no

Font
Theme

လေယာဉ်သည် ရုတ်တရက် အပေါ်သို့ မြင်တက်သွားလေရာ လေထုဖိအား ကွာခြားချက်ကို ဖြစ်ပေါ်စေသည်။

လေယာဥ်အတွင်းပိုင်း အပြင်အဆင်ကို ကြည့်ခြင်းဖြင့်ပင် မြွေတွင်း၏ အထူးထုတ် စစ်လေယာဉ်သည် တကယ်ကို သက်တောင့်သက်သာ မဖြစ်မှန်း သိနိုင်သည်။ ဆေးအနက်ရောင်များ သုတ်ထားသည့် ဆွဲ‌ဆောင်မှုမရှိသော ထိုင်ခုံများ၊ ထိုင်ခုံပတ်လည်တွင် လက်နက်ကြီးများ သိမ်းဆည်းထားသော ကိရိယာများက နေရာယူထား၏။ ရှိရှိသမျှသော ပစ္စည်းကိရိယာများက သတ်ဖြတ်ခြင်းအတွက် သီးသန့်လုပ်ထားသော စစ်ယန္တရားများ ဖြစ်ပြီး ထိုလူသတ်လက်နက်များအကြားတွင် စုလျန် ထိုင်နေရကြောင်း ရှင်းရှင်းလင်းလင်းကို ဖော်ပြသနေသည်။

အမှန်တိုင်းပြောရလျှင် စုလျန် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လူနှစ်ယောက်ပင်လျှင် သာမန်လူများ၏ မျက်လုံးထဲ၌ စစ်ရေးဆိုင်ရာ စက်ပစ္စည်းများအဖြစ် မှတ်ယူထားကြသည်။

မြွေအဖွဲ့ ခေါင်းဆောင် လုထိုက်ဖန်၏ ဩဇာအောက်က မြွေပွေးစစ်သည်များက ဘယ်လောက် ကြောက်စရာကောင်းလဲဆိုသည်ကို မည်သူမှ မေ့နိုင်မည် မဟုတ်ပေ။ မြွေအဖွဲ့၏ စစ်သည်များက ခါနန်စစ်တပ်ကို တိုက်ခိုက် သတ်ဖြတ်ပြီးနောက်ပိုင်းတွင် ဖယ်ဒရေးရှင်း၏သာမန်လူများပင် ထိုစစ်သည်တို့ လက်ပေါ်က သွေးစွန်းမှုများကို ကြောက်ရွံ့ ထိတ်လန့် စပြုလာကြသည်။

မြွေပွေးစစ်သည်များကို သေမင်း၏ တမန်တော်များလို မြင်လာကြသည်။

လူတိုင်း၏ စိတ်ထဲ၌ ထိုသူတို့အား ကြောက်စရာအကောင်းဆုံးနှင့် အရက်စက်ဆုံးဖြစ်‌သော သွေးစွန်းနေသည့် လူသတ်သမားများ အဖြစ် အမှတ်ထင်ထင် ရွံ့ကြောက်နေကြ၏။

ယခုဆိုလျှင် လူဒါဇင်လောက် တင်နိုင်သော လေယာဉ်က အလွတ်ကြီးတွင် မျက်နှာဖြူဖျော့နေသော စုလျန်နှင့် သူ့အရှေ့က အနက်ရောင်စစ်ဝတ်စုံများ ဝတ်ဆင်ထားသည့် မြွေပွေးစစ်သည် နှစ်‌ယောက်သာ ရှိသည်။

အရိုးသားဆုံး ပြောရလျှင် နှစ်ဘဝ အတွေ့အကြုံရှိသော စုလျန်တောင်မှ ဤအခြေအနေကို ရင်ဆိုင်နေရသော ဘာလုပ်ရမှန်း ဘာပြောရမှန်းမသိ ဖြစ်နေကာ ဇောချွေးများပြန်ကာ သတိမကပ်နိုင် ဖြစ်နေသည်။

