုပ်ဆေးများနှင့် အခြားသော ဆေးပစ္စည်းများကို ထုတ်ပစ်လိုက်၏။
နှစ်ပေါင်းများစွာ ထိန်းသိမ်းချုပ်နှောင်မှုအောက်တွင် ရှိခဲ့သော လုထိုက်ဖန်၏ ရေခဲကဲ့သို့ ခန္ဓာကိုယ်သည် တဖြည်းဖြည်း နိုးထလာသည်ကို ကိုယ်တိုင်ကိုယ်ကျ ရှင်းရှင်းလင်းလင်း ခံစားရင်း လွတ်လွတ်လပ်လပ် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
ထိုခံစားချက်က နက်ရှိုင်းသော အမှောင်ထုထဲမှ မိစ္ဆာတစ်ကောင် မျက်လုံးများ တဖြည်းဖြည်း ဖွင့်လိုက်သည်နှင့် တူသည်။
ခန္ဓာကိုယ် အပူချိန် ဆက်လက်မြင့်တက်လာသည်နှင့်အမျှ၊ မည်သူမျှ မခံနိုင်သော SS အဆင့် အယ်လ်ဖာ၏ ပြင်းထန်သော ဖယ်ရိုမုန်း သည် အဖြူရောင်ခန်းမတစ်ခုလုံးတွင် ပျံ့နှံ့သွားလေသည်။
လုထိုက်ဖန်သည် ကုသခန်းကို လှည့်ကြည့်လိုက်၏။
စုလျန်သည် လုထိုက်ဖန်၏ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်နှင့် လိုက်လျောညီထွေ ဖြစ်ရန် အလွန် လွယ်ကူပုံရသည်။ ယခုလို လေထဲတွင် လုထိုက်ဖန်၏ ဖယ်ရိုမုန်းများ တဖြည်းဖြည်း ထူထဲသိပ်သည်းလာသော်လည်း မည်သည့် မသက်မသာမှုကိုမျှ မခံစားရပေ။
အမှန်ဆိုလျှင် အန္တရာယ်ရှိသော ဖယ်ရိုမုန်း များ ပျံ့နှံ့သွားသည့်အခါ စုလျန်...
အလွန်သက်သောင့်သက်သာ ရှိသွားလေ၏။
"ဟမ်း..."
လူငယ်ဘီတာက တစ်စုံတစ်ခုကို ကျေနပ်သွားသကဲ့သို့ ညင်သာစွာ နှာမှုတ်လိုက်လေသည်။
ကိုယ်ခန္ဓာရှိ တုန်လှုပ်မှုများကလည်း တဖြည်းဖြည်း လျော့ကျသွားသလို အသက်ရှူသံမှာ လေးလံ နေသေးသော်လည်း ယခင်ကကဲ့သို့ အလျင်စလို မဟုတ်တော့ပေ။
ကြုတ်နေသော မျက်မှောင်သည် တဖြည်းဖြည်း ပြေလျော့လာပုံရ၏။
လုထိုက်ဖန် သည် ကောင်လေး၏ တုံ့ပြန်မှုများအားလုံးကို မလှမ်းမကမ်းမှ ကြည့်လိုက်ပြီး သက်ပြင်းချလိုက်လေသည်။
"လိုအပ်တဲ့ထိန်းချုပ်မှု အစီအစဉ်ကို အကောင်အထည်ဖော်ပါ၊ ပစ်မှတ်က ငါပဲ”
လုထိုက်ဖန်သည် သူ၏မျက်လုံးများကို စုံမှိတ်ထားပြီး စုလျန် အနားသို့ ချက်ချင်း ချဉ်းကပ်ခြင်း မပြုဘဲ အေးစက်စွာ တီးတိုးပြောလိုက်၏။
"ထိန်းချုပ်မှု ပြင်းအားကို A အဆင့် ချိန်ညှိပါ။ ငါ ထိန်းချုပ်မှု လွတ်သွားတာနဲ့ စုလျန်ကို ကာကွယ်ဖို့ ပထမ ဦးစားပေးပဲ။"
