လုကျစ်ကျောက် ထွက်သွားသည့်အခါ သူ့မျက်နှာထားမှာ အနည်းငယ်တင်းမာနေခဲ့သည်။
စုလျန်သည် လုကျစ်ကျောက်က အယ်လ်ဖာ တစ်ယောက်၏ အချက်အလက်များနှင့် ပြည့်စုံမှန်း သိခဲ့ပါသော်လည်း ထိုကဲ့သို့သော အယ်လ်ဖာသည် စုလျန် သူ့အား အခန်းထဲမှ‘’နှင်ထုတ်” လိုက်သည့်အခါတွင် ပြတင်းပေါက်ဘောင်မှ ခြေချော်လုနီးပါးဖြစ်ခဲ့၏။
လူငယ်များ၏စိတ်မှာ တကယ်ကို ရှုပ်ထွေးလွန်းလှသည်။
စုလျန်သည် သိပ်မကြာသေးခင်ကပဲ နားလည်ပေးတတ်ကာ ကြင်နာတတ်သည့်သူ တစ်ဦးဖြစ်ခဲ့ပါသော်လည်း ယခုတွင်မူ — ရုတ်တရက် ဆိုသလိုပင် သူမသိသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်က လုကျစ်ကျောက်ကို နားမလည်နိုင်ဖြစ်စေခဲ့၏။
သူနှင့် လုံးဝကို မရင်းနှီးသလို ဖြစ်နေသည့် စုလျန်ကို မည်သို့ဖြေရှင်းရမည်မှန်း လုကျစ်ကျောက် မသိတော့ချေ။
လုကျစ်ကျောက်၏ စုလျန်အပေါ် နားလည်မှုအရ စုလျန်သည် ကိစ္စသေးသေးလေးများအတွက်ဖြင့် ဒေါသထွက်တတ်သူမျိုး မဟုတ်ဘဲ နင်းကျားရိနှင့်ပတ်သက်၍လည်း စိတ်ထဲရှိမှာ မဟုတ်ပေ။
နင်းကျားရိက လက်ရှိတွင် အကြိုကွဲပြားခြင်းကာလသို့ ဝင်ရောက်တာဖြစ်သည့်အတွက် ထိုအဆင့်တွင် ပြင်းထန်သော စိတ်မသက်မသာ ဖြစ်စေသည့် ဟော်မုန်းပြောင်းလဲမှုများကို ခံစားရမည်ဖြစ်ကြောင်း သူ သေချာ ရှင်းရှင်းလင်းပြောပြထားခဲ့သည့်အပြင် စုလျန်သည် ဇာချဲ့တတ်သည့် လူမျိုးလည်းမဟုတ်ချေ။
စုလျန်၏ ပုံမှန်ကဲ့သို့ မဟုတ်သည့် အပြုအမူများမှာ လုကျစ်ကျောက်၏ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းအား အနည်းငယ် လှုပ်ခါသွားစေသည်။
ဘာကြောင့် ဤကဲ့သို့ ကိစ္စသေးသေးလေးက အရမ်းပြဿနာများစေမှန်း သူနားမလည်နိုင်ပေ။
[“သူ အဲတာကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ”]
စုလျန်၏ တည်ငြိမ်သော လေသံကို သူ့နားထဲ၌ ကြားယောင်နေမိသည်။
လုကျစ်ကျောက်က စုလျန်၏ အိမ်အောက်၌ ရပ်နေရင်း တုံ့ဆိုင်းမှုမရှိစွာဖြင့် ချထားသော ခန်းစီးလိုက်ကာများကို ကြည့်ကာ စိတ်ထဲ ကသိကအောက်ဖြစ်လာရ၏။
နင်းကျားရိက တကယ်ပဲ ရည်ရွယ်ချက် ရှိရှိလုပ်ခဲ့တာလား။
….