ထို့နောက် စုလျန်ကို ပို၍ ထိတ်လန့်တကြား ဖြစ်စေသောအရာက ဖြစ်ပွားလာ၏။

သူ့အရှေ့တွင် ခါးမတ်မတ်ထိုင်နေသည့် အေးစက်ကြောက်လန့်ဖွယ် အရှိန်အဝါ အပြည့်ရှိသော မြွေပွေး စစ်သည်က ရုတ်တရက် လှုပ်ရှားလာကာ တိုက်ခိုက်ရေးအထူးမျက်နှာဖုံးကို လက်တစ်ဖက်ဖြင့် ညင်သာစွာ ဖွင့်လိုက်သည်။ ချောမွေ့ခိုင်မာပုံရသော စစ်မျက်နှာဖုံးမှာ ချက်ချင်းပွင့်သွားပြီး အလွန်နုပျိုသော မျက်နှာတစ်ခု မျက်နှာဖုံးနောက်မှ ပေါ်လာခဲ့သည်။

ထိုစစ်သည်က ပြုံးပြလာရာ ချွန်ထက်သော သွားစွယ်များရှိသည့် ကလေးမျက်နှာနှင့် လူငယ်လေးတစ်ယောက် ဖြစ်မှန်း သိလိုက်ရ၏။ သူ၏လခြမ်းပုံ မျက်လုံးများက သူ့ကို မြွေပွေး ဟူသော ကျောချမ်းစရာ အမည်နာမနှင့် ဆက်စပ်ကြည့်ရန် မဖြစ်နိုင်သလောက်ပင်။

ပြီးနောက် သူ၏နောက်ထပ်လှုပ်ရှားမှုက စုလျန်၏ မြွေပွေး စစ်သားအဖွဲ့အကြောင်း နားလည်မှုကို လုံးဝရိုက်ချိုးပစ်လိုက်၏။

"ဟဲလို စုလျန်"

ကလေးမျက်နှာနှင့်လူငယ်က သူ၏လေးလံသော ဦးထုပ်ကို ချွတ်ကာ ဆံပင်ကို ခါရမ်း၏။ ထို့နောက် သူ၏မူလထိုင်ခုံမှ မြန်ဆန်သော ခြေလှမ်းဖြင့် ခုန်ထလာပြီး စုလျန်ဘေးတွင် ချက်ချင်း လာထိုင်ပြန်သည်။

သူသည် စုလျန်ဆီသို့ လက်များကို ဆန့်ထုတ်ပြီး စုလျန်လက်များကိုလည်း တင်းကျပ်စွာ ကိုင်ကာ လှုပ်ရမ်း နှုတ်ဆက်လိုက်၏။

"ခုနက မင်း မကြောက်သွားဘူး မဟုတ်ပြီလား ၊ ကျွန်တော်တို့ပုံစံက နည်းနည်းရိုင်းတယ်ဆိုပေမဲ့ လုမိသားစုက အသုံးမကျတဲ့သူတွေ ရှေ့မှာတော့ အခြားနည်းလမ်းမရှိဘူး။ မင်း နည်းနည်းလေးမှ မသန်မာပြဘူးဆိုရင် သူတို့က မျက်နှာကို အလွယ်လေး ရိုက်လာလိမ့်မယ်။ အာ ..ဟုတ်သား ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့တော့မလို့ ၊ ငါ့နာမည်က ရွှယ်ရင်းဟွမ်၊ မင်း ငါ့ကို ရှောင်ဟွမ် လို့ ခေါ်နိုင်တယ်၊ ငါ့မျက်‌စောင်းထိုးက တစ်ယောက်ကိုတော့ ဘလက်မမ်ဘာ ( Black Mamba - အာဖရိကမြွေနက်) လို့ခေါ်တယ် ၊ မှတ်ရ လွယ်တယ်မလား"

တစ်ဖက်လူက မြွေပွေးစစ်သည်တစ်ယောက်ဆိုတာကို ရှင်းရှင်းလင်းလင်း သိမထားပါက သူနှင့် ဘေးချင်းယှဥ်ထိုင်နေသော သွားစွယ်လေးများရှိသည့် ကလေးမျက်နှာနှင့် လူငယ်လေးသည် ရင်းနှီးဖော်ရွေပြီး ပျော်ရွှင်တတ်သော ရှင်းချွမ်တက္ကသိုလ်က ဂျူနီယာလေးတစ်ယောက်ဟု စုလျန် ထင်လုနီးပါးပင်။

"မင်း ဟဲလို..."