သူ၏ အမိန့်ပေးသံနှင့်အတူ၊ အားကောင်းသော အပြာရောင် တောက်တောက် သံမဏိကြိုးများစွာသည် ကြီးမားသောမြွေများကဲ့သို့ မျက်နှာကျက်မှ ထွက်ကျလာသည်။ အဖျားတွင် ချွန်ထက်လှသော လက်သည်းပုံသဏ္ဍာန်ရှိသည့် သံမဏိကြိုးတစ်ချို့က လုထိုက်ဖန် လည်ပင်းနောက်သို ထိုးဖောက်ဝင်ရောက်သွားကာ ကျန်နေသည့် သံမဏိကြိုးအပိုများကမူ လုထိုက်ဖန်၏ ခန္ဓာကိုယ်အား ရစ်ပတ်ထားပြီး သူ၏ သတ္တုကျောရိုးနှင့် ချိတ်ဆက် ထားလိုက်ကြလေသည်။
သံမဏိကြိုးများ သူ့ကို ချုပ်နှောင်လိုက်သည်နှင့် တစ်ပြိုင်နက်၊ လုထိုက်ဖန်မှာ နဖူးကြောများ အနည်းငယ် တွန့်ချိုးသွားရပြီး အာရုံကြောများကို ထိန်းချုပ်ခံရလိုက်သည့် ခံစားချက်က ဆိုးရွားလွန်းသဖြင့် မျက်နှာကို ဖြူဖျော့သွားစေရုံသာမက ချောင်းအနည်းငယ် ဆိုးသွားစေသည်။
သို့သော် သူ၏ မျက်နှာအမူအရာမှာ မပြောင်းလဲချေ။
လုထိုက်ဖန်သည် လက်များကို နောက်သို့ ဆန့်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် အထိန်းလက်တံများစွာ ထွက်ပေါ်လာပြီး ခိုင်ခံ့သော သံလိုက်သော့ပါရှိသည့် သံမဏိလက်ထိပ်များက သူ့လက်ဖျံနှင့် လက်ကောက်ဝတ်ကို တင်းကျပ်စွာ ချုပ်နှောင်ထားလိုက်ကြသည်။
လုထိုက်ဖန်၏ ယခုကဲ့သို့ ချုပ်နှောင်ခံရသည့်ပုံစံမျိုးက ကြီးလေးသော ပြစ်ဒဏ်ကျ အကျဉ်းသားတစ်ဦးနှင့်ပင် တူနေ၏။
လုထိုက်ဖန် ဖယ်ရိုမုန်းများ ထုတ်လွှတ်ရင်းမှ အကြောင်းကြောင့် လုံးဝ ရူးသွပ်သွားသည့် အခြေအနေသို့ ရောက်ရှိသွားပါက ဤအစီအမံများသည် "မြွေတွင်း" ရှိ အခြားလူများ အသက်ရှင်ရန် ကာကွယ်ပေးမည့် အရာများ ဖြစ်လာပေလိမ့်မည်။
ချုပ်နှောင်ကိရိယာများ အားလုံး တပ်ဆင်ပြီးနောက်၊ လုထိုက်ဖန်သည် စုလျန် ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။
လုထိုက်ဖန် သည် ခေါင်းအနည်းငယ် ညိတ်လိုက်လေသည်။
နောက်တစ်ခဏတွင် အထိန်းလက်တံသည် သူ၏ဦးခေါင်းနောက်ဘက်သို့ ဆန့်ထွက်လာပြီး ရှုပ်ထွေးသော သော့ဖွင့်ခြင်းလုပ်ငန်းစဉ်ကို ဆယ်စက္ကန့်ကျော် ကြာလုပ်ဆောင်နေခဲ့၏။
“ကလစ်”
နောက်ဆုံးတွင် ကြည်လင်ပြတ်သားသော သတ္တုထိခတ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ပါးစပ်စည်းကိရိယာ ပြုတ်ကျသံက ဆက်လက် ထွက်ပေါ်လာ၏။