စုလျန် အောက်ထပ်သို့ဆင်းကာ သူ့အစ်မအိမ်၏ လုံခြုံရေးစနစ်အား ပြန်လည်ပြင်ဆင်လိုက်သည်။
လုံခြုံရေးစနစ်အား ပြန်လည်ပြင်ဆင်ပြီးနောက်တွင် လုံခြုံရေးစက်သည် စတင်စစ်ဆေးနေကာ လုကျစ်ကျောက်တစ်ယောက် စက်၏ စောင့်ကြည့်အကွာအဝေးအတွင်း မရှိတော့သည်ကို အတည်ပြုပြီးမှ စုလျန် မျက်လွှာချကာ ထိန်းချုပ်ရာ စခရင် ဒိုင်ခွက်လေးကို ပိတ်လိုက်တော့၏။
(T/N - control panel (ထိန်းချုပ်ရာ စခရင် ဒိုင်ခွက်လေး) ဆိုတာက တရုတ်က အိမ်တွေရဲ့ တံခါးက လက်ဗွေနဲ့ ဖွင့်ရတဲ့ဟာလေးလိုမျိူးပါပဲ။ ဒါကကျ အဲ့လို ဘောင်ကွက်လေးနဲ့ဆိုပေမယ့် အိမ်ရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့နေရာအတွက် သုံးတာပါ)
“အားလျန်လား”
လှေကားနားမှ စုနွမ်၏ အိပ်မူးတူးအသံ ထွက်ပေါ်လာလေသည်။
ဧည့်ခန်းထဲက လှုပ်လှုပ်ရှားရှားအသံကြားပြီး နိုးလာခြင်းဖြစ်ရမည်။
လုမိသားစုထဲသို့ အိမ်ထောင်ကျကာ ဝင်ရောက်လာပြီးကတည်းက စုနွမ်တွင် ဖိအားအများကြီးရှိလာသည်ကို စုလျန်သိ၏။ နှစ်အတော်ကြာပြီးနောက် မူလကပူပင်ကြောင့်ကြမဲ့စွာ နေတတ်သော သူ့အစ်မသည် အာရုံကြောအားနည်းသည့် ဝေဒနာကို ခံစားခဲ့ရသည်။ လှုပ်ရှားမှု သေးသေးလေးကတောင်မှ သူမကို အလွယ်တကူ နိုးစေနိုင်၏။
ထိုအချိန်တွင် စုနွမ်က ညဘက်မီးအလင်းရောင် ခပ်ဖျော့ဖျော့အောက်ရပ်ကာ သူ(မ)မောင်ကို နားမလည်နိုင်သည့် မျက်နှာလေးဖြင့် ကြည့်နေကာ : “နောက်ကျနေပြီကို ဘာလို့မအိပ်သေးတာလဲ။ မင်းခန္ဓာကိုယ်ကို မင်းလိုချင်သေးရဲ့လား… နေပါဦး မင်းက လုံခြုံရေးစနစ်နား ဘာလုပ်နေတာတုန်း”
ကောင်းကောင်း မနားရသေးသည့်အတွက် စုနွမ်ပုံစံမှာ အဆင်ပြေသည့်ပုံမပေါ်ချေ။ ထိန်းချုပ်ဒိုင်ခွက်လေးဘေး၌ စုလျန် ရပ်နေသေးတာကို မြင်ရတော့ သူ(မ) အနည်းငယ်စိတ်ပူသွားရသည်။
“လူစိမ်း ရှိနေတာလား”
သူ(မ)က ပြူးကျယ်သွားသော မျက်လုံးများဖြင့် မေးလိုက်လေ၏။
စုလျန် စုနွမ်၏ မျက်နှာထက်ရှိ အမူအရာကို မြင်မြင်ချင်းသူမကြောက်လန့်သွားမှန်းသိလိုက်ရ၏– လုမိသားစုသည် အစောပိုင်းနှစ်များတွင် ကျန်းနန်ရှိ ခါနန်လူမျိုးများနှင့် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဖက်ဒရယ်အထက်တန်းလွှာများထဲတွင် ထိပ်သီးအင်အားကြီးမိသားစု ဖြစ်လာခဲ့သည်။
ထို့နောက် ယခုအချိန်တွင် လေ့ကျင့်ထားသော စစ်သားများနှင့် စစ်တပ်၏ ဧရိယာ ၂၀ မှာ လုမိသားစု သို့မဟုတ် လုမိသားစုမှ “ရက်စက်ကြမ်းကြုတ်လှသော မြွေပွေး” တစ်ကောင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေလေ၏။