စုလျန်က တုံ့ဆိုင်းစွာ ရွှယ်ရင်းဟွမ်ရဲ့ စကားတွေ နောက်လိုက်ပြီး သူတို့ကို နှုတ်ဆက်၏။

"ဝိုး ...မင်းရဲ့အသံကလဲ နားထောင်ကောင်းတာပဲ"

ရွှယ်ရင်းဟွမ် ပို၍ တောက်ပစွာပင် ရယ်မောလိုက်၏။ ပြီးနောက် သူ့မျက်နှာချင်းဆိုင်ရှိ မူလထိုင်ခုံတွင် ထိုင်နေသေးသော ပိုအရပ်ရှည်၍ ပိုတိတ်ဆိတ်သော အဖော်ကို အော်လိုက်၏။

"ဟေး မမ်ဘာ မင်းကို နှုတ်ဆက်တဲ့သူကို မင်းတစ်ခုခု ပြောရမယ်လေ"

ဘလက်မမ်ဘာက အလွန်တိတ်ဆိတ်နေဆဲပင်။ ထို့အပြင် ထိုမမ်ဘာဆိုသည့် စစ်သည်က သက်ပြင်းချနေဟန်ရှိသည်ဟုပင် စုလျန် မရေမရာ တွေးထင်မိသည်။

ထို့နောက် ဘလက်မမ်ဘာ ကလည်း မျက်နှာဖုံးကို သိမ်းလိုက်၏။ သူ၏မျက်နှာသည် အမာရွတ်များနှင့် ပြည့်နေကာ အနည်းငယ် ကြောက်စရာကောင်းသော်လည်း မျက်လုံးများကတော့ အလွန်ကြည်လင်နေသည်။

လူသန်ကြီးက စုလျန်ကို တိတ်ဆိတ်စွာ ခေါင်းညိတ်၍သာ လက်ဟန်ခြေဟန်ပြပြီး နှုတ်ဆက်လိုက်၏။

"မက်ဘာရေ ကျေးဇူးပြုပြီး… ဒါက လူတစ်ယောက်ကို လာကြိုရုံသက်သက်ပဲလေ၊ စစ်မြေပြင်မှာ ခါနန် တွေကို သတ်နေတာ မဟုတ်ဘူး၊ ဆိုလိုတာက မင်းက တာဝန်ထမ်းဆောင်နေသလို စစ်စည်းကမ်းအတိုင်း ပါးစပ်ပိတ်နေစရာ မလိုဘူးလေ..."

ရွှယ်ရင်းဟွမ်က သူ့လက်ကို စိတ်မရှည်စွာ ခါရမ်းလိုက်ပြီး အားနာသည့်ပုံစံဖြင့် စုလျန်ကို ကြည့်၍ နားလည်မှုလွဲခြင်း နှင့်ပတ်သက်ပြီး စိုးရိမ်သလို ရှင်းပြလာ၏။

"စိတ်မပူပါနဲ့ ၊ ဒီကောင်က အတိအကျသမားပဲ ၊ ငါတို့က မင်းကို မြွေတွင်းကို ခေါ်သွားရမယ့် တာဝန်ကို ထမ်းဆောင်နေတာလို့ ပြောလို့ရတယ် ဒါကြောင့် တာဝန်ချိန်မှာ ပါးစပ်ပိတ်ပြီး အသံမထွက်ဘဲ နေရမယ်" ဟု ပြောလျက် မျက်နှာကို ရှုံမဲ့ ပြလိုက်၏။

"တကယ်တော့ မင်းက ငါတို့ မိသားစုဝင်ပဲ၊ ဒါကို သူက ဘာလို့ စကားမပြောတာလဲဆိုတာ ငါမသိဘူး"

"မိသားစုဝင်?"

စုလျန်က ကြောင်တောင်တောင်ဖြင့် လိုက်ပြော၏။

မြွေပွေးအဖွဲ့က ရင်းနှီးဖော်ရွေသော၊ ရွှင်ပျသော၊ စိတ်အားထက်သန်သော အဖွဲ့တစ်ဖွဲ့ဆိုတာကို စုလျန် ဘယ်တုန်းကမျှ မသိခဲ့။

"အိုး ငါတို့က ပထမဆုံး တွေ့တာဆိုပေမဲ့ ဘော့စ်ရဲ့လူက ငါတို့လူပဲ ၊ မိသားစုဝင်တွေ တွေ့ကြတာပဲ မရှက်ပါနဲ့" ခဏရပ်ပြီးနောက် ရွှယ်ရင်းဟွမ်က ပတ်ပတ်လည်ကို ကြည့်၏။