လူအနည်းငယ်သာ မြင်ဖူးသော ချောမောခက်ထန်သည့် မျက်နှာတစ်ခု ပေါ်လာခဲ့ပြီး မျက်နှာထက်ရှိ ခက်ထန်မှုက လောကကြီး အကြောင်းမသိသေးသော ကလေးများစွာကို ကြောက်လန့်စေနိုင်ရန် လုံလောက်လေသည်။
သို့သော် လုထိုက်ဖန်က ကုသရေးကုတင်ပေါ်သို့ ကြည့်လိုက်သောအခါ သူကိုယ်တိုင်ပင် သတိမထားမိသည့် နူးညံ့မှုတစ်ခုက သူ့မျက်လုံးများထဲတွင် ရှိနေခဲ့သည်။
ပါးစပ်စည်းဖြင့် ဖုံးအုပ်ထားခြင်း မရှိတော့ပေ။
သွားချုပ်ကိရိယာ၏ ထိန်းချုပ်ထားမှုမှလဲ လွတ်မြောက်သွားပြီ။
တားမြစ်ဖိနှိပ်ဆေးများလည်း သုံးစရာမလိုတော့ပေ။
သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး၏ သက်ရောက်မှုများကို ပြင်းထန်စွာ ခံစားနေရပြီး စိတ်လှုပ်ရှားစရာ ဖြစ်လာနေသည်။
အတုယောင်ဖယ်ရိုမုန်း၏ အော့အန်ချင်စရာ ရနံ့အောက်တွင် ရှင်းသန့်သော သစ်သီးစိမ်းရနံ့ တစ်ခုကို ရလိုက်သော လုထိုက်ဖန်သည် ရူးသွပ်သွားတော့မလို စိတ်များ လှုပ်ရှားလာခဲ့၏။
သူ၏သားကောင်ကို အနံ့ခံနေသော သားရဲတစ်ကောင်လို လုထိုက်ဖန်၏နှာခေါင်းများက တရှုံရှုံဖြင့် လှုပ်ရှားနေပြီး အယ်လ်ဖာ၏ပင်ကိုယ်ဗီဇအချို့က သူ့ခန္ဓာကိုယ်ထဲတွင် တောက်လောင် နိုးထလာခဲ့သည်။
အရပ်ရှည်သော အမျိုးသားသည် ကိုယ်ကို တဖြည်းဖြည်း ငုံကိုင်းလိုက်ကာ ဆေးကုသကုတင်ထက်ရှိ ပိန်ပါးသော ဆယ်ကျော်သက်လေးထံသို့ ပိုမို နီးကပ်စွာ ချဉ်းကပ်လာစဥ် သူ၏သွားစွယ်နှစ်ချောင်းကလည်း ဒဏ္ဍာရီလာ သွေးစုပ်ဖုတ်ကောင်များကဲ့သို့ ဖြည်းဖြည်းချင်း ရှည်ထွက်လာခဲ့သည်။
“တောက်”
ကြည်လင်သော ဖယ်ရိုမုန်းရည်အချို့သည် ချွန်ထက်သော သွားစွယ်များမှ စုလျန်၏ ပါးပြင်ပေါ်သို့ ကျသွားသော ခဏအတွင်း ပြင်းထန်လွန်းလှသည့် ဖယ်ရိုမုန်းအတု၏ အနံ့က ရုတ်တရက် ပျောက်ဆုံးသွားကာ လေထုတစ်ခုလုံး၌ လုထိုက်ဖန်၏ ရိုင်းစိုင်းခက်ထန်သော ဖယ်ရိုမုန်းနံ့ဖြင့်သာ ပြည့်နှက်သွားတော့သည်။
“ဟူး… ဟူး…”
ပုံမှန်မဟုတ်သော အယ်လ်ဖာ ဖယ်ရိုမုန်းဖြင့် ဖုံးအုပ်ခံလိုက်ရ၍ အန္တရာယ်ကို ခံစားမိသည့်အလား သတိလစ်နေသော စုလျန်သည် အသက်ရှူနှုန်းများ မြန်ဆန်လာတော့သည်။
စုလျန်သည် လတ်တလောလေးကမှ စိတ်အေးလက်အေး ဖြစ်သွားသော်လည်း ယခုတော့ ရုန်းကန်နေရသကဲ့သို့ လုထိုက်ဖန် ချဉ်းကပ်လာခြင်းမှ ထွက်ပြေးရန် ကြိုးစားနေသည်။