ဤကဲ့သို့သော နောက်ခံအနေအထားမျိုးနှင့် စစ်တပ်အင်အားရှိနေလျှင်တောင် သေရမှာမကြောက်သည့် ရန်သူ့အဖွဲ့အစည်းတစ်ချို့က လုမိသားစုအတွင်းသို့ သူလျှိုများ ပို့ခြင်းအား မလွှဲဧကန်ကြုံရလေ့ရှိသည်။
စုနွမ်သည် ကံမကောင်းစွာဖြင့် ထိုအဖြစ်အပျက်များကို ကြုံတွေ့ခဲ့ရ၏။ ထိုအချိန်တုန်းက သူ(မ)သည် သွေးထွက်သံယိုမြင်ကွင်းများကြောင့် မလှုပ်ရှားနိုင်သည်အထိ ကြောက်ရွံ့ထိတ်လန့်ခဲ့ရသည်။ အချိန်များကုန်ဆုံးလာသည့်တိုင် ယခုအချိန်ထိ သူ(မ)ထံတွင် စိတ်ပိုင်းဆိုင် အရိပ်မဲကြီး ရှိနေသေး၏။
စုလျန်သည် သူ့မျက်နှာအမူအရာကို လျှင်မြန်စွာ ပြင်လိုက်ပြီးနောက် စုနွမ်အား ပေါ့ပေါ့ပါးပါးပြုံးပြလိုက်ကာ စိတ်အေးလက်အေးရှိသည့် လေသံလေးဖြင့် : “ဘယ်မှာ လူစိမ်းရှိရမှာလဲ မမရယ်။ ကျွန်တော် မီးဖိုချောင်ထဲက အသံကြားလို့ လာစစ်တုန်း ကြွက်တစ်ကောင် ဝင်လာတာ တွေ့လိုက်လို့ပါ”
ထို့သို့ ပြောလိုက်ပြီးနောက်ပင် စုနွမ်၏ မျက်နှာထားမှာ ချက်ချင်းဆိုသလို ပိုဆိုးရွာလာတော့၏။
“မနက်ဖြန်ကျ ဒါကိုရှင်းဖို့ တစ်ယောက်ယောက်ကို ကျွန်တော် ခေါ်ထားပါတယ် မမရယ် ၊ အခု အရင်ဆုံးသွားအိပ်ပြီး ဒါကို ကျွန်တော်နဲ့ ထားခဲ့လိုက်ပါ” စုလျန် တည်ငြိမ်အေးဆေးသည့်ပုံစံလေးဖြင့် ပြောလိုက်သည်။
ပြောနေတုန်းတွင်ပင် ပိုးကောင်နှိမ်နင်းရေအဖွဲ့အား အိမ်သို့လာရန် ခေါ်သည့် မက်စေ့တစ်ခုကို အိမ်သန့်ရှင်းရေးစနစ်ဆီသို့ ထည့်သွင်းလိုက်၏။
နောက်ဆုံးတော့ စုနွမ်အား သူ့အိပ်ခန်းသူ ပြန်ပို့နိုင်ခဲ့ကာ စုလျန်လည်း သူ့အခန်းသူ ပြန်လာခဲ့တော့၏။
စုနွမ်တစ်ယောက် ထွက်မသွားသေးခင် ဤကဲ့သို့ အိမ်မှုကိစ္စလေးများကို မလုပ်သင့်ဘဲ စာလုပ်သည့်အပေါ်တွင်သာ ပိုအာရုံစိုက်သင့်ကြောင်း မျက်မှောင်ကြုံ့ကာ တီးတိုးပြောနေတာကို စုလျန် သတိရလိုက်မိသည်။
စုနွမ် ဘယ်တော့မှ သိလာမှာ မဟုတ်မည့်အရာမှာ ၊ သူ(မ) သာမာန်အိမ်အလုပ်များပင် မလုပ်ခိုင်းရက်ခဲ့ပါသော ဂရုတစိုက် ပြုစုပျိုးထောင်လာသည့် မောင်ငယ်လေးမှာ ယောက်ျားတစ်ယောက်အတွက် ဆင်းရဲတွင်းနက်ခဲ့ကာ လက်သည်းခွံများကျွတ်၍ လက်တစ်ခုလုံး စုတ်ပြတ်သည်အထိ ကြယ်ဒင်္ဂါးအနည်းငယ်ရရန် အလုပ်လုပ်ခဲ့ရသည်။
အဆုံးသတ်တွင်မူ သူ(မ) ချစ်ခင်မြှောက်စားခဲ့ရသည့် သူ(မ)၏ မောင်ငယ်လေးမှာ အမှိုက်ပုံတွင် ဆိုးရွာစွာ သေခဲ့ရ၏။
“မမ ကျွန်တော် မမစကားကို နားထောင်မှာပါ”