မိနစ်အနည်းငယ်ကြာပြီးနောက် သူ၏အသံကို နိမ့်ကာ "ငါ သတင်းထောက်လှမ်းဖို့ မရည်ရွယ်ပါဘူး ဒါပေမဲ့ ငါက သိချင်ရုံပဲ ၊ မင်း အဆင်ပြေရင် ငါ့ကို ပြောနိုင်မလား… စုလျန်၊ မင်း ငါ့တို့ဘော့စ်နဲ့ ဘယ်အချိန်တုန်းက သိသွားတာလဲ။ ငါ ဒီနှစ်တွေအတွင်း မြွေတွင်းမှာ တာဝန်ထမ်းဆောင်နေတာ ၊ မင်းကို မမြင်ဖူးပါဘူး"

"အဟွမ်း"

ရွှယ်ရင်းဟွမ်က ဘလက်မမ်ဘာ ဆီမှ တမင်တကာ ချောင်းဟန့်သံကို ကြားလိုက်၏။

ရွှယ်ရင်းဟွမ်က ဘလက်မမ်ဘာ၏ သတိပေးသံကို လျစ်လျူရှုလေသည်။ ဒီလို အတင်းကာရော မိတ်ဆက်ကာ စပ်စုနေခြင်းက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုတာကို သိသော်လည်း ပြင်းပြသော သိချင်စိတ်ကြောင့် ရွှယ်ရင်းဟွမ် ရူးမတတ်ဖြစ်နေပြီ။

ရွှယ်ရင်းဟွမ်သည် ဒီလိုဘီတာလေးကို ကြိုဆိုရန် လုထိုက်ဖန်က ဘာကြောင့် ရုတ်တရက် အမိန့်ပေးခဲ့ရလဲ ဆိုတာကို အလွန်သိချင်နေ၏။

စစ်သည်တစ်ဦး အနေဖြင့် အမိန့်များ ရရှိသည်မှာ ပုံမှန်ပင်။

ပုံမှန်မဟုတ်သည်ကား ယခု သူတို့၏တာဝန်က အရမ်းကို ရိုးရှင်း၏။ အလွန်ရိုးရှင်းပြီး အလွန်လုံခြုံ၏။ ရွှယ်ရင်းဟွမ်သည် တစ်နေ့ သူနှင့် ဘလက်မမ်ဘာက မြွေတွင်း သို့ လူခေါ်လာခြင်းလိုမျိုး ကဲ့သို့သော နေ့စဉ်တာဝန်တွေ လက်ခံရရှိမည်ဟု တွေးတောင် မတွေးမိခဲ့ပေ။

လေယာဉ်ထဲ၌ သတိကြီးစွာ ထိုင်နေသော စုလျန်က ဘာလုပ်ရ ဘာပြောရမှန်းမသိ ဖြစ်နေဆဲပင်။ သို့သော် ရွှယ်ရင်းဟွမ်၏ တက်ကြွမှုနှင့် ရွှင်ပျမှုတို့ကြောင့် သူ သက်တောင့် သက်သာဖြစ်လာ၏။

သို့သော် မြွေတွင်း၏ အတွင်းစည်းထဲမှ လူတစ်ယောက်ယောက်က ဤလေယာဉ်ထဲ၌ သူတို့၏အဆိပ်ပြင်းမြွေစစ်သည် နှစ်ယောက်၏ စည်းကမ်းမဲ့သော အပြုအမူများကိုသာ မြင်သွားလျှင် အံ့အားသင့်ပြီး သူတို့၏ဦးရေပြားပင် ထုံကျဥ်သွားလိမ့်မည်။

စုလျန်အမြင်တွင် ကြင်နာသော နှလုံးသားရှိသည့် ချစ်စရာသွားစွယ်လူငယ်လေး နှင့် ငြိမ်သက်ပြီး ယုံကြည်အားကိုးရသော ဘလက်မမ်ဘာ တို့သည် မြွေသားရဲတွင်းဌာနချုပ်၏ အညတရများ မဟုတ်ကြပေ။ ထိုသို့ ပျင်းစရာကောင်းသော နေ့စဉ်တာဝန်တွေကို ထမ်းဆောင်နေရမည့် သာမန်စစ်သားများလည်း မဟုတ်ကြ။