‘တစ်ခုခုတော့ မှားနေပြီ’
‘ဖမ်းမိသွားတော့မယ်…’
‘မဖြစ်ဘူး၊ အစားခံရတော့မယ်’
စုလျန်၏ ခံစားချက်က သားရဲများနှင့် ရင်ဆိုင်ရသည့်အခါ လူတိုင်း ဖြစ်ပေါ်တတ်သည့် စရိုက်လက္ခဏာများ အတိုင်းပင်။
မူလက SS အယ်လ်ဖာ ဖယ်ရိုမုန်းကြောင့် ပိုမိုသက်တောင့်သက်သာ ရှိခဲ့သော စုလျန်သည် ထိုအချိန်တွင် ထွက်ပြေးချင်နေမိသည်။
သို့သော် ထိုအရာသည် အသုံးမဝင်ပေ။
ထွက်ပြေးရန် လမ်းမရှိချေ။
ထွက်ပြေးခွင့်လည်း မရတော့ပေ။
စက်ရုပ်လက်တံများသည် ဆေးကုသဆောင်၏ နှစ်ဖက်စလုံးမှ အသံတိတ် ထွက်ပေါ်လာပြီး ရုန်းကန်နေသော ဘီတာလူငယ်လေးကို ပတ်ကာ ကုတင်ပေါ်တွင် မြဲမြံစွာ ချုပ်နှောင်ထားလိုက်၏။
လုထိုက်ဖန်၏ မျက်လုံးများ အလွန်မှောင်မိုက်သွားရကာ အရိုင်းဆန်သည့် ကြောက်မက်ဖွယ် အငွေ့အသက်ကိုပင် ထုတ်လွှတ်လိုက်မိသည်။
သူသည် ထိုကောင်လေးအား ထိန်းချုပ်လိုက်ပြီး စုလျန်၏ လည်ပင်းနောက်ဘက်ရှိ ဂလင်းကို သူ့သွားဖြင့် ဂရုတစိုက် ရှာဖွေနေသည်။
သူသည် ဤသို့သော လုပ်ဆောင်ချက်နှင့် လုံးဝမရင်းနှီးချေ။ မည်သည့် အိုမီဂါနှင့်မှလည်း ထိုသို့သော ကိစ္စမျိုးကို မလုပ်ဖူးသလို ဤမျှ နီးနီးကပ်ကပ်လည်း မနေဖူးခဲ့ချေ။
နင်းမိသားစုမှ အထူးထုတ်လုပ်ထားသော ဆေးဝါးက သူ့မူလရည်ရွယ်ချက်ကို ရရှိရန် ထပ်မံ လုပ်ဆောင်နေပြန်သဖြင့် လုထိုက်ဖန်၏ နှလုံးခုန်နှုန်းများ စည်းချက် မမှန်တော့သလို ခံစားနေရပြီး အာရုံကြောများကလည်း လွန်စွာ တင်းမာလာခဲ့သည်။
ဤခံစားချက်က လုထိုက်ဖန် အတွက် လုံးဝမရင်းနှီးပေ။
ဒါဟာ "ထိန်းချုပ်မှု မဲ့တယ်" ဆိုတာထက်…
ဘယ်လိုပြောရမလဲ။
အစဥ် တည်ငြိမ်ပြီး စက်ရုပ်သဖွယ် လုထိုက်ဖန်သည် ဤသည်ကို တွေးတောနေရန် အချိန် မရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ့ပင်ကိုယ်ဗီဇသည် သူ့၏အသိဉာဏ်ထက် များစွာ ပိုမြန်သဖြင့် အသိစိတ်က မတုံ့ပြန်နိုင်မီပင် စုလျန်၌ မရှိသင့်သော ဂလင်းကို ရှာတွေ့သွားခဲ့ပြီ။
လုထိုက်ဖန်သည် သူ့ဘဝ၌ တစ်ခါမှ မလုပ်ဖူးသော အရိုင်းဆန်မှုတစ်ခုဖြင့် စုလျန်၏ လည်ပင်းအနောက်ဘက်ကို ထိုးဖောက်လိုက်မိပြီး ဖယ်ရိုမုန်း အချို့ကို ထုတ်လွှတ်လိုက်လေသည်။