စုလျန် ပြတင်းပေါက်ဘေးတွင်ရပ်ကာ ဘယ်သူမှ မရှိတော့သော အောက်ထပ်ရှိ ခြံဝင်းကို ကြည့်ကာ တီးတိုးရေရွတ်မိသည်။
“ငါ ငါ့ရဲ့စာလေ့လာမှု အပေါ် ပိုပြီး အာရုံစိုက်မယ် ၊ ငါအဆင်ပြေသွားမှာပါ”
နင်းကျားရိ… လုကျစ်ကျောက်…
စုလျန် ရင်းနှီးနေသော နာမည်များကို တိတ်တဆိတ်ရေရွတ်ကာ လှောင်ပြုံးနုနုက သူ့မျက်ထက်တွင် ပေါ်လာတော့၏။
တကယ်တမ်းတော့ အရင်ဘဝတုန်းက ငါ လုကျစ်ကျောက်နဲ့ ခိုးရာလိုက်ပြေးကာစ နေ့ရက်တွေက အရမ်း မခက်ခဲခဲ့ပါဘူး။
အမှန်တိုင်းပြောရရင် ခိုးရာလိုက်ပြေးခဲ့ပြီး နှစ် နှစ်အတွင်း သူနဲ့ လုကျစ်ကျောက်မှာ ချစ်နေခဲ့ကြတုန်းပါပဲ။
တကယ်ကို ဘဝက ခက်ခဲခဲ့တာ ၊ ငွေရှာရတာက ငါထင်ထားတာထက် ပိုခက်ခဲတဲ့အကြောင်းကို ခိုးရာလိုက်ပြေးမိမှ သိခဲ့ရတယ်။
ဒါပေမဲ့ သူတို့ဘဝက အရမ်းအဆိုးကြီးတော့ မဟုတ်ခဲ့ဘူး။
လုကျစ်ကျောက်လို ထိပ်တန်း အယ်လ်ဖာအတွက် အလုပ်ရှာဖို့ မခက်ခဲသလို ၊ စုလျန်ကလဲ ဖူးဖူးမှုတ် အလိုလိုက်ခံထားခဲ့ရသည့် ချမ်းသာမြင့်မြတ်သော တော်ဝင်ပန်းလေး တစ်ပွင့်လဲ မဟုတ်ခဲ့ပါချေ။
စည်းစိမ်အပြည့်နှင့် ဇိမ်ကျလှသောဘဝကို စုလျန် တောင့်တလွန်းလှသည် မဟုတ်။ ဘဝကို အေးချမ်းစွာဖြင့် ရိုးရှင်းစွာ နေထိုင်နိုင်ခြင်းကပင် ကောင်းလွန်းလှပြီ ဖြစ်၏။
သူ့အတိတ်ဘဝ၏ ထိုအခိုက်အတန့်များတွင် စုလျန်က သူနှင့် လုကျစ်ကျောက် အသက်အိုမင်းလာသည်အထိ အတူတူ ရှိနိုင်မည့်အကြောင်း သူ့နှလုံးသားထဲမှနေ တွေးထင်ခဲ့ဖူး၏။
ဘယ်လိုပဲဖြစ်ခဲ့ပါစေ သူတို့ ခိုးရာလိုက်ပြေးပြီး ဒုတိယနှစ်ရောက်သောအခါ။
ငယ်ငယ်ကတည်းက လုကျစ်ကျောက်၏ အသည်းကျော်လေး ဖြစ်ခဲ့သည့် နင်းမိသားစုမှ နင်းကျားရိမှာ အစစ်အမှန် ကွဲပြားခြင်းကာလသို့ ဝင်ရောက်လာခဲ့ချေပြီ။
အံ့ဩစရာမရှိခဲ့ပေ။ သူသည် အိုမီဂါတစ်ယောက် ဖြစ်လာခဲ့၏။
ထိုအခါတွင် လုမိသားစုက လုကျစ်ကျောက်အား မြေလှန်ရှာလေတော့သည်။
သူတို့၏ ပိုင်ဆိုင်မှုများ ရပ်ဆိုင်းခံလိုက်ရကာ သူတို့၏ အကြွေးဝယ်ကဒ်များမှာ ချက်ချင်းပင် အပိတ်ခံခဲ့ရ၏။
သူတို့နှစ်ယောက်မှာ အလုပ်မရှာနိုင်သကဲ့သို့ ငွေအရင်းအမြစ်လည်း မရှိတော့ချေ— လုမိသားစုက သူတို့နှစ်ယောက်အား မည်သည့် ဝင်ငွေမှ မရှိအောင်လုပ်ခဲ့သည်။
အဆိုးဆုံးအရာက ထိုအချိန်ကစပြီး စုလျန်ထံတွင် ရောဂါလက္ခဏာများ စတင်ပေါ်လာခြင်း ဖြစ်လေ၏။
သို့သော် ထိုအချိန်က နေရာအတည်တကျ မရှိခြင်းကြောင့် လုကျစ်ကျောက်နှင့်စုလျန်တို့ နှစ်ယောက်လုံးက အလွန်ပင်ပန်း နေခဲ့ရသည်ဟုသာ ထင်ခဲ့၏။