လက်ရှိတွင် တာဝန်မှ အငြိမ်းစားယူသည်ဟု မှတ်တမ်းတင်ထားသော်လည်း မည်သူကမှ သူတို့ကို လျှော့မတွက်‌ရဲပေ။ လုထိုက်ဖန်၏လက်အောက်မှ ကြောက်စရာအကောင်းဆုံးစစ်သည်များ ဖြစ်ပြီး မြွေစောင့်အဖွဲ့ထဲက "ဗန်ဂါရပ်စ် ( Silver Ring Snake- သံကွင်းစွပ်) " နှင့် "ဘလက်မမ်ဘာ" တို့ဖြစ်ကြသည်။

[T/N: သွားစွယ်လေး ရှောင်ဟွမ် က Silver Ring Snake ဆိုတဲ့ သံကွင်းစွပ်မြွေပါ။

လူသန်ကြီးကတော့ Black Mamba ဆိုတဲ့ အာဖရိက မြွေနက်ပါ။

မြွေနာမည်တွေအတိုင်း တိုက်ရိုက်မထည့်ပဲ အင်္ဂလိပ်နာမည်၊ သိပ္ပံနာမည်လေးတွေနဲ့ ပြောင်းသုံးထားပါတယ်ရှင့်။ အက်မင်က မြွေကြောက်လို့ပါ။ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်ရှင့် ❤️]

သူတို့သည် ထိပ်တန်းအဆိပ်ပြင်း မြွေစစ်သည်များ ဖြစ်ကြပြီး လုထိုက်ဖန် ၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားနှစ်ယောက်ပင်။

ထိုသို့သော ထိပ်တန်းစစ်သည်နှစ်ဦးက ကမ္ဘာမြေဖက်ဒရေးရှင်း၏ အစွန်အဖျားက လူမသိသူမသိ မီးခိုးရောင်နယ်မြေတချို့၌ သူတို့၏အစွယ်များကို ထုတ်ပြကာ အန္တရာယ်အရှိဆုံးနှင့် ကြောက်စရာအကောင်းဆုံး လှုပ်ရှားမှုများတွင် ရှိနေသင့်သည်။ သို့သော် ယခုမူ သူတို့သည် မြွေတွင်း ဆီသွားသော လေယာဉ်ပေါ်၌ ချောမောပြီး ချစ်စရာကောင်းသော ဘီတာလေးကို စောင့်ရှောက်ရင်း အေးချမ်းလုံခြုံစွာ ထိုင်နေကြသည်။

လမ်းတလျှောက် သူတို့လေယာဉ်ကို နှောက်ယှက်မည့် ဒုံးကျည်တစ်ခုကိုပင် မတွေ့ရချေ။

ဒါက မယုံကြည်နိုင်စရာကောင်းသည်ဟု ရွှယ်ရင်းဟွမ် ထင်၏။

စုလျန်ဟု အမည်ရသော ဘီတာငယ်လေး၏နောက်ခံကို သိရန် သူ ကြိုးစားခဲ့သည်။ သို့သော် သူဘယ်လောက်ပဲ စစ်ဆေးပါစေ သဲလွန်စတစ်ခုလေးကိုပင် သူ ရှာမတွေ့နိုင်။

မှတ်တမ်း အချက်အလက်များအရ စုလျန်သည် လုမိသားစု၏ သာမန်အဖြစ်ဆုံး အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး လုထိုက်ဖန် ကို မတိုက်ခိုက်နိုင်ပေ။ သို့သော် ဒီလိုလူကို ခေါ်ဆောင်ရာတွင် စောင့်ကြပ်ကာကွယ်ပေးဖို့ လုထိုက်ဖန်၏ ကိုယ်ရံတော်ဖြစ်သော သူနှင့် ဘလက်မမ်ဘာကို တကယ်ပင် တောင်းဆိုခဲ့တာတဲ့လား။

သူ့ဘော့စ်နှင့် သူ့ရှေ့က ချောမောသောကောင်လေးကြားတွင် အလွန်လျှို့ဝှက်သည့် ကိစ္စတစ်ခုခုရှိကို ရှိရမည်၊ သူတောင်မှ ရှာမတွေ့နိုင်သော အလွန်လျှို့ဝှက်သည့် သီးသန့်ဆက်ဆံရေး တစ်ခုရှိရမည်ဟု ရွှယ်ရင်းဟွမ် ခံစားရ၏။

ဒါက ရွှယ်ရင်းဟွမ်ကို အရူးအမူး ဖြစ်စေသည်။ တစ်ခုခု မူမမှန်တာကို သူ ရေးတေးတေး အနံ့ရနေ၏။ သို့သော် အကြောင်းအရာ အသေးစိတ်ကိုကား သူ မသိပေ။

သူ အရမ်းကို သိချင်တယ်!