နှစ်ယောက်လုံး၏ တည်ငြိမ်အေးချမ်းသော ဘဝလေးကို ဆက်မထိန်းထားနိုင်တော့ပဲ ချက်ချင်းဆိုသလို တစစီ ဖြစ်ခဲ့ရသည်။
တကယ်ကို စိတ်ပျက်စရာကောင်းကာ ခက်ခဲခဲ့ရ၏။ စုလျန်မှာ အဖျားကြီးကာ သွေးအန်ပြီး အသက်ရှူဖို့တောင် အနိုင်နိုင်ဖြစ်ခဲ့ရသည်။ ထက်မြက်လွတ်လပ်ကာ ခပ်ပေါ့ပေါ့သာ နေခဲ့ရသော လုမိသားစု၏ သခင်ငယ်လေး လုကျစ်ကျောက်မှာ ဝန်ထုတ်ဝန်ပိုးအားလုံးကို ထမ်းခဲ့ရ၏။
သူက ပိုပိုပြီးတိတ်ဆိတ်လာကာ စိတ်ဓာတ်ကျလာခဲ့သည်။
ဤနည်းလမ်းဖြင့် လုမိသားစုထံမှ ခဏတာ လွတ်မြောက်နေခဲ့ပြီးနောက် နောက်ဆုံးတွင် လုကျစ်ကျောက်က ဆုံးဖြတ်ချက်ချခဲ့၏။
လုမိသားစု ကျေနပ်စေရန် သူပြန်သွားရမည်ဟု စုလျန်ကို ပြောခဲ့သည်။
လုမိသားစုကသာ လိုက်မရှာသ၍ အနည်းဆုံးတော့ စုလျန် အချိန်ကာလတစ်ခုအထိ နေရာအတည်တကျ နေနိုင်ကာ သူ၏ ခန္ဓာကိုယ်ကို ပိုဂရုစိုက်နိုင်မည်ဟုလည်း ပြောခဲ့၏။
လုမိသားစုဘက်က ပျင်းစရာကောင်းလှသည့် ဤစေ့စပ်ပွဲနှင့်ပတ်သက်၍ ဆက်လက်ဖျောင်းဖြနေလျှင်တောင် သူ နင်းကျားရိနှင့် စကားကောင်းကောင်း ပြောနိုင်ပါသည် တဲ့လေ။
နင်းကျားရိက သူနှင့်အတူကြီးပြင်းခဲ့ကာ နောက်ဆုံးတွင် သူ့ကို အမြဲတမ်း ကူညီနေမည့် သူငယ်ချင်း ဟုပင် ပြောခဲ့သေးသည်။
“ဟမ့်”
ယခုဘဝတွင်တော့ စုလျန်သည် ဆေးကြောပြီးနောက် သက်တောင့်သက်သာရှိသည့် ညအိပ်ဝတ်စုံနှင့် ကုတင်ပေါ် လဲလျောင်းနေလေသည်။
အိပ်မပျော်ခင် အခိုက်အတန့်အလေး၌ သူ့အတိတ်ကို ပြန်တွေးကာ သူ့ကိုယ်သူ လှောင်ရယ်မိ၏။
ဤညတွင်တော့ သူ့အိမ်မက်များ အေးချမ်းနေပြီပင်။
….
သို့သော် နင်းကျားရိက သူ့အား ဤမျှ မြန်မြန် လာရှာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
တစ်ရက်ကြာပြီးနောက် စုလျန် ကျောင်းသို့သွားနေစဉ် ဈေးကြီးသော်လည်း သိသာထင်ရှားခြင်း မရှိသည့်ပုံစံရှိသော ယာဉ်ပျံတစ်စီးက စုလျန်သွားမည့် လမ်းရှေ့ တိတ်ဆိတ်စွာ ပိတ်ရပ်လိုက်သည်။
“စုလျန်ကော”
နင်းကျားရိ၏ မျက်နှာမှာ ဖြူဖျော့နေခဲ့၏။
သူသည် အပြင်းအထန် ချောင်းဆိုးနေဟန်ဆောင်ကာ ခဏအကြာတွင် စုလျန်အား ကြည့်ပြီး ပြောလိုက်၏ : “ကျွန်တော်… ကျွန်တော် အစ်ကို့ကို တောင်းပန်ဖို့ ဒီရောက်လာတာပါ… အဟွတ် ...အဟွတ်... အားကျောက်က ကျွန်တော့်ကို ပြောထားပါတယ် ၊ ကျွန်တော်တို့ကြား နားလည်မှုလွဲတာလေးတွေရှိမယ်လို့ ကျွန်တော်ထင်တယ် ...အဟွတ် ...အဟွတ်…”
(T/N - ကားပုံစံ ယာဉ်ပျံပါ)