ထို့ကြောင့် စုလျန်ကို မြင်ပြီးနောက် ချောမောသော ဘီတာလေး၏ သန့်စင်အပြစ်ကင်းသော အကြည့်များကို ရင်ဆိုင်ရင်း ရွှယ်ရင်းဟွမ် ကြာကြာ သည်းမခံနိုင်တော့ပေ။ ဘော့စ်နှင့် ကောင်လေးကြားက ဆက်ဆံရေးအကြောင်းကို မမေးဘဲ မနေနိုင်တော့ပေ။

သို့သော် စုလျန်၏ဖြေရှင်းချက်က ရွှယ်ရင်းဟွမ်၏ မျှော်လင့်ချက်များနှင့် လုံးဝ ကွဲထွက်နေ၏။

"ငါ ငါ မျိုးနွယ်စုခေါင်းဆောင် လုထိုက်ဖန် ကို လေးစားအားကျရုံပဲ၊ ငါ့မှာ သူနှင့်သီးသန့်ဆက်ဆံရေးမရှိဘူး"

ရွှယ်ရင်းဟွမ်၏ အမျိုးမျိုးသော ဖြားယောင်းမှုအောက်တွင် စုလျန်က ခြောက်ကပ်စွာ ရှင်းပြလိုက်သည်။

ရွှယ်ရင်းဟွမ်က စုလျန် အမှန်အတိုင်းပြောနေတာ ဖြစ်ကြောင်း ခံစားမိနေသည်။ သို့သော် သူလက်မလျော့ချင် သေးပေ။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဘော့စ်က အလုပ်များနေတာတောင် မင်းကို ဂရုစိုက်ဖို့ အချိန်ရှိသေးတယ်"

နှစ်ယောက်ကြား ဘာဆက်ဆံရေးမှ မရှိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။

ရွှယ်ရင်းဟွမ်က ကွေ့ပတ်ပြီး ဆက်မေးချင်နေတုန်းမှာ လျှို့ဝှက်ကုဒ်ကို ခေါက်လိုက်သည့် အားပျော့သော အသံတစ်ခုက သူ့နားထဲ ရုတ်တရက် ရောက်လာ၏။

စွမ်းအားကြီး မြွေအစောင့် ရွှယ်ရင်းဟွမ်မှာ ချက်ချင်းပင် ပါးစပ်ပိတ်ကာ တိတ်ဆိတ်သွား၏။

သူ၏မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်နေပြီး သူ့နားကိုတောင် အနိုင်နိုင် ယုံကြည်နေရသည်။

- အခုလေးတင် သူထံသို့ တိုက်ရိုက်အမိန့်တစ်ခု ရောက်လာ၏။

အမိန့်က ရိုးရှင်းသည်။ (တာဝန်ကို တိတ်ဆိတ်စွာ ဆောင်ရွက်ရန်)

သူက ဘလက်မမ်ဘာ ကို ကြည့်၏။ သိသိသာသာ သူလည်း အမိန့်တစ်ခု ရရှိသည်။ အရပ်ရှည်သောလူ(ဘလက်မမ်ဘာ)က ရွှယ်ရင်းဟွမ်ကို စိတ်မသက်မသာဖြင့် ကြည့်လိုက်၏။ ပြီးနောက် သူ့အကြည့်ကို ရုတ်သိမ်းကာ စုလျန်ကို လှည့်ကြည့်လိုက်ပြီး

"ရွှယ်ရင်းဟွမ်က သူ့တာဝန်ကို တိတ်ဆိတ်စွာ ဆောင်ရွက်လိမ့်မယ်။ မင်းနဲ့ စကားပြောလို့ မရတော့ဘူး ၊ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွတ်ပါ"

ဘလက်မမ်ဘာက စုလျန်ကို ခက်ခဲစွာ ရှင်းပြ၏။

"သူ မင်းကို ထပ်မနှောင့်ယှက်တော့ဘူး။ ကျေးဇူးပြုပြီး ငါတို့ သွားမဲ့နေရာကို ရောက်တဲ့အထိ အေးအေးဆေးဆေး အနားယူပါ"

...

တစ်ချိန်တည်းမှာပင် “မြွေတွင်း”ရှိ ကွမ်ကျားကလည်း သူ့ခေါင်းကို လှည့်ကာ လုထိုက်ဖန်ကို အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏။

"ဝိုး... ရွှယ်ရင်းဟွမ်က တိတ်တိတ်ဆိတ်ဆိတ်နေရန် တာဝန်ကို မနာခံတာ ဘယ်နှစ်နှစ် တောင်ရှိပြီလဲ။ ဆယ်နှစ် ရှိပြီလား။ သူ မတိတ်ဆိတ်တာနဲ့ ပတ်သက်ပြီး အရင်ကလို ဂရုမစိုက်ဘဲ မနေတော့ဘူးလား"

လုထိုက်ဖန် က မှန်သားပြင်ကိုသာ ဆိတ်ငြိမ်စွာ ထိုင်ကြည့်နေ၏။ မှန်သားပြင်ပေါ်တွင် လေယာဉ်၏ တည်နေရာကိုပြသော အနီရောင်အမှတ်အသားက မြွေတွင်းအိမ်တော်နှင့် အလွန် နီးကပ်လာနေလေပြီ။

သူသည် အချက်အလက်ပြ မှန်သားပြင်ကို သိမ်းကာ ညင်သာစွာ ထရပ်လိုက်ပြီးနောက် တံခါးဆီသို့ လျှောက်သွား၏။

"ငါ ဒီနေ့ စိတ်ငြိမ်ကုသမှုအတွက် သွားတော့မယ်။ လုမိသားစုက ပို့လိုက်တဲ့ ဝန်ထမ်းနဲ့ပတ်သက်ပြီး အသေးစိတ်ကိစ္စတွေကို မင်းဆီ လက်လွှဲထားမယ်"

အိမ်ထိန်း(ကွမ်ကျား) ကို ပုံမှန် ပြောနေကျလေသံဖြင့် အမိန့်ပေးလိုက်ပြီး ထွက်သွားတော့သည်။

မြွေအဖွဲ့၏အရှင်သခင် မျက်နှာသေ လုထိုက်ဖန်၏ လုပ်ဆောင်မှုအားလုံးက အရင်ကအတိုင်း တသွေမတိမ်း တူညီသည်။

ဒီတစ်ခုက လွဲပြီးပေါ့ ၊ အိမ်ထိန်း ရှိသောနေရာမှ ဖြတ်သွားချိန်၌ လုထိုက်ဖန်က ရပ်သွားပြီး မထင်မှတ်ထားသော စကားတစ်ခွန်း ပြောလိုက်သည်။

"ဗန်ဂါရပ်စ် စည်းကမ်းမလိုက်နာတာက နည်းနည်း ဆိုးတယ်၊ လတ်တလောတာဝန်ပြီးသွားရင် လေ့ကျင့်ခန်းလုပ်ဖို့ သူ့အတွက် စီစဉ်ပေးလိုက်"

"အဟွတ်... အဟွတ်... နားလည်ပါပြီ"

မျက်လုံးများ တလက်လက် တောက်ပသွားသော အိမ်ထိန်း က သူ၏အသံကို တမင်ဆွဲကာ ပြောလိုက်၏။

တစ်ချိန်တည်းမှာပင် လုထိုက်ဖန် မသိအောင် ဖန်တီးထားသော လျှို့ဝှက်ဖိုရမ်တစ်ခုတွင် အမည်မသိ ပို့စ်တစ်ခု တက်လာသည်။ ထိုဖိုရမ်ကို မြွေများအားလုံးက နေ့တိုင်း ဝင်ရောက်ကြည့်ရှု့လေ့ရှိပြီး အွန်လိုင်းပေါ်မှ အတွင်းစည်း ရုံးတစ်ခုဆိုလဲ မမှားပေ။

{ ခေါင်းစဉ် : ကြင်နာစွာ အသိပေးချက် - ဘော့စ်ရဲ့ ကြောင်လေးနား မသွားမိစေကြနဲ့၊ သူ ရူးသွားမှာ သေချာတယ်}

